← Chapters

အပိုင်း (၉၄၁-၉၅၀)

Vol. 10 Ch. 941-950

အပိုင်း (၉၄၁-၉၅၀)

Vol. 10 Ch. 941-950

အပိုင်း (၉၄၁)

“လောင်ကျွမ်းခြင်း၊ မနားနိုင်တဲ့ လူငယ်။”

“ပေးမယ်။ မင်းကလား။” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားခဲ့တယ်။ သူ့နောက်က အမှောင်ထုနဲ့ မျက်နှာတွေ နီရဲနေတဲ့ ပင်းယန်ကို သူကြည့်နေ မိတယ်။

နေစမ်းပါအုန်း။

ဒီမြင်ကွင်းက တစ်ခုခုတော့ လွဲနေပြီ။

သူက ပင်းယန်ကို အရေးကြီးတဲ့ ကိစ္စ ပြောနေတာ မဟုတ်ဘူးလား။ သူ့အမူအယာက အလေးအနက် မဖြစ်ဘူးလား။

လောကကြီးမှာ ဘာတွေ ဖြစ်နေတာလဲ။

“ငါက ငယ်သေးပင်မယ့်၊ နင်တကယ် လိုချင်ရင်၊ ပေးနိုင်ပါတယ်။” ပင်းယန် ဘာကို ဆိုလို ချင်တာလဲ။ လောကကြီးက ရုတ်တရက် မယုံနိုင်လောက်အောင် ပြောင်းလဲသွားသလို ဖန်ကျန်းရှီ ခံစား နေရတယ်။

နောက်ပြီးတော့ ပင်းယန် ဘာတွေ တွေးနေတာလဲ။ ဖန်ကျန်းရှီက ဖြောင့်မတ်တဲ့သူ။ သူ့ကို ဒီလို အခွင့်အရေး ယူတတ်တဲ့ လူစားမျိုး မှတ်နေတာလား။

ဟမ်။ အခုတော့ သူသေချာ ပြန်ကြည့်နေ ရပြီ။ ဒီငါးလ အတွင်းမှာ ပင်းယန်က နည်းနည်းတော့ ကြီးထွာလာ ခဲ့တယ်။ ဒါပေမယ့် ခြေထောက်တွေလဲ ပိုပြီးတော့ တုတ်လာတယ်။ နောက်ထပ် နေရာတွေကတော့။

ဖန်ကျန်းရှီက ပင်းယန်ကို ခေါင်းအစ ခြေအဆုံး သေချာ ကြည့်နေခဲ့တယ်။ ပထမ စတွေ့ခဲ့တဲ့ အချိန်နဲ့ ယှဉ်လိုက်ရင် ပင်းယန်က တကယ့်ကို ပြောင်းလဲ သွားပြီ။ သူမရဲ့ အရှိန်အဝါတွေက အရမ်းကို မိန်းမ ဆန်လာတယ်။ ဒါ့အပြင် သူမရဲ့ ပါးပေါ်မှာ ချယ်ရီပန်းရောင် ပါးနီလဲ ရှိနေသေးတယ်။

ဂလု။

ဖန်ကျန်းရှီ သတိလက်လွတ် ဖြစ်သွားခဲ့တယ်။

ပင်းယန်ကို မကြည့်မိအောင် သူ့ကိုယ်သူ တွန်းအားပေးပြီး ရပ်တန့်တယ်။ အဲ့ဒီ့နောက် နောက်ဘက်က မြက်ခြောက်တွေကို သူကြည့်တယ်။ အတွေး တစ်ခုက ဖန်ကျန်းရှီရဲ့ စိတ်ထဲကို ဝင်ရောက်လာတယ်။ အဲ့တာကို ဒီနေရာမှာ လုပ်လိုက်ရင် တကယ် စိတ်ဝင်စားစရာ ကောင်းမှာပဲ။

ဒီအတိုင်း ရေလိုက် ငါးလိုက် သွားရမလား။

နည်းနည်းတော့ ကြမ်းတမ်း ပေမယ့်ပေါ့။

ဖန်ကျန်းရှီ ဒါကို တွေးနေ ချိန်မှာပဲ ပင်းယန်ရဲ့ အသံကို ကြားလိုက်ရတယ်။ အစောပိုင်း ရှက်ရွံ့မှုနဲ့ ယှဉ်လိုက်ရင်၊ သူမက နည်းနည်းတော့ ကြောက်နေပုံပဲ။

“အရှက် မရှိတဲ့ ကောင်စုတ်။ ငါတို့တွေက တရားဝင် လက်မထပ် ရသေးဘူး။ တခြားသူတွေက ငါ့ကို မကောင်းမြင်ပြီး၊ မသန့်စင်တော့ဘူးလို့ ပြောကြရင် ဘယ်လို လုပ်မလဲ။” ပင်းယန်က ဖန်ကျန်းရှီကို မျှော်လင့်တကြီး ကြည့်နေပြန်တယ်။

ဖန်ကျန်းရှီကတော့ အရမ်းကို တုန်ယင် သွားခဲ့တယ်။

မီးပုံထဲကို ရေပုံး တစ်ပုံ လောင်းချ လိုက်သလိုပဲ။

အယုတ်တမာကောင်။ သူဘာတွေ တွေးမိတာလဲ။

ပထမဆုံး ပင်းယန်က ၁၅နှစ်ပဲ ရှိသေးတယ်။ အခုချိန်ထိ အရွယ် မရောက်သေးဘူး။ ဒါ့အပြင် ပင်းယန်က သူ့အသက်ကိုတောင် ရင်းပြီး အရှင်ရှဲ့လော့ လက်ကနေ ကယ်ခဲ့သေးတယ်။ ပင်းယန်ကို ထိခိုက်မယ့် ကိစ္စ တစ်ခုခုကို သူဘယ်လိုများ လုပ်နိုင်မှာလဲ။

ဖန်ကျန်းရှီက ပင်းယန်ကို မစိုးရိမ်အောင် နှစ်သိမ့် ပေးနိုင်ပေမယ့်၊ သူဘယ်လိုများ ပြောရမှာလဲ။

လူတွေက သားရဲကောင်တွေထက်တောင် ဆိုးနိုင်တယ်။ လူသား တစ်ယောက်ရဲ့ ကန့်သတ်ချက်ကိုတော့ သူကျော်လွန်လို့ မရဘူး။ ပင်းယန် ပြောခဲ့ သလိုပဲ။ သူတို့က တရားဝင် လက်မထပ် ရသေးဘူးလေ။ ဘယ်လိုလုပ် တခြားသူတွေရဲ့ အမြင်ကို စောင်းစေလို့ ရမှာလဲ။

အရင်လောကမှာ လူတွေက ဒီလောက် အထိ ဆိုးဆိုးဝါးဝါး မပြောကြ တော့ဘူးလေ။ အခု ခေတ်ကာလ လောကမှာတော့ မတူညီဘူး။

ဒါ့အပြင် ပင်းယန်က ကြီးမြတ်သော ရှနိုင်ငံတော်ရဲ့ မင်းသမီး။ လင်းယွမ် မျှော်စင်ရဲ့ မျှော်စင် အရှင်သခင်ငယ်။ ဒီလိုမျိုး ဂုဏ်သတင်း မြင့်မားတဲ့ သူကို ဘယ်လိုများ ပြဿနာ ဖြစ်စေလို့ ရမှာလဲ။

နောက်ထပ် ပြဿနာ တစ်ခု ရှိသေးတယ်။ ပင်းယန်က ဆိုးဆိုးသွမ်းသွမ်း ကောင်မလေး။ အခုချိန်မှာသာ ကောင်းကောင်းမွန်မွန် ပြုမူ နေပင်မယ့်၊ သူမကို လက်ထပ် ပြီးရင် ဘာတွေ ဖြစ်လာနိုင်မှန်း မိုးနတ်မင်းသာ သိလိမ့်မယ်။

ဖန်ကျန်းရှီက ဒီကိစ္စကို အတွေ့အကြုံ မရှိဘူး။ ဒါပေမယ့် တစ်ချို့ အရာတွေကို ကြားဖူးတယ်လေ။ လက်မထပ် ခင်မှာ ငှက်ငယ်လေး တစ်ကောင် ဖြစ်ခဲ့ပေမယ့်၊ လက်ထပ် ပြီးချိန်မှာတော့ ကျားတစ်ကောင် အဖြစ် ပြောင်းလဲ သွားတယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင် စကား မပြောတော့ဘူး။ စိတ်ဆိုး သွားတာလား။ တကယ်တော့ ငါ အများကြီး မတွေး မိပါဘူး။ အဲ့တာက စိတ်ထဲ ရောက်လာရုံပဲ။” ဖန်ကျန်းရှီ တိတ်ဆိတ် နေတာကို မြင်ချိန်မှာတော့ ပင်းယန်က စိတ်ရှုပ်ထွေး လာတော့တယ်။ ဖန်ကျန်းရှီ ဆီကို ဖြည်းဖြည်းချင်း တိုးကပ်လာတယ်။

ဖန်ကျန်းရှီကတော့ မျက်မှောင်ကြုတ်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့အနားကို ကပ်လာတဲ့ ပင်းယန်က အင်္ကျီ ချွတ်လိုက်တာ ကြောင့်ပဲ။ အတွင်းဘက်က အနီစင်းကျား အတွင်းခံတောင် ပေါ်နေခဲ့ပြီ။

ဒါကိုတောင် ချွတ်ပြစ်ဖို့ အသင့် ဖြစ်နေခဲ့တယ်။

“ငလူးပဲ။ သူ ဘာဖြစ်လို့ ဒီလောက်တောင် လေးနက် နေရတာလဲ။” ဖန်ကျန်းရှီက ချက်ခြင်း ထရပ်ပြီး ဂူအပြင်ကို ထွက်သွားတော့တယ်။

ဒါက ပင်းယန်ကို ရပ်တန့် သွားစေခဲ့တယ်။ သူမက ထိတ်လန့် သွားပုံပဲ။ မျက်ဝန်းတွေထဲမှာ မယုံနိုင်မှုတွေ အထင်းသား။

လေထုကြီး တစ်ခုလုံးက ထူးဆန်း လာခဲ့တယ်။ အသက်ရှူသံ ပြင်းပြင်းတွေကို ဂူထဲမှာ ကြားနေရတယ်။ မီးပုံကြောင့် ဂူရဲ့ အပူချိန်က မြင့်တက်လာတယ်။ မျက်နှာကိုတောင် လောင်ကျွမ်း တော့မလိုပဲ။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ လှည့်ကြည့်မိတယ်။

သူလှည့်လိုက်ပြီး အရမ်းကို တောက်ပတဲ့ အပြုံးနဲ့ ပြုံးပြတယ်။ သူ့မျက်ဝန်းတွေက မီးလို အလင်းတန်းတွေနဲ့ တောက်ပ နေခဲ့တယ်။

“ပင်းယန် ဘယ်လို ကရမလဲ မင်းသိလား။”

“ကဖို့လား။” ပင်းယန်ကတော့ ချက်ခြင်း မတုံ့ပြန် နိုင်ခဲ့ဘူး။ နောက်ဆုံးတော့လဲ ဖန်ကျန်းရှီက ဒီလို အခြေအနေမှာ ရုတ်တရက် မေးခွန်း မေးလာတာကို မယုံနိုင် ခဲ့ဘူးလေ။

ဖန်ကျန်းရှီကတော့ ဖြည်းဖြည်းချင်း သူ့ခန္ဒာကိုယ်ကို ထိတွေ့နေတယ်။ မျက်နှာကနေ အောက်ဘက်ကို ဖြည်းဖြည်းချင်း ဆင်းသက်လာတယ်။

“ကကွက် ၁၈ကွက်ကို မင်းသိလား။ အဲ့တာကို နားလည်လား။” ဖန်ကျန်းရှီ ပြောရင်းနဲ့ ခန္ဒာကိုယ်ကို လှုပ်ရှားတော့တယ်။

“ဒါ ဒါက ကနေတာလား။” ပင်းယန်ကတော့ တစ်ခဏ အကြာမှာ ပြန်မေးတော့တယ်။

“ဘာလဲ။ မင်းက ကကွက် ၁၈ကွက်ကို မသိဘူးလား။ ဒါဆိုရင် (ခေါက်ဆွဲလုပ်တဲ့ တုရှီးနျန်ကိုလဲ မသိဘူးပေါ့။ အာ ပျင်းစရာ ကောင်းလိုက်တာ။” ဖန်ကျန်းရှီက သူ့ကိုယ်သူ ချောမော ခံ့ညားတယ်လို့ ထင်တဲ့ ပုံစံ တစ်ချို့ကို လုပ်ပြ ခဲ့ပေမယ့်၊ ပင်းယန် မှင်သက် နေတာကို တွေ့ချိန်မှတော့ စိတ်ပျက် သွားခဲ့တယ်။

ပင်းယန်ကတော့ အခုချိန်မှာ ရှက်ရွံ့မှုကနေ ပြင်းထန်တဲ့ ဒေါသ အဖြစ်ကို ပြောင်းလဲ နေခဲ့ပြီ။ မီးတောက်တွေနဲ့ တောက်လောင် နေသလိုပဲ။

“အရှက် မရှိလိုက်တာ။”

“အဲ့တော့ မင်း ဘာလုပ်ချင်လဲ။ ချမလား။ ငါ့ကို ဒီနေရာမှာ နိုင်မယ် ထင်နေလား။ မင်းကို -င်ပွင့်အောင် တစ်ချက် ရိုက်လိုက်ရုံနဲ့ ရတယ်။”

“အရှက်မရှိတဲ့ ကောင်စုတ်။ နင့်ကို သတ်မယ်။”

ဘန်း။

ဂူက ချက်ခြင်း ဆိုသလို ပိတ်သွားတော့တယ်။ တိုက်ခိုက်နေတဲ့ လူနှစ်ယောက်ကြောင့် ကျောက်တုံးတွေက ပြုတ်ကျလာတယ်။

သူတို့တွေ ဂူထဲကို နေ့လယ်တည်းက ဝင်ခဲ့ကြတယ်။ အခုကတော့ ညအချိန်ကို ရောက်နေခဲ့ပြီ။

လရောင်က အရမ်းကို တောက်ပနေတယ်။ ရစ်ပတ် လူးလှိမ့်နေတဲ့ လူနှစ်ယောက်ပေါ်ကို လရောင်က ဖြာကျ နေခဲ့တယ်။ ပါးစပ် သေးသေးလေး တစ်ခုက ပုခုံး တစ်ခုကို တင်းတင်းကြပ်ကြပ် ကိုက်ထားခဲ့တယ်။

“လွှတ်လိုက်စမ်း။ ပါးစပ်ကို ဖွင့်။” ဖန်ကျန်းရှီ နဖူးမှာတောင် သွေးကြောတွေ ထောင်ထ နေခဲ့ပြီ။

ဒီလို အကိုက်ခံရတာ တကယ့်ကို နာတယ်။ အကယ်၍ ဖန်ကျန်းရှီသာ ကျင့်ကြံ မထားခဲ့ရင် သူ့အသားတွေ ပဲ့သွားနိုင်တယ်။ ဖန်ကျန်းရှီ အံကြိတ် နေချိန်မှာပဲ ပင်းယန်က ကိုက်နေတာကို ရပ်လိုက်ပြီး ဖန်ကျန်းရှီကို ခုန်အုပ်တော့တယ်။

“ဟမ်။” ဖန်ကျန်းရှီ မျက်လုံး ပြူးသွားတယ်။

သူ့နှုတ်ခမ်းပေါ်က နူးညံ့တဲ့ အထိအတွေ့ကို ခံစား ရချိန်မှာတော့ ခေါင်းထဲကို ဝင်လာတဲ့ တစ်ခုတည်းသော အရာက။ “ငါ မတရား သဖြင့် စော်ကား ခံနေရတာလား။”

ပင်းယန်ကို ပြန်ပြီး ဂရုစိုက်ဖို့ လုပ်တဲ့ အချိန်မှာ သူမက ရုတ်တရက် ပြန်ခွာသွား ခဲ့တယ်။

“ဟမ့်။ ငါ့ကို နင့်လို အရှက်မရှိတဲ့ သူလို့ ထင်နေတာလား။ အကယ်၍ နင်သာ ငါ့ကို လက်ထပ်ချင်ရင်၊ နန်းတော် တစ်ခု ပိုင်ရမယ်။” ပင်းယန် ပြောပြီးတဲ့နောက် နှုတ်ခမ်းဆူ နေတော့တယ်။

“နန်းတော်တဲ့လား။ ငါ့ကို ဧကရာဇ် လုပ်ခိုင်း ချင်လို့လား။” အကြံအစည် အပြည့်နဲ့ ဖန်ကျန်းရှီ ပြုံးနေခဲ့တယ်။

“အတင့်ရဲ လိုက်တာ။ ငါ့ခမည်းတော်ရဲ့ နေရာကို မျက်စောင်း လာမထိုးနဲ့။ နင့်ကို ခွင့်မလွှတ်ဘူး။ ဒါပေမယ့် သီးခြား မြင့်မြတ် နိုင်ငံတော်၊ လရောင်ဖြာ နိုင်ငံတော်၊ စစ်မက်လိုလား နိုင်ငံတော်တွေမှာ ဧကရာဇ် သွားလုပ်ချင်လုပ်။ ငါအများကြီး မမျှော်လင့် ထားဘူး။ ဒါပေမယ့် နန်းတော်ကတော့ ကြီးမြတ်သောရှ နန်းတော်ထက် လှရမယ်။ ဒါ့အပြင် ငါ့ အိပ်ခန်းကို အတောက်ပဆုံး ပုလဲတွေနဲ့ စီခြယ်ထားတာ လိုချင်တယ်။ နံရံပေါ်မှာ ကျောက်မျက် တစ်သောင်းကိုလဲ လိုချင်တယ်။ ပြီးတော့။”

“အေးဆေး နေလိုက်အုန်း။ ငါသွားတော့မယ်။” ဖန်ကျန်းရှီက ပြောပြီးပြီးချင်း ထထွက် သွားတော့တယ်။

“နေအုန်း။ အရှက်မရှိတဲ့ ကောင်စုတ်။ နင် ဘယ်ကို သွားမလို့လဲ။” ပင်းယန်က မေးတယ်။ သူ့နောက်ကို အမှီလိုက်လာတယ်။

“ငါ့နောက်ကို မလိုက်နဲ့။”

“မရဘူး လိုက်မှာပဲ။”

“ငါ့မှာ နန်းတော်လဲ မရှိဘူး။ ကျောက်မျက်ရတနာတွေ ပြည့်နေတဲ့ အခန်းလဲ မရှိဘူး။”

“ရှိပါတယ်။”

“မရှိပါဘူး။”

“နင့်မှာ တကယ်ရှိတယ်။ ငါ့ကိုသာ လက်ထပ်ရင်၊ ခမည်းတော်က ကန်လင်း တောင်ခြေမှာ နန်းတော် ဆောက်ပေး လိမ့်မယ်။ နင့်ကို ကျောက်မျက်ရတနာ အပြည့်နဲ့ အခန်းလဲ ပေးလိမ့်မယ်။ အဲ့တာ ခန်းဝင် လက်ဖွဲ့ပဲ။”

“တကယ်လား။”

“ဟုတ်တယ်။ ခမည်းတော်က ငါလိုချင်တာ အကုန်ပေးတယ်။”

“ကောင်းပြီ ဒါဆို လိုက်ခဲ့။”

“..” ပင်းယန်က တစ်ခဏတာ ဆွံ့အ သွားခဲ့ပေမယ့်၊ ဖန်ကျန်းရှီကို အမှီ လိုက်လာခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ အကယ်၍ ငါခမည်းတော်သာ နင့်ကို ကျောက်မျက်ရတနာ အပြည့်နဲ့ အခန်းရယ်၊ နန်းတော်ရယ် ပေးရင်၊ နင်ငါ့ကို လက်ထပ်မှာလား။”

“ချီကူယန်ရဲ့ လက်ရှိ နေရာက အိပ်ယာနွေးအောင် လုပ်ပေးတဲ့ အစေခံ ခေါင်းဆောင်ပဲ။ ဖန်မိသားစုထဲ ဝင်လာရင် မင်း ဘယ်နေရာမှာ နေရမယ် ထင်လဲ။” ဖန်ကျန်းရှီ ပုံမှန်အတိုင်း ပြန်မေးတယ်။

“ဒါဆိုရင် ငါက ယန်လေးရဲ့ လက်အောက်က အစေခံပေ့ါ။ ယန်လေးသာ ရာထူးတိုး သွားရင်၊ ငါက သူ့နေရာ ရမှာ မဟုတ်လား။” ပင်းယန်က သေချာ တွေးပြီးနောက် ပြန်ဖြေတယ်။

“မင်း မအဘူးပဲ။”

“ဒါပေါ့။ ဒါနဲ့ ငါတို့တွေ ဘယ်သွား နေတာလဲ။”

“ယွင်ချင်းဝူကို သွားရှာမလို့။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ယွင်ချင်းဝူကို ရှာဖို့။ နင်တကယ်ပဲ မဟာ နွံအိုင်ကို သွားနေတာလား။ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်စုရဲ့ အဓိက နေရာကြီးကိုလေ။ အဲ့ဒီ့မှာ မိစ္ဆာ ဘုရင် ဆယ်ယောက်ကျော်နဲ့ နတ်သခင်အဆင့် ပညာရှင် အနည်းဆုံး ၃ယောက် ရှိနေတယ်။ ဒါ့အပြင် ဧကရီ ပိုင်ကျစ်လဲ မဟာနွံအိုင်ထဲမှာ ရှိနေသေးတယ်။” ပင်းယန် အလန့်တကြား ပြန်ဖြေတယ်။

အပိုင်း (၉၄၁) ပြီး၏။

အပိုင်း (၉၄၂)

“မင်း ဘာကို စောင့်နေတာလဲ။”

“ငါက ေ-ာက်ရူးမှ မဟုတ်ပဲ။” ဖန်ကျန်းရှီလဲ မဟာနွံအိုင်ရဲ့ အန္တရာယ်ကို သိတယ်။ မိစ္ဆာ၊ နတ်ဆိုးတွေနဲ့ နတ်သခင် အဆင့် ပညာရှင်တွေ ဘယ်လောက် များမှန်း သူသိတယ်။

“ဒါတောင်မှ ယွင်ချင်းဝူကို နင်သွားရှာ အုန်းမှာလား။” ပင်းယန် စိတ်ရှုပ်ထွေး နေခဲ့တယ်။

“ငါပြောတာ ယွင်ချင်းဝူကို သွားရှာမယ်လို့ပဲ။ မဟာနွံအိုင်ထဲကို သွားမယ်လို့ မပြောမိဘူး။” ဖန်ကျန်းရှီ စိတ်ထဲ မကျေမနပ် ဖြစ်လာတယ်။

“ဒါပေမယ့် ယွင်ချင်းဝူက မဟာနွံအိုင်ထဲမှာ မဟုတ်ဘူးလား။ မဟာနွံအိုင်ကို မသွားပဲ နင်သူ့ကို ဘယ်လို တွေ့လို့ ရမှာလဲ။ ဟူး။ အရှက်မရှိတဲ့ ကောင်စုတ်။ ငါ့ကို စောင့်နေ။” ပင်းယန်က အရှိန်မြင့်ပြီး သွားနေတဲ့ ဖန်ကျန်းရှီကို အမှီ လိုက်တော့တယ်။

ဖန်ကျန်းရှီကတော့ နောက်ထပ် အများကြီး မပြောတော့ဘူး။ ပင်းယန်ရဲ့ လက်ကို ဆွဲလိုက်တယ်။ တကယ်တော့ သူက ကျော်ကြားတဲ့ သူရဲကောင်း တစ်ယောက် ဖြစ်လာဖို့ အတွေးမရှိ ခဲ့ဘူးလေ။

ဒါကြောင့် သူရဲကောင်းတွေ လုပ်သလို မလုပ်ဘူး။ ဥပမာ တစ်လောကလုံးရဲ့ အခြေအနေကို တစ်ယောက်တည်းနဲ့ ပြောင်းလဲ ပြစ်တာမျိုး။ မဟာနွံအိုင်ထဲကို ပြေးဝင်ပြီး အစုလိုက် အပြုံလိုက် သတ်ပြစ်တာမျိုး မလုပ်ဘူး။

ပြောရရင် ဖန်ကျန်းရှီမှာ ဒီလို စွမ်းအားတွေ ရှိနေရင်တောင်၊ မြင့်မြတ် နယ်မြေ တစ်ခုလုံးကို ဖြတ်ပြေး နေမှာ မဟုတ်ဘူး။ မဟာနွံအိုင်ထဲကို ဝင်ပြီး အကုန်လုံးကို သတ်ရင်တောင် အနည်းဆုံးတော့ လဝက် အချိန် ကုန်လိမ့်မယ်။ ဒါက ဖြစ်နိုင်မှာလား။

ဖန်ကျန်းရှီမှာ နတ်သခင် အဆင့် ပညာရှင်ကို ယှဉ်နိုင်တဲ့ အစွမ်းတွေ ရှိတယ်။ ဒါပေမယ့် အနိုင် ရမရ ဆိုတာကတော့ နတ်သခင် အဆင့် ပညာရှင်ရဲ့ စွမ်းအားနဲ့ ကံတရားအပေါ် မူတည်တယ်။

ကံကောင်းလို့ လင်းကျီကို သူနိုင်ခဲ့တယ်။ ပမဆုံး လင်းကျီက ဖန်ကျန်းရှီရဲ့ တကယ့် ဇစ်မြစ်အစစ်ကို မသိတဲ့ အတွက် စိုးရိမ် ခဲ့တယ်။ ဒုတိယကတော့ ဖန်ကျန်းရှီရဲ့ စကားတွေက လင်းကျီကို မတည်မငြိမ် ဖြစ်စေခဲ့တယ်။ ဒါ့အပြင် မိစ္ဆာ မျိုးနွယ်က ခန္ဒာကိုယ် အင်အား ကြီးတယ်။ စိတ်အင်အား နည်းတယ်။

ဒါကြောင့် ဖန်ကျန်းရှီ အနိုင်ရ ခဲ့တယ်။

တိုက်ခိုက်တာ အောင်မြင်ပြီးနောက် လင်းကျီကို သူဖမ်းနိုင် ခဲ့တယ်။ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ သတင်းကတော့ တလောကလုံးကို ပျံ့နှံ့ သွားခဲ့ပြီ။

ဒါကြောင့် နောက်ထပ် နတ်သခင် အဆင့် ပညာရှင်နဲ့ တွေ့ရရင်၊ အဲ့ဒီ့ ပညာရှင်က သူ့ကို အစွမ်းကုန် တိုက်ခိုက်မှာပဲ။ အရင်လို အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး။

ဖန်ကျန်းရှီ ဒီအကြောင်းကို ကောင်းကောင်း သိတယ်။ ဒါကြောင့် သူနဲ့ ယွင်ချင်းဝူရဲ့ တိုက်ပွဲကလဲ အခုမှ စမှန်း သိတယ်။

…

ငါးရက် အချိန်က မကြာမြင့်ခဲ့ဘူး။ ဒါပေမယ့် မြင့်မြတ် နယ်မြေ တစ်ခုလုံးကို တမင် လွှင့်တဲ့ သတင်း ပျံ့သွားဖို့ အတွက် လုံလောက် ခဲ့တယ်။

ကောင်းကင်တာအို ခန်းမ။

မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စုကြီး တစ်ခု။ အခုချိန်မှာတော့ လူတိုင်း အပြေးသွားနေတဲ့ နေရာ တစ်ခု ဖြစ်နေခဲ့ပြီ။ ဘာကြောင့်လဲ ဆိုတော့ လွန်ခဲ့တဲ့ ငါးရက်တုန်းက သတင်း တစ်ခု ပျံ့လာ ခဲ့လို့ပဲ။

နတ်ဘုရား အရင်းအမြစ်။

ဒီစကားလုံးကို အရင်ကတော့ လူတိုင်း မသိခဲ့ ကြပေမယ့်၊ အခုချိန်မှာတော့ ငါးရက် အတွင်းမှာပဲ လူတိုင်းရဲ့ မျှော်လင့်ချက်ကြီး ဖြစ်လာခဲ့တယ်။ လောကကြီးမှာ ဒီလို ရုတ်တရက် ပြောင်းလဲမှုတွေ ဘာကြောင့် ဖြစ်လာ ရတာလဲ။

သားရဲကောင်တွေ အကြောင်းရင်းမဲ့ အင်အားကြီး လာတာ ဘာကြောင့်လဲ။ တောင်ကယ်လေးက ဘာဖြစ်လို့ ရုတ်တရက် အရွယ်ကြီးသွားတာလဲ။ မြစ်တွေမှာ မွှေးရနံ့ ထွက်လာတာ ဘာကြောင့်လဲ။

အားလုံးက ပဟေဠိပဲ။ အခုတော့ အဖြေ ရှိလာပြီ။ ဒါကတော့ နတ်ဘုရား အရင်းအမြစ်ပဲ။

ဒဏ္ဍာရီတွေ အရ၊ နတ်ဘုရား အရင်းအမြစ် ဆိုတာ ထူးဆန်း လျှို့ဝှက် နေရာ တစ်ခု။ ကမ္ဘာမြေကို ဖန်ဆင်းချိန် တုန်းက လောကကြီးက အခုလို သီးခြား ဖြစ်မနေခဲ့ဘူး။

အဲ့ဒီ့ အချိန်မှာ လူသား အားလုံးက အရမ်းကို သန့်စင်ကြတယ်။ သန့်စင်တဲ့ စွမ်းအင်တွေကို ရှူသွင်းပြီး နတ်ဘုရားတွေ ဖြစ်လာအောင် ကျင့်ကြံကြတယ်။ ဒါ့အပြင် ပြိုင်ဘက်ကင်းတဲ့ ပန်းပွင့်တွေ သစ်သီးတွေကလဲ အမတေ စွမ်းအားကြောင့် သီးပွင့်ကြတယ်။ ဒီအသီးအပွင့်တွေကို စားသုံးတဲ့ ဘယ်သူမဆို မလောကကြီးကို ထိန်းချုပ် နိုင်တယ်။

ဒါကြောင့်ပဲ စွမ်းအားကြီး သတ္တဝါတွေ အားလုံး ပေါ်လာ ခဲ့ကြတပဲ။ ရွှေနဂါး၊ ချီလင်၊ နတ်မီးငှက်(ဖီးနစ်ငှက်)၊ လိပ်မြွေ။ ဒါ့အပြင် လောကကြီးကို အုပ်ချုပ်တဲ့ နတ်ဘုရားတွေလဲ ရှိခဲ့တယ်။ လက်တစ်ချက် မြှောက်လိုက်ရုံနဲ့ တောင်တွေကို ခွဲပြီး ကျောက်တုံးတွေကို လွင့်စေတယ်။ ပြုံးလိုက်ရုံနဲ့တင် မိုးရွာစေတယ်။

အဲ့တာကတော့ ရှေးခေတ်ပဲ။

ရှေးခေတ်မှာ ကပ်ဆိုးကြီး တစ်ခု ကျရောက်ခဲ့တယ်။ ကောင်းကင်ကနေ မီးတောက်တွေ ကျောက်တုံးတွေ ကျဆင်းလာပြီး စွမ်းအား ရင်းမြစ် နေရာကြီးကို ဖုံးအုပ် သွားတယ်။ စွမ်းအားရင်းမြစ်ကို ကုန်ခမ်း သွားစေတယ်။ ရလဒ် အနေနဲ့ သစ်ပင်တွေက ပြိုင်ဘက်ကင်း သစ်သီးတွေ မသီးပွင့် နိုင်တော့ဘူး။ အင်အားကြီး နတ်ဘုရားတွေလဲ ပျောက်ကွယ် သွားတော့တယ်။

ကပ်ဆိုးကြီးက လောကကို ပြောင်းလဲ စေတယ်။

အခုချိန်မှာ နတ်ဘုရား အရင်းအမြစ်က ပေါ်လာ ခဲ့ပြန်ပြီ။ သက်ရှိတွေ ကျောက်တုံးတွေ၊ တောင်တွေ သားရဲကောင်တွေ နောက်တစ်ခေါက် ပြန်ပြီးတော့ အင်အား ကြီးလာခဲ့တယ်။

ဒါက ရှေးခေတ်ရဲက အရှိန်အဝါတွေ နောက်တစ်ခေါက် ပြန်သက်ဝင် လာတော့မှာ ဖြစ်နိုင်တယ်။ အင်အားကြီး နတ်ဘုရားတွေ လောကမှာ နောက်တစ်ကြိမ် ပေါ်လာပြီးတော့ လောကကြီးကို အုပ်စိုးနိုင်တယ်။ ဒါကြောင့်ပဲ နတ်ဘုရား အရင်းအမြစ်က စွမ်းအား ရင်းမြစ်ကြီး တစ်ခု ဖြစ်နေခဲ့တယ်။

အကယ်၍ နတ်ဘုရား ရင်းမြစ်ကိုသာ ရှာနိုင်ရင်၊ ဘယ်သူမဆို နတ်ဘုရား ဖြစ်လာနိုင်တယ်။

ဒီဒဏ္ဍာရီက အရမ်းကို အာရုံ ဖမ်းစား နိုင်စေလွန်းတယ်။ ဘယ်ကနေ မြစ်ဖျား ခံလာမှန်းတော့ ဘယ်သူမှ မသိခဲ့ဘူး။

ချဲ့ကားပြောတဲ့ စကားတွေ များလွန်း ပေမယ့်၊ နတ်သစ်သီးကို စားပြီးတဲ့နောက် နန်ကုန်းဟောင် ချက်ခြင်း အင်အား ကြီးလာ ခဲ့တာကို အားလုံး မျက်မြင် တွေ့ခဲ့တယ်လေ။ နန်ကုန်းဟောင် အပြင် ဖန်ကျန်းရှီလဲ သစ်သီး တစ်လုံးကို စားခဲ့သေးတယ်။ ဒါ့အပြင် သူလဲ မသေခဲ့ဘူး။

ဒါက ဘာကို ဆိုလို ချင်တာလဲ။ လောကမှာ လူတွေကို ပိုပြီး အင်အားကြီးအောင် လုပ်ပေးနိုင်တဲ့ သစ်သီးတွေ မရှိနေတယ်။ ဒါကို တွေ့ရင် စားရုံပဲ။

ဒါက ကျင့်ကြံခြင်း နည်းလမ်းတွေကို နည်းနည်း သွေဖယ်ပြီး မှန်ကန်နိုင်မှု နည်းပေမယ့် အားလုံးက နတ်ဘုရား ဖြစ်လာဖို့ အိပ်မက် ရှိကြတယ်လေ။ အိပ်မက်သာ ရှိလို့ကတော့ အခွင့်အရေးနဲ့ မျှော်လင့်ချက်လဲ ရှိနိုင်တယ်။

အားလုံးက တစိုက်မတ်မတ် ကျင့်ကြံ နေခဲ့ပေမယ့်၊ ဖြတ်လမ်းက သူတို့ မျက်စိ ရှေ့မှာ ရောက်နေခဲ့ပြီလေ။ အားလုံးက တစ်ခေါက်တော့ ကြိုးစား ကြည့်ချင်ကြတယ်။

ဒီဖြတ်လမ်းနည်းရဲ့ ဆွဲဆောင်မှုက ကျင့်ကြံနည်းမှာ အဆင့်မတက်ပဲ ပိတ်ဆို့ နေသူတွေ အတွက် ပိုပြီးတော့ ကြီးမားတယ်။

ရူးသွပ်မှုကြီး။

ငါးရက် အချိန် အတွင်းမှာပဲ ဒဏ္ဍာရီက မြင့်မြတ်နယ်မြေ တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ်။ စိတ်ပျက် အားလျော့မှုတွေ မကျေနပ်ချက်တွေ အားလုံးက လောင်ကျွမ်းတဲ့ စိတ်ဆန္ဒ အဖြစ်ကို ပြောင်းလဲ သွားခဲ့တယ်။ ဒါ့အပြင် ဒီဒဏ္ဍာရီက သတင်း အချက်အလက် တစ်ချို့ကိုလဲ ဖော်ပြ ထားသေးတယ်။

ကောင်းကင် တာအို ခန်းမ တောင်ခြေရဲ့ မဟူရာ ကျောက်တုံးနက် နန်းတော်ထဲမှာ နတ်ဘုရား အရင်းအမြစ် သဲလွန်စ ရှိနေတယ်။ မဟူရာ ကျောက်တုံး နန်းတော်ထဲကို ဝင်နိုင်ခဲ့ရင်၊ နတ်ဘုရား အရင်းအမြစ်ကိုလဲ ရှာနိုင်လိမ့်မယ်။

မြင့်မြတ်တဲ့ နတ်ဘုရား ဘဝ။

မင်းက ဘာကို စောင့်နေ အုန်းမှာလဲ။

“ဒီတော့ မင်းဘယ်လို ထင်လဲ။ ငါလုပ်ထားတဲ့ ဒဏ္ဍာရီက ဆွဲဆောင်မှု မရှိဘူးလား။” မဟာနွံအိုင် အပြင်ဘက် သီးသန့် ဂူတစ်ခုထဲမှာ၊ ဖန်ကျန်းရှီက ဝတ်ရုံနက်ကြီး ဝတ်ထားပြီး နတ်ဘုရား မျက်နှာဖုံးနဲ့ ရပ်နေခဲ့တယ်။ မဟာနွံအိုင် အပြင်ဘက်ကို ခပ်မြန်မြန် ထွက်လာနေတဲ့ အုပ်စုကြီးကို သူလက်ညှိုးထိုးပြရင်း ပြောတယ်။

“နင် ဒီဒဏ္ဍာရီကို တကယ်ကြီး ဖန်တီး လိုက်တာလား။” ပင်းယန်က ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီက ဒီလို တကယ် မရှိတဲ့ အရာကို သူမတောင် ယုံသွားလောက်အောင် ပြောင်းလဲ ပြစ်နိုင်တဲ့ အတွက် နားမလည် နိုင် ဖြစ်နေခဲ့တယ်။

“ဟုတ်တယ်။ တကယ့် အစစ် အတိုင်းပဲ မဟုတ်လား။” ဖန်ကျန်းရှီ ပြုံါ်ပြတယ်။

တကယ်တော့ အရင်ဘဝမှာ အတွေ့အကြုံ ရှိဖူးတဲ့ လူတစ်ယောက် အနေနဲ့၊ ဒီလို ယုံတမ်း ပုံပြင်တွေကို ဖန်တီးဖို့ ဆိုတာ မခက်ခဲဘူးလေ။ စာအုပ်ထဲမှာ ပုံပြင်တွေက အများကြီး ရှိနေခဲ့တာပဲ။

ဥပမာ အားဖြင့် (ကောင်းကင်ကို မယ်တော် နွီဝါး ဖာထေးခြင်း)၊ (နေနောက်ကို လိုက်တဲ့ ခွားဖူ)၊ (ရှေးနတ်သတ္တဝါ လေးကောင်) တူညီတဲ့ ပုံပြင်တွေက များပြားလွန်းတယ်။ ဒါကြောင့် သူ့အတွက် ပုံပြင် တစ်ခု ဖန်တီးဖို့ မခက်ခဲ ခဲ့ဘူး။

ဒါပေါ့ ဒဏ္ဍာရီ တစ်ခုကို ဖန်တီးတဲ့ အချိန် လက်ရှိ လောကမှာ ဖြစ်ပျက် နေတာတွေနဲ့ ကိုက်ညီအောင် တွေးတော ရတယ်။ တစ်ချို့ နားမလည်နိုင်တဲ့ အရာတွေကို ပိုပြီးတော့ ထင်ရှားလာအောင် လုပ်ရတယ်။ ဒီလို နည်းနဲ့ လူအုပ်စု တစ်ခုကနေ လူအများကြီးကို ယုံလာအောင် လုပ်နိုင်ပြီ။

ဒီ အတွေးအခေါ်က ရိုးရှင်းတယ်။ မင်း ဒဏ္ဍာရီတွေကို မယုံလဲ ရတယ်။ ဒါပေမယ့် မင်းရဲ့ အကိုကြီးကသာ ယုံနေရင် မင်းဘာလုပ် မှာလဲ။

မင်းလဲ သူယုံကြည်ရာကို လိုက်လုပ် ရမှာပဲ။

ဒါတွေ အားလုံးက ကွင်းဆက်လို ဆက်နွယ်နေတယ်။ ဖန်ကျန်းရှီက လူတိုင်း ယုံကြည်နိုင်မယ့် ဒဏ္ဍာရီ တစ်ခုကို မဖန်တီးဘူး။ ယုံကြည်တဲ့ လူတစ်စုကို ဖန်တီးပြီး ပျံ့နှံ့အောင် ဖြန့်တယ်။

ဥပမာ အားဖြင့်။ (ရေစစ်တပ်ကြီး) တစ်ခုကို အရေအတွက်နဲ့ ဖန်တီးတာမျိုး။ အရာ အားလုံးက အလွယ်လေး ပြီးမြောက် သွားလိမ့်မယ်။

“ယွင်ချင်းဝူရော ယုံမှာလား။” ပင်းယန်က မဟာနွံအိုင်ထဲကို တစ်ချက် ကြည့်ပြီး စိုးရိမ်တဲ့ အသံနဲ့ မေးတယ်။

“မယုံဘူး။ ဒါပေမယ့် သေချာပေါက် သွားလိမ့်မယ်။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ဘာကြောင့်လဲ။” ပင်းယန် မေးတယ်။

“ပထမဆုံး ယွင်ချင်းဝူက အရမ်းကို ထက်မြက်တယ်။ ဘာလုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာ ကောင်းကောင်း သိတယ်။ နောက်ဆုံးတော့လဲ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ ဒီဒဏ္ဍာရီကို ယုံကြည်နေတာ သူ မရပ်တန့် နိုင်ဘူးလေ။ အကယ်၍ အားလုံးကိုသာ နတ်ဘုရား အရင်းအမြစ် ယုံကြည်မှုကို ရပ်တန့် ခိုင်းရင်၊ ရလဒ်တွေက ပြောင်းပြန် ဖြစ်လာလိမ့်မယ်။” ဖန်ကျန်းရှီ ပြောတယ်။

“ငါ နားမလည် သေးဘူး။ ယွင်ချင်းဝူက မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေကြားမှာ အရမ်းကို ဂုဏ်ကျက်သရေ မြင့်မားတဲ့သူ။ အကယ်၍ ဒီဒဏ္ဍာရီသာ အတုလို့ သူပြောရင်၊ တခြားသူတွေက သူ့ကို မယုံစရာ အကြောင်း ရှိလား။” ပင်းယန် မျက်မှောင်ကြုတ် နေခဲ့တယ်။

“သူပြောလို့ မရဘူး။”

“ဘာ ဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။”

“ဒီဒဏ္ဍာရီက အစစ်ပဲ ဖြစ်ဖြစ် အတုပဲ ဖြစ်ဖြစ် သူ့မှာ သက်သေ ပြစရာ ခိုင်ခိုင်မာမာ မရှိဘူးလေ။ အကယ်၍ ဒါကိုသာ အတုလို့ ပြောလိုက်ရင်၊ နတ်ဘုရား အရင်းအမြစ် အကြောင်း သူသိထားတာ တစ်ခုခု ထုတ်ပြ ရလိမ့်မယ်။ ဒါပေမယ့် အရေးကြီး သတင်း အချက်အလက်ကို သူက ထုတ်ပြမှာလား။” ဖန်ကျန်းရှီ ပြောတယ်။

“ငါနားလည်ပြီ။ ယွင်ချင်းဝူက ထောင်ချော်ကမှန်း သိတာတောင်၊ ဒီထောင်ချောက်ကြောင့် သူမရဲ့ မူလ အစီအစဉ်ကို အပျက်စီး ခံမှာ မဟုတ်ဘူး။” ပင်းယန် မျက်လုံးတွေ တလက်လက် တောက်ပလာတယ်။

“ဒါပေါ့။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

“ဒါဆိုရင် ဒုတိယ အကြောင်းအရင်းက ဘာလဲ။”

“ဒုတိယ အကြောင်းရင်းကတော့ ဒီ ဒဏ္ဍာရီ အတုကလဲ သူ့အတွက် မကောင်းတဲ့ အရာ မဟုတ်ဘူးလေ။ ငါ လင်းကျီ ဆီကနေ ကြားတာတော့၊ ယွင်ချင်းဝူက သုခမိန် အဆင့် ပညာရှင်တွေ ဆီကနေ အထောက်အပံ့ ရနေတာ၊ ကျမ်းကောင်းကင်တောင်မှာ ကျားထိုး ခဲ့လို့တဲ့။ ကျားစေ့ ၁၅စေ့နဲ့ ၁၀၀ကို အနိုင်ယူ ခဲ့တယ်။”

“ဒီ ကစားပွဲက ကောင်းကင်တာအို ခန်းမကို သူသွားတာနဲ့ သက်ဆိုင်နေလား။”

“သက်ဆိုင်တယ်။ သူက နတ်သခင် အဆင့် ပညာရှင်ရဲ့ အထောက်အပံ့ကို ကျားထိုးပွဲ တစ်ပွဲတည်းနဲ့ ရယူနိုင်ခဲ့တယ်။ ဒါက ဖြစ်နိုင်တယ်လို့ မင်းထင်လား။”

“အင်း နားလည်ပြီ။ နင်ပြောချင်တာ ယွင်ချင်းဝူက ဒီအခွင့်အရေးကို သုံးပြီး နတ်သခင် အဆင့် ပညာရှင်တွေရဲ့ စိတ်ကို ရယူအုန်းမယ်။ ဟုတ်တယ်ဟုတ်။” ပင်းယန်က ဖန်ကျန်းရှီ ပြောတာကို နားလည် သွားခဲ့ပြီ။

“အတိအကျပဲ။ ယွင်ချင်းဝူက အရမ်းကို အသိပညာ ကြွယ်ဝလွန်းတယ်။ ကောင်းကင် တာအို ခန်းမရဲ့ အောက်ခြေက မဟူရာ နန်းတော်ဆီ လူတိုင်း သွားနေတဲ့ အချိန် သူ့ရဲ့ ပညာတွေကို ထုတ်ပြလိမ့်မယ်။ သုခမိန် အဆင့် ပညာရှင်တွေကို သူမ ဘယ်လောက်ထိ အချိန် တွက်ချက် နိုင်လဲ ဆိုတာကို ပြလိမ့်မယ်။ ဒီအခြေအနေ တစ်ခုလုံးက ထောင်ချောက် တစ်ခု အဖြစ်ကို ပြောင်းသွားလိမ့်မယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့် ပြန်တယ်။

“ဒါဆိုရင် ငါတို့က သူ့ကို ကူညီနေတာ မဟုတ်ဘူးလား။” ပင်းယန် စိတ်ရှုပ် လာခဲ့တယ်။

“အင်း အဲ့လို သဘောပါပဲ။”

“နင် လူသားမျိုးနွယ်ရဲ့ သူလျှိုကောင်။ ငါ့ကို ပြောစမ်း။ နင် ယွင်ချင်းဝူနဲ့ မဖွယ်မရာတွေ လုပ်ခဲ့တယ် မဟုတ်လား။ နင် သူနဲ့ အိပ်ခဲ့လား။ ဒါမှမဟုတ် သူက နင်နဲ့ အိပ်တာလား။” ပင်းယန် မျက်လုံး ပြူးကြီးနဲ့ မေးနေခဲ့တယ်။ ဖန်ကျန်းရှီကို အခုပဲ ထပြီး ကိုက်သတ်တော့မယ့် ပုံစံနဲ့။

“…” ဖန်ကျန်းရှီကတော့ ပင်းယန် ပြောတာကို ကြားချိန်မှာ ဆွံ့အ သွားခဲ့ရတယ်။ ဒီလောက် အထိ စကားလမ်းကြောင်း လွှဲတတ်အောင် ဘယ်သူကများ သင်ပေး လိုက်တာလဲ။ ဒီလို အကျင့်မျိုး ရှိနေမှန်း အရင်က သူမသိခဲ့ဘူး။

ချင်းယွိနောက်ကို စလိုက်တဲ့ အချိန်တည်းက ဒီလို ဖြစ်သွားတာလား။ မျှော်စင် ခေါင်းဆောင် ချင်းယွိမှာ ဒီလို ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတာလား။ ဒါကို တွေးရင်းနဲ့ ယောကျာ်းတွေ အားလုံး နားလည်နိုင်မယ့် အမူအယာ တစ်ခု ဖန်ကျန်းရှီရဲ့ မျက်နှာမှာ ပေါ်လာတော့တယ်။

“အရှက် မရှိတဲ့ ကောင်စုတ်။ နင် ဘာတွေ တွေးနေတာလဲ။” ဖန်ကျန်းရှီ ပါးစပ် ပိတ်သွားတာ မြင်ချိန်မှာတော့ ပင်းယန် ထအော်တော့တယ်။

“ချင်းယွိ ဧကရာဇ်ကို နှိမ်နင်းအောင်မြင် (ဆွဲဆောင် သိမ်းသွင်း) ခဲ့တဲ့ အချိန် အကြောင်းကို တွေးနေတာပါ။ နှုတ်ခမ်းကို သုံးခဲ့တာလား။ အာ မဟုတ်ဘူး။ ငါပြောချင်တာ။ ဒေါ်လေးချင်းရဲ့ ပါစပ်။ အမ်။ တကယ်တော့ ဘာမှ မတွေးပါဘူး။ ငါ့ကို ယုံတယ် မဟုတ်လား။” ဖန်ကျန်းရှီ ရှင်းပြဖို့ ကြိုးစား နေခဲ့တယ်။

“ယုံတယ်။ ယုံတာပေါ့။ အရှက်မရှိတဲ့ ကောင်စုတ်။ ပြောစမ်း။ နင်တကယ်ပဲ ဘာတွေ တွေးနေတာလဲ။” ပင်းယန်က ချက်ခြင်း ဆိုသလို ဖန်ကျန်းရှီကို ထကိုက်တော့တယ်။

“ဓားခုတ်ကောင်က ပုစဉ်းရင်ကွဲ နောက်ကို လိုက်တယ်။ စာကလေးက ဓားခုတ်ကောင် နောက်ကို လိုက်တယ်။” ပင်းယန် သူ့ကို နောက်တစ်ခေါက် ကိုက်ဖို့ လုပ်နေတဲ့ အကြောင်း ဖန်ကျန်းရှီ မြင်ချိန်မှာ ဗျူဟာတွေကို စဉ်းစား ချင်ယောင် ဆောင်တော့တယ်။

“နင်ဘာပြော ချင်တာလဲ။” ပင်းယန် ချက်ခြင်း ဆိုသလို ရပ်သွားခဲ့တယ်။

“ငါပြော ချင်တာကတော့ ငါ့ကိုယ်ငါ ဓားခုတ်ကောင်မှန်း မသိခင် အထိ စာကလေးလို့ ထင်နေမိ ခဲ့တယ်။ ဒီတစ်ခေါက်တော့ ငါ စာကလေး ဖြစ်ချင်တယ်။”

“ဒီတော့ ဒီည စာကလေးကင် စားကြမလား။” မျှော်လင့်တကြီးနဲ့ မျက်တောင် တဖျပ်ဖျပ် ခတ်ရင်းပြောတယ်။

“ မင်းဦးနှောက်ကတော့ အရည်ပျော်နေပြီ။”

“ဘာဖြစ်တယ်။”

“ပင်းယန်က ထက်မြက်တယ်လို့။ ငါ စာကလေး သွားဖမ်းပြီး ကင်ကျွေးမယ်။”

“ယေး။ အကောင်းဆုံးပဲ။” ပင်းယန်က ထခုန်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို မျက်လုံးမှေးပြီး စိုက်ကြည့်ရင်း ပြောပြန်တယ်။

“ယွင်ချင်းဝူကို နင်ဘာဖြစ်လို့ ကူညီတာလဲ။ ငါ့ကို မဖြေရသေးဘူး။ နင်သူနဲ့ မဖွယ်မရာတွေ လုပ်ခဲ့တာလား။”

“နောက် ၁၀ ရက်ကြာရင် သူ့ကို ကိုယ်တိုင်မေး။” ဖန်ကျန်းရှီ သစ်တောထဲ ခုန်ဝင် သွားရင်း ပြန်ဖြေတယ်။

“ဆယ် ရက်တဲ့လား။”

ပင်းယန် လှမ်းကြည့်နေရင်း ပွစိ ပွစိ လုပ်နေခဲ့တယ်။

“ဓားခုတ်ကောင်က ပုစဉ်းရင်ကွဲကို လိုက်တယ်။ စာကလေးက ဓားခုတ်ကောင်ကို လိုက်တယ်။ အရှက်မရှိတဲ့ ကောင်စုတ်။ ယွင်ချင်းဝူနဲ့ ဉာဏ်ချင်းယှဉ်ရင် ငါနိုင်မယ် ထင်လား။”

အပိုင်း (၉၄၂) ပြီး၏။

အပိုင်း (၉၄၃)

“ထောင် ထောင် ထောင်ချောက် အကြီးကြီး။”

…

ဖန်ကျန်းရှီနဲ့ ပင်းယန် နှစ်ယောက်က ဂူငယ်လေးထဲမှာ လောက အရေးတွေ ဆွေးနွေး နေခဲ့ကြတယ်။ လင်းရှောင်းတောင် လူသားမျိုးနွယ် မဟာမိတ် ရင်းမြစ်မှာတော့ စကားစစ်ထိုး နေခဲ့ကြတယ်။

“ဒါက ထောင်ချောက် ဖြစ်နိုင်တယ်။ ယွင်ချင်းဝူ ဆင်တဲ့ ထောင်ချောက် ဖြစ်နိုင်တယ်။ ငါတို့ အားလုံးကို တစ်နေရာတည်း ခေါ်ပြီး သတ်ပြစ်မှာ ဖြစ်နိုင်တယ်။” လင်းရှောင်းတောင် ခန်းမမှာ အသံ တစ်သံ ထွက်ပေါ် လာတယ်။

တခြား လူတွေ အားလုံးကလဲ စောင့်ကြည့် နေကြတယ်။ နောက်ဆုံးတော့လဲ ဒီဒဏ္ဍာရီက ပေါ်လာတာ ရုတ်တရက် ဆန်လွန်းတယ်လေ။

နတ်ဘုရား အရင်းအမြစ်လို အရာ တစ်ခုက ရုတ်တရက် ဒီလို အချိန် ကိုက်မှာ ပေါ်လာတာမျိုး မဖြစ်နိုင်ဘူးလေ။

“အကယ်၍ ဒါကသာ အမှန် ဖြစ်နေရင်ရော။” နောက်ထပ် အသံ တစ်ခု ထွက်ပေါ် လာပြန်တယ်။ ဒီအသံက မကျယ်ပေမယ့် လူတွေ အားလုံးကို တိတ်ဆိတ် သွားစေခဲ့တယ်။ ဒီဒဏ္ဍာရီက ရုတ်တရက် ပေါ်ထွက် လာတာ ဖြစ်ပေမယ့် လူသား အားလုံး မျှော်လင့်နေတဲ့ အရာ တစ်ခုလဲ ဖြစ်နေခဲ့တယ်လေ။

ဒါ့အပြင် လူသား မျိုးနွယ်က အဆုံးသတ် အခြေအနေကို တွန်းပို့ ခံနေရ ပြီးပြီ။

မြင့်မြတ် နယ်မြေ နေရာ သုံးခုကို မိစ္ဆာနဲ့ နတ်ဆိုးတွေက ကျုးကျော်ထားတယ်။ ဘယ် တပည့်သား ကမှ အခုချိန် ယင်ယန် ခန်းမမှာ မနေဝံ့ ကြဘူး။ လင်းယွမ် မျှော်စင်က လွဲပြီး၊ မြင့်မြတ် နယ်မြေရဲ့ မျိုးနွယ်စု အကြီးအငယ်တွေ အားလုံးက လင်းရှောင်းတောင်မှာ ရောက်နေကြပြီ။

သူတို့တွေ ဒီလို ဘဝမျိုးကို ဘယ်လိုများ လက်ခံ နိုင်ကြမှာလဲ။ အားလုံးက သဲကန္တာရထဲမှာ အိုအေစစ် တစ်ခုကို တွေ့သွား သလိုပဲ။ ဒါကြောင့် အံ့ဖွယ်ရာမှန်း သိနေရင်၊ သူတို့တွေ ရှေ့ဆက်တာကို တားနိုင်မယ် ထင်လား။

မလှုပ်ရှားရင်လဲ သေမှာ ဖြစ်ပေမယ့် ရှေ့ဆက်ဖို့ အခွင့်အရေးလဲ ရှိသေးတယ်။

အခုချိန်မှာ လူသား မျိုးနွယ်ရဲ့ အခြေအနေက ဒီအတိုင်းပဲ။ သူတို့တွေ စိတ်ပျက် အားလျော့ နေမှတော့ မျက်စိရှေ့က အခွင့်အရေးကို ဘယ်လိုများ လက်လွတ် ခံမှာလဲ။

“တစ်ချက် သွားကြည့်ဖို့ အကြံ ပေးပါတယ်။” မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် ထရပ်တယ်။ သူက အဓိက မျိုးနွယ်စုကြီးရဲ့ လူမဟုတ်ခဲ့ဘူး။ သာမာန် စစ်သူကြီး တစ်ယောက်ပဲ။

မျိုးနွယ်စုက လူတွေကို အုပ်ချုပ်နေဆဲ ဖြစ်ပေမယ့် သူ့ကိုယ်သူ လက်ရှိ အချိန်မှာ မျိုးနွယ်စု ခေါင်းဆေင်လို့ မသတ်မှတ် နိုင်တော့ဘူး။ ကိုယ်ပိုင် မျိုးနွယ်စုကို တည်ထောင် ထားသူ တစ်ယောက်က တခြားသူတွေ ဖိနှိပ်တာကို ဘယ်လိုများ လက်ခံ နိုင်မှာလဲ။ ဒါက ရည်မှန်းချက် တစ်ခုပဲ။

ဒီရည်မှန်းချက်က လူတစ်ယောက်ရဲ့ စွမ်းရည်ပေါ်မှာ မူတည်ပေမယ့်၊ စွမ်းရည် မရှိတဲ့ လူတစ်ယောက်မှာလဲ မျှော်လင့်ချက်တော့ ရှိနိုင်သေးတယ်။

နတ်ဘုရား အရင်းအမြစ်ကို ရှာ။ သစ်သီးကို စား။ နတ်ဘုရား ဖြစ်လာပြီး လောကကြီးကို အုပ်ချုပ်။ ထိပ်တန်းကိုရောက်။ ဒါက လူတိုင်းရဲ့ အိပ်မက်ပဲ။

“ဟုတ်တယ်။ တစ်ချက် သွားကြည့်တော့ရော ဘာဖြစ်တာလဲ။ ဒီနေရာမှာ ထိုင်ပြီး ဘာမှ မလုပ်တာထက်တော့ ပိုကောင်းတယ် မဟုတ်လား။”

“ဟုတ်တယ် မှန်တယ်။ ငါတို့တွေသာ သေချာ ပြင်ဆင်ထားရင် ဘာများ ကြောက်နေ ရမှာလဲ။ တစ်ခုခု လွဲနေတာ သိတာနဲ့ ငါတို့တွေ ထွက်ပြေးလို့ ရတာပဲ။”

“မဟာမိတ် လက်ထောက် ခေါင်းဆောင် မုက ကောင်းကင် တာအို ခန်းမ ခေါင်ေးဆာင်ပဲလေ။ ကောင်းကင်တာအို ခန်းမ နယ်မြေထဲမှာ မကောင်းတဲ့ ကိစ္စ ရှိနိုင်မှာလား။”

“ဒါ့အပြင် ခေါင်းဆောင် မုကလဲ မဟူရာ ကျောက်တုံး နန်းတော်ထဲကို အရင်က ဝင်ဖူးတယ် မဟုတ်လား။ အဲ့ဒီ့ နေရာမှာ တကယ့်ကို စာလွှာတွေ ရှိနေတယ်။ နတ်ဘုရား အရင်းအမြစ် အကြောင်းကိုလဲ မှတ်တမ်း တင်ထားတယ် မဟုတ်လား။ မဟာမိတ် လက်ထောက် ခေါင်းဆောင်မု။”

အားလုံးရဲ့ အကြည့်က မုချန်းဖန်းဆီကို ကျရောက်လာတော့တယ်။ နောက်ဆုံးတော့လဲ မဟူရာ ကျောက်တုံး နန်းတော်ထဲကို ဝင်ဖူးတာ မုချင်းဖန်း တစ်ယောက်သာ ရှိတယ်လေ။

“မဟူရာ ကျောက်တုံး နန်းတော်က အရမ်းကို အန္တရာယ် များတယ်။” အကြည့်တွေကို မြင်ချိန်မှာတော့ မုချင်းဖန်း အမူအယာ ပြောင်းလဲ သွားတော့တယ်။

“ဘယ်လောက် အထိ အန္တရာယ် များလဲ။” ဘေးပတ်လည်က လူတွေ မေးကြတယ်။

“တကယ်တော့ နန်းတော်ရဲ့ အစိတ်အပိုင်း နည်းနည်းကိုပဲ ငါရှာဖွေ ရသေးတယ်။ ဒါ့အပြင် အဲ့ဒီ့ အချိန်တုန်းက ငါနဲ့အတူ ချီကူယန်လဲ လိုက်ခဲ့တယ်။ နန်းတော်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းကိုတော့။”

“ဘာကြောင့်များလဲ။”

“နန်းတော် အတွင်းကျဆုံး အပိုင်းထဲကို ငါမဝင်ခဲ့ဘူး။ ထောင်ချောက်တွေ အပြင် ထူးခြားတဲ့ အင်အား တစ်ခုက ပုံရိပ်ယောင်တွေကို ဖန်တီး ပေးတယ်။”

“ပုံရိပ်ယောင်တဲ့လား။” ပတ်ဝန်းကျင်က လူတွေ အားလုံး တိတ်ဆိတ် သွားခဲ့တယ်။ မုချင်းဖန်းတောင် မခုခံ နိုင်တဲ့ အင်အားကို သူတို့တွေ ဘယ်လိုများ ခုခံ နိုင်မှာလဲ။”

“ငါခံစား မိတာတော့ နန်းတော်ထဲက အန္တရာယ် အများဆုံး နေရာမှာ လျှို့ဝှက်ချက်တွေ ရှိနေတာ ဖြစ်နိုင်တယ်။ ဒါ့အပြင် ဒဏ္ဍာရီကလဲ မှန်ကောင်း မှန်နိုင်တယ်လေ။ နတ်ဘုရား အရင်းအမြစ်က နန်းတော်ပျက်ထဲမှာ ရှိနေတာ ဖြစ်နိုင်တယ်။” မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်က ထပြောတယ်။ သူနည်းနည်းလေးတောင် မကြောက်လန့်ဘူး။

“ဖြစ်နိုင်တယ်။”

“အန္တရာယ် မများမှပဲ ဖြစ်နိုင်ချေ မရှိမှာ။”

“မှန်တယ်။ အကယ်၍ မင်းတို့တွေ ကြောက်နေရင် မသွားကြနဲ့။ ငါကတော့ သွားကြည့်မှာပဲ။ ဒါက နောက်ဆုံး အခွင့်အရေးတောင် ဖြစ်နိုင်သေးတယ်။”

ပတ်ဝန်းကျင်က လူတွေအားလုံး ခေါင်းငြိမ့် လိုက်ကြတယ်။

“တောက်ရှင်း မင်းဘယ်လို ထင်လဲ။” တောက်ဟွမ်က လှမ်းမေးတယ်။

“အဲ့တာက ထောင်ချောက်ပဲ။” တောက်ရှင်း ခပ်တိုးတိုး ပြန်ဖြေတယ်။

“ထောင်ချောက်တဲ့လား။ ဒါဆိုရင် ငါတို့။”

“သွားသင့်တယ်။” တောက်ရှင်းက ချက်ခြင်း ဆက်ပြောတယ်။

“ထောင်ချောက်မှန်း သိနေတာတောင် ဘာဖြစ်လို့ သွားသင့်တာလဲ။” တောက်ဟွမ် နားမလည် ခဲ့ဘူး။

တောက်ဟွမ် မေးခွန်းကို ပြန်ဖြေမယ့်အစား တောက်ရှင်းက မျက်မှောင် တချက် ကြုတ်လိုက်ပြီး အောက်ဘက်က မျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ တပည့်သားတွေကို လက်ညှိုးထိုး ပြတယ်။

“နားလည်ပြီ။” တောက်ဟွမ် ချက်ခြင်း အကြောင်းအရင်းကို နားလည် သွားတယ်။ သူတို့ရှေ့မှာ ရှိနေတဲ့ မြင်ကွင်း အရတော့ သူက မဟာမိတ် ခေါင်းဆောင် ဖြစ်နေပင်မယ့်၊ ဘယ်သူ့ကိုမှ တားလို့ ရမှာ မဟုတ်ဘူး။ ထောင်ချောက်မှန်း သိနေမှတော့ ကိုယ်တိုင် မစွန့်စား တော့ဘူး။

အဲ့ဒီ့ အစား သူ အစီအစဉ် ချတော့တယ်။ ဒီအချိန်မှာပဲ ခန်းမ အပြင်ကနေ အသံ တစ်သံကို ကြားလိုက် ရတော့တယ်။

“အရိပ် မျိုးနွယ် ခေါင်းဆောင် ဝူယွဲ့အာ ရောက်ရှိ။”

“ဝူယွဲ့အာ။”

“သူက ကြီးမြတ်သော ရှ နိုင်ငံတော်မှာ ရှိနေရမှာ မဟုတ်ဘူးလား။”

အားလုံးက အထိတ်တလန့် ဖြစ်ကုန်ကြတယ်။ ဒါပေမယ့် အရိပ် မျိုးနွယ် ခေါင်းဆောင် ဝူယွဲ့အာကတော့ အေးအေး ဆေးဆေး ဝင်ထိုင် နေခဲ့ပြီ။ သူမက လူသား မဟာမိတ် တပ်ဖွဲ့မှာ ရာထူး မနိမ့်ခဲ့ဘူး။”

“မတွေ့ရတာ ကြာပြီ မျိုးနွယ်စု ခေါင်းဆောင်ဝူ။”

“အမှန်ပဲ။ မျိုးနွယ်စု ခေါင်းဆောင်ဝူက အရင်လိုပဲ ချောမောနေတုန်း။”

“ခေါင်းဆောင်ဝူ ကိုယ်တိုင် လင်းရှောင်းတောင်ကို လာရောက်ရတဲ့ ကိစ္စက ဘာကြောင့်များပါလိမ့်။”

လူတွေ အားလုံး နီးပါး ဝူယွဲ့အာကို ကြိုဆိုကြတယ်။ ဒါပေမယ့် ဘယ်သူကမှ သူမ အနားကို မကပ်ဝံ့ကြဘူး။ နောက်ဆုံးတော့လဲ သူမက ဆူးတွေ ပြည့်ေ်နတဲ့ နှင်းဆီ တပွင့် ဖြစ်နေတယ်လေ။

“မဟာ နွံအိုင်ထဲမှာ ရှိတဲ့ မိစ္ဆာ ဘုရင်တွေ ကောင်းကင်တာအို ခန်းမကို အပြေး သွားနေကြပြီ။ ဒီအကြောင်း အားလုံးကို ပြောပြဖို့ လာတာပဲ။” ဝူယွဲ့အာက ပြောရင်းနဲ့ ခန်းမ အလယ်ကို လျှောက်လာခဲ့တယ်။ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီးကို သူမ လှမ်းကြည့်တယ်။

ဒါပေမယ့် သူမ အကြည့်က တောက်ရှင်း ဆီကို ခပ်မြန်မြန်ပဲ ရောက်သွားခဲ့တယ်။

ရန်ရွှယ်ကတော့ ဘာမှ ဝင်မပြောခဲ့ဘူး။

“မျိုးနွယ်စု ခေါင်းဆောင်ဝူ။ ဒီတော့ မင်းပြောချင်တာ ငါတို့တွေ ကောင်းကင် တာအို ခန်းမကို သွားသင့်တယ်လို့လား။” တော က်ဟွမ်က ဝူယွဲ့အာရဲ့ စကားကို ကြားချိန်မှာ ပြောတော့တယ်။

“မှန်ပါတယ်။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။

“မျိုးနွယ်စု ခေါင်းဆောင်ဝူရဲ့ စိတ်ထဲမှာ ဒါက ထောင်ချောက် တစ်ခုလို့ မထင်မိဘူးလား။” တောက်ဟွမ်က မေးလိုက်တယ်။

“ဟဟား။” ဆွဲဆောင် ညှို့ငင်မှု အပြည့်နဲ့ ဝူယွဲ့အာ ရယ်မောတယ်။ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရင်း ဆက်ပြောတယ်

“ဒါပေါ့။ ဒါက သေချာပေါက် ထောင်ချောက်ပဲ။ ဒါပေမယ့် သုခမိန် စစ်နတ် မုန့်ထျန်း ကိုယ်တိုင် မဟာ နွံအိုင်ထဲက ဝူယွဲ့အာ ထွက်လာစေဖို့ ဆင်ထားတဲ့ ထောင်ချောက်။”

“ဘာတွေ ဖြစ်နေတာလဲ။”

ဝူယွဲ့အာရဲ့ စကားက တောက်ဟွမ်နဲ့ တခြားသူတွေ အားလုံးကို စိတ်ရှုပ်ထွေး သွားစေခဲ့တယ်။

“လင်းရှောင်းတောင်ခြေမှာ ပေါ်လာခဲ့တဲ့ မုန့်ထျန်း အကြောင်းကို တွေးနေ ကြတာလား။” ဝူယွဲ့အာ မေးတယ်။

“ဟုတ်တယ်။”

“အဲ့ဒီ့ မုန့်ထျန်းက ယွင်ချင်းဝူ လွှတ်ထားတဲ့ အတုပဲ။”

“အတု တဲ့လား။ ဘယ်လိုတောင် သေချာ နေရတာလဲ ခေါင်းဆောင်ဝူ။”

“ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီ့ အချိန်မှာ တကယ့် သုခမိန် စစ်နတ် မုန့်ထျန်း အစစ်က ငါနဲ့ ရှိနေခဲ့လို့ပဲ။ သူက ဘယ်လိုများ လင်းရှောင်းတောင်ခြေမှာ ရှိနေ နိုင်မှာလဲ။”

“သုခမိန် စစ်နတ် မုန့်ထျန်းက မင်းနဲ့ အတူ ရှိနေတယ်။ မိုးနတ်မင်းရေ၊ ဘာတွေ ဖြစ်နေတာလဲ။ ဒီတော့ ခေါင်းဆောင်ဝူက သုခမိန် စစ်နတ် မုန့်ထျန်းကို အရင်က တွေ့ဖူးတယ်ပေါ့။ သူက အစစ်မှန်း ဘယ်လို သေချာ သိနိုင်တာလဲ။” လူတွေ အားလုံးက အရမ်းကို သိလိုစိတ် အပြည့်နဲ့ မေးနေကြတယ်။

“သံသယ ဝင်စရာ မလိုဘူး။ မုန့်ထျန်းက နတ်ဆိုး သခင်ကို ဖမ်းထားတယ်။ ဒါ့အပြင် အခု အစီအစဉ်ကိုလဲ ပြောပြ ခဲ့သေးတယ်။”

“မုန့်ထျန်း ကိုယ်တိုင် ခေါင်းဆောင်ဝူကို ပြောတာလား။”

“ဟုတ်တယ်။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။

“ဒါဆိုရင် မျိုးနွယ်စု ခေါင်းဆောင်ဝူကို တစ်ခု မေးပါရစေ။ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ တကယ့် ရုပ်သွင် အစစ်ကို မြင်ဖူးလား။” မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် မေးတယ်။

“ဟဟား။ နင်က ငါ့ကို အရူးလို့ ထင်နေတာလား။”

“ဘာဖြစ်လို့ ဒီလို ပြောတာပါလဲ ခေါင်းဆောင်ဝူ။”

“အကယ်၍ ငါ ပြောတာကို နင်မယုံရင်တောင် ဒါကိုတော့ ယုံသင့်တယ်။” ဝူယွဲ့အာက အဝတ်နက်နဲ့ ပတ်ထားတဲ့ ပစ္စည်း တစ်ခုကို ထုတ်ယူလိုက်တယ်။

လုံးဝိုင်းတဲ့ အရာ တစ်ခုက မြေပြင်ပေါ်ကိုလိမ့်လာခဲ့တယ်။ အနက်ရောင် အကြေးခွံတွေ ဖုံးအုပ်ထားပြီး ခေါင်းမှာ ဂျိုတစ်ချောင်း ရှိနေတဲ့ ခေါင်းပြတ် တစ်ခု။

“ဒါ ဒါက ဘာကြီးလဲ။” အားလုံးရဲ့ အမူအယာက ပြောင်းလဲ သွားတော့တယ်။ ဒီလောက် ကြောက်စရာ ကောင်းတဲ့ သားရဲကောင်ကို သူတို့တွေ ဘယ်တုန်းကမှ မမြင်ဖူး ခဲ့ဘူး။

“လင်းကျီ။”

“အဲ့တာ လင်းကျီလား။ တောင်ပိုင်း ဒေသကို ဖျက်စီး သွားတဲ့ နတ်သခင် အဆင့် ပညာရှင်။”

“ဟုတ်တယ်။ ဒါ သူ့ခေါင်းပဲ။” ဝူယွဲ့အာ ခေါင်းငြိမ့်ရင်း တောက်ဟွမ်းကို ပြောတယ်။

“ဟုတ်တယ်။ အဲ့တာက ထောင်ချောက်ပဲ။ သုခမိန် စစ်နတ် မုန့်ထျန်း ကိုယ်တိုင် ဝူယွဲ့အာကို ထောင်ဖမ်းဖို့ ပြင်ဆင် ထားတဲ့ ထောင်ချောက်။ ဒါပေမယ့် အဲ့ဒီ့ ထောင်ချောက်ကို တကယ့် ဒဏ္ဍာရီ အစစ်နဲ့ ပြင်ဆင် ထားတာပဲ။ နောက်တစ်နည်း ပြောရရင်၊ နတ်ဘုရား အရင်းအမြစ်က တကယ့်ကို တည်ရှိတယ်။ ကောင်းကင်တာအို ခန်းမရဲ့ တောင်ခြေ မဟူရာ ကျောက်တုံး နန်းတော်ပျက် ထဲမှာ တည်ရှိတာလဲ ဖြစ်နိုင်တယ်။ ဒီတော့ မယုံတဲ့သူ ဘယ်သူများ ရှိမလဲ။”

အပိုင်း (၉၄၃) ပြီး၏။

အပိုင်း (၉၄၄)

“တိုက်ခိုက်။ မုန့်ထျန်း တပ်ဖွဲ့။”

တိတ်ဆိတ်မှုကြီးက ခန်းမ တစ်ခုလုံးကို ကြီးစိုး သွားခဲ့တယ်။

မုန့်ထျန်းလို (ဒဏ္ဍာရီလာ သူရဲကောင်း) တစ်ယောက်ကို ယွင်ချင်းဝူ ဖန်တီး ထားခဲ့တယ်လို့ ထင်ခဲ့ပေမယ့်၊ လင်းကျီရဲ့ ခေါင်းကို မြင်ချိန်မှာတော့ ဒီ အတွေးက ပျောက်ကွယ် သွားခဲ့ပြီ။

ဘာကြောင့်လဲ ဆိုတော့ တခြားသူတွေ သံသယ ဖြစ်နိုင်တဲ့ မုန့်ထျန်းကို ဖန်တီးဖို့ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်ကို ယွင်ချင်းဝူက အဆုံးရှုံးခံမှာ မဟုတ်ဘူး။

“ကြည့်ရတာ သုခမိန် စစ်နတ် မုန့်ထျန်းက တကယ်ပဲ အသက်ရှင် နေပုံပဲ။” တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် ခန်းမထဲမှာ အသံ တစ်သံ ထွက်ပေါ် လာတော့တယ်။ သူကတော့ အစောပိုင်းက စပြီး စကားပြောခဲ့တဲ့ မျိုးနွယ်စု ခေါင်းဆောင်ပဲ။

“ဟုတ်တယ်။ ဒါက တစ်ခုတည်းသော ဖြစ်နိုင်ချေပဲ။”

“ဒီ ဆရာကြီး အသက်ရှင် နေတယ်ဆိုတာ တကယ့်ကို မယုံနိုင် စရာပဲ။ အံ့သြစရာ ကောင်းလိုက်တာ။”

ပတ်ဝန်းကျင်က လူတွေ အတည်ပြုတာကို ခံရပြီးနောက် သံသယ စကားသံတွေ အားလုံး လုံးလုံးလျားလျား ပျောက်ကွယ် သွားတော့တယ်။

ဒီအချိန်မှာပဲ တောက်ရှင်းက ထရပ်တယ်။ ဝူယွဲ့အာ ရှေ့ကို လျှောက်လာပြီး ဦးညွှတ်တယ်။

“မျိုးနွယ် ခေါင်းဆောင်ဝူက သုခမိန် စစ်နတ် မုန့်ထျန်းနဲ့ တွေ့ဖူး ပြီးသား ဖြစ်နေမှတော့၊ ဘာကြောင့်များ မြင့်မြတ် နယ်မြေမှာ မုန့်ထျန်းတွေ အများကြီး ပေါ်လာရတာလဲ။ ဒီကိစ္စရဲ့ အကြောင်းအရင်းကို ပြောပြ နိုင်မလား။”

“ဟုတ်တယ်။ မုန့်ထျန်းတွေ အများကြီး ဘာဖြစ်လို့ ပေါ်လာ ရတာလဲ။”

ပတ်ဝန်းကျင် လူတွေက တောက်ရှင်း စကားကို ကြားချိန်မှာ ဝူယွဲ့အာကို စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ ကြည့်နေ ကြတယ်။

“အကြောင်းရင်းကတော့ အရမ်းကို ရှင်းပါတယ်။ အဲ့ဒီ့ မုန့်ထျန်း အတုတွေက အယောင်ဆောင်ဖို့ ငါလွှတ်ထားတာပဲ။” ဝူယွဲ့အာက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရင်း ဆွဲဆောင်မှု အပြည့်နဲ့ ပြုံးလိုက်တယ်။

“မင်းက မုန့်ထျန်း အတုတွေကို ဖန်တီးတယ်။”

“ဒါပေါ့။ ငါက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာပဲ။ ဆရာကြီးကို မလေးမစား လုပ်တာမှ မဟုတ်ပဲ။”

“ဘာဖြစ်လို့ ဒီလို လုပ်တာလဲ ခေါင်းဆောင်ဝူ။”

“ရန်သူကို လှည့်စား နိုင်ဖို့ အတွက်ပဲ။”

“လှည့်စားနိုင်ဖို့ ဟုတ်စ။”

“ဟုတ်တယ်။ ငါတို့ အင်အားစုက အခုချိန် လင်ရှောင်းတောင်မှာ အခြေစိုက်ထားတယ်။ ကင်းထောက် သူလျှိုလုပ်နေတဲ့ တပည့်သားတွေက အရမ်းကို ဂရုစိုက်ရတဲ့ အပြင် ခက်ခဲတဲ့ အခြေအနေကိုလဲ ကြုံရတယ်။ တခြား တစ်ဖက်မှာ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်စုတွေကလဲ ငါတို့ကို ပြန်ထောက်လှမ်းနိုင်ဖို့ အကွက်ဆင်နေကြတယ်။ အကယ်၍ ဒီအတိုင်းသာ ဆက်သွားရင် ငါတို့တွေ ပိုပိုပြီးတော့ အခက်တွေ့လာ ရလိမ့်မယ်။” ဝူယွဲ့အာ ရှင်းပြတယ်။

“နားလည်ပြီ။” တောက်ရှင်း ခေါင်းငြိမ့်တယ်။

ဝူယွဲ့အာ ဘာကို ပြောချင်မှန်း သူနားလည် သွားခဲ့ပြီ။ ဝူယွဲ့အာ ပြောတဲ့ အတိုင်း အရေးပေါ် သတင်းအချက်နဲ့ လှည့်စား နိုင်တာက စစ်ပွဲ တစ်ခုမှာ အဓိက ကျတဲ့ အချက်ပဲ။

ဆိုရိုးစကား ရှိတဲ့ အတိုင်း ရန်သူကို ကောင်းကောင်း နားလည်ထားရင် စစ်ပွဲမှာ ဘယ်လို ပြဿနာကိုမှ ကြုံရမှာ မဟုတ်ဘူး။

သတင်းအချက်အလက် တွေသာ မရှိရင်။ အင်အား ကြီးနေရင်တောင် အဆုံးအဖြတ် လွဲမှား နိုင်တယ်။ လက်ရှိ အခြေအနေကိုပဲကြည့်။ လူသားတွေက မိစ္ဆာနဲ့ နတ်ဆိုးတွေလို အင်အား မကြီးဘူး။ ဒီတော့ သတင်း အချက်အလက်သာ မရှိရင် သူတို့ အတွက် အနိုင်ရဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

“သုခမိန် စစ်နတ် မုန့်ထျန်းက ပြောခဲ့တယ်။ ငါတို့တွေ သူ့ပုံစံ စိတ်ကြိုက် အယောင်ဆောင်နိုင်တယ်။ မုန့်ထျန်းတွေ ရာချီ ထောင်ချီ ရှိနေရင်တောင် အဆင်ပြေတယ်။” ဝူယွဲ့အာ ပြောပြန်တယ်။

“ငါတို့လဲ မုန့်ထျန်း အဖြစ် ဟန်ဆောင်လို့ ရတာလား။”

“ဟုတ်တယ်။ စဉ်းစားကြည့်။ အကယ်၍ မုန့်ထျန်းတွေ အများကြီးသာ မြင့်မြတ် နယ်မြေထဲမှာ ပေါ်လာရင်၊ မိစ္ဆာနဲ့ နတ်ဆိုေးတွ ဘယ်လိုများ သတင်းပို့နိုင် တော့မှာလဲ။” ဝူယွဲ့အာ ခေါင်းငြိမ့်တယ်။

“ဟုတ်တယ်။ သူတို့တွေ သတင်း အချိန်မှီ ပို့နိုင်မှာ မဟုတ်ဘူး။ ဒါပေါ့။ အားလုံးက မုန့်ထျန်း ဖြစ်နေလို့လေ။ ငါတို့ကို ခြေရာခံ နိုင်ရင်တောင် သူတို့တွေက မျက်ကန်းတွေလို ဖြစ်နေမှာပေါ့။ ဟုတ်တယ်ဟုတ်။” အားလုံးက ဝူယွဲ့အာနဲ့ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ အစီအစဉ်ကို နားလည် သွားကြတယ်။

အားလုံးကို မုန့်ထျန်း အဖြစ် ပြောင်းလဲ ပြစ်မယ်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အစီအစဉ်လဲ။ ဒါ့အပြင် မုန့်ထျန်း အစစ်ကလဲ သူတို့ထဲမှာ ပုန်းအောင် နေမယ်။ မြင့်မြတ် နယ်မြေ မျိုးနွယ်စု လေးခုက ခေါင်းဆောင်တွေ မုချင်းဖန်းနဲ့ မော့ရှန်းရှီတို့လဲ မုန့်ထျန်း ဖြစ်လာနိုင်တယ်။

ဒါဆိုရင် မျိုးနွယ်စု အားလုံးရဲ့ တပည့်သားတွေက လင်ရှောင်းတောင်ကနေ အေးအေးဆေးဆေး ထွက်ခွာနိုင်ပြီ။

“နည်းဗျူဟာက တကယ် ကောင်းတယ်။ ဒီလူက သုခမိန် စစ်နတ် မုန့်ထျန်း ဖြစ်နေတာ အံ့သြစရာ မရှိတော့ဘူး။” မုချန်းဖန်းက ထရပ်တယ်။ အစောပိုင်းက စိုးရိမ်နေခဲ့တဲ့ မျက်နှာ အမူအယာ ပျောက်ကွယ် သွားခဲ့ပြီ။

“ဟုတ်တယ်။ ငါတို့တွေ ဒီနေရာမှာ နောက်ထပ် စိတ်ဆင်းရဲ ခံပြီး စောင့်ကြပ် နေစရာ မလိုတော့ဘူး။ မုန့်ထျန်းအဖြစ် ဟန်ဆောင်လိုက်ရင်၊ မြင့်မြတ် နယ်မြေထဲကို စိတ်ကြိုက် သွားလို့ရပြီ။”

“ငါတို့တွေကို ရှာတွေ့ သွားလဲ ကိစ္စ မရှိဘူး။ နိုင်နိုင်ရင် တိုက်ခိုက်မယ်။ မနိုင်ရင် ပြေးမယ်။”

“မှန်တယ်။ မှန်တယ်။ ငါတို့တွေသာ မုန့်ထျန်း ဖြစ်နေရင်၊ မိစ္ဆာနဲ့ နတ်ဆိုးတွေရဲ့ လှုပ်ရှားမှုကိုလဲ ကင်းထောက် နိုင်လိမ့်မယ်။”

မုချင်းဖန်းရဲ့ စကားကို ကြားချိန်မှာ ပတ်ဝန်းကျင်က လူတွေ အားလုံး စိတ်လှုပ်ရှား လာကြတော့တယ်။ နောက်ဆုံးတော့လဲ အခုချိန်မှာ သူတို့က အခြေအနေကို ထိန်းချုပ်နိုင်သူတွေ ဖြစ်လာတော့မယ်လေ။

လွန်ခဲ့တဲ့ ငါးလကျော် အချိန် အတွင်းမှာ အင်အားကြီး လူသားတွေ အားလုံးက လင်ရှောင်းတောင်မှာ ပိတ်မိ ခဲ့ကြတယ်။ တောင်အပြင်ကို ဘယ်သူမှ မထွက်ဝံ့ကြဘူး။ တပည့်သား အုပ်စု တစ်ခုကို စေလွှတ်ပြီး သတင်း အချက်အလက်တွေ စုစည်းခိုင်းရုံသာ တတ်နိုင်ခဲ့တယ်။

နောက်ဆုံးတော့လဲ သူတို့လို လေနှင်ရာ လွင့်သလို စိတ်ရှိတိုင်း သွားလာ နေခဲ့သူတွေ အတွက် တောင်ပေါ်မှာ ပိတ်မိနေသလို အဖြစ်က တကယ့်ကို မလွယ်ကူ ခဲ့ဘူး။

ဒီနည်းလမ်းက လူသားတွေ အားလုံးရဲ့ အရင်းအမြစ်ကို ထိန်းသိမ်း ထားနိုင်ပေမယ့်၊ တစ်ချို့ လူတွေကတော့ မခံစား နိုင်လွန်းလို့ ရူးမတတ် ဖြစ်နေကြပြီ။

ဒါ့အပြင် လင်ရှောင်းတောင်မှာ ဘယ်လို စိတ်ကြည်နူးစရာ အပျော်အပါးမှ မရှိဘူးလေ။ အမျိုးသမီး တပည့်သား တစ်ချို့ပဲ ရှိတယ်။ ဒါ့အပြင် အမျိုးသမီး တပည့်သားကလဲ အရမ်းကို နည်းပါးလွန်းတယ်။

“လုပ်ကြစို့။ ငါတို့တွေ ဝတ်ရုံနက် ဝတ်ကြမယ်။ (နတ်ဘုရား) စာလုံးကို မျက်နှာဖုံးစွပ် အနက်ပေါ်မှာ ချုပ်ကြ။ ဒီသောက်သုံး မကျတဲ့ နေရာမှာ နောက်ထပ် ထပ်မနေနိုင်ဘူး။” မော့ရှန်းရှီရဲ့ အသံ အရင်ဆုံး ထွက်လာခဲ့တယ်။ မိုးခြိမ်းသံလို ကျယ်လောင်လှတဲ့ အသံကြောင့် ခန်းမကြီး တစ်ခုလုံး တုန်ခါသွားတယ်။

တခြား မျိုးနွယ်စု ခေါင်းဆောင်တွေလဲ ခေါင်းငြိမ့် လိုက်ကြတယ်။

ဒီမြင်ကွင်းကို မြင်ချိန်မှာတော့ တောက်ဟွမ် အမူအယာ ပြောင်းသွားတော့တယ်။ နောက်ဆုံးတော့လဲ မော့ရှန်းရှီက အမိန့်ချ နိုင်တဲ့သူ မဟုတ်ဘူးလေ။

သူစကား ပြောတော့မယ့် အချိန်မှာပဲ တောက်ရှင်းက ခေါင်းခါ ပြနေတာကို မြင်လိုက်ရတယ်။ သူလဲ ရွေးချယ်စရာ မရှိတော့ပဲ စကားတွေကို မျိုသိပ် လိုက်ရတယ်။

ဒါပေမယ့် တောက်ဟွမ်က မျိုးနွယ်စု တစ်ခုရဲ့ ခေါင်းဆောင်ပဲလေ။ တောက်ရှင်း ဘာကြောင့်လုပ်မှ်နး သူနားလည်တယ်။ အခု အခြေအနေကို လူတစ်ယောက်တည်းနဲ့ ရပ်တန့်လို့ မရနိုင်ဘူး။

ဒါ့အပြင် မဟာမိတ် ခေါင်းဆောင် နေရာကို သူရထားတာက ကျမ်းကောင်းကင်တောင် တိုက်ပွဲကြောင့်ပဲ။

သူ့ကို တကယ် စိတ်ရင်းနဲ့ အသိ အမှတ် ပြုတဲ့သူက အများကြီး မရှိဘူး။ အကယ်၍ သူတို့ကိုသာ မတားနိုင်ရင် သူလုပ်နိုင်တာ နောက်ထပ် ဘာရှိ အုန်းမလဲ။

တောက်ဟွမ်က ငတုံး တစ်ယောက် မဟုတ်ခဲ့ဘူး။ ဒါတွေ အားလုံးကို သည်းခံ ပြီးနောက် သူဖြည်းဖြည်းချင်း ထရပ်တယ်။ ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ချောင်းဟန့်တယ်။

“အဟမ်း ဟမ်း။”

သူမဟာမိတ် ခေါင်းဆောင် ဖြစ်ပြီးတည်းက တောက်ဟွမ် အမြဲတမ်း တွေးထားခဲ့တယ်။ သူစကား ပြောတဲ့ အချိန်မှာ တခြားသူတွေ အားလုံးက တိတ်တိတ် နေသင့်တယ်။ ဒါပေမယ့် သူက တကယ့်ကို တုံးအ လွန်းတာပဲ။ တစ်ချို့သော ကိစ္စတွေက သူတွေးထားသလို ဖြစ်မလာခဲ့ဘူး။

ခန်းမကြီး တစ်ခုလုံးက အရမ်းကို သက်ဝင် လှုပ်ရှားနေ ခဲ့တယ်။ အပြိုင်အဆိုင် စကားပြောသံ တွေက ခန်းမကြီး တစ်ခုလုံးကို လှုပ်ခတ် နေစေတယ်။ ဘယ်သူကမှ တောက်ဟွမ်ကို မကြားကြဘူး။ ဒါက အတော့်ကို ကသိကအောင့် ဖြစ်စရာ ကိစ္စပဲ။

“သုခမိန် စစ်နတ် မုန့်ထျန်း။ ဒီကောင်က လင်ရှောင်းတောင်ကို မရောက်ခင်တည်းက ငါ့ရဲ့ မဟာမိတ် ခေါင်းဆောင် နေရာကို ယူသွားပြီလား။” တောက်ဟွမ် အံကြိတ်လိုက်တယ်။

မဟာမိတ် ခေါင်းဆောင် နေရာကို ရဖို့ သူအများကြီး ကြိုးစား အားထုတ်ခဲ့တယ်။

ဒါ့အပြင် မဟာမိတ် ခေါင်းဆောင် နေရာကို ရပြီးနောက် သူ့နောက်လိုက်တွေရဲ့ ယုံကြည်မှုကို ရဖို့ နည်းလမ်းတွေကို ဆက်တိုက် လုပ်ဆောင် နေသေးတယ်။ ယင်ယန် ခန်းမက ဆေးလုံးတွေကို ဖြန့်ချီ ပေးဖို့ အတွက်တောင် သူစဉ်းစား ခဲ့သေးတယ်။ မျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ တပည့်သားတွေကို သိမ်းသွင်းပြီး မဟာမိတ် ခေါင်းဆောင် နေရာကို ထိန်းသိမ်း ထားချင်ခဲ့တယ်။

ဒါပေမယ့် အခုချိန်မှာတော့ မုန့်ထျန်း ဆိုတဲ့ကောင်က ဘယ်ကမှန်း မသိ ရုတ်တရက် ပေါ်လာတယ်။ လင်ရှောင်းတောင်ကိုတောင် မရောက်သေးပဲနဲ့ သူ့ကို လွှမ်းမိုး နေခဲ့ပြီ။

“နှလုံးနာစရာပဲ။” တောက်ဟွမ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။

မျိုးနွယ်စု ခေါင်းဆောင်နဲ့ တပည့်သားတွေကတော့ မကြာခင်မှာ တိတ်ဆတိတ် သွားခဲ့ကြပြီ။ မျိုးနွယ်စုတိုင်းက ဝတ်ရုံနက်တွေကို ချုပ်ဖို့ ပြင်ဆင်ကြတယ်။

“မဟာမိတ် ခေါင်းဆောင်တောက်။ ငါတို့တွေ အလျင်လိုနေလို့ နှုတ်ဆက် ခဲ့ပါတယ်။”

“အမှန်ပဲ။ ဝတ်ရုံနက်တွေ ချုပ်ဖို့ လောနေပြီ။ အားလုံးအတွက် တစ်ရက်တည်းနဲ့ အပြီးချုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။”

ဆွေးနွေးပြီးတဲ့နောက် အားလုံးက ထွက်ခွာသွား ကြတော့တယ်။

တောက်ဟွမ်ကတော့ လက်မြှောက်ရင်း ဖော်ရွေတဲ့ အပြုံး တစ်ခု ပေါ်လာစေဖို့ မနည်း အားတင်းပြီး ဖျစ်ညှစ် ကြိုးစား နေရတယ်။

“အားလုံး ကြိုးစားတဲ့ အတွက် ကျေးဇူး တင်ပါတယ်။”

…

ဆယ်ရက် ကြာပြီးနောက်။ သန်းခေါင်ယံ အချိန်။

ညကောင်းကင်မှာ ကြယ်တွေက မှိတ်တုတ် မှိတ်တုတ် လင်းလက် နေခဲ့တယ်။ တောင်တန်းပေါ်မှာ သားရဲကောင် ဟိန်းသံတွေနဲ့ ငှက်အော်သံတွေကို ကြားနေရမယ့် အစား တိတ်ဆိတ် နေခဲ့တယ်။

ကောင်းကင်တာအို ခန်းမ ဓားတောင်ထိပ်မှာတော့ တခြား နေရာတွေနဲ့ မတူပဲ ဆူပူ နေခဲ့တယ်။ ညသန်းခေါင် ဖြစ်နေပင်မယ့်၊ မီးအလင်းရောင်တွေက တောက်ပနေဆဲ။ လှုပ်ရှားနေတဲ့ လူရိပ်တွေကိုလဲ မြင်ရတယ်။

“သတင်း ပို့ပါတယ်။ သတင်းဆိုး။ အရှေ့ဘက် ငါးမိုင်အကွာမှာ မုန့်ထျန်းကို ရှာတွေ့ပါတယ်။ မှောင်နေပြီ ဖြစ်တဲ့ အတွက် မုန့်ထျန်း အယောက် သုံးရာ နီးပါး ရှိတာကို ခန့်မှန်းချေ တွေ့ရပါတယ်။

“မုန့်ထျန်း အယောက် သုံးရာတောင်လား။” ဓားတောင်ထိပ်မှာ ရပ်နေတဲ့ မိစ္ဆာ ဘုရင်ရဲ့ မျက်လုံးတွေ အနီရောင် သမ်းလာတော့တယ်။

မုန့်ထျန်းအယောက် သုံးရာတဲ့။ ဘယ်လိုတောင်လဲ။

“မှန်ပါတယ်။” မြင်ခဲ့တဲ့ ကင်းထောက်က အခိုင်အမာ ပြောတယ်။

“ငလူးပဲ။ အရင်တစ်ယောက်တုန်းက မုန့်ထျန်း အတု တစ်ယောက် ပေါ်လာ ခဲ့တာနဲ့တင် ငါအရှက်ကွဲ ခဲ့ရ ပြီးပြီ။ အခုတော့ မေဘေး မုန့်ထျန်းတွေက များလှချည်လား။” မိစ္ဆာဘုရင် စိတ်မထိန်းနိုင်ပဲ ကျိန်ဆဲတော့တယ်။

“လွန်ခဲ့တဲ့ ငါးရက်တုန်းက ကောင်းကင်တာအို ခန်းမကို အရှင်သခင်ငယ် ရောက်လာမယ့် အကြောင်း စာလွှာ လက်ခံ ရရှိ ခဲ့ပါတယ်။ နောက်အကျဆုံး နေ့လယ်မှာ ရောက်လာ နိုင်ပါတယ်။ ဒီမုန့်ထျန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ် သင့်သလဲ။” မိစ္ဆာ ဘုရင်အနားမှာ ရပ်နေတဲ့ နတ်ဆိုး တစ်ယောက်က မေးလိုက်တယ်။

“ငါတို့ ဘာလုပ်သင့်လဲ ဟုတ်လား။ အရှင်သခင်ငယ်က ငါတို့ကို ညွှန်ကြား ထားပြီးသား။ မုန့်ထျန်းနဲ့ တွေ့ရင် အလောတကြီး မလုပ်ရဘူး။ အခု မုန့်ထျန်းက အယောက် သုံးရာတောင် ရှိနေပြီ။ မင်းက ငါ့ကို ဘာလုပ် စေချင်တာလဲ။” မိစ္ဆာ ဘုရင်ရဲ့ မျက်နှာက မည်းမှောင် နေခဲ့ပြီ။

“သတင်းပို့။ အရေးကြီး သတင်း။”

“ဘာဖြစ်ပြန်တာလဲ။ ပြောစမ်း။”

“တောင်ဘက် အရပ်မှာ မုန့်ထျန်းတွေ ရောက်လာ ပါတယ်။ အနည်းဆုံး အယောက် ငါးရာ ရှိပါတယ်။ အားလုံးက တပုံစံတည်း ဝတ်ရုံနက်နဲ့ (နတ်ဘုရား) စာလုံးပါ မျက်နှာဖုံးကို ဝတ်ထားကြတယ်။”

“ငလူး ဘာဖြစ်တယ်။ ထပ်ပြောစမ်း။” မိစ္ဆာဘုရင် ဒေါသတကြီးနဲ့ ထအော်တော့တယ်။

“ သ သတင်း ပို့ပါတယ်။ တောင်အရပ် ခြောက်မိုင် အကွာမှာ အနည်းဆုံး အယောက် ၅၀၀ ရှိတဲ့ မုန့်ထျန်းတွေကို ထောက်လှမ်း မိပါတယ်။” ကင်းထောက်က တုန်တုန်ယင်ယင်နဲ့ ပြန်ဖြေတယ်။

“သတင်းပို့။ အရေးကြီး သတင်း။ အနောက် အရပ်မှာ မုန့်ထျန်း အယောက် လေးရာ ရောက်နေပါပြီ။”

“သတင်းပို့ မြောက်ဘက် မြောက်ဘက် အရပ်မှာ မုန့်ထျန်း အများကြီးက ကျွန်တော်တို့ဆီကို တဟုန်ထိုး ချီတက် လာနေပါတယ်။ အနည်းဆုံး အနည်းဆုံး မုန့်ထျန်း အယောက် ၁၀၀၀ ရောက်လာ နေပါတယ်။”

“…”

အပိုင်း (၉၄၄) ပြီး၏။

အပိုင်း (၉၄၅)

“ဘယ်လိုတောင် ညှို့အားပြင်းတဲ့ ရေကန်လဲ။”

“သတင်းပို့။”

ကောင်းကင်တာအို ခန်းမမှာ စောင့်ကြပ်နေတဲ့ မိစ္ဆာဘုရင်သာ ရေနွေးခွက်ကို ကိုင်ထားမိရင်၊ ရေနွေးခွက်က သေချာပေါက် ပျက်စီး သွားလိမ့်မယ်။ ဥတစ်လုံး ရှိရင်လဲ ကွဲကြေ သွားလိမ့်မယ်။

မုန့်ထျန်း အယောက် ၂၀၀၀ ကျော်က ဒီနေရာကို လာနေကြတယ်တဲ့လား။

“လောကကြီးမှာ ဘာတွေ ဖြစ်ကုန်ပြီလဲ။”

“အတုတွေ မုန့်ထျန်း အတုတွေပဲ ဖြစ်လိမ့်မယ်။” နတ်ဆိုး စစ်သူကြီး တစ်ယောက် ပြောလိုက်တယ်။

“အသုံးမကျ လိုက်တာ။ ဒါပေါ့။ သူတို့တွေက အတု တွေမှန်း ငါသိသားပဲ။” မိစ္ဆာ ဘုရင်က အရမ်းကို စိတ်ရှုပ်ထွေးနေ ခဲ့တယ်။ မုန့်ထျန်း အယောက် ၂၀၀၀လုံးက ဘယ်လိုများ အစစ် ဖြစ်နိုင်မှာလဲ။

ဒါက မပြောပဲနဲ့တောင် သိနိုင်တယ်။ အခုချိန်မှာ ပြဿနာကတော့ မုန့်ထျန်းတွေ အများကြီး ဘာဖြစ်လို့ ပေါ်လာ ရတာလဲ။ သူတို့ရဲ့ အကြံက ဘာလဲ။

“အမိန့်ချလိုက် တိုက်ပွဲစဖို့ ပြင်မယ်။” မိစ္ဆာ ဘုရင်က ဒီမုန့်ထျန်းတွေ ဘာလိုချင်မှန်း မသိပေမယ့် အမိန့် ချလိုက်တယ်။

“အမိန့် အတိုင်းပါ။”

“ဒီမုန့်ထျန်း အတုတွေ ဘယ်လောက် အင်အားကြီးလဲ ငါမြင်ချင်တယ်။” မိစ္ဆာ ဘုရင်က အတော့်ကို ဒေါသ ထွက်နေခဲ့ပြီ။ သူ့ခန္ဒာကိုယ်ပေါ်က အကြေးခွံတွေတောင် တလက်လက် တောက်ပ လာခဲ့တယ်။

“ဒါပေမယ့် အရှင်သခင်ငယ်ရဲ့ ညွှန်ကြားချက်ကိုရော။” နတ်ဆိုး စစ်သူကြီးက စိတ်ပူ နေပုံပဲ။

“ငါတို့ကို ပေးထားတဲ့ အမိန့်က မုန့်ထျန်း အတု တစ်ချို့တလေ တွေ့ရင် အလောတကြီး မလုပ်ဆောင်ဖို့ပဲ။ ဒီလို အများကြီး ရောက်လာမှတော့ ဘာမှ မလုပ်ပဲ နေရမလား။” မိစ္ဆာဘုရင် ဒေါသတကြီးနဲ့ ပြောတယ်။

“ဒါပေမယ့်။”

“မဟုတ်တမ်းတရားတွေ ပြောမနေနဲ့။ နတ်ဆိုး နတ်သခင်ကို အခု သတင်းပို့လိုက်။ သူသာ ဒီနေရာမှာ ရှိနေရင်၊ မုန့်ထျန်း အတုတွေ အားလုံးကို သတ်နိုင်တယ်။” မိစ္ဆာ ဘုရင်က လက်တွေကို ဝေ့ယမ်းရင်း ပြောတယ်။ သူ့မျက်ဝန်းထဲမှာ အနီရောင် အလင်းတန်းက တောက်ပလာတယ်။

“နားလည်ပါပြီ။ အခုပဲ လုပ်လိုက်ပါ့မယ်။” နတ်ဆိုး စစ်သူကြီးက အံကြိတ်လိုက်တယ်။ သူနည်းနည်းတော့ စိတ်ပူ နေပင်မယ့်၊ အခုချိန်မှာ အသက်ရှူချောင် နိုင်စရာ ရှိသေးတယ်။

နောက်ဆုံးတော့လဲ မိစ္ဆာ ဘုရင် ပြောခဲ့သလို၊ မုန့်ထျန်း နည်းနည်းပါးပါး တွေ့ရင် အလောတကြီး မလှုပ်ရှားဖို့ပဲ အရှင်သခင်ငယ်က မှာကြား ထားခဲ့တာလေ။ မုန့်ထျန်း အယောက် ၂၀၀၀ကျော် တစ်ချိန်တည်းမှာ ပေါ်လာ တာကတော့ တစ်ခုခု ဖြစ်လိမ့်မယ်။

အကယ်၍ သူတို့သာ ဆုတ်ခွာ သွားခဲ့ရင်၊ ကောင်းကင်တာအို ခန်းမကို ဆုံးရှုံးရ လိမ့်မယ်။

လက်ရှိ အခြေအနေကို ကြည့်ရင်သူတို့တွေ ကောင်းကင်တာအို ခန်းမကို လက်လွတ်ခံလို့ မဟုတ်ဘူး။ အရှင်သခင်ငယ် မရောက်ခင် အထိ သူတို့တွေ စောင့်ကြပ်ဖို့ လိုတယ်။

အရှင်သခင်ငယ်က နေ့လယ်မှာ ရောက်လာမယ် ဆိုမှတော့၊ သူတို့တွေ အခု ဘယ်လိုများ ဆုတ်ခွာလို့ ရနိုင်မှာလဲ။

မဖြစ်နိုင်တာပဲ။ သူတို့တွေ မဆုတ်ခွာ နိုင်မှတော့ အသက်နဲ့ ရင်းပြီး စောင့်ကြပ်ဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ်။

ကံကောင်းစွာနဲ့ မြင့်မြတ် နယ်မြေမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒဏ္ဍာရီ တစ်ခု ထွက်ပေါ် လာခဲ့တဲ့ အတွက်၊ နတ်သခင် အဆင့် နတ်ဆိုး တစ်ယောက်က ကောင်းကင်တာအို ခန်းမကို ရောက်နေခဲ့ပြီ။

နတ်သခင်သာ ရှိနေရင် သူတို့တွေ ဘာကိုများ စိတ်ပူဖို့ လိုမှာလဲ။

နတ်ဆိုး စစ်သူကြီးက နောက်ထပ် ဘာမှ မပြောဝံ့ဘူး။ ဆက်လဲ မနေဝံ့တဲ့ အတွက် ကောင်းကင် တာအို ခန်းမရဲ့ တန်ဖိုးအကြီးဆုံး ဇိမ်အကျဆုံး နေရာကို ပြေးတော့တယ်။

…

ကောင်းကင်တာအို ခန်းမကို သုံးဘက် သုံးတန်မှာ တောင်တန်းတွေက ဝန်းရံထားတယ်။ တစ်ဖက်မှာတော့ တောင်စောင်းကြီး ရှိတယ်။ အန္တရာယ်များတဲ့ နေရာ တစ်ခုပဲ။

ဒါပေမယ့် ဘယ်လို အန္တရာယ် များတဲ့ နေရာကမဆို ကျုးကျော် ခံရနိုင်တယ်။ အထူးသဖြင့် မုချင်းဖန်းနဲ့ ကောင်းကင်တာအို ခန်းမ တပည့်သားတွေက ကောင်းကင်တာအို ခန်းမရဲ့ မြေမျက်နှာ သွင်ပြင်ကို ရင်းနှီးကြတယ်။ ဒီတော့ သုံးဘက်သုံးတန် တောင်စဉ် ဝန်းရံ ဆိုတာ အစီအစဉ် တစ်ခုပဲ။

မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ ကောင်းကင်တာအို ခန်းမကို ကျုးကျော် ဝင်ရောက် ပြီးချိန်တည်းက သူတို့တွေ ထောက်ချောက် တစ်ချို့ ဆင်ပြီး နေရာ အပြောင်းအလဲတွေ လုပ်ထားခဲ့တယ်။

ပိတ်ပိတ်ပိန်းအောင် မှောင်နေတဲ့ ညအချိန်မှာ ကောင်းကင်တာအို ခန်းမကတော့ မီးတွေ လင်းထိန် နေခဲ့တယ်။ နေ့အချိန်လိုပဲ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ နတ်ဆိုး စစ်သူကြီးက ခပ်မြန်မြန် ထွက်ခွာ သွားပြီးတော့ နန်းတော်ကြီး တစ်ခုလို ခမ်းနားတဲ့ အဆောင် တစ်ခုဆီကို အပြေးရောက် လာခဲ့တယ်။

“အရှင် နတ်ဆိုး နတ်သခင်ကို သတင်းပို့ပါတယ်။” နတ်ဆိုး စစ်သူကြီးက ချက်ခြင်း မဝင်ခဲ့ဘူး။ တံခါး အပြင်ကနေ လှမ်းအော်တယ်။

“အရှင် သခင်ငယ် ရောက်လာပြီလား။” ခပ်တိုးတိုး အသံ တစ်ခုကို ကြားလိုက်ရတယ်။

“မဟုတ်ပါဘူး။ အရှင်သခင်ငယ်က နေ့မွန်းတည့်ချိန်မှ ရောက်မှာပါ။”

“ငါမပြောခဲ့ဘူးလား။ အရှင်သခင်ငယ် မရောက်သေး သရွေ့။ ငါ့ကို လာမနှောက်ယှက်နဲ့။ မင်း နားမလည်ဘူးလား။” ဒီတကြိမ်မှာတော့ အသံက သတ်ဖြတ်လိုစိတ်တေ်ွ ပြည့်နေခဲ့တယ်။

နတ်ဆိုး စစ်သူကြီးကတော့ ခြေထောက်တွေ ပျော့ခွေ နေခဲ့ပြီ။ တစ်ကိုယ်လုံးလဲ ချွေးတွေ ရွဲနစ်လာတယ်။ ဒါပေမယ့် နှုတ်ခမ်းကို ကိုက်ထားရင်း ဆက်ပြောတယ်။

“နတ်ဆိုး နတ်သခင်ရဲ့ အကူအညီကို လိုအပ်နေတဲ့ အရေးကြီး ကိစ္စ တစ်ခု ရှိပါတယ်။”

“ထွက်သွားစမ်း။”

“တကယ့် တကယ်ကို အရေးကြီးတဲ့ ကိစ္စပါ။”

ဝုန်း။ အဖိုးတန် ကျောက်တံခါးကြီး လွင့်ထွက် သွားပြီးနောက် အခန်းထဲကနေ လူရိပ်တစ်ခု ပြေးထွက် လာတယ်။ နတ်ဆိုး စစ်သူကြီးကို လက်တစ်ဖက်နဲ့ မထားတော့တယ်။

“အင်း။ အင်း။” နတ်ဆိုး စစ်သူကြီးက တကိုယ်လုံး တုန်ယင်ရင်း ရုန်းကန် နေခဲ့ရတယ်။ သူ့မျက်နှာကတော့ လုံးဝကို ဖြူဖျော့ နေခဲ့ပြီ။ ဇောက်ထိုးကြီး ဖြစ်နေတဲ့ အတွက် ကောင်းကင်ကို ခြေထောက်နဲ့ ကန်ရင်း အသက်ရှူနေ ခဲ့ရတယ်။

“ငါမင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်။ ဘာဖြစ်လဲ ပြော။ မင်းရဲ့ အဖြေကို ငါမကျေနပ်ရင်၊ ဖြစ်လာမယ့် နောက်ဆက်တွဲကို မင်းသိပါတယ်။” ပြောပြီးတဲ့နောက် နတ်ဆိုး နတ်သခင် လက်လွှတ် လိုက်ချိန်မှာ နတ်ဆိုး စစ်သူကြီးက မြေပြင်ပေါ်ကို ပြုတ်ကျ သွားတော့တယ်။

သူပြုတ်ကျ သွားပြီး ချိန်မှာ ချက်ခြင်း ဆိုသလို ဒူးထောက်တယ်။ တဆတ်ဆတ် တုန်ယင် နေခဲ့ပြီး ချွေးတွေက မြေပြင်ပေါ်ကို မိုးရွာသလို ဆက်တိုက် ကျဆင်း နေတော့တယ်။

“အရှင် နတ်ဆိုး နတ်သခင်။ မုန့်ထျန်း သုခမိန် စစ်နတ် မုန့်ထျန်းက ဒီကို ရောက်နေပါပြီ။”

“မုန့်ထျန်းလား။ အင်း။ ဆက်ပြော။” နတ်ဆိုး နတ်သခင်ရဲ့ မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်း တစ်ခု လက်သွားခဲ့တယ်။

“မုန့်ထျန်း ၂၀၀၀ ကျော်က ကောင်းကင်တာအို ခန်းမကို အရပ်မျက်နှာ ပေါင်းစုံကနေ ချဉ်းကပ် လာနေပါတယ်။ ကျွန်တော်တို့ ဘာလုပ်ရမယ်မှန်း မသိတော့ပါဘူး။ အရှင် နတ်ဆိုး သခင်။”

“မုန့်ထျန်း ၂၀၀၀ ကျော်တဲ့လား။”

“မှန်ပါတယ်။ မှန်ပါတယ်။”

“အသုံးမကျတဲ့ အမှိုက်ထုပ်တွေ။” နတ်ဆိုး နတ်သခင်က လက်ကို မြှောက်ပြီးနောက် ရိုက်ချလိုက်တယ်။ နတ်ဆိုး စစ်သူကြီးရဲ့ ခေါင်းက ကြမ်းခင်းကို ဝင်ဆောင့် ပြီးနောက် နောက်ထပ် အသံ ထွက်မလာတော့ဘူး။

သူ့ခြေထောက် အောက်မှာတော့ သွေးအိုင် တစ်ခု ရှိနေခဲ့ပြီ။ လရောင်ရဲ့ အလင်းဖြာမှု အောက်မှာ ကြက်ခြေခတ် သဏ္ဍာန် အမာရွတ် တစ်ခု နဖူးပေါ် ရှိနေတာကို မြင်လိုက်ရတယ်။

ဒီမျက်နှာရဲ့ အမူအယာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ သူ့မျက်နှာကို ရေပြင် တစ်ခုက ဖုံးအုပ် ထားသလိုပဲ။ ကြည်လင်တဲ့ ရေအစား၊ သွေးနဲ့ ရောနေတဲ့ ရေပြင်တစ်ခု။ အထူးသဖြင့် နဖူးပေါ်မှာ ရှိနေတဲ့ ကြက်ခြေခတ် သဏ္ဍာန် အမာရွတ်ပဲ။ ဒီအမာရွတ်က နဖူးပေါ်မှာ ထပ်ရှိနေတဲ့ အနီရောင် အမာရွတ် တစ်ခုကို ဖုံးအုပ် ထားတဲ့ ကြောက်စရာ အရာ တစ်ခုပဲ။

“အရှင် နတ်ဆိုး နတ်သခင်။” ပတ်ဝန်းကျင် နတ်ဆိုး စစ်သည်တော်တွေ အားလုံး ဒူးထောက် လိုက်ကြတယ်။

“ဟ ဟား ဟား။” နတ်ဆိုး စစ်သူကြီးရဲ့ အလောင်းပေါ် တက်နင်း ပြီးနောက် ရူးရူးသွပ်သွပ် အော်ရယ်သံကြီးကို ကြားလိုက် ရတော့တယ်။

ဘန်း။ ဂျွတ်။

အရိုးတွေ ကျိုးကြေသံ တက်ဆိုက် ထွက်ပေါ် လာပြီးနောက် နတ်ဆိုး စစ်သူကြီးရဲ့ အလောင်းက မြေကြီးထဲကို ဆက်တိုက် ဝင်ရောက်ပြီး သွေးအိုင်နဲ့ ရောနှော ပျောက်ကွယ် သွားတော့တယ်။

နတ်သခင် အဆင့် ပညာရှင်။

ဒီစကားကို နှစ်ပေါင်း ရာချီ အတွင်း ဘယ်သူမှ မကြားဖူး ခဲ့ဘူး။ လွန်ခဲ့တဲ့ ငါးလ အချိန်တွင်းမှာ ဒီစကားလုံးက အရမ်းကို အင်အားကြီးတဲ့ အရာ တစ်ခု ဖြစ်လာခဲ့တယ်။

အင်အားနဲ့ စိတ်သဘော သဘာဝကို ဖော်ပြနေတဲ့ အရာ တစ်ခုပဲ။ ရှေး စစ်မြေပြင်က ဘယ်လို ပုံစံ ဖြစ်ခဲ့မှန်း ဘယ်သူမှ မသိခဲ့ဘူး။ ဒါပေမယ့် အားလုံး သေချာ သိထားတာ ကတော့ ရှေး စစ်မြေပြင်ကနေ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ မိစ္ဆာနဲ့ နတ်ဆိုးတွေ အားလုံးက အရမ်းကို အင်အားကြီးတယ်။

စွမ်းဆောင်နိုင်ရည် အပြင် သူတို့တွေမှာ ထူးခြားတဲ့ စရိုက်တွေလဲ ရှိကြသေးတယ်။

ချိုးချီ။ ဒီနာမည်က ထူးခြားတယ်။ ဒါက နာမည်ပြောင် တစ်ခုလား ဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ တခြား နတ်သခင် အဆင့် ပညာရှင်တွေ အားလုံးကတော့ ဒီနာမည်ကို သူ့ရဲ့ နာမည် အရင်းလို ခေါ်ကြတယ်။

ဒါ့အပြင် တခြား ဘယ်နတ်သခင် အဆင့် ပညာရှင်မှ ချိုးချီနဲ့ အတူတူ အလုပ်တွဲ မလုပ်ချင်ကြဘူး။ သူ့အနားကို ကပ်တောင် မကပ်ချင် ကြဘူး။

ဒါကြောင့် ယွင်ချင်းဝူက အမိန့်ချခဲ့တယ်။ ချိုးချီကို အနက်ရောင် ကျားစေ့ ပေးဖို့။ အနက်ရောင်က အမှောင်ထုကို ကိုယ်စား ပြုတယ်။

ဒါပေမယ့် ဘယ်လို အမှောင်ထုကို ကိုယ်စားပြုမှန်း အားလုံး သိတာတော့ မဟုတ်ဘူး။ သူတို့တွေ မကြာခင်ပဲ နားလည် သွားခဲ့ကြတယ်။

ချိုးချီ ရောက်လာ ပြီးနောက်၊ သူက လူရှေ့ကို ထွက်ခဲတယ်။ မြင့်မြတ် နယ်မြေထဲမှာ တော်ရုံ ဝင်မပါဘူး။ သူကိုယ်တိုင်ပဲ ဘယ်သွားမလဲ ဆိုတာ ဆုံးဖြတ်တယ်။ အခုတော့ ချိုးချီက ကောင်းကင်တာအို ခန်းမကို ရောက်လာခဲ့ပြီ။ ဘယ်သူကမှ အကြောင်းအရင်းကို မသိကြဘူး။

ချိုးချီကို ယွင်ချင်းဝူ အမိန့် ပေးလိုက်တာလား။ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လာရောက်တာလား။ ဒါပေမယ့် အားလုံး ရှေ့မှာ ဖြစ်သွားတဲ့ အဖြစ် အပျက်ကတော့ အားလုံးကို တုန်ယင် သွားစေခဲ့တယ်။ အထူး သဖြင့် ချိုးချီရဲ့ ရယ်သံက သူတို့တွေ အားလုံးကို အခုပဲ သေစေတော့မလို ခံစား ရစေတယ်။

ချိုးချီရဲ့ လူသတ်ငွေ့တွေက အရမ်းကို ပြင်းထန်လွန်းတယ်။ သေခြင်းတရားရဲ့ အငွေ့အသက်လိုပဲ။

ဝူး။ အသံ တစ်ခုနဲ့ အတူ ချိုးချီက လေထဲမှာ ပျောက်ကွယ် သွားတယ်။ နတ်ဆိုး စစ်သည်တော်တွေကတော့ ဒူးထောက်လျက်သား ကျန်ခေဲ့တယ်။

“နတ် ဆိုး။ အရှင် နတ်ဆိုး နတ်သခင် ဘယ်ကို ရောက် သွားတာလဲ။”

“ငါလဲ မသိဘူး။”

“အခု ဘယ်လို လုပ်ကြမလဲ။ မိစ္ဆာ ဘုရင်ကို ဘယ်လို ရှင်းပြရမလဲ။”

“..”

နတ်ဆိုး စစ်သည်တော်တွေ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေ မိကြတယ်။ သူတို့တွေ ဘယ်လို ရှင်းပြရမလဲ မသိတော့ဘူး။

ချိုးချီ လူသတ် ချင်နေတာလား။ ဒီအတိုင်း ထွက်သွားတာလား ဆိုတာလဲ သူတို့ မသိကြဘူး။

…

ကောင်းကင်ခန်းမ တောင်ခြေက ရေကန်။

တောင်စဉ် ကိုးသွယ် မဟူရာ လမင်းကျွန်းက သုခမိန် သုံးယောက်ကို ဖန်ကျန်းရှီ သတ်ပြစ်ခဲ့တဲ့ နေရာ။ ရန်ရွယ် ဒေါသမီးတွေ လောင်မြိုက်ပြီး နတ်သက်ကြွေ အဇူရာ ပိုင်စိုးတာကို ခံလိုက်ရတဲ့ နေရာလဲ ဟုတ်တယ်။

အနက်ရောင် မျက်နှာဖုံးကို စွပ်ထားရင်း၊ ဖန်ကျန်းရှီက ရေကန်ဘေးမှာ ရပ်နေခဲ့တယ်။ တစ်ချိန်တုန်းက ရန်ရွှယ် သူ့ကို စောင့်ဆိုင်း နေခဲ့တဲ့ ကျောက်တုံးစိမ်းကြီး ရှိတဲ့ နေရာမှာပဲ သူရပ်ရင်း၊ ကန်ရေပြင် ရောင်ပြန်ဟပ်တာကို ကြည့်နေခဲ့တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။ နင်ဘာတွေ တွေးနေတာလဲ။” ပင်းယန်က ဖန်ကျန်းရှီရဲ့ အတွေးတွေကို နှောက်ယှက်လိုက်တယ်။ အဲ့ဒီ့နောက် သူတို့ဘေးက မီးပုံကို လက်ညှိုးထိုး ပြတယ်။ “အဲ့ဒီ့ မုန့်ထျန်းတွေ အားလုံးကို နင်လွှတ်လိုက်တာလား။”

“အဲ့လိုပါပဲ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။ ကျောက်တုံးစိမ်းပေါ်မှာ ထိုင်နေရာကနေ လှဲချလိုက်တယ်။

ဒါကို မြင်ချိန်မှာတော့ ပင်းယန်လဲ ကျောက်တုံးစိမ်းပေါ်ကို တက်လာတော့တယ်။ သူမရဲ့ မျက်ဝန်းတွေက ကန်ရေပြင်ထက်တောင် ကြည်လင် နေသေးတယ်။

“မုန့်ထျန်းတွေ အများကြီး လွှတ်ပြီးတော့ နင်ဘာလုပ် မလို့လဲ။” ပင်းယန်က ဖန်ကျန်းရှီ အနားကို ကပ်ရင်း မေးတယ်။

“ခန့်မှန်းကြည့်လေ။”

“ငါ ဘယ်လိုလုပ် ခန့်မှန်း နိုင်မှာလဲ။ အာ ငါသိပြီ။ အားလုံး မုန့်ထျန်း ပုံစံ အယောင်ဆောင် ထားတဲ့ အချိန်မှာ တောင်ခြေက မဟူရာ ကျောက်တုံး နန်းတော်ထဲကို ဝင်မလို့ မဟုတ်လား။”

“စိတ်မကောင်းစွာနဲ့ပဲ လွဲ သွားပါပြီ။ မင်းငါ့ကို ရွှေသား အောင်စ တစ်သောင်း အကြွေးတင် သွားပြီ။”

“ရွှေသား အောင်စ တစ်သောင်း။ ငါ ဘယ်တုန်းက နင်နဲ့ လောင်းကြေး ထပ်လို့လဲ။”

“ဒီတော့ မင်းက မသိချင်ဘူးလား။”

“ဟဟား။ မသိချင်ပါဘူး။ ကိုယ့်ဘာကိုယ် သွားကြည့်လို့ရတယ်။” ပင်းယန် ပြောပြီးတဲ့နောက် ကျောက်တုံးပေါ်ကနေ ခုန်ချပြီး ကောင်းကင် တာအို ခန်းမ တောင်ခြေကို ပြေးတော့တယ်။

“..” ဖန်ကျန်းရှီ အချိန်မှီ မတားနိုင်တော့ဘူး။ သူသတိ ဝင်လာချိန်မှာ ပင်းယန်က ပျောက်သွားပြီ။

“အမ်။ ပင်းယန် ဘယ်တုန်းက ဒီလောက် ဉာဏ်ကောင်း သွားတာလဲ။ အရင်ကဆို အမြဲတမ်း အလှည့်ခံနေရ တာကို။ အား။ ငလူး။ မဖြစ်ဘူး။ ရှေ့ကို သွားရင် အန္တရာယ်များတယ်။”

…

ကောင်းကင်တာအို ခန်းမနဲ့ သုံးမိုင်အကွာ။

ကြောက်စရာ မုန့်ထျန်း တပ်ဖွဲ့ကြီးက မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းနဲ့ ရောက်လာခဲ့တယ်။ ဒါ့အပြင် တခြား အရပ်မျက်နှာတွေကနေ ရောက်လာနေတဲ့ တပ်ဖွဲ့တွေလဲ ရှိသေးတယ်။

“မျိုးနွယ်စု ခေါင်းဆောင်ဝူ။ ငါတို့တွေ တိုက်ရိုက် တိုက်ခိုက်ကြမလား။” ကောင်းကင်တာအို ခန်းမ အနားကို ရောက်လာတာ မြင်ချိန်မှာတော့ မော့ရှန်းရှီက စိတ်မရှည်နိုင်ပဲ မေးတော့တယ်။ နောက်ဆုံးတော့လဲ ငါးလ တိတိ သူစိတ်ထိန်း သည်းခံ ထားခဲ့တယ်လေ။

“အာ ဟုတ်သား။ သုခမိန် စစ်နတ်က ငါ့ကို အိတ်လေး တစ်ချို့ ပေးထားသေးတယ်။ ပထမဆုံး တစ်ခုကို ကောင်းကင်တာအို ခန်းမ တောင်ခြေ ရောက်တဲ့ အချိန် ဖွင့်ဖို့ ပြောထားတယ်။”

“ဒါဆိုရင် ဘာကို စောင့်နေတာလဲ ဖွင့်တော့လေ။” မော့ရှန်းရှီ ပြောတယ်။

တခြား မျိုးနွယ်စု ခေါင်းဆောင်တွေလဲ ဝူယွဲ့အာကို စောင့်ကြည့် နေကြတယ်။ အိတ်ထဲမှာ ဘာပါမလဲ အားလုံး သိချင်နေတယ်။ မကြာခင်ပဲ ဝူယွဲ့အာက အိတ်အနက်ကို ထုတ်ပြီး ဖွင့်လိုက်တယ်။ အဝတ်စ ပေါ်မှာ စာတစ်ချို့ ရေးထားတယ်။

သူမ တစ်ချက် ကြည့်ပြီးနောက် အမူအယာက ပြောင်းလဲ သွားတယ်။

“ဘာရေးထားလို့လဲ။” မော့ရှန်းရှီ မေးပြန်တယ်။

“သုခမိန် စစ်နတ်က ပြောတယ်။ သုခမိန်တွေ အားလုံးကို စုစည်း။ အယောက် ၂၀ အုပ်စု လေးခုနဲ့ ကောင်းကင် တာအို ခန်းမကို အရပ် လေးမျက်နှာကနေ ရုတ်တရက် ဝင်တိုက်။”

“ရုတ်တရက် ဝင်တိုက် ဟုတ်စ။ ငါတို့ရဲ့ လမ်းကြောင်းက လာလမ်းမှာ အကုန် ပေါ်လာပြီ။ ရုတ်တရက် ဘယ်လို ဝင်တိုက်မှာလဲ။” မော့ရှန်းရှီ စိတ်ရှုပ်ထွေး သွားတယ်။

“သူဆိုလို ချင်တာက သုခမိန်တွေ ဦးဆောင်ပြီး ရုတ်တရက် တိုက်ခိုက်တဲ့ အချိန်မှာ တခြား တပည့်သားတွေ့ တောင့်ခံ။” ဝူယွဲ့အာ ရှင်းပြတယ်။ မော့ရှန်းရှီ အထင်လွဲ သွားမှန်း သူသိတယ်။

“တောင့်ခံရမယ်။”

“ဟုတ်တယ်။ ဆရာကြီး မုန့်ထျန်းက အထူး ညွှန်ကြား ထားသေးတယ်။ မိစ္ဆာ ဘုရင် တစ်ယောက်၊ နတ်ဆိုး မျိုးနွယ် ခေါင်းဆောင် တစ်ယောက်ကို သတ်ပြီးတာနဲ့ ချက်ခြင်း ဆုတ်ခွာရမယ်။”

“ဆုတ်ခွာရမယ်။ ငါတို့ မတိုက်ခိုက်ဘူးလား။”

“ဒါ သူပြောချင်တာလဲ။”

“သုခမိန် စစ်နတ် မုန့်ထျန်းက ဘာတွေ လုပ်နေတာလဲ။ သူက အရူးအလုပ်တွေ လုပ်နေတာလား။” မော့ရှန်းရှီ နောက်ထပ် မစောင့်နိုင်တော့ဘူး။

“အဖိုးကြီးမုန့်။ ခေါင်းဆောင်ဝူကို စကား ဆုံးအောင် ပြောပါစေအုန်း။” မုချင်းဖန်းက ခါးသက်သက် ဝင်ပြောတယ်။

“ကောင်းပြီ။ ခေါင်းဆောင်ဝူ။ ငါတို့ကို ပြော။ စာထဲမှာ ဘာထပ်ရေး ထာားသေးလဲ။ ငါတို့ အားလုံးကို မိစ္ဆာ ဘုရင် တစ်ယောက်တည်း သတ်ဖို့ အတွက် ဒီကို ခေါ်လိုက်တာတော့ မဟုတ်ဘူးမလား။”

“ခေါင်းဆောင်မော့က အထင်လွဲနေပြီ။ သူဆိုလို ချင်တာက မိစ္ဆာ ဘုရင်ကို သတ်ပြီးရင် ကျောက်တုံး နန်းတော်ထဲကို အောင်အောင် မြင်မြင် ဝင်နိုင်မယ်လို့ ဆိုလိုတာပဲ။”

“မိစ္ဆာ ဘုရင်ကို သတ်ပြီးရင် ဝင်လို့ရမယ်။ နတ်သခင် အဆင့် ပညာရှင်ကို တွေ့တဲ့ အချိန် ငါတို့တွေ ဘယ်လို လုပ်ရမလဲ။ ဝူယွဲ့အာလဲ နေ့မွန်းတည့်ချိန်မှာ ရောက်လာမယ်လို့ ငါကြားတယ်။ ဒီတော့ ငါတို့ ဘာလုပ် ကြမှာလဲ။”

“ဆရာကြီး မုန့်ထျန်း ပြောတာကတော့၊ ဒါကို ဖြေရှင်းဖို့ သူ့မှာ နည်းလမ်း ရှိတယ်တဲ့။”

“ဒါက ထောင်ချောက်လို့ ဘာကြောင့်များ ငါထင်နေ ရတာလဲ။” မော့ရှန်းရှီက တစ်ခုခု လွဲနေတာကို အာရုံ ခံမိတဲ့ အတိုင်း ပြောတယ်။

တခြား မျိုးနွယ်စု ခေါင်းဆောင်တွေလဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။ သုခမိန် စစ်နတ် မုန့်ထျန်း ပေးထားတဲ့ ဒီစာအိတ်က ဘာရည်ရွယ်ချက် ရှိမှန်း သူတို့တွေ နားမလည် နိုင်ကြဘူး။

အပိုင်း (၉၄၅) ပြီး၏။

အပိုင်း (၉၄၆)

“အရမ်း အရမ်းကို ကောင်းတဲ့ နည်းလမ်း။”

“ဒီတော့ မျိုးနွယ်စု ခေါင်းဆောင်ဝူ။ ငါတို့တွေ ဒုတိယ စာအိတ်ကို ဖွင့်ပြီး ကျောက်တုံး နန်းတော်ထဲ ရောက်ရင် ဘာလုပ်ရမလဲ ညွှန်ကြား ထားတာကို ဖတ်သင့်လား။” မုချင်းဖန်းကတော့ နည်းနည်း တွေေ၀ နေခဲ့တယ်။

နောက်ဆုံးတော့လဲ အခု ကိစ္စက လူသား မျိုးနွယ် ရှင်သန်ရေးနဲ့ အရမ်းကို သက်ဆိုင် နေတယ်လေ။

ဝူယွဲ့အာ ရောက်ရှိ လာတာက သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဇစ်မြစ်ကို အတည်ပြု ပေးနိုင်ခဲ့တယ်။ ဘယ်သူကမှ သူဘယ်လို ပုံစံ ရှိမှန်း မသိကြဘူး။ ဒီတော့ လူသား မျိုးနွယ် မဟာမိတ်ကြီး တစ်ခုလုံးက မုန့်ထျန်းရဲ့ အမိန့်တွေကို ဝူယွဲ့အာ စကားက တဆင့်ပဲ လိုက်နာဖို့ ဆိုတာ ခက်ခဲ လွန်းတယ်။

“မဖြစ်ဘူး။ ဆရာကြီး မုန့်ထျန်းက သေချာ မှာကြားထားတယ်။ ဒုတိယ အိတ်ကို ကျောက်တုံး နန်းတော်ထဲမှာ အန္တရာယ် တွေ့မှပဲ ဖွင့်ရမယ်။” ဝူယွဲ့အာက ချက်ခြင်း ငြင်းပယ်တယ်။

“အန္တရာယ် ကြုံရချိန်မှတဲ့လား။”

မုချင်းဖန်း မော့ရှန်းရှီနဲ့ တခြား မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံး မျက်မှောင်ကြုတ် သွားခဲ့တယ်။

“ဒီတော့ ဘာဖြစ်လဲ။ အဖိုးကြီးမု။ မင်း ဘယ်လိုထင်လဲ။” မော့ရှန်းရှီက စိတ်မဆုံးဖြတ် နိုင်တဲ့ အတွက် မုချင်းဖန်းကို လှည့်ကြည့်တယ်။

“ငါတို့တွေ ဒီကို ရောက်လာမှတော့ လက်ဗလာနဲ့ ပြန်လို့ မဖြစ်ဘူး။” မုချင်းဖန်း အံကြိတ် လိုက်တယ်။

“ဒီတော့ မင်း ဘယ်လို တွေါ်လဲ။”

“ပထမ စာထဲမှာ ပါတဲ့ အတိုင်း လုပ်မယ်။ သုခမိန်တွေ အဖွဲ့ လေးခု ခွဲပြီး ကောင်းကင် တာအို ခန်းမကို အရှေ့ အနောက် တောင် မြောက်ကနေ တိုက်ခိုက်မယ်။ အခြေအနေ အရ တိုက်ခိုက်ပြီးရင်၊ မဟူရာ ကျောက်တုံး နန်းတော်ထဲကို ချက်ခြင်း ဝင်ကြမယ်။”

“အင်း။ မဟာမိတ် လက်ထောက် ခေါင်းဆောင်မု ပြောတာ အဓိပ္မာယ် ရှိတယ်လို့ ငါထင်တယ်။”

“ဟုတ်တယ်။ ဒါက အယုံကြည်ရဆုံး အစီအစဉ်ပဲ။”

“ကောင်းပြီ။ ငါတို့တွေ အစီအစဉ် အတိုင်း သွားကြမယ်။ တခြား တပ်ဖွဲ့ သုံးခုကို သတင်းပေးလိုက်။ ရုတ်တရက် တိုက်ခိုက်ဖို့ အဖွဲ့ကို ရွေးချယ်ကြမယ်။” မော့ရှန်းရှီ ခေါင်ြးငိမ့်တယ်။

“အမိန့် အတိုင်းပါ။”

…

ကောင်းကင်တာအို ခန်းမမှာ မိစ္ဆာနဲ့ နတ်ဆိုး တပ်ဖွဲ့တွေ့ တိုက်ပွဲ အတွက် အဆင်သင့် ဖြစ်နေခဲ့တာ ကြာလှပြီ။ သူတို့တွေက အရေးကြီး လမ်း သုံးခုကို ပိတ်ဆို့ စောင့်ကြပ် ထားရုံတင် မကဘူး။ ဓားတောင်ထိပ်ရဲ့ တောင်စောင်းမှာလဲ အခြေစိုက် ထားသေးတယ်။

ဒီညက အိပ်စက်ခြင်း ကင်းမဲ့တဲ့ ညတစ်ည။

ကံမကောင်းစွာနဲ့ပဲ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် ထိပ်တန်း စစ်သည်တော်တွေက ဒီငါးလ အတွင်းမှာ နေရာ အနှံ့ကို ခွဲပြီးတော့ ရောက်ရှိ နေခဲ့ပြီ။ နောက်ဆုံးတော့လဲ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် တပ်တွေက တောင်စဉ် ကိုးသွယ်နဲ့ ဖူရှီး တောင်ကြားမှာ အခြေချ နေခဲ့တယ်လေ။

ဒါကြောင့် ကောင်းကင် တာအို ခန်းမမှာ မိစ္ဆာ ဘုရင်တွေ များများစားစား မရှိခဲ့ဘူး။ မိစ္ဆာ ဘုရင် တချို့ကိုတော့ ဒဏ္ဍာရီကြောင့် ကောင်းကင်တာအို ခန်းမ တောင်ခြေကို ပို့ထားခဲ့ကြတယ်။ အစောင့်အကြပ် မိစ္ဆာ ဘုရင် အရေ အတွက်ကတော့ ၁၅ယောက် မပြည့်ခဲ့ဘူး။

မိစ္ဆာ ဘုရင် ၁၅ယောက် အပြင်၊ များပြားတဲ့ နတ်ဆိုး တပ်ဖွဲ့တွေနဲ့ နတ်သခင် အဆင့် ပညာရှင် ချိုးချီလဲ ရှိနေသေးတယ်။ အားလုံး ပေါင်းလိုက်တဲ့ အင်အားက အတော့်ကို သန်မာလွန်းတယ်။

နောက်ဆုံးတော့လဲ အင်အားကြီး မိစ္ဆာ ဘုရင် တစ်ယောက်ရဲ့ စွမ်းအားက သုခမိန် သုံးယောက်နဲ့ ညီမျှနေတယ်။ နတ်သခင် အဆင့် ပညာရှင် တစ်ယောက်ရဲ့ အစွမ်းကတော့ လူသား အားလုံး အတွက် အန္တရာယ်ပဲ။

“အမိန့်ချလိုက်။ ဒီ မုန့်ထျန်းတွေ အားလုံးက အတုတွေပဲ။ အကယ်၍ သူတို့သာ ငါတို့ကို တိုက်ခိုက်ဝံ့ရင်၊ ဘာမှ ညှာတာ နေစရာ မလိုဘူး။ အားလုံးကို သတ်ပြစ်။” သွေးဆာနေတဲ့ အငွေ့အသက်က ကောင်းကင်တာအို ခန်းမ တောင်ခြေကို စောင့်ကြပ်နေတဲ့ မိစ္ဆာ ဘုရင် တစ်ယောက်ရဲ့ မျက်လုံးထဲမှာ ပေါ်လာခဲ့တယ်။

“အမိန့် အတိုင်းပါ။” နတ်ဆိုး စစ်သည်တော် တစ်ယောက် ပြန်ဖြေတယ်။

မကြာခင်မှာပဲ မိစ္ဆာ ဘုရင်ရဲ့ အမိန့်က နတ်ဆိုး တပ်ဖွဲ့ တစ်ခုလုံး ဆီကို ပျံ့နှံ့ သွားတော့တယ်။ သူတို့တွေက နိုင်ငံတော်ကြီး လေးခုရဲ့ တပ်ဖွဲ့တွေ ထက်တောင် ပိုပြီးတော့ အင်အားကြီးသေးတယ်။

၁၅ မိနစ် မပြည့်ခင် အချိန် အတွင်းမှာပဲ အမိန့်က နေရာ အနှံ့ကို ပျံ့ သွားတော့တယ်။

ဒီအချိန် မှာပဲ ကောင်းကင် တာအို ခန်းမ အနောက် အရပ် သစ်တောထဲကနေ ဝတ်ရုံနက်ဝတ် မျက်နှာဖုံး အနက်စွပ် လူတစ်ယောက် ထွက်လာခဲ့တယ်။

“မုန့်ထျန်းလား။”

“မုန့်ထျန်း ဒီကို ရောက်နေပြီ။”

“ကောင်းကင် တာအို ခန်းမကို တစ်ယောက်တည်းနဲ့ ကျုးကျော်ဝံ့တယ်။”

“သူက အတုပဲ။”

“တိုက်ခိုက်ကြ။”

တစ်ယောက်တည်း ထွက်ပေါ် လာသူကို မြင်ချိန်မှာတော့ နတ်ဆိုး စစ်သည်တော်တွေ စစချင်း စိုးရိမ် သွားခဲ့ကြတယ်။ မကြာခင်မှာပဲ မိစ္ဆာ ဘုရင်ရဲ့ အမိန့်ကို ပြန်သတိ ရတာကြောင့် အားလုံးက လှံတွေကို မြှောက်လိုက်ပြီး စတင် တိုက်ခိုက်တော့တယ်။

အခုပဲ သစ်တော ထဲကနေ ထွက်လာတဲ့ မုန့်ထျန်းကတော့ ဒါကို မမျှော်လင့် ထားပုံပဲ။

မုန့်ထျန်းတဲ့လား။ သူ့မျက်နှာပေါ်မှာ ကြီးမားတဲ့ နတ်ဘုရား ဆိုတဲ့ စာလုံးကြီးကို ပန်းထိုး ထားတာပဲ ရှိတယ်။ သာမာန် နတ်ဆိုး စစ်သည်တော်တွေက ဘာကြောင့်များ ကြောက်နေ ရမှာလဲ။

“တိုက်ခိုက်ကြ။” အသံတွေက လေထဲမှာ ပဲ့တင် ထပ်လာခဲ့တယ်။

ဒါပေမယ့် သူတို့ရဲ့ တိုက်ခိုက်မှုက မသက်ရောက် ခဲ့ဘူး။ မုန့်ထျန်းက နတ်ဆိုး စစ်သည်တော်တွေ မလှုပ်ရှား နိုင်ခင်မှာ အရင်ဆုံး တိုက်ခိုက်ခဲ့ပြီ။ တောက်ပတဲ့ ရွှေရောင် အလင်းတန်းက လေထဲကို ဖြတ်သန်းတယ်။ ရွှေရောင် ဓားတစ်ချောင်း အဖြစ် လေထဲမှာ ပြောင်းလဲ သွားတယ်။ အဲ့ဒီ့နောက် အလင်းတန်း တစ်ဖြတ်နဲ့ အတူ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းကြီး ပေါ်လာတော့တယ်။

မြေပြင်ပေါ်မှာ လဲကျနေတဲ့ နတ်ဆိုး စစ်သည်တော်တွေကတော့ မယုံနိုင်မှုအပြည့်နဲ့ မျက်လုံး ပြူးကျယ် နေကြပြီ။

“သူက အတု မဟုတ်ဘူးလား။”

မြေပြင်ပေါ်က အက်ကွဲကြောင်းကြီးနဲ့ မုန့်ထျန်းရဲ့ မကျေမနပ် အကြည့်ကို မြင်ချိန်မှာ နတ်ဆိုး စစ်သည်တော်တွေ မျက်လုံး ပြူးသွားခဲ့တယ်။

“နေအုန်း။ နေအုန်း။”

“ဒီမုန့်ထျန်းက အတုမဟုတ်ဘူး။”

“…”

သေခြင်း ရှင်ခြင်းနဲ့ ပတ်သက်လာတဲ့ အချိန်တွေမှာ ထုံထိုင်း သွားတဲ့ လူတွေ ရှိတယ်။ အခြေအနေ အရပ်ရပ်ကို ထိုးဖောက် မြင်နိုင်တဲ့ ထက်ထက်မြက်မြက် လူတွေလဲ ရှိသေးတယ်။

“အစစ်ကြီး။”

“ဒါက အစစ်ကြီးလား။”

မကြာခင်ပဲ နတ်ဆိုး စစ်သည်တော်တွေ ဆီကနေ အသံ ပေါင်းစုံကို ကြားရတော့တယ်။ တစ်ချို့ကတော့ မေးခွန်း ထုတ်နေပုံပဲ။ တစ်ချို့ကတော့ အတည်ပြုချက် ရဖို့ ကြိုးစား နေကြတယ်။ တစ်ချို့ တစ်လေကတော့ ကြားမှာ ရှိနေတုန်းပဲ။

“ဟဟား ဟား။” ရူးရူးသွပ်သွ့် ရယ်မောနေတဲ့ မုန့်ထျန်းက သစ်တောထဲကို ဝင်ရောက် ပျောက်ကွယ် သွားတယ်။

ဒါက အကုန်ပဲ။ နတ်ဆိုး စစ်သည်တော် တွေကတော့ မျက်လုံး အပြူးသားနဲ့သာ ရှိနေခဲ့တယ်။

ဒါပေါ့။ နောက်ထပ် မုန့်ထျန်း တစ်ယောက်က သစ်တော တစ်နေရာကနေ ထပ်ထွက် လာခဲ့ပြန်တယ်။

ဝုန်း။ သူသုံးတဲ့ တိုက်ခိုက်မှုကလဲ တစ်ပုံစံတည်း နီးပါး တူညီတယ်။ ရွှေရောင် ဓားအစား အနီရောင် ဓားတစ်လက် ဖြစ်သွားတာ တစ်ခုပဲ။

မျက်လုံး ကျိန်စေတဲ့ အနီရောင် မီးတောက်တွေက လေထုကို လောင်မြိုက်စေတယ်။

နောက်ထပ် အက်ကွဲကြောင်း တစ်ခု ပေါ်ထွက် လာပြီး နတ်ဆိုး စစ်သည်တော် ဆယ်ယောက်ကျော် သေဆုံး သွားရပြန်တယ်။

“ဒီ မုန့်ထျန်းကလဲ အစစ်လား။”

“ဟုတ်တယ်။ သူက သုခမိန်ထက် ပိုပြီးတော့ အင်အားကြီးတယ်။”

“မုန့်ထျန်းက နှစ်ယောက်တောင် ရှိနိုင်လို့လား။”

ရုတ်တရက် ဆိုသလို နတ်ဆိုး စစ်သည်တော်တွေ ဒီ အချက်အလက်ကို လက်မခံနိုင် ဖြစ်သွားခဲ့ရတယ်။ နောက်ဆုံးတော့လဲ မုန့်ထျန်း အစစ် နှစ်ယောက် ပေါ်လာတဲ့ သတင်းက လက်ခံနိုင်ဖို့ တကယ့်ကို ခက်ခဲ တယ်လေ။

တတိယမြောက် မုန့်ထျန်း ပေါ်ထွက် လာခဲ့ပြန်ပြီ။

“…”

တတိယမြောက် မုန့်ထျန်းကလဲ သစ်တောထဲကို မပြန်ခင် နတ်ဆိုး စစ်သည်တော် ဆယ်ယောက်ကျော်ကို သတ်ခဲ့တယ်။

“မုန့်ထျန်း အစစ် သုံးယောက်လား။ မဖြစ်နိုင်တာပဲ။”

“ဒါပေမယ့် သူတို့ အားလုံးက အရမ်းကို အင်အားကြီးတယ်။ မြေပြင်ကိုတောင် အက်ကွဲအောင် လုပ်နိုင်တယ်။”

“ဒါက မုန့်ထျန်းရဲ့ နည်းလမ်းပဲ။”

“မင်းတို့ အသုံးမဝင်တဲ့ ကောင်တွေ။” အက်ကွဲတဲ့ အသံက ချက်ခြင်း ဆိုသလို ထွက်ပေါ် လာတယ်။ အတော့်ကို ဆွဲဆောင်အား ပြင်းထန်တဲ့ လူတစ်ယောက် နတ်ဆိုး စစ်သည်တော်တွေ ထဲကနေ ထွက်လာတယ်။

“အရှင် မိစ္ဆာ ဘုရင်။”

နတ်ဆိုး စစ်သည်တော်တွေ ခပ်မြန်မြန် လမ်းဖယ် ပေးကြတယ်။ ဒါပေမယ့် သူတို့တွေ ကျေနပ်ပုံ မပေါ်ဘူး။ သူတို့တွေက သာမာန် နတ်ဆိုး စစ်သည်တော်တွေပဲ။ စည်းစနစ် ကောင်းပေမယ့်၊ အင်အား မကြီးကြဘူး။ တကယ့် မုန့်ထျန်း အစစ်ကို သူတို့တွေ ဘယ်လိုများ တိုက်ခိုက် နိုင်မှာလဲ။

“အကိုကျင်း။ ဘယ်လိုထင်လဲ။” ရွှေဂျို တစ်ချောင်း ခေါင်းမှာ ရှိနေတဲ့ အသားဖြူဖြူ လူတစ်ယောက်က လျှောက်လာရင်း မေးတယ်။ သူကလဲ မိစ္ဆာ ဘုရင်ပဲ။

“ဒါက လှည့်ကွက် တစ်ခုပဲ။” အကိုကျင်းလို့ အခေါ်ခံရသူက ခိုင်ခိုင်မာမာ ပြောတယ်။

“ငါတို့ကို သစ်တောထဲ ဝင်လာအောင် သွေးေ ဆာင်နေတာပဲ။” နောက်တစ်ယောက်က ခေါင်းငြိမ့်ရင်း ဆက်ပြောတယ်။

“ဟုတ်တယ်။ အကယ်၍ ငါထင်တာသာ မှန်ရင်၊ သစ်တောထဲမှာ ပုန်းအောင်နေတဲ့ အင်အားကြီး လူသားတွေ အများကြီး ရှိလိမ့်မယ်။ ငါတို့တွေ အလောတကြီး ဝင်သွားရင် ထောင်ချောက်ထဲ မိသွားလိမ့်မယ်။”

“ဒီတော့ ငါတို့တွေ စောင့်ကြမှာလား။”

“စောင့်ကြည့်ကြစို့။”

“ကောင်းပြီ။ နားထောင်ပါ့မယ်။ အကိုကျင်း။” တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် မိစ္ဆာ ဘုရင်က ပြောတယ်။ “အမိန့်ချလိုက်။ စစ်သည်တော်တွေ နေမြဲ အတိုင်းနေ။ သစ်တောထဲကို မဝင်ကြနဲ့။”

“အမိန့် အတိုင်းပါ။” အမိန့်က ခပ်မြန်မြန်ပဲ စီးဆင်း သွားခဲ့တယ်။

…

ကောင်းကင်တာအို ခန်းမက အရမ်းကို ကြီးမားတယ်။

မြင့်မြတ် နယ်မြေ အဓိက မျိုးနွယ်စုကြီး ငါးခုထဲက တစ်ခု အနေနဲ့ ကောင်းချီးခံ လူသားတွေ စုဝေးတဲ့ နေရာတစ်ခု။ ကောင်းကင်တာအို ခန်းမရဲ့ မြေမျက်နှာ သွင်ပြင်က ပြိုင်ဘက်ကင်းတယ်။

ဒါကြောင့် အန္တရာယ်များတဲ့ နေရာတွေကို ဖယ်လိုက်ရင်တောင် နေရာ တစ်ခုလုံးက အတော့်ကို ကြီးမားတယ်။ ဒါကြောင့် ခုခံစစ် အတွက် ချမှတ်ရတဲ့ နယ်ပယ်စည်းကလဲ ရှည်လျားလွန်းတယ်။ သာမာန် မိစ္ဆာ ဘုရင် နှစ်ယောက်တည်းနဲ့ နေရာကြီး တစ်ခုလုံးကို စောင့်ကြပ်ဖို့က မဖြစ်နိုင်ဘူး။

အခုချိန်မှာ မုန့်ထျန်းက ဒီနေရာကို ရောက်လာခဲ့ပြီ။

မကြာခင် အချိန်မှာပဲ နောက်ထပ် မုန့်ထျန်းက နောက် တစ်နေရာမှာ ပေါ်လာတယ်။

ဒီစက်ဝန်းက ဆယ်ကြိမ် မက ဖြစ်လာပြီးနောက်၊ နတ်ဆိုး စစ်သည်တော်တွေ အရမ်းကို ဒေါသ ထွက်လာကြတယ်။ သူတို့ထဲက အယောက် ၂၀၀ အသတ်ခံ လိုက်ရပြီ။

နတ်ဆိုး တပ်ဖွဲ့က ဘယ်လောက် အင်အား ရှိမှာလဲ။ အင်အား ရာချီပဲ ရှိတယ်။ သူတို့တွေ ဘယ်လိုများ အလဟသတ် အသေခံ ရမှာလဲ။ နောက်ဆုံးတော့လဲ နတ်ဆိုး မျိုးနွယ်ရဲ့ မျိုးပွားနှုန်းက အရမ်းကို နိမ့်လွန်းတယ်။ ဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုမျိုးကို သူတို့တွေ တောင့်မခံ နိုင်ဘူး။

“အရှင် မိစ္ဆာ ဘုရင်၊ ငါတို့တွေ ဒီအတိုင်း ဆက်မစောင့်ကြပ် နိုင်ဘူး။” နတ်ဆိုး တပ်ဖွဲ့ လက်ထောက် နယ်မြေ ခေါင်းဆောင် တစ်ယောက် ပြောတယ်။

“ဒါ့အပြင် ဒီလိုလဲ ဆက်မနေ နိုင်ဘူး။”

“ဖြေရှင်းဖို့ နည်းလမ်းလိုတယ်။”

နောက်ထပ် ခေါင်းဆောင် နှစ်ယောက် ချက်ခြင်း သဘောတူတယ်။ နောက်ဆုံးတော့လဲ ဘယ်သူကမှ ဒီလို မတိုက်ခိုက်ဘူးလေ။ သူတို့တွေ အစော်ကား ခံရသလို ခံစားရတယ်။

ပေါ်လာတဲ့ ဘယ်မုန့်ထျန်း မဆို သုခမိန် တစ်ယောက်ထက် အများကြီး ပိုပြီးတော့ အင်အားကြီးကြတယ်။ နတ်ဆိုး စစ်သည်တော် ဒါဇင်ချီကို အသာလေး သတ်နိုင်တယ်။ ဒါ့အပြင် ဒီမုန့်ထျန်းတွေက တိုက်ပွဲ မဖြစ်ချင်ကြဘူး။ စစ်သည်တော် ဒါဇင်ချီပြီး သတ်ပြီးရင် ထွက်ပြေးကြတယ်။

“ငါတို့ရဲ့ စိတ်ခံစားချက်တွေကို လာဆွ ရဲတယ်လား။” ဆွဲဆောင် ညှို့ငင် နိုင်စွမ်း အပြည့်ရှိတဲ့ မျက်နှာရှင်ရဲ့ အကြည့်က ပြောင်းလဲ သွားတယ်။ ပထမဆုံး ပြောတဲ့ နတ်ဆိုး ခေါင်းဆောင်ကို သူကန်လိုက်တယ်။ ဒါပေမယ့် သူကန်ရုံပဲ ကန်တယ်။ မသတ်ခဲ့ဘူး။

အဓိက အကြောင်း အရင်းကတော့ နတ်ဆိုးနဲ့ မိစ္ဆာ မျိုးနွယ်ကြားက မဟာမိတ်ကြောင့် မဟုတ်ခဲ့ဘူး။ သူလဲ မုန့်ထျန်းတွေကြောင့် အတော့်ကို စိတ်ရှုပ်နေလို့ပဲ။

သူနဲ့ ပိုင်ကျင်း နှစ်ယောက်တည်းနဲ့ အနောက်ဘက် တစ်ခြမ်းကို ဘယ်လိုများ စောင့်ကြပ် နိုင်မှာလဲ။ တကယ်တော့ မိစ္ဆာ ဘုရင် လေးယောက် ရှိနေရင်တောင် မစောင့်ကြပ် နိုင်ဘူး။

သူဘာလုပ် သင့်သလဲ။

“ညီနောင်ကျင်း စိတ်မပူနဲ့။ သစ်တောထဲမှာ ထောင်ချောက်တွေ အများကြီး ရှိပေမယ့်၊ ငါသေချာ ကြည့်ပြီးပြီ။ အစောပိုင်း ပေါ်လာတဲ့ မုန့်ထျန်းတွေ အားလုံးက တိုက်ခိုက်တဲ့ ပုံစံ တစ်ပုံစံတည်းပဲ။ အင်အားပဲ ကွာတယ်။ ဒီတော့ ဒီလူတွေထဲမှာ သုခမိန် သုံးယောက် နီးပါး ပုန်းနေလိမ့်မယ်။” အသားဖြူဖြူ လူက ပြောတယ်။

“ငါလဲ အတွေးတူတယ်။ လူသားတွေက ဓားတောင်ခြေမှာ ရှိတဲ့ ကျောက်တုံး နန်းတော်ကို လာပြီး ပြစ်မှတ် ထားနေ ကြတာပဲ။ ဒီတော့ အဓိက အင်အား စုကြီးက ဓားတောင်ခြေ ဘက်မှာ ရှိလိမ့်မယ်။ ငါတို့ အနောက်ဘက်ကို လာပြီးတော့ အာရုံလွှဲ နေတာ ဖြစ်လိမ့်မယ်။ သူတို့တွေ သေချာပေါက် သုခမိန် အများကြီး မပို့ထား လောက်ဘူး။” ညှို့ငင်အား ပြင်းတဲ့ လူက ခေါင်းငြိမ့်တယ်။

“အမှန်ပဲ။ ဒီနည်းလမ်းက လူတွေရဲ့ နည်းလမ်း။ အဓိက အင်အားကို သပ်သပ် ခွဲထားပြီး အခြေအနေ မကောင်းတာနဲ့ ချက်ခြင်း ဆုတ်ခွာတယ်။ နောက်ဆုံးတော့လဲ ကောင်းကင်တာအို ခန်းမမှာ နတ်သခင် အဆင့် ပညာရှင် ရှိတယ်လေ။ ဘယ်သူကများ ငါတို့ကို အတင့်ရဲပြီး အတည်ပေါက် တိုက်ခိုက်ဝံ့မှာလဲ။”

“ညီနောင်ကျင်း ဘယ်လိုထင်လဲ။”

“ညီနောင်ကျင်းသာ သဘောတူရင်၊ ကျွန်တော် သစ်တောထဲကို အရင် သွားပြီးတော့ သူတို့ရဲ့ ထောင်ချောက်တွေကို စစ်ဆေးလိုက်တယ်။ နောက်မှ ညီနောင်ကျင်း တပ်ဖွဲ့နဲ့ လာပြီးတော့ သူတို့ကို အနိုင်ယူ။”

“ဒီ အစီအစဉ်က ကောင်းတယ်။ ဒါပေမယ့် ညီနောင်လင်း တစ်ယောက်တည်း သွားတာ အန္တရာယ် များလွန်းတယ်။ ဒါက သူတို့ရဲ့ အကြံ အစည် ဖြစ်နိုင်တယ်။” ညှို့ငင်အား ပြင်းသူက ပြောတယ်။

“မစိုးရိမ်နဲ့ ညီနောင်ကျင်း။ နတ်သခင် အဆင့် ပညာရှင်လို ငါက အင်အား မကြီးပေမယ့်၊ သုခမိန် သုံးယောက် လေးယောက်ကိုတော့ ခုခံ နိုင်ပါသေးတယ်။ ဒါ့အပြင် သူတို့က အနောက် အရပ်မှာ လာပြီး အနှောက်အယှက် ပေးနေရုံလေ။ သုခမိန် ဆယ်ယောက် အယောက် ၂၀တော့ ရှိမနေနိုင်ဘူး မဟုတ်လား။”

“ဟဟား။ မဖြစ်နိုင်တာပဲ။ အခုချိန်မှာ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်က အသာစီး ရနေတယ်။ လူသားတွေ ကြောက်နေသင့်တယ်။ သုခမိန် သုံးယောက်ကို လွှတ်ပြီးတော့ စိန်ခေါ် နေတာတင် အတော်လေးကို အဆုံးအရှုံး များနေနိုင်ပြီ။ ဘယ်လိုလုပ် သုခမိန် ၂၀ကို ပို့လွှတ်မှာလဲ။ သူတို့ကို ထောက်ပံ့နေတဲ့ နောက်ခံ အင်အား ရှိမနေ သရွေ့ပေါ့။”

“ညီနောင်ကျင်း ပြောတာ ငါ့အတွေး အတိုင်း တထပ်တည်းပဲ။”

“ကောင်းပြီ။ ထွက်လမ်းကလဲ များများစားစား မရှိဘူး။ မင်း သွားကြည့်ချင်ရင် ကြည့်။ ငါ မင်းသတင်းကို ဒီနေရာမှာ စောင့်နေမယ်။” ညှို့ငင်အား ပြင်းသူက ခေါင်းငြိမ့်တယ်။

“ညီနောင်ကျင်း စိတ်ချပါ။ သတင်းကို စောင့်နေလိုက်။” အသားဖြူဖြူ လူရဲ့ မျက်လုံးတွေက တောက်ပလာတယ်။ သူ့ခန္ဒာကိုယ် တခုလုံးနဲ့ မျက်နှာကို အဖြူရောင် အကြေးခွံတွေက ဖုံးလွှမ်း သွားတော့တယ်။

သစ်တောထဲမှာ အများဆုံး သုခမိန် သုံးယောက်နဲ့ တပည့်သား တစ်ချို့ ပုန်းအောင်း နေမယ်လို့ သူသေချာ ပေမယ့်၊ သတိထားဖို့ကလဲ အရေးကြီးတယ်။

ဘယ်လို မတော်တဆမှုမှ ဖြစ်မလာအောင် အရင်ဆုံး ကြိုတင် ပြင်ဆင်တယ်။ သူ့ခန္ဒာကိုယ် ပေါ်က အကြေးခွံ ဖြူတွေကို ထွင်းဖောက်ဖို့ ခက်ခဲ တာကတော့ အမှန်ပဲ။

မုချင်းဖန်းနဲ့ မော့ရှန်းရှီလို အင်အား အကြီးဆုံး လူတွေ ရှိမနေ သရွေ့ အဆင်ပြေတယ်။

ဒါပေမယ့် ဒီလို အင်အားကြီး လူသားတွေက တပည့်သားလေး တစ်အုပ်ကို ဦးဆောင်ပြီး သူတို့ကို ဒီလို အချိန်ဆွဲတဲ့ နည်းလမ်းနဲ့ လာတိုက်ခိုက် နေတာ ဖြစ်နိုင်ပါ့မလား။

အရူးတောင်မှ ဒါကို မဖြစ်နိုင်မှန်း သိတယ်။

အပိုင်း (၉၄၆) ပြီး၏။

အပိုင်း (၉၄၇)

“တူ၊ တူ၊ ကပ်ကြေးလို ကစား။”

အရာ အားလုံးက အဆင်သင့် ဖြစ်နေခဲ့ပြီ။ အသားဖြူဖြူ လူက တပ်ထဲကို ပြန်ဝင် သွားတယ်။ ဝတ်ရုံနက်ကို ဝတ်ပြီး မျက်နှာဖုံး အနက်ကို စွပ်လိုက်တယ်။ အရေး အကြီးဆုံးကတော့ သူစွပ်ထားတဲ့ မျက်နှာဖုံးပေါ်မှာ (နတ်ဘုရား) ဆိုတဲ့ စာလုံးကြီး ထင်ထင်ရှားရှား ရှိနေတာပဲ။

“အကိုကျင်း။ မျက်နှာဖုံးက အတော်ကောင်းတာပဲ။” ညှို့ငင်အား ပြင်းသူက အတည်ပြုတယ်။

“ဟမ့်။ သူတို့နဲ့ ဝင်ရော လိုက်မယ်။ သူတို့တွေ ငါ့ကို ရှာတွေ့နိုင် မလား ကြည့်ကြ သေးတာပေါ့။” အသားဖြူဖြူလူက ခေါင်းငြိမ့်လိုက်တယ်။ ယုံကြည်ချက် အပြည့်နဲ့ သစ်တောထဲကို ပြေးဝင် သွားတော့တယ်။

ညကောင်းကင် အောက်မှာ လရောင်က သစ်တောထဲ ပြေးဝင် လာသူအပေါ်မှာ တောက်ပ နေခဲ့တယ်။ မကြာခင်မှာပဲ သစ်ပင် ရိပ်တွေကြောင့် လရောင်က ပျောက်ကွယ် သွားပြီး ဝတ်ရုံနက်ကိုလဲ ရှာမတွေ့ နိုင်တော့ဘူး။

အသား ဖြူဖြူလူက အတော့်ကို မြန်ဆန်တယ်။ ထူးဆန်းတဲ့ လမ်းကို သူရွေးချယ် ထားတယ်။ ဒါပေမယ့် သစ်ပင်ရိပ်တွေ အောက်ကပဲ သူဖြတ်သွားတယ်။

မိစ္ဆာ ဘုရင်တွေက အရမ်းကို ကင်အားကြီးတယ်။ မိစ္ဆာနဲ့ နတ်ဆိုး နတ်ဘုရား မုခ်၀ မဖွင့်ခင် တည်းက မိစ္ဆာ ဘုရင် တစ်ယောက်ဆိုတာ နယ်မြေ တစ်ခုကို ထိန်းချုပ် နိုင်တယ်။

အသား ဖြူဖြူ လူက တကယ့်ကို ယုံကြည်ချက် အပြည့် ရှိနေတယ်။ ဒါက မာနကြီးတာ မဟုတ်ခဲ့ဘူး။ တစ်ဘဝလုံး ကျင့်သား ရလာခဲ့လို့ပဲ။ နောက်ဆုံးတော့လဲ မိစ္ဆာ ဘုရင် တစ်ယောက်ကို လူသား တပည့်သားတွေ ရှာတွေ့နိုင်တယ် ဆိုတာက အံ့သြစရာ ကောင်းလွန်းတယ်။

သူ့ကို ဘယ်လိုများ ထောက်လှမ်း နိုင်မှာလဲ။

“မင်း ဘယ်သူလဲ။ ဘယ်အဖွဲ့က လာတာလဲ။” အသားဖြူဖြူလူ ယုံကြည်ချက် အပြည့်နဲ့ သွားနေ ချိန်မှာပဲ သူ့ညာဘက် ဘေးကနေ အသံ တစ်သံကို ကြားလိုက်ရတယ်။

“..” အသား ဖြူဖြူလူက ချက်ခြင်းဆိုသလို ဖြူဖျော့ သွားတယ်။ သူ့ဝတ်ရုံနက် အောက်က အကြေးခွံ ဖြူတွေတောင် ချက်ခြင်း ဆိုသလို တုန်ခါသံ ထွက်လာခဲ့တယ်။

သူ့လို ညဘက်မှာ ခိုးထွက်ပြီး သွားလာနေတဲ့ မိစ္ဆာ ဘုရင်ကို ရှာတွေ့တယ်လား။ လောကကြီးမှာ ဘာတွေ ဖြစ်နေတာလဲ။

ဒါတွေ ဘယ်လိုကြောင့် ဖြစ်လာမှန်း အသား ဖြူဖြူလူက မတွေးနိုင် ခဲ့ဘူး။ သေချာပေါက် သီးခြားလမ်းမှာ ပုန်းပြီးတော့ လာတာပဲ။

သစ်တောထဲမှာ သူလျှိုတွေ အများကြီး ရှိမနေ သရွေ့ ဒီလို ရှာတွေ့တာက မဖြစ်သင့်ဘူး။ သူဘာလုပ် သင့်သလဲ တစ်ခါတည်း သတ်လိုက်ရမလား။

မဖြစ်ဘူး။ သစ်တောထဲမှာ ဒီလို သူလျှိုတွေ များလွန်းနေရင်၊ သူ့ကို မိသွားနိုင်တယ်။ တိုက်ခိုက် လိုက်တာနဲ့ ဖော်ထုတ် ခံရနိုင်တယ်။

အသား ဖြူဖြူ လူက ဖော်ထုတ် ခံရမှာကို မကြောက်ဘူး။ ဒါပေမယ့် လူသားတွေ ဆင်ထားတဲ့ ထောင်ချောက်တွေကို ရှာတွေ့ဖို့ လိုသေးတယ်။ တကယ်တော့ လမ်းတစ်ယောက်လုံးမှာ အရိပ် တစ်ခုကိုတောင် သူမတွေ့ခဲ့ ရဘူး။ အဲ့ဒီ့နောက် သူ့ကို တွေ့သွားကြတယ်။

ဒီဖြစ်ရပ်က ထူးဆန်းနေတယ်။

ဒါပေမယ့် သူသာ လက်ဗလာနဲ့ ပြန်သွားခဲ့ရင်၊ သေချာပေါက် အရှက်ရမှာပဲ။ အထူးသဖြင့် နတ်ဆိုး စစ်သည်တော်တွေ ရှေ့မှာပေါ့။ သူ့ရှေ့မှာ မပြောရဲ ကြပေမယ့် သေချာပေါက် နောက်ကွယ်မှာ ဟာသ လုပ်နေကြမှာပဲ။ အသားဖြူဖြူ လူက တကယ့်ကို လက်ဗလာနဲ့ မပြန်ချင်ဘူး။

နေအုန်း။

ဒီလူက ငါ့ကို ဘယ်အုပ်စုကလဲလို့ မေးလိုက်တယ်။

“ငါ နားလည်ပြီ။” အသား ဖြူဖြူလူ အတွေး ပေါ်လာတာနဲ့ ချက်ခြင်း တည်ငြိမ် သွားတယ်။ ညာဘက်ကို လှည့်ကြည့် လိုက်ချိန်မှာတော့ ခြုံပုတ်တွေထဲ ပုန်းအောင်းနေတဲ့ ဝတ်ရုံနက် အုပ်စုကို မြင်လိုက်ရတယ်။ “လူမများဘူးလား။ ၂၅ ယောက်တောင် မရှိဘူး။”

ခြုံပုတ်ထဲကို ကြည့်လိုက်ပြီးနောက် အသားဖြူဖြူလူ ခေါင်းငြိမ့်လိုက်တယ်။ တိတိကျကျ သူခန့်မှန်း နိုင်ခဲ့တာပဲ။

“မင်းတို့တွေ ဘယ်အုပ်စုကလဲ။” အသား ဖြူဖြူ လူက သေချာပေါက် ပြန်မဖြေ ခဲ့ဘူး။ သူ့လမ်းကို အတုအယောင် လုပ်ဖို့ လိုအပ်တယ်။ သူပြောပြီး တာနဲ့ ခြုံပုတ်ထဲက လူအနားကို ခုန်ဝင်တယ်။

“ငါတို့က မင်းကို မေးနေတာ။” ခြုံပုတ်ထဲမှာ ရှိနေသူက လှည့်ကွက်ထဲ မကျရောက် ခဲ့ဘူး။

“အတင့်ရဲ လိုက်တာ။” အသားဖြူဖြူ လူက ဒေါသ အပြည့် အသံနဲ့ အနားကို ကပ်လာခဲ့တယ်။ ခြုံပုတ်နားက လူနဲ့ သုံးပေ အကွာမှာ သူရပ်တယ်။ “ငါက ဘယ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်မှန်း မင်းသိလား။ မြန်မြန် မင်းတို့ ဘယ်အုပ်စုလဲ ပြောစမ်း။”

“မျိုးနွယ်စု ခေါင်းဆောင်လား။” ဒီစကားကို ကြားချိန်မှာတော့ ခြုံပုတ်ထဲမှာ ရှိသူက အပြင်ကို ထွက်လာတယ်။

“တောင်းပန်ပါတယ်။ ငါတို့ထဲက တချို့ ဒီနေရာမှာ လမ်းပျောက် နေတာကြောင့် ခေါင်းဆောင်ကို မလေးမစား ပြုမိပါတယ်။ ခွင့်လွှတ်ပေးပါ။ ဘယ်မျိုးနွယ်စုကလဲ မေးပါရစေ။”

“လမ်းပျောက်နေ တာလား။ ငါ့ကို မြေပုံပြ။” အသား ဖြူဖြူလူက မြေပုံကို မေးတယ်။

“မြန်မြန် မြေပုံ ယူလာခဲ့။” ခြုံပုတ်ထဲမှာ ရှိသူတွေက ခပ်မြန်မြန် တုံ့ပြန်ကြတယ်။ ဘယ်သူကမှ တစ်ခုခု လွဲနေတာကို သတိ မထားမိကြဘူး။

အသားဖြူဖြူ လူက တစ်ခဏတာ တိတ်ဆိတ် သွားခဲ့တယ်။ ဒီလူသား မျိုးနွယ် တပည့်သားတွေက ရောနှော နေတာပဲ။ လူသား မဟာမိတ်လို့ ခေါ်တဲ့ အဖွဲ့က မျိုးနွယ်စု ပေါင်းစုံ ရောနှော ထားတာပဲ။

စည်းမျဉ်းတွေ၊ စစ်တပ် စည်းကမ်းတွေ၊ တင်းမာ ရက်စက်တာတွေ။ ဘာမဟုတ်တဲ့ အမှိုက်တွေပဲ။

တပည့်သား တစ်ယောက်က လက်တစ်ဖက်ကို နောက်ပြစ်ထားပြီး မြေပုံကို သူ့ဆီ ကမ်းပေးတယ်။

လူနှစ်ဆယ်။

လူ အရေအတွက် အတိအကျကို သူရေတွက် ပြီးပြီ။

အခုတော့ ဒီလူတွေ လုံးဝကို သတိလက်လွတ် ဖြစ်နေကြပြီ။ အခု အခြေအနေမှာ အားလုံးကို သူ့အစွမ်းနဲ့ ရှင်းပြစ် နိုင်တယ်။ ဒါ့အပြင် မြေပုံကလဲ သူ့ရှေ့မှာ ရောက်နေခဲ့ပြီ။ ဘာကို ထပ်စောင့် နေရအုန်းမှာလဲ။

လူ ၂၀ကို တစ်ခါတည်းသတ်။ မြေပုံကိုယူ။ အလုပ် ကိစ္စကို ပြီးအောင်လုပ်။

ရိုးရှင်းလွန်းတယ်။

အသား ဖြူဖြူ လူက ကောက်ကျစ်မှု အပြည့်နဲ့ ပြုံး လိုက်တယ်။ သူ့ကျောဘက်ကို နောက်ပြစ်ထားတဲ့ လက်မှာ လက်သည်းတွေ ပေါ်လာတော့တယ်။

“အနားကပ်။”

“နည်းနည်းလေး အနားကပ်။”

“ကောင်းပြီ။ အချိန်ကျပြီ။”

အသား ဖြူဖြူလူက လူသား တပည့်သား သူ့အနားကို ပိုတိုးကပ်လာ ချိန်မှာ သူ့ခန္ဒာကိုယ်ကို ဘောလုံး တစ်လုံးလို သုံးပြီးတော့ ခုန်ဝင် လိုက်တယ်။ အဲ့ဒီ့နောက် အားလုံး မျက်လုံး ပြူးနေချိန်မှာ တစ်ချက်တည်းနဲ့ အသေသတ်ဖို့ ကြံတယ်။ ဒါက အမြန်ဆုံးနဲ့ အရက်စက်ဆုံး နည်းလမ်းပဲ။

သူ့ရည်ရွယ်ချက်က လက်တွေ့ ဆန်ပေမယ့်၊ ရက်စက်တယ်။

သူ့စကားကို ဆုံးအောင် မပြောရ သေးခင် အချိန်မှာပဲ၊ နောက်ကျောကို အင်အား ပြင်းတဲ့ ရိုက်ချက် တစ်ချက်က လာထိတယ်။ သူတောင် မသိလိုက်ခင် အချိန်မှာပဲ မြေပြင်ပေါ်ကို လဲကျ သွားတော့တယ်။

တကယ့်ကို မြန်ဆန်လွန်းတယ်။ ဒီတိုက်ကွက်ကလဲ ကြမ်းတမ်းတယ်။ သူသတိ မထားမိခင် အချိန်မှာ ခေါင်းကို တူနဲ့ ထုခံ လိုက်ရ သလိုပဲ။

မှန်ပါတယ်။ အသားဖြူဖြူလူ ခံစားမိတာ မှန်ကန် တိကျတယ်။

သူ့ကို ထုလိုက်တာ တူတစ်ချောင်းပဲ။ လျှပ်စီးကြောင်းတွေ စီးဆင်းပြီး ခရမ်းရောင် အလင်းတန်းတွေ တောက်ပနေတဲ့ အနက်ရောင် တူကြီး။

“မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့ရဲ့ တိုက်ကွက်က တကယ့်ကို အင်အားကြီးတယ်။” ပတ်ဝန်းကျင် လူတွေက မော့ရှန်းရှီကို ချီးမွမ်း ကြတော့တယ်။

“ဘာကြီး။ လက်ထောက် ခေါင်းဆောင်။ မဟာမိတ် လက်ထောက် ခေါင်းဆောင်။ မျိုးရိုးက မော့။ မော့ရှန်းရှီလား။” အသားဖြူဖြူ လူရဲ့ ခေါင်းက တူနဲ့ ထုခံ ရတာကြောင့် ပေါက်ကွဲ မတတ် ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် သူ့ခေါင်းက စဉ်းစား နိုင်သေးတယ်။

ဒီအတွေး ဝင်လာချိန်မှာပဲ ပြင်းထန်တဲ့ ရိုက်ချက်တွေ မိုးသီးမိုးပေါက် ကျသလို ကျဆင်း လာတာကို ခံစား ရပြန်တယ်။ ရိုက်ချက် တစ်ချက်ခြင်းစီ တိုင်းက မြေပြင်ကို တုန်ခါစေတယ်။

“မဟာမိတ် လက်ထောက် ခေါင်းဆောင်။ ငါက ဘာ မဟာမိတ် လက်ထောက် ခေါင်းဆောင်လဲ။ ရန်ရွှယ် ကျမ်းကောင်းကင်တောင် တိုက်ပွဲမှာ နိုင်ခဲ့တာကိုသာ တောက်ဟွမ် ဟာသ မလုပ်ရင်၊ ငါက သူ့ကို မဟာမိတ် ခေါင်းဆောင် အဖြစ် ဘယ်လိုမှ သတ်မှတ်မှာ မဟုတ်ဘူး။ ငလူးမသား။”

ဝုန်း။

ဝုန်း။

အနက်ရောင် တူကြီးရဲ့ ရိုက်ချက်တွေက ဆက်တိုက် ကျရောက်နေတယ်။ အသားဖြူဖြူ လူက သူ့ရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်း ပြတ်ထွက် တော့မလို ခံစား နေရတယ်။

“မော့ရှန်းရှီ။ သူက တကယ် မော့ရှန်းရှီလား။” လူမျက်နှာတွေကို မမြင်ဖူး ပေမယ့်၊ ဖူရှီးတောင်ကြား ခေါင်းဆောင်က မော့ရှန်းရှီ မှန်းတော့ သူသိတယ်။

နောက်ဆုံးတော့လဲ မိစ္ဆာ မျိုးနွယ်စုက လူသား မျိုးနွယ်စုကြီး ငါးခုကြောင့် မဟာနွံအိုင်ထဲမှာ ဆယ်စုနှစ်ကျော်အောင် ပိတ်ထား ခံခဲ့ ရတာလေ။

မဖြစ်ဘူး။

သူထွက်ပြေးဖို့ လိုအပ်တယ်။ အသားဖြူဖြူလူ ချက်ခြင်း ဆုံးဖြတ်ချက် ချတယ်။

မော့ရှန်းရှီက ဘာကြောင့် အနောက်ဘက် သစ်တောထဲမှာ ပေါ်လာပြီး ခြုံပုတ်ထဲက တပည့်သား အဖြစ် ဟန်ဆောင် နေမှန်း သူမသိ။ ဒါကို မသိပေမယ့် မော့ရှန်းရှီရဲ့ ပြိုင်ဘက် မဟုတ်မှန်းတော့ သူ့ကိုယ်သူ သိတယ်။ ဒါ့အပြင် သူက အလစ်ဝင်တိုက် ခံရတာလေ။

သူ့ခေါင်းက တစ်ဝက် ကျေမွ သွားပြီ။ ခန္ဒာကိုယ်ကလဲ နှစ်ပိုင်း ကွဲထွက် သွားပြီ။ ရင်ဘတ်ထဲမှာ မိစ္ဆာ ပုလဲသာ ရှိမနေခဲ့ရင်၊ သူ သေချာပေါက် သေပြီးသားပဲ။

ပြန်ပြေးရမယ်။

ချက်ခြင်း ဆိုသလို သူလှုပ်ရှားတယ်။ လက်တစ်ဖက်ကို မြေပြင်နဲ့ ထိလိုက်ချိန်မှာ အသံကျယ်ကြီးနဲ့ အတူ အက်ကွဲကြောင်းကြီး ပေါ်လာတယ်။ သူ့ရဲ့ ကျိုးကြေ သွားတဲ့ လက်တစ်ဖက်နဲ့ မြေကြီးထဲကို ဝင်ဖို့ ပြင်တယ်။

နှစ်ချက် တူးပြီး ချိန်မှာပဲ တောက်ပတဲ့ ရွှေရောင ဓားအလင်းတန်းက ကောင်းကင်မှာ လင်းလက်ပြီး မြေပြင်ပေါ်ကို ကျရောက်လာတယ်။

ပြတ်ထွက်လာတဲ့ လက်တစ်ဖက်လဲ မြေပြင်ပေါ်ကို ကျသွားတယ်။

“ပြေးချင်တာလား။ ဘယ်ကို ပြေးမှာလဲ။” ရွှေရောင် ဓားရှည်ကို ကိုင်ထားတဲ့ လူတစ်ယောက်က စိတ်ပျက် လက်ပျက် ပုံစံ မောက်မာမှု အပြည့်နဲ့ ခေါင်းကို မော့ထားရင်း ပြောတယ်။

“နောက်ထပ် သုခမိန် တစ်ယောက်လား။ ဒီနေရာကနေ ငါထွက်မသွား နိုင်တော့ဘူးလား။” အသား ဖြူဖြူလူရဲ့ တကယ့် ခန္ဒာကိုယ် အစစ်က လက်မောင်းထဲမှာ ပုန်းအောင်းနေတယ်။

အရှေ့ကနေ ပိတ်ဆို့ ခံလိုက် ရပြီးနောက် လက်ပြတ်ကနေ အဖြူရောင် မိစ္ဆာ အဖြစ်ကို ပြောင်းလဲ သွားတယ်။

သူက ဂျိုတစ်ချောင်းပါ မြင်းပျံနဲ့ အသွင်တူတဲ့ မိစ္ဆာ ဘုရင်ပဲ။ ဒဏ္ဍာရီထဲက ဂျိုတစ်ချောင်း မြင်းပျံနဲ့ မတူညီတာကတော့ သူ့ခန္ဒာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ အကြေးခွံတွေ ရှိနေတာပဲ။ သူ့ဂျိုမှာ ရွှေရောင် အရစ်တွေ ရှိမနေပင်မယ့်၊ ချောမွေ့ပြီး အဝါဖျော့ရောင် အလင်းတန်းက တောက်ပနေတယ်။

“ဝိုး။ ဒီကောင်လေးကို စီးရင် ကောင်းမယ် ထင်လား။” မိစ္ဆာ ဘုရင် ပုံပြောင်း သွားတာကို မြင်ချိန်မှာတော့ တပည့်သားတွေက ရယ်မောတော့တယ်။

“အဆင့်နိမ့် လူသားတွေက ငါ့ကို စီးချင်တယ်လား။ သေကြစမ်း။” မိစ္ဆာ ဘုရင်က ဒေါသ တကြီးနဲ့ ဟိန်းဟောက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ လက်သည်း ချွန်ထက်ထက်တွေက ရယ်မောနေတဲ့ ဘယ်ညာ နှစ်ဖက်က လူတွေကို တိုက်ခိုက်တယ်။

“ငါ့ကို အထင် သေးတာလား။”

“ဘယ်လို မိစ္ဆာ ဘုရင်လဲ။ ဒဏ်ရာရနေတာတောင် ဒီလောက်ထိ စိတ်ကြီး ဝင်နေ သေးတယ်လား။”

တပည့်သား နှစ်ယောက်က မိစ္ဆာ ဘုရင် အနားကပ်လာတာ မြင်ချိန်မှာ သူတို့ရဲ့ ဓားတွေကို ထုတ်လိုက်ကြတယ်။ အစိမ်းရင့်ရောင် ဓားနဲ့ အနီရောင် ဓားကောက်က ချက်ခြင်း ပေါ်ထွက်လာတယ်။

ဝုန်း။

ဝုန်း။

ဓားအလင်းတန်း နှစ်ခုက မိစ္ဆာ ဘုရင်ကို တပြိုင်နက်တည်း ထိတွေ့တယ်။ အသားဖြူဖြူ လူကတော့ မြေပြင်ပေါ်ကို လဲကျ သွားခဲ့ပြီ။ အကြေးခွံတွေ ကွာကျပြီး သွေးတွေက ကိုယ်ပေါ်ကနေ ရေတံခွန်လို စီးထွက် နေတော့တယ်။

“သုခမိန်တွေ။ သုခမိန်တွေလား။ ဘယ်လိုတောင်လဲ။” အသားဖြူဖြူ လူက မယုံနိုင်တဲ့ မျက်နှာနဲ့ ကြည့်နေခဲ့တယ်။

“ဒီခပ်တုံးတုံး မိစ္ဆာ ဘုရင် နားလည် သွားပြီလား။”

“ထင်တာပဲ။”

“သုခမိန် အယောက် ၂၀က သူ့ကို တပြိုင်နက်တည်း တိုက်ခိုက်မယ်လို့ လုံး၀ ထင်ထားမိမှာ မဟုတ်လောက်ဘူး။”

“ပေါက်ကရတွေ ပြောနေတာ ရပ်စမ်း။ သူ့ကိုသတ်ပြီး သွားကြမယ်။” မော့ရှန်းရှီက စကား များနေတဲ့ လူနှစ်ယောက်ကို အော်လိုက်ရင်း သူ့တူကြီးကို မြှောက်လိုက်တယ်။

“မင်းရဲ့ ခန္ဒာကိုယ် အစစ်ကို ထုတ်ပြတယ်ပေါ့။ ဒီတစ်ကြိမ်တော့ မင်း ဘယ်မှာမှ ပုန်းမနေ နိုင်တော့ဘူး ဆိုတာ သေချာပြီ။”

“မလုပ်နဲ့။” အသားဖြူဖြူ လူက တူကြီး ကျလာတာကို ကြည့်ရင်း အော်ဟစ်တယ်။ နောက်ကျလွန်း သွားခဲ့ပြီ။ တူကြီးက သူ့ခေါင်းပေါ်ကို ကျရောက်လာတယ်။

ဝုန်း။

အသားဖြူဖြူနဲ့ လူ လဲကျသွားပြီး ရွှေရောင် မိစ္ဆာ ပုလဲကို အန်ထုတ် လိုက်တော့တယ်။

မိစ္ဆာ ပုလဲက မော့ရှန်းရှီ ခြေရင်းကို ရောက်လာတယ်။

အသား ဖြူဖြူလူက မိစ္ဆာ ပုလဲကို ကြည့်ရင်း မျက်လုံး ပြူးကြီးနဲ့ ရှိနေခဲ့တယ်။ သူသေသွား ပြီးရင် ဘာဆက်ဖြစ်မလဲ မတွေးနိုင်ဘူး။

လူတွေက သုခမိန် အယောက် ၂၀နဲ့ အဖွဲ့ဖွဲ့ထားတယ်။ သစ်တောထဲမှာ သူ့ကို စောင့်နေတယ်။ ဒါ့အပြင် ခြုံပုတ်ထဲ ပုန်းနေတဲ့ တပည့်သား ပုံစံ ဟန်ဆောင် နေသေးတယ်။ ဒါ့အပြင် မော့ရှန်းရှီကြီးလဲ ရောက်နေတယ်။

လွန်ခဲ့တဲ့ ငါးလကသာ ဒါမျိုး ဖြစ်ခဲ့ရင် သူလုံး၀ ယုံနိုင်မှာ မဟုတ်ဘူး။ သူက သာမန် မိစ္ဆာ ဘုရင်လေး တစ်ယောက်ပဲလေ။ ဒီလောက် လူအများကြီးနဲ့ တိုက်ခိုက်စရာ လိုလို့လား။

“ဘာကြောင့်လဲ ဘာကြောင့်လဲ။” အသားဖြူဖြူ လူရဲ့ ခန္ဒာကိုယ်ကနေ သွေးတွေ ဆက်တိုက် စီးကျနေဆဲ။

“သူသေပြီလား။” အသံ တစ်သံ ထွက်ပေါ်လာတယ်။

“ပေါက်ကရတွေ။ ငါ့တူနဲ့ ထုထား ပြီးမှတော့ ဘယ်လို အသက်ရှင် နိုင်မှာလဲ။ ” မော့ရှန်းရှီ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“အခု ဘာဆက်လုပ်မလဲ။ ဆက်စောင့်ကြမလား။ ဒီမိစ္ဆာ ဘုရင် သေသွားရင်၊ နောက်ထပ် အပြင်က မိစ္ဆာ ဘုရင်နဲ့ စစ်သည်တော်တွေ သစ်တောထဲ ဝင်လာမှာပဲ မဟုတ်လား။ နောက်တစ်ယောက်ကို ထပ်သတ်လို့ ရတယ်လေ။ ဘယ်လိုထင်လဲ။” စိတ်လှုပ်ရှားမှု အပြည့်နဲ့ အသံကို ကြားလိုက် ရပြန်တယ်။

“သဘောတူတယ်။ လင်းရှောင်းတောင်မှာ ငါးလတိတိ သည်းခံ ပြီးမှ ဒီကို ရောက်လာတာ၊ ဘယ်လို အန္တရာယ်ကိုမှ မှုစရာ မလိုဘူးလို့ ငါထင်တယ်။”

အပိုင်း (၉၄၇) ပြီး၏။

အပိုင်း (၉၄၆)

“အချိတ်အဆက်၊ သွေးဆောင်ခြင်းး၊ ရှာတွေ့ပြီလား။”

“ဟုတ်တယ်။ ငါကြားတာတော့ ကောင်းကင်တာအို ခန်းမမှာ နတ်သခင် အဆင့် ပညာရှင် တစ်ယောက် ရှိတယ် ဆိုပဲ။ အနောက်ဘက် စစ်မြေပြင်မှာ တိုက်တိုက် ဆိုင်ဆိုင်ကြီး ပေါ်လာတာတော့ မဖြစ်နိုင်ဘူး မလား။”

အတိတ် အချိန်တုန်း ကတော့ သုခမိန် အယောက် ၂၀ ဆိုတာ မြင့်မြတ် နယ်မြေ တစ်ခုလုံးကို အထောက်အပံ့ ပေးနိုင်တဲ့ အင်အား ဖြစ်ခဲ့တယ်။ သူတို့တွေ သွေးပူရုံ လောက်နဲ့ ထွက်သွားတာ ဖြစ်နိုင် ပါ့မလား။

နောက်ပြီးတောာ့ သတ်ဖြတ် ရတာကို သူတို့တွေ အတော် ပျော်နေခဲ့တယ်။ ဒါ့အပြင် တစ်ယောက်ယောက် ကသာ သူတို့ကို ဆက်တိုက် သတ်ဖြတ်ဖို့ အကြံ ပေးခဲ့ရင်၊ သူတို့ အားလုံး ချက်ခြင်း သဘောတူ ကြမှာပဲ။ ဒါပေမယ့် မော့ရှန်းရှီ မျက်မှောင်ကြုတ် သွားခဲ့တယ်။

မိစ္ဆာ ဘုရင်ရဲ့ ခန္ဒာကိုယ်ကို တစ်ချက် ကြည့်လိုက်တယ်။ သစ်တော ပတ်လည်ကို သူထပ်ကြည့်တယ်။

မော့ရှန်းရှီ သည်းခံနေ ရတာ လုံလောက်ပြီ။ လင်းရှောင်းတောင်မှာ ငါးလ တိတိ ပိတ်မိ နေခဲ့ပြီး နောက်ဆုံးမှာတော့ မြင့်မြတ် နယ်မြေကို ခြေပြန်ချ နိုင်ခဲ့ပြီ။ တစ်ကြိမ် တစ်ခါတုန်းက သူလဲ မြင့်မြတ် နယ်မြေကို အုပ်ချုပ်သူ တစ်ယောက် ဖြစ်ခဲ့တယ်လေ။

အခုများတော့လား။ ကောင်းကင် တာအို ခန်းမကို လာတာတောင် အရမ်းကြီး သတိ ထားနေရတယ်။ မျက်နှာကို အဝတ်နက်ကြီး အုပ်ထားပြီး မုန့်ထျန်း အဖြစ် ဟန်ဆောင် နေရတယ်။

အခြေအနေ တွေက အနုတ်သဘော ဆောင်နေတာက လွဲပြီး သူ့စိတ်က ရှင်းလင်းတယ်။ အခုချိန်မှာ ဒေါသတွေကို ပုံချပြီး မိစ္ဆာ ဘုရင်တွေ အားလုံးကို သတ်ပြစ်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး။

အဓိက ရည်ရွယ်ချက်ကြီးက နတ်ဘုရား အရင်းအမြစ်ပဲ။

ဒါက လူသား မျိုးနွယ် အနာဂတ်နဲ့ သက်ဆိုင်နေတယ်။ နောက်ဆုံးတော့လဲ မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် အနေနဲ့ မော့ရှန်းရှီက မိစ္ဆာ ဘုရင် တစ်ယောက်ကို သတ်ပြီး စိတ်လွတ် သွားလို့မှ မဖြစ်ပဲ။

“အခု သွားကြစို့။” မော့ရှန်းရှီ ပြောလိုက်တယ်။

“တကယ်ပဲ သွားတော့မှာလား။ ဒီမှာ ဆက်နေရင်၊ နောက်ထပ် မိစ္ဆာ ဘုရင်ကို သတ်လို့ ရသေးတယ်။ မိစ္ဆာ ဘုရင် တစ်ယောက် သေတာက မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ အတွက် ဆုံးရှုံးမှုကြီး ပဲလေ။ ဟုတ်တယ်ဟုတ်။”

“အမှန်ပဲ။ မဟာမိတ် လက်ထောက် ခေါင်းဆောင်မော့။ တစ်ခါမှ မမြင်ဖူးတဲ့ မုန့်ထျန်းရဲ့ အမိန့်ကို တကယ်ပဲ လိုက်နာရ မှာလား။”

“ဒီနေရာ အထိ ရောက်အောင် လာပြီးတော့မှ ထွက်သွား ရမှာလား။”

မော့ရှန်းရှီရဲ့ စကားကို ကြားချိန်မှာတော့ လူတစ်ချို့က စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့တယ်။

“ဆရာကြီး မုန့်ထျန်းရဲ့ အစီအစဉ်တွေကို လိုက်နာတာကြောင့် မိစ္ဆာ ဘုရင် တစ်ယောက်ကို သတ်နိုင်ခဲ့တယ်။ ဒီတော့ သူက စစ်ဗျူဟာ အရာမှာ ထူးခြား ပြောင်မြောက်တဲ့ သူလို့ သေချာ နေပြီ။ မင်းတို့တွေနဲ့ ဆက်မပြောတော့ဘူး။ ဒါက စစ်အမိန့်ပဲ။ အကယ်၍ မင်းတို့သာ ဆက်နေ ချင်ရင်၊ ရလဒ်ကို ကိုယ်တိုင်ပဲ ရင်ဆိုင်ကြ။” စကား ဆုံးတာနဲ့ မော့ရှန်းရှီက သစ်တောထဲကို ပြန်ဝင်ပြီး မျက်တောင် တစ်ခတ် အတွင်း ပျောက်ကွယ် သွားတော့တယ်။

“စစ်အမိန့် တဲ့လား။”

“ဟူး။”

လူတွေ အကြည့်ချင်း ဖလှယ်ပြီးနောက် မော့ရှန်းရှီကို အမှီ လိုက်ကြတော့တယ်။

သူတို့ ထွက်သွားပြီး ၁၅ မိနစ် အကြာမှာတော့ လူတစ်ယောက် ကောင်းကင်ကနေ ခုန်ဆင်းလာတယ်။ မိစ္ဆာ ဘုရင်ရဲ့ ခန္ဒာကိုယ်ကို ချနင်းတယ်။

ဂျွတ်။ ခန္ဒာကိုယ်မှာ ချိုင့်ခွက်ကြီး တစ်ခု ဖြစ်ပေါ်လာတယ်။ အဲ့ဒီ့နောက် အလောင်းကို သူ့လက်တစ်ဖက်နဲ့ မြှောက်လိုက်တယ်။

“နောက်ထပ် အသုံး မဝင်တဲ့ အမှိုက်ကောင် တစ်ကောင်ပဲ။” အေးစက်စက် အသံ ထွက်ပေါ် လာပြီးနောက် ခန္ဒာကိုယ်လဲ ပြစ်ချ ခံလိုက် ရတယ်။

လူငါးဖက်စာ အရွယ် သစ်ပင်ကြီးက ခန္ဒာကိုယ် ရိုက်ခတ်တဲ့ အရှိန်ပြင်းကြောင့် ကျိုးကြေ သွားခဲ့တယ်။ ဘေးဘက်က သစ်ပင်ကြီးပေါ်ကို ဒီသစ်ပင်ကြီးက လဲကျ သွားခဲ့တယ်။ ဒီမြင်ကွင်းက အတော့်ကို ပြင်းထန်လွန်းတယ်။

ပိုပြီး လန့်စရာ ကောင်းတဲ့ အရာကတော့ ကျိုးကြေ သွားတဲ့ သစ်ပင်ကြီးက စုပ်ယူ ခံလိုက်ရသလို လုံး၀ ခမ်းခြောက် သွားတာပဲ။ သူ့ရဲ့ ပင်စည်နဲ့ အရွက်တွေ အားလုံး လုံးဝကို ညှိုးရော် သွားခဲ့တယ်။

သေခြင်းတရား အငွေ့အသက်တွေက သစ်တောထဲမှာ ပျံ့နှံ့ နေတယ်။

ဒါပေါ့။ သေခြင်းတရား အပြင် ရယ်သံကြီးလဲ ရှိနေသေးတယ်။ “အမှိုက်လိုကောင် နောက်တစ်ကောင် သေသွား ပြန်ပြီ။ ဟ ဟား ဟား။”

…

ဒီလို ထူးဆန်းတဲ့ တိုက်ပွဲကြီးက အနောက် အရပ်မှာ ဖြစ်နေသလို တခြား အရပ်တွေမှာလဲ ဖြစ်နေခဲ့တယ်။

လူသား မျိုးနွယ် အုပ်စု လေးခုက ကောင်းကင် တာအို ခန်းမကို အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးနေရာကနေ ရုတ်တရက် တိုက်ခိုက် ခဲ့တဲ့ အတွက်၊ နတ်ဆိုး စစ်သည်တော် ၂၀၀၀ နီးပါးနဲ့ မိစ္ဆာ ဘုရင် လေးယောက် သေဆုံး ခဲ့တယ်။

ဒါပေမယ့် အနောက်ဘက် သစ်တောနဲ့ ဓားတောင်ထိပ် တောင်စောင်းကြားက နေရာလွတ်မှာ တိုက်ပွဲ အခြေအနေ ကွာခြားချက် ရှိခဲ့တယ်။ သစ်တောတွေရဲ့ အကာအကွယ် မရှိတဲ့ အတွက် တိုက်ပွဲက အနောက် အရပ်လို တိုက်ရိုက် မဖြစ်ခဲ့ဘူး။

ဒါပေမယ့် မုချင်းဖန်းက ကြင်နာတတ်သူ မဟုတ်ခဲ့ဘူးလေ။

ကောင်းကင်တာအို ခန်းမရဲ့ ခေါင်းဆောင်ဟောင်း အနေနဲ့၊ ကောင်းကင် တာအို ခန်းမကို ကျုးကျော်ထားတဲ့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေ အပေါ် သူ့ရဲ့ အမုန်းတရားက တခြားသူတွေထက် အများကြီး ပိုကြီးမားတယ်။ ဒါကြောင့် သူ့ခေါင်းဆောင်မှု အောက်မှာ တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်တယ်။

နောက်ဆုံးတော့လဲ မုချင်းဖန်းက ကောင်းကင် တာအို ခန်းမအပေါ် သူ့ရဲ့ မြေမျက်နှာ သွင်ပြင် ကျွမ်းကျင်မှုကို ကောင်းကောင်း အသုံးချ သွားနိုင် ခဲ့တယ်လေ။ မြင့်မြတ် နယ်မြေ တစ်ခွင်မှာ သူအကျွမ်းဝင်ဆုံး နေရာလဲ ဖြစ်နေခဲ့တယ်။

ဒီ အားသာချက်ကြောင့် မုချင်းဖန်က သုခမိန် အယောက် ၂၀ကို ဦးဆောင်ပြီး ထောင်ချောက်ကို အလွယ်တကူ ဆင်နိုင်ခဲ့တယ်။ ထောက်ချောက် ဆင်ပြီး မြားခေါ်ခဲ့တဲ့ ပုံစံကတော့ မုချင်းဖန်း ပီပီသသ ဖြစ်ခဲ့တယ်။

အရှင်းဆုံး ပြောရရင်၊ သားရဲ တစ်ကောင်ကို စီးဆင်းပြီး တောင်ထိပ်ပေါ် ပျံဝဲ လာတယ်။ မိစ္ဆာ ဘုရင်တွေ အားလုံး အထိတ် တလန့် ကြည့်နေ ချိန်မှာ

“အားနာပါတယ်။ ငါ နေရာမှားပြီး လာမိပြီ။” လို့ ပြောရင်း ထွက်ပြေးတယ်။

ဟုတ်တယ်။ မုချင်းဖန်း တကယ်ပဲ ဒီလို လုပ်ခဲ့တယ်။ နေရာမှားပြီး ရောက်လာတယ်လို့ သူပြောပြီး မိစ္ဆာ ဘုရင်နဲ့ နတ်ဆိုး ခေါင်းဆောင်တွေ မလှုပ်ရှား နိုင်ခင် အချိန်မှာပဲ သူလှည့်ပတ် ထွက်ပြေးတယ်။ ဒါပေမယ့် သူက လမ်းပျောက်နေတဲ့ သိုးတစ်ကောင်လိုပဲ။ ကောင်းကင် တာအို ခန်းမဆီကို သူတန်းတန်း မတ်မတ် ပြေးတယ်။

မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေကို သူဒီလိုမျိုး လှည့်စား အနိုင်ကျင့်ခဲ့တယ်။ ဒီလူတွေက လမ်းပျောက်နေတဲ့ သိုးကို အလွတ်ပေးမယ်များ မှတ်နေကြလား။ ရလဒ်ကတော့ ထင်ရှားတယ်။

တပတ်လှည့်ပြေးပြီး ပိတ်မိခံရ ချိန်မှာတော့ ဒီလမ်းပျောက်နေတဲ့ သိုးက အရမ်း မြန်မြန် ပြေးနေတာကို သူတို့ သတိ ထားမိ သွားကြတယ်။ ဒါ့အပြင် သူက ကောင်းကင် တာအို ခန်းမကို နှစ်ပတ် သုံးပတ် ပတ်ပြီးနောက် ပျောက်ကွယ် သွားတယ်။

လေထဲကို ဝင်သွား သလိုပဲ။

မိစ္ဆာ ဘုရင်တွေကတော့ ကျိန်စာ တိုက်ခံရသလို ခံစား နေရတယ်။ မိစ္ဆာနဲ့ နတ်ဆိုးတွေက လမ်းပျောက်လာတဲ့ လူတစ်ယောက်ကိုတောင် မဖမ်းနိုင်ဘူးတဲ့။

ဘယ်လောက်တောင် ဒေါသ ထွက်စရာ ကောင်းလိုက် သလဲ။

မိစ္ဆာဘုရင်နဲ့ နတ်ဆိုး ခေါင်းဆောင်တွေက တောင်ထိပ်ကို ပြန်ရောက်ချိန်မှာတော့ သူတို့ထဲက မိစ္ဆာ ဘုရင် တစ်ယောက် လျော့သွားတာကို သတိ ထားမိ လိုက်ကြတယ်။

“…”

“…”

ဓားတောင်ထိပ် သီးခြား ကျောက်တုံး အခန်း ဒုတိယ ထပ်မှာတော့ နတ်ဆိုး စစ်သည်တော် အလောင်းတွေ မြေပြင်မှာ ပြန့်ကျဲနေတယ်။

အလောင်းတွေအနားက ပြတင်းပေါက် မှာတော့ ဖန်ကျန်းရှီနဲ့ ပင်းယန်က အားလုံးကို စောင့်ကြည့် နေခဲ့တယ်။

“ခန်းမ ခေါင်းဆောင်မုရဲ့ အာရုံလွှဲတဲ့ နည်းလမ်းက ကောင်းလိုက်တာ။” မိစ္ဆာဘုရင်ကို ဒီလိုမျိုး လုပ်သွားတာ မုချင်းဖန်း လက်ချက်မှန်း ဖန်ကျန်းရှီ တစ်ယောက်သာ သိခဲ့တယ်။

နောက်ဆုံးတော့လဲ ကိုယ်ပိုင်အင်အား တစ်ခုတည်းနဲ့ မိစ္ဆာ နတ်ဆိုးတွေ စောင့်ကြပ်နေတဲ့ တောင်ထိပ်ကနေ အလွယ်လေး ထွက်မလာ နိုင်ဘူးလေ။ မုချင်းဖန်း တစ်ယောက်ပဲ နယ်မြေခံ ဖြစ်နေတဲ့ အတွက် လုပ်နိုင်ခဲ့တယ်။

“ခေါင်းဆောင်မုရဲ့ နည်းလမ်းက နင်နဲ့ တူနေတယ်လို့ ငါဘာဖြစ်လို့များ တွေးမိ နေတာလဲ။” ပင်းယန်က မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း မေးတယ်။ မုချင်းဖန်းလို အရမ်းကြီး မှန်ကန် ဖြောင့်မတ်တဲ့ လူရိုးကြီးက ဒီနေ့မှ ဘယ်လိုများ ရုတ်တရက် ပြောင်းလဲ သွားတာလဲ။

အထူး သဖြင့်။ “အားနာပါတယ်။ ငါနေရာမှားပြီး လာမိလို့။” ဆိုတဲ့ စကားပဲ။

ပင်းယန် သောက်လက်စ ရေတောင် သီးလု မတတ် ဖြစ်သွားခဲ့တယ်။ တော်သေးတယ် အလောင်းတွေ ကြားမှာ ရေကို ထွေးမထုတ် မိပေလို့။

“ဒါပေါ့။ ငါသူ့ကို သင်ပေး ထားတာလေ။”ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“နင် သင်ပေးတယ်။ နင်ငါနဲ့ တစ်ချိန်လုံး ရှိနေတာ မဟုတ်လား။ ဘယ်တုန်းက မုချင်းဖန်းနဲ့ သွားတွေ့ လိုက်တာလဲ။” ပင်းယန် ပြန်မေးတယ်။

“ပင်းယန် ငါမင်းကို အလေးအနက် မေးစရာ ရှိတယ်။”

“ပြော။”

“မင်း အခု ပြောနေတာတွေကို ဘယ်သူက သင်ပေးထားတာလဲ။”

“နင်ပဲပေါ့။”

“..” ဖန်ကျန်းရှီ နောက်ထပ် ပြောစရာ စကား ရှာမတွေ့တော့ဘူး။ သူသက်ပြင်းသာ ချလိုက်တယ်။ “သွားကြစို့။

“မသွားသေးဘူး။ နင်တို့တွေ ဘယ်တုန်းက အချိတ်အဆက် လုပ်ထား ခဲ့တာလဲ။”

“ဘာ အချိတ်အဆက်လဲ။ ဘာတွေ လာပြော နေတာလဲ။ စကားကို တိတိကျကျ မပြောနိုင်ဘူးလား။” ဖန်ကျန်းရှီက ပင်းယန်ရဲ့ အသုံးအနှုန်းတွေကို ပြင်ပေးဖို့ လုပ်နေခဲ့တယ်။

“ဘယ်တုန်းကများ သွေးဆောင် လိုက်တာလဲ။”

“…” ဖန်ကျန်းရှီ အခုချိန်မှာ ပင်းယန်ကို လက်ခလယ် ထောင်ပြ ချင်နေပြီ။ ဒါပေမယ့် သူမလုပ် နိုင်ခင် အချိန်မှာပဲ ပင်းယန်ရဲ့ လက်ခလယ်က သူ့မျက်စိရှေ့ကို ရောက်လာခဲ့တယ်။

အရမ်းကို သေးသွယ် ချောမွတ် ဖြူဖွေးတဲ့ လက်ချောင်း။

အဲ့ဒီ့နောက် ဖန်ကျန်းရှီလဲ ဆက်မပြောတော့ဘူး။ လက်ကို မြှောက်ပြီး ပင်းယန်ရဲ့ တင်ပါးကို ရိုက်ချလိုက်တော့တယ်။

“အား။” ပင်းယန် ထအော်တော့တယ်။

“ဘယ်သူတွေလဲ။” အပြင်မှာ ကင်းလှည့်နေတဲ့ နတ်ဆိုး စစ်သည်တော်တွေ အော်သံကို ကြားလိုက်တယ်။

ပင်းယန် အော်လိုက် ချိန်မှာပဲ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်လာပြီးတော့ ကျောက်တုံးအိမ်ရဲ့ တံခါးကို ကန်ဖွင့်တာ ခံလိုက်ရတယ်။

“အာ့ အို။ ငါတို့ကို တွေ့သွားပြီ။” ပင်းယန် ချက်ခြင်း အထိတ် တလန့်နဲ့ ဖြူဖျော့ သွားတော့တယ်။ ဖန်ကျန်းရှီရဲ့ လက်မောင်းကို ချက်ခြင်း ပြေးဆွဲတယ်။ အရမ်းကို စိုးရိမ် နေပုံပဲ။

ဖန်ကျန်းရှီ ကတော့ ပင်းယန် လှည့်စားတာာကို သေချာပေါက် မခံရဘူး။ တမင်တကာ အော်မှန်း သူသိသားပဲ။

နောက်ဆုံးတော့လဲ ပင်းယန်က အကန်း တစ်ယောက်မှ မဟုတ်ပဲ။ အပြင်မှာ ကင်းလှည့်နေတဲ့ နတ်ဆိုးတွေကို သူတွေ့တာပေါ့။ တမင်တကာ လုပ်လိုက်မှန်း ဖန်ကျန်းရှီ အရမ်းကို သေချာတယ်။

အခုလို အခြေအနေမျိုးကို ပင်းယန်နဲ့ ဖန်ကျန်းရှီသာ နားလည်နိုင်တယ်။ ဒါမှမဟုတ် ပင်းယန်က အတိတ်ကို တမ်းတ နေတာလဲ ဖြစ်နိုင်တယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက ပင်းယန်နဲ့ ရန်မြို့တော်မှာ တွေ့ခဲ့ကြတယ်။ သစ်သားက မီးနဲ့ တွေ့သလိုပဲ။ ခေါင်းကောင်းတဲ့ မီးခြစ်ဆံ တစ်ခုလို မီးတောက်တော့တယ်။

အရှင်းလင်းဆုံး သက်သေ ကတော့ ရန်မြို့တော်ကြီးမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေပဲ။ အိမ်ရှေ့စံ မင်းသားရဲ့ အရှေ့နန်းဆောင် ပြာကျ ခဲ့ရတယ်။ အထိန်းအကွပ် မဲ့ခဲ့တယ်။ အခုချိန်မှာ ပင်းယန်နဲ့ ဖန်ကျန်းရှီ ဆုံကြပြန်ပြီ။

အချိန် အတော်ကြာ အထိ သူတို့တွေ လင်းယွမ် မျှော်စင်မှာ ပူးပေါင်းခဲ့တာနဲ့ ကျမ်းကောင်းကင်တောင် တိုက်ပွဲမှာ တိုက်ခိုက် ခဲ့တာက လွဲပြီး အရင်လို လုပ်ငန်းတွေ မလုပ်ခဲ့ ကြရဘူး။

ဒီတော့ ပင်းယန် လုပ်လိုက်တာ အရမ်းကို ရိုးရှင်းတယ်။ နောက်တစ်ခေါက် ရှာတွေ့ ခံပြီးတော့ ဖန်ကျန်းရှီနဲ့ ဆိုးသွမ်းချင်တယ်။ သူမက တကယ့်ကို ခေါင်းမာတယ်။ ဒါက ပင်းယန်ရဲ့ ပုံစံပဲ။ ဖန်ကျန်းရှီ အပေါ် သူမရဲ့ ယုံကြည်မှုလို့လဲ ဆိုလို့ ရနိုင်တယ်။

ဖန်ကျန်းရှီက သူမကို မထိခိုက်အောင် လုပ်ပေး နိုင်မယ်လို့ ယုံကြည်တယ်။

အိမ်ရှေ့စံ မင်းသားရဲ့ အရှေ့ နန်းဆောင်ကို မီးသွားရှို့ဖို့ ပင်းယန်ကို ဖန်ကျန်းရှီ သွေးဆောင် ခဲ့ချိန် တုန်းကလိုပဲ။ ဖန်ကျန်းရှီက သူ့ကို လွတ်အောင် လုပ်ပေး နိုင်မယ်လို့ ပင်းယန် ယုံကြည်တယ်။

အခုချိန်မှာ ကွာခြားချက် ကတော့ ယုံကြည်ရတဲ့ အကြောင်းရင်းပဲ။ အတိတ် အချိန်တုန်းကတော့ ဧကရာဇ် လင်းမုပိုင်က အကြောင်းအရင်း ဖြစ်ခဲ့ပေမယ့်၊ အခုကတော့ ဖန်ကျန်းရှီရဲ့ စွမ်းအား အစစ်က အကြောင်း အရင်းပဲ။

သုခမိန် စစ်နတ် မုန့်ထျန်းနဲ့ တူညီတဲ့ စွမ်းအား။ နတ်ဆိုး မျိုးနွယ် သွေးအရိပ် မြို့တော်ထဲကို တစ်ယောက်တည်း ဝင်ရောက် နိုင်စေခဲ့တဲ့ အင်အား။

“အရှက် မရှိတဲ့ ကောင်စုတ်။ ငါကြောက်တယ်။ သူ သူတို့က တိုက်ခိုက်နေပြီ။” ပင်းယန်က အရမ်းကို စိတ်ရှုပ်ထွေး နေတဲ့ ပုံစံနဲ့ ပြောနေခဲ့တယ်။

ဒုတိယ ထပ်ကို ရောက်လာတဲ့ နတ်ဆိုး စစ်သည်တော်တွေ ကတော့ မြေပြင်က အလောင်းတွေကြောင့် ထိတ်လန့် သွားခဲ့ကြတယ်။

သူတို့ ရှေ့မှာ ရှိနေတဲ့ မုန့်ထျန်း နှစ်ယောက်ရဲ့ အင်အားက သာမာန် မဖြစ်နိုင်ဘူး။

မိစ္ဆာ ဘုရင် လေးယောက် သေသွားခဲ့တဲ့ သတင်း ရောက်လာပြီးနောက် နတ်ဆိုး စစ်သည်တော်တွေက မုန့်ထျန်းကို ကြောက်နေခဲ့တာ ကြာပြီ။ ဒါပေမယ့် ပင်းယန်ရဲ့ စကားတွေက သူတို့ကို စိတ်ရှုပ်ထွေး စေတယ်။

“ကြောက်တယ် တဲ့လား။ သူက ကြောက်တယ်လို့ ပြောနေတာလား။” နတ်ဆိုး စစ်သည်တော်တွေက အေးစက်စက် ကြည့်လိုက်ရင်း ပင်းယန်နဲ့ ဖန်ကျန်းရှီကို လှံတွေနဲ့ ချိန်ရွယ်တယ်။

“အညံ့ခံ။”

“မဟုတ်ရင် သေမယ်။”

နတ်ဆိုး စစ်သည်တော်တွေ ပြောရင်းနဲ့ ထွက်ပေါက်တွေ အားလုံးကို ပိတ်လိုက်တော့တယ်။

ဖန်ကျန်းရှီကတော့ ပင်းယန်ရဲ့ စိုးရိမ်တကြီး မျက်နှာကို ကြည့်ရင်း ခေါင်းခါလိုက်တယ်။

“ကစားချင် တာလား။”

“ဟုတ်တယ် ဟုတ်တယ်။” ပင်းယန်က ဆန်လုံး ကောက်နေတဲ့ ကြက်ပေါက်လေး တစ်ကောင်လို ဆက်တိုက် ခေါင်းငြိမ့် နေတော့တယ်။ သူမရဲ့ မျက်ဝန်း တွေကလဲ အခုချိန်မှာ ကြယ်ပွင့်တွေလို လင်းလက် နေခဲ့တယ်။

“ကောင်းပြီလေ။ ဒါဆိုရင် ကစားလို့ ကောင်းမယ့် တစ်ခုခုကို ရှာကြမယ်။ ဒါပေမယ့် ပြီးရင် လိမ်လိမ်မာမာ နေမယ်လို့ ကတိပေး။ ဟုတ်ပြီလား။” ဖန်ကျန်းရှီက မျက်နှာဖုံး အောက်ကနေ ပြုံးနေရင်း ပြောတယ်။

“ကောင်းပြီ။” ပင်းယန် ချက်ခြင်း သဘောတူတယ်။

“ဒါဆို စတော့မယ်။ အဆင်သင့် ဖြစ်ပြီလား။”

“အဆင်သင့် ဖြစ်ပြီ။”

“သွားမယ်။” ဖန်ကျန်းရှီ အော်ရင်း ခေါင်းတစ်ချက် ငြိမ့်ပြပြီး ပြတင်းပေါက်ကနေ ခုန်ထွက်တယ်။

ဖန်ကျန်းရှီ ခုန်ချ သွားတာကို မြင်ချိန်မှာ ပင်းယန်က ပြတင်းပေါက် ဘောင်ပေါ် တက်ရင်း ခုန်ချဖို့ ပြင်တယ်။

ဘောင်ပေါ် စတက်တဲ့ အချိန်မှာပဲ ကျယ်လောင်ပြီး ကြည်လင် ပြတ်သားတဲ့ အသံကြီးကို ကြားလိုက် ရတယ်။

“လာကြ မိစ္ဆာတို့။ မှားလို့။ နတ်ဆိုးတို့။ လာကြ မိစ္ဆာ နတ်ဆိုးတို့။ ဒုတိယ ထပ်မှာ သူလျှို တစ်ယောက် ရောက်နေတယ်။ မျက်နှာဖုံးစွပ် အနက်နဲ့ ဒီသူလျှိုကို ဖမ်းကြ။ သူ့ကို ဖမ်းကြ။”

အပိုင်း (၉၄၈) ပြီး၏။

အပိုင်း (၉၄၉)

“ထိတ်လန့်ဖွယ် ငြီးတွားသံ။”

“သူလျှိုလား။” ကြောက်လန့် နေခဲ့ပြီးသား ဖြစ်တဲ့ ကောင်းကင် တာအို ခန်းမ ကင်းစောင့် နတ်ဆိုး စစ်သည်တော်တွေက ကျောက်တုံး အဆောင်ကနေ ခုန်ထွက်လာပြီး ရုတ်တရက် အော်နေသူကို မြင်ချိန်မှာမျက်လုံး ပြူးသွား ခဲ့ကြတယ်။ အေဲ့ဒီ့နောက် ပင်းယန်လဲ ဖန်ကျန်းရှီ အနားကို ကပ်ပြီးတော့ အော်တော့တယ်။

“လာကြ။ မိစ္ဆာတို့ နတ်ဆိုးတို့။ ဒီကောင်က သူလျှိုပဲ။ သူ့ကို ဖမ်းကြ။”

“…”

“…”

ပြောစရာ စကားလုံးတွေ ပျောက်ရှ ဆွံ့အ သွားတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ မုန့်ထျန်း နှစ်ယောက်က အခုချိန်မှာ တစ်ယောက်ကို တစ်ယောက် သူလျှိုလို့ ခေါ်နေကြတယ်။

သူတို့ အပြင် တောင်ထိပ်ကို စောင့်ကြပ်နေတဲ့ မိစ္ဆာ ဘုရင်တွေလဲ မျက်လုံး ပြူးနေခဲ့တယ်။

နောက်ဆုံးတော့လဲ ကျောက်တုံး အခန်းက ဓားတောင်ထိပ်နဲ့ အရမ်းကို နီးကပ်တယ်လေ။

ဖန်ကျန်းရှီက နေရာ တစ်ခုကို ရှာပြီး တောင်ထိပ်မှာ ဖြစ်သမျှ အားလုံးကို မြင်နိုင်ဖို့ စီစဉ်ခဲ့တယ်။ ဒီတော့ မိစ္ဆာ ဘုရင်တွေလဲ ကြားကြတယ်။

“သူတို့ကို ဖမ်းကြစမ်း။” ဒီမုန့်ထျန်း နှစ်ယောက် ဘာတွေ လုပ်နေမှန်း မိစ္ဆာ ဘုရင်တွေ မသိကြ ပေမယ့်၊ စစ်သည်တော်တွေကို ချက်ခြင်း အမိန့် ပေးကြတယ်။

အမိန့်ကို ကြားပြီး ချိန်မှာတော့ ပတ်ဝန်းကျင် နတ်ဆိုး စစ်သည်တော်တွေက ချက်ခြင်း သတိ ဖန်ကျန်းရှီနဲ့ ပင်းယန်ကို တိုက်ခိုက် ကြတော့တယ်။

ဖန်ကျန်းရှီကတော့ ခပ်မြန်မြန်ပဲ တုံ့ပြန်တယ်။ အော်နေဆဲ ဖြစ်တဲ့ ပင်းယန်ကို ဖမ်းဆွဲ ပြီးတော့ သူမနဲ့ အတူတူ ပြေးတော့တယ်။

“ဟ ဟား ဟား။” ပင်းယန်ကတော့ ပျော်ပျော်ကြီး ရယ်မော နေခဲ့တယ်။ မကြာခင်မှာပဲ သူ့အသံ တိတ်သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ ဦးတည်နေတဲ့ နေရာက မှားနေတာကို နားလည် လိုက်လို့ပဲ။

မိစ္ဆာ ဘုရင်တွေ စောင့်ကြပ်နေတဲ့ တောင်ထိပ်ဆီကို ဆက်တိုက် အော်ဟစ်ရင်း ပြေးလာခဲ့တယ်။ “မြန်မြန်ပြေး မဟုတ်ရင်၊ အဖမ်း ခံရမယ်။

“..” ပင်းယန်ရဲ့ မျက်နှာက ချက်ခြင်း ရဲရဲနီ သွားခဲ့တယ်။ အလွန် အမင်း စိတ်လှုပ်ရှားမှုကြောင့် ပင်းယန် တစ်ကိုယ်လုံး တုန်ယင် လာတယ်။ အရက် ပြင်းပြင်းကို သောက်လိုက် သလိုပဲ။

မိစ္ဆာ ဘုရင်တွေရဲ့ မျက်စိ ထဲမှာတော့ ဒီထူးဆန်းတဲ့ မြင်ကွင်းက သူတို့ကို အရမ်းကြီး စိတ်ရှုပ်ထွေး စေတယ်။

“ဘာတွေ ဖြစ်နေတာလဲ။”

“သူတို့ နှစ်ယောက်က ငါတို့ဆီ ဘာဖြစ်လို့ လာနေတာလဲ။”

“သူတို့လဲ လမ်းပျောက် နေတာတော့ မဖြစ်နိုင် လောက်ဘူး မလား။”

မိစ္ဆာ ဘုရင်တွေ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း အခု အခြေအနေ အတွက် ဘာလုပ် ရမယ်မှန်း မသိ ဖြစ်နေခဲ့တယ်။

“ဟမ်။ ငါတို့တွေ နေရာမှား လာတာလား။” မိစ္ဆာ ဘုရင်တွေ တွေးနေ ချိန်မှာပဲ အထိတ် တလန့် အသံကို ကြားလိုက်တယ်။

“..”

“…”

အရူးလုပ် ခံနေရတာကြောင့် မိစ္ဆာ ဘုရင်တွေ ဒေါသ ထွက်လာခဲ့တယ်။

(“အမှန်ပဲ။”

“မင်းတို့တွေ တကယ်ပဲ နေရာမှား နေ ကြတာလား။”

မိစ္ဆာ ဘုရင်တွေ ဒီမေးခွန်းကို မေးချင်တယ်။ ဒါပေမယ့် မုချင်းဖန်းနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ဒီလို အရေး မပါတဲ့ ကိစ္စတွေကို မလုပ် နိုင်ကြဘူး။

“ဟ ဟား ဟား။” ပင်းယန်ရဲ့ အထိန်း အကွပ်မဲ့ ရယ်သံကြီးက လေထဲကို ပျံ့လွင့် လာပြန်တယ်။ သူမက အရမ်းကို ပျော်ရွှင် နေခဲ့တယ်။

နောက်ဆုံးတော့လဲ မိစ္ဆာ ဘုရင်တွေ ရှိနေတဲ့ တောင်ထိပ်ဆီ ပြေးပြီး (ငါ နေရာမှား လာတာလား)လို့ အော်ပြော ရတာထက် ပိုပြီး ရင်ဖို စရာ ကောင်းတာ ဘာထပ် ရှိနိုင်အုန်းမလဲ။

“သူတို့ကို သတ်။” ဒေါသက ပြင်းထန်တဲ့ ရလဒ်ကို ဖြစ်ပေါ် စေနိုင်တယ်။ မကြာခင် အချိန်ကပဲ တိုက်ခိုက် ခံထား ခဲ့ရတဲ့ မိစ္ဆာ ဘုရင်တွေ ချက်ခြင်း ဆိုသလို အော်ဟစ် ကြတော့တယ်။

ကောင်းကင် တာအို ခန်းမမှာ မိစ္ဆာ ဘုရင် ၁၅ယောက်တောင် မရှိ ခဲ့ဘူး။ အခုချိန်မှာ ၄ယောက်က သေဆုံး သွားခဲ့ပြီ။ တောင်ထိပ်မှာ မိစ္ဆာ ဘုရင် ၈ယောက် ရှိနေသေးတယ်။

မိစ္ဆာ ဘုရင် ၈ယောက် ရှိနေတာက ဘာနဲ့ တူမလဲ။

အတိတ် အချိန်တုန်း ကတော့ မိစ္ဆာ ဘုရင် ရှစ်ယောက်ရဲ့ အင်အားက မြင့်မြတ် နယ်မြေ မျိုးနွယ်စုကြီး ငါးခုက လွဲပြီး တခြား ဘယ်မျိုးနွယ်စုကို မဆို ဖျက်စီး နိုင်တယ်။ မိစ္ဆာ ဘုရင် ရှစ်ယောက်လုံးက နေရာမှား လာတဲ့ မုန့်ထျန်း နှစ်ယောက်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ် လိုက်ပြီ။

သူတို့တွေ အပြင် လေးမြားတွေကို အသင့်ပြင် ထားတဲ့ နတ်ဆိုး တပ်ဖွဲ့တွေလဲ ရှိသေးတယ်။

“တိုက်ခိုက်။” အမိန့် ချလိုက်ပြီ။

မရေမတွက် နိုင်တဲ့ မြားတွေ ချက်ခြင်း ဆိုသလို ရွာချက် လာတော့တယ်။ အနီးကပ် ပြစ်ချက်က အဝေး ပြစ်ချက်ထက် သေချာပေါက် ပိုပြီးတော့ အားပါတယ်။

“အား ပျော်စရာကြီး။” ပင်းယန် အရမ်းကို စိတ်လှုပ်ရှားနေတယ်။

ဒါပေါ့။ သူမ ပြောလိုက်တဲ့ အချိန်မှာပဲ မီးလို တောက်ပတဲ့ အနီရောင် အလင်းတန်းက သူမ ခန္ဒာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ သွားတော့တယ်။ အနီရောင် အလင်းတန်းက ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။

တိုက်ရိုက် ရောက်လာတဲ့ မြားတွေ ကတော့ အနီရောင် အလင်းတန်းကို မထိုးဖောက် နိုင်ခဲ့ဘူး။ အနီရောင် အလင်းတန်းနဲ့ ထိထိချင်း အချိန်မှာပဲ ပြာတွေ ဖြစ်သွားတော့တယ်။

“သုခမိန်တွေလား။” ပတ်ဝန်းကျင် နတ်ဆိုး စစ်သည်တော်တွေ မျက်လုံးပြူး သွားခဲ့တယ်။ ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ။ သူတို့ တွေ့သမျှ မုန့်ထျန်းတွေ အားလုံးက သုခမိန်တွေ ချည်းပဲ။

ဒါကြောင့်ပဲ သူတို့ရဲ့ စွမ်းအားတွေကို ထုတ်မသုံး နိုင်ခဲ့ဘူး။ အသုံးမဝင်တဲ့ ကြက်တွေလို အလွယ်လေး အသတ် ခံလိုက်ရတယ်။ ဒါက လုံးဝကို စော်ကားတာပဲ။

ကောင်းကင် တာအို ခန်းမ တောင်ခြေမှာ မုန့်ထျန်း ၂၀၀၀ လဲ ရောက်နေသေးတယ်။ သူတို့တွေ အားလုံးကရော သုခမိန် တွေလား။ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီအတွေးက နတ်ဆိုး စစ်သည်တော်တွေ အားလုံးရဲ့ စိတ်ထဲမှာ တစ်ခဏတော့ ဝင်ရောက် သွားခဲ့တယ်။

ဒါပေမယ့် နောက်ထပ် မြင်ရတဲ့ မြင်ကွင်းက သူတို့ အတွေးကို ပျက်ပြယ် သွားစေခဲ့တယ်။ အနီရောင် အလင်းတန်း တောက်ပ လာချိန်မှာ ဖန်ကျန်းရှီကတော့ ကျောက်တုံး တစ်တုံး နောက်မှာသာ ပုန်းနေ ခဲ့လို့ပဲ။

“..”

“သူ ပုန်းနေတာလား။ သုခမိန် တစ်ယောက်က ဘာဖြစ်လို့ ပုန်းနေတာလဲ၊”

“သူက မြားတွေ တိုက်ခိုက်တာကိုတောင် မရှောင် နိုင်ဘူးလား။”

နတ်ဆိုး စစ်သည်တော်တွေရဲ့ စိတ်ထဲမှာ ဒီကိစ္စကြောင့် အတော်လေး ခြိမ်းခြောက်မှု လျော့သွားခဲ့တယ်။

“မဟုတ်ဘူး။ သုခမိန်တွေ မဟုတ်ဘူး။ တစ်ယောက်ပဲ သုခမိန်။” ထက်မြက်တဲ့ နတ်ဆိုး စစ်သည်တော်တွေ ချက်ခြင်း ဆိုသလို နားလည် သွားခဲ့ကြတယ်။

“နားလည်ပြီ။ သုခမိန်က တစ်ယောက်တည်းပဲ။” မိစ္ဆာ ဘုရင်တွေလဲ မျက်ရိပ် မျက်ခြည် ပြပြီး ချက်ခြင်း ဆိုသလို လူစု ခွဲလိုက်ကြတယ်။

မိစ္ဆာ ဘုရင် ခုနှစ်ယောက်က ပင်းယန်ကို ဝန်းရံ ထားတယ်။ အားအနည်းဆုံး မိစ္ဆာ ဘုရင်ကတော့ ဖန်ကျန်းရှီကို ကျားတစ်ကောင်လို ခုန်အုပ်ဖို့ သွားနေခဲ့ပြီ။

“အားနည်းတဲ့ လူသား သေစမ်း။” မိစ္ဆာ ဘုရင်ရဲ့ လက်က အစိမ်းရင့်ရောင် လက်သည်း ချွန်ချွန်တွေ အဖြစ်ကို ပြောင်းလဲ သွားတယ်။

ဖန်ကျန်းရှီက အားနည်းသလို ဟန်ဆောင် နေပင်မယ့်၊ မိစ္ဆာ ဘုရင်ကတော့ သူ့ကို လျော့မတွက် ခဲ့ဘူး။ အားကုန် သုံးပြီး တိုက်ခိုက် ခဲ့တယ်။

လက်သည်းနှစ်ဖက်က အပေါ်နဲ့ အောက်ကို ဦးတည်လာတယ်။ ဖန်ကျန်းရှီရဲ့ ခေါင်းနဲ့ နှလုံးကို တိုက်ရိုက် ဖျက်စီး ပြစ်ဖို့ လုပ်တယ်။ ဒါက ပြီးပြည့်စုံတဲ့ တိုက်ခိုက်မှုပဲ။

ရလဒ်ကတော့ အရမ်းကို ပြီးပြည့်စုံတော့ မလို ထင်နေရတယ်။ ဖန်ကျန်းရှီက မိစ္ဆာ ဘုရင်ရဲ့ တိုက်ခိုက်မှုကို မြင်ချိန်မှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေခဲ့လို့ပဲ။

မိစ္ဆာ ဘုရင် ဒီလို အမူအယာ မျိုးကို အကြိမ်ကြိမ် တွေးဖူးခဲ့တယ်။ သူမြင်တာသာ မမှားရင်၊ ဒီလို အကြည့်မျိုးက ပြင်းပြင်းထန်ထန် ကြောက်ရွံ့ တုန်လှုပ်နေတာပဲ။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ တပတ်လှည့် လိုက်တယ်။

တိုက်ခိုက်မှုကို ခုခံမယ့် အစား နောက်ကျောပေးပြီး ထွက်ပြေးဖို့ လုပ်တယ်။

“ဒီကောင် ငတုံးလား။ ဟဟား။” မိစ္ဆာ ဘုရင်က ဒါကို မြင်ချိန်မှာ ရယ်မောတော့တယ်။ တိုက်ပွဲ တစ်ခုမှာ မလုပ်သင့်ဆုံး ကိစ္စကတော့ ပြိုင်ဘက်ကို ကျောခိုင်းတာပဲ။

ဒီမုန့်ထျန်း အတုက ဒီလောက် ရိုးရှင်းတဲ့ ကိစ္စကိုတောင် နားမလည်ဘူး။ ကြောက်လွန်းလို့ ထွက်ပြေးတယ်တဲ့။

“သေစမ်း။” မိစ္ဆာ ဘုရင်က တစ်ချက်လေးတောင် မညှာတာ ခဲ့ဘူး။ ဖန်ကျန်းရှီရဲ့ ခေါင်းကို တိုက်ခိုက်တယ်။ ဒါပေမယ့် သူလွဲချော သွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ထွက်ပြေးတဲ့ ဖန်ကျန်းရှီက ရုတ်တရက် ချော်ကျပြီး ခေါင်းကို ငုံ့လိုက် လို့ပဲ။

“ဟမ်။” မိစ္ဆာ ဘုရင် အံ့သြ သွားပေမယ့် သူ့ကိုယ်သူ ထိန်းနိုင်တယ်။ အလန့်တကြား ခြေချော်တာက ဖြစ်နိုင်တယ်လေ။

ဖန်ကျန်းရှီကို သူဒီလို အလွတ် ပေးလိုက် နိုင်မလား။

မဖြစ်နိုင်ဘူး။

နောက် လက်သည်း တစ်ဖက်ကို သုံးပြီး ဖန်ကျန်းရှီကို ထပ်တိုက်ခိုက်တယ်။

နောက်ထပ် လန့်စရာ တစ်ခု ဖြစ်လာပြန်တယ်။ ဖန်ကျန်းရှီက ရုတ်တရက် လှည့်လာခဲ့တယ်။ နောက်ကျောကို တိုက်ခိုက်ဖို့ ရည်ရွယ်ထား ခဲ့ပေမယ့်၊ အခုချိန်မှာ နှလုံး တည့်တည့်ကို ထိသွားခဲ့ပြီ။

“..” ဒီလို အောင်မြင်မှုမျိုးက ကံကောင်းတာပဲ။

မိစ္ဆာဘုရင် သူ့ပြိုင်ဘက်ရဲ့ နှလုံးသားကို တိုက်ခိုက် နိုင်မယ်လို့ မထင်ထား မိခဲ့ဘူး။ အခုတော့ တကယ့်ကို ထိထိမိမိ တိုက်ခိုက် နိုင်ခဲ့ပြီ။ ဒါပေမယ့် တစ်ခုခု ထူးဆန်းနေတယ်။

မာကျောတယ်။

နေစမ်းပါအုန်း။ ဘာဖြစ်လို့ ဒီလောက်တောင် မာနေ ရတာလဲ။

ဖန်ကျန်းရှီရဲ့ နှလုံးကို ထိမိချိန်မှာ အထိအတွေ့က မာကျော လွန်းတာကြောင့် မိစ္ဆာ ဘုရင်ရဲ့ အမူအယာ ပြောင်းလဲ သွားတော့တယ်။ ရတနာလား။

ဒီကောင်စုတ်မှာ နှလုံးကာမှန် ရှိတယ်။ အံ့သြစရာ မရှိဘူးပဲ။

နေအုန်း။ သူ့မှာ နှလုံးကာမှန် ရှိနေရင်တောင်၊ ဒီလို မှန်လေး တစ်ချပ်က သူ့တိုက်ခိုက်မှုကို ခုခံ နိုင်မှာလား။

ဘယ်လောက် အင်အားကြီးတဲ့ ရတနာ ဖြစ်ပါစေ၊ အားအပြည့် အသုံးချနိုင်ဖို့ အသုံးချသူရဲ့ စွမ်းအားကို လိုအပ်တယ်။ ရတနာ တစ်ခုတည်းနဲ့ တိုက်ခိုက်မှုကို ခုခံထားဖို့ မြဖစ်နိုင်ဘူး။

မှန်တယ်။ မိစ္ဆာဘုရင်ရဲ့ လက်သည်းက ဖန်ကျန်းရှီရဲ့ နှလုံးသားကို ထိနေတာတောင်၊ သူက ခြေတစ်လှမ်းမှ မရွေ့ခဲ့ဘူး။

“လန့်နေလား။ အံ့သြနေလား။” မိစ္ဆာ ဘုရင် တစ်ခုခု လွဲနေမှန်း ခံစား မိချိန်မှာပဲ၊ လှောင်ရယ်သံကို ကြားလိုက် ရတယ်။

အဲ့ဒီ့နောက် ငွေရောင် အလင်းတန်းတွေ တောက်ပနေတဲ့ မျက်ဝန်း တစ်စုံကို သူမြင်လိုက် ရတော့တယ်။ တလောကလုံး မြင်နိုင်တဲ့ ကြယ်တွေလို တောက်ပနေတယ်။

“မဖြစ်ဘူး။” မိစ္ဆာ ဘုရင် ဆုတ်ခွာဖို့ လုပ်တယ်။

ဒါပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ သူပါးစပ် ဖွင့်လိုက် ချိန်မှာပဲ ဖန်ကျန်းရှီရဲ့ လက်က သူ့ပါးစပ်ထဲကို ဝင်ရောက်လာတယ်။ ဒီတိုက်ကွက်က လန့်စရာ ကောင်းတယ်။ လက်သီး တစ်ချက်က လည်ပင်းကို ဖြတ်ထွက်ပြီး ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်တယ်။

“ဝွန်း။” မိစ္ဆာ ဘုရင် မျက်လုံး ပြူးကြီးနဲ့ လက်သီးကို ကိုက်ပြစ်ဖို့ စိတ်ကူးတယ်။ သူ့ရဲ့ ပင်ကိုယ် သိစိတ်ကတော့ ချက်ခြင်း ထွက်ပြေးဖို့ ပြောနေခဲ့ပြီ။

“အား။” ဒီအချိန်မှာပဲ ထိတ်လန့်တကြား အော်သံကြီးက တောင်ထိပ် တစ်ခုလုံးကို ဖုံးလွှမ်း သွားတော့တယ်။ ပင်းယန်ကို ဝန်းရံထားတဲ့ မိစ္ဆာ ဘုရင်တွေတောင် တုန်ယင် သွားတယ်။

“ကုနွီ ဘာဖြစ်တာလဲ။”

မိစ္ဆာဘုရင် ၇ယောက်က သူတို့ မိတ်ဆွေ အသံကို မှတ်မိကြတယ်။ ဒါကြောင့် သူတို့ရဲ့ အမူအယာတွေ ပြောင်းလဲ သွားတယ်။

မကြာခင်မှာပဲ မျက်နှာတွေ ဖြူဖျော့ သွားတော့တယ်။ ဖန်ကျန်းရှီက တစ်ကိုယ်လုံး အစိမ်းရင့်ရောင် အကြေးခွံတွေ ပြည့်နေတဲ့ မိစ္ဆာ တစ်ကောင်ကို အသက်မရှူ နိုင်တဲ့ အထိ လည်ပင်း ညှစ်ထားတာ မြင်နေ ရလို့ပဲ။ ဒါ့အပြင် ပါးစပ်ကိုလဲ ကြောက်စရာ ပုံစံနဲ့ ဖမ်းဆွဲ ထားသေးတယ်။

မိစ္ဆာက တတ်နိုင်သလောက် ရုန်းကန် နေပင်မယ့်၊ တုန်ယင်ပြီး ဆက်တိုက် အော်ဟစ်ငြီးတွား နေတယ်။

သွေးပျက် ခြောက်ခြားစရာ ကောင်းလိုက်တာ။

ဒီလို ဖြစ်နေတာက မိစ္ဆာ ဘုရင် ၇ယောက်ကို ကြက်သေသေ သွားစေခဲ့တယ်။ ဘယ်သူကမှ အခွံအောက်မှာ ပုန်းအောင်းနေတဲ့ မိစ္ဆာရဲ့ တကယ့် ခန္ဒာကိုယ် အစစ်ကို ရှာမတွေ့ နိုင်ဘူး။

ဘာကြောင့်လဲ ဆိုတော့ တကယ့် ခန္ဒာကိုယ် အစစ်က အခွံရဲ့ တိကျတဲ့ နေရာ တစ်ခုမှာ ပုန်းအောင်းပြီး အချိန် မရွေး ထွက်လာ နိုင်လို့ပဲ။ အခွံ အလုံးစံ မပျက်စီး သရွေ့၊ မိစ္ဆာရဲ့ ခန္ဒာကိုယ် အစစ်က တွန်းအားပေးခံ ရပြီး ထွက်မလာ နိုင်ဘူး။

ဒါကြောင့်ပဲ မိစ္ဆာ ဘုရင်ကို သတ်နိုင်ဖို့ ခက်ခဲတယ်။

အခုတော့ မုန့်ထျန်း အဖြစ် ဟန်ဆောင်ထားတဲ့ ထူးထူးဆန်းဆန်း ကောင်က မဖြစ်နိုင်တဲ့ ကိစ္စကို လုပ်ပြ နေပြီ။ မိစ္ဆာ ဘုရင်တွေ အတွက်တော့ ကိစ္စတွေ အားလုံးက လန့်စရာပဲ။

သူ့လက်ကို မိစ္ဆာရဲ့ ပါးစပ်ထဲ ထည့်လိုက်တာလား။

ဒါက ဘယ်လိုတောင် ဖြစ်နိုင်မှာလဲ။

ကုနွီရဲ့ တကယ့် ခန္ဒာကိုယ် အစစ် ရှိရာ နေရာကို မတွေ့ သရွေ့ မဖြစ်နိုင်ဘူး မဟုတ်လား။

အပိုင်း (၉၄၉) ပြီး၏။

အပိုင်း (၉၅၀)

“လွှမ်းမိုးနိုင်တဲ့ အင်အား။”

မိစ္ဆာရဲ့ အပေါ်ယံ အခွံအောက်က ခန္ဒာကိုယ် အစစ် အမှန်ကို ဗလာ မျက်လုံးနဲ့ သူမြင်နိုင်တယ်။ ဒါက တွေးလို့တောင် မရနိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ဒီအကြာင်း အရင်းကြောင့် မဟုတ်ရင်၊ သူက ဘယ်လိုများ အခုလို လုပ်နိုင်မှာလဲ။

ဒါပေမယ့် ဒါက အမှန် တရားပဲ။ ဖန်ကျန်းရှီက မိစ္ဆာ ဘုရင်ရဲ့ ပါးစပ်ထဲကို လက်ထဲပြီး အခွံအောက်က ခန္ဒာကိုယ် အစစ်ကို ဆွဲထုတ်ခဲ့တယ်။

ဂျွတ်။ အရိုးကျိုးကြေ ကုန်တဲ့ အသံက လေထဲမှာ ထွက်ပေါ် လာတယ်။ မိစ္ဆာ ဘုရင်တွေရဲ့ ကျောရိုးထဲတောင် စိမ့်ချမ်း သွားခဲ့ရတယ်။

တစ်ချိန်တည်းမှာပဲ ရွှေရောင် မိစ္ဆာ ပုလဲ တစ်ခုက မိစ္ဆာ ဘုရင် ကုနွီရဲ့ ပါးစပ်ထဲကနေ ထွက်လာတယ်။ လေထဲမှာ တောက်ပတဲ့ အလင်းတန်းတွေနဲ့ အတူ တိတ်တဆိတ် လွင့်မျော နေခဲ့တယ်။

“ဒီ ကောင်စုတ်က သုခမိန် ထက်တောင် ပိုပြီးတော့ အင်အားကြီးတယ်။”

“သူက ဘယ်သူလဲ။”

“ကောင်းကင် တာအို ခန်းမက မုချင်းဖန်းလား။ ဒါမှမဟုတ် ဖူရှီးတောင်ကြားရဲ့ မော့ရှန်းရှီလား။ ယင်ယန် ခန်းမက တောက်ဟွမ်လား။”

မိစ္ဆာ ဘုရင်တွေရဲ့ စိတ်ထဲမှာ အတွေးတွေ ဆက်တိုက် ဝင်ရောက် လာခဲ့တယ်။ ဒါပေမယ့် သူတို့ ရှေ့မှာ ရှိနေ သူကတော့ တခြားသူတွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်တဲ့ နည်းဗျူဟာကို သုံးနေခဲ့တယ်။

ဒါ့အပြင် မိစ္ဆာ ဘုရင်တွေက ဒီလူ သုံးယောက်ရဲ့ အင်အားကို ကောင်းကောင်း သိတယ်။ မုချင်းဖန်းက မိစ္ဆာ ဘုရင်ကို တစ်ယောက်တည်းနဲ့ သတ်နိုင်ပေမယ့်၊ ဒီလောက် အေးအေးဆေးဆေး မဖြစ်နိုင်ဘူး။

အရမ်းကို မြန်ဆန်လွန်းတဲ့ အပြင် ရက်စက်လွန်းတဲ့ နည်းလမ်းကို ဒီလူက သုံးနေခဲ့တယ်။

“ငါကြားတာတော့ ကောင်းကင် တာအို ခန်းမမှာ နတ်သခင် အဆင့် ပညာရှင်တွေ ရှိနေတယ် ဆိုပဲ။” ကုနွီရဲ့ လည်ပင်းကို ချိုးပြီးတဲ့နောက် ဖန်ကျန်းရှီက မိစ္ဆာ ပုလဲကို သိမ်းလိုက်တယ်။ ပင်းယန် ဘေးက မိစ္ဆာ ဘုရင်တွေကို သူလှမ်းကြည့်တယ်။ ငွေဖြူရောင် အလင်းတန်းက သူ့မျက်ဝန်းထဲမှာ တောက်ပ နေခဲ့ပြီ။

“ငွေရောင် မျက်ဝန်းတွေ။”

“အဲ့တာ မုန့်ထျန်းပဲ။”

“သူက မုန့်ထျန်း။ သုခမိန် စစ်နတ် မုန့်ထျန်းလား။”

မိစ္ဆာ ဘုရင်တွေ သူတို့ ခန္ဒာကိုယ်ကို ထွင်းဖောက် မြင်ခံ နေရသလို ခံစားရတယ်။ သွေးအရိပ် မြို့တော်ကနေ ရခဲ့တဲ့ သတင်းကို သူတို့တွေ မှတ်မိ ကြတယ်။

သုခမိန် စစ်နတ် မုန့်ထျန်းမှာ ငွေဖြူရောင် မျက်ဝန်းတွေ ရှိတယ်။

“ဂုဏ်ယူ ပါတယ်။ မင်းမှန် သွားပြီ။” ဖန်ကျန်းရှီက ပြုံးလိုက်ရင်း မိစ္ဆာ ဘုရင် ၇ယောက် ဆီကို ပြေးဝင်လာတယ်။

သူက အရမ်းကို မြန်ဆန် လွန်းတယ်။ အနက်ရောင် ကောင်းကင်ကို ဖြတ်သန်းပြီး ကြွေဆင်းလာတဲ့ ကြယ်တံခွန် တစ်ခုလိုပဲ။ မိစ္ဆာ ဘုရင်တွေ ရှေ့ကို မျက်တောင် တစ်ခတ် အချိန် အတွင်းမှာ ရောက်ရှိလာတယ်။

“အတူတူ တိုက်ခိုက်ကြ။” မိစ္ဆာ ဘုရင်တွေရဲ့ ခေါင်းဆောင်က ချက်ခြင်း ဆိုသလို လက်သည်းကို အသင့်ပြင် ပြောတယ်။

ဝုန်း။ အသံကျယ်ကြီး တစ်သံကို ကြားလိုက်ရတယ်။

အသံနဲ့ အတူ မိစ္ဆာ ဘုရင်တွေရဲ့ ခေါင်းဆောင်က လွင့်ထွက် သွားပြီး လေထဲမှာ အချိန် အတော်ကြာကြာ လွင့်မျော နေတော့တယ်။

ဖြစ်ပျက် သွားတာက မြန်ဆန် လွန်းတဲ့ အတွက် မိစ္ဆာ ဘုရင်တွေ လုံး၀ မတုံ့ပြန် နိုင်ခဲ့ကြဘူး။

“အင်အားကြီး လိုက်တာ။” မိစ္ဆာ ဘုရင်တွေနဲ့ ပတ်ဝန်းကျင် နတ်ဆိုး စစ်သည်တော်တွေ တုန်တုန် ယင်ယင်နဲ့ ရေရွတ် မိကြတယ်။

ကုနွီကို သတ်ခဲ့တဲ့ မြင်ကွင်းက သူတို့ကို သုခမိန် စစ်နတ် မုန့်ထျန်း အစစ် အကြောင်း မယုံကြည် နိုင်စေ ခဲ့ဘူး။ ဒါပေမယ့် ဒီတိုက်ခိုက်မှု ကတော့ အဖြေပေးနိုင်ဖို့ လုံလောက်တယ်။

ဘာကြောင့်လဲ ဆိုတော့ သုခမိန်တွေက ဒီလို မလုပ်နိုင် လို့ပဲ။ မိစ္ဆာ ဘုရင်တွေက ခန္ဒာကိုယ် အင်အား အရာမှာ သုခမိန်တွေထက် ပိုပြီးတော့ အင်အားကြီးတယ်။

ဒါတောင် သူတို့ ရှေ့မှာ ရှိနေတဲ့ မုန့်ထျန်းကတော့ မိစ္ဆာ ဘုရင် ခေါင်းဆောင်ကိုတောင် လက်သီး တစ်ချက်တည်းနဲ့ လွင့်ထွက် သွားစေခဲ့တယ်။

မိစ္ဆာ နတ်ဆိုး နတ်ဘုရား မုခ်ဝကနေ ဆင်းသက်လာတဲ့ နတ်သခင်တွေသာ ဒီလိုမျိုး အစွမ်းရှိတယ်။ ဒီတော့ သူသာ မုန့်ထျန်း မဟုတ်ရင် တခြား ဘယ်သူကများ မုန့်ထျန်း ဖြစ်နိုင်မှာလဲ။

“မုန့်ထျန်းက ဒီကို ရောက်နေပြီ။”

“အား။”

အော်သံတွေ ဆက်တိုက် ထွက်ပေါ် လာတာကို သူတို့ ကြားလိုက် ရပြန်တယ်။

“မုန့်ထျန်း။”

“နောက်ထပ် မုန့်ထျန်းလား။”

“..”

အော်သံတွေက တခြား တောင်တစ်ဖက်ကနေ ထွက်ပေါ် လာတာ ဖြစ်တယ်။ သေချာသာ နားမထောင်ရင်၊ ကွာခြားချက်ကို မပြောနိုင်ဘူး။ ဖန်ကျန်းရှီကတော့ ဒီအော်သံတွေကို လုံးလုံး ဂရု မစိုက်ခဲ့။

ဘာကြောင့်လဲ ဆိုတော့ ငါးတွေကို ရွံ့ရေ ထဲမှာပဲ ဖမ်းလို့ ရနိုင်မှန်း သူနားလည် ထားလို့ပဲ။ ရေကြည်ထဲမှာ ငါးတွေကို ဖမ်းဖို့ ခက်ခဲတယ်။ ဒါကြောင့် ရေကို နောက်သထက် နောက်အောင် လုပ်ရမယ်။

“မိစ္ဆာတွေ၊ ဒီမိစ္ဆာတွေပဲ။ ဒါပေမယ့် ဘုရင်ကတော့ အရင် ဘုရင် မဟုတ်တော့ဘူး။” ဖန်ကျန်းရှီ သက်ပြင်းချရင်း ခေါင်းမော့ကြည့်တယ်။ အင်အားကြီး ဖြစ်တည်မှု ဖြစ်ရတာ တကယ့်ကို အထီးကျတယ်။

အရေးကြီး အချိန်မျိုးမှာ အမြဲတမ်း အားနည်းတဲ့ ကြက်ကလေးလို လူတွေကို ခြောက်လန့်ဖို့ တိုက်ခိုက်ရတယ်။ ဒါ့အပြင် ဒီလူတွေက ပြန်မတိုက်ခိုက် နိုင်ခဲ့ဘူး။

ဒီနေရာမှာ နည်းနည်း အင်အား ကြီးတဲ့သူ ထပ်မရှိ နိုင်တော့ဘူးလား။

ဟူး။ အင်အား ကြီးရတာ ခက်ခဲလွန်းတယ်။ ဖန်ကျန်းရှီက ဒီအတွေးတွေ နှောက်ယှက်မှုကို သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ဆီ မသက်ရောက်အောင် ကြိုးစား နေတယ်။ နောက်ဆုံးတော့လဲ သူက တိုက်ခိုက် ခဲ့ပြီးပြီလေ။ နောက်ထပ် ထိန်းချုပ် ထားစရာ မလိုတော့ဘူး။ လူတစ်ယောက်ကို လဲကျနေတဲ့ အချိန်မှာ ကန်ရမယ်။

ဖန်ကျန်းရှီက အတွေး အခေါ် ရှင်းလင်း ပြတ်သားတဲ့သူ။ လူတွေ အများကြီး ရှုပ်ထွေး နေတာကို သူမကြိုက်ဘူး။ မိစ္ဆာ ဘုရင်တွေကို တစ်ယောက် ပြီးမှ တစ်ယောက်သာ သူသတ်ချင်တယ်။ အင်အားကြီး တာအိုကို ထုတ်ဖော် ပြသဖို့ လိုအပ်တယ်။

ဒါက အကြောဆန့်တာမှ ကန့်သတ်ချက် ရှိနေတဲ့ လူတစ်ယောက်လိုပဲ။ ဒါပေမယ့် တစ်ခါမှ အကြော မလျှော့ ဖူးတဲ့ လူက သူ့ရဲ့ ကန့်သတ်ချက်ကို ဘယ်လိုများ သိနိုင်မလဲ။

နောက်ဆုံးတော့လဲ ဘယ်သူကမှ သူ့ကို ဒီဘဝမှာ မသင်ပြ ခဲ့ဖူးဘူးလေ။

ဖန်ကျန်းရှီ တိုက်ခိုက် ခဲ့ပြီ။ မြေပြင်ပေါ် လဲကျနေတဲ့ မိစ္ဆာ ဘုရင် ခေါင်းဆောင်ကို သူလက်သီးနဲ့ ထပ်ထိုးတယ်။ ဒါပေမယ့် မိစ္ဆာ ဘုရင်တွေရဲ့ စည်းလုံးမှု အင်အးကို သူလျှော့တွက် မိခဲ့ပုံပဲ။

ဖန်ကျန်းရှှီက သုခမိန် စစ်နတ် မုန့်ထျန်းမှန်း သိသွားပြီး နောက်မှာတော့ သာမာန် လူတွေလို ထွက်ပြေးမယ့် အစား သူတို့တွေ အားလုံး ပူးပေါင်းကြတယ်။

ဒါက ဖန်ကျန်းရှီ အတွက်တော့ အံ့သြစရာ တစ်ခုပဲ။ စည်းလုံးမှု အင်အားမှာ မိစ္ဆာနဲ့ နတ်ဆိုးတွေက လူသားတွေထက် ပိုပြီးတော့ သာလွန်တယ်။ သူတို့တွေ အချိန် အကြာကြီး ဖိနှိပ် ခံခဲ့ ရတာကြောင့်လဲ ဖြစ်နိုင်တယ်။

ဒါပေမယ့် ဖန်ကျန်းရှှီ တိုက်ခိုက် ခဲ့တာကြောင့် ပင်းယန်က အေးအေးဆေးဆေး နေနိုင်တယ်။ ရဲရဲတောက် ချီလင်လျံနဲ့ သူမ ကစားနေခဲ့တယ်။

“ရွှပ် ရွှပ်။” တစ်ခဏတာ ကြာပြီးနောက် မှာတော့ မိစ္ဆာ ဘုရင် တစ်ယောက်ရဲ့ ဗိုက်မှာ အပေါက်ကြီး တစ်ပေါက် ဖြစ်သွားတော့တယ်။ ဒါက ပင်းယန်ကို အရမ်း စိတ်လှုပ်ရှား လာစေခဲ့တယ်။

မိစ္ဆာ ဘုရင်တစ်ယောက်ကို ထိခိုက်အောင် လုပ်နိုင်ဖို့ ဘယ်လောက် အင်အား ကြီးရမလဲ။ ရလဒ်နဲကတင် ပင်းယန်က ကျေနပ် နေခဲ့ပြီ။ ဒါပေမယ့် တခြား မိစ္ဆာ ဘုရင်တွေကို ဖန်ကျန်းရှီက လွင့်ထွက်အောင် လုပ်နေတာ မြင်ချိန်မှာတော့ သူမ ပွစိ ပွစိ ပြောတော့တယ်။

“ဟမ့်။ သူတို့တွေ အရမ်း အားနည်းလို့ပဲ ဖြစ်ရမယ်။” ပင်းယန် မကျေမနပ် နှာခေါင်း ရှုတ်တယ်။ သူမရဲ့ ချီလင်လှံနဲ့ ဆက်တိုက် ကစား နေခဲ့တယ်။ အားနည်းတဲ့ မိစ္ဆာ ဘုရင်တွေရဲ့ တိုက်ပွဲမှာ ဝင်ပါဖို့ စိတ်ကူး မရှိခဲ့ဘူး။

တကယ်က ပင်းယန်က သူ့ကိုယ်သူ လှည့်စားနေ ခဲ့တာပဲ။ မိစ္ဆာ ဘုရင်တွေနဲ့ မတိုက်ခိုက် ရသေးပဲ အားနည်းတယ်လို့ ယူဆတာက အရမ်းကို တုံးအရာ ရောက်လွန်းတယ်။

တခြား တစ်ဖက်မှာတော့ ဖန်ကျန်းရှီက မတုံးအ ခဲ့ဘူး။ မိစ္ဆာ ဘုရင်တွေ ဝန်းရံတာကို ခံရချိန်မှာ သူ့အတွက် တိုက်ခိုက်ချိန် များများ စားစား မရှိခဲ့ဘူး။ ဒါကြောင့် နည်းလမ်း ပေါင်းစုံကို သုံးပြီးတော့ တိုက်ခိုက် ခဲ့တယ်။ မျက်လုံးတွေကို လက်နဲ့ ထိုးတာ၊ ဥတွေကို ကန်တာမျိုး ဆက်တိုက် လုပ်ခဲ့တယ်။

သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ ဖြောင့်မတ် မှန်ကန် လှတဲ့ ပုံရိပ်ကြီးကတော့ ပျက်စီး သွားခဲ့ပြီ။ ဒါပေါ့။ သုခမိန် စစ်နတ် မုန့်ထျန်း ပျောက်ကွယ် သွားခဲ့တာ နှစ်ပေါင်း များစွာ ကြာမြင့် ခဲ့ပြီလေ။ ဒဏ္ဍာရီထဲမှာ သူ ဘယ်လို ပြုမူလဲ ဆိုတာ ရေးထားတာမျိုး မရှိခဲ့ဘူး။

ဖန်ကျန်းရှီလဲ ဒါကို ဂရု မစိုက်ခဲ့ဘူး။

သူ့ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုနဲ့ တိုက်ခိုက် နိုင်စွမ်းကိုသာ အာရုံစိုက်တယ်။ ဘယ်လို နည်းလမ်းပဲ သုံးသုံး အကောင်းဆုံး ရလဒ်ကို ရရင် တော်ပြီ။

ဝုန်း။ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ် လာပြီးနောက် မိစ္ဆာ ဘုရင်တွေရဲ့ အတားအဆီးကို ဖြတ်ကျော်ပြီး မိစ္ဆာ ဘုရင် ခေါင်းဆောင်ဆီ သူရောက်လာ ခဲ့ပြန်တယ်။

“အား။ ငါမင်းကို သတ်မယ်။” မိစ္ဆာ ဘုရင် ခေါင်းဆောင်က သူ့ကိုယ်သူ ဖန်ကျန်းရှီရဲ့ ပြစ်မှတ်မှန်း သိသွား ခဲ့ပြီ။ ဖန်ကျန်းရှီက အစတည်းက သူ့ကို ပြစ်မှတ်ထားပြီး တိုက်ခိုက် နေခဲ့တယ်။

ဒါက သူ့ကို သေမင်း တစ်ယောက် မျက်စိ ကျနေသလိုကို တုန်ယင် စေတယ်။ ဒါပေမယ့် သူ့ရဲ့ ဒေါသကြီးတဲ့ သဘာဝကတော့ မပြောင်းလဲ ခဲ့ဘူး။ တစ်ချက် ဟိန်းဟောက် လိုက်ချိန်မှာပဲ မိစ္ဆာ ဘုရင် ခေါင်းဆောင်ရဲ့ ခန္ဒာကိုယ်က ဆယ်ဆ တိတိ ကြီးထွား သွားခဲ့တယ်။

ဖူး။ အဖြူရောင် မြူခိုးတွေက မိစ္ဆာ ဘုရင်ရဲ့ နှာခေါင်းကနေ ထွက်လာပြီး မြေပြင်ပေါ်ကို ထိတွေ့ ချိန်မှာတော့ ကြီးမားတဲ့ ချိုင့်ခွက်ကြီး နှစ်ခုလဲ ပေါ်လာတော့တယ်။

မိစ္ဆာ ဘုရင်တွေရဲ့ ခေါင်းဆောင်က သူ့ခြေတစ်ဖက်ကို မြှောက်လိုက် ချိန်မှာ ရွှေရောင် အလင်းတန်းတွေ ထွက်ပေါ် လာတယ်။ ဖန်ကျန်းရှီကို အရှိန်ပြင်းပြင်းနဲ့ သူနင်းချေ ပြစ်လိုက်တယ်။ ဒါက မိစ္ဆာ ဘုရင်ရဲ့ အင်အား ကွာခြားချက်ပဲ။

သူက ခေါင်းဆောင် ဖြစ်နေတဲ့ အတွက် တခြားသူတွေထက် အင်အား ပိုကြီးတာ သိသာတယ်။ ဖန်ကျန်းရှီ တိုက်ခိုက် ခဲ့ဖူးတဲ့ အရှင် ရှဲ့လော့ထက်တောင် အင်အား ပိုကြီးသေးတယ်။

ခန္ဒာကိုယ် အရွယ်အစား ပြောင်းလဲ သွားတဲ့ အတွက် သူ့စွမ်းအားကလဲ ပိုပြီးတော့ ကြီးမားတယ်။ ဒါပေမယ့် အရှိန်ကတော့ လျော့သွား ခဲ့တယ်။ အခုချိန်မှာ အရှိန်နှုန်းက အရေးကြီး ကိစ္စ မဟုတ်ခဲ့ဘူး။ ဒါ့အပြင် မိစ္ဆာ ဘုရင်တွေရဲ့ ခေါင်းဆောင်က သူ့အသက်သူ ကာကွယ်ဖို့ လိုအပ်တယ်လေ။

သူ့ခန္ဒာကိုယ်က တောင်ကုန်း အရွယ် ကြီးမား သွားတဲ့ အတွက်၊ တကယ့် ခန္ဒာကိုယ် အစစ်က ပုန်းအောင်းဖို့ နေရာ ပိုရ သွားခဲ့တယ်။

နောက်ဆုံးတော့လဲ ကုနွီကို ဖန်ကျန်းရှီ ဘယ်လို သတ်ခဲ့မှန်း သူကောင်းကောင်းကြီး မြင်ခဲ့တယ်လေ။

မိစ္ဆာ ဘုရင်ရဲ့ မျက်ဝန်းတွေက အနီရောင် လူသတ်ငွေ့တွေနဲ့ တောက်ပ လာတယ်။ သူက ဦးချို နှစ်ချောင်းပါတဲ့ နတ်ဆိုး နွားရိုင်းကြီး တစ်ကောင်နဲ့ ဆင်တူတယ်။

ဝုန်း။ မြေပြင်တွေ အက်ကွဲ ကုန်တယ်။

မျက်တောင် တစ်ခတ် အတွင်းမှာပဲ ဖန်ကျန်းရှီက ပျောက်ကွယ် သွားတယ်။ မြေအောက်ထဲကို ရောက်သွား သလိုပဲ။

“သူသေ သွားပြီလား။”

“ဘယ်ကို ရောက်သွားတာလဲ။”

“မဖြစ်နိုင်ဘူး။ သူ ဒီလောက် အားမနည်းဘူး။”

တခြား မိစ္ဆာ ဘုရင်တွေ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ဖန်ကျန်းရှီကို လိုက်ရှာ နေခဲ့ကြတယ်။

ဖန်ကျန်းရှီကတော့ တကယ်ကြီး ပျောက်ကွယ် သွားခဲ့ပြီ။ ပြန်ပေါ်လာမယ့် အရိပ် အယောင်လဲ မရှိခဲ့ဘူး။

“ဘာဖြစ် သွားတာလဲ။” မိစ္ဆာဘုရင်တွေ စိတ်ရှုပ်ထွေး နေချိန်မှာပဲ တစ်ခုခု လွဲနေတာကို သူတို့တွေ သတိ ထားလိုက် မိကြတယ်။ မိစ္ဆာ ဘုရင် ခေါင်းဆောင်က ဖန်ကျန်းရှီကို နင်းချေ ပြီးတဲ့နောက် မလှုပ်ရှား တော့လို့ပဲ။

တောင့်တင်းပြီး ကျောက်ရုပ်ကြီး တစ်ရုပ်လိုမျိုး ငြိမ်သက်နေခဲ့တယ်။ အဲ့ဒီ့နောက် သွေးပျက်စရာ မြင်ကွင်း ဖြစ်လာပြန်တယ်။

မိစ္ဆာ ဘုရင် ခေါင်းဆောင်ရဲ့ ရင်ဘတ်မှာ အက်ကွဲကြောင်းကြီး ပေါ်လာတယ်။ ဂျိုလေးချောင်းပါတဲ့ သားရဲကောင် တစ်ကောင်က ဒီအက်ကွဲ ကြောင်းထဲကနေ ပြေးထွက်လာတယ်။

“မိစ္ဆာရဲ့ ခန္ဒာကိုယ် အစစ်လား။” ပင်းယန်ရဲ့ မျက်ဝန်း တောက်ပသွားတယ်။ တခြား မိစ္ဆာ ဘုရင်တွေကတော့ ကျောက်တုံးတွေလို တောင့်တင်း ကုန်တယ်။ ဒီမြင်ကွင်းက တကယ့်ကို လန့်စရာ ကောင်းလွန်းတယ်။

ဝေါင်း။ နားစည် ကွဲမတတ် အော်သံကြီးက ဓားတောင်ထိပ် တစ်ခွင်ကို လွှမ်းခြုံ သွားတယ်။ အရမ်းကို နာကျင်နေပုံပဲ။

“အဲ့တာ မုန့်ထျန်းပဲ။” မိစ္ဆာ ဘုရင် ခေါင်းဆောင်ရဲ့ တကယ့် ခန္ဒာကိုယ် အနောက်မှာ ရပ်နေသူကို သူတို့ မြင်လိုက် ကြရတယ်။ သူကတော့ ဖန်ကျန်းရှီက လွဲပြီး ဘယ်သူ ထပ်ရှိ နိုင်အုန်းမလဲ။

“မဖြစ်ဘူး။” မိစ္ဆာ ဘုရင် ခေါင်းဆောင်ရဲ့ ခန္ဒာကိုယ်က ချက်ခြင်း ကျုံ့သွားတော့တယ်။ မုန့်ထျန်းက သူ့ခန္ဒာကိုယ် အစစ် တည်ရှိတဲ့ နေရာကို ဘယ်လိုများ ရှာတွေ့ သွားတာလဲ။ သူမတွေးတတ် ခဲ့ဘူး။

ဖန်ကျန်းရှီကို နင်းချေ လိုက်ချိန်တုန်းက သူ့ခန္ဒာကိုယ်ထဲကို ဖန်ကျန်းရှီ ဝင်ရောက် နိုင်ခဲ့တယ်။ မိစ္ဆာ ဘုရင်ရဲ့ မာကျောလွန်းခဲ့ ခွာကို အပေါက်ကြီး ဖြစ်အောင် သူဖောက်ခဲ့တယ်။ တစ်ချက်လေးတောင် ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး မပေးခဲ့ဘူး။ တကယ့် ခန္ဒာကိုယ် အစစ်ကို အခွံ အပြင်ဘက် ထွက်လာအောင် သူလုပ်တော့တယ်။

ဒါ့အပြင် သူ့နဖူးပေါ်မှာ လက်ချောင်း နှစ်ချောင်းကို ပူးကပ်ပြီး ထောင်ထားသေးတယ်။ ဒါက လက်ချောင်းဓားရဲ့ အရိုးရှင်းဆုံး ပုံစံပဲ။

ဂျွတ်။ လက်ချောင်းဓားက မိစ္ဆာ ဘုရင်ရဲ့ နဖူးကို ရိုက်ခတ်တယ်။ မိစ္ဆာ ဘုရင်ရဲ့ စိတ်ထဲမှာ မရေ မတွက်နိုင်တဲ့ ပုံရိပ်တွေ ဝင်လာတော့တယ်။ သူ့ရဲ့ စိတ်ဝိဉာဉ်က ခန္ဒာကိုယ်နဲ့ ကွဲထွက်သွားတယ်။ သူ့ခန္ဒာကိုယ် အစစ်ကို သူပြန်မြင် နေရတယ်။

ထိတ်လန့်စရာ ကောင်းလိုက်တာ။ အရမ်းကို သွေးပျက် ခြောက်ခြားစရာပဲ။ အဲ့ဒီ့နောက် ရွှေရောင် မိစ္ဆာပုလဲ တစ်လုံး ကောင်းကင်မှာ လွင့်မျော နေတာကို မြင်လိုက်ရတယ်။ သူ့ရဲ့ တကယ့် ခန္ဒာကိုယ်ကနေ အန်ထုတ် လိုက်တဲ့ ပုလဲပဲ။ ညကောင်းကင်က ကြယ်တွေလိုမျိုး တောက်ပနေတယ်။ ဒီအလင်းတန်းက ခပ်မြန်မြန်ပဲ ပျောက်ကွယ် သွားတယ်။

ဖန်ကျန်းရှီက ပုလဲကို သိမ်းလိုက်ပြီ။

အဲ့ဒီ့နောက် သူ့အမြင်က ပုံမှန် ပြန်ဖြစ် သွားတော့တယ်။ သူ့ရှေ့မှာ ငွေဖြူရောင် မျက်ဝန်းတွေနဲ့ မုန့်ထျန်းကို မြင်လိုက်ရတယ်။ အရမ်းကို တောက်ပပြီး အရာ အားလုံးကို ထွင်းဖောက် မြင်နိုင်တဲ့ မျက်ဝန်းတွေ။

ဒီအချိန်မှာတော့ အင်အားကြီး နတ်သခင် အဆင့် မိစ္ဆာ လင်းကျီ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ လက်ထဲမှာ ဘာကြောင့် သေခဲ့ရမှန်း သူနားလည် ခဲ့ပြီ။

ဒါက စိတ်ဝိဉာဉ်ကို တိုက်ခိုက်တာပဲ။ မိစ္ဆာ မျိုးနွယ်ရဲ့ တစ်ခုတည်းသော ဟာကွက် (သေကွင်း သေကွက်)ကို တိုက်ရိုက် တိုက်ခိုက်တာ။

“မင်း တကယ် မုန့်ထျန်းလား။ လွန်ခဲ့တဲ့ နှစ်ရာချီက မုန့်ထျန်းလား။” မိစ္ဆာ ဘုရင် ခေါင်းဆောင် မကျေမနပ် ဖြစ်နေပင်မယ့်၊ သူ့မှာ စွမ်းရည် ထပ်မရှိတော့ဘူး။ သူမသေခင် အမှန် တရားကို သိချင်တယ်။

မိုက်မဲလိုက်တဲ့ အတွေးပဲ။

ဒါပေမယ့် ဒါက သူမသေခင် နောက်ဆုံး အတွေး ဖြစ်ခဲ့တယ်။

အပိုင်း (၉၅၀) ပြီး၏။

All Chapters