← Chapters

အပိုင်း (၈၈၁-၈၉၀)

Vol. 9 Ch. 881-890

အပိုင်း (၈၈၁-၈၉၀)

Vol. 9 Ch. 881-890

အပိုင်း (၈၈၁)

“ဖန်ကျန်းရှီရဲ့ စည်းမျဉ်းတွေ။”

ဖန်ကျန်းရှီ ဒီမေးခွန်းကို စဉ်းစားဖို့ အချိန် အများကြီး အကုန်မခံနိုင်ဘူး။ နောက်ဆုံးတော့လည်း သူက စည်းမျဉ်း စည်းကမ်းတွေနဲ့ လူတစ်ယောက်။

သူ့ရဲ့ စည်းမျဉ်းတွေကို တင်းကြပ်ထားဖို့ ရှေ့ဆက် လျှောက်ရမယ့် လမ်းက ခက်ခဲမှန်း သိနေပင်မယ့်၊ ဆက်ပြီး လျှောက်လှမ်းဖို့ လိုမှန်း နားလည်တယ်။

ဥပမာ အားဖြင့်၊ အန္တရာယ်တွေ ကြားမှာ သူစွန့်စားခဲ့တယ်။ ချင်းယီရဲ့ မျက်စိ ရှေ့မှာပဲ လင်းယွမ် မျှော်စင်က ငါးရောင်ခြယ် ပန်းတွေကို သူခိုးယူခဲ့တယ်။ အဲ့ဒီ့ ပန်းတွေကို ခိုးခဲ့လို့ပဲ အခုလို အသက်ရှင် နေနိုင်တာ။

သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲက ပြောင်းလဲမှုတွေ ဒီငါးရောင်ခြယ် ပန်းတွေနဲ့ ဘယ်လို ဆက်စပ်နေမှန်း နားမလည်ပေမယ့်၊ ရွှေရောင် နတ်သစ်သီးရဲ့ ဘေးပတ်လည်မှာ ဝန်းရံရင်း တည်ရှိ နေတာကိုတော့ သူသေချာ သိတယ်လေ။

ရှေးဟောင်း ဆိုရိုးစကား တစ်ခု ရှိတယ်။ “ရတနာတွေ များလွန်းတယ် ဆိုတာ မရှိဘူး။ ရတနာတွေ ပိုပြီးတော့ များလေလေ၊ ပိုပြီး အကာအကွယ် ရလေပဲ။”

ဘိုးဘေးကြီးတွေရဲ့ တန်ဖိုးကြီး အတွေ့အကြုံ တွေကနေ သူသင်ယူ ခဲ့ရတယ်။ ကြင်နာ တတ်ဖို့နဲ့ ဘယ်တော့မှ သူရဲဘော မကြောင်ဖို့။ သူ့ရဲ့ လုပ်ငန်းစဉ်ကို တတ်နိုင်သလောက် ကြိုးစားပြီး အောင်မြင်အောင် လုပ်ရမယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ။

အသေးစိတ်တွေက အခုချိန်မှာ အရေးကြီးတယ်လို့ ဖန်ကျန်းရှီ မထင်ဘူး။ နောက်ဆုံးတော့လဲ ယန်ယင်းရဲ့ သွေးပျက်မတတ် အော်သံကြီးက သူ့နားကို အူထွက် သွားစေခဲ့တယ်လေ။

“အား။”

ဖွီး။ ယန်ယင်း သွေးအန်တော့တယ်။ ယန်ယင်က သီးခြား ခွဲထွက်နေခဲ့တယ်။ သူ့ရဲ့ ဝတ်ရုံဖြူက စုတ်ပြဲနေရုံတင် မကဘူး။ လက်တစ်ဖက်လဲ သွင်သွင် ကျိုးသွားခဲ့ပြီ။ မျက်နှာကတော့ ဖြူဖျော့ပြီး ခရမ်းရောင်တောင် သမ်းနေခဲ့တယ်။

“ကြောက်စရာပဲ။” ဖန်ကျန်းရှီ သက်ပြင်းချလိုက်မိတယ်။ ယန်ယင်းရဲ့ အခြေအနေက သူ့ကို နောက်ထပ် သင်ခန်းစာ တစ်ခု ရသွားစေတယ်။ အကယ်၍ လူတစ်ယောက်ကသာ ကိုယ်မစွမ်းဆောင်နိုင်တဲ့ အရာကို အတင်းကြိုးစားပြီး သူရဲကောင်း ဖြစ်အောင် လုပ်ချင်တယ် ဆိုရင်၊ အဖြစ်ဆိုးနဲ့ အဆုံးသတ် ရလိမ့်မယ်။

ဒါပေါ့။ သက်ပြင်းချပြီးတဲ့နောက်၊ ဖန်ကျန်းရှီလဲ လက်ထဲက ကိစ္စကို မြန်မြန် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလို အဖိုးတန် အချိန်က ယန်ယင်းရဲ့ အသက်ကို လဲလှယ်ဖို့ လုံလောက်တယ်။ အချိန် ထပ်ဖြုန်းလို့ မရတော့ဘူး။

အဲ့ဒီ့နောက် အတွေးတွေကို တွက်ထုတ် ပြီးချိန်မှာ သူ့ရဲ့ ဘယ်ဘက်လက်က ယွင်ချင်းဝူရဲ့ လည်ပင်းအောက် တစ်လက်မ နေရာစီကို ရောက်သွားတော့တယ်။

ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီရဲ့လက် ဦးတည် နေတာကို မြင်ချိန်မှာ မျက်နှာတွေ နီရဲရင်းနဲ့ တုန်ယင် သွားခဲ့တယ်။

“ဒါက တကယ်ပဲ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ သုံးခုလား။” ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ရှုပ်ထွေး နေခဲ့တယ်။ ယွင်ချင်းဝူရဲ့ အကျီ လည်ပင်းနဲ့ နီးကပ်လာချိန်မှာ သူ့လက်တွေက စတင်ပြီး ချွေးထွက်လာတော့တယ်။

နောက်ဆုံးတော့လဲ အရင် အချိန်တွေ တုန်းက တစ်ဖက်သူရဲ့ အစိတ်အပိုင်းတွေကို မသိလိုက်ပဲ ထိမိ ခဲ့တာလေ။ ဒါပေမယ့် အခုချိန်မှာတော့ တမင်လုပ်သလို ဖြစ်နေခဲ့ပြီ။

“အင်း။” ယွင်ချင်းဝူကတော့ အံကြိတ်ထားတယ်။ ဒါကြောင့် သေမှာကို မကြောက်တဲ့ လူတစ်ယောက် အသွင် ဖြစ်နေခဲ့တယ်။

“ဒါဆို ငါယူပြီ။” ဖန်ကျန်းရှီ နောက်တစ်ခေါက် ပြောပြန်တယ်။ ဒါကတော့ အာရုံလွှဲနည်း တစ်မျိုးပဲ။ သူစိတ်ရှုပ်ထွေး နေတာကို မသိစေ ချင်ခဲ့ဘူး။

“နင် မြန်မြန်လုပ်လို့ ရလား။” ယွင်ချင်းဝူက သူ့အနားကို ကပ်လာခဲ့တဲ့ လက်ချောင်းကို ကြည့်ရင်း ပိုပြီးတော့ တုန်ယင် လာခဲ့တယ်။ ဒါကြောင့် မျက်လုံးတွေကို မှိတ်ထားပြီး ဖန်ကျန်းရှီကို မြန်မြန်လုပ်ဖို့ တောင်းဆိုတော့တယ်။ ဒါပေါ့။ ယွင်ချင်းဝူက ဒီကိစ္စကို မြန်မြန် ပြီးစေချင်နေတာ။ ဒါပေမယ့် စကားသံ ထွက်လာချိန်မှာ လေထု တစ်ခုလုံး ထူးဆန်း သွားခဲ့တယ်။

“ငါလဲ မြန်မြန် လုပ်ချင်တာပဲ။ ဒါပေမယ့် မင်းအကျီက ကျပ်လွန်းနေတယ်။” ယွင်ချင်းဝူရဲ့ အကျီက လုံး၀ ကိုယ်ကပ်နေတာကို မြင်ချိန်မှာ ဖန်ကျန်းရှီ ပြောလိုက်တယ်။ ဒါကိုကြားတော့ ယွင်ချင်းဝူ နောက်တစ်ခေါက် ရှက်သွေးဖြာ သွားပြန်တယ်။ သူမရဲ့ မျက်လုံးတွေ ဆက်တိုက် တုန်နေတယ်။ ယွင်ချင်းဝူ ခေါင်းငုံ့လိုက်ပြီး ရင်ဘတ်ကော့ပေးတာကို ဖန်ကျန်းရှီ မြင်လိုက်ရတယ်။

“..” ဖန်ကျန်းရှီရဲ့လက်တွေက ချက်ခြင်း ရပ်တန့် သွားပြီး တကိုယ်လုံးလဲ တောင့်တင်း သွားခဲ့တယ်။ ယွင်ချင်းဝူရဲ့ အပြုအမူကြောင့် သူ့မျက်လုံးက နေရာ တစ်နေရာကို အကြည့် ရောက်သွားလို့ပဲ။

ဒီမြင်ကွင်းက အတော်တော့ ကောင်းတယ်။ ဖန်ကျန်းရှီက လှပတဲ့ အရာတွေကို ရှာဖွေတာ တော်တဲ့သူ တစ်ယောက်။ သူ့ရှေ့မှာ ရောက်နေတဲ့ မြင်ကွင်းက တကယ့်ကို ရှားပါးတယ်။ အရမ်းလဲ နီးကပ် နေသေးတယ်။

“အဟွတ် ဟွတ်။ ရတနာကို ယူရမယ်။” ဖန်ကျန်းရှီ သူ့ကိုယ်သူ သတိပြန်ပေးပြီးနောက် ချက်ခြင်းဆိုသလို အလေးအနက် ပုံစံကို ပြောင်းလဲ သွားတော့တယ်။ သူတွေေ၀ မနေတော့ပဲ ယွင်ချင်းဝူ ထိုးပေးနေတဲ့ နေရာကို လက်လှမ်းလိုက်တော့တယ်။ သူ့လက်တွေကတော့ ဆက်တိုက် တုန်နေခဲ့တယ်။

“ရပြီ။” ခပ်မြန်မြန်ပဲ။ နည်းနည်း နွေးထွေးပြီးတော့ ချောမွေ့ မာကျောတဲ့ အရာကို ဖန်ကျန်းရှီ ခံစား လိုက်ရတယ်။ အကယ်၍ သူခန့်မှန်းတာ မှန်ခဲ့မယ် ဆိုရင်၊ ဒါက ယွင်ချင်းဝူ ပြောတဲ့ ဆွဲသီးပဲ။ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာ သုံးခုကို သူအောင်အောင် မြင်မြင် ရပြီ။

ဖန်ကျန်းရှီ နောက်ထပ် စဉ်းစား မနေတော့ဘူး။ ဒီဆွဲသီးထဲက ရှိတဲ့ ပစ္စည်းတွေကို ဘယ်လို ထုတ်ရမယ် ဆိုတာ တွေးဖို့ အချိန် မရဘူး။ ယွင်ချင်းဝူကို အသားယူရတယ် ဆိုတာ ဘယ်လောက်တောင် ရှားပါးလိုက်တဲ့ အခွင့်အရေးလဲ။ သေချာပေါက် အလကား ဖြစ်အောင် လုပ်လို့ မရဘူး။

နောက်ဆုံးတော့လဲ နတ်ဆိုး အရှင်သခင်ငယ်၊ မိစ္ဆာ ဧကရီငယ် အနေနဲ့၊ ဒီဆွဲသီးထဲမှာ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ သုံးခု အပြင် ပိုပြီး တန်ဖိုးကြီးတဲ့ အရာတွေကို ထည့်ထားမှာပဲ။

သူတော့ ထီဆုကြီး ပေါက်တာပဲ။ ကံကောင်းလေပြီ။

နေစမ်းပါအုန်း။ တစ်ခုခုတော့ လွဲနေပြီ။ ဒီဆွဲသီးကို ဆွဲလိုက်ချိန်မှာပဲ တစ်ခုခု လွဲနေတာကို ခံစားမိတယ်။ သူခိုးလူမိ သွားတဲ့ အတိုင်းပဲ။ အရမ်းကို လွယ်လွန်းနေတယ်။ အားလုံးက အရမ်းကို လွယ်လွန်းနေတယ်။ ဒါပေမယ့် ယွင်ချင်းဝူနဲ့ ရင်ဆိုင်ရတာ ကိစ္စတွေက လွယ်ကူနိုင်ရဲ့လား။

“မဖြစ်ဘူး။” ဖန်ကျန်းရှီ ချက်ခြင်း ဆုတ်ခွာဖို့ ပြင်ပေမယ့်၊ နောက်ကျသွားခဲ့ပြီ။ သူဆွဲလိုက်တဲ့ လည်ဆွဲထဲကနေ ငွေဖြူရောင် အလင်းတန်းတွေ ထွက်လာတာကို မြင်လိုက်ရတယ်။

အလင်းတန်းတွေက အများကြီး မတောက်ပဘူး။ ဒါပေမယ့် ထောင်သောင်းချီတဲ့ ကြယ်အလင်းလို ပေါက်ကွဲပြီး ဆွဲသီးထဲကနေ ထွက်ပေါ်လာခဲ့တာ။ ဒါက ရုတ်တရက် ဖြစ်လွန်းလို့ မုချင်းဖန်းနဲ့ မော့ရှန်းရှီတောင် ဖန်ကျန်းရှီကို သတိ မပေးနိုင်ခဲ့ဘူး။

“ဘာတွေ ဖြစ်နေတာလဲ။”

“ကောင်စုတ်လေးတော့ လှည့်စား ခံရပြီ။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် စလုံးရဲ့ အမူအယာတွေက ကြောက်စရာ ကောင်းလောက်အောင်ကို ပြောင်းလဲ သွားခဲ့တယ်။ အခုချိန်မှာ ယွင်ချင်းဝူက မျက်လုံးတွေကို ဖွင့်ထားခဲ့ပြီ။ သူမရဲ့ မျက်ဝန်းတွေထဲမှာ အလင်းတန်းတွေ တဖျပ်ဖျပ် လက်နေခဲ့တယ်။ သူမလဲ အရင်လို တုန်ယင် မနေတော့ဘူး။

ဒါပေမယ့် သူမရဲ့ မျက်နှာက နီရဲနေဆဲ ဖြစ်သလို၊ ရင်ဘတ်ကလဲ နိမ့်ချည်မြင့်ချည် ဖြစ်နေဆဲ။ သူမရဲ့ အမြဲတမ်း တည်ငြိမ်နေတဲ့ ပုံစံနဲ့ မတူညီတော့ဘူး။ ဒါပေမယ့် ဒါတွေက အရေးမကြီးပါဘူး။ ဖန်ကျန်းရှီက အပြင်ကို လွင့်ထွက် သွားခဲ့ပြီ။ ယွင်ချင်းဝူလဲ သူ့လက်ကနေ လွတ်သွားခဲ့ပြီ။ မ

ဘေးမှာ ရပ်နေခဲ့တဲ့ နတ်ဆိုး အကြီးအကဲ ဆယ်ယောက် ချက်ခြင်း လှုပ်ရှားတော့တယ်။ ငွေရောင် အလင်းတန်း တောက်ပလာချိန်မှာ သူတို့ လှုပ်ရှား ပြီးကြပြီ။ ဘယ်သူကမှ ဖန်ကျန်းရှီကို လိုက်မဖမ်းကြဘူး။ ချက်ခြင်းဆိုသလို ယွင်ချင်းဝူကို ဝန်းရံ ကာကွယ်လိုက်ကြတယ်။

နတ်ဆိုး အကြီးအကဲ ဆယ်ယောက်ရဲ့ မျက်လုံးထဲမှာ ယွင်ချင်းဝူရဲ့ လုံခြုံမှုက ပိုပြီးတော့ အရေးကြီးတယ်။ ဖန်ကျန်းရှီကို သတ်ဖို့ထက်တောင် ပိုပြီးတော့ အရေးကြီးသေးတယ်။

“အောင်မြင်မှုနဲ့ ကျရှုံးမှု အားလုံးက ရတနာတွေ အပေါ်ပဲ မူတည်တယ်။ ဒါက နင့်အားနည်းချက် ဖြစ်လိမ့်မယ်။” ယွင်ချင်းဝူက ပျံသွားတဲ့ ဖန်ကျန်းရှီကို ကြည့်လိုက်ရင်း၊ ညာလက်နဲ့ အကျီလည်ပင်းကို ပြန်စေ့နေခဲ့တယ်။ ဒီလို ထိတွေ့ နေချိန်မှာပဲ သူမရဲ့ တည်ငြိမ်တဲ့ အမူအယာက ပြောင်းလဲ သွားတော့တယ်။

“နာလိုက်တာ။” ဖန်ကျန်းရှီရဲ့ အသံကြီး ထွက်ပေါ်လာတယ်။ သူ့ခန္ဒာကိုယ်က လေထဲမှာ လွင့်မျောတာ ရပ်သွားပြီးတော့ လက်ကို ဖြန့်လိုက်တယ်။ ဒီဆွဲသီးက ငွေရောင် အလင်းတန်းတွေ တလက်လက် တောက်ပ နေပြီးတော့ ထိတွေ့ရတာ နွေးထွေးတယ်။

အကွာအဝေး အရဆိုရင်၊ ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်နဲ့ ယွင်ချင်းဝူရဲ့ အလယ်မှာ ရောက်နေခဲ့တယ်။ အလယ်တည့်တည့်မှပဲ။ ဒါပေမယ့် သူ့လက်ထဲမှာ လည်ဆွဲ ရှိနေ သေးသရွေ့၊ ကိစ္စ မရှိဘူး။ ဒဏ်ရာတွေကို ကြောက်စရာ မလိုဘူး။ ရတနာကို မဆုံးရှုံးစေဖို့ အတွက် ဒဏ်ရာ ရလဲ တန်ပါတယ်။

ဖန်ကျန်းရှီက လုံးဝကို စိတ်ဆုံးဖြတ်ထားတဲ့သူ။ အရမ်းကို ယုံကြည်ချက် ခိုင်မာတယ်။ သူ့ရဲ့ ခေါင်းမာလွန်းတဲ့ ယုံကြည်မှုကြောင့် လည်ဆွဲကို တစ်ချက်လေးမှ လက်မလွှတ်ပဲ တင်းတင်းကြပ်ကြပ် ကိုင်ထားခဲ့တယ်။ မသေခင် အချိန်အထိ ဒါကို လက်မလွှတ်တော့ဘူး။

“နင်။” ယွင်ချင်းဝူ မျက်လုံးပြူး သွားခဲ့တယ်။ ဖန်ကျန်းရှီက သူလှည့်စားခံလို့ ထင်တာနဲ့ လည်ဆွဲကို လွတ်မယ်လို့ သူမ မျှော်လင့် ထားခဲ့တာ။ ဒါက ဘယ်လိုတောင် ခေါင်းမာတာမျိုးလဲ။

လုံးဝကို မယုံနိုင်စရာပဲ။ နောက်ဆုံးတော့လဲ အခုချိန်မှာ စိတ်မှန်တဲ့ ဘယ်သူမဆို လည်ဆွဲနဲ့ ဝေးဝေး နေမှာပဲလေ။ အန္တရာယ်များတဲ့ အရာကို ဘယ်သူကများ ကိုင်တွယ် ထားမှာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ကိုင်ထားခဲ့တယ်။

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ သုံးချပ်က လည်ဆွဲထဲမှာ တကယ်ပဲ ရှိနေတာလား။” ဖန်ကျန်းရှီ လည်ဆွဲကို နှလုံးကာမှန်ထဲ ထည့်သိမ်းလိုက်တယ်။

“ငါ့ကို ပြန်ပေးစမ်း။” ယွင်ချင်းဝူရဲ့ တည်ငြိမ်နေတဲ့ အမူအယာက ဖန်ကျန်းရှီ လက်ထဲက လည်ဆွဲကို မြင်ချိန်မှာ လုံး၀ ပြောင်းလဲ သွားတော့တယ်။ သူမရဲ့ အသံတွေလဲ တုန်ယင် နေခဲ့တယ်။

“ယွင်ချင်းဝူက ဒီလောက်တောင် တုံးအတယ်လား။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ပြောနေခဲ့တယ်။ ယွင်ချင်းဝူကတော့ ဒေါသတကြီးနဲ့ အံကြိတ် ထားခဲ့တယ်။ ဖန်ကျန်းရှီ ခန့်မှန်း ထားတဲ့ အတိုင်း ယွင်ချင်းဝူရဲ့ လည်ဆွဲထဲမှာ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ သုံးချပ် ရှိနေခဲ့တယ်။ ဒါကို သူမ မလိမ်ညာခဲ့ဘူး။

ဖန်ကျန်းရှီက လည်ဆွဲကို ထိထိချင်း လည်ဆွဲထဲမှာ ပါတဲ့ ပစ္စည်းတွေကို စစ်ဆေးမယ်လို့ သူမ သေချာ မခန့်မှန်း မိခဲ့ဘူး။ ယွင်ချင်းဝူရဲ့ အစီအစဉ်တွေက အရမ်းကို ကောင်းကောင်း မွန်မွန် ဆက်ဖြစ်သွားခဲ့တယ်။

သူမက အစီအစဉ်တွေကို ဟာကွက် အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် စစ်မှန်တဲ့ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေကို အခြေခံပြီးတော့ အစီအစဉ် ဆွဲခဲ့တယ်။ ဖန်ကျန်းရှီက ဒဏ်ရာရ ပြီးတာတောင် လက်ထဲက လည်ဆွဲကို မလွတ်ဘူးလို့ ထင်မထား မိခဲ့တာ တစ်ခုပဲ။

…

ဖန်ကျန်းရှီက ယွင်ချင်းဝူ တွေးသလို တွေးမထားခဲ့ဘူး။ လက်ထဲ ရောက်လာတဲ့ ရတနာကို သူက ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး။ လည်ဆွဲ။ အကယ်၍ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ မရှိရင်တောင် လည်ဆွဲတော့ လက်ထဲမှာ ရှိတယ်လေ။

ယွင်ချင်းဝူရဲ့ လည်ပင်းမှာ ဆွဲထားမှတော့ ဘယ်လိုမှ သာမာန်လည်ဆွဲ မဖြစ်နိုင်ဘူး။ အနည်းဆုံးတော့ အကာအကွယ် ရတနာပဲ ဖြစ်ရမယ်။ လက်ထဲက လည်ဆွဲကိုသာ လွှတ်လိုက်ရင် တကယ့် အရူး အစစ် ဖြစ်သွားလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိနေတယ်။ ဖန်ကျန်းရှီလဲ ပုံမှန် အတွေးမျိုး မရှိခဲ့ဘူး။

နောက်ထပ် နှောင့်နှေး မနေတော့ပဲ၊ သူ့ရဲ့ ခန္ဒာကိုယ်က ရွှေရောင် အလင်းတန်းတွေကို ထုတ်လွှတ် လိုက်တော့တယ်။ မျက်တောင် တစ်ခတ် အချိန် အတွင်းမှာပဲ သူ့တကိုယ်လုံးကို ရွှေရောင် အလင်းတန်းတွေ ပြည့်နှက် သွားတော့တယ်။

ငွေရောင် အလင်းတန်းကြောင့် ဖြစ်လာခဲ့တဲ့ ဒဏ်ရာတွေလဲ ခပ်မြန်မြန်ပဲ ပျောက်ကွယ် သွားခဲ့တယ်။ သိပ်မကြာခင်ပဲ။ ရွှေရောင် အလင်းတန်း ပျောက်ကွယ် သွားပြီ။ ခြေရာမဲ့ဓားကို ကိုင်ထားတဲ့ လက်တစ်ဖက် ပေါ်လာခဲ့တယ်။

ဝုန်း။ ဒီအချိန်မှာ ကျယ်လောင်လွန်းတဲ့ မိုးခြိမ်းသံကြီးကို ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်မှာ ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် လူတစ်ယောက် ပြုတ်ကျလာတယ်။ ဒါကေတာ့် ယန်ယင်း။

ယန်ယင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့တယ်။ တကိုယ်လုံး သွေးတွေ ရွဲနစ် နေပြီးတော့၊ လက်တစ်ဖက်ကတော့ ခန္ဒာကိုယ်ဘေးမှာ တွဲလွဲ ကျနေခဲ့တယ်။

“ဖန်ကျန်းရှီ သတိထား။” ယန်ယင်းက ဖန်ကျန်းရှီ အနားကို ဖြတ်သွားရင်း အသံ ခပ်ယဲ့ယဲ့နဲ့ အော်တယ်။ ယန်ယင်ရဲ့ အသံ မဆုံးခင်မှာပဲ ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်မှာ ကြီးမားတဲ့ အရိပ်နက်ကြီး တစ်ခု ပေါ်လာတော့တယ်။ ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်ပြီး နေရောင်တွေကိုတောင် ပျောက်ကွယ် သွားစေနိုင်တဲ့ အရိပ်ကြီး။

ဧကရီ ပိုင်ကျစ် ရောက်လာပြီ၊

သူမ ခန္ဒာကိုယ် တစ်ခုလုံးကို လျှပ်စီးကြောင်းတွေက ဝန်းရံ ထားခဲ့တယ်။ ကြောက်စရာ လှိုင်းခတ်မှုတွေက မြေခွေး အမြီးတွေကနေ ထွက်ပေါ်နေတယ်။ ဖန်ကျန်းရှီကို အပေါ်ကနေ လက်သည်းတွေနဲ့ ကုတ်ဆွဲလိုက်တယ်။

“မြန်မြန်။ ဧကရီ ပိုင်ကျစ်ကို တား။” မုချင်းဖန်းက စိုးရိမ်တကြီးနဲ့ အော်တယ်။ အကယ်၍ ဧကရီ ပိုင်ကျစ်သာ အနားဆယ်ဖက် နတ်ဆိုး မီးတောက် ဗျူဟာထဲကို ပြန်ရောက် သွားခဲ့ရင် မျှော်လင့်ချက်တွေ အားလုံး ပျောက်ကွယ် သွားလိမ့်မယ်။

“ဒါဆိုရင် နတ်ဆိုး အကြီးအကဲတွေကို သွားမသတ်ဘူးလား။” ဖန်ကျန်းရှီ လှမ်းမေးတယ်။ တစ်ခါတစ်လေမှာ မုချင်းဖန်းရဲ့ အတွေးတွေကို သူတကယ် နားမလည်နိုင်ဘူး။

တစ်ခါတုန်းက နတ်ဆိုး အကြီးအကဲတွေကို သတ်စေချင်တယ်။ အခုလဲ ဧကရီ ပိုင်ကျစ်ကို တားစေချင်နေ ပြန်တယ်။ စကား ပြောတာတွေ များလွန်းတယ်။ သတ္တိရှိရင် ကိုယ်တိုင်လာလုပ် ပါလား။

သူဒဏ်ရာ ရနေတာလား။ ဒဏ်ရာ ရနေရုံနဲ့ သူများတွေကို အမိန့် ပေးလို့ ရမယ် ထင်နေတာလား။

ဖန်ကျန်းရှီက မုချင်းဖန်းကို နည်းနည်းတော့ စိတ်ပျက် နေမိတယ်။ ဒါပေမယ့် ကိစ္စကြီးကို မျှော်တွေးရတဲ့ လူတစ်ယောက်၊ အမှန်တရား ဘက်တော်သား တစ်ယောက် အနေနဲ့၊ ဧကရီ ပိုင်ကျစ် ပြဿနာ ထပ်ရှာမှာကို သူမမြင်ချင်ဘူး။ သူ့ရဲ့ ဘယ်လက်ကို လှုပ်ရှားလိုက်တယ်။

ရွှေရောင် အလင်းတန်းတွေ သူ့လက်ထဲကနေ ထွက်ပေါ်လာပြီး ယန်ယင်းကို ဖမ်းယူလိုက်တယ်။ ဒီအချိန်မှာပဲ ခြေရာမဲ့ဓားကို ကိုင်ထားတဲ့ ညာလက်က ခရမ်းရောင် အလင်းတန်းတွေ ဖြာထွက်လာတယ်။

“ထွက်သွားစမ်း။” ဖန်ကျန်းရှီ ဟိန်းဟောက်ရင်း ဧကရီ ပိုင်ကျစ်ရဲ့ ခေါင်းကို တိုက်ခိုက်တော့တယ်။

ဟွမ်။ ခြေရာမဲ့ ဓားကနေ ဓားအော်သံနဲ့ အတူ ခရမ်းရောင် အလင်းတန်းကြီး ထွက်ပေါ်လာတယ်။ သူ့ရဲ့ တိုက်ခိုက်မှုတွေက အပျက်အစီး အများကြီး ဖြစ်စေနိုင်တဲ့ ပုံစံ မပေါ်ခဲ့ဘူး။

ဒါပေမယ့် ဓားချက်ရဲ့ နောက်ဘက်မှာ ရှည်လျားတဲ့ အနက်ရောင် လေဟာနယ် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်လာခဲ့တယ်။

“ဒီကောင်စုတ်လေးက ထိပ်တိုက် တိုက်ခိုက် မလို့လား။” မော့ရှန်းရှီရဲ့ အမူအယာက ပြောင်းလဲ သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ စွမ်းဆောင်ရည်ကို သူမသိဘူး။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်က ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုကြောင့် လွင့်ထွက် သွားခဲ့တာကိုတော့ သူမြင်ခဲ့တယ်။

နောက်တစ်နည်း ပြောရရင် ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ စွမ်းရည် ရှိရဲ့လား။ ဒါကတော့ မေးခွန်းကြီး တစ်ခုပဲ။

သူနိုင်နိုင်လား။

အပိုင်း (၈၈၁) ပြီး၏။

အပိုင်း (၈၈၂)

“အလှည့်အပြောင်း ဖြစ်စေဖို့ တန်ပြန် တိုက်ခိုက်မှု။”

သူနိုင်နိုင်လား။ ဒါက မော့ရှန်းရှီရဲ့ မေးခွန်း။ ဒါပေမယ့် ရွှေရောင် အလင်းတန်းနဲ့ လွှမ်းခြုံ ခံထားရတဲ့ ယန်ယင်ကတော့ မကြာခင်ပဲ ဒီမေးခွန်းရဲ့ အဖြေကို သူရသွားတော့တယ်။

ရွှေရောင် အလင်းတန်းတွေ သူ့ကို လွှမ်းခြုံ သွားတဲ့ အချိန် ကြောက်စရာ ကောင်းလောက်အောင် သန်မာတဲ့ အင်အားတွေကို ယန်ယင် ခံစားလိုက်ရတယ်။ ဒီခံစားချက်က သူ့ရဲ့ ဘေးပတ်ပတ်လည်မှာ လှိုင်းထန်နေတဲ့ သမုဒ္ဒရာကြီး ရှိနေသလိုပဲ။ အရေး အကြီးဆုံးကတော့ သူ့ရဲ့ ဒဏ်ရာတွေ လျှပ်စီးလက်သလို အရှိန်နှုန်းနဲ့ ပြန်ကောင်းနေတာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

“ဒီကောင်လေးက တကယ့်ကို အင်အားကြီးတာပဲ။” အတိတ်ကာလမှာ ဖန်ကျန်းရှိကို အရှက်မရှိ မောက်မာတဲ့ လူတစ်ယောက် အဖြစ်သာ ယန်ယင်မြင်ခဲ့တယ်။ အခုချိန်မှာတော့ တကယ့်ကို အထင်ကြီး လေးစား နေမိပြီ။ ဒီအထင်ကြီးမှုက စကားနဲ့တောင် ဖော်ပြလို့ မရနိုင်ဘူး။

ဖန်ကျန်းရှီကတော့ ယန်ယင်းရဲ့ အမူအယာ အပြောင်းလဲကို သတိထားဖို့ အချိန် မရှိခဲ့ဘူး။ သူ့ရဲ့ ဓားကို အကြောက်အလန့် ကင်းကင်းနဲ့ ဝေ့ယမ်းလိုက်တယ်။

ဒါက ယုံကြည်ချက်ပဲ။ သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းကနေ လာတဲ့ ယုံကြည်ချက်။ ရွှေတွင်းတွေကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ဖက်ထုပ် တစ်ပန်းကန်ကို မှာဖို့ မကြောက်သလိုပဲ။

ဝုန်း။ ဓားအလင်းတန်းနဲ့ ဧကရီ ပိုင်ကျစ်ရဲ့ လက်သည်းတွေ တိုက်မိကြတယ်။ နားကန်းမတတ် ကျယ်လောင်တဲ့ သတ္တု ထိခတ်သံကြီး ထွက်ပေါ်လာတယ်။ အဲ့ဒီ့နောက် အင်အားလှိုင်းတွေက ပေါက်ကွဲ ထွက်တော့တယ်။ လေလှိုင်းတွေက ဆက်တိုက် တုန်ခါနေခဲ့တယ်။ ဧကရီ ပိုင်ကျစ်ရဲ့ အမွှေးတွေတောင် နောက်ကို လဲကျ သွားခဲ့တယ်။ သူမရဲ့ မြေခွေး နားရွက် ချွန်ချွန်လေးတွေက လျှပ်စီးတွေနဲ့ လင်းလက်နေတယ်။

ဖန်ကျန်းရှီရဲ့ ဝတ်ရုံပြာကလဲ အသံတွေ တဖျပ်ဖျပ် ဆက်တိုက် ထွက်ပေါ်နေခဲ့တယ်။ သူ့ရဲ့ ခေါင်းစည်းကြိုးကတော့ လွင့်ထွက် သွားခဲ့ပြီ။ ဆံပင်ရှည်ရှည်တွေက လေထဲမှာ လွင့်နေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ နောက်ထပ် တိုက်ခိုက်မှုကို ဒါတွေက မသက်ရောက်ခဲ့ဘူး။ နေရာမှာတင် ရပ်တန့် ခုခံ နေဖို့ သူမရွေးချယ်ခဲ့ဘူး။ အဲ့ဒီ့အစား ခြေရာမဲ့ဓားကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း ဧကရီ ပိုင်ကျစ်ကို နောက်တစ်ခေါက် တိုက်ခိုက်တော့တယ်။

“ဒီကောင်စုတ်လေးက ဧကရီ ပိုင်ကျစ်ရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင် နိုင်တယ်ပေါ့။” မော့ရှန်းရှီကတော့ မျက်လုံးကျွတ်ကျ မတတ် ကြည့်နေရင်း ပြောနေခဲ့တယ်။

“အသက်ရှင်ရုံတင် မကဘူး။ ဧကရီ ပိုင်ကျစ်ကို နောက်ထပ် တိုက်ခိုက်ဖို့ အစွမ်းတွေ ရှိနေသေးတယ်။” မုချင်းဖန်းလည်း မျက်လုံးပြူး နေခဲ့တယ်။

သိပ်မကြာခင် အချိန်တုန်းက တိုက်ကွက် တစ်ကွက်ကိုတောင် ဖန်ကျန်းရှီ မခုခံ နိုင်ခဲ့ဘူး။ လွန်ခဲ့တဲ့ လပိုင်း အတွင်းမှာပဲ ဖန်ကျန်းရှီက ရုတ်တရက် အင်အားကြီးလာခဲ့တယ်။ ကံကောင်းတာလား။ မုချင်းဖန်းကတော့ အရာ အားလုံး ကံတရားကို ညွှန်ပြချင်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ လပိုင်းမှာ ဖန်ကျန်းရှီ ကြုံခဲ့ရတဲ့ ကိစ္စတွေကို စဉ်းစားလိုက်ရင်၊ ကံကောင်းတယ်လို့ မဆိုသာဘူး။

မြင့်မြတ် နယ်မြေကို သူဝင်ရောက်ပြီးနောက် ရန်ရွှယ့်လိုမျိုး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တယ်။

နောက်ပြီးတော့ မုချင်းဖန်းလဲ လင်းယွမ် မျှော်စင်မှာ ဖြစ်ခဲ့တဲ့ အကြောင်း အရင်းတွေကို ရှင်းရှင်းလင်းလင်း မသိသေးဘူး။ ချင်းယီ သေဆုံးပြီး ချင်းယွိ ရုတ်တရက် မျှော်စင် ခေါင်းဆောင် ဖြစ်လာရတာ ဖန်ကျန်းရှီနဲ့ ပတ်သက်နေမယ်လို့ သူယုံကြည် ထားခဲ့တယ်။

အရေးအကြီးဆုံးကတော့ ဖန်ကျန်းရှီက အစောပိုင်းမှာ ဧကရီ ပိုင်ကျစ်ကို မယှဉ်နိုင်ခဲ့ဘူး။ အကြိမ် တော်တော်များများ တိုက်ခိုက်ဖို့ လွဲချော်ခဲ့တယ်။ အဲ့ဒီ့နောက် မီးသွေးတုံးကနေ ရုတ်တရက် အသက်ပြန်ရှင်လာပြီး စွမ်းအားတွေလဲ ကြောက်စရာ ကောင်းအောင် တိုးတက် လာခဲ့တယ်။

ဒါတွေ အားလုံးက ကံတရားလား။ မဟုတ်ဘူး။ ဒါက အခွင့်အရေးပဲ။ မျှမျှတတ ပြောရရင်၊ မုချင်းဖန်းနဲ့ မော့ရှန်းရှီ ရှေ့မှာလဲ အခွင့်အရေးက ရှိနေခဲ့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ တစ်ယောက်ပဲ အခွင့်အရေးကို အရယူနိုင်ခဲ့တယ်။

သူ့ရဲ့ သတ္တိ၊ အကြမ်းပတမ်း ခံနိုင်စွမ်းတွေက ကြိုးစားဖို့ အခွင့်အရေးကို ဖြစ်စေခဲ့တာပဲ။ မုချင်းဖန်းနဲ့ မော့ရှန်းရှီကတော့ စည်းမျဉ်းတွေနဲ့ တင်းကြပ် နေခဲ့တဲ့ အတွက် ကြိုးစားကြည့်ဖို့ ယုံကြည်ချက် မရှိခဲ့ကြဘူး။ မုချင်းဖန်းက ဖန်ကျန်းရှီနဲ့ ခြေရာမဲ့ဓား အလင်းတန်းတွေကို ကြည့်ရင်း သက်ပြင်းချနေခဲ့တယ်။ သူတကယ့်ကို အိုနေပြီပဲ။

…

ဓားအလင်းတန်းက ကောင်းကင်ကို ဖြတ်ထွက်သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ တိုက်ကွက်တွေက အထင်ကြီးစရာ တစ်စက်မှ မရှိခဲ့ဘူး။ ဒါပေမယ့် ဓားချက် တစ်ချက်ချင်းစီတိုင်းက အရမ်းကို ထက်ရှနေပြီး၊ ဧကရီ ပိုင်ကျစ်ရဲ့ ခန္ဒာကိုယ်နဲ့တောင် မတားဆီးနိုင် ဖြစ်ရတယ်။

“ဒီကောင်စုတ်လေး ကြည့်ရတာ ပြောင်းလဲ သွားပြီ။” ဖန်ကျန်းရှီရဲ့ ဓားချက် သုံးချက်ကို ဆက်တိုက် ခုခံပြီးနောက်၊ ဧကရီ ပိုင်ကျစ်ရဲ့ စိတ်ထဲမှာ အတွေးဝင်လာတော့တယ်။ ဒါက ဖန်ကျန်းရှီရဲ့ ရုတ်တရက် တိုက်ခိုက်မှုတွေကြောင့် တွေးမိတာ မဟုတ်ဘူး။ ဖန်ကျန်းရှီ တိုက်ခိုက်တဲ့ အချိန် ထွက်ပေါ်နေတဲ့ ခန္ဒာကိုယ် လှိုင်းခတ်မှုတွေနဲ့ အရှိန်အဝါတွေက အရမ်းကို ပြင်းထန်နေလို့ပဲ။

အရင်တုန်းက ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုတွေမှာ အလောတကြီး ပုံစံနဲ့ အညှာအတာ ကင်းမဲ့ မှုတွေပဲ ရှိခဲ့တယ်။ တိုက်ပွဲကို မြန်နိုင်သလောက် မြန်အောင် အဆုံး သတ်ချင်နေမှန်း သိသာလွန်းတယ်။ ဒါက သူ့ရဲ့ အရှိန်အဝါနဲ့ စိတ်အခြေအနေကို ကိုယ်စားပြုတယ်။

အလောတကြီး အညှာအတာ ကင်းကင်းနဲ့ တိုက်ခိုက်တာက ဟာကွက်ကို မြန်မြန် ရှာတွေ့ချင်တဲ့ စိတ်ကို ကိုယ်စားပြုတယ်။ အခုချိန်မှာတော့ သူက ဒီလို ဟာကွက်တွေကို ရှာမနေတော့ဘူး။ ဖန်ကျန်းရှီရဲ့ စိတ်က ယုံကြည်ချက်တွေ ပြည့်၀ နေခဲ့ပြီ။ ဒီလို ယုံကြည်ချက်ကြောင့်ပဲ ဧကရီ ပိုင်ကျစ်ကို ထိပ်တိုက် တိုက်ခိုက်နိုင်တာ။

ဝုန်း။ ဓားအလင်းတန်းနဲ့ လက်သည်းက နောက်တစ်ခေါက် တိုက်မိပြန်တယ်။ အဲ့ဒီ့နောက် ကောင်းကင် လေထုထဲမှာ ကြီးမားတဲ့ လေဆင်နှာမောင်းကြီး တစ်ခုလို လေဝဲကြီး ဖြစ်ပေါ်လာတယ်။ ဒီမြင်ကွင်းက သုခမိန်တွေနဲ့ မိစ္ဆာ ဘုရင်တွေကို မျက်လုံး ပြူးသွား စေခဲ့တယ်။ ဖန်ကျန်းရှီက ဓားချက် ငါးချက်ကျော်ကျော် ဝေ့ယမ်းလိုက် တာကို လူတိုင်း မြင်လိုက်ရတယ်။

ဒီငါးချက်က နောက်ဆုတ်ဖို့ အတွက် တိုက်ခိုက်တာ မဟုတ်ဘူး။ ဧကရီ ပိုင်ကျစ် အနားကို နီးကပ်လာဖို့ လမ်းဖွင့် နေခဲ့တာပဲ။ သူလုံးဝကို ထွက်ပြေးဖို့ စိတ်ကူး မရှိခဲ့ဘူး။ အရေးအကြီးဆုံးကတော့ ဧကရီ ပိုင်ကျစ် တန်ပြန် မတိုက်ခိုက် နိုင်တာပဲ။

“ဖန်ကျန်းရှီ။ သူ သူက ဧကရီ ပိုင်ကျစ်ကို အသာစီး ရနေတာလား။ တစ်ယောက်တည်းနဲ့လေ။”

“ကြောက်စရာ ကောင်းလိုက်တာ။”

“သူက မြင့်မြတ် နယ်မြေရဲ့ အင်အား အကြီးဆုံး မိစ္ဆာ ဧကရီလေ။ ဖန်ကျန်းရှီက ၁၈နှစ်ပဲ ရှိသေးတယ်။ ၁၈နှစ်သားက ဘယ်လိုများ။”

သုခမိန် အဆင့် ရောက်နေတာကြောင့် ဂုဏ်ယူဝံ့ကြွားမှု အပြည့် ရှိနေခဲ့တဲ့ လူတော်တော်များများ ဖန်ကျန်းရှီရဲ့ တိုက်ပွဲကို မြင်ပြီး ချိန်မှာ ဂုဏ်မယူနိုင်တော့ဘူး။ ဒါက သူတို့ရဲ့ ယုံကြည်ချက်ကို ရိုက်ခတ်မှု အကြီးကြီး ဖြစ်စေခဲ့တယ်။ သူတို့ကိုယ် သူတို့ တစ်ဘဝလုံး ကြိုးကြိုးစားစား ကျင့်ကြံခဲ့တယ်လို့ ခံယူ ထားပေမယ့်၊ တခြားသူ တစ်ယောက်က သူတို့ လုပ်ခဲ့တာကို တစ်နှစ် ၂နှစ် အတွင်းမှာ အောင်မြင်အောင် လုပ်သွားခဲ့တယ်။ သေချာပေါက် စိတ်ပျက်လက်ပျက် ဖြစ်ပြီး ခါးသက် မိမှာပဲ။

“ဧကရီ သခင်မ။”

ဝေါင်း။

ဝေါင်း။

မိစ္ဆာ ဘုရင်တွေလဲ ထပ်တူ ထပ်မျှ ထိတ်လန့် နေခဲ့တယ်။ သူတို့ရဲ့ စိတ်ထဲမှာ ဧကရီ ပိုင်ကျစ်က နတ်ဘုရား တစ်ပါးလိုပဲ။ ဘယ်တုန်းကမှ မရှုံးနိမ့်ဖူးတဲ့ ထူးခြားသူ တစ်ယောက်။ အခုချိန်မှာ ဧကရီ ပိုင်ကျစ်ကို ၁၈နှစ် အရွယ် လူသား တစ်ယောက်က ဖိအားပေးပြီး တိုက်ခိုက် နေခဲ့ပြီ။

သူတို့တွေ ဘယ်လိုလုပ် မလန့်ပဲ နေမှာပဲ။ ဘယ်လိုလုပ် မကြောက်ပဲ နေဝံ့မှာလဲ။

“ဒိကောင်စုတ်လေးက တကယ်ပဲ တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်တယ်။” မော့ရှန်းရှီရဲ့ မျက်နှာက နီရဲ နေခဲ့ပြီ။ ဧကရီ ပိုင်ကျစ်နဲ့ အချီနည်းနည်း တိုက်ခိုက်ထားတဲ့ အတွက် ဘယ်လောက်တောင် သန်မာမှန်း သူသိတယ်။

တကယ်တော့ ဧကရီ ပိုင်ကျစ် မိစ္ဆာ အသွင် အပြည့်အ၀ ပြောင်းသွားပြီးရင်၊ တိုက်ကွက် ငါးကွက်ကို ဆက်တိုက် ခုခံနိုင်ဖိုက ခက်ခဲတယ်။ ဖန်ကျန်းရှီကတော့ ဧကရီ ပိုင်ကျစ်နဲ့ တစ်ယောက်ချင်း တိုက်ပွဲကို သေချာပေါက် တိုက်ခိုက်နိုင်တယ်။ အဆုံးသတ်မှာ ရှုံးခဲ့ရင်တောင် လုံလောက်ပါတယ်။

…

“ဖန်ကျန်းရှီ နင်က ငါနဲ့ တိုက်ခိုက်နိုင်မယ်လို့ တကယ်ပဲ တွေးနေတာလား။” ဧကရီ ပိုင်ကျစ်က မျက်လုံးစိမ်းတွေနဲ့ အေးစက်စက် ကြည့်ရင်း ပြောတယ်။

“ဘာဖြစ်လို့ မတွေးရမှာလဲ။” ဖန်ကျန်းရှီ ပြန်မေးရင်၊ လေလှိုင်းတွေကို သုံးပြီးတော့ ဧကရီ ပိုင်ကျစ်ရဲ့ ခေါင်းပေါ်ကနေ ခုန်ကျော်လိုက်တယ်။ သူ့ရဲ့ ဓားနဲ့ သူမကို ခုတ်ချလိုက်တယ်။ ဆိုးယုတ်တဲ့ အသွင်နဲ့ ခရမ်းရောင် အလင်းတန်းကြီး ဖြစ်ပေါ်လာတယ်။ လခြမ်းကွေး တစ်ခုလို ပုံစံနဲ့ ဧကရီ ပိုင်ကျစ်ရဲ့ လည်ပင်းပေါ်ကို ကျရောက်တယ်။

“ကောင်းတာပေါ့။ နင် ဘယ်လောက် အရည်အချင်းရှိလဲ ငါမြင်ချင်တယ်။” ဧကရီ ပိုင်ကျစ်က အတော့်ကို ဒေါသ ထွက်နေခဲ့ပြီ။ သူမရဲ့ လက်သည်းတွေကို သုံးပြီး ခုခံမယ့် အစား လေထဲမှာ ဂျွမ်းပြစ်လိုက်တယ်။ ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ဓားချက်က သူမကို ဝင်တိုက်တယ်။ သူမရဲ့ ကြီးမားတဲ့ ခန္ဒာကိုယ်ကြီးက ရုတ်တရက် ကျုံ့ဝင်သွားပြီ အမြီးတွေကတော့ ပိုရှည်လျား လာခဲ့တယ်။

ထူးဆန်းတဲ့ မြင်ကွင်းပဲ။ သူမရဲ့ ခန္ဒာကိုယ် ကျုံ့သွား ရတာက အမွှေးတွေရဲ့ အထူလျော့ ကျသွားတာပဲ။ အရှိန်နှုန်းကတော့ ပိုပြီး မြန်ဆန်လာခဲ့တယ်။ ဒီအပြောင်းအလဲက အရမ်းကို အသုံးဝင်တယ်။ ဧကရီ ပိုင်ကျစ်က သူမရဲ့ မြေခွေး အမြီး ရှည်ရှည်တွေနဲ့ ဖန်ကျန်းရှီကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်တော့တယ်။

ဖန်ကျန်းရှီလဲ အမူအယာ ပြောင်းလဲ သွားတယ်။ ဧကရီ ပိုင်ကျစ်ရဲ့ အပြောင်းအလဲကို သူမြင်တယ်။ သူမရဲ့ အရှိန်နှုန်း တိုးလာတာကို ခံစားမိတယ်။ အခုချိန်မှာ မြေခွေး အမြီး ကိုးချောင်းက သူ့ရှေ့ ရောက်နေခဲ့ပြီ။ နောက်ထပ် တွေးဖို့ အချိန် မရှိတော့ဘူး။

ရှောင်ရမယ်။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်က ကောင်းကင်မှာ တပတ်ပြီး တပတ်လှည့်နေခဲ့တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေက ခန္ဒာကိုယ်ကို ကြယ်တစ်လုံး အသွင် ဖြစ်အောင် လုပ်နေ သလိုပဲ။ အတော်လေး အားစိုက် ပြီးတဲ့နောက် မြေခွေး အမြီးတွေ လက်ထဲကနေ လွတ်အောင် သူရှောင်နိုင်ခဲ့ပြီ။

နားဖို့ အချိန်တော့ မရှိခဲ့ဘူး။ အမြီး ကိုးချောင်းက နောက်ထပ် ရောက်လာခဲ့ပြန်ပြီ။

“…” ဖန်ကျန်းရှီကတော့ ဧကရီ ပိုင်ကျစ် သူမရဲ့ ခန္ဒာကိုယ်ကြီးကို သုံးပြီး ဘာကြောင့် တောင့်ခံ နေခဲ့မှန်း နားလည် သွားခဲ့ပြီ။ သူ့ရဲ့ တိုက်ခိုက်မှုတွေကို သူမ မရှောင်ရှား နိုင်ခဲ့ဘူး။ ဒါကြောင့် တိုက်ခိုက်ဖို့ အချိန်ကောင်းကို စောင့်ရုံသာ တတ်နိုင်ခဲ့တယ်။

ဒါပေမယ့် သူမရဲ့ ခန္ဒာကိုယ်ကို အရွယ်အစား ပြောင်းလဲ လိုက်ချိန်မှာ အခြေအနေတွေက ပြောင်းလဲ သွားတော့တယ်။ ဧကရီ ပိုင်ကျစ်က သူမရဲ့ ခန္ဒာကိုယ်ကို စတေးပြီးတော့ အရှိန်နှုန်းနဲ့ အကြမ်းခံမှုကို မြင့်တင်လိုက်တာပဲ။ ဒါ့အပြင် အမြီး အရှည်တွေ ကိုလဲ တိုးလိုက်တဲ့ အတွက် ဖန်ကျန်းရှီက ထောင်ချောက်ထဲကို ရောက်သွားခဲ့ပြီ။

သမိုင်း စာအုပ်တွေထဲမှာ မှတ်တမ်း တင်ထားတယ်။ တကယ့်ကို အင်အားကြီးမားတဲ့ မိစ္ဆာကြီးတွေက အသွင်ပြောင်း နိုင်ကြတယ်။ လူသားတွေကို လှည့်စားဖို့ အတွက် လူ့အသွင်ကို ယူကြတယ်။ လျှပ်စီးနဲ့ သဘာဝတွေကို ထိန်းချုပ်နိုင်ဖို့ မိစ္ဆာ အသွင်ကို ပြန်ပြောင်းကြတယ်။ မိစ္ဆာတွေထဲမှာ ပုန်းအောင်းရင်းနဲ့ ပြဿနာ တွေကနေ ရှောင်ပြေးတတ်ကြတယ်။

ဖန်ကျန်းရှီက ဒီပုံတွေကို ဒဏ္ဍာရီတွေလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်နဲ့ တိုက်ခိုက်ပြီးနောက် ဒဏ္ဍာရီတွေက အမှန် ဖြစ်နေတာကို သူနားလည်လိုက်တယ်။ သူဘာလုပ်သင့်သလဲ။

အမျိုးသမီးတွေကို လေးစားပေမယ့်၊ ဒီလို ဖိနှိပ်ခံရတဲ့ အဖြစ်ကိုတော့ သူမပျော်ရွှင် ခဲ့ဘူး။ ဒါကြောင့် အခြေအနေကို ပြန်ပြင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဘယ်လို လုပ်ရမယ်ဆိုတာ အရင်ဆုံး စဉ်းစားဖို့ လိုတယ်။ နောက်ဆုံးတော့လဲ သူက ဧကရီ ပိုင်ကျစ်လို အင်အား မကြီးဘူးလေ။ သူမလိုလဲ အကြမ်းမခံနိုင်ဘူး။ သူ့မှာ အဆုံးမဲ့တဲ့ စွမ်းအား အရင်းအမြစ် ရှိနေတာက လွဲပြီး တခြား သိသာ ထင်ရှားတဲ့ စွမ်းအား မရှိဘူး။

“ဒေါ်လေးချင်း။ အခုလို ကပ်ဆိုက်နေတဲ့ အခြေအနေမှာ ဒီအတိုင်း ရပ်ကြည့် နေတော့မှာလား။” ဖန်ကျန်းရှီက မြေခွေး အမြီးတွေကို ခုန်ရှောင်ရင်း မေးလိုက်တယ်။

“အကူအညီ လိုရင် ပြောလေ။ ငါနားမလည်တဲ့ အမှန်တရား ဘက်တော်သား စကားတွေကို ဘာဖြစ်လို့ ပြောနေတာလဲ။” ချင်းယွိက ဖန်ကျန်းရှီကို လက်ဝေ့ယမ်းပြနေခဲ့တယ်။ မကူညီချင်တာ အသိသာကြီး။

“ဒေါ်လေး ကျေးဇူးပြုပြီး ကယ်ပါ။”

“စောစောတည်းက ပြောရင် ဒီလောက်ထိ ခံစားနေဖို့ မလိုဘူး။” ချင်းယွိက ပြုံးလိုက်ရင်း လက်ထဲက ဓားနှစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ နောက်ထပ် နှောင့်နှေး မနေတော့ပဲ ဧကရီ ပိုင်ကျစ်ကို တိုက်ခိုက်တော့တယ်။

ဒီမြင်ကွင်းကို မြင်ချိန်မှာ မုချင်းဖန်းနဲ့ မော့ရှန်းရှီလဲ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးလိုက်တယ်။ ဒါကိုသာ ကိုယ်တိုင် မမြင်ရရင်၊ မျှော်စင် ခေါင်းဆောင် ချင်းယွိမှာ ဒီလို စရိုက်မျိုး ရှိနေမယ်လို့ ထင်ထားခဲ့မှာ မဟုတ်ဘူး။ ဒါပေါ့ ချင်းယွိကိုလဲ ဒီ့အတွက် အပြင်တင်လို့ မရဘူးလေ။ ဖန်ကျန်းရှီလို အရှက်မရှိတဲ့ (တူ) တစ်ယောက်ရှိနေရင် ဘယ်သူကမှ ဂုဏ်ယူ ဝံ့ကြွား နေနိုင်မှာ မဟုတ်ဘူး။

“တိုက်ခိုက်။” မုချင်းဖန်းက အံကြိတ်ရင်း ပြောလိုက်တယ်။

“ယွင်ချင်းဝူကော ဘယ်လိုလဲ။” မော့ရှန်းရှီ အနားဆယ်ဖက် နတ်ဆိုး မီးတောက် ဗျူဟာထဲမှာ ရပ်နေခဲ့တဲ့ ယွင်ချင်းဝူကို ကြည့်ရင်း မေးတယ်။

“အကယ်၍ ဧကရီ ပိုင်ကျစ်ကိုသာ အနိုင်တိုက်နိုင်ရင်၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် နှစ်ခုရဲ့ အစီအစဉ်တွေလဲ အောင်မြင်နိုင်မှာ မဟုတ်ဘူး။” မုချင်းဖန်း မျက်မှောင်ကြုတ်သွားခဲ့တယ်။

“မင်းပြောတာ မှန်တယ်။” မော့ရှန်းရှီ ခေါင်းငြိမ့်ရင်း အတည်ပြုတယ်။

“တိုက်ခိုက်။”

“တိုက်ခိုက်ကြ။”

“…”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်စလုံး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားခဲ့တယ်။ သူတို့ နှစ်ယောက်နဲ့ ချင်းယွိ ပေါင်းစည်းလိုက်ရင်၊ တိုက်ပွဲကို အခြေအနေ အများကြီး ပြောင်းလဲ စေနိုင်တယ်။ အရွယ်သေးလိုက်တာက ဧကရီ ပိုင်ကျစ်ရဲ့ အရှိန်ကို မြင့်မား သွားစေပင်မယ့်၊ ခုခံ နိုင်စွမ်းကတော့ လျော့ကျ သွားခဲ့တယ်။

ပူးပေါင်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင် ရချိန်မှာ သူမရဲ့ စွမ်းအားတွေက ကန့်သတ်ခံနေ ခဲ့ရတယ်။ ဒါကြောင့် ဧကရီ ပိုင်ကျစ်က လေးယောက်နဲ့ တိုက်ခိုက်တဲ့ အချိန် သူမရဲ့ ခန္ဒာကိုယ်ကို ကြီးမား ထားခဲ့တာပဲ။

ခုခံရင်းနဲ့ အခွင့်အရေးကို ရှာဖွေတယ်။ ဒါပေမယ့် အရင်က နည်းလမ်းကိုတော့ ဆက်ပြီး မသုံးနိုင်တော့ဘူး။ သူ့ခန္ဒာကိုယ်ကို အရွယ်အစားကြီးလိုက်ရင် ဖန်ကျန်းရှီကို ခုခံဖို့ ခက်သွားလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုများ တန်ပြန် တိုက်ခိုက် နိုင်မှာလဲ။

“ငါတို့တွေ အခွင့်အရေး ရှိပြီ။ ဧကရီ ပိုင်ကျစ် အချိန် အကြာကြီး တောင့်မခံ နိုင်လောက်တော့ဘူး။”

“အမှန်ပဲ။ ဖန်ကျန်းရှီ တစ်ယောက်တည်းနဲ့ ဧကရီ ပိုင်ကျစ်ကို ခုခံနိုင်တယ်။ ခန်းမခေါင်းဆောင်မု၊ တောင်ကြား ခေါင်းဆောင်မော့၊ မျှော်စင်ခေါင်းဆောင်ချင်းတို့ ပေါင်းလိုက်ရင်၊ ဧကရီ ပိုင်ကျစ် ဘယ်လိုမှ မနိုင်နိုင်ဘူး။”

“သူတို့တွေ တန်ပြန် တိုက်ခိုက်နိုင်တယ်။ အကယ်၍ ဧကရီ ပိုင်ကျစ်ကိုသာ အနိုင်ယူနိုင်ရင်၊ မိစ္ဆာ ဘုရင်တွေကို စိုးရိမ်ဖို့ မလိုတော့ဘူး။”

ဒီမြင်ကွင်းကို ကြည့်ရင်းနဲ့ သုခမိန်တွေ မျှော်လင့်ချက် ပြန်ရလာပြန်တယ်။ သူတို့တွေ အားလုံး အစွမ်းကုန် တိုက်ခိုက်တော့တယ်။ နောက်ဆုတ်ဖို့ ရပ်တန့်လိုက်ကြပြီ။ ဘယ်သူကမှ လူသားမျိုးနွယ်တွေ ကျဆုံးမှာကို မမြင်ချင်ကြဘူး။ ဒါက စိတ်ဓာတ်အင်အား အပြောင်းအလဲပဲ။

ကျရှုံးမှုကနေ အောင်မြင်မှုကို ပြောင်းလဲပြီ။ လူတိုင်းက ယုံကြည်ချက်တွေ ပြင်းပျလာတဲ့ အတွက် သူတို့တွေ ကြမ်းကြမ်းတမ်းတမ်း ပြန်တိုက်ခိုက်နိုင်တော့တယ်။

“ဖန်ကျန်းရှီလား။” ဧကရီ ပိုင်ကျစ်နဲ့ တိုက်ခိုက်နေတဲ့ ဖန်ကျန်းရှီကို မြင်ချိန်မှာ တောက်ရှင်းက လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ “တိုက်ပွဲ အလှည့်အပြောင်းကို သူလုပ်လိုက်တာ ငါမယုံနိုင်ဘူး။”

အပိုင်း (၈၈၂) ပြီး၏။

အပိုင်း (၈၈၃)

“နတ်ဘုရား မုခ်ဝကို ဖွင့်ခြင်း။”

ဘာသာပြန်သူ- Enri Thaw

တောက်ရှင်းကတော့ ဒါတွေ အားလုံး တိုက်ဆိုင်မှု ဆိုတာလား နားမလည် နိုင်ခဲ့ဘူး။ အကယ်၍ တကယ်ပဲ တိုက်ဆိုင်မှုသာ ဖြစ်ခဲ့ရင် ဖန်ကျန်းရှီက သေချာပေါက် တိုက်ဆိုင်မှုတွေ အများကြီးကို ကြုံတွေ့ ခဲ့ရတာပဲ။ ဘာတွေပဲ ဖြစ်ပါစေ။ သူမကတော့ (အခွင့်အရေး ရတာနဲ့ လှုပ်ရှားဖို့ လိုပြီ။)

နောက်ဆုံးတော့လည်း လူသားမျိုးနွယ်တွေ တိုက်ပွဲကို ပြန်ပြီး အသာစီး ရလာချိန်မှာ (အရင်ဆုံး ထွက်ခွာဖို့) မဖြစ်နိုင်ဘူး။ တောက်ဟွမ်လဲ ဒါကို ရှင်းရှင်းလင်းလင်း နားလည်တယ်။ တောက်ရှင်း သတိပေးစရာ မလိုတောင် တောက်ဟွမ် ဘာလုပ်ရမယ် ဆိုတာကို သိခဲ့တယ်။ သူ့အတွက်တော့ အစောပိုင်းက ပြောထားခဲ့တဲ့ စကားတွေကို ပြန်ပြင်ဆင်ဖို့ ခက်ခဲလွန်းတယ်။

ဒါက အတော့်ကို အကြပ်ရိုက်တဲ့ အချိန်ပဲ။ ဘာပဲ ဖြစ်ဖြစ်၊ အခုချိန်မှာ ထွက်သွားလို့ မရနိုင်ဘူး။ နတ်သစ်ပင် အောက်ခြေထိ ဆုတ်ခွာ ခဲ့ပြီးနောက် တွေဝေမနေတော့ဘူး။ ရန်ရွှယ့်ကို တောက်ရှင်းလက်ထဲ ထည့်ပေးလိုက်တယ်။ နတ်သစ်ပင် ထိပ်ဆီကို အရှိန်ပြင်းပြင်းနဲ့ ပျံတက်လာခဲ့တယ်။

တောက်ဟွမ်က သွေးရူးသွေးတန်း ဖြစ်လာတဲ့ အချိန်မှာ ပိုပြီးတော့ ကြောက်စရာ ကောင်းတယ်။ သူက မိစ္ဆာ ဘုရင်တွေ အားလုံးကို ကျော်ဖြတ်ပြီးတော့ နတ်သစ်ပင်ထိပ်ကို အလင်းတန်း တစ်ခု အသွင်နဲ့ ရောက်ရှိ သွားတော့တယ်။

“ခန်းမ ခေါင်းဆောင်မု၊ တောင်ကြား ခေါင်းဆောင်မော့၊ မျှော်စင်ခေါင်းဆောင်ချင်း၊ ငါလာကူမယ်။” ချက်ခြင်းဆိုသလို တောက်ဟွမ်က ဧကရီ ပိုင်ကျစ်ကို ရိုက်ချဖို့ ပြင်တယ်။

“..” တောက်ဟွမ်ရဲ့ စကားတွေကို ကြားချိန်မှာ မျိုးနွယ်စု ပေါင်းစုံက ကျန်ရစ်နေသူတွေနဲ့ တပည့်သားတွေ အားလုံး ဆွံ့အကုန်ကြတယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်တောင် ဘာပြောရမယ်မှန်း မသိတော့ဘူး။ ဒါပေမယ့် အခု အခြေအနေမှာ နိုင်နိုင်ချေ များလေ ပိုကောင်းလေပဲ။ အကူအညီကို မငြင်းပယ်နိုင်ဘူး။

ဒဏ်ရာတွေ နည်းနည်း သက်သာလာတဲ့ ယန်ယင်လဲ တောက်ဟွမ် နောက်ကနေ လိုက်လာတယ်။ သူတို့ နှစ်ယောက်လုံးက ဧကရီ ပိုင်ကျစ်နားကို တစ်ချိန်တည်း ရောက်လာခဲ့တယ်။

ဝုန်း။

ဝုန်း။

ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနဲ့ အတူ၊ အမြင့်ဆုံး အရှိန်နှုန်း ရောက်နေပြီ ဖြစ်တဲ့ ဧကရီ ပိုင်ကျစ်က လက်ဝါး ရိုက်ချက် နှစ်ခုနဲ့ ထိတွေ့ သွားတော့တယ်။ သူမရဲ့ အမွှေးတွေတောင် ထောင်ထသွားတယ်။ ဒီရိုက်ချက် နှစ်ချက်က သူမကို အများကြီး သက်ရောက်မှု မဖြစ်စေပင်မယ့်၊ ဒဏ်ရာ နည်းနည်းတော့ ရသွား စေခဲ့တယ်။

“အခွင့်အရေး ရှိပြီ။” ဧကရီ ပိုင်ကျစ် မျက်နှာမည်းမှောင် သွားတာကို မြင်ချိန်မှာ၊ နောက်မှာနေခဲ့တဲ့ သူ့ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့မှန်း သေချာ သွားတော့တယ်။

ယန်ယင်းရဲ့ မျက်လုံးတွေလဲ တောက်ပလာတယ်။ ဧကရီ ပိုင်ကျစ်နဲ့ သူဆက်တိုက် တိုက်ခိုက် ခဲ့ချိန်မှာ ပြင်းထန်တဲ့ ခုခံအားတွေကို သူသေချာ ခံစားမိခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ခုခံ နိုင်စွမ်းတွေက အများကြီး ကျဆင်းသွားခဲ့ပြီ။ သူလဲ ဒါကို ဖြတ်သန်းနိုင်တယ်။ ဒါက ယုံကြည်ချက်တွေ အများကြီး တိုးလာစေတယ်။

“ခန်းမ ခေါင်းဆောင်မု၊ တောင်ကြား ခေါင်းဆောင်မော့၊ မျှော်စင် ခေါင်းဆောင်ချင်း။ ဧကရီ ပိုင်ကျစ်ကို သတ်ဖို့ အခွင့်အရေး ရပြီ။ သူ့ကို သတ်နိုင်ရင် လောကကြီးလဲ ငြိမ်းချမ်းသွားလိမ့်မယ်။” တောက်ဟွမ်ရဲ့ မျက်နှာဖုံး အောက်ကနေ အေးစက်စက် အလင်းတန်းတွေ ဖြာထွက်လာခဲ့တယ်။

“ဧကရီ ပိုင်ကျစ်ကို သတ်ရမယ်လား။” မော့ရှန်းရှီ မျက်လုံးပြူး သွားခဲ့တယ်။ သူဒါကို တကယ်ပဲ မတွေးဖူးဘူး။ နောက်ဆုံးတော့လဲ ဧကရီ ပိုင်ကျစ်က အနိုင်ယူဖို့ ခက်ခဲလွန်းတဲ့ အရာ တစ်ခုလေ။ အခုချိန်မှာ တောက်ဟွမ် ပြောသလို ဧကရီ ပိုင်ကျစ်ကို သတ်နိုင်ခဲရင်၊ လောကကြီးမှာ ဒီလို အဖြစ်မျိုး နောက်ထပ် ကြုံရတော့မှာ မဟုတ်ဘူး။

ဧကရီ ပိုင်ကျစ်သာ သေဆုံး သွားခဲ့ရင်၊ မိစ္ဆာ ဘုရင်တွေလဲ နောက်ထပ် ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး။ နတ်ဆိုး မျိုးနွယ်တွေလဲ အတူတူပဲ။ နတ်ဆိုး မျိုးနွယ်မှာ အင်အားကြီးသူတွေက အရေအတွက် နည်းနည်းပဲ ရှိတော့တယ်။ မိစ္ဆာ မျိုးနွယ်ရဲ့ အကူအညီ မပါရင်၊ သူတို့တွေကိုလဲ ကြောက်စရာ မလိုဘူး။

မော့ရှန်းရှီ အရင်တုန်းက ဒီလို အရာကို မတွေးမိခဲ့တာ ဧကရီ ပိုင်ကျစ်က အင်အား ကြီးလွန်း နေလို့ပဲ။ အခုချိန်မှာတော့ ဒီအတွေးတွေကို သူတွေးနိုင်နေပြီ။

“အဖိုးကြီးမော့၊ မျှော်စင်ခေါင်းဆောင် ချင်း။ ဒါက ဖြစ်နိုင်မယ်လို့ ငါထင်တယ်။ မင်းတို့ကော ဘယ်လို တွေးလဲ။” မုချင်းဖန်းက အေးစက်စက် အကြည့်နဲ့ ပြောနေခဲ့တယ်။

“တိုက်ခိုက်။” မော့ရှန်းရှီကတော့ စိတ်ဆုံးဖြတ်လိုက်ပြီ။

“သေချာတာပေါ့။” ချင်းယွိလဲ ခေါင်းငြိမ့်တယ်။

“ဟဟား ငါ့ကို သတ်ချင်တယ်ပေါ့။” ဧကရီ ပိုင်ကျစ်က စကားတွေကို နားထောင်ရင်း သူမရဲ့ မျက်ဝန်း စိမ်းစိမ်းတွေ တဖျပ်ဖျပ် တောက်ပ လာတော့တယ်။ “မင်းတို့ လူသားတွေက အနိုင်ယူပြီး မိုးမြေ သခင်တွေ ဖြစ်လာနိုင်မယ်လို့ ထင်နေတာလား။ ယုတ်မာပြီး အောက်တန်းကျတဲ့ အကြံအစည်တွေ ဆွဲထားတဲ့ လူသားတွေ။ လောကကြီးက သက်ရှိတွေ အားလုံး အပေါ်မှာ တရားမျှတတယ်။”

“ဟဟား။ တရား မျှတတယ်။ တရားမျှတတယ် ဆိုတာ ဘာကို ပြောချင်တာလဲ။ လောကကြီးက အင်အား အကြီးဆုံးသူ နိုင်တာပဲ။ မွေးဖွားတဲ့ နေရာ၊ ကျင့်ကြံဆင့်၊ လောကကြီးမှာ တရားတာ ဘာမှ မရှိဘူး။ ဘာမှ ကျောထောက်နောက်ခံ အင်အား မရှိတဲ့လူက အင်အားကြီးလာ နိုင်မယ်လို့ ထင်လား။” တောက်ဟွမ်က ဧကရီ ပိုင်ကျစ်ရဲ့ စကားတွေကို လှောင်ရယ်နေခဲ့တယ်။

“ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။ ဆင်းရဲတဲ့ မိသားစုကလဲ အင်အားကြီးတဲ့ သူတွေ ထွက်ပေါ် လာနိုင်တယ်။” ဖန်ကျန်းရှီရဲ့ အသံကို ကြားလိုက်ရတယ်။ သူက ဂုဏ်သတင်းကိုတောင် ဂရုမစိုက်ပဲ တောက်ဟွမ်ရဲ့ စကားကို ဖြတ်ပြောခဲ့တယ်။

“ဖန်ကျန်းရှှီ မင်း။” တောက်ဟွမ် လန့်သွားခဲ့တယ်။ သူစကား ဆက်ပြောဖို့ ပြင်ပေမယ့် ဖန်ကျန်းရှီရဲ့ လက်ထဲက ခရမ်းရောင် တောက်ပနေတဲ့ ခြေရာမဲ့ဓားကို မြင်ချိန်မှာ ပါးစပ်ပြန်ပိတ် သွားခဲ့တယ်။

“အဲ့ဒီ့ စုန်းမအိုကြီးကို ငါသဘောမကျ ပေမယ့်၊ လောကကြီးက သက်ရှိ အားလုံး အပေါ် တရားမျှတတာတော့ အမှန်ပဲ။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“…”

“…”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်ကတော့ နှုတ်ခမ်းတွန့် သွားပေမယ့် ဘာမှ မပြောနိုင်ကြဘူး။ လောကကြီးမှာ အင်အား အကြီးဆုံးသူက အနိုင်ရတယ်။ အခုချိန်မှာ ဖန်ကျန်းရှီက အင်အား အကြီးဆုံးသူ ဒါကြောင့် သူပြောတာ မှန်တယ်။

“ဟမ့် ငါ့စကားကို နင်သဘောတူစရာ မလိုဘူး။” ဧကရီ ပိုင်ကျစ်က ဖန်ကျန်းရှီကို မျက်စောင်းလှမ်းထိုးတယ်။ “နင်နိုင်ပြီလို့ ထင်နေတာလား။”

“နိုင်ဖို့ အခွင့်အရေး ရှိရင်ပေါ့။” တောက်ဟွမ် ပြောတယ်။

“ကောင်းပြီလေ။ နင်တို့ အားလုံး ငါ့ကို ဘယ်လို သတ်နိုင်မလဲ သိချင်တယ်။” သူမ ပြောလိုက်ချိန်မှာ ဧကရီ ပိုင်ကျစ်ရဲ့ အရွယ်က ပိုကြီးမား သွားပြီး အမြီးတွေက သေးငယ် သွားခဲ့တယ်။ ဧကရီ ပိုင်ကျစ် အရွယ်ကြီးသွားချိန်မှာ ဖုံးအုပ်သွားတဲ့ အမွှေးထူထူတွေက သံချပ်ကာ တစ်ခုလို ထောင်ထ လာခဲ့တယ်။

“နောက်တစ်ခေါက် အရွယ်ကြီးလိုက် ပြန်ပြီလား။” တောက်ဟွမ် အေးစက်စက် စိုက်ကြည့်နေခဲ့တယ်။

“ပိုင်ကျစ် မသေခင် ရုန်းကန်နေလဲ အကြောင်း မထူးဘူး။” မော့ရှန်းရှီလဲ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ လှမ်းအော်တယ်။ နောက်ဆုံးတော့လဲ ဧကရီ ပိုင်ကျစ်ကို သတ်ဖို့ သူတို့တွေ အချိန် တော်တော် ကုန်ရတော့မှာလေ။

“ဟမ့်။” ဧကရီ ပိုင်ကျစ်က အေးစက်စက် နှုတ်ခေါင်းရှုတ်ရင်း မြေခွေး အမြီးတွေကို ဝေ့ယမ်းတော့တယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ရင်း တိုက်ခိုက်တယ်။

တိုက်ပွဲက ပြင်းထန်လာ ပြန်ပြီ။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်ရဲ့ အရှိန်နှုန်းကတော့ လျော့သွားခဲ့တယ်။ ဆက်တိုက် ခုခံ နေရတဲ့ အတွက် အသာစီး ရဖို့ အခွင့်အရေး မရှိတော့ဘူး။

“ကောင်စုတ်လေး။ မင်းစွမ်းအားကုန် ထုတ်သုံးတော့။” ဖန်ကျန်းရှီက ဧကရီ ပိုင်ကျစ်ကို သတ်နိုင်ဖို့ အရေးအကြီးဆုံး သူမှန်း မော့ရှန်းရှီ သေချာတယ်။

“မိစ္ဆာ ဧကရီကို သတ်နိုင်ရင်၊ မင်းက လူသား မျိုးနွယ်ရဲ့ သူရဲကောင်း ဖြစ်လာလိမ့်မယ်။” မုချင်းဖန်း ပြောတယ်။ နောက်ဆုံးတော့လဲ အခြေအနေတွေက အခုချိန်မှာ အတော့်ကို ရှင်းလင်းနေပြီ။ ဖန်ကျန်းရှှီ ဘာတွေတွေးနေမှန်း သူတို့ မသိတာ တစ်ခုပဲ။

“သူရဲကောင်းတဲ့လား။” ဖန်ကျန်းရှီ ဒီစကား နောက်ကွယ်က အကြောင်းရင်းကို သိတယ်။ ဒါပေမယ့် ဧကရီ ပိုင်ကျစ် အရွယ် ပြန်ကြီးလိုက်တဲ့ အချိန်မှာ သူ့စိတ်ထဲ ထူးဆန်းနေမိတယ်။

အရွယ်အစား ကြီးတာက တိုက်ပွဲကို အချိန်ဆွဲ ချင်တာပဲ။ အနိုင်မယူချင်တော့ တာလား။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဒီလို ဆုံးဖြတ်တာလဲ။ ဖန်ကျန်းရှီ မသေချာဘူး။ ဧကရီ ပိုင်ကျစ်က သေချာပေါက် လက်လျှော့မယ့်သူ မဟုတ်ခဲ့ဘူး။ ဒီတော့ ဗျူဟာ သုံးနေတာလား။ မှားနေပြီ။ တစ်ခုခုတော့ အကြီးကြီး မှားနေပြီ။

ဖန်ကျန်းရှီ မျက်မှောင်ကြုတ်နေခဲ့တယ်။ ဒီအချိန်မှာ ဧကရီ ပိုင်ကျစ်ကို သူတို့ ထောင်ဖမ်းထားပြီးပြီ။ အနိုင်ရဖို့ အချိန်ပဲ လိုတော့တယ်။ ဒီအနိုင်ရမှုက သူ့ကို တစ်ခုခု လွဲနေသလို ခံစား ရစေတယ်။ ဧကရီ ပိုင်ကျစ်က အချိန်ဆွဲ နေတာလား။ ဘာဖြစ်လို့လဲ။

နေစမ်းပါအုန်း။ ယွင်ချင်းဝူ။

ဖန်ကျန်းရှီ ရုတ်တရက် နားလည် သွားချိန်မှာ ယွင်ချင်းဝူ ရှိနေတဲ့ နေရာကို လှမ်းကြည့်လိုက်တယ်။ သူ့အမူအယာ ချက်ခြင်း ပြောင်းလဲ သွားတယ်။ ယွင်ချင်းဝူရဲ့ ဘေးမှာ သွေးတွေ ရွဲနစ်နေတဲ့ ဝတ်ရုံဖြူဝတ် လူတစ်ယောက် ရှိနေခဲ့တယ်။ အရေး အကြီးဆုံးကတော့ ဒီလူ့ရဲ့ ပုံစံက ကြိုးစား ရုန်းကန်နေတာ အထင်းသား။

“နန်ကုန်းဟောင်။” ဖန်ကျန်းရှီက နန်ကုန်းဟောင် ယွင်ချင်းဝူဘေး ရပ်နေတာကြောင့် အံ့သြတာ မဟုတ်ဘူး။ သူ့လက်ထဲမှာ အစိမ်းနဲ့ အနက်ရောင် သစ်သီးတွေ ကိုင်ထားတာ မြင်လိုက် ရလို့ပဲ။ နေစမ်းပါအုန်း။ ဧကရီ ပိုင်ကျစ်က သူတို့နဲ့ တိုက်ခိုက်ရင်း နန်ကုန်းဟောင်ကို ထိန်းချုပ်နိုင် တာလား။

“မဟုတ်ဘူး။ (ကောင်းကင် ဆွဲဆောင်မှု၊ ဝိဉာဉ်ခိုး)မန္တန်ကို ဧကရီ ပိုင်ကျစ် သုံးနေတာ မဟုတ်ဘူး။” ဖန်ကျန်းရှီ စိတ်ထဲ အတွေး ဝင်လာတယ်။

“ဘာကြီး။” မုချင်းဖန်းက ချက်ခြင်း တုန်ယင်သွားတော့တယ်။

“နန်ကုန်းဟောင်ကို ထိန်းချုပ်ထားတာ ယွင်ချင်းဝူပဲ။” သူ့စိတ်ထဲက လန့်စရာ ခံစားချက်တွေရဲ့ အရင်းအမြစ်ကို ဖန်ကျန်းရှီ ရှာတွေ့ သွားခဲ့ပြီ။

သူတို့ကို အချိန်ဆွဲနေတဲ့ ဧကရီ ပိုင်ကျစ်က လူတွေ အားလုံးကို အာရုံလွှဲလိုက်တာပဲ။ ကြောက်စရာ ကောင်းလိုက်တဲ့ စိတ်နဲ့ ခံနိုင်ရည်။ အရေးအကြီးဆုံးကတော့ အားလုံးကို ယွင်ချင်းဝူ ခန့်မှန်း ထားခဲ့တာပဲ။ တခြားနည်းနဲ့ ပြောရရင်၊ ယွင်ချင်းဝူက ဘာဖြစ်မယ် ဆိုတာကို အားလုံး တွက်ချက်ထားပြီးသား။

ဧကရီ ပိုင်ကျစ်က တကယ့်ကို အင်အားကြီးလွန်းတယ်။ သူမရဲ့ စွမ်းအားတွေကြောင့် လူတိုင်းက သူမကို ပြစ်မှတ် ထားကြတယ်။ ယွင်ချင်းဝူ ဒါကို သိတယ်။ ဒါကြောင့် နတ်သစ်ပင် ထိပ်ဖျားကို တက်လာခဲ့တယ်။ နတ်ဆိုး အကြီးအကဲ ဆယ်ယောက်ရဲ့ မီးတောက်တွေ အောက်မှာ အားလုံးရဲ့ အမြင်ကို လှည့်စားလိုက်ပြီး အတုနဲ့ အစစ်အမှန်ကို ရောနှောလိုက်တယ်။

လူတိုင်းရဲ့ မျက်စိရှေ့မှာ ဒါတွေ ဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် ဘယ်သူကမှ သူမကို သံသယ မဝင်ခဲ့ဘူး။ ဖန်ကျန်းရှီ ဒါကို တွေးနိုင်ခဲ့တာ ကတော့ ယွင်ချင်းဝူထက် ပိုပြီးတော့ ထက်မြက်နေလို့ မဟုတ်ဘူး။ ယွင်ချင်းဝူရဲ့ ပုံရိပ်ယောင်ထဲမှာ သူပိတ်မိ ဖူးလို့ပဲ။

ရုပ်တုနောက်မှာ ပုန်းအောင်းနေတဲ့ အချိန် ယွင်ချင်းဝူနဲ့ မျက်လုံးချင်း ဆုံမိခဲ့တယ်။ အကြည့်တစ်ချက်က သူ့ကို မှင်သက်သွားစေခဲ့တယ်။ ပုံရိပ်ယောင်ထဲမှာ ဝတ်ရုံဖြူ မိန်းကလေး ကယ်တင်တာကြောင့်သာ မဟုတ်ရင်၊ ယွင်ချင်းဝူ ပိတ်လှောင် ထားတာကို ခံနေ ရလောက်ပြီ။

“ယွင်ချင်းဝူက (ကောင်းကင်ဆွဲဆောင်မှု၊ ဝိဉာဉ်ခိုး) မန္တန်ကို တတ်တယ်လား။”

“ဘာကြီး။” မော့ရှန်းရှီလည်း အတော် လန့်နေခဲ့တယ်။

“ဒါ ဘယ်လိုများ ဖြစ်ရတာလဲ။” တောက်ဟွမ်လဲ သူကြားရတာကို မယုံနိုင်ဘူး။

“သူ့ကို တားကြ။” မုချင်းဖန်း ပြောတယ်။ ယန်ယင်းနဲ့ ချင်းယွိကတော့ ယွင်ချင်းဝူဆီကို လျှပ်စီးလက်သလို အရှိန်နှုန်းနဲ့ ပြေးသွား နေခဲ့ပြီ။

“ငါတို့ရဲ့ သခင်ကို ထိခိုက်အောင် မလုပ်နဲ့။” နတ်ဆိုး အကြီးအကဲ ဆယ်ယောက်ရဲ့ ခန္ဒာကိုယ်ကနေ မျက်စိ ကျိန်းမတတ် အလင်းတန်းတွေ ထွက်ပေါ် လာခဲ့တယ်။ မီးတောက်နက်တွေကနေ ကြီးမားတဲ့ အကာအကွယ်ကြီး တစ်ခု အဖြစ် ပြောင်းလဲ သွားပြီး ယွင်ချင်းဝူနဲ့ အကြီးအကဲ ဆယ်ယောက်ကို ဖုံးအုပ်လိုက်တယ်။

“ဖန်ကျန်းရှီ မြန်မြန် အနားဆယ်ဖက် နတ်ဆိုး ဗျူဟာကို ဖြိုခွင်းလိုက်။” မုချင်းဖန်း လှမ်းအော်တယ်။ ဖန်ကျန်းရှီ တစ်ယောက်ပဲ ဒီဗျူဟာထဲ ဝင်နိုင်တာလေ။

ဖန်ကျန်းရှီလဲ သိတယ်။

တကယ်တော့ နန်ကုန်းဟောင်ကို ယွင်ချင်းဝူဘေးမှာ မြင်လိုက်ချိန်တည်းက သူလှုပ်ရှားနေပြီ။ ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ယွင်ချင်းဝူက အရာအားလုံးကို ပြင်ဆင် ထားပြီးသား။

“ဖန်ကျန်းရှီ နင်ရှုံးသွားပြီ။” ယွင်ချင်းဝူရဲ့ အမူအယာက တည်ငြိမ် နေခဲ့တယ်။

သူမရဲ့ စကားနဲ့ အတူ နန်ကုန်းဟောင်ရဲ့ လက်တွေက ရှေးဟောင်း သင်္ကေတ တစ်ခုကို ရေးဆွဲလိုက်တယ်။ သစ်သီး နှစ်လုံးလဲ လေထဲမှာ ပျောက်ကွယ် သွားခဲ့ပြီ။

“ပျောက်ကွယ် သွားတာလား။” မုချင်းဖန်း အထိတ်တလန့် မျက်လုံးပြူး နေခဲ့တယ်။

“ဘယ်လိုတောင် ဖြစ်ရတာလဲ။” မော့ရှန်းရှီလဲ အတူတူပဲ။

ဒါပေမယ့် သူ့ရဲ့ စိတ်ရှုပ်ထွေးမှုက ထိတ်လန့်မှု အဖြစ်ကို ပြောင်းလဲ သွားခဲ့တယ်။ သစ်သီးတွေ ပျောက်ကွယ် သွားချိန်မှာပဲ အစိမ်းနဲ့ အနက်ရောင် အလင်းတန်း နှစ်ခုက နန်ကုန်းဟောင်ရဲ့ ခန္ဒာကိုယ်ထဲကနေ ထွက်ပေါ် လာခဲ့တယ်။

ဝုန်း။

အလင်းတန်း နှစ်ခုက မဏ္ဍိုင်တိုင်လုံးကြီးတွေ ပုံစံနဲ့ ကောင်းကင်ကို ချိတ်ဆက်တယ်။ အနက်ရောင်နဲ့ အစိမ်းရောင် တံခါး နှစ်ခုကို သွားရိုက်ခတ်တယ်။

အပိုင်း (၈၈၃) ပြီး၏။

အပိုင်း (၈၈၄)

“အမှန်တရား ပေါ်ထွက်လာပြီ။”

ဂျိန်း။ တစ်ချိန်တည်းမှာပဲ တံခါး နှစ်ခုကနေ လေးလံ ထိုင်းမှိုင်းတဲ့ အသံတွေကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် တံခးါ နှစ်ခု စတင် တုန်ယင်တော့တယ်။

ကျယ်ပြန့်ပြီး ရှေးကျလွန်းတဲ့ အရှိန်အဝါတွေက တံခါးထဲကနေ ထွက်ပေါ်လာတယ်။ မိုးမြေ နှစ်ခု အခုမှ စတင်ပြီး အသစ်ဖြစ်တည် လာသလိုပဲ။ ထူးခြားတဲ့ သြဇာရှိန်ဝါတွေ ပျံ့နှံ့ လာခဲ့တယ်။

ဝူး။

ပင်လယ်လှိုင်းတွေက လေထု တစ်ခုလုံးကိုတောင် မွန်းကြပ်လာစေတယ်။ ဒီအချိန်မှာ ကောင်းကင်ကို ဖုံးကွယ်နေခဲ့တဲ့ တိမ်တိုက်တွေ စတင်ပြီး ပျောက်ကွယ်တော့တယ်။ ကောင်းကင်ပေါ်မှာ တံခါးကြီး နှစ်ခု ပေါ်လာတယ်။

“နတ်ဆိုး လောကရဲ့ တံခါး။”

“မိစ္ဆာ လောက တံခါး။”

“ဒါတွေ ပွင့်တော့မှာလား။”

သုခမိန်၊ တပည့်သားတွေနဲ့ မိစ္ဆာ ဘုရင်တွေ အားလုံး အခုချိန်မှာ ရပ်ကြည့် နေခဲ့ပြီ။ ဖန်ကျန်းရှီကတော့ လေထုထဲမှာ တောင့်တင်း နေခဲ့တယ်။ သူက ယွင်ချင်းဝူတို့နဲ့ ဆယ်လှမ်း အကွာမှာ ရောက်နေခဲ့တာ။ တကယ်တော့ နတ်ဆိုး မီးတောက် ဗျူဟာထဲ သူဝင်ပြီး နေပြီ။ ဒါပေမယ့် ရှေ့ဆက် မတိုးနိုင်ခဲ့ဘူး။ မြေခွေး အမြီး တစ်ချောင်းက သူ့ခြေထောက်ကို လာဆွဲထားခဲ့တယ်။

ဧကရီ ပိုင်ကျစ်က ယွင်ချင်းဝူ အနားကို ဖန်ကျန်းရှီ ကလွဲပြီး တစ်ခြားသူတွေ မရောက်နိုင်မှန်း သိတယ်။ ဒါကြောင့် ယွင်ချင်းဝူဆီ ဖန်ကျန်းရှီ ထိုးဆင်းတဲ့ အချိန် တိုက်ခိုက်မှုတွေ အားလုံးကို ချိုးဖောက်ပြီး ဖန်ကျန်းရှီကို လှမ်းဆွဲထားခဲ့တယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီလဲ အမြီးတွေ အားလုံးကို မတားနိုင်ခဲ့ဘူး။

ဖန်ကျန်းရှီကတော့ ရှေ့ဆက် မတိုးနိုင်။

“ဒါ ဘာတံခါးတွေလဲ။” သူ့ခြေထောက်က မြေခွေး အမြီးကို ဖန်ကျန်းရှီ ချက်ခြင်း မဖယ်ခဲ့ဘူး။ ယွင်ချင်းဝူကို လှမ်းမေးတယ်။

“မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်က အင်အားကြီး လူသားတွေ။” ယွင်ချင်းဝူက ဖန်ကျန်းရှီကို ရေလိုတည်ငြိမ်နေတဲ့ ပုံစံနဲ့ လှမ်းပြောတယ်။ လိမ်ဖို့ စိတ်ကူး ရှိပုံ မပေါ်ဘူး။

“ယန်ဟွမ် ခေတ်က လူတွေလား။”

“ဟုတ်တယ်။”

“လွန်ခဲ့တဲ့ နှစ်ထောင်ချီက အင်အားကြီးလူတွေ အခုချိန်ထိ အသက်ရှင် နေမယ်လို့ မင်းဘယ်လို သေချာသိလဲ။” ဖန်ကျန်းရှီ နားမလည် နိုင်ခဲ့ဘူး။

“အားလုံးတော့ မဟုတ်ဘူး။ တစ်ချို့ကတော့ သေကုန်တာ ကြာပြီ။ ငါအရင်တုန်းက ပြောဖူးတယ်လေ။ အသက်ရှင် ကျန်ရစ်တဲ့ သူတွေက အင်အား အကြီးဆုံးတွေလို့။”

“သက်ရှည် ကိုယ်တော်တွေလား။” ဖန်ကျန်းရှီ မေးပြန်တယ်။

“ငါသိသလောက် အရဆိုရင်၊ သက်ရှည် ကိုယ်တော်တွေ အားလုံးက သေခဲ့ပြီ။” ယွင်ချင်းဝူ ပြန်ဖြတယ်။

“ဒါဆိုရင် ဒီအင်အားကြီးလူတွေ အသက်ရှင် နေမယ်လို့ မင်းဘယ်လိုလုပ် သေချာသိလဲ။”

“ချိတ်ပိတ်စည်းကြောင့်။”

“ချိတ်ပိတ်စည်း။”

“ဟုတ်တယ်။ ကပ်ဆိုးကြီး ပြီးတဲ့နောက် နွီဝါး မယ်တော်က အားလုံးကို ပြန်မခေါ် နိုင်တော့တဲ့ အတွက် ချိတ်ပိတ်ထားခဲ့တယ်။”

“ဒီတော့ ဒီတံခါး နှစ်ခုက တခြားလောက နှစ်ခုနဲ့ ဆက်သွယ် နေတာပေါ့။” ဖန်ကျန်းရှီ ခန့်မှန်းခဲ့တယ်။

“မဟုတ်ဘူး။ လောက တစ်ခုတည်း။” ယွင်ချင်းဝူ ခေါင်းခါလိုက်တယ်။

“ဟင်။”

“ဒီလောကရဲ့ အပြင်ဘက်မှာ ကြယ်တာရာ အစုအဝေးကြီး ရှိတယ်။ နင်မြင်ပြီး လောက်ပါပြီ။”

“မင်းပြောချင်တာ သံကြိုး အနက်တွေနဲ့ ဥက္ကာပျံတွေ ပြည့်နေတဲ့ ကောင်းကင်ကြီးလား။”

“ဥက္ကာပျံ။” ယွင်ချင်းဝူက ဖန်ကျန်းရှီ ပြောချင်တာကို နားမလည်ခဲ့ဘူး။ ဒါပေမယ့် သူမ ဆက်ပြောတယ်။ “သဘာ၀ ကပ်ဆိုးကြီး ကျရောက်လာချိန်မှာ နွီဝါး မယ်တော်က စွမ်းအားတွေ အားလုံးကို သုံးပြီးတော့ ကောင်းကင် ကျောက်မျက် ရတနာ ၃၆၅၀၀ ကိုသန့်စင်ခဲ့တယ်။ ကပ်ဆိုးတွေကို ကာကွယ်ဖို့ ပြင်ဆင် ထားခဲ့တယ်။ ဒီကျောက်မျက်တွေက စိတ်ဝိဉာဉ် သံကြိုးတွေနဲ့ ချိတ်ဆက်ထားတယ်။ ကြယ်တာရာ အစုအဝေးကြီးက မျိုးနွယ်စု နှစ်ခုရဲ့ အင်အား အကြီးဆုံး သူတွေ ချိတ်ပိတ်ခံထားရတဲ့ နေရာပဲ။”

ကောင်းကင် ကျောက်မျက်ရတနာ ၃၆၅၀၀။ ဖန်ကျန်းရှီ နည်းနည်းတော့ လန့်သွားခဲ့တယ်။ ဒီပုံပြင်က နွီဝါးမယ်တော် ကောင်းကင်ကို ပြင်ဆင်ခဲ့တဲ့ ဒဏ္ဍာရီပ၊ တိုက်ဆိုင်လိုက်တာ။ ဖန်ကျန်းရှီမှာ စဉ်းစားချိန် အများကြီး မရှိခဲ့ဘူး။ သူ့မှာ အရေးကြီး မေးခွန်း ရှိနေခဲ့ပြီ။ “နေစမ်းပါအုန်း။ ကောင်းကင် အပြင်ဘက်ကို ငါမြင်ဖူးတာ မင်းဘယ်လိုလုပ် သိလဲ။”

“ဟဟား။” ယွင်ချင်းဝူ ပြုံးလိုက်တယ်။ သူမ ပျော်ရွှင်နေပုံပဲ။ “တကယ်တော့ မြင့်မြတ် နယ်မြေကို နင်ဝင်ပြီးတဲ့ အချိန်၊ မြောက်ရွာကနေ နင်ထွက်တည်းက ကြယ်တာရာ အစုအဝေးကို နင်မြင်ပြီးမှန်း ငါသိတယ်။”

“ဒီတော့ မင်းက ငါ့ကို အသုံးချတာပေါ့။” ဖန်ကျန်းရှီ တုန်ယင် သွားသလို သူ့မျက်ဝန်းထဲမှာ အလင်းတန်းတွေ တဖျပ်ဖျပ် လက်လာခဲ့တယ်။

“ဒီလိုတော့ မဟုတ်ဘူး။ ငါက နန်ကုန်း မျိုးနွယ်ရဲ့ အစီအစဉ်ကို သိတယ်။ သူတို့ အစီအစဉ်မှာ ချီကူယန်က အရေးကြီးတယ်။ နင် ကောင်းကင်တာအို ခန်းမကို ဝင်နိုင်ဖို့ အတွက် သေချာပေါက် နန်ကုန်းတွေရဲ့ အစီအစဉ်ထဲ ရောက်သွားရမှာပဲ။ ဒီတော့ ကောင်းကင် အပြင်ဘက်ကို တွေ့မှာ သေချာတယ်။” ယွင်ချင်းဝူက ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိတယ်။ “ဒါပေမယ့် ငါနင့်ကို အသုံးချခဲ့လို့ အပြစ်တင်ချင်ရင်တော့၊ နင့်ကို မဟူရာ သေတ္တာလေး ပေးခဲ့တဲ့ အချိန်ကို ပြန်သွားလိုက်။”

“ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ ပါတဲ့ တစ်ခုလား။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ်လိုက်တယ်။

“အဲ့ဒီ့ သေတ္တာက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေ အတွက် မလိုဘူး။ နင့်ခန္ဒာကိုယ်ထဲမှာ ရှိနေတဲ့ အဆုံးမဲ့ လောကက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေကို ထည့်လို့ ရတာပဲ။ မဟူရာ သေတ္တာက ကောင်းကင်တာအို သုခမိန် ကျောက်ဖျာတွေကို အာရုံခံတယ်။ ပြီးတော့ တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းနိုင်တယ်။” ယွင်ချင်းဝူ ရှင်းပြတယ်။

“ပေါင်းစည်းပြီး အာရုံခံဖို့။ ဒီတော့ ကောင်းကင်တာအို ခန်းမမှာ ငါကြုံခဲ့ ရတာတွေက မင်းလုပ်တာပေါ့။”

“အမှန်ပဲ။ ကောင်းကင်တာအို ခန်းမ ပြိုင်ပွဲမှာ နင်ဝင်ပြိုင်ရင်၊ အနိုင်နဲ့ အရှုံး နှစ်ခုပဲ ရှိမယ်။ အကယ်၍ နိုင်ခဲ့ရင်၊ မိုးနတ်ရေကန်ကို ဝင်ခွင့်ရမယ်။ မဟုတ်ရင်လဲ ငါ့အထင်တော့ ချီကူယန်ရဲ့ အာဏာနဲ့ နင့်ကို မိုးနတ်ရေကန်ထဲ ဝင်ခွင့်ရအောင် လုပ်ပေးမှာပဲ။”

“ဒီတော့ မင်းလက်ချက် ပဲကိုး။” ဖန်ကျန်းရှီ အံကြိတ်နေတယ်။ “ကောင်းကင်တာအို ခန်းမက ရေကန်ကို ဖျက်စီးမိခဲ့တဲ့ ငါ့နောက်ကို လိုက်တယ်။ ရန်ရွှယ်က နတ်သက်ကြွေ အဇူရာ ဖြစ်သွားတယ်။ မှတ်ဉာဏ်တွေလဲ ပျောက်သွားတယ်။”

“ဒါက မတော်တဆ ဖြစ်တာ။ နင့်အသက်ကို ရန်ရွှယ်နဲ့ လဲပြီးတော့ ကိုယ့်ကိုယ်ကို အလယ်ပေါင်းအိုးထဲ ထည့်လိုက်တာက ငါ့အစီအစဉ်မှ မဟုတ်ပဲ။ တကယ်တော့ ငါ့အစီအစဉ် အစက။”

ဂျိန်း။ ဒီအချိန်မှာ ထွက်ပေါ်လာတဲ့ အသံကျယ်ကြီးက ယွင်ချင်းဝူရဲ့ စကားကို ပြတ်တောက် သွားစေခဲ့တယ်။ တံခါးတွေရဲ့ တုန်ခါမှုက ရပ်တန့် သွားခဲ့ပြီ။ လုံးဝကို ငြိမ်ကျသွားတယ်။ အလင်းတန်းတွေလဲ ပျောက်ကွယ် သွားတယ်။

ဝုန်း။ တစ်ခဏတာ တည်ငြိမ် နေပြီးနောက် မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့တယ်။ သန်မာပြီး ရှေးကျတဲ့ အနက်ရောင် စွမ်းအားတွေ ကောင်းကင်ကနေ ဆင်းသက် လာတယ်။ အားနည်းတဲ့ တပည့်သားတွေ မတ်တပ် မရပ်နိုင်တော့ဘူး။ တစ်ယောက်ချင်းဆီတိုင်းက အင်အားကြီးနဲ့ ဖိနှိပ် ခံထားရတဲ့ အတိုင်း ဒူးထောက်လျက်သား ဖြစ်ကုန်ကြတယ်။

“ဟဟ ဟား။ အားအကြီးဆုံးသူပဲ နိုင်တဲ့ လောကတဲ့လား။ လောကကြီးမှာ ဘယ်သူက အင်အားအကြီးဆုံး ဆိုတာ မြင်ချင်သေးပါရဲ့။” ဧကရီ ပိုင်ကျစ်ရဲ့ ရယ်သံ ထွက်ပေါ်လာတယ်။ သူမ အတော်လေး ပျော်နေပုံပဲ။ လေထဲမှာ ပဲ့တင်ထပ်နေတဲ့ ရယ်သံက တော်လဲသံနဲ့ ပေါင်းစပ်တော့တယ်။

“မင်း ဘာဖြစ်လို့ ပြုံးမနေတာလဲ။ မင်းရဲ့ အစီအစဉ် အောင်မြင်ပြီ မဟုတ်လား။” ယွင်ချင်းဝူကို အေးစက်စက် စိုက်ကြည့်ရင်း ဖန်ကျန်းရှီ မေးတယ်။

“ငါ့အစီအစဉ် အောင်မြင်ရင် ဘာဖြစ်လို့ ပြုံးနေ ရမှာလဲ။” ဖန်ကျန်းရှီရဲ့ အေးစက်စက် အကြည့်ကြောင့် ယွင်ချင်းဝူ တစ်ချက်တုန်ယင် သွားခဲ့တယ်။ ခပ်မြန်မြန်ပဲ ကိုယ့်ကိုယ်ကို ပြန်ထိန်းရင်း ထူးထူးဆန်းဆန်း စိတ်ရှုပ်ထွေး နေပုံနဲ့ မေးလိုက်တယ်။ ဧကရီ ပိုင်ကျစ်နဲ့ ယှဉ်လိုက်ရင် သူမက စိတ်မလှုပ်ရှား နေသလို ပျော်လည်း ပျော်မနေခဲ့ဘူး။

“မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်ထဲက အင်အား အကြီးဆုံးသူတွေ ရောက်လာမှာကို ပျော်နေသင့်တာ မဟုတ်လား။” ဖန်ကျန်းရှီ လက်ကိုလှှုပ်ရှား လိုက်ချိန်မှာ သူ့လက်ထဲက ခြေရာမဲ့ဓား လှုပ်ရှား သွားခဲ့တယ်။

“တစ်ခါတစ်လေမှာ ငါပျော်တာ မပျော်တာက အရေးမကြီးဘူး။ နင်သာ ငါ့နေရာမှာ ရောက်နေရင်လဲ အတူတူပဲ ဖြစ်လိမ့်မယ်။”

“တကယ်လား။”

“သေချာတာပေါ့။”

“ယွင်ချင်းဝူ ဘာဖြစို့ ဒီလောက်တောင် သေချာနေတာလဲ။” ဖန်ကျန်းရှီရဲ့ အကြည့်က ပိုပြီးတော့ အေးစက်လာသလို သူ့ရဲ့ ဓားအလင်းတန်းကလဲ ပိုပြီးတော့ တောက်ပ လာခဲ့တယ်။

“နင့်ငါ့ကို သတ်ရင်တောင်၊ ငါ့ရွေးချယ်မှုက အတူတူပဲ။”

“ဒါဆိုရင် ငါ မင်းကို သတ်မယ်။”

“အခုချိန်က စပြီး ငါ့ကို သတ်လို့ မရတော့ဘူး။” ယွင်ချင်းဝူက ရှေ့ကို တစ်လှမ်းတိုး လာခဲ့တယ်။ သူမက လုံးဝကို ယုံကြည်ချက် အပြည့်ပဲ။ “ဒါပေမယ့် ငါနင့်ကို အသုံးချခဲ့တဲ့ အတွက် အခွင့်အရေး တစ်ခုပေးမယ်။ ငါ့ကို သတ်ချင်ရင် ငါတို့တွေ လောင်းကြေးထပ်လို့ရတယ်။”

“ဘာလောင်းကြေးလဲ။”

“နင်က အေးဆေး တည်ငြိမ်ပြီး လောကကြီးက အဖြစ်အပျက်တွေ အားလုံးကို ဂရု စိုက်စရာ မလိုတဲ့ ဘဝနဲ့ နေချင်တယ်လို့ ပြောခဲ့တဲ့ မဟုတ်လား။ ငါနင့်ကို အခွင့်အရေး ပေးမယ်။ ဒါပေမယ့် ၂နှစ်ထက် ပိုပြီး အသက်မရှင် နိုင်ဘူးလို့ ငါလောင်းမယ်။”

“၂နှစ်။”

“ဟုတ်တယ်။ အကယ်၍ နင်သာ ၂နှစ်ထပ် ပိုပြီးတော့ အသက်ရှင်ခဲ့ရင်၊ ငါယွင်ချင်းဝူကို နင်သတ်လို့ ရတယ်။ ငါနင့်ကို တစ်ချက်လေးတောင် မခုခံဘူး။”

“ကောင်းပြီ။ မင်းနဲ့ လောင်းကြေးထပ်မယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။”

“ဒီနေ့ ဒီနေရာကနေ မင်းအသက်ရှင်လျက် ထွက်သွားရမယ်။” ပြောရင်းနဲ့ သူ့ရဲ့ ညာခြေထောက်က အရှိန်ပြင်းပြင်း တုန်ခါ လာတော့တယ်။ သူ့ရဲ့ ညာခြေထောက်က ပျောက်ကွယ်တော့မလိုပဲ။ ဒီလို ပြင်းထန်တဲ့ တုန်ခါမှုကြောင့် ဧကရီ ပိုင်ကျစ်ရဲ့ အမြီးလည်း လိုက်ပြီး တုန်ခါတော့တယ်။ ဖန်ကျန်းရှီ လှုပ်ရှားတယ်။ ကောင်းကင်ကနေ ဆင်းလာပြီးတော့ မြေခွေး အမြီးကနေ လွတ်အောင် လုပ်ရင်း ယွင်ချင်းဝူဆီကို လျှပ်စီး လက်သလို ရောက်လာတော့တယ်။ သူ့ဓားကနေ စူးရှတဲ့ အသံတွေ ဆက်တိုက် ထွက်ပေါ် နေခဲ့တယ်။

ဟွမ်။ ဒါက ပျော်ရွှင်နေတဲ့ ဓားအသံပဲ။ အေးချမ်းနေတဲ့ သမုဒ္ဒရာကြီးကို လှိုင်းတွေ ရိုက်ခတ်နေသလို ခံစားရစေတယ်။

“ဘာဖြစ်တယ်။” ဧကရိ ပိုင်ကျစ် ဖန်ကျန်းရှီ လွတ်ထွက်သွားတာကို မယုံနိုင်ခဲ့ဘူး။ သူ့ကို သူမ တားချင်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီက မြန်လွန်းနေတယ်။ နတ်ဆိုး အကြီးအကဲ ဆယ်ယောက်ကတော့ သူ့ကို တားနိုင်ခဲ့တယ်။ သူတို့တွေက ယွင်ချင်းဝူဘေးမှာ ဆက်တိုက် စောင့်ရှောက်နေသူတွေ၊ အရိပ်တွေလို ပုံစံနဲ့ ယွင်ချင်းဝူဆီကို ပြေးကပ်လိုက်ကြတယ်။

ဖန်ကျန်းရှီက မြေခွေး အမြီးကနေ လွတ်လာတာ မြန်ခဲ့ပေမယ့်၊ နတ်ဆိုး အကြီးအကဲတွေကလည်း မြန်ဆန်တယ်။ သူတို့တွေ စကားမပြောကြပေမယ့်၊ ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူရဲ့ စကားကို နားစိုက်ထောင်နေ ခဲ့ကြတယ်။ ဒါကြောင့် သူတို့တွေ ပြင်ဆင် ထားပြီးသား။

“ဖန်ကျန်းရှီ ငါတို့ရဲ့ အရှင်သခင်ကို ထိခိုက်အောင် လုပ်ဖို့ မတွေးလေနဲ့။” တညီတညာတည်း သူတို့ ဟိန်းဟောက်ကြတယ်။

“ငါတို့ တားဆီးတဲ့ ဘယ်သူမဆို သေရမယ်။” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက ခရမ်းရောင် ပြောင်းလဲ သွားခဲ့ပြီ။ အဆုံးမဲ့တဲ့ သမုဒ္ဒရာကြီးလို ပြင်းထန်တဲ့ လူသတ်ငွေ့တွေက သူ့ကိုယ်ကနေ ထွ့်ပေါ် နေခဲ့တယ်။

မိုးနတ်ရေကန်ကြီး ပြိုကွဲခဲ့တဲ့ ကိစ္စကို သူအမြဲတမ်း တွေးမရဖြစ်ခဲ့တာ။ အကယ်၍ မိုးနတ်ရေကန်သာ မပျက်စီးခဲ့ရင်၊ ဖန်ကျန်းရှီလည်း ကောင်းကင် တာအို ခန်းမကနေ ထွက်ပြေးရမှာ မဟုတ်သလို၊ ဓားတောင်အောက်က အဖြစ်တွေလဲ ကြုံရမှာ မဟုတ်ဘူး။

မဟူရာ လမင်းကျွန်းရဲ့ သုခမိန် သုံးယောက်နဲ့ တခြား နှစ်ယောက်ရဲ့ တွန်းအားပေးတာကို မခံရရင် ရန်ရွှယ်လဲ နတ်သက်ကြွေ အဇူရာ ဘယ်ဖြစ်မလဲ။ တကယ်တော့ ကောင်းကင်တာအို တောင်ခြေထဲက အစီအစဉ်တွေ သူဆွဲထားခဲ့တယ်။ အရိပ်မျိုးနွယ်ရဲ့ အင်အားကို သူမသိပေမယ့်၊ ဝူယွဲ့အာကို သူသတိပေးခဲ့တယ်။ အရိပ်မျိုးနွယ် တပည့်သားတွေကလဲ ကောင်းကင်တာအို တောင်ခြေမှာ သူရောက်လာမှာကို နေ့တိုင်း စောင့်နေခဲ့ကြတယ်။

ဒါပေမယ့် ဖြစ်သွားခဲ့တဲ့ ကိစ္စတွေက မြန်ဆန်လွန်းတယ်။ မိုးနတ်ရေကန်ကြီး ရုတ်တရက် ပြိုကွဲသွားပြီး ကိစ္စတွေ ပရမ်းပတာ ဖြစ်ခဲ့တယ်။

အခုတော့ ကိစ္စတွေကို သူနားလည်ပြီ။ သူဘယ်လိုပဲ ရွေးချယ်ခဲ့ပါစေ၊ အောင်မြင်ပါစေ ကျရှုံးပါစေ။ မိုးနတ်ရေကန်ကို ပြိုကွဲအောင် လုပ်မိပြီး ယွင်ချင်းဝူရဲ့ ထောင်ချောက်ထဲ ရောက်ရမှာပဲ။

လိုက်ဖမ်းခံရ ပြီးနောက်၊ မြင့်မြတ် နယ်မြေမှာ ကြွက်တစ်ကောင်လို ပုန်းအောင်း နေရလိမ့်မယ်။

အပိုင်း (၈၈၄) ပြီး၏။

အပိုင်း (၈၈၅)

“သူကြီးပြင်းလာခဲ့တဲ့ နေရာ။”

ယွင်ချင်းဝူရဲ့ အစီအစဉ်က အရမ်းကို ရိုးရှင်းတယ်။ ဖန်ကျန်းရှီကို အသုံးချတယ်။ မြင့်မြတ် နယ်မြေရဲ့ အေးချမ်းမှုကို ပျက်ပြား စေခဲ့တယ်။ ယွင်ချင်းဝူက မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခု အကြောင်းကို ကောင်းကောင်းကြီး သိတယ်။

သူတို့တွေက အကျိုးအမြတ်နဲ့ ပတ်သက်ပြီး ပြဿနာတွေ အရမ်းမားတယ်။ ဖန်ကျန်းရှီ ရောက်လာတယ်။

အခြေအနေတွေ အများကြီးကို မွှေနှောက်ခဲ့တယ်။ သူက မြင့်မြတ် နယ်မြေရဲ့ အကြီးအကဲနဲ့ တပည့်သားတွေ ကြားမှာ အများကြီး လှုပ်ရှားအောင် လုပ်နိုင်ခဲ့တယ်။ ဒီလို အဖြစ်မျိုးမှာ မြင့်မြတ် နယ်မြေမှာ ရှားပါးတယ်။

ဒါပေမယ့် များပြားတဲ့ ပဋိပက္ခတွေက် လူသားတွေကို ပျက်စီးစေနိုင်တယ်။ ကိစ္စကြီးတွေ ဖြစ်မလာ စေပင်မယ့်၊ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုက သည်းခံမှု အတိုင်းအတာ ရှိကြတယ်။

မျိုးနွယ်စု ငါးခုလုံး တိုက်ပွဲကြီး တစ်ခု တိုက်ခိုက်တာကတော့ မဖြစ်နိုင်တာပဲ။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ သေတ္တာနက်က ကိစ္စတွေကို ကွာခြား သွားစေတယ်။ မိုးနတ် ရေကန်နဲ့ ကောင်းကင် ကိုးခု ပျက်စီးသွားတဲ့ အကြောင်းက မြင့်မြတ်န ယ်မြေ တစ်ခုလုံးကို ပျံ့နှံ့ သွားခဲ့တယ်။

သေတ္တာနက်နဲ့ အတူ ဖန်ကျန်းရှီကတော့ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုရဲ့ ပြစ်မှတ် ဖြစ်လာခဲ့တယ်။ ဖန်ကျန်းရှီမှာ ကောင်းကင် တာအို သုခမိန် ကျောက်ဖျာတွေ ရှိနေတဲ့ အတွက်၊ ဖန်ကျန်းရှီကို ဖမ်းမိတဲ့ ဘယ်သူမဆို ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်။ ဒါက အရေးအကြီးဆုံး ကိစ္စပဲ။

မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုက အတွင်းပိုင်း ပဋိပက္ခတွေ ဖြစ်နေပင်မယ့်၊ ပေါ်တင် မတိုက်ခိုက်ကြဘူး။ ကောင်းကင်တာအို သုခမိန် ကျောက်ဖျာ ကိုးခုနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ သူတို့တွေ သေချာပေါက် တစ်ခုခု လုပ်ကြမှာပဲ။ ဒါက ယွင်ချင်းဝူရဲ့ မူလ အစီအစဉ်။

ဖန်ကျန်းရှီကို ငါးစာ အဖြစ် သုံးပြီးတော့ မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုကို ဖျက်စီးပြစ်မယ်။ ဘေးကနေ လက်ပိုက် ကြည့်နေရင်း အောင်မြင်မှုကို ထိုင်စောင့်မယ်။ ဒါပေါ့ ဒီကိစ္စထဲမှာ မတော်တဆမှုလေး တစ်ချို့ ဖြစ်သွားခဲ့တယ်။ ရန်ရွှယ် အသက်အန္တရာယ် ကျရောက်ခဲ့တယ်။

ဒီလို အခြေအနေမှာ ဖန်ကျန်းရှီက မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်။ ရန်ရွှယ်နဲ့ သူ့အသက်ကို လဲလှယ်လိုက်တယ်။ တိုက်ပွဲတွေလဲ ထင်ထားသလို ဖြစ်မလာတော့ဘူး။ ဒါပေမယ့် ယွင်ချင်းဝူက ယွင်ချင်းဝူပဲ။ နောက်ထပ် အစီအစဉ် အသစ်တွေ ထပ်ဆွဲလိုက်တယ်။ မဟာနွံအိုင်ထဲကို ဝင်ရောက်တယ်။ နောက်ဆုံး ရလဒ်ကတော့ သိပ်ပြီး မကွာပါဘူး။

ဖန်ကျန်းရှီက မသေခဲ့ဘူး။ မသေရုံတင် မကဘူး။ တောင်စဉ် ကိုးသွယ် တစ်ခုလုံးကိုလဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေခဲ့တယ်။ ဒါကြောင့် ယွင်ချင်းဝူ ထိုးဖောက်ဖို့ အခွင့်အရေး ရခဲ့တယ်။ တောင်စဉ် ကိုးသွယ်ကို သုံးပြီး မြင့်မြတ် နယ်မြေ မျိုးနွယ်စု ငါးခုကို ဆုတ်ဖြဲဖို့ ဆုံးဖြတ်လိုက်တယ်။

…

နေရောင်ခြည်က တောက်တောက် ပပလင်းလက် နေပင်မယ့်၊ လေထုကတော့ အေးစက်နေခဲ့တယ်။ ဒီအေးစက်မှုက ဖန်ကျန်းရှှီ ထုတ်လွှတ်နေတဲ့ လူသတ်ငွေ့တွေကို အခြေခံတယ်။

ယွင်ချင်းဝူနဲ့ ပတ်သက်ပြီး ဖန်ကျန်းရှီရဲ့ စိတ်ထဲ အမြဲတမ်း ရှုပ်ထွေး နေခဲ့တယ်။ အကယ်၍ ယွင်ချင်းဝူသာ မိစ္ဆာ ဧကရီငယ်၊ နတ်ဆိုး အရှင်သခင်ငယ် မဖြစ်ခဲ့ရင်၊ ကိစ္စတွေက ဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ အခုဖြစ်လာတဲ့ ကိစ္စတွေကိုလဲ သူမပြောင်းလဲ နိုင်ဘူး။ ရပ်တည်ချက်တွေက ရလဒ်တွေကို ပြောင်းလဲ သွားစေနိုင်တယ်။

ဝုန်း။ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးက နတ်သစ်ပင်ထိပ်ဖျားမှာ ဖြစ်ပေါ် လာခဲ့တယ်။ ခရမ်းရောင် အလင်းတန်း သုံးခု ထွက်ပေါ်လာတယ်။ တစ်ခုချင်းစီတိုင်းက နေရောင်ခြည်လို လင်းလက်နေတယ်။ အကြီးအကဲ ဆယ်ယောက်ကတော့ မျက်လုံး အပြူးသား ဖြစ်နေခဲ့ပြီ။

ဖန်ကျန်းရှီ အင်အားကြီးမှန်း သူတို့ အားလုံး သိထားတယ်။ ဒါပေမယ့် ဒီ၁၈နှစ်သားက ဒီလောက် အင်အားကြီးနေတာကို သူတို့ လက်မခံနိုင်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖန်ကျန်းရှီက သူတို့ အားလုံးကို ကောင်းကောင်း ဖိနှိပ်ထားခဲ့တယ်။

ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တွေက သူတို့တွေကို ခေါင်းမမော့ နိုင်အောင် လုပ်ထားတယ်။ အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ အတူ သူတို့တွေ ကြားမှာ အက်ကွဲကြောင်း သုံးခု ကွဲထွက် သွားခဲ့တယ်။

ဂျွတ်။ ခရမ်းရောင် အလင်းတန်းကြောင့် အကြီးအကဲ တစ် ယောက်ရဲ့ လက်က ကျိုးသွားတယ်။ သွေးတွေက နတ်သစ်ပင် ပန်းပွင့်တွေပေါ်ကို ကျကုန်တယ်။

သူ့ဘေးမှာတော့ နောက်ထပ် အလင်းတန်း နှစ်ခုက အကြီးအကဲ နှစ်ယောက်ကို သွားရိုက်ခတ်တယ်။ အရိုးတွေကို မြင်ရတဲ့ အထိ နက်ရှိုင်းတဲ့ ဒဏ်ရာ နှစ်ခုကို အကြီးအကဲတွေရဲ့ ရင်ဘတ်ပေါ်မှာ မြင်လိုက်ရတယ်။

အကြီးအကဲ တစ်ယောက်ကတော့ မြေပြင်ပေါ်ကို ပုံလျက်သား လဲကျ သွားခဲ့တယ်။ သူ့ရဲ့ နဖူးမှာ ရှိတဲ့ ရွှေရောင် နတ်ဆိုး မျက်လုံးက ကွဲထွက် သွားပြီးတော့ ကြည်လင်တဲ့ ကြယ်မှုန်လို အရာတွေ ထွက်ပေါ် လာခဲ့တယ်။ တစ်ချက်တည်းနဲ့ နှစ်ယောက် ဒဏ်ရာ ရပြီး တစ်ယောက်သေတယ်။

ဧကရီ ပိုင်ကျစ်တောင် တစ်ချက်တည်းနဲ့ ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကို မလုပ်ဆောင်နိုင်ဘူး။ ဖန်ကျန်းရှီရဲ့ ခန္ဒာကိုယ်မှာ သွေးစက်တွေ စွန်းထင်းနေခဲ့ပြီ။ ဖန်ကျန်းရှီက အကြီးအကဲတွေကို တိုက်ခိုက် နေတဲ့ အချိန်၊ အကြီးအကဲ တစ်ယောက်ကလဲ သူ့နောက်ကျောကို လက်ဝါးနဲ့ ရိုက်ချတယ်။

နောက်အကြီးအကဲ တစ်ယောက်ကတော့ လခြမ်းကွေးလို လက်နက်ကို သုံးပြီး ဖန်ကျန်းရှီရဲ့ ညာခြေထောက်ကို ခုတ်ချတယ်။ အကြီးအကဲတွေကို ပိုပြီး အံ့သြ စေတာကတော့ ဖန်ကျန်းရှီက သူ့ဒဏ်ရာတွေကို ဂရုစိုက်ပုံ မပေါ်တာပဲ။ တကယ်တော့ နောက်ကျော ရိုက်ချက်ကြောင့် အကြီးအကဲတွေရဲ့ အကာအကွယ်ကလဲ ပျက်စီး သွားခဲ့ပြီ။

အရာအားလုံး ဖြစ်သွားတာ မြန်ဆန်လွန်းတယ်။ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ခဲ့ဘူး။ အကြီးအကဲ တစ်ယောက် သေသွားတာကိုပဲ မြင်ရတယ်။

“အင် အင်အားကြီးလိုက်တာ။”

ကျန်ရစ်နေတဲ့ လူနဲ့ မိစ္ဆာတိုင်း မျက်လုံး အပြူးသားနဲ့ တွေးမိကြတယ်။ နတ်ဆိုး အကြီးအကဲ ဆယ်ယောက်နဲ့ တိုက်ခိုက်တယ်။ ဒါကို သူ့ဓားချက် တစ်ချက်တည်းနဲ့ ဖြိုခွင်း ထိုးဖောက်နိုင်ခဲ့တယ်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။

ကိစ္စတွေကတော့ အဆုံးမသတ် သေးဘူး။ ဖန်ကျန်းရှှီက ထိုးဖောက် ပြီးတာနဲ့ ခြေရာမဲ့ဓားကို သုံးပြီး ဆက်တိုက် တိုက်ခိုက်တယ်။

ဟွမ်။ ဓားရဲ့ အော်သံကို ကြားလိုက်ရတယ်။ ကြီးမားတဲ့ ခရမ်းရောင် နဂါးကြီး လေထုထဲမှာ ပေါ်လာတယ်။ ဒီတိုက်ကွက်က သတ်ဖြတ်လိုစိတ်တွေ လွှမ်းခြုံ နေပြီး အရမ်းကို မြန်ဆန်တယ်။ အစကနေ အဆုံးအထိ မျက်တောင် တစ်ခတ်စာတောင် မကြာလိုက်ဘူး။

ပြစ်မှတ်ကတော့ ယွင်ချင်းဝူ။ အကြီးအကဲတွေရဲ့ ကြားက နေရာလွတ်ကို ရှာပြီး ယွင်ချင်းဝူရဲ့ နှလုံးကို ဓားနဲ့ ထိုးချတယ်။

“ကြည့်ရတာ နင်က ငါ့ကို တကယ်သေစေချင်နေတဲ့ ပုံစံပဲ။” ယွင်ချင်းဝူ စတင်ပြီး တုန်ယင် လာခဲ့တယ်။ သူမ နောက်မဆုတ်သလို ကိုယ့်ကိုယ်ကိုလဲ မကာကွယ်ခဲ့ဘူး။ ခရမ်းရောင် အလင်းတန်းကိုသာ စိုက်ကြည့်နေခဲ့တယ်။ စိတ်ထဲမှာ ရုန်းကန်ရင်း တိုက်ပွဲ ဖြစ်နေသလိုပဲ။ သူမ စိတ်သက်သာရာ ရချင်ပေမယ့်၊ ခန္ဒာကိုယ်ကတော့ မလှုပ်ရှား နိုင်ခဲ့ဘူး။

ဓားချက် ကျရောက်လာချိန်မှာ ခန္ဒာကိုယ် တစ်ခုက သွေးတွေ ဖြာထွက်လာတယ်။ ဒါပေမယ့် ယွင်ချင်းဝူကတော့ ဒဏ်ရာ မရခဲ့ဘူး။ နတ်ဆိုး အကြီးအကဲ တစ်ယောက်က သူ့ကိုယ်သူ စတေးပြီး ကာကွယ်ပေး သွားခဲ့တယ်။ သူ့ရဲ့ မျက်နှာ နည်းနည်းတော့ မှောင်မည်း နေပင်မယ့် ပျော်ရွှင်မှုနဲ့ စိတ်သက်သာရာ ရမှုတွေ ပြည့်နှက်နေခဲ့တယ်။

“ဖန်ကျန်းရှီ၊ မင်းက အင်အားကြီးတယ်။ ဒါပေမယ့် အရှင်သခင်ငယ်ကို သတ်နိုင်မှာ မဟုတ်ဘူး။” အကြီးအကဲရဲ့ ပါးစပ်ကနေ သွေးတွေ ဆက်တိုက် စီးကျလာတယ်။ သူက ဖန်ကျန်းရှီလို မမြန်ဆန်ဘူး။ တိုက်ကွက်ကို ခုခံ နိုင်အောင်လဲ အင်အား မကြီးဘူး။ သူ့ရဲ့ လက်နှစ်ဖက်ကို သုံးပြီးတော့ ဓားကို ကိုင်ရင်း တားဆီး ထားခဲ့တယ်။ ဓားက သူ့ခန္ဒာကိုယ်ထဲကို ဆက်တိုက် နစ်ဝင်လာတယ်။

ဖန်ကျန်းရှီ လှုပ်ရှားနေတာ ရပ်တန်လိုက်တယ်။ သူ့ဓားကို အကြီးအကဲက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။ သံမဏိ တူကြီး တစ်လက်နဲ့ ဓားကို ညှပ်ထားခံ ရသလိုပဲ။ ပြင်းပြတဲ့ စိတ်ဓာတ် အင်အားက စွမ်းအားကြီးတယ်။ အကြီးအကဲရဲ့ မျက်ဝန်းထဲမှာ ပျော်ရွှင်မှုတွေကို သူမြင်နေရတယ်။ အရေးကြီး လူတစ်ယောက်ကို ကာကွယ် ပေးနိုင်လို့ ပျော်နေတဲ့ အပျော်။ နောက်ပြီးတော့ သူ့နားထဲမှာ ထက်ရှတဲ့ အသံတွေကို ကြားနေရတယ်။ လေထုက နီးကပ်လွန်းလို့ သူ့နားတွေတောင် နာလာပြီ။

“အား။” ဖန်ကျန်းရှီ အောလိုက်ရင်း သူ့ရှေ့က အကြီးအကဲကို ကန်ထုတ်လိုက်တယ်။ လက်နှစ်ဖက်ကို ဖြတ်ချလိုက်တဲ့ အတွက် ခြေရာမဲ့ဓားမှာ သွေးတွေ စွန်းသွားပြန်တယ်။

ဝုန်း။

ဖန်ကျန်းရှီ ရှိနေခဲ့တဲ့ နေရာမှာ အလင်းတန်း လေးခု ငါးခု စုစည်း ကျရောက်လာတယ်။ အလင်းတန်းတွေ အချင်းချင်း တိုက်မိပြီး လေလှိုင်း ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာတယ်။ ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှု ရပ်တန့် သွားချိန်မှာ နတ်ဆိုး အကြီးအကဲတွေက ဆက်တိုက် တိုက်ခိုက်ကြတယ်။

ဖန်ကျန်းရှီက အားလုံးကို ရှောင်ရှား နိုင်ခဲ့တယ်။ အကြီးအကဲရဲ့ ရင်ဘတ်ကို ကန်လိုက်ချိန်မှာ နှစ်လှမ်း တိတိ နောက်ဆုတ် နိုင်ခဲ့လို့ပဲ။ ဓားကို ခုခံထားတဲ့ အကြီးအကဲရဲ့ ခန္ဒာကိုယ် ပြုတ်ကျသွားတော့တယ်။ ဒါပေမယ့် ကျန်တဲ့ အကြီးအကဲတွေက ယွင်ချင်းဝူကို တင်းတင်း ကြပ်ကြပ် ကာကွယ်ထားဆဲ။

နတ်ဆိုး မျိုးနွယ် အကြီးအကဲတွေက ဧကရာဇ်ထက် တဆင့်ပဲ နိမ့်တယ်။ သူတို့တွေ အားလုံးက ယွင်ချင်းဝူထက် အတွေ့အကြုံ ရင့်ကျက်တဲ့ သူတွေ။ ယွင်ချင်းဝူတောင် သူတို့ကို တလေးတစား ဦးညွှတ်ရတယ်။

ဒါပေမယ့် ဘယ်သူကမှ နောက်မဆုတ်ကြဘူး။ အကြီးအကဲ နှစ်ယောက် သေဆုံး သွားတာတောင် သူတို့တွေ ကြောက်လန့်ရိပ် နည်းနည်းတောင် မပြခဲ့။

သူတို့တွေ ယွင်ချင်းဝူကို ကာကွယ် ကြတယ်။ နတ်ဆိုး မျိုးနွယ်ရဲ့ အနာဂတ် မျှော်လင့်ချက်။ နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ် နှစ်ခုရဲ့ အနာဂတ် မျှော်လင့်ချက်နဲ့ ယှဉ်လိုက်ရင်၊ ဂုဏ်ထူးတွေ အဆင့်အတန်းတွေက အရေးမကြီးတော့ဘူး။ သူတို့တွေ သေလို့ ရတယ်။ ယွင်ချင်းဝူကတော့ မရဘူး။

“ဖန်ကျန်းရှီ အရှင်သခင်ငယ်ကို မင်းသတ်လို့ မရနိုင်ဘူး။ ငါတို့ အားလုံးကို မင်းသတ်လိုက်ရင်တောင် အရှင်သခင်ငယ်ကို မင်းသတ်လို့ ရနိုင်ဘူး။” နတ်ဆိုး မျိုးနွယ် အကြီးအကဲတွေ အားလုံး တညီတညွတ်တည်း ပြောကြတယ်။

သူတို့ရဲ့ ဆုံးဖြတ်ချက်က ပြတ်သားတယ်။

ဝေါင်း။

ဝေါင်း။

“ဖန်ကျန်းရှီ ဧကရီငယ်ကို မင်းသတ်လို့ မရနိုင်ဘူး။”

မိစ္ဆာ ဘုရင်တွေလဲ စတင်ပြီး ဟိန်းဟောက် ကြတော့တယ်။ အဲ့ဒီ့နောက် ဒါဇင်ချီတဲ့ မိစ္ဆာ ဘုရင်တွေ စတင်လှုပ်ရှားပြီ။ ရေလှိုင်းလို ပုံစံတွေနဲ့ ဖန်ကျန်းရှီ ဆီကို ရောက်လာကြတယ်။ မိစ္ဆာ ဘုရင် တစ်ယောက်ချင်းစီတိုင်းက အရမ်းကို အရှိန်နှုန်း မြန်ဆန်တယ်။ သူတို့တွေ စိတ်ဆုံးဖြတ်လိုက်ပြီ။

ဒီလို ရုတ်တရက် အပြောင်းအလဲကို လူသားတွေ လိုက်မမှီခဲ့ဘူး။ မိစ္ဆာ ဧကရီ ပိုင်ကျစ် ပိတ်မိ နေချိန်မှာတောင် မိစ္ဆာ ဘုရင်တွေ ဒီလို မလှုပ်ရှား ခဲ့ကြဘူး။ ယွင်ချင်းဝူ အန္တရာယ် ကြုံချိန်မှာတော့ သူတို့တွေ အားလုံး ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ အသင့် ဖြစ်နေခဲ့ပြီ။

“ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ။”

“မိစ္ဆာတွေ အတွက် ယွင်ချင်းဝူက ဧကရီ ပိုင်ကျစ်ထက် ပိုပြီး အရေးကြီးတာလား။”

လူသားတွေ အဖြေမရှာနိုင်။ သူတို့တွေ ခပ်မြန်မြန်ပဲ နားလည် သွားကြတယ်။ ဒါက ယွင်ချင်းဝူရဲ့ လက်ရှိ အခြေအနေနဲ့ သက်ဆိုင်နေတယ်။ မိစ္ဆာတွေက အင်အားကြီးပေမယ့်၊ မဟာ နွံအိုင်ထဲမှာ လူသားတွေ ပိတ်ဆို့တာကို ခံခဲ့ရတယ်။ ဒါက ဘယ်လို ဘဝမျိုးလဲ။ မိစ္ဆာ မျိုးနွယ်ရဲ့ အနာဂတ်က မတည်ရှိနိုင်တော့ဘူး။

ယွင်ချင်းဝူက ဒါကို ပြောင်းလဲ ပြစ်ခဲ့တယ်။ ပြောင်းလဲ ပြစ်နိုင်တယ်။ မဟာနွံအိုင်ထဲကနေ မိစ္ဆာ မျိုးနွယ်ကို ခေါ်ထုတ် လာပြီးနောက် မျိုးနွယ်စု နှစ်ခုကြားမှာ မဟာမိတ် တည်ဆောက်ခဲ့တယ်။ သူတို့တွေ ထပ်ခါ ထပ်ခါ အောင်မြင်ခဲ့တယ်။ မိစ္ဆာ မျိုးနွယ်လဲ မျှော်လင့်ချက် ရောင်ခြည်ကို ပြန်တွေ့ခဲ့ပြီ။

သူတို့တွေရဲ့ မျှော်လင့်ချက်ကို ဘယ်လိုများ ပျောက်ကွယ် ခံနိုင်မှာလဲ။

“ဖန်ကျန်းရှီ နားလည်ပြီလား။ ငါက နင့်ရဲ့ ဓားအောက်မှာ မသေချင်တာ မဟုတ်ဘူး။ နင့်ဓားက ငါ့ကို မသတ်နိုင်တော့တာ။” ယွင်ချင်းဝူရဲ့ တည်ငြိမ် အေးချမ်းတဲ့ အသံ ထွက်ပေါ် လာခဲ့တယ်။

“ကောင်စုတ်လေး။ တိုက်ခိုက်တော့။”

“ယွင်ချင်းဝူကိုသတ်။ ငါတို့ ကူညီမယ်။”

မော့ရှန်းရှီနဲ့ ယန်ယင် အရင်ဆုံး အော်တယ်။ သူတို့ အသံတွေနဲ့ အတူ ခရမ်းရောင် အလင်းတန်းက အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုုန်းနဲ့ ရောက်လာခဲ့တယ်။ ဒါကတော့ ချင်းယွိ။ ချင်းယွိကတော့ စကား တစ်ခွန်းတောင် မပြောဘူး။

သူမရဲ့ ငွေရောင်ဓားက အကြီးအကဲ တစ်ယောက်ရဲ့ နှလုံးသားထဲကို စိုက်ဝင် သွားခဲ့ပြီ။ ငွေရောင် ဝတ်ရုံကတော့ လေထဲမှာ ဝဲလွင့်နေခဲ့တယ်။ ဖန်ကျန်းရှီက ခြေရာမဲ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ သူ့မျက်စိရှေ့က အကြီးအကဲတွေ၊ အောက်ဘက်က မိစ္ဆာ ဘုရင်တွေနဲ့ အတူ သူ့ဆီကို ပြေးလာနေတဲ့ ဧကရီ ပိုင်ကျစ်ကို ကြည့်နေခဲ့တယ်။

အရာအားလုံးက သူ့ကို ပြောနေခဲ့တယ်။ ယွင်ချင်းဝူကို သတ်ဖို့ ခက်ခဲတယ်။

ဒီတော့ ဘာဖြစ်လဲ။ သတ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့်၊ ကြိုးစား ကြည့်ရမယ်။ သတိလစ်နေတဲ့ ရန်ရွှယ် အတွက်၊ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ ချီကူယန် အတွက်၊ အခုချိန်ထိ သတိမလည်သေးတဲ့ ပင်းယန် အတွက်၊ ဒါမှမဟုတ် အားကုန် တိုက်ခိုက်ပေးနေတဲ့ ဝူယွဲ့အာ အတွက်။

သူ့ဘေးမှာ နောက်ထပ် လူတွေ ရှိနေသေးတယ်။ ဧကရာဇ် လင်းမုပိုင်၊ မင်းသား လင်းယွမ်။ သေခါနီး နန်ကုန်းမု။ ကြီးမြတ်သောရှက ရှင်းယွမ်ကောင်း။ နောက်ပြီးတော့ စစ်နတ် ကျောင်းတော်က ရှင်ချင်းစွေ့။ ဒါ့အပြင် သူကြီးပြင်းခဲ့တဲ့ မြောက်ရွာ။

ဒီဘဝမှာ မိဘ နှစ်ပါး စလုံး ရှိနေသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သေချာပေါက် ကြိုးစားရမယ်။

အပိုင်း (၈၈၅) ပြီး၏။

အပိုင်း (၈၈၆)

“နဂါးငွေ့တန်းထဲက ကျောက်တုံးနက်ကြီး။”

ဝုန်း။ နောက်ထပ် အသံကျယ်ကြီးကို ကြားလိုက်ရတယ်။ ဒါက ယန်ယင်နဲ့ နတ်ဆိုး အကြီးအကဲ တစ်ယောက်ရဲ့ တိုက်ပွဲ။ မိစ္ဆာ နတ်ဆိုး မျိုးနွယ် နှစ်ခုရဲ့ အင်အားအကြီးဆုံး သူတွေ ပူးပေါင်းတယ်။ ယန်ယင်နဲ့ ချင်းယွိက လူသား မျိုးနွယ်ရဲ့ ထိပ်သီးတွေပဲ။ တခြားတစ်ဖက်မှာတော့ နတ်ဆိုး မျိုးနွယ် အကြီးအကဲတွေ။

အင်အား အကြီးဆုံး နတ်ဆိုးတွေကို ဧကရီ ပိုင်ကျစ်က သတ်ဖြတ် ပြစ်ခဲ့တယ်။ သူတို့တွေ စုစုပေါင်း အယောက် ၂၀တောင် မကျန်ခဲ့ဘူး။ ဒါပေမယ့် သူတို့တွေ လက်မလျှော့ခဲ့။ အသက်ဆုံး ရရင်တောင် နောက်ဆုတ်မှာ မဟုတ်ဘူး။ သူတို့ ပြိုင်ဘက်က ဘယ်လောက်ပဲ အင်အား ကြီးပါစေ အရှုံး မပေးဘူး။

ဒါက အသက်နဲ့ ရင်းထားတဲ့ တိုက်ပွဲ။ တိုက်ပွဲ ဝင်နေသူတိုင်းရဲ့ စိတ်ဓာတ် အင်အားက အရမ်းကို မြင့်မားတယ်။

“ငါတို့ အရှင်သခင်ကို ထိခိုက်ဖို့ မစဉ်းစားနဲ့။” တညီတညာတည်း သူတို့တွေ ကာကွယ် နေကြတယ်။ ချင်းယွိနဲ့ ယန်ယင်ကို ရူးမိုက်တဲ့ ပုံစံတွေနဲ့ တွန်းထုတ် နေခဲ့တယ်။

“မျှော်စင်ခေါင်းဆောင် ချင်းကို တွန်းထုတ်နေတာလား။”

ဒီမြင်ကွင်းက ထူးဆန်းလွန်းတယ်။ တကယ်တော့ နတ်ဆိုး အကြီးအကဲတွေရဲ့ စွမ်းအားကလဲ မမျှော်လင့် ထားရလောက်အောင် မြင့်မား နေခဲ့တယ်။ အမှန်တကယ်တော့ ချင်းယွိနဲ့ ယန်ယင်း နှစ်ယောက်စလုံး ငါးလှမ်းကျော်ကျော် နောက်ကို လွင့်သွားခဲ့ကြတယ်။

“ထူးဆန်းအံ့ဖွယ် မှတ်တမ်းများ” စာအုပ်ထဲမှာ တောင်ပိုင်းဒေသ အေးခဲမျောက်မင်း နယ်မြေ တောင်ကြားထဲမှာ ပြိုင်ဘက်ကင်း သတ္တဝါတွေ ရှိခဲ့တဲ့ အကြောင်းကို မှတ်တမ်း တင်ထားတယ်။ ဒီထူးဆန်းတဲ့ သတ္တဝါတွေ အပြင်၊ အဖြစ်အပျက်တွေကိုလဲ မှတ်တမ်း တင်ထား ခဲ့တယ်။

ဥပမာ တောင်ပေါ်က ပြုတ်ကျပြီး ကျောက်တုံးအောက်မှာ ပိတ်မိနေတဲ့ ကလေးကို သာမာန် အမျိုးသမီး တစ်ယောက်က ကျောက်တုံးကြီးကို မပြီး ကယ်တင် ခဲ့တာမျိုး။ ဒီလို အဖြစ်မျိုးက တွေ့ရခဲပေမယ့် တည်ရှိနေတယ်။ မိခင် မေတ္တာက လူတစ်ယောက်ကို အလားအလာ ကောင်းအောင် မြှင့်တင်ပေးနိုင်တဲ့ အရာ အဖြစ် တစ်ချို့သူတွေ မှတ်တမ်းတင် ကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဓိက ကျတဲ့ အချက်ကတော့ မပြောင်းမလဲ ခိုင်မြဲတဲ့ စိတ်စွမ်းအားပဲ။

နတ်ဆိုး အကြီးအကဲတွေ အားလုံးက ဒီလို စိတ်မျိုး ပိုင်ဆိုင်နေကြပြီ။ သူတို့တွေ ဘာကိုမှ မကြောက်ကြဘူး။ ယွင်ချင်းဝူ အနားကို ဘယ်သူမှ မကပ်နိုင်အောင် ကာကွယ်ကြရမယ်လို့ သူတို့ ခံယူလိုက်ပြီ။ သူမရဲ့ ဆံခြည်မျှင်ကိုတောင် ထိခွင့်ပေးမှာ မဟုတ်ဘူး။ ဒီစိတ်ဓာတ် ခိုင်မာမှုက သူတို့ရဲ့ စွမ်းဆောင်နိုင်စွမ်း ထက်တောင် ကျော်လွန် နေသေးတယ်။

“ယွင်ချင်းဝူ။” ဖန်ကျန်းရှီကတော့ ဒါကို အံ့သြ မနေခဲ့ဘူး။ အစတည်းက ဒီလို ဖြစ်လာမယ်လို့ ထင်ထား ခဲ့ပြီးသား။ တိုက်ပွဲ တစ်ခုမှာ အရေးအကြီးဆုံးက စိတ်ဓာတ်ပဲ။ ဖန်ကျန်းရှီလဲ ဆုတ်ခွာမှာ မဟုတ်ဘူး။ သူ့ရဲ့ စိတ်စွမ်းအားကလဲ ခိုင်မာတယ်။ သူ့မှာလဲ ကာကွယ်ချင်တဲ့ သူတွေ ရှိနေတယ်။ ဒါကြောင့် နောက်မဆုတ်ဘူး။

“သေစမ်း။” လျှပ်စီး လက်သလို အရှိန်နှုန်းနဲ့ အကြီးအကဲတွေကို တိုက်ခိုက်တယ်။ နီးကပ်လွန်းနေတဲ့ အတွက် တခြား တစ်ဖက်ရဲ့ အသက်ရှုသံတွေကိုတောင် သူကြားနေရတယ်။

ဟွမ်။ ဓားက နောက်တစ်ခေါက် အော်မြည်ပြန်တယ်။ ဒီတစ်ခေါက်မှာ ဓားကို ဖန်ကျန်းရှှီ မြှောက်လိုက်တယ်။ ကြီးမြတ်သော ရှမင်းဆက်မှာ (တောင်ခွဲ ဓားချက်)လို့ ခေါ်တဲ့ သာမန် ဓားကွက် ရှိတယ်။

အခုချိန်မှာ ဒီဓားကွက်ကို ဖန်ကျန်းရှီ သုံးနေခဲ့တယ်။ ဓားကို လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ခုတ်ချလိုက်တယ်။ အလင်းတန်းတွေ လှိုင်းတွေ ဘာဆိုဘာမှ ထွက်ပေါ် မလာခဲ့ဘူး။ အရာအားလုံးကို ခုတ်ဖြတ် ပြစ်နိုင်မယ့် စိတ်စွမ်းအားပဲ ပါဝင်တယ်။

“အရှင် သခင်ငယ်ကို မင်းမသတ်နိုင် စေရဘူး။”

နတ်ဆိုး အကြီးအကဲတွေရဲ့ အသံက ဆက်တိုက် ထွက်ပေါ်နေတယ်။ ငွေရောင် ဆံပင်ဖြူတွေ အိုမင်းနေတဲ့ မျက်နှာတွေက အရမ်းကို တည်ကြည်လေးနက်နေတယ်။ ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓား အလယ်က အကြီးအကဲ ဆီကို ကျရောက်တယ်။

နတ်ဆိုး မျိုးနွယ် အကြီးအကဲတွေက သူတို့ရဲ့ လက်နက်တွေနဲ့ ခုခံ ကြတယ်။ ဖန်ကျန်းရှီလို မမြန်ဆန်သလို အင်အားလဲ မကြီးကြပေမယ့် ဓားကို အရှိန်နှေးအောင်အောင် လုပ်နိုင်ကြတယ်။

“မဖြစ်ဘူး။”

“ဧကရီငယ်။”

“အရှင်သခင်ငယ်ကို မထိခိုက် စေရဘူး။”

“ယွင်ချင်းဝူကို သတ်ကြ။”

အသံတွေက နှစ်ဖွဲ့ ကွဲနေပင်မယ့် တညီတညာတည်း ထွက်ပေါ် လာကြတယ်။ လူတိုင်းက ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓားကို အာရုံ စိုက်နေကြတယ်။ ခြေရာမဲ့ဓားက အကြီးအကဲရဲ့ လက်ကို ခုတ်ဖြတ်လိုက်ပြန်တယ်။ ဒီအချိန်မှာပဲ ငွေချိတ်ကောက် တစ်ခုက ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓားကို ခုခံထားခဲ့တယ်။ နားကန်းမတတ် ပွတ်တိုက်သံကြီး ထွက်ပေါ် လာပြန်တယ်။

အချိန်တို အတွင်းမှာပဲ အဆုံးသတ် သွားတယ်။ ငွေရောင် အလင်းတန်း ပြိုကွဲပြီး ချိတ်ကောက်လဲ နှစ်ပိုင်း ပြတ်သွားတယ်။ အကြီးအကဲရဲ့ ပုခုံးလဲ ပြတ်ထွက် သွားခဲ့ပြီ။ ခြေရာမဲ့ဓားကနေ စိတ်လှုပ်ရှားနေတဲ့ အသံတွေ ထွက်ပေါ် လာနေတယ်။ ဓားထိပ်က ယွင်ချင်းဝူ အနားကို နီးကပ်လာတယ်။ ယွင်ချင်းဝူနဲ့ တစ်လက်မပဲ ကွာဝေးတော့တယ်။

ယွင်ချင်းဝူရဲ့ မျက်လုံးတွေ မယုံနိုင်ပဲ ပြူးကျယ်နေခဲ့တယ်။

ဒင်။ အသံ ခပ်တိုးတိုး ကြားလိုက် ရပြီးနောက် နတ်ဆိုး မျိုးနွယ်ရဲ့ ဓားရှည် တစ်လက်နဲ့ ခြေရာမဲ့ဓား ထိတွေ့ ပြန်တယ်။ ဓားရှည်အပြင် အစိမ်းရင့်ရောင် ဓားကောက် တစ်ခုလဲ ခြေရာမဲ့ဓားရဲ့ အရှေ့ဘက်မှာ ပေါ်လာခဲ့တယ်။

ညင်သာတဲ့ (ဒင်) အသံရဲ့ နောက်မှာ အက်ကွဲသံကြီး ပေါ်လာခဲ့တယ်။ ဒီအသံကို လူတိုင်းကြားလိုက်ရတယ်။ ဓားရှည်လဲ ချက်ခြင်း ကျိုးသွားပြန်တယ်။ အစိမ်းရောင် ဓားကောက်လဲ ပြတ်ထွက် သွားခဲ့တယ်။

ခြေရာမဲ့ဓားက ယွင်ချင်းဝူရဲ့ ရင်ဘတ်ကို ထိတွေ့တော့မယ့် အချိန်မှာပဲ ပန်းပွင့်ဖတ် တစ်ဖက်က ဓားပေါ်ကို ကျရောက်လာတယ်။ ခြေရာမဲ့ဓား အရှေ့မှာ ဓားတစ်လက် ပေါ်ထွက်လာတယ်။ ဓားရှည်က နှင်းလို ကြည်လင် ဖြူဖွေး နေခဲ့တယ်။

ဓားကိုင်ထားတဲ့ ကျောင်းတော်သားရဲ့ လက်ကတော့ သွေးတွေ စွန်းထင်းနေတယ်။ နန်ကုန်းဟောင်ရဲ့ တည်ငြိမ်ဓား။ နန်ကုန်းဟောင်ရဲ့ တိုက်ခိုက်မှုတွေက အမြဲတမ်း အရမ်း မြန်ဆန်တယ်။ ဘာမှ မလုပ်ပဲ နေတာက တစ်ခုခု လုပ်နေတာပဲ။ တိုက်ခိုက်မှု အစကနေ အဆုံး အထိ နန်ကုန်းဟောင်ရဲ့ တိုက်ခိုက်မှုတွေက အရမ်းကို မြန်ဆန်တယ်။

“စိတ်မကောင်းစွာနဲ့ နည်းနည်းလေး လွဲသွားတယ်။” ယွင်ချင်းဝူ ဓားနှစ်လက်ကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။

“နည်းနည်းလွဲတယ်။ တကယ်လား။” နန်ကုန်းဟောင် တိုက်ခိုက်တာကို ဖန်ကျန်းရှီ မအံ့သြခဲ့ဘူး။ နန်ကုန်းဟောင်ကို ယွင်ချင်းဝူ ထိန်းချုပ်ထားဆဲ။ နန်ကုန်းဟောင်ရဲ့ ဓားက တကယ်ပဲ သူ့ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တာလား။ ဒါကို ယွင်ချင်းဝူ ဘယ်လို သေချာတာလဲ။

“ဖန်ကျန်းရှီ ဘေးဖယ်။”

“ကောင်စုတ်လေး မြန်မြန်ပြေး။”

ဖန်ကျန်းရှီ စိတ်လွင့် သွားချိန်မှာ အမော တကော အသံ နှစ်ခုကို ကြားလိုက်ရတယ်။ တစ်ခုကတော့ ချင်းယွိ အသံ။ နောက်တစ်ယောက်ကတော့ ယန်ယင်း။ သူတို့ နှစ်ယောက်စလုံးက သူနဲ့ မဝေးဘူး။ သူ့နားထဲမှာ ပဲ့တင့် ထပ်နေတဲ့ အသံတွေကို သူကြားနေရတယ်။

ဒါပေမယ့် ဘာဖြစ်လို့ သူပြေးရမှာလဲ။ ဖန်ကျန်းရှီ မတုံ့ပြန် နိုင်ခင် အချိန်မှာပဲ သူ့ရဲ့ ခေါင်းပေါ်ကို တစ်ခုခု ကျလာနေတာ ခံစား လိုက်မိတယ်။ အလစ်ဝင်တိုက်တာလား။

ဧကရီ ပိုင်ကျစ်လား။ မဖြစ်နိုင်ဘူး။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက် အစွမ်းကုန် တိုက်ခိုက်နေရင် ဧကရီ ပိုင်ကျစ်လဲ လွယ်လွယ် ရောက်လာ နိုင်မှာ မဟုတ်ဘူး။ ဧကရီ ပိုင်ကျစ် မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မလဲ။ အခုချိန်မှာ နောက်ထပ် မရှိနိုင်တော့ဘူး။ ဒါပေမယ့် ခေါင်းပေါ်က အင်အားစုကို သူခံစား နေရတယ်။

တစ်စက္ကန့် တွေေ၀ နေပြီးတဲ့နောက် ပြင်းထန်လှတဲ့ အင်အားကြီးကြောင့် သူခေါင်းမော့ ကြည့်လိုက်မိတယ်။ ဒီဖိအားကြီးက ကပ်ဆိုး တစ်ခုလိုပဲ။

“ငလူး ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှီ နောက်ကို တစ်လှမ်း ဆုတ်လိုက်တယ်။ ဒီဖိအားကြီးကြောင့် သူ့ရဲ့ ဦးရေပြားတွေတောင် ထုံနေခဲ့ပြီ။

ဝုန်း။ အသံကျယ်ကြီး ကြားလိုက်ရတယ်။ ဖန်ကျန်းရှီလဲ ကောင်းကင်က ကျလာတဲ့ ကျောက်တုံးတွေကြောင့် နတ်ဆိုးမျိုးနွယ် အကြီးအကဲတွေ နေရာအနှံ့ ပျံ့ကျဲ ကုန်တာကို မြင်လိုက်ရတယ်။ ကာကွယ်လိုစိတ် ပြင်းပြတဲ့ စိတ်စွမ်းအားက ပျက်စီးသွားပြီ။ ဖန်ကျန်းရှီတောင် ဒီရုတ်တရက် အဖြစ်ကြောင့် လန့်သွားခဲ့တယ်။

ဒါပေမယ့် ကျလာတဲ့ မည်းမည်း အရာတွေက အရွယ်အစား မကြီးမား ပေမယ့်၊ ယွင်ချင်းဝူကို ကာကွယ်နေတဲ့ အကြီးအကဲတွေကို လွင့်ထွက် သွားစေခဲ့တာကြောင့် သူအံ့သြ နေမိတယ်။

“ကျောက်တုံးတွေလား။” ဖန်ကျန်းရှီ ကြည့်လိုက်တော့၊ လူတစ်ရပ်ကျော်ကျော် မြင့်မားတဲ့ ကျောက်တုံး တစ်တုံးကို မြင်လိုက်ရတယ်။

မည်းမှောင်နေ ပြီးတော့ ဘာအမှတ်အသားမှ မပါဘူး။ အရမ်းကို ရှေးကျတဲ့ ပုံစံပဲ။ သူ့ရဲ့ အရှိန်အဝါနဲ့ ပြင်းထန်တဲ့ စွမ်းအားတွေက နှလုံးသား တစ်ခုလုံးကိုတောင် တုန်ယင် နာကျင်လာစေတယ်။

ဂျိန်း။ ဒီအချိန်မှာပဲ ကျောက်တုံးကနေ အသံထွက်ပေါ်လာတယ်။ ကျောက်တုံးရဲ့ အလယ်တည့်တည့်ကနေ အက်ကွဲတော့တယ်။

“ကျောက်တုံးကြီးက ကွဲသွားတာလား။” နဂါးငွေ့တန်းကြီး အကြောင်းက ဖန်ကျန်းရှီရဲ့ စိတ်ထဲကို ရောက်လာခဲ့တယ်။

အဲ့ဒီ့ နဂါးငွေ့တန်းထဲမှာ သံကြိုးတွေနဲ့ ချိတ်ထားတဲ့ ကျောက်တုံးကြီးတွေ ရှိတယ်။ ကြောက်စရာ အရှိန်အဝါတွေကို ကျောက်တုံးတွေက ထုတ်လွှတ်နေတယ်။ ဒီကျောက်တုံးက အဲ့ဒီ့ ကျောက်တုံးပဲ။ ကျောက်တုံးရဲ့ အလယ်မှာ သံကြိုးကြောင့် ဖြစ်တဲ့ အရာတွေကို မြင်နေရတယ်။

“နဂါးငွေ့တန်းထဲက ကျောက်တုံးကြီး ငါ့ရှေ့ကို ရောက်လာတာလား။” ဖန်ကျန်းရှီ အထိတ်တလန့်နဲ့ တွေးမိတယ်။

“နည်းနည်းလေး လွဲသွားတာ နင်စွမ်းဆောင်နိုင်လို့ မဟုတ်ဘူး။ ကံကောင်းသွားလို့။ အချိန်ကိုက် ဖြစ်နေလို့။” ယွင်ချင်းဝူရဲ့ အသံက ကျောက်တုံးကြီး နားကနေ ထွက်ပေါ်လာတယ်။

“ကံတရား။ အချိန် ဟုတ်လား။” ယွင်ချင်းဝူ ပြောချင်တာကို နားလည်ပေမယ့် စိတ်ထဲမှာ ထူးဆန်းနေခဲ့တယ်။

ဒီခေါင်းစဉ်ကို ဆက်ပြီး ဆွေးနွေးဖို့ အချိန် သင့်တော်ရဲ့လား ဆိုတာ သူမသိဘူး။ ဒါပေမယ့် ကျောက်တုံးကြီးရဲ့ အက်ကွဲကြောင်းတွေက ပိုပြီးတော့ ကျယ်ပြန့် လာခဲ့ပြီ။

ပင့်ကူအိမ် တစ်ခုလိုပဲ။ နောက်ပြီးတော့ တစ်ချို့ အပိုင်းအစတွေက အစိတ်စိတ် အမွှာမွှာ ဖြစ်နေခဲ့ပြီ။

ဒီတော့ ကျောက်တုံးကြီးက ပေါက်ကွဲတော့မှာလား။

ဖန်ကျန်းရှီ ချက်ခြင်း တွေးမိတယ်။ အဲ့ဒီ့နောက် နောက်ကို ၂လှမ်း ဆုတ်လိုက်တယ်။ ပေါက်ကွဲရင် သေချာပေါက် ကျောက်တုံးအစတွေ မစင်အောင် လုပ်ရမယ်။ ဒါကတော့ ဖန်ကျန်းရှီရဲ့ အတွေးပဲ။

သုခမိန်နဲ့ တပည့်သားတွေကတော့ အထိတ်တလန့် ဖြစ်နေခဲ့ကြတယ်။ သူတို့ အမြင်အရ ဖန်ကျန်းရှီရဲ့ ယွင်ချင်းဝူ နှစ်ယောက်ကြားမှာ ကျောက်တုံးနက်ကြီး ရှိနေတယ်။

အနက်နဲ့ အစိမ်း တံခါး နှစ်ချပ်ကလဲ လုံး၀ ပွင့်နေခဲ့ပြီ။ အမှောင်ထုထဲမှာ အောက်ဘက်က လောကကြီးကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေ တဖျပ်ဖျပ်လက်နေတာကို သူတို့တွေ မြင်နေရတယ်။

အပိုင်း (၈၈၆) ပြီး၏။

အပိုင်း (၈၈၇)

“လောကကြီးမှာ မလိုက်လျောဝံ့တာ ဘယ်သူ ရှိမလဲ။”

အစိမ်းနဲ့ အနက် တံခါး နှစ်ချပ်က လုံး၀ ပွင့်သွားခဲ့ပြီ။ တံခါးကနေ မြင်နေရတဲ့ နဂါးငွေ့တန်းကြီးက အရမ်းကို နီးကပ်နေပြီး ဝေးကွာနေသလိုပဲ။ ရှေးခေတ် အငွေ့အသက်တွေကို တံခါးတွေကနေ ခံစား နေရတယ်။

“တံခါးက တကယ်ပဲ ပွင့်သွားပြီ။”

“တံခါးက ဘာကျောက်တုံးကြီး ကျလာတာလဲ။”

လူတိုင်း စိတ်ထဲမှာ မသက်မသာ ဖြစ်နေခဲ့တယ်။ မိစ္ဆာ ဘုရင်တွေကတော့ အရမ်းကို စိတ်လှုပ်ရှားနေကြပြီ။

ဝူး။ ဒီအချိန်မှာပဲ ကျောက်တုံးကြီးက ဆက်တိုက် တုန်ခါနေရင်း ကျောက်စိုင်တွေ ပဲ့ကျတော့တယ်။ ကျောက်စိုင်တွေ ပဲ့ကျလာတိုင်း လေတွေလဲ ခပ်ကြမ်းကြမ်း တိုက်ခတ်တယ်။ သူတို့တွေက နတ်သစ်ပင်ကြီး ပေါ်မှာသာ ရပ်မနေခဲ့ရင် ပြုတ်ကျနေ လောက်ပြီ။

ဝုန်း။ အသံကျယ်ကြီးနဲ့ အတူ ကျောက်စိုင် တစ်ခု မြေပြင်ပေါ်ကို ကျလာတယ်။ မြေပြင်မှာ ခပ်နက်နက် အပေါက်ငယ်လေး တစ်ခု ဖြစ်သွားခဲ့တယ်။ နောက်ထပ် ကျောက်တုံး အပိုင်းအစတွေ ဆက်တိုက် ကျဆင်းလာနေတယ်။

ဒါက လူတိုင်းကို ထိတ်လန့်စေတယ်။ လူသားနဲ့ မိစ္ဆာတွေ အားလုံး ကျောက်တုံးကိုသာ အာရုံ စိုက်နေခဲ့တယ်။ ဒီမှင်နက်ရောင် ကျောက်တုံးပေါ်မှာ ရှေးကျတဲ့ ဓားချက်ရာ တစ်ခုကို သူတို့ ထင်ထင်ရှားရှား မြင်နေခဲ့ရတယ်။

“ဦးထုပ်လား။” ကျောက်တုံးတွေ ပဲ့ကျ ပြီးတဲ့နောက်၊ တဖြည်းဖြည်း ရုပ်လုံး ပေါ်လာတဲ့ အရာကို သူတို့တွေ ကြည့်ရင်း တွေးမိကြတယ်။ ဒါက သတ္တုနက် ဦးထုပ်ပဲ။

သတ္တုနက် ဦးထုပ်အောက်ဘက်က ကျောက်တုံးတွေ တဖြည်းဖြည်း အက်ကွဲ လာချိန်မှာတော့ မှင်လို မည်းမှောင်နေတဲ့ မျက်ှနာ တစ်ခု ပေါ်လာတော့တယ်။ ခမ်းနားမှု အပေါင်း ခညောင်းနေတဲ့ မျက်နှာပဲ ဖုန်တွေကြောင့် ရုပ်တုလား လူအစစ်လား ဆိုတာကို သေချာ မမြင်ခဲ့ရဘူး။

ကျောက်တုံးတွေ ဆက်တိုက်ကဆင်း လာချိန်မှာ ပုခုံး သံချပ်ကာကို မြင်လိုက်ရတယ်။ အဲ့ဒီ့နောက် ခါးတွေ ပေါင်တွေ။ ဒါက လူတစ်ယောက်ရဲ့ ရုပ်တုပဲ။ ရှေးဟောင်း သံချပ်ကာနက်ကြီးကို ဝတ်ထားပြီး အတော့်ကို ခမ်းခမ်းနားနား ရှိတဲ့သူ။

ဒီမြင်ကွင်းက မျက်လုံးပြူးစရာ ကောင်းတယ်။ ဖန်ကျန်းရှီကတော့ သူခန့်မှန်း ထားတာ ဖြစ်မလာခဲ့တဲ့ အတွက် ပိုပြီး အံ့သြနေတယ်။ ကျောက်တုံးကြီးက ပေါက်ကွဲ မသွားပေမယ့် ဖြစ်လာတာက ပိုပြီးတော့ ထူးဆန်းတယ်။

“အင်အားကြီးတဲ့ လူလား။ ဒီလူက ယွင်ချင်းဝူ ပြောတဲ့ အင်အား အကြီးဆုံး မိစ္ဆာ၊ နတ်ဆိုးတွေထဲက တစ်ယောက်ပေါ့။” ဖန်ကျန်းရှီ စဉ်းစား နေခဲ့တယ်။

ဆိုရိုးစကား ရှိတယ် ဖျားနေတဲ့ အချိန်မှာ သတ်ရမယ်တဲ့။

သူက သွေးဆာတတ်တဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီရုပ်တုကသာ အင်အားကြီးတဲ့ မိစ္ဆာ နတ်ဆိုးတွေထဲက တစ်ယောက် ဖြစ်နေခဲ့ရင်၊ လွတ်လာတဲ့ အချိန် ဘာဖြစ်မှာလဲ။ ဖန်ကျန်းရှီက အရမ်းကို ဆုံးဖြတ်ချက် ပြတ်သားတဲ့သူ။ နောက်ဆက်တွဲ ကိစ္စတွေကို သူအများကြီး စဉ်းစား မနေချင်ဘူး။

အင်အားကြီးတဲ့ လူတဲ့လား။ မင်းဘယ်လောက် အင်အားကြီးလဲ သိရအောင် ဓားနဲ့ ထိုးရမယ်။ ဖန်ကျန်းရှီ ချက်ခြင်း ဓားနဲ့ ထိုးချလိုက်တယ်။ တခြားသူတွေ လန့်နေချိန်မှာ ရုပ်တုကို သူက ဓားနဲ့ ထိုးပြီးသွားပြီ ခရမ်းရောင် အလင်းတန်းက ရင်ဘတ်ကို ထိုးစိုက် သွားခဲ့တယ်။

“…”

“…”

ချက်ခြင်း အပြောင်းအလဲက လူသားတွေတင် မက မိစ္ဆာ ဘုရင်တွေကိုပါ ကြောင်အ သွားစေခဲ့တယ်။ ဖန်ကျန်းရှီကတော့ လုပ်လိုက်ပြီ။ အားလုံး အထိတ်တလန့်နဲ့ ပင့်သက်ရှိုက်မိကြတယ်။ ဖန်ကျန်းရှီကို အားလုံးက ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။

“မဖြစ်ဘူး။” ဧကရီ ပိုင်ကျစ်ရဲ့ အရူး တစ်ယောက်လို အော်သံကြီးက ထွက်ပေါ်လာတယ်။ သူက မယုံနိုင်သလို အတော့်ကို မပျော်မရွှင် ဖြစ်နေပုံပဲ။ သူမရဲ့ စိတ်ခံစားချက်တွေက ရှုပ်ထွေး နေခဲ့တယ်။

စိတ်ခံစားချက်ကို ပြောရရင်၊ ဧကရီ ပိုင်ကျစ် ပိုင်ဆိုင်ထားတဲ့ ကြက်ကလေးကို ဖန်ကျန်းရှီက သူ့အိမ်ထဲ ဝင်လာပြီး သတ်လိုက်သလိုမျိုး။

“ဒီတော့ သူဘယ်လောက် အင်အားကြီးလဲ ပြောကြပါအုန်း။” ဖန်ကျန်းရှီက သွေးစီးကြောင်းတွေကို ကြည့်ရင်း မေးလိုက်တယ်။

အမှန်ပဲ။ မယုံနိုင်စရာ ကောင်းတာကို သူသိပေမယ့်၊ အင်အား အကြီးဆုံး ဆိုတဲ့ လူက လိပ်ခွံလောက် ထူတဲ့ သံချပ်ကာကြီးကို ဝတ်ထားရသလား။ ဘယ်လိုများ ဒီသံချပ်ကာနဲ့ ဓားနဲ့ အလွယ်လေး ဖောက်လို့ ရတာလဲ။

ဖန်ကျန်းရှီ နည်းနည်းတော့ စိတ်ပျက် သွားမိတယ်။ ဒဏ္ဍာရီလာ အင်အားကြီး လူသားကြီးကို ယွင်ချင်းဝူကြောင့် အများကြီး အထင်ကြီးမိခဲ့တာပဲ။ တစ်ခေါက် လုပ်ပြီးမှတော့ နောက်ထပ် ၂ခေါက် ၃ခေါက် လုပ်လဲ မထူးတော့ဘူး။ နောက်ထပ် သုံးချက်လောက် ထပ်ထိုးလိုက်ရင် သေသွားနိုင်တယ်။

သူ့စိတ်ထဲ အတွေးဝင်လာတာနဲ့ အတွေးအတိုင်း လုပ်တော့တယ်။ ရင်ဘတ် နေရာ နှစ်ခုလုံးကို ဓားနဲ့ ထိုးချတယ်။ အင်အား အကြီးဆုံး လူတွေမှာ နှလုံးသား နှစ်ခု ရှိရင်လဲ ပြဿနာ ရှင်းတာပေါ့။

ရုပ်တုနောက်မှာ ရပ်နေတဲ့ ယွင်ချင်းဝူတင် မကဘူး ဘယ်သူကမှ ဒါမျိုး ဖြစ်လာမယ်လို့ မထင်ထား ခဲ့မိဘူး။

နတ်ဆိုးနဲ့ မိစ္ဆာတွေရဲ့ မုခ်ဝတွေက ပွင့်သွားခဲ့ပြီ။ ကျောက်တုံးနက်ကြီး တစ်ခုလဲ ပြုတ်ကျလာပြီ။ အားလုံးက လောကရဲ့ အင်အားအကြီးဆုံး လူကို ညွှန်ပြ နေခဲ့တယ်။ အခုတော့ ဒီအင်အား အကြီးဆုံးလူက အားလုံးကို တိုက်ခိုက် ရမှာလေ။ ဒါပေမယ့် ဖန်ကျန်းရှီက သူ့ကို ဓားနဲ့ ဆက်တိုက် ထိုးချနေခဲ့တယ်။

ဒါတင် အဆုံး မသတ်သေးဘူး။ ဖန်ကျန်းရှီက လည်ပင်းကို ထပ်ထိုးချပြန်တယ်။ သုံးနေရာလုံးက သေကွင်း သေကွက်တွေချည်းပဲ။ သူက တကယ်ပဲ သွေးဆာနေတဲ့သူ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ယွင်ချင်းဝူရဲ့ ကံတရားနဲ့ အချိန်ဆိုတဲ့ စကားကြောင့် ကံတရားကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။

အင်အား အကြီးဆုံးလူက သူဒီလို ဓားနဲ့ အလွယ်တကူ ထိုးလို့ ရမယ်မှန်း ထင်မထား ခဲ့မိဘူး။ လည်ပင်းမှာ ဖြစ်သွားတဲ့ ဓားချက်က တခြား ဓားချက်တွေထက် ပိုပြီးတော့ နက်ရှိုင်းတယ်။ လည်ပင်းမှာ သံချပ်ကာ မရှိခဲ့ဘူး။ ခြေရာမဲ့ဓားကနေ အရမ်းကို စိတ်လှုပ်ရှားနေတဲ့ အသံတွေ ဆက်တိုက် ထွက်ပေါ်နေတယ်။

“…”

“သူသေသွားပြီလား။”

“ဒီလိုကြီးလေ။”

ဖန်ကျန်းရှီရဲ့ လုပ်ရပ်တွေကို မြင်ပြီးချိန်မှာ လူတိုင်း မယုံနိုင်ဖြစ်နေခဲ့တယ်။ အင်အားအကြီးဆုံး သူက ဘယ်လိုများ ဒီလို သေသွားရတာလဲ။ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ နှစ်ပေါင်းများစွာ ကြိုးစား အားထုတ် ခဲ့ရတဲ့ ရည်ရွယ်ချက်က ဘယ်လို ဖြစ်သွား တော့မှာလဲ။

ရုပ်တုကြီး တစ်ခုကို ဒီလိုပဲ ကြိုဆိုရတော့မှာလား။ လူတိုင်းက မိုးကြိုး ပြစ်ခံရသလို ခံစား နေရတယ်။ နန်ကုန်းထျန်းတောင် နေရာမှာတင် မလှုပ်နိုင် ဖြစ်နေခဲ့တယ်။

“မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်ရဲ့ အင်အား အကြီးဆုံးသူက ဘာဖြစ်လို့ မလှုပ်ရှားတာလဲ။” တခြားသူတွေနဲ့ မတူပဲ နန်ကုန်းထျန်းက နတ်ဘုရားမုခ်ဝတွေ အကြောင်းကို နားအလည်ဆုံးသူ ဖြစ်ခြ့တယ်။ ဒါပေမယ့် နန်ကုန်း မျိုးနွယ်တွေရဲ့ သမိုင်း မှတ်တမ်းတွေကိုပဲ သူဖတ်ဖူးခဲ့တယ်။ ကိုယ်တိုင်တော့ မမြင်ဖူးခဲ့ဘူး။

မမြင်ဖူးပဲနဲ့ ဘယ်လိုများ ပြောလို့ ရမှာလဲ။ နတ်ဘုရား မုခ်ဝကို ဖွင့်နိုင်ပြီးရင် နန်ကုန်းမျိုးနွယ်တွေ ပိုင်ဆိုင်ခဲ့တဲ့ စွမ်းအားတွေကို ပြန်ရမယ်လို့ သူသေချာ သိနေခဲ့တယ်။

အခုတော့ နတ်ဘုရား မုခ်၀ ပွင့်သွားပြီ။ မိစ္ဆာနဲ့ နတ်ဆိုးမျိုးနွယ်တွေရဲ့ အင်အား အကြီးဆုံး လူသား ရောက်လာပြီ။ ဒါတောင် ဘာဖြစ်လို့ အသုံးမကျ ဖြစ်နေတာလဲ။ နန်ကုန်းထျန်းတောင် ဘယ်နားလွဲနေမှန်း မသိတော့ဘူး။

ဝုန်း။ ဒီအချိန်မှာပဲ ရုပ်တုကြီးက မြေပြင်ပေါ်ကို ကျသွားတော့တယ်။ သွေးတွေက ရုပ်တုကြီးကနေ ဆက်တိုက် စီးဆင်းလာပြီးတော့ နတ်သစ်ပင်ရဲ့ ပန်းတွေပေါ်ကို စီးကျလာတယ်။ အရာအားလုံး တိတ်ဆိတ် သွားခဲ့ပြန်ပြီ။

“သူကတော့ လုံး၀ မလှုပ်ရှားဘူး။”

“…”

“…”

ခမ်းခမ်းနားနား ရောက်လာတဲ့ အင်အား အကြီးဆုံးလူက ဖန်ကျန်းရှီ ဓားနဲ့ ထိုးတာ ခံရပြီး သေသွားမယ်လို့ ဘယ်သူမှ မထင်ခဲ့မိဘူး။ ဒါက ရောက်လာပြီး ကိုယ့်သေတွင်း ကိုယ်တူး သလိုပဲ။

“တကယ်ကြီး သေသွားတာလား။”

လူတိုင်း မယုံနိုင် ဖြစ်နေခဲ့တယ်။

“ဘာဖြစ်လို့ ဒီလောက်တောင် အားနည်း ရတာလဲ။” ဖန်ကျန်းရှီကတော့ မနီးမဝေးမှာ ရပ်နေခဲ့တဲ့ ယွင်ချင်းဝူကိုတောင် မေ့နေခဲ့ပြီ။

ယွင်ချင်းဝူကတော့ ရုပ်တုကြီးကို ကြည့်ရင်း ဖြူဖျော့ နေခဲ့တယ်။ သူမရဲ့ အတွေးတွေကို မျက်လုံးထဲကနေ မြင်နေရတယ်။ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီး အတော့်ကို အံ့သြနေတာ အသိသာကြီးပဲ။ သေသွားပြီတဲ့လား။

…

ဒီအချိန် ကျမ်းကောင်းကင် တောင်တစ်ခုလုံးမှာ လေတိုးသံက လွဲပြီးတော့ တခြား အသံတွေ အားလုံး မကြားရတဲ့ အထိကို တိတ်ဆိတ် သွားခဲ့တယ်။

ဧကရီ ပိုင်ကျစ်တောင် နောက်ထပ် မအော်နိုင်တော့ဘူး။ သူမ လုံးဝကို မှင်သက်နေခဲ့တယ်။ မျက်ဝန်းစိမ်းစိမ်းတွေတောင် တဖျပ်ဖျပ် မလက်တော့ဘူး။

သူတင်မကဘူး။ မုချင်းဖန်း၊ မော့ရှန်းရှီ၊ ချင်းယွိ၊ ယန်ယင် အားလုံး ရပ်တန့် နေခဲ့တယ်။

ဘယ်သူကမှ ဒီအဆုံးသတ်ကို လက်မခံနိုင်ခဲ့ဘူး။

“ဘဝက တကယ့်ကို အထီးကျန်တာပဲ။” ဆယ့်ငါးမိနစ် တိတိ ကြာပြီး နောက်မှာတော့ ဖန်ကျန်းရှီက ခေါင်းမော့ရင်း ပညာရှင် တစ်ယောက် လေသံနဲ့ ပြောနေခဲ့တယ်။

နတ်ဘုရား မုခ်ဝက ထွက်လာခဲ့တဲ့ အင်အား အကြီးဆုံးသူက သူ့လက်ထဲမှာ သေသွားခဲ့ပြီ။ လောကကြီးမှာ ဓားနဲ့ အထိုး ခံရရင် မသေတဲ့သူ ဘယ်သူ ရှိမလဲ။

မရှိဘူးလေ။

ဖန်ကျန်းရှီ တကိုယ်လုံး ဂုဏ်ယူဝံ့ကြွားမှုတွေ ပြည့်နှက်နေခဲ့တယ်။

ဒီဂုဏ်ယူဝံ့ကြွားမှုက သူ့ကို အားလုံးရဲ့ အထက်မှာ ရပ်နေသလို ခံစားရစေတယ်။ အရင်ဘဝက ဒဏ္ဍာရီတွေထဲမှာပါတဲ့ အထီးကျန် အင်အားကြီး လူတစ်ယောက်လိုပဲ။

အဲ့ဒီ့ အင်အားကြီးသူက ဘဝမှာ တကြိမ်တခါ ရှုံးနိမ့်ဖို့ မျှော်လင့်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ သူမသေခင်မှာ ဓားတစ်လက်နဲ့ သီချင်းတစ်ပုဒ်ကို ချန်ရစ်ထားခဲ့တယ်။

(ဘဝမှာ ဓားလေးလက် သုံးခဲ့တယ်။

အစိမ်းရောင် အလင်းတန်းတွေ ထက်ရှနေတဲ့ ပထမဓားက သန်မာ အင်အားကြီးလွန်းတယ်။ မြစ်ဘေးမှာ ရန်သူတွေကို အနိုင်ယူနိုင်ခဲ့တယ်။

ပျော့ပျောင်းတဲ့ ဒုတိယ ဓားက ခရမ်းရောင် အလင်းတန်းတွေကို ထုတ်လွှတ်နိုင်တယ်။ အသက်၃၀ မတိုင်ခင် အထိ သုံးခဲ့ပြီး လူရိုးလူဖြောင့် တစ်ယောက်ကို ဒဏ်ရာ ရစေခဲ့တယ်။ နောင်တ တရားကြောင့် ဒီဓားကို တောင်ကြားထဲမှာ မြုပ်နှံခဲ့တယ်။

သတ္တုနက်နဲ့ လုပ်ထားတဲ့ ဓားကြီးကို တတိယ ဓားအဖြစ် ဆောင်ယူတယ်။ အရေးကြုံလာတဲ့ အချိန် ဒီဓားကို မှီခိုခဲ့တယ်။ အသက် ၄၀အထိ ဒီဓားနဲ့ လောကတစ်ခွင် လှည့်လည်ခဲ့တယ်။

စတုတ္ထ ဓားကတော့ ရွံ့လက်ကိုင်နဲ့ သစ်သားဓား တစ်လက်ပဲ။

လောကမှာ ဘယ်အရာနဲ့မဆို ဓားလုပ်လို့ ရတယ်။)

ဖန်ကျန်းရှီ လက်ထဲက အစိမ်းရောင် အလင်းတန်း၊ မဟုတ်ဘူး။ ခရမ်းရောင် အလင်းတန်းတွေ တောက်ပနေတဲ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း သက်ပြင်းချတယ်။

“မေးခွန်း တစ်ခုလောက် မေးချင်ပါရဲ့၊ လောကမှာ မလိုက်နာဝံ့တဲ့ သူဆိုတာ ဘယ်သူ ရှိသေးလဲ။”

အပိုင်း (၈၈၇) ပြီး၏။

အပိုင်း (၈၈၈)

“ထူးဆန်းတဲ့ အမှား။”

ဘယ်သူကမှ ဖန်ကျန်းရှီရဲ့ မေးခွန်းကို မဖြေကြဘူး။ မြေပြင်ပေါ်မှာ ရှိနေတဲ့ ရုပ်တုကိုသာ ကြည့်နေကြတယ်။ ဒါပေါ့။ ဖန်ကျန်းရှီရဲ့ မေးခွန်းကို ဘယ်သူမှ မကြားတာ တကယ့် အကြောင်းရင်းပဲ။ နောက်ဆုံးတော့လဲ လူတိုင်းက သူ့ဘာသူ တွေးတော နေခဲ့ကြတယ်လေ။

“ငါ့ရဲ့ ဓားကို ပြောင်းရတော့မှာလား။ ဓားပျော့၊ ဓားကြီး ဒါမှမဟုတ် သစ်သားဓားပဲ ကိုင်ရတော့မလား။” ဖန်ကျန်းရှှီက နောက်ထပ် တွေးတော့ မနေတော့ဘူး။ သူ့လက်ထဲ ခြေရာမဲ့ဓားကို ကြည့်ရင်း ခေါင်းခါလိုက်တယ်။ “ထားလိုက်တော့ မပြောင်းဘူး။ ငါတစ်ယောက်တည်း အထီးကျန်ရင် ကျန်ပါစေ။”

သူနောက်ထပ် ဘာလုပ် ရမလဲ။ နတ်ဘုရား မုခ်ဝကနေ ထွက်လာခဲ့တဲ့ အင်အား အကြီးဆုံးသူကို ဓားနဲ့ ထိုးပြီးပြီ။ ယွင်ချင်းဝူရဲ့ အစီအစဉ် ပျက်စီးသွားပြီ မဟုတ်လား။ ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်လဲ။

သူ့ကိုယ်သူ အရမ်းအင်အားကြီး နေပြီလို့ ဖန်ကျန်းရှီ တွေးနေမိတယ်။ သူရဲ့ စွမ်းအားတွေနဲ့ ဘယ်သူကများ သူ့ပြိုင်ဘက် ဖြစ်လာနိုင်မှာလဲ။

ဖန်ကျန်းရှီ ခေါင်းမော့ ကြည့်လိုက်တယ်။ တံခါး နှစ်ခုက ပွင့်နေတုန်းပဲ။ အဲ့ဒီ့ အသုံးမဝင်တဲ့ တံခါး နှစ်ချပ်ကို သူဘယ်လို ပိတ်ရမလဲ။ တွေးနေတဲ့ အချိန်မှာပဲ အနက်ရောင် အစက်တစ်စက်က မြင်ကွင်းထဲကို ရောက်လာခဲ့တယ်။

အရမ်းမကြီးပေမယ့် မည်းမှောင်နေတယ်။ အရှိန်ပြင်းပြင်းနဲ့ ကျဆင်းလာပြီး ဧကရာဇ် ပိုင်ကျစ် ရှိနေတဲ့ နေရာဆီကို ရောက်လာခဲ့တယ်။

“နောက်ထပ် တစ်ခုလား။” ဖန်ကျန်းရှီ နည်းနည်းတော့ လန့်သွားခဲ့တယ်။ နောက်ဆုံးတော့လဲ တံခါးက နှစ်ခု ရှိနေခဲ့တာလေ။ ကျောက်တုံး နှစ်တုံးကျလာတာလာက အဆန်းမဟုတ်ဘူး။ ဆိုရိုစကား ရှိတဲ့ အတိုင်း (သမင်ပေါက်တွေက ကျားကို မကြောက်ဘူးတဲ့။)

ဖန်ကျန်းရှီလဲ အတူတူပဲ။ အခုပဲ တစ်ခုကို သတ်ပြီးပြီ။ နောက်ထပ် ထပ်သတ်ရလဲ မဆိုးပါဘူး။ သူမကြောက်ပေမယ့် စိတ်ထဲမှာတော့ ရှုပ်ထွေး နေမိတယ်။ အောင်မြင်မှုကို သူခံစား ပြီးပြီလေ။ နောက်တစ်ခေါက် ဘယ်လို သတ်ရမလဲ။ ဓားနဲ့ပဲ ထိုးရမလား ခေါင်းဖြတ်လိုက်ရမလား။

“အဲ့တာ ဘာကြီးလဲ။”

“နောက်ထပ် အင်အားကြီး လူတစ်ယောက် ရောက်လာတာလား။”

“နှစ်ယောက်တောင်လား။”

ဖန်ကျန်းရှီ တွေးနေချိန်မှာပဲ အောက်ဘက်က မိစ္ဆာ ဘုရင်တွေ သတိဝင်လာကြတယ်။ သူတို့ရဲ့ စိတ်အင်အားက ဖန်ကျန်းရှီနဲ့ ယှဉ်လိုက်ရင် အားနည်း နေခဲ့တယ်။ သူတို့တွေတင် မကဘူး။ မုချင်းဖန်း၊ မော့ရှန်းရှီ၊ ချင်းယွိနဲ့ ယန်ယင်တို့လဲ ဖြူဖျော့ နေခဲ့တယ်။

“ဘာမှ ကြောက်စရာ မလိုဘူး။” ဖန်ကျန်းရှီ သူ့လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ နောက်ထပ် ဒုတိယမြောက် အင်အားကြီးလူကို သတ်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။

ဝုန်း။ အနက်ရောင် ကျောက်တုံးကြီးက ဖန်ကျန်းရှီနဲ့ ခြေဆယ်လှမ်း အကွာကို ပြုတ်ကျတယ်။

ဂျိန်း။ မိုးကြိုး တစ်ခု ရိုက်ခတ်ပြီး အရမ်းကို ခမ်းနားလွန်းတဲ့ ပုံစံနဲ့ ကျောက်တုံးကြီး အက်ကွဲ သွားတော့တယ်။

“ပေါ်လာတဲ့ ပုံစံက ကွာနေသလိုပဲ။” ဖန်ကျန်းရှီ တွေးလိုက် မိပေမယ့် စိတ်ထဲတော့ မထည့်မိဘူး။ နောက်ဆုံးတော့လည်း နတ်ဘုရား မုခ်ဝတွေကနေ ပြုတ်ကျလာတာ သေချာပေါက် အင်အားကြီးသူတွေပဲ ဖြစ်ရမယ်။

ဝုန်း။ အရင်တစ်ခေါက်နဲ့ မတူညီခဲ့ဘူး။ ဒီကျောက်တုံးကြီးက တစ်လွှာချင်း မကွာပဲ ပေါက်ကွဲခဲ့တယ်။

ဝူး။ မိုးမြေ တစ်ခုလုံး တုန်ခါသွားပြီး လောကကြီး တစ်ခုလုံး ချာချာ လည်သွားသလိုပဲ။ နေစမ်းပါအုန်း။ တစ်ခုခုတော့ လွဲနေပြန်ပြီ။

မြင်ကွင်းကို ကြည့်ရင်း ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ မှေးစင်း သွားခဲ့တယ်။ ဒီအရှိန်အဝါတွေက အရမ်းကို လှုပ်ရှား သက်ဝင်နေတယ် မြက်ပင်စိမ်းစိမ်းတွေ ရုတ်တရက် ပေါက်လာသလိုပဲ။ အရှိန်အဝါတွေက ဧကရီ ပိုင်ကျစ်ထက်တောင် ပိုပြီးတော့ ကြောက်စရာ ကောင်းသေးတယ်။

“ဟ ဟားဟား။ နောက်ဆုံးတော့ ငါပြန်လာရပြီ။” ကျောက်တုံးထဲက ရယ်သံကြီး ထွက်ပေါ်လာတယ်။ လူတစ်ယောက် ပုံစံကို မြင်လိုက်ရတယ်။ ဒီလူကလဲ သံချပ်ကာ အနက်ကို ဝတ်ထားခဲ့တယ်။ ဒါပေမယ့် သံချပ်ကာ ပေါ်မှာ ရှုပ်ထွေးလွန်းတဲ့ သင်္ကေတတွေ ပြည့်နှက်နေခဲ့တယ်။

ဖုန်တစ်စက်မှ မတင်နေတဲ့ ရွှေရောင် အလင်းတန်းတွေ အပြည့်နဲ့ သံချပ်ကာကြီး။ ပထမဆုံး ကျလာတဲ့ ဖုန်အပြည့် ရုပ်တုနဲ့ ယှဉ်လိုက်ရင်၊ ဒီပုံရိပ်ရဲ့ မျက်နှာ သွင်ပြင်တွေ့ ပိုပြီးတော့ ရှင်းလင်းနေတယ်။ မျက်ဝန်း နက်နက်၊ မျက်ခုံးသွယ်သွယ်၊ တောက်ပမှုတွေနဲ့ အတူ မမြင်ရတဲ့ အရှိန်အဝါတွေ။

အရေးအကြီးဆုံးကတော့ ဒီပုံရိပ်ရဲ့ နဖူးပေါ်မှာတော့ ရွှေရောင် နတ်ဆိုး မျက်လုံး တစ်လုံး ရှိနေပြီး ဒီမျက်လုံးက ပိတ်နေခဲ့တယ်။

“နတ်ဆိုး။”

“အသက်ရှိနေတဲ့ နတ်ဆိုးလား။”

ချက်ခြင်းဆိုသလို လူတိုင်းတွေးမိ လိုက်တယ်။ ဒါက လူတိုင်းကို လွှမ်းမိုးနိုင်တဲ့ နတ်ဆိုး အရှိန်အဝါပဲ။

“ဒီတော့ အသက်ရှင်နေတဲ့ တစ်ခုပေါ့။” ခြေဆယ်လှမ်း အကွာက် ပုံရိပ်ကို ကြည့်ရင်း ဖန်ကျန်းရှီ တွေးနေမိတယ်။ ငလူးပဲ။ ရုပ်တု ဘယ်မှာလဲ။ တံခါးက ထွက်လာတဲ့ အားလုံးက အင်အားကြီးတဲ့ ကျောက်ရုပ်တွေ ဖြစ်ရမှာ မဟုတ်လား။ ဘယ်လိုလုပ် ရုတ်တရက် အသက်ရှိနေတဲ့ လူကြီး ခုန်ထက် လာရတာလဲ။

အနီးက အင်အားကြီး နတ်ဆိုးနဲ့ သူ့ခြေထောက်အောက်က အသက်မရှိတော့တဲ့ ရုပ်တုကို ကြည့်ရင်း ဖန်ကျန်းရှီ တွေးနေမိတယ်။ တစ်ခုခုတော့ ထူးခြားနေတယ်။

သူ့ရှေ့က အသက်ရှင်နေသူမှာ အသစ်ကျပ်ချွတ် သံချပ်ကာ ရှိနေတယ်။ သေသွားတဲ့ သူကတော့ နှစ်ထောင်ချီ ဝတ်ထားတဲ့ သံချပ်ကာ အဟောင်းကြီးနဲ့။ နောက်ပြီးတော့ သေသွားသူရဲ့ မျက်နှာပေါ်မှာ ဖုန်တွေ အများကြီး ကပ်နေခဲ့တယ်။ အသန်မာဆုံး နတ်ဆိုးနဲ့ တခြားစီပဲ။

ထွက်ပေါ်လာတဲ့ ပုံစံကလဲ တစ်စက်မှ မတူဘူး။ ရုပ်တုကြီးက အရင်ဆုံး ပေါ်လာပြီး ခြိမ်းခြောက်မှုနဲ့ ခမ်းနားတဲ့ အရှိန်အဝါတွေကို ပိုင်ဆိုင် ထားပေမယ့်၊ အင်အားကြီး နတ်ဆိုး ထုတ်လွှတ်တဲ့ အေးစက်မှုကိုတော့ မမှီခဲ့ဘူး။ ဘာတွေ ဖြစ်နေတာလဲ။

“အသက်ပြန်ရှူရတာ ကောင်းလိုက်တာ။” အင်အားကြီး နတ်တဆိုး ပြောပြန်တယ်။ သူကြည့်ရတာ ပတ်ဝန်းကျင် အဖြစ်တွေကို သတိထားမိပုံ မပေါ်ဘူး။ ပြန်လည် ရှင်သန် ရတဲ့ အတွက် စိတ်လှုပ်ရှား နေပုံပဲ။

“နတ်ဆိုး နတ်ဘုရား”

“နတ်ဆိုး နတ်ဘုရားကို ကြိုဆိုပါတယ်။”

အသံတွေကို ကြားချိန်မှာ နတ်ဆိုးတွေ အားလုံး ဒူးထောက်လိုက်ကြတယ်။

“အင်း။ မင်းက ငါ့ကို နှိုးတဲ့သူပဲ ဖြစ်ရမယ်။ အမ်။ အဲ့ဒီ့ သံချပ်ကာနဲ့ အဲ့ဒီ့ မျက်နှာ။ ဟူး။ (ကျန်းကျိ)က ဘယ်လိုလုပ် ဒီမှာ သေနေရတာလဲ။” အင်အားကြီး နတ်ဆိုးက ဒူးထောက်နေ သူတွေကို တစ်ချက်ကြည့်ပြီးနောက် ပြုတ်ကျနေတဲ့ ရုပ်တုကို မြင်ချိန်မှာ ပြောလိုက်တယ်။

“ကျန်းကျိ။”

“သေသွားတဲ့သူက ကျန်းကျိတဲ့လား။”

“သူ့မျိုးရိုးကျန်း။”

အင်အားကြီး နတ်ဆိုးရဲ့ စကားကို ကြားချိန်မှာ လူတိုင်း ပဟေဠိ ဖြစ်နေခဲ့တယ်။ နန်ကုန်း မိသားစု ခေါင်းဆောင် နန်ကုန်းထျန်း တစ်ယောက်ပဲ နားလည်တယ်။ တခြားသူတွေနဲ့ မတူပဲ ဒီနာမည်ကို ထပ်ခါထပ်ခါ ရေရွတ်နေရင်း သူဒူးထောက်လျက်သား ဖြစ်သွားခဲ့တယ်။

“ကျန်းကျိ။ ငါ့ဘိုးဘေးကြီး။” နန်ကုန်းထျန်းက အရမ်းကို ဝမ်းနည်းနေခဲ့တယ်။ နန်ကုန်းမု ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတာထက်တောင် သူပိုပြီးတော့ ဝမ်းနည်းနေခဲ့တယ်။

“ဘိုးဘေးကြီး။”

“နန်ကုန်းထျန်းရဲ့ ဘိုးဘေးကြီးတဲ့။”

“နန်ကုန်းထျန်း ရူးသွားတာလား။ ဟင် ဒါဆို သေသွားတဲ့ ကျန်းကျိက နတ် နတ်ဆိုး မဟုတ်ဘူး။”

“ဒီတော့။”

“ဒီတော့ သူက လူသားလား။”

“သူက လူသားပဲ။”

“ဘာဖြစ်လို့ လူသားက နတ်ဆိုး မိစ္ဆာ တံခါးထဲက ထွက်လာတာလဲ။”

လူတွေ နားလည်သွားချိန်မှာ အထိတ်တလန့် ပြောမိကြတယ်။ ကျန်းကျိလို အင်အားကြီး လူသားက ဘယ်လိုလုပ် မိစ္ဆာ တံခါးကနေ ပြုတ်ကျလာတာလဲ။ မဖြစ်နိုင်ဘူး။

“မဖြစ်နိုင်ဘူး။” ဖန်ကျန်းရှီ သူ့အနီးက အင်အားကြီး နတ်ဆိုးကို ကြည့်ရင်း တွေးနေမိတယ်။ သူ့တကိုယ်လုံး မိုးကြိုး ပြစ်ခံ ထားရသလို တောင့်တင်း နေခဲ့တယ်။ ခန္ဒာကိုယ် တစ်ခုလုံး လေထဲမှာ လွင့်မျော နေသလိုပဲ။ ငါတော့ လူမှား သတ်မိပြီ။

…

လေညှင်းက ဖန်ကျန်းရှီကို စိမ့်ချမ်းလာစေတယ်။ ဒီလို ကိစ္စ ဖြစ်လာမယ်လို့ သူတကယ်ပဲ မထင်ထား ခဲ့မိဘူး။

လူသား တစ်ယောက်က ဘယ်လိုလုပ် မိစ္ဆာ တံခါးကနေ ပြုတ်ကျ လာတာလဲ။ ဘယ်သူ ယုံနိုင်မှာလဲ။ ဖန်ကျန်းရှီကတော့ မယုံဘူး။ နေစမ်းပါအုန်း။ တူညီတဲ့ နဂါးငွေ့တန်း။

ယွင်ချင်းဝူရဲ့ စကားတွေ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ပြန်ကြားယောင်လာတယ်။ လူသား၊ နတ်ဆိုး၊ မိစ္ဆာ သုံးမျိုးနွယ်လုံးက တနေရာတည်းမှာ ပိတ်မိနေတယ်။ ဒီစကားကို သူအမြဲတမ်း သံသယ ဝင်နေခဲ့တာ။

ယွင်ချင်းဝူရဲ့ ဇာတ်လမ်း အရတော့ သဘာ၀ ကပ်ဆိုးကြီး ကျရောက်လာချိန် အင်အားကြီး လူသား၊ နတ်ဆိုးနဲ့ မိစ္ဆာတွေ အားလုံးက ပူးပေါင်းပြီး နွီဝါးမယ်တော်နဲ့ အတူ ကပ်ဆိုးတွေကို ခုခံခဲ့တယ်။ အဆုံးသတ်မှာ အောင်မြင်ခဲ့ပေမယ့် ပြန်မလာ နိုင်ခဲ့ဘူး။

နွီဝါးမယ်တော်က ကပ်ဆိုးတွေကို ပြင်ဆင်တဲ့ အချိန် စွမ်းအား မကျန်တော့တဲ့ အတွက် အင်အားကြီး သူတွေကို ကောင်းကင် အပြင်ဘက်မှာ ချိတ်ပိတ် ထားခဲ့တယ်။ အဲ့ဒီ့နောက် နတ်ဘုရား မုခ်၀ သုံးခုကို ဖန်တီးခဲ့တယ်။ ဒီဇတ်ကြောင်းက မှားနေတာပဲ။

စကြဝဠာ တစ်ခုတည်းမှာ ချိတ်ပိတ်ခဲ့မှတော့ ဘာဖြစ်လို့ တံခါး သုံးချပ်ကို ဆောက်နေ အုန်းမှာလဲ။ တစ်ခုပဲ ဆောက်မှာပေါ့။ သုံးခုနဲ့ တစ်ခုက လုပ်ရတာ အင်အား အကွာကြီးလေ။ အကြောင်းအရင်းက ဘယ်မှာလဲ။ ဖန်ကျန်းရှှီ နားမလည် နိုင်ခဲ့ဘူး။

သူ့ရှေ့မှာ ဖြစ်နေတဲ့ အရာတွေနဲ့ ဆက်စပ်နိုင်ဖို့ မျှော်လင့် နေခဲ့တယ်။ ယွင်ချင်းဝူက လွန်ခဲ့တဲ့ နှစ်ထောင်ချီမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို အပြည့်အ၀ နားမလည်တာလဲ ဖြစ်နိုင်တယ်။

ဒါက တခြား ကိစ္စတွေနဲ့ ဆက်စပ် နေတာလား။ ဖန်ကျန်းရှီ မသေချာဘူး။ ဒါပေမယ့် သူ့ရှေ့မှာ ဖြစ်နေတဲ့ ကိစ္စတွေ အရတော့ နှစ်ထောင်ချီ တိုက်ပွဲကြီး အပြီးမှာ တစ်ခုခုတော့ ဖြစ်ခဲ့မှာ သေချာတယ်။ အခုချိန်မှာ ဒါတွေကို ကြည့်နေလို့ မရဘူး။ ကိစ္စတွေက ဖြစ်ပြီးနေပြီ။

သူလည်း လူတစ်ယောက်ကို သတ်လိုက်ပြီ။ နန်ကုန်း မျိုုးနွယ်တွေရဲ့ ဘိုးဘေးကြီးကို သတ်မိပြီ။

ဒါပေမယ့် အခုချိန်မှာ မသက်မသာ ဖြစ်နေရမယ့် အချိန် မဟုတ်ဘူး။ အင်အားကြီး နတ်ဆိုးက သူ့အနားကို ဖြည်းဖြည်းချင်း နီးကပ်လာနေတယ်။ ခပ်မြန်မြန် ကပ်လာတာ မဟုတ်ပေမယ့် သူ့ရဲ့ ခြေလှမ်း တစ်ခုချင်းစီတိုင်းက လေထုကို လှိုင်းထန် စေနေတယ်။

“မိစ္ဆာ မျိုးနွယ် အမြီးကိုးချောင်း မြေခွေးလား။” ဧကရီ ပိုင်ကျစ်ကို ကြည့်ပြီးနောက် အင်အားကြီး နတ်ဆိုးက သက်ပြင်းချရင်း ဖန်ကျန်းရှီနဲ့ ယွင်ချင်းဝူကို မေးတယ်။ “မင်းတို့ နှစ်ယောက် ကျန်းကျိကို သတ်တာလား။”

“နတ်ဆိုး နတ်ဘုရားပင်း။ ကျန်းကျိကို ဖန်ကျန်းရှီ သတ်တာပါ။ ယွင်ချင်းဝူက ကျွန်တော်တို့ရဲ့ လက်ရှိ အရှင်သခင်ငယ်ပါ။ သူမရဲ့ ပညာဉာဏ်ကြောင့် နတ်ဘုရားမုခ်ဝကို ဖွင့်ပြီး အရှင့်ကို ပြန်ကြိုဆို နိုင်ခဲ့တာပါ။” အကြီးအကဲတွေ ချက်ခြင်း ပြန်ဖြေတော့တယ်။

“အရှင်သခင်ငယ်။ ဒီတော့ မင်းနာမည်က ယွင်ချင်းဝူပေါ့။”

“ဟုတ်တယ်။” ယွင်ချင်းဝူ ခေါင်းငြိမ့်တယ်။ သူမရဲ့ တည်ငြိမ်မှုက တစ်စက်လေးတောင် ပျက်ပြား မသွားခဲ့ဘူး။ တခြား နတ်ဆိုး မျိုးနွယ်တွေလိုလည်း ဒူးမထောက်ခဲ့ဘူး။

“မင်းဘာဖြစ်လို့ ဒူးမထောက်တာလဲ။” အင်အားကြီး နတ်ဆိုးက မေးတယ်။

“ဒီလောကမှာ ငါက အရှင်သခင်။ နင်ကတော့ မဟုတ်ဘူး။” ယွင်ချင်းဝူ ပြန်ဖြေတယ်။

“အိုး။ စိတ်ဝင်စား စရာပဲ။ နတ်ဆိုး မျိုးနွယ်တွေက အင်အားကို အမြဲ လေးစားပြီး စည်းမျဉ်း အဖြစ် သတ်မှတ်ထားသူတွေ။ မင်းစကားအရ ငါ့ထက် အင်အားကြီးတယ်လို့ ယုံကြည်ချက် အပြည့် ရှိနေပုံပဲ။” အင်အားကြီး နတ်ဆိုးက ယွင်ချင်းဝူရဲ့ စကားတွေကို ကြားချိန်မှာ အေးစက်စက် ပြုံးလိုက်တယ်။

“ဒီလို ပြောချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်းဘယ်လောက် အင်အားကြီးလဲ မြင်ဖို့ လိုသေးတယ်။”

“အင်း။ ဘယ်လို မြင်ချင်လဲ။”

“ငါ့ရှေ့မှာ ရပ်နေတဲ့ လူငါးယောက်က ငါ့ကို သတ်ချင်နေတဲ့ သူတွေ။ ဒီနေရာမှာ ငါရပ်ပြီး သူတို့ကို တစ်နာရီ တောင့်ခံ ခဲ့ပြီးပြီ။ မင်းကော အချိန် ဘယ်လောက် တောင့်ခံ နိုင်မလဲ။”

အပိုင်း (၈၈၈) ပြီး၏။

အပိုင်း (၈၈၉)

“လေဟာနယ် ခွဲခြားနိုင်တဲ့ နတ်ဆိုး နတ်ဘုရား။”

“ငါးယောက် တစ်နာရီတဲ့လား။” အင်အားကြီး နတ်ဆိုးက ဖန်ကျန်းရှီနဲ့ တခြားသူတွေကို ကြည့်ရင်းနဲ့ လက်ညှိုးထိုးပြီး ရေတွက် နေခဲ့တယ်။ “တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး။” အဲ့ဒီ့နောက် ယွင်ချင်းဝူကို ပြန်လှည့်ကြည့်တယ်။ “မင်းက တကယ်ပဲ တစ်နာရီ တောင့်ခံ ထားခဲ့တာပေါ့။”

“ဟုတ်တယ်။” ယွင်ချင်းဝူ နောက်တစ်ခေါက် ခေါင်းငြိမ့်လိုက်ပြန်တယ်။

“အင်း။ ကောင်းတယ်။ မင်းက တကယ်ပဲ ငါ့ကို ဒူးထောက်ဖို့ မလိုဘူး။ အနည်းဆုံးတော့ မင်းတစ်နာရီ တောင့်ခံ နိုင်ခဲ့သေးတယ်လေ။” အင်အားကြီး နတ်ဆိုးက ခေါင်းငြိမ့်လိုက်တယ်။ ယွင်ချင်းဝူရဲ့ စကားတွေကို သူသံသယ မဝင်ဘူး။ ဘေးပတ်လည်က လူတွေရဲ့ အမူအယာကို ကြည့်ရုံနဲ့တင် သူမ စကားက အမှန်တွေဆိုတာ နားလည် လိုက်ပြိ။

“တစ်နာရီ တောင့်ခံ နိုင်ရဲ့လား။” ယွင်ချင်းဝူက တူညီတဲ့ အမူအယာ တူညီတဲ့ လေသံနဲ့ပဲ ပြန်ပြောတယ်။ ဒါပေမယ့် ယွင်ချင်းဝူရဲ့ စကားကို ကြားချိန်မှာ မုချင်းဖန်း မော့ရှန်းရှီနဲ့ တခြားသူတွေ အားလုံးရဲ့ အမူအယာက ကြောက်စရာ ကောင်းလောက်အောင် ပြောင်းလဲ သွားတော့တယ်။ နောက်ဆုံးတော့လဲ ယွင်ချင်းဝူ ပြောချင်တဲ့ စကားရဲ့ နောက်ကွယ် အကြောင်းအရင်းကို သူတို့ နားလည်ကြတယ်။

(တစ်နာရီ တောင့်ခံ နိုင်လားတဲ့။)

ဒါက လှည့်စားတဲ့ စကား တစ်ခုပဲ။ ယွင်ချင်းဝူက ဒါကို အခုလို ထုတ်ပြောလိုက်တဲ့ အတွက် ဒေါသထွက်စရာ ကောင်းလွန်းလှတယ်။ ယွင်ချင်းဝူလို ဘာစွမ်းအားမှ မရှိတဲ့ အမျိုးသမီး တစ်ယောက်က နတ်ဘုရား မုခ်ဝကနေ ထွက်လာခဲ့တဲ့ အင်အားကြီး နတ်ဆိုးကို ရင်ဆိုင်ရချိန်မှာ နည်းနည်းလေးမှ တုန်လှုပ်တဲ့ ပုံစံ မပြခဲ့ဘူး။

အဲ့ဒီ့အစား စကား နည်းနည်း ပြောလိုက်ရုံနဲ့ အခြေအနေကို ပြောင်းလဲ နိုင်လိုက်တယ်။ ဘာမှ အားထုတ်စရာ မလိုလိုက်ဘူး။ သူမရဲ့ အစွမ်းအစတွေနဲ့၊ ဘယ်လိုများ ခေါင်းဆောင် မဖြစ်နိုင် ရမှာလဲ။

“ဟဟား ဟား။” အင်အားကြီး နတ်ဆိုးက ကြောက်စရာ ကောင်းလောက်အောင် စတင် ရယ်မောတော့တယ်။ သူ့ရဲ့ လက်ကို မြှောက်လိုက် ချိန်မှာတော့ ဖြူဖျော့ဖျော့ အလင်းတန်း တစ်ခု၊ သူ့လက်ထဲမှာ ထွက်ပေါ် လာတော့တယ်။ အဲ့ဒီ့နောက် မှင်လို နက်မှောင်နေတဲ့ ဓားမြောင် တစ်လက်ကို မြင်လိုက်ရတယ်။

ဓားမြောင်လို့ ခေါ်ပေမယ့်၊ သံစူး တစ်ခုနဲ့ ပိုပြီး တူညီနေခဲ့တယ်။ အရိုးနက် တစ်ခုနဲ့ လုပ်ထားတဲ့ ဆူးချွန်။ လက်ကိုင်နဲ့ ဓားအသွားကို ခွဲခြားလို့ မရနိုင်ဘူး။ အဆုံးပိုင်းမှာ လုံးဝိုင်းနေတဲ့ အရာ တစ်ခုလိုပဲ။ အင်အားကြီး နတ်ဆိုးက ယွင်ချင်းဝူရဲ့ မေးခွန်းကို ပြန်မဖြေခဲ့ဘူး။

သူဖြေဖို့ ယုံကြည်ချက် မရှိတာကြောင့် မဟုတ်ခဲ့ဘူး။ အခုချိန်မှာ ဆက်ပြီး တိတ်ဆိတ် နေခဲ့ရင် ပိုပြီးတော့ သြဇာရှိန်ဝါ ပြည့်စုံမှာကို နားလည် ထားလို့ပဲ။ အင်အားကြီး နတ်ဆိုး အနေနဲ့ သူ့ရဲ့ သြဇာရှိန်ဝါကို ဆက်တိုက် ဆုံးရှုံးခံမယ် ထင်လား။

“ပြေး။ အဖိုးကြီးမော့ ပြေး။” မုချင်းဖန်းက ဒါကို မြင်မြင်ချင်း အော်တော့တယ်။

“ပြေးရမယ် ဟုတ်စ။ ငါလဲ ပြေးချင်ပါတယ်။ ဒါပေမယ့် ပြေးနိုင်မယ့် ပုံစံပေါ်နေ လို့လား။” မော့ရှန်းရှီ ခါးသက်သက် ရယ်မောလိုက်တယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီက အင်အားကြီး နတ်ဆိုး လက်ကနေ လွတ်အောင် ပြေးဖို့ မဖြစ်နိုင်ဘူး။ အောက်ဘက်မှာလဲ ဧကရီ ပိုင်ကျစ်နဲ့ မိစ္ဆာ ဘုရင်တွေ ရှိနေသေးတယ်။

“ခန်းမ ခေါင်းဆောင်၊ တောင်ကြား ခေါင်းဆောင်မော့၊ မျှော်စင် ခေါင်းဆောင်ချင်း၊ အားလုံး အရင်သွားကြ၊ ဒါကို ငါထိန်းထားလိုက်မယ်။” ယန်ယင်း အသံနဲ့ အတူ တောက်ပတဲ့ အလင်းတန်း တစ်ခု သူ့ခန္ဒာကိုယ်ကနေ ထွက်ပေါ်လာခဲ့တယ်။

တွေဝေမနေသလို မလိုအပ်တဲ့ စကားတွေကိုလဲ မပြောဘူး။ ဒါက ယန်ယင်းရဲ့ ပုံစံပဲ။ သီးသန့်ဆန်ပေမယ့် အရေးကြီးတဲ့ အချိန်မှာ သူဘယ်တော့မှ နောက်မဆုတ်ဘူး။ အလင်းတန်း တောက်ပ လာတာနဲ့ ယန်ယင်းရဲ့ လက်ကလဲ လှုပ်ရှားတယ်။ ပြည့်ဝလွန်းတဲ့ တိုက်ပွဲ အတွေ့ကြုံတွေကြောင့် အင်အားကြီး နတ်ဆိုးကို ပိတ်ဆို့ဖို့ စိတ်ကူး ထားပေမယ့်၊ အနီးကပ် တိုက်ခိုက်ရတဲ့ အထိ သူ မတုံးအဘူး။

ရန်သူကို အပြည့်အ၀ နားမလည်ခင် အထိ သင့်တော်တဲ့ အကွာအဝေးနဲ့ ခပ်ဝေးဝေး နေတာ ပိုကောင်းတယ်။ ယန်ယင်းရဲ့ လက်က သူ့ရင်ဘတ် ရှေ့ကို ဆန့်ထုတ်ထားပြီး ခမ်းနားတဲ့ အင်အားတွေကို အင်အားကြီး နတ်ဆိုးဆီ ဖြန့်ကျက် ထားခဲ့တယ်။ ဒီအချိန် အင်အားကြီး နတ်ဆိုးရဲ့ ဘယ်ညာ နှစ်ဖက်မှာ လှည့်ပတ်နေတဲ့ လက်ဝါးရာ နှစ်ခု ပေါ်လာတော့တယ်။

အင်အားကြီး နတ်ဆိုး လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်တယ်။ သူ့အပြုံးက ထူးဆန်းပြီး ကြောက်စရာ ကောင်းလွန်းနေတယ်။ လောကကြီးမှာ ရယ်စရာ အကောင်းဆုံး ကိစ္စ တစ်ခုကို သူမြင်လိုက်ရတဲ့ ပုံစံလိုပဲ။ သူလုံးဝကို ခုန်မရှောင်ခဲ့ဘူး။ လက်ဝါးရာ နှစ်ခု သူ့နားရွက် အနားကို ရောက်လာပြီး နားအူအောင် လုပ်နေပင်မယ့် လုံး၀ ရှောင်ရှားမယ့် အရိပ်အယောင်ကို ထုတ်မပြခဲ့ဘူး။

ဒင် ဒင်။ လက်ဝါးရာ နှစ်ခုက ခပ်တိုးတိုး အသံတွေနဲ့ အတူ လှိုင်းမထန်ပဲ အင်အားကြီး နတ်ဆိုးရဲ့ ခန္ဒာကိုယ်ကို လာရိုက်ခတ်တော့တယ်။ ရေကန်ငယ် တစ်ခုကနေ ထွက်လာတဲ့ ရေစီးကြောင်းက ပင်လယ်ထဲကို ဝင်ရောက် ပျောက်ကွယ် သွားခဲ့ သလိုပဲ။ ပြန်လမ်း မရှိခဲ့။ အားလုံးက တည်ငြိမ် သွားခဲ့တယ်။

“ဒီလူသားရဲ့ အခြေအနေက လိုအပ်ချက်ကို ပြည့်မှီရဲ့လား။” အင်အားကြီး နတ်ဆိုးက ပျောက်ကွယ်သွားတဲ့ လက်ဝါးရာ နှစ်ခုကို ကြည့်ရင်း ပြောတယ်။ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး သူ့ရဲ့ သံချပ်ကာပေါ်မှာ တောက်ပနေတဲ့ အလင်းတန်းကို ပုံမှန်အတိုင်း ရိုက်ချလိုက်တယ်။

ဒီထူးဆန်းတဲ့ မြင်ကွင်းက မော့ရှန်းရှီနဲ့ မုချင်းဖန်း အတွက် ပိုပြီးတော့တောင် ထူးဆန်းနေသေးတယ်။ ဒီအင်အားကြီး နတ်ဆိုးက ယန်ယင်းရဲ့ လက်ဝါးချက်တွေကို ဘယ်လို ရှောင်လိုက်မှန်း သူတို့တွေ နားမလည် နိုင်ခဲ့ကြဘူး။ ဝါးမျို လိုက်တာလား။

မဖြစ်နိုင်ဘူး။ သူ့ရဲ့ သံချပ်ကာမှာ လက်ဝါးရာက တောက်ပနေတုန်း။ ဒါပေမယ့် လက်ဝါးရာတွေကို ဝါးမျိုတာ မဟုတ်ရင် ဘာနည်းလမ်းကို သုံးလိုက်တာလဲ။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်၊ တစ်ယောက်ကို တစ်ယောက် ကြည့်မိကြတယ်။ ဘယ်လောက်တောင် လန့်နေကြမှန်း မြင်သာ နေခဲ့ပြီ။

ဒါပေမယ့် အင်အားကြီး နတ်ဆိုး ပြောတဲ့ စကားက ဘာကိုဆိုလို ချင်တာလဲ။ ယန်ယင်းရဲ့ ကျင့်ကြံဆင့်ကို မေးတာ ဖြစ်နိုင်မလား။ ဒီအင်အားကြီး နတ်ဆိုးက ဘယ်လောက်ထိ အင်အားကြီးနေမှန်း သိနိုင်ပေမယ့် သူ့စကားတွေကတော့ ခန့်မှန်းရ ခက်နေဆဲ။

“နတ်ဆိုး နတ်ဘုရားပင်း။ ယန်ယင်က အခုချိန် သုခမိန် အထွဋ်အထိပ် အဆင့်မှာ ရှိနေပါတယ်။” နောက်ဆုံးမှာတော့ နတ်ဆိုး မျိုးနွယ် အကြီးအကဲ တစ်ယောက် သတိကြီးကြီး ထားရင်းနဲ့ ပြန်ဖြေလိုက်တယ်။

“လူသားတွေရဲ့ သုခမိန် အထွဋ်အထိပ် အဆင့်လား။” အင်အားကြီး နတ်ဆိုးက တအံ့တသြ ပြန်ပြောရင်း၊ ယန်ယင်ကို ခေါင်းအစ ခြေအဆုံး သေချာ ကြည့်နေတော့တယ်။ “သာမာန်လူသား တစ်ယောက်က သုခမိန်လို့ သတ်မှတ်နိုင်ရင်၊ ငါ့ကို နတ်သခင် ခေါင်ချုပ်ကြီးလို့ ခေါ်ရမှာ မဟုတ်လား။”

“နတ်သခင် ခေါင်ချုပ်ကြီးတဲ့လား။” ဒါကိုကြားချိန်မှာ လူတိုင်းရဲ့ အမူအယာက လုံးဝကို ပြောင်းလဲ သွားတော့တယ်။ ရှေးအချိန်တည်းက နတ်သခင် ခေါင်ချုပ်ကြီးတွေကို လူအများက လေးစား ကိုးကွယ်ကြတယ်။ နတ်သခင် ခေါင်ချုပ် တစ်ယောက်ချင်းစီတိုင်းက သဘာဝကို ထိန်းချုပ်နိုင်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ကြတယ်။ (ဘာသာပြန်သူ အမှာ - တောင်ကို ရွေ့နိုင်၊ ပင်လယ်တွေကို ဖြည့်နိုင်စွမ်း။)

နတ်သခင် ခေါင်ချုပ်ကြီး ဆိုတဲ့ စကားက ထူးခြားမှုတွေ ပြည့်နှက်နေတယ်။ သူတို့ရှေ့မှာ ရှိနေတဲ့ အင်အားကြီး နတ်ဆိုးက သူ့ကိုယ်သူ နတ်သခင် ခေါင်ချုပ်ကြီးလို့ ခေါ်ခိုင်းနေပြီ။ ဘယ်လိုတောင် မောက်မာပြီး အတင့်ရဲ လိုက်သလဲ။ ဒါက ယန်ယင်းရဲ့ ကျင့်ကြံဆင့်ကြောင့် သူ့ကိုယ်သူ ပိုပြီးတော့ ယုံကြည် သွားလို့ပဲ။

“နတ်သခင် ခေါင်ချုပ်ကြီးတဲ့လား။” ဧကရီ ပိုင်ကျစ်ရဲ့ အမူအယာက တခြားသူတွေထက် ပိုပြီး တည်ငြိမ် နေခဲ့တယ်။ တကယ်တော့ ရှေးအချိန်က သုံးခဲ့တဲ့ စကားတွေကို သူပိုပြီးတော့ နားလည်တယ်လေ။

“အင်း။ အခုက စပြီးတော့ ငါ့ကို (လေဟာနယ် ဖြိုခွင်း နတ်သခင်)လို့ ခေါ်ရမယ်။” အင်အားကြီး နတ်ဆိုးက လူတွေရဲ့ အမူအယာကို လုံး၀ ဂရု မစိုက်ခဲ့ဘူး။ ယန်ယင်းကို ကြည့်လိုက်ရင်း သူပုံမှန် အတိုင်း ပြောတယ်။ “နတ်သခင်နဲ့ သုခမိန်ကြားက ကွာခြားချက်ကို မင်းသိလား။”

“မဟုတ်တမ်း တရားတွေ ပြောနေတာ ရပ်လိုက်။” ယန်ယင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ သူ့ခန္ဒာကိုယ် တစ်ခုလုံးကို အလင်းတန်းတွေ လွှမ်းခြုံ သွားတော့တယ်။

ဧကရီ ပိုင်ကျစ်နဲ့ တိုက်ပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထား ခဲ့တာကြောင့် ယန်ယင်းရဲ့ အစွမ်းက ပုံမှန်ထက် ကျဆင်း နေခဲ့တယ်။ သူ့ရဲ့ လက်တွေကို နောက်တစ်ခေါက် ဝေ့ယမ်း ပြန်ပြီ။ လှည့်ပတ်နေတဲ့ လက်ဝါးရာ နှစ်ခုက သူ့ခန္ဒာကိုယ် ပတ်လည်မှာ ပေါ်လာတော့တယ်။ ခမ်းနားမှုနဲ့ အရှိန်အဝါတွေက ပတ်ဝန်းကျင် လေထုကိုတောင် လှုပ်ရှား သွားစေခဲ့တယ်။

“ကြည့်ရတာ မင်းမသိသေးတဲ့ ပုံပဲ။” အင်အားကြီး နတ်ဆိုးရဲ့ အပြုံးက ပိုပြီးတော့ အေးစက် လာခဲ့တယ်။ ဒီအချိန်မှာပဲ သူ့ညာလက်ကို နောက်တစ်ခေါက် လှုပ်ရှားပြန်တယ်။ တောက်ပမှု အများကြီး မရှိတဲ့ လက်ဟန်နဲ့ ယန်ယင်းကို ရိုက်ထုတ်လိုက်တယ်။ ထွက်ပေါ်လာတဲ့ အင်အား လှိုင်းတွေက ရင်းနှီးတဲ့ လှိုင်းတွေတော့ မဟုတ်ခဲ့ဘူး။

အင်အားကြီး နတ်ဆိုး သူ့ရဲ့ ညာလက်ကို လှုပ်ရှားလိုက်ချိန်မှာပဲ အနက်ရောင် အရိုးဆူးချွန်လေးက လေထဲမှာ ပျောက်ကွယ် သွားတော့တယ်။ အရမ်းကို မြန်ဆန်လွန်းတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ လုံးဝမလှုပ်ရှား ခဲ့ဘူး။ မျက်လုံး ပြူးကြီးနဲ့သာ ရှိနေခဲ့တယ်။

သူက ကောင်းကင် ပြန်လည် မွေးဖွားမှု တာအိုကြောင့် လေဟာနယ် အပြောင်းလဲတွေကို ခံစားနိုင်စွမ်းက မြင့်မားလွန်းတယ်။ ဒါ့အပြင် လေဟာနယ် ခွဲခြား နတ်ဆိုးနဲ့ မနီးမဝေး နေရာမှာ သူရောက်နေခဲ့တာလေ။

“အရှိန်လား။ မဟုတ်နိုင်ဘူး။” ဆူးချွန်ပျောက်ကွယ် သွားတဲ့ အကြောင်းရင်းကို သူစဉ်းစား နေခဲ့တယ်။ အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ပျောက်ကွယ် သွားမှန်းတော့ သူနားလည်တယ်။ ဒါပေမယ့် ကွာခြားချက်ကိုလဲ ခပ်မြန်မြန်ပဲ တွေးမိလိုက်တယ်။

အရှိန်နှုန်းက ပါဝင်ပစ္စည်း တစ်ခုပဲ။ မမြင်ရတဲ့ လေလှိုင်းတွေလဲ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်ရတယ်။ အခု ပျောက်ကွယ်သွားတဲ့ ပုံစံက လေလှိုင်းတွေကိုလဲ သုံးမသွားခဲ့ဘူး။ ဖန်ကျန်းရှီက ကောင်းကင်တာအိုကို တတ်ကျွမ်းတဲ့ လူတစ်ယောက် အနေနဲ့ ဒါမျိုးကို လန့်မနေသင့်ဘူး။ သူ့ရဲ့ ကောင်းကင် သက်ဆင်း နည်းလမ်းကလဲ ဒါမျိုး လုပ်နိုင်တယ်လေ။

ဆူးချွန် ပျောက်ကွယ် သွားပြီး တစ်ချိန်တည်းမှာပဲ ယန်ယင်းရဲ့ ခြေ၇လှမ်း အကွာမှာ နောက်တစ်ခေါက် ပေါ်လာတော့တယ်။

မှင်လိုမှောင်မည်းနေတဲ့ အရာ။ စက္ကန့်ပိုင်း အတွင်း ပျောက်ကွယ်တယ်။ ရွှပ်။ အသံက မကျယ်ခဲ့ဘူး။ နောက်တစ်ခေါက် လေထဲမှာ ပျောက်ကွယ် သွားပြီးနောက် လေဟာနယ် ဖြိုခွင်း နတ်ဆိုးသခင်ရဲ့ လက်ထဲကို ပြန်ရောက်လာတော့တယ်။ ဒီဓားမြှောင်ပေါ်မှာ သွေးစသွေးနတွေ ရှိနေခဲ့တယ်။ ဒီသွေးစက်တွေက နတ်သစ်ပင်ပေါ်ကို တစ်စက်စက် စီးကျတယ်။

မကြာခင်ပဲ ဓားမြောင်က ချက်ခြင်း သန့်ရှင်းပြီး မှင်လို မည်းမှောင်တဲ့ ပုံစံ ပြန်ရောက် သွားခဲ့တယ်။ ထူးဆန်းတဲ့ မြင်ကွင်း ဖြစ်သွားတာက မြန်လွန်းတယ်။ မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ သုခမိန်တွေတောင် တအံ့တသြ စိုက်ကြည့်နေဆဲ။ ဒီသွေးတွေက ဘယ်သူ့သွေးတွေမှန်း သူတို့ ကောင်းကောင်း သိကြတယ်။

“ယန်ယင်း။”

“အကြီးအကဲ ယန်။”

အားလုံးက အထိတ်တလန့် အော်နေချိန်မှာ၊ ယန်ယင်းလဲ ခေါင်းငုံ့ရင်း ပြန်ကြည့်လိုက်မိတယ်။ သူ့ရင်ဘတ်မှာ သွေးတွေ စီးကျနေတဲ့ အပေါက်လေး တစ်ပေါက် ရှိနေခဲ့တယ်။ မြန်လိုက်တဲ့ တိုက်ခိုက်မှု။ မြန်ဆန်လွန်းလို့ နာကျင်မှုကိုတောင် ယန်ယင်း မခံစားရဘူး။

“ဒီတော့ ဒါက နတ်သခင်ရဲ့ စွမ်းအားပေါ့။” ယန်ယင် မယုံနိုင်တဲ့ ပုံစံ ဖြစ်သွားခဲ့တယ်။ ဒီဓားရဲ့ လာလမ်းကိုတောင် သူမမြင်လိုက်ဘူး။

အရေးအကြီးဆုံးကတောာ့ သူ့ပတ်ပတ်လည်ကို အလင်းဒိုင်းကြီးက ဝန်းရံ ထားတာပဲ။ ဒါက သုခမိန် အထွဋ်အထိပ် အဆင့် သူ့အတွက် အသန်မာဆုံး ခုခံစစ် တစ်ခုပဲ။ ဒါပေမယ့် လေဟာနယ် ခွဲခြား နတ်ဆိုးရဲ့ မျက်လုံး ထဲမှာတော့ ဒါတွေ အားလုံးက အရေးမပါခဲ့ဘူး။ လှုပ်ရှားမှု ကြီးတွေနဲ့လဲ ဘယ်သူ့ကိုမှ အံ့သြအောင် မလုပ်ခဲ့။ လက်မြှောက်ပြီး လက်ကို ပြန်ချ လိုက်ရုံပဲ။

“ကြည့်ရတာ မင်းက နတ်သခင်နဲ့ သုခမိန်ကြား ကွာခြားချက်ကို သိသွားရုံတင် မကဘူး၊ တိုက်ပွဲ အစစ်ကိုပါ နားလည် သွားပုံပဲ။” ညာလက်ကို ပြန်ချလိုက်ရင်းနဲ့ ကောင်းကင်က တံခါး နှစ်ချပ်ကို မော့ကြည့်ရင်း သူပြောတယ်။ “တကယ့် တိုက်ပွဲ အစစ်ကို ကြုံတွေ့ဖူးတဲ့ နတ်ဆိုးနဲ့ မိစ္ဆာတွေပဲ ဒါကို နားလည်နိုင်တယ်။ တကယ်တော့ တိုက်ပွဲကြီးကို ပြီးဆုံးစေဖို့ အံ့သြအစရာ “နည်းလမ်းတွေ သုံးစရာ မလိုဘူး။ လူတစ်ယောက်ကို သတ်လိုက်ဖို့ပဲ လိုအပ်တာ။”

“လူတစ်ယောက်ကိုပဲ သတ်လိုက်ဖို့ လိုတယ်။”

စောင့်ကြည့်နေသူတွေ အားလုံး ဖြူဖျော့ သွားတော့တယ်။ မိစ္ဆာနဲ့ နတ်ဆိုး မုခ်ဝကနေ ထွက်လာတဲ့ နတ်ဆိုးက ဘယ်လို နတ်ဆိုး ဖြစ်မယ်မှန်း သူတို့ နောက်ဆုံးမှာ နားလည် သွားကြပြီ။

“အကြီးအကဲယန်။”

“အဖိုးကြီးယန်။ မင်းအခု သေလို့ မဖြစ်ဘူး။”

သုခမိန် အထွဋ်အထိပ် အဆင့်မှာ ရှိနေတဲ့ လူတစ်ယောက်က အားလုံးရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ဧကရီ ပိုင်ကျစ်ကိုတောင် ခုခံ နိုင်ခဲ့တယ်။ ဒါပေမယ့် လေဟာနယ် ဖြိုခွင်း နတ်ဆိုးသခင်နဲ့ ကြုံတွေ့ ရချိန်မှာတော့ ခုခံနိုင်စွမ်းတောင် လုံး၀ မရှိတော့ဘူး။

ဒါက ကပ်ဆိုက်တာပဲ။ အရမ်း အင်အားကြီးလွန်းတယ်။ ဧကရီ ပိုင်ကျစ်နဲ့ တိုက်ခိုက်နေတဲ့ အချိန် သူတို့ရဲ့ စိတ်ခွန်အားကို သုံးပြီးတော့ ဆက်တိုက် တိုက်ခိုက်ခဲ့တယ်။

လေဟာနယ် ဖြိုခွင်း နတ်ဆိုးနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဒီစိတ်ခွန်အားက ပျောက်ကွယ် သွားခဲ့ပြီ။ လေဟာနယ် ဖြိုခွင်း နတ်ဆိုးသခင်ရဲ့ အင်အားက သာမာန် မဟုတ်ခဲ့ဘူး။ အရမ်းကို အန္တရာယ်များလွန်းတယ်။ အန္တရာယ် များလွန်းလို့ သူ့ခန္ဒာကိုယ်က ထုတ်လွှတ်နေတဲ့ အရှိန်အဝါနဲ့တင် တိုက်ခိုက်လို စိတ်တွေကို ပျောက်ကွယ် သွားစေပြီ။

ဒါက သုခမိန်နဲ့ နတ်သခင်ကြားက ကွာခြားချက်လား။

အပိုင်း (၈၈၉) ပြီး၏။

အပိုင်း (၈၉၀)

“ဧကရာဇ်ဟွမ် ဝင်စားတဲ့ သူရဲကောင်း တစ်ယောက် အဖြစ်။”

ဝုန်း။ ယန်ယင်း မြေပြင်ပေါ်ကို ဒူးထောက်လျက်သား ကျသွားခဲ့တယ်။ ဒါမျိုးက သူ့လို ဂုဏ်သိက္ခာနဲ့ လူတစ်ယောက် အတွက် လုပ်လေ့ မရှိတဲ့ လုပ်ရပ်ပဲ။ လုံး၀ တောင့်မခံ နိုင်တာကြောင့်သာ မဟုတ်ရင် သေချာပေါက် ဒီလို လုပ်မှာ မဟုတ်ဘူး။

ယန်ယင်းရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျနေပြီး မျက်နှာတစ်ခုလုံးလဲ ချွေးသီး ချွေးပေါက်တွေ ပြည့်နှက် နေခဲ့တယ်။

“အကြီးအကဲယန်။”

“အဖိုးကြီးယန် တောင့်ခံထား။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်ရဲ့ အသံတွေ ထွက်ပေါ် လာခဲ့တယ်။ သူတို့တွေ မျက်လုံး အပြူးသား။

တိုက်ခိုက်မှု တစ်ခုတည်းက ယန်ယင်းကို ပြိုလဲ သွားစေတယ်။ လေဟာနယ် ဖြိုခွင်း နတ်ဆိုး သခင်ရဲ့ စွမ်းအားတွေက သူတို့ ထင်ထား တာထက်တောင် လုံး၀ ကျော်လွန် နေခဲ့ပြီ။ ဒီလို ကြောက်စရာ ကောင်းတာမျိုးကို ဘယ်လို ဖော်ပြရမယ်မှန်း မသိတော့တဲ့ အထိပဲ။

စိတ်ဖိစီးတယ်။ အရမ်းကို စိတ်ဖိစီးနေတယ်။ လေဟာနယ် ဖြိုခွင်း နတ်သခင်ကတော့ နေရာမှာတင် မလှုပ်မယှက် ရပ်နေဆဲ။ သူ့ရဲ့ ဖြစ်တည်မှုကတင် ကြောက်စရာ ကောင်းတဲ့ အရှိန်အဝါတွေ ပြည့်နှက် နေပြီးသား။

“ဒီတော့ နောက်ထပ် ဘယ်သူလဲ။” လောဟာနယ် ဖြိုခွင်း နတ်သခင်က မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ ချင်းယွိကို ကြည့်တယ်။ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ “တကယ်တော့ ငါနဲ့ ကျန်းကျိက အတော်ခင်တယ်။”

“အင်း။ ငါလဲ သူနဲ့ ခင်တာပဲ။” ဖန်ကျန်းရှီက တည်ငြိမ်မှု အပြည့်နဲ့ ခေါင်းငြိမ့်ရင်း ပြောတယ်။ တချက်လေးတောင် လန့်မသွားခဲ့ပဲ သူ့အမူအယာက တည်ငြိမ် နေခဲ့တယ်။

“…”

“…”

ဒီလို လူမျိုးက စကား တစ်ခွန်းနဲ့တင် ဘယ်လောက်ထိ မျက်နှာပြောင် တိုက်ပြီး အရှက်မရှိလဲ ဆိုတာ သိသာစေနိုင်တယ်။ ထင်ထင်ရှားရှားကို ဖန်ကျန်းရှီက အဆုံးမဲ့ အရှက်မရှိတဲ့ လူတစ်ယောက်ပဲ။ ဒီအချိန်မှာ မုချင်းဖန်းနဲ့ မော့ရှန်းရှီတင် မကဘူး။ လေဟာနယ် ဖြိုခွင်း နတ်ဆိုးတောင် ဆွံ့အသွားခဲ့တယ်။

“ကြည့်ရတာ ငါ့ကို မယုံတဲ့ပုံပဲ။” ဖန်ကျန်းရှီ ပြုံးရင်း ပြောလိုက်ပြန်တယ်။

“ငါက မင်းကို ယုံမယ် ထင်နေတာလား။” လေဟာနယ် ဖြိုခွင်း နတ်ဆိုးက အတော့်ကို စိတ်မရှည်နိုင် ဖြစ်နေခဲ့ပင်မယ့်၊ အားတင်းပြီး ပြုံးရင်း ဖန်ကျန်းရှီကို ပြန်မေးတယ်။

“အင်း။ တကယ်တော့ ဝန်ခံဖို့ မလွယ်လှဘူး။ ငါ့ရဲ့ တကယ့် ဇစ်မြစ် အစစ်ကို ပြောလိုက်ရင်တော့ မင်းယုံသွားလိမ့်မယ်။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြောနေခဲ့တယ်။

“တကယ့် ဇစ်မြစ် အစစ်တဲ့လား။” လေဟာနယ် ဖြိုခွင်း နတ်ဆိုး စိတ်ရှုပ်ထွေး သွားတော့တယ်။ တစ်ခဏတာ စဉ်းစားပြီးနောက် သူပြန်ဖြေတယ်။ “ကောင်းပြီ။ ငါကြားချင်တယ်။”

“ဇာတ်လမ်းရှည်ကြီး တစ်ခုပဲ။”

“ဒါဆို လိုရင်း တိုရှင်းပြော။”

“ကောင်းပြီ။ ဒါပေမယ့် ငါ့ရဲ့ ဇစ်မြစ်ကို မပြောခင် တစ်ခု သိထားရမှာ ရှိတယ်။ ငါ့လို လူငယ်လေးက လောကရဲ့ အင်အား အကြီးဆုံး ဖြစ်တည်မှုတွေ ကြားမှာ ရပ်နေတာ ထူးဆန်းနေတယ်လို့ မင်းမထင်ဘူးလား။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ဆက်ပြောတယ်။

“အင်း။ မင်းက သူတို့ထက် ပိုထူးခြားတယ်လို့ ပြောချင် နေတာလား။” လေဟာနယ် ဖြိုခွင်း နတ်ဆိုးက မျက်လုံးတွေကို မှေးစင်းရင်း မေးလိုက်တယ်။

“ဒါမျိုး ဖြစ်နိုင်တယ်လို့ ယုံလား။”

“မဖြစ်နိုင်ဘူး။ လိုရင်းကိုပြော မင်းရဲ့ ဇစ်မြစ် အစစ်က ဘာလဲ။”

“တကယ်တော့ ငါက ဧကရာဇ်ဟွမ် ဝင်စားတဲ့သူ။”

ဖွီး။ ယန်ယင် တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ယင်ပြီး သွေးအန်တော့တယ်။ ဖန်ကျန်းရှီရဲ့ စကားတွေကြောင့်လား သူ့ခန္ဒာကိုယ်ကြောင့်လား ဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ဘူး။ တကယ်တော့ ယန်ယင်တင် မကဘူး။ မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ ချင်းယွိတောင် ပါးစပ်ထဲမှာ သွေးတွေ ရှိနေရင် အန်ထုတ် မိမှာပဲ။

ဖန်ကျန်းရှီက ဘယ်လိုများ ဒီလောက်ထိ အရှက်မရှိနိုင်ရ တာလဲ။ ဧကရာဇ်ဟွမ် ပြန်ဝင်စားတာလဲ။ ဒီကောင်စုတ်လေး အရေထူတာကို ဘာနဲ့များ နှိုင်းလို့ ရနိုင်မလဲ။ နောက်ပြီးတော့ ရုပ်တည်ကြီးနဲ့ ပြောနေတာ။

သူ့ရဲ့ မဟုတ်တမ်းတရား စကားတွေကို ယုံဖို့ ဆိုရင် သေချာပေါက် ရူးနေတဲ့သူ။ ဒါမှမဟုတ် အရူးလောကမှာ နေတဲ့သူပဲ ဖြစ်ရမယ်။ ဖန်ကျန်းရှီက လေဟာနယ် ဖြိုခွင်း နတ်ဆိုးသခင်ကို အရူးလို ဆက်ဆံ နေတာလား။

“ဟ ဟားဟား။” တစ်ခဏတာ ကြောင်အ သွားပြီးနောက် လေဟာနယ် ဖြိုခွင်း နတ်သခင်က ရယ်မောတော့တယ်။ ရူးရူးသွပ်သွပ် ရယ်မောပြီးနောက် သူ့ရဲ့ မျက်နှာက မည်းမှောင် အေးစက် သွားပြန်တယ်။ “မဟုတ်တမ်း တရားတွေ ရပ်သင့်ပြီ။ ပြန်ဝင်စားတဲ့ ဧကရာဇ် ဟွမ်က ငါ့ကို ဘယ်လို အံ့သြစရာတွေ လုပ်ပေးနိုင်မလဲ ဆိုတာ မြင်ချင်နေပြီ။”

လေဟာနယ် ဖြိုခွင်း နတ်ဆိုးသခင်က ဖန်ကျန်းရှီကို မယုံကြည်ခဲ့ဘူး။ ဖန်ကျန်းရှီလဲ မအံ့သြ ပါဘူး။ အရေးအကြီးဆုံးက သူအသက်ရှင် နေတုန်းလေ။ တစ်ခါတည်း သေသွား ရတာထက် စကား နည်းနည်းပြောပြီး အချိန်ဆွဲ ထားနိုင်တာက တစ်ခုခု ရလိုက်တာနဲ့ အတူတူပဲ။

ပျော်ရွှင်မှုက ရောင့်ရဲတင်းတိမ်တဲ့ စိတ်နဲ့ ဆက်စပ်နေတယ်။ ဖန်ကျန်းရှီက ဘယ်လို ရောင့်ရဲရမယ် ဆိုတာကို သိတဲ့သူ။ ဒါ့အပြင် ရောင့်ရဲမှုကို ရအောင်လုပ်ဖို့ နည်းလမ်းတွေ အများကြီးလဲ သူ့မှာ ရှိသေးတယ်။

“ငါ့ကို သတ်ချင်တာလား။” ဖန်ကျန်းရှီ အလန့်တကြား မေးလိုက်တယ်။

“သတ်လို့ မရဘူးလား။” လေဟာနယ် ဖြိုခွင်း နတ်ဆိုးသခင်က အေးစက်စက် ပြုံးရင်းမေးတယ်။ ဖန်ကျန်းရှီကို မောက်မာမှု အပြည့်နဲ့ သူကြည့်နေခဲ့တယ်။ ဘီလူးကြီး တစ်ကောင်က ပုရွက်ဆိတ် ကလေးကို ကြည့်နေ သလိုပဲ။

“ဒါပေါ့။ သတ်လို့ ရတယ်။ ဒါပေမယ့် နတ်ဆိုးမျိုးနွယ်မှာ အင်အား အကြီးဆုံးသူက လွှမ်းမိုးနိုင်တယ် ဆိုတဲ့ စည်းမျဉ်း ရှိတယ် မဟုတ်လား။”

“ကံမကောင်းစွာနဲ့ မင်းက နတ်ဆိုး မဟုတ်ခဲ့ဘူး။”

“ဒါပေမယ့် ယွင်ချင်းဝူကတော့ နတ်ဆိုး။” ယွင်ချင်းဝူကို လက်ညှိုးထိုးပြရင်း ဖန်ကျန်းရှီ ပြောတယ်။

“ဟုတ်တယ်။ သူက နတ်ဆိုး။ အဲ့တာ မင်းနဲ့ ဘာဆိုင်လဲ။”

“အစောပိုင်းတုန်းက လောင်းကြေးထပ်ခဲ့တယ် မဟုတ်လား။ နောက်ဆုံး အချိန်ထိ ဒီမှာ တောင့်ခံ နိုင်တဲ့သူက အင်အား အကြီးဆုံး ဖြစ်မယ်လို့လေ။ မှန်တယ်ဟုတ်။” ဖန်ကျန်းရှီ မေးလိုက်တယ်။

“အဲ့ဒီ့တော့။” လေဟာနယ် ဖြိုခွင်း နတ်ဆိုးသခင်က တိုက်ရိုက် မဖြေခဲ့ဘူး။

“ယွင်ချင်းဝူနဲ့ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် ပြီးမှတော့ ယွင်ချင်းဝူရဲ့ စည်းမျဉ်းတွေကို လိုက်နာသင့်တယ်။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“သူ့နည်းလမ်းတွေကို ဘယ်လို လိုက်နာရမှာလဲ။”

“ကောင်းပြီ။ ယွင်ချင်းဝူက အဲ့ဒီ့မှာ ရပ်နေတယ်။ ဘာလက်နက်မှလဲ သုံးမထားဘူး။” ယွင်ချင်းဝူ လက်ဗလာ ဖြစ်နေတာနဲ့ နတ်ဆိုးသခင် လက်ထဲက ဓားမြှောင်ကို လက်ညှိုးထိုးပြရင်း ဖန်ကျန်းရှီ ပြောတယ်။

“ဟ ဟား။” နတ်ဆိုးသခင် ရယ်မော နေတဲ့ အတွက် သူ့ခန္ဒာကိုယ်က လှုပ်ရှား နေခဲ့တယ်။ ဒါပေမယ့် မကြာခင်ပဲ ပြန်လည် တည်ကြည်သွားပြီး ဆက်ပြောတော့တယ်။ “ကောင်းပြီ။ မင်းပြောတာ မှန်တယ်။ ယွင်ချင်းဝူက ဘာလက်နက်မှ သုံးမထားဘူး။ အကယ်၍ ငါသာ လက်နက် သုံးလိုက်ရင် စည်းမျဉ်းတွေကို ဖောက်ဖျက်သလို ဖြစ်သွားလိမ့်မယ်။”

သူပြောလိုက်ချိန်မှာပဲ ဓားမြှောင်က ပျောက်ကွယ်သွားတော့တယ်။

ဒီမြင်ကွင်းက ကြည့်နေသူတွေကို စိတ်ရှုပ်ထွေး စေတယ်။ ဒီလို စကားလုံး နည်းနည်းလေးနဲ့ လေဟာနယ် ဖြိုခွင်း နတ်ဆိုးကို လက်နက်သိမ်းအောင် လုပ်နိုင်တယ်ပေါ့။

တခြားသူတွေ အားလုံးထက် ဖန်ကျန်းရှီ ဘယ်လောက်တောင် အရှက်မရှိမှန်း လူတိုင်း နားလည်ကြတယ်။ ဒါပေမယ့် ဒီလို အရှက်မရှိမှုထဲမှာ မငြင်းသာတဲ့ ထက်မြက်မှုတွေလဲ ရှိနေတာကို လူတိုင်း ပိုနားလည်ကြတယ်။

ယွင်ချင်းဝူကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း နှုတ်ခမ်းတွေ လှုပ်နေခဲ့တယ်။ သူမ တစ်ခုခု ပြောချင်နေပုံပဲ။ နောက်ဆုံးမှာတော့ မပြောခဲ့ဘူး။ ယွင်ချင်းဝူစိတ်ထဲ ဘာတွေ တွေးနေမှန်း ဘယ်သူမှ မသိနိုင်ခဲ့။

ယွင်ချင်းဝူရဲ့ စကားတွေက နတ်ဆိုးသခင်ကို လက်နက် ပြန်ထုတ်စေနိုင်မှန်း အားလုံး သိကြတယ်။ ဒါပေမယ့် ယွင်ချင်းဝူ မပြောခဲ့တဲ့ အတွက် လက်နက် ထုတ်လာတာလဲ မရှိတော့ဘူး။

“ဒီတော့ နောက်ထပ် ပြဿနာ ထပ်မရှိတော့ဘူး မဟုတ်လား။” နတ်ဆိုး သခင်က ယွင်ချင်းဝူကို ကြည့်ရင်း ပြောလိုက်တယ်။

“ပြဿနာ ထပ်ရှိသေးတာပေါ့။”

“ဘာပြဿနာလဲ။” နတ်ဆိုးသခင် မျက်လုံးတွေကို မှေးစင်းရင်း ပြောလိုက်တယ်။ သူ့ရဲ့ သည်းခံနိုင်စွမ်းက ကန့်သတ်ချက်ကို ရောက်နေခဲ့ပြီ။

“ယွင်ချင်းဝူက ကြယ်တာရာ စုဝေးမှု အဆင့်ပဲ ရှိသေးတယ်။ ဒီတော့ ကျင့်ကြံဆင့်ကို သေချာပေါက် လျော့ထားသင့်တယ်။”

“ငါသဘောမတူရင်ကော။”

“သဘော မတူလဲ ကိစ္စ မရှိဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ပြန်ကြည့်သင့်တယ်။ ယွင်ချင်းဝူကိုပဲ ကြည့်။ ဘာအကာအကွယ် သံချပ်ကာမှ မသုံးထားဘူး။ ဝတ်စုံကို ပြန်လဲသင့်ပြီ။”

“အဓိပ္မာယ်မရှိတာတွေ။”

“ကောင်းပြီလေ။ တကယ်တော့ ငါပြောချင်တာ။ ငါက တကယ့်ကို ဧကရာဇ်ဟွမ် ဝင်စားတဲ့သူ။ ငါ့ကို ဆန့်ကျင်ရင် မင်းသေချာပေါက် အန္တရာယ် ကြုံရလိမ့်မယ်။ နောင်တရဖို့ အချိန်မလင့်သေးဘူး။”

“…”

“…”

အရှက်မရှိနိုင်စွမ်းက ဒီလောက်အထိ ရောက်နေချိန်မှာတော့ ကြည့်နေသူတွေကို သေချာပေါက် စိတ်ရှုပ်ထွေး လာစေတာ အမှန်ပဲ။ ဥပမာ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်တောင် ထူးခြားချက်ကို ခံစား မိနေပြီ။ မကြာခင်ပဲ သူတို့ရဲ့ အတွင်းစွမ်းအားတွေ နည်းနည်းချင်း ပြန်ကောင်းလာတာကို ခံစား မိကြတယ်။

အချိန်ဆွဲနေတာ။ ဖန်ကျန်းရှီက အချိန်ဆွဲနေတာလား။ ဟုတ်တယ် ဆိုရင် ဘာအတွက် လုပ်နေတာလဲ။

“ကောင်စုတ်လေး၊ သေပေရော့။” လေဟာနယ် ဖြိုခွင်း နတ်သခင်က ဖန်ကျန်းရှီနဲ့ စကားပြောဖို့ စိတ်မဝင်စားတော့ဘူး။ သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ပြီး ဖန်ကျန်းရှီကို ရိုက်ချဖို့ ပြင်လိုက်တယ်။

“နေအုန်း။ နောက်ဆုံး ပြောစရာ တစ်ခု ရှိသေးတယ်။” ဖန်ကျန်းရှီက သူ့လက်ကို မြှောက်ရင်း ပြောတယ်။ အရမ်းကို ကြောက်လန့်ပြီး စိတ်ရှုပ်ထွေး နေပုံပဲ။

“ပြော။” လေဟာနယ် ဖြိုခွင်း နတ်ဆိုး သခင် အံကြိတ်ရင်း ပြန်ဖြေတယ်။

“အဲ့ဒီ့နေရာမှာ မလှုပ်ပဲ ရပ်နေမှာ သေချာလား။” ဖန်ကျန်းရှီက လေဟာမယ် ဖြိုခွင်း နတ်သခင် ရပ်နေခဲ့တဲ့ နေရာကို ကြည့်ရင်း နောက်တစ်လှမ်း ဆုတ်လိုက်တယ်။ ဒါကို မြင်ချိန်မှာ ကြည့်နေသူတွေ နားလည်သွားခဲ့တယ်။ ဖန်ကျန်းရှီက ထွက်ပြေးဖို့ လုပ်နေတာပဲ။

ဒီလို အခြေအနေမှာတော့ မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်က ဖန်ကျန်းရှီရဲ့ ရွေးချယ်မှု လွဲမှားတယ်လို့ မထင်ကြဘူး။ သူထွက်မပြေးခင် အချိန်မှာ နတ်ဆိုး သခင်ကို လက်နက် သိမ်းသွားအောင် လုပ်နိုင်ခဲ့တယ်လေ။ ဒီအတွက်တော့ ဖန်ကျန်းရှီကို ကျေးဇူး တင်ရမယ်။

ဒါ့အပြင် ဖန်ကျန်းရှီက အသက်၁၈ နှစ်ပဲ ရှိသေးတဲ့သူ။ သူတို့လို အဖိုးကြီးတွေထက် ပိုပြီးတော့ အလားအလာ ကောင်းတယ်။

“ဟုတ်တယ်။” နတ်သခင်က တိတ်ဆိတ် နေပြီးနောက် ခေါင်းငြိမ့်လိုက်တယ်။

“ကောင်စုတ်လေး။ ငါသူ့ကို ခုခံထားမယ်။” ဒီအချိန်မှာပဲ မော့ရှန်းရှီက သူ့တူကြီးကို ထုတ်လာပြီး နတ်ဆိုး ခေါင်းကို ထုချလိုက်တော့တယ်။

“ငါကောပဲ။” မုချင်းဖန်းလဲ သူ့ရဲ့ ဓားကြီးကို ဝေ့ယမ်းလိုက်တယ်။

သုခမိန် အဆင့်ရဲ့ အင်အား အကြီးဆုံး လူနှစ်ယောက်က အရမ်းကို ထက်မြက်ကြတယ်။ သူတို့တွေ ဖန်ကျန်းရှီကို ကူညီဖို့ ဆုံးဖြတ်လိုက်ကြပြီ။ ဒါက အံ့ဖွယ်သရဲပဲ။ ဒါပေမယ့် သုခမိန်နဲ့ တပည့်သားတွေကတော့ မအံ့သြခဲ့ဘူး။ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို သူတို့ ခံဏား မိပြီသား။

ဒီအချိန်မှာပဲ နဂါး တစ်ကောင်လို တောက်ပတဲ့ ခရမ်းရောင် အလင်းတန်းကြီးက သူတို့ ရှေ့ကို ရောက်လာပြီး သူတို့တွေကို မလှုပ်နိုင်အောင် တားမြစ်လိုက်တယ်။

“ဘာကြီး။” မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်လုံး လန့်သွားကြတယ်။ ဒါက ဖန်ကျန်းရှီရဲ့ ခြေရာမဲ့ဓားမှန်း သူတို့ အားလုံး သိပြီးသား။ ဘာဖြစ်လို့ ဖန်ကျန်းရှီ တိုက်ခိုက်မှန်း နားမလည် နိုင်တာ တစ်ခုပဲ။ သူတို့ နှစ်ယောက်လုံးရဲ့ အထက်မှာ ရှိတဲ့ လေထုကြီးက အရှိန်ပြင်းပြင်း တုန်ခါ နေတာကို ဒီအချိန်မှာပဲ ခံစား မိလိုက်တယ်။

ဝုန်း။ ခရမ်းရောင် ဓားအလင်းတန်းက သူတို့ ခေါင်းပေါ်မှာ ပေါက်ကွဲတော့တယ်။ ဒီအချိန်မှာပဲ ဒေါသတကြီး အသံကြီးကို ကြားလိုက်ရတယ်။

“ဖန်ကျန်းရှီ။” ဒီအသံက ဧကရီ ပိုင်ကျစ်ရဲ့ အသံ။ မုချင်းဖန်းနဲ့ မော့ရှန်းရှီ တိုက်ခိုက်မှာကို တားမြစ်လိုက်တဲ့ အတွက် သူမ ဒေါသထွက်နေတာပဲ။ သူမ အတွက်တော့ မော့ရှန်းရှီနဲ့ မုချင်းဖန်း နှစ်ယောက် ကိုယ့်သေတွင်း ကိုယ်တူးတာ ကိစ္စ မရှိဘူး။ သူမ အတွက်တောာ့ အရှုံး မရှိတဲ့ ကိစ္စပဲလေ။

ဒါ့အပြင် လေဟာနယ် ဖြိုခွင်း နတ်သခင်ရဲ့ စွမ်းအား အစစ်အမှန်ကိုလဲ လေ့လာနိုင်မယ့် အခွင့်ကောင်း ဖြစ်နေသေးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ တိုက်ခိုက်မှုက သူမကို လာထိတယ်။ သူမ စိတ်မဆိုးပဲ ဘယ်လို နေမှာလဲ။

“ငါ့ရဲ့ နာမည်ကောင်းကို လာလုချင်တယ်ပေါ့။ ထွက်သွားစမ်း။” ဧကရီ ပိုင်ကျစ် ဒေါသ ထွက်နေချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အရူး တစ်ယောက်လို အော်သံကြီးကို ကြားလိုက် ရတော့တယ်။

“နာမည်ကောင်း။” “ထွက်သွား။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်လုံး နားမလည်နိုင် ဖြစ်နေခဲ့ကြတယ်။ ဖန်ကျန်းရှီက ဘာကိုများ နာမည်ကောင်း ရချင်နေတာလဲ။ သူတို့တွေ မယုံနိုင်ခဲ့ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီ ပြောတဲ့ အတွက် မယုံချင်ရင်တောင် ယုံရမှာပဲ။

“တောက်ရှင်း ရန်ရွှယ့်ကို လွှတ်ပေးလိုက်။ သူသာ ဒဏ်ရာ တစ်ခုခု ရသွားရင် မင်းကို ငါခွင့်မလွှတ်ဘူး။” ဖန်ကျန်းရှီရဲ့ အသံကို ကြားလိုက်ရပြန်တယ်။ ဒီအချိန်မှာ သူ့ရဲ့ ခြေရာမဲ့ဓားကနေ ဆိုးသွမ်းတဲ့ ခရမ်းရောင် အလင်းတန်းတွေက ဖြာထွက် နေခဲ့တယ်။ ဒါတင်မကဘူး သွေးစက်တွေလဲ ဓားပေါ်မှာ ရျိနေခဲ့တယ်။

ဒီလို ပြင်းထန်တဲ့ သတ်ဖြတ်လို စိတ်တွေက နဂါး တစ်ကောင် ဟိန်းဟောက် နေသလိုပဲ။ တောက်ရှင်းကတော့ တစ်ခဏတာ မျက်လုံးပြူး နေခဲ့တယ်။ ဖန်ကျန်းရှီ အနားမှာ ရပ်နေခဲ့တဲ့ တောက်ဟွမ်လဲ အမူအယာ ပြောင်းလဲသွားတယ်။

ဟုတ်တယ်။ ဖန်ကျန်းရှီက ထွက်ပြေးဖို့ စိတ်ကူး မရှိဘူး။ ဒါ့အပြင် လေဟာနယ် ဖြိုခွင်း နတ်ဆိုး သခင်ကို ခုခံပြီး တခြားသူတွေ လွတ်မြောက်အောင် လုပ်ပေးချင်နေတာ။

“ဖန်ကျန်းရှီ မင်း။”

“ကောင်စုတ်လေး မင်းဘာတွေ လုပ်နေတာလဲ။”

မုချင်းဖန်းနဲ့ မော့ရှန်းရှီ နှစ်ယောက်က မယုံနိုင်ခဲ့ဘူး။ ဖန်ကျန်းရှီလို အရှက်မရှိတဲ့ လူတစ်ယောက်က ဘယ်လိုများ ထွက်ပြေးဖို့ အစီအစဉ် မရှိရတာလဲ။

“ထွက်သွား။” ဖန်ကျန်းရှီ ပြုံးလိုက်တယ်။ တကယ်တော့ သူရဲကောင်း ဖြစ်ဖို့ သူစိတ်ကူး မရှိခဲ့ဘူး။ ဒါပေမယ့် ယွင်ချင်းဝူက သူ့ကို လုံး၀ အလွတ်မပေးမှန်း သူနားလည် ထားခဲ့ပြီ။

ဒီတော့ နောက်တစ်ခေါက် သူရဲကောင်း ဖြစ်ရလဲ မဆိုးပါဘူးလေ။

အပိုင်း (၈၉၀) ပြီး၏။

All Chapters