← Chapters

အပိုင်း (၉၈၁-၉၉၀)

Vol. 10 Ch. 981-990

အပိုင်း (၉၈၁-၉၉၀)

Vol. 10 Ch. 981-990

အပိုင်း (၉၈၁)

“သေခြင်းနဲ့ ရှင်ခြင်း။ သွေးနီရောင် ရှုခင်း။”

မုန့်ထျန်းက တောက်ဟွမ်ကို သတ်လိုကတာ ဘာမှ မမှားယွင်းဘူး။ တောက်ဟွမ်က အရင်ဆုံး အလစ်ဝင် တိုက်ခဲ့တဲ့သူ ဖြစ်နေခဲ့တယ်လေ။

ဒါပေမယ့် တောက်ရှင်းကတော့ မုန့်ထျန်းကို ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ဘူး။ တောက်ရှင်းက တောက်ဟွမ်ကို ကယ်တင် ချင်တာလဲ နားလည် ပေးလို့ ရနိုင်တယ်။ သူမကို သတ်ဖို့ တခြား ဘာအကြောင်းအရင်းမှ မရှိဘူးလေ။

မုန့်ထျန်းက ဘာကြောင့်များ တောက်ရှင်းကို အရမ်းကြီး သတ်ချင်နေလဲ တကယ့်ကို နားမလည်နိုင်ဘူး။ မုချင်းဖန်းနဲ့ လူသား မဟာမိတ် တပည့်သားတွေလဲ အခုလို နတ်ဆိုး မိစ္ဆာတွေကို ခုခံဖို့ အရေးကြီး နေချိန်မှာ တခြား ကိစ္စကို မုန့်ထျန်းက ဘာတွေများ အလေးထား နေမှန်း တကယ် မတွေးတတ်ဘူး။

“ဆရာကြီး မုန့်ထျန်း။ ကျွန်တော်တို့တွေ။” မော့ရှန်းရှီ စကား ပြောနေချိန်မှာပဲ ဖန်ကျန်းရှီက တောက်ရှင်းဆီ လျှောက်သွားတာကို မြင်လိုက်ရတယ်။ တလှမ်းချင်းစီ ဖြည်းဖြည်းချင်း သူလျှောက်နေတယ်။

လက်တစ်ဖက်မှာ ယွင်ချင်းဝူကို သယ်ထားတာလဲ မချခဲ့ဘူး။ သူ့နောက်မှာတော့ ပင်းယန်က ကပ်လိုက်လာတယ်။ ပင်းယန်က အကြောင်းအရင်းကို သိတယ်လေ။ ဖန်ကျန်းရှီ သတ်ချင်နေတာကို မအံ့သြခဲ့ဘူး။ သူလဲ တောက်ရှင်းကို သေစေချင်တယ်။

ဒါက စိတ်ချင်း ဆက်သွယ်နေတာလဲ ဖြစ်နိုင်တယ်။

နင်ဒေါသထွက်ရင် ငါလဲ ဒေါသထွက်တယ်။ နင်လူတစ်ယောက်ကို မုန်းရင် ငါလဲ မုန်းတယ်။ နင် တစ်ခုခုကို ချစ်တယ်ဆိုရင်၊ အဲ့တာကို ငါလဲ ချစ်တယ်။ သေတဲ့ အထိ ငါတို့တွေ အတူတူ နေကြမယ်။

ရန်ရွှယ် သူ့လက်ထဲက သွေးနီရောင် ယပ်တောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ သူလုံး၀ မလှုပ်ရှားခဲ့ဘူး။ သူ့ရဲ့ အကြည့်နဲ့ အမူအယာက ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့် တောက်ပ နေခဲ့တယ်။

ရန်ရွှယ်က ဘာစကားမှ မပြောသလို တောင်းလဲ မတောင်းပန် ခဲ့ဘူး။ ဒါက ရန်ရွှယ့် အကျင့်ပဲ။ တစ်ခေါက် စိတ်ဆုံးဖြတ် ပြီးတာနဲ့ စိတ်ပြောင်းမှာ မဟုတ်တော့ဘူး။

ဖန်ကျန်းရှီက ငါးပေ အကွာမှာ ရပ်တန့် လိုက်တယ်။ အပြင်လူတွေ အားလုံးကတော့ အသက်အောင့်ထားပြီး ကြည့်နေခဲ့တယ်။ သူတကယ်ပဲ တောက်ရှင်းကို သတ်မှာလား။ ဘာ အတွက် သတ်မှာလဲ။

“နင် ငါ့ကို မသတ်နိုင်ပါဘူး။” ဒီအချိန်မှာ တောက်ရှင်းက ထုတ်ပြော လာတော့တယ်။ သူမ ရန်ရွှယ် ဘေးနားကို လာရပ်တယ်။

“အကြောင်းအရင်းက ဘာများလဲ။” ဖန်ကျန်းရှီ ပွင့်ပွင့်လင်းလင်းပဲ မေးတယ်။

“ဆရာကြီး မေးခွန်း မေးတာ မပြီးသေးဘူး။” တောက်ရှင်း လက်ကို ဝေ့ယမ်းလိုက်ရင်းနဲ့ ရန်ရွှယ်ကို ရပ်တန့် လိုက်တယ်။

“ဟမ့်။ ဒီ အကြောင်းအရင်းက မင်းကို နည်းနည်းတော့ အသက်ရှင်ချိန် ပိုရစေမှာပေါ့။ ဒီတော့ ငါ့မေးခွန်းရဲ့ အဖြေက ဘာလဲ။” ဖန်ကျန်းရှီက ခေါင်းငြိမ့်ရင်း ပြောတယ်။

တောက်ရှင်းကို သူသတ်ချင်ပေမယ့်၊ ရန်ရွှယ့် အကြောင်းကို ပြောပြမယ် ဆိုရင်၊ နောက်ထပ် အသက်ရှင်ချိန် နည်းနည်း ပေးဖို့က မခက်ပါဘူး။

“ဒီမေးခွန်း အတွက် အဖြေ မရှိဘူး။” တောက်ရှင်းက ခေါင်းခါလိုက်တယ်။

“ဟဟား။” ဖန်ကျန်းရှီက ရယ်မောရင်း ဓားကို မြှောက်ပြီး တောက်ရှင်း လည်ပင်းကို ညွှန်လိုက်တယ်။ ငွေဖြူရောင် အလင်းတန်း တစ်ခုက ဓားထိပ်မှာ တောက်ပ လာတော့တယ်။

“ဒါပေမယ့် ဆရာကြီး စိတ်ဝင်စားမယ့် အဖြေတော့ ရှိနေတယ်။” တောက်ရှင်းကတော့ ဖန်ကျန်းရှီရဲ့ လုပ်ရပ်ကို စိတ်မပူခဲ့ဘူး။

“ပြောစမ်း။”

“ယင်ယန် ခန်းမက ရန်ရွှယ့်ကို အသက်ပြန်ဆက် ပေးထားတဲ့ ကိစ္စနဲ့ သက်ဆိုင်နေတယ်။”

“အဲ့တာ အသက် တစ်ခုအတွက် တစ်ခုနဲ့ လဲလှယ်ထားတာ မဟုတ်လား။” တောက်ရှင်း အခုချိန်မှာ ပြောနေတာကို ဖန်ကျန်းရှီနားမလည် နိုင်ခဲ့ဘူး။

“ဆရာကြီး သိထားတဲ့ အရာတွေက ကျွန်မ ထင်ထားတာထက် အများကြီး ကျော်လွန် နေတာပဲ။ ဒါပေမယ့် ရန်ရွှယ်ကို အသက်ချင်း လဲလှယ်ထားတာ မဟုတ်ဘူး။”

“မင်း ဘာကို ပြောချင်တာလဲ။”

“ယင်ယန် ယှဉ်တွဲ တည်ရှိမှုကို ကြားဖူးလား။”

“..” ဖန်ကျန်းရှီ နည်းနည်းတော့ လန့်သွားခဲ့တယ်။ သူ မလိုချင်တဲ့ အဖြေကို ကြားရ တော့မယ်လို့ ထင်နေခဲ့တယ်။ ဒါကြောင့် သူ့အမူအယာက အရမ်းကို အေးစက် သွားတယ်။

“ယန်ဘဝရဲ့ တည်ရှိမှုက အဇူရာ ငရဲမှာ အဆုံးသတ် သွားခဲ့ပြီ။ ဆေးပညာက ဘယ်လောက်ပဲ ကောင်းမွန်ပါစေ လူတစ်ယောက်ရဲ့ အသက်ကို ပြန်ကယ်တင်ဖို့ မလုပ်နိုင်ဘူး။ အသက်ကို ဆွဲဆန့်ဖို့ နည်းလမ်း တစ်ခုပဲရှိတယ်။”

“တခြား တစ်ယောက်ရဲ့ အသက်နဲ့ ပေါင်းစည်း လိုက်တာလား။”

“ဟုတ်ပါတယ်။”

“ငါက မင်းကို ယုံမယ် ထင်နေလား။”

“ဒါကတော့ ဆရာကြီး အပေါ်ပဲ မူတည်ပါတယ်။ ဒါက ပြောနိုင်သလောက် အကုန်လုံး ပါပဲ။ ကျွန်မကို အသေသတ် ချင်တယ် ဆိုရင်လဲ သတ်လိုက်ပါ။” တောက်ရှင်း မျက်လုံးတွေကို မှိတ်ရင်း ပြောလာခဲ့တယ်။

ဖန်ကျန်းရှီကတော့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ပြီ။ တောက်ရှင်းကို သူမယုံဘူး။ ယင်ယန် တာအိုကို သူ့ရဲ့ နားလည်မှုက တောက်ရှင်းထက် မလျော့ဘူးလေ။ ဒီစက်ဝိုင်းက တစ်ခုနဲ့ တစ်ခု မျှခြေ တူမှပဲ တည်ရှိနိုင်တယ်။

အဆုံးစွန် ရောက်နေတဲ့ အခြေအနေ နှစ်ခုကို တစ်ခုတည်း ပေါင်းစည်း နိုင်ဖို့ ဆိုတာက မလွယ်ကူဘူး။

ပူးပေါင်းဖို့တောင် မဖြစ်နိုင်တဲ့ အရာ နှစ်ခုက ဘယ်လိုများ ယှဉ်တွဲ တည်ရှိ နေနိုင်မှာလဲ။

မီးနဲ့ ရေလို အစွန်းနှစ်ဖက်ကို ပေါင်းစည်းဖို့ မဖြစ်နိုင်သလိုပဲ။ ထူးခြား အခြေအနေမျိုးမှာ နှစ်ခုကို ပေါင်းစည်း နိုင်ပေမယ့်၊ အပြည့်အစုံ တစ်ခုတည်း ဖြစ်အောင်တော့် လုပ်ဖို့ နည်းလမ်း မရှိဘူး။ တူညီတဲ့ ဖြစ်တည်မှု တစ်ခု အဖြစ် မရောက်ရှိ နိုင်ဘူး။

သေခြင်း ရှင်ခြင်း ဥပမာ တစ်ခုလိုပဲ။ လူတစ်ယောက်က သေရင်သေ၊ မသေရင် ရှင်ရမယ်။ နှစ်ခုစလုံး တပြိုင်နက်တည်း ရှိမနေနိုင်ဘူး။

“တောက်ရှင်း လိမ်နေတယ်။” ဖန်ကျန်းရှီ ချက်ခြင်း ခန့်မှန်း မိတယ်။

ဒါ့အပြင် တောက်ဟွမ်ရဲ့ ရုပ်သွင်က အခုချိန်မှာ အရေးအကြီးဆုံး ကိစ္စ တစ်ခုပဲ။ တရုပ်တည်း တူနေတဲ့ လူနှစ်ယောက်က ပတ်သက်မှု မရှိဘူးလို့ ဘယ်လို ပြောနိုင်မလဲ။

ဒီတော့ တောက်ရှင်းက သူ့အသက်ကို လိုလို လားလား ပေးချင်ရင်တောင်၊ တောက်ဟွမ်က ခွင့်ပြုမှာ မဟုတ်ဘူး။

ဖန်ကျန်းရှီက ရန်ရွှယ်ကို ယင်ယန် ခန်းမဆီ ခေါ်ဆောင် လာခဲ့သူ။ ရန်ရွှယ်က သတိ လစ်နေခဲ့တဲ့ အတွက် သူတို့ နှစ်ယောက် စကားများများ စားစား ပြောတာမျိုး ရှိခဲ့မှာ မဟုတ်ဘူး။

ဒါ့အပြင် ဖန်ကျန်းရှီ အဲ့ဒီ့ အချိန်တုန်းက အဖမ်း ခံလိုက်ရတယ်လေ။

တောက်ဟွမ်နဲ့ တောက်ရှင်း အတွက်တော့ ဖန်ကျန်းရှီက သေသင့်တဲ့ လူတစ်ယောက်ပဲ။ ဒါကြောင့် ဖန်ကျန်းရှီ လက်စား ချေမှာကို ကြောက်ပြီးတော့ အသက်ချင်း ဆက်သွယ်တယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။

တောက်ရှင်း ဒီလိုတွေ ပြောနေတာ ဖန်ကျန်းရှီရဲ့ ရန်ရွှယ့် အသက်ကို အလေးထားမှုကြောင့်ပဲ။ သူ့အသက်ကို အသေမခံ နိုင်တဲ့ အတွက် လိမ်လည် နေခဲ့တယ်။

လည်လိုက်တဲ့ မိန်းမ။ ယင်ယန် တာအိုကို ဖန်ကျန်းရှီသာ နားမလည်ခဲ့ရင်တော့ ဒီအလိမ်အညာကို ယုံကောင်း ယုံလိမ့်မယ်။

“တောက်ရှင်း မင်းပြောတာ အဓိပ္မာယ် ရှိပေမယ့်၊ ငါကတော့ မင်းကို မယုံဘူး။” ဖန်ကျန်းရှီ ပြန်ဖြေတယ်။

“ဆရာကြီး။ ကျွန်မကို မယုံရင်၊ ဘာဖြစ်လို့ မတိုက်ခိုက်တာလဲ။” တောက်ရှင်း မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး ပြောတယ်။ သူမ အရမ်းကို တည်ငြိမ် နေခဲ့တယ်။ ဒါပေမယ့် မျက်လုံး ဖွင့်ပြီး ချိန်မှာတော့ မတည်ငြိမ် နိုင်တော့ဘူး။ ဓားတစ်ချောင်းက သူမ လည်ပင်းဆီကို ဦးတည် လာနေပြီလေ။။ ဖန်ကျန်းရှီ တိုက်ခိုက်ခဲ့တယ်။

တောက်ရှင်းက သူမကိုယ် သူမ အောင်မြင် တော့မယ်လို့ ထင်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ တောက်ရှင်းကို ရှင်းပြချိန်တောင် ဆက်မပေးခဲ့ဘူး။

တောက်ရှင်း သူ့စကားရဲ့ ဟာကွက်ကို မုန့်ထျန်း ဘယ်လို တွေ့သွားမှန်း နားမလည် နိုင်ခဲ့ဘူး။ မုန့်ထျန်းက ယင်ယန် တာအိုကို သူ့ထက် ပိုနားလည်နေလို့လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှလြဲ။

လောကမှာ ယင်ယန် ခန်းမထက် ယင်ယန် တာအိုကို ပိုပြီး နားလည်နိုင်တဲ့သူ ဘယ်သူ ထပ်ရှိနိုင်မှာလဲ။

တောက်ရှင်း မယုံနိုင်ခဲ့ဘူး။ မုန့်ထျန်းကတော့ သူ့ကို တကယ် သတ်ဖို့ အဆင်သင့် ဖြစ်နေပုံပဲ။

“ထွက်သွားတော့။” ရန်ရွှယ့် အသံ ထွက်ပေါ်လာတယ်။ သွေးနီရောင် ရှုခင်းက ဖန်ကျန်းရှီကို ချက်ခြင်း လွှမ်းခြုံသွားတယ်။

“သွေးရောင် လွှမ်းနေတဲ့ မြစ်။”

“သူရဲကောင်းရဲ့ မျက်ရည်။”

ရန်ရွှယ့် အသံနဲ့ အတူ မရေမတွက်နိုင်တဲ့ အနီရောင် အလင်းတန်းတွေ အားလုံးက ဖန်ကျန်းရှီဆီကို မြစ်တွေ စီးဆင်းသလို ဝင်ရောက် လာတော့တယ်။

“ကေသာနက်က ဆွတ်ဆွတ်ဖြူခဲ့ပြီ။ မင်းရဲ့ ရေးခြယ်မှုကို ငါ့နှလုံးသား တစ်ခုလုံးနဲ့ ရင်းပြီး တိတ်တဆိတ် စောင့်ဆိုင်းနေဆဲ။” ဖန်ကျန်းရှီ ပြောရင်းနဲ့ သွေးနီရောင် အလင်းတန်းထဲကို ခုန်ဝင် သွားတော့တယ်။

“မင်း။” ရန်ရွှယ် လန့်သွားတယ်။

ဖန်ကျန်းရှီက သွေးနီရောင် ရှုခင်းရဲ့ အသက်ဝိဉာဉ်ကို နားလည် နေခဲ့တယ်လေ။ ဒီကဗျာက ရှုခင်းရဲ့ အသက်ပဲ။

ဖန်ကျန်းရှီ စကား ဆုံးသွား ချိန်မှာတော့ သွေးနီရောင် အလင်းတန်းတွေ အားလုံးက မျက်ရည် အသွင်နဲ့ ပျက်စီး ပျောက်ကွယ် သွားတော့တယ်။

ဆံခြည်မျှင် သုံးထောင်က ရှုပ်ထွေးတဲ့ စိတ်ကို ကိုယ်စား ပြုတယ်။ ဖန်ကျန်းရှီ သူ့ဓားချက် တစ်ချက်တည်းနဲ့ အားလုံးကို အဆုံး သတ်ပြစ်ချင်တယ်။ ဒါပေမယ့် သူမလုပ်နိုင်ခဲ့ဘူး။

ရန်ရွှယ့်ကို ထိခိုက်အောင် သူမလုပ်နိုင်ဘူး။ ရန်ရွှယ်ကတော့ သူ့လက်ချက်နဲ့ သေချာပေါက် ဒဏ်ရာ ရလိမ့်မယ်။ ရန်ရွှယ် ကာကွယ်ချင်နေတဲ့ လူတစ်ယောက်ကို သူသတ်ရတော့မယ်လေ။

ဝူး။ အဖြူရောင် အလင်းတန်း တစ်ခုက ကောင်းကင်ကို ထိုးတက်သွားပြီ ငွေရောင် အလင်းတန်း တစ်ခု ပြန်ကျဆင်းလာတယ်။ မိုးစက်တွေလို အလင်းတန်းက ရေတံခွန် တစ်ခု ရေစက်တွေ ဖြာကျသလို အသွင်နဲ့ ဆင်းသက်လာတယ်။

ဒီလို ဆီးနှင်းမိုး မျိုးကို ဆောင်းရာသီမှာပဲ တွေ့နိုင်တယ်။ ဒီငွေရောင် အလင်းစက်တွေက ရန်ရွှယ့် ကိုယ်ပေါ်ကို မျက်ရည်စက်တွေလို ကျဆင်းလာတယ်။

ရန်ရွှယ့် အမူအယာလဲ ရုတ်တရက် ပြောင်းလဲ သွားတယ်။ အေးစက်တဲ့ အမူအယာမှာ ဝမ်းနည်းမှု တစ်ချို့ ဖြတ်ပြေး သွားခဲ့တယ်။ ဒီအလင်းတန်းတွေနဲ့ သွေးရှုခင်းရဲ့ ဝမ်းနည်းမှု အောက်မှာ ဖမ်းစား ခံလိုက် ရသလိုပဲ။

“ရန်ရွှယ် နိုးထချိန် တန်ပြီ။” ဝိဉာဉ်ထဲကနေ အသံ တစ်သံ ထွက်ပေါ်လာတယ်။ ငွေဖြူရောင် အလင်းတန်းက ရန်ရွှယ့် ခန္ဒာကိုယ်ကို ဖြတ်သန်း သွားပြီး မြေပြင်ပေါ်ကို ကျရောက်လာတယ်။ ရန်ရွှယ့် ခြေထောက်အောက်က အနက်ရောင် အလင်းတန်းတွေ အားလုံးကို သန့်စင်တဲ့ အနီရောင် အဖြစ် ပြောင်းလဲ သွားစေတယ်။

“အား။”

“အား။”

တစ်ချိန်တည်းမှာ နာကျင်တဲ့ အသံ နှစ်ခု ပေါ်ထွက်လာတယ်။ ရန်ရွှယ် သူ့ခေါင်းသူ ဖိထားရင်း နာကျင်မှု အပြည့်နဲ့ အော်ဟစ် နေခဲ့ပြီ။ တောက်ရှင်းကတော့ သူ့ကို ဝမ်းနည်း နာကျင်မှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။

ရန်ရွှယ်နဲ့ တောက်ရှင်းရဲ့ နဖူးကနေ ချွေးတွေ တစက်စက် စီးကျလာတယ်။

ငွေရောင် အလင်းတန်းနဲ့ အတူ ချွေးစက်တွေက မြေကြီးထဲကို ဝင်ရောက် ကုန်တယ်။ အနီရောင် အလင်းတန်းကတော့ ပိုပြီး လင်းလက် လာခဲ့ပြီ။

“အဲ့တာက ယင်ယန် ယှဉ်တွဲ တည်ရှိမှုလား။”

“အမှန်ပဲ။ ရန်ရွှယ့်ကို နာကျင်အောင် လုပ်တာက တောက်ရှင်းကိုပါ နာကျင်စေတယ်။”

“ဆရာကြီး မုန့်ထျန်း မလုပ်နဲ့။”

ဒီမြင်ကွင်းကို မြင်ချိန်မှာ မုချင်းဖန်းက တားမြစ်တယ်။ ပင်းယန် ရန်ချန်လိ၊ ကောင်းကင် အိုအေစစ် သုခမိန်ကြီးနဲ့ ဝူယွဲ့အာတို့လဲ အရမ်းကို စိတ်ပူနေခဲ့ကြတယ်။

ရန်ရွှယ်က ဖန်ကျန်းရှီ အတွက် ဘယ်လောက်ထိ အရေးပါမှန်း အားလုံး သိကြတယ်လေ။

ယင်ယန် ဆက်သွယ်မှုနဲ့ ဆက်သွယ်နေတာကို သူတို့ မယုံကြပေမယ့် ထူးဆန်းတဲ့ မြင်ကွင်းကတော့ သူတို့ကို ယုံကြည်ဖို့ ဖိအား ပေးနေခဲ့တယ်။ ဖြစ်နိုင်ချေကတော့ တစ်သောင်းပုံ တစ်ပုံတောင် မရှိဘူး။

“နင် နင်က မုန့်ထျန်း မဟုတ်ဘူး။” တောက်ရှင်း အရမ်းကို အထိတ်တလန့် မျက်လုံး အပြူးသားနဲ့ ပြောနေခဲ့တယ်။

ဖန်ကျန်းရှီ ကဗျာ ရွတ်လိုက်ချိန်မှာ မိုးစက်တွေ ကျဆင်းလာတာကို သူမ ကောင်းကောင်းကြီး မြင်ခဲ့တယ်။ အခုချိန်မှာတော့ သူမရှေ့မှာ ရှိနေတာက မုန့်ထျန်း မဟုတ်ပဲ မြောက်ရွာမှာ ရှိနေရမယ့် သူဆိုတာကို သူမ နားလည် သွားခဲ့တယ်။

ဖန်ကျန်းရှီ။

ဖန်ကျန်းရှီ တစ်ယောက်ပဲ ရန်ရွှယ့် စိတ်ကို ဖတ်နိုင်တယ်။ သူ့ဝမ်းနည်းမှုကို နားလည်နိုင်တယ်။ ဖန်းကျန်းရှီ တစ်ယောက်ပဲ သွေးနီရောင် ရှုခင်းရဲ့ ဝိဉာဉ်ကို ဖြေရှင်းနိုင်တယ်။

“တောက်ရှင်း မင်းက တကယ့်ကို ထက်မြက်တာပဲ။” ဖန်ကျန်းရှီ နောက်တစ်ကြိမ် ဓားကို ဝေ့ယမ်း လိုက်ချိန်မှာတော့ ငွေရောင် မိုးစက်တွေက သည်းသည်းထန်ထန် ရွာသွန်းတော့တယ်။

ဒီအလင်းတန်းတွေက စကြဝဠာ ကြယ်စင်တန်းကြီး တစ်ခုလိုပဲ။ အရမ်းကို တောက်ပ နေခဲ့တယ်။

“နင် နင်ဘာလို့ ဒီမှာ ရှိနေတာလဲ။” တောက်ရှင်း တုန်ယင်လာတယ်။ သူမရဲ့ နာကျင်မှုလဲ ပိုပြီး ပြင်းထန်လာတယ်။ နှုတ်ခမ်း ထောင့်ကနေ သွေးတွေတောင် စီးကျ နေခဲ့ပြီ။”

“အရေးကြီးလို့လား။”

“အရေး မကြီးဘူး။ ဒါပေမယ့် အဖြေကို နင်မသိ သေးဘူး မဟုတ်လား။ အခုချိန် ငါ့ကို သတ်မယ် ဆိုရင်၊ အဖြေကို နင်ရနိုင်မှာ မဟုတ်ဘူး။ တစ်သက်လုံး အဖြေ ရမှာ မဟုတ်ဘူး။” တောက်ရှင်းက အရူး တစ်ယောက်လို အော်ဟစ် နေခဲ့တယ်။

“မင်းမှား နေပြီ။ ငါအဖြေကို သိပြီးပြီ။” ဖန်ကျန်းရှီ ခေါင်းခါလိုက်တယ်။

“မဖြစ်နိုင်ဘူး။ လုံး၀ မဖြစ်နိုင်ဘူး။ အဖြေကို ဘယ်သူမှ မသိနိုင်ဘူး။ ဘယ်သူမှ မခန့်မှန်း နိုင်ဘူး။” တောက်ရှင်း ဖြူဖျော့ပြီး တုန်ယင်လာတယ်။ ဒါပေမယ့် သူမ ထွက်ပြေးဖို့ မစဉ်းစားပဲ ရန်ရွှယ့် အနားမှာသာ ဆက်ရှိ နေခဲ့တယ်။

သူမ မပြေးနိုင်လို့ မဟုတ်ဘူး။ မုန့်ထျန်းရဲ့ ဇစ်မြစ် အစစ်ကို နားလည် သွားချိန်မှာ ထွက်ပြေးဖို့ မဖြစ်နိုင်မှန်း သိရှိသွားခဲ့ပြီလေ။

“ခန့်မှန်းလို့ မရနိုင်ဘူး တဲ့လား။ ဟဟား။ တောက်ရှင်း နောက်ဆုံးတော့ မင်း စကား အမှန်ကို ပြောပြီပဲ။” ဖန်ကျန်းရှီ အခုချိန်မှာတော့ ဖန်ကျန်းရှီ သူ့အဖြေကို ၁၀၀ ရာခိုင်နှုန်း သေချာ သွားခဲ့ပြီ။

“..” တောက်ရှင်း တောင့်တင်း သွားတယ်။

အခုချိန်မှာတော့ သူမရဲ့ ပူဆွေးမှုက ပိုပြီး ထင်ရှားလာတယ်။ နာကျင်မှုနဲ့ ဝမ်းနည်းမှုက သိသာလွန်း နေလို့ အတု အယောင် မဖြစ်နိုင်ဘူး။

ရန်ရွှယ်နဲ့ ထပ်တူကျတဲ့ နာကျင်မှုကို သူမ ခံစား နေရတယ်လေ။ ဒါကြောင့် မျက်နှာပေါ်မှာ မျက်ရည်တွေ အထိန်းအကွပ် မရှိ ကျဆင်း လာတော့တယ်။

“မဖြစ်နိုင်ဘူး။” တောက်ရှင်း ဒေါသတကြီးနဲ့ ငြင်းပြန်တယ်။

အခုချိန်မှာ ရန်ရွှယ်က ရုတ်တရက် လဲကျသွားတယ်။ ငွေရောင် မိုးစက်တွေက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ် နေဆဲ။ သူ့အသက်ရှူ သံတွေတောင် ဗရမ်းပတာ ဖြစ်လာခဲ့ပြီ။ မျက်ဝန်းထဲမှာ အဖြူနဲ့ အနက် အလင်းတန်း နှစ်ခုက ဆက်တိုက် မနားတမ်း ပြောင်းလဲ နေခဲ့တယ်။

“အား။” နားစည် ကန်းမတတ် အသံကြီးကို ကြားလိုက်ရတယ်။

အပိုင်း (၉၈၁) ပြီး၏။

အပိုင်း (၉၈၂)

“အနောက် အရပ်သို့ ကျမ်းစာ သွားပင့်ခြင်း။”

“ရွှယ်အာ။ ရွှယ်အာ။ အဆင်ပြေရဲ့လား။” ရန်ချန်လိကတော့ ရန်ရွှယ် လဲကျသွားတာကို မြင်ချိန်မှာ အရမ်း စိုးရိမ်နေခဲ့တယ်။ ရန်ရွှယ့် အကြောင်းကို သူကောင်းကောင်းသိတယ်။ ရန်ရွှယ် အကြောင်းကို သူက ကောင်းကောင်း သိတယ်။

ရန်ရွှယ့်လို လူက စိတ်ဓာတ် ခိုင်မာ ပြတ်သားလွန်းတယ်။ လုံး၀ မတ်တပ် မရပ်နိုင်မှသာ လဲကျမယ့် လူမျိုး။ ရန်ချန်လိ ကတော့ ဖန်ကျန်းရှီကို ရပ်တန့် ချင်တယ်။ ရန်ရွှယ့် စိတ်ဝိဉာဉ် ထဲက နက်နက်ရှိုင်း ဝမ်းနည်း ပူဆွေး နေရပုံပဲ။

ဒါပေမယ့် သူက ဖန်ကျန်းရှီကို တားနိုင်မှာလား။ မဖြစ်နိုင်ဘူး။ အခုချိန်မှာ ရန်ရွှယ် အရမ်း နာကျင် နေရပင်မယ့် ဖန်ကျန်းရှီက ရန်ရွှယ်ကို မသတ်ဘူး ဆိုတာ သူသေချာ သိတယ်လေ။

“ရွှယ်။ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို စိတ်ပျက် စေမိပြီ။” တောက်ရှင်းက ဒူးထောက်ရင်း ရန်ရွှယ့်ကို တင်းတင်း ကြပ်ကြပ် ဖက်ထားခဲ့တယ်။

“ကျွန်မ တကိုယ်ကောင်း ဆန်မိလို့ အခုလို ဖြစ်ရတာပါ။ အခု ရှင်လွတ်လပ်ဖို့ အချိန် တန်ပါပြီ။ ဟုတ်တယ်။ ရှင့်ကို ဆက်ပြီး ဖမ်းချုပ်ထား စရာ အကြောင်း အရင်းလဲ မရှိတော့ဘူး။”

“တောက်ရှင်း မင်း ဘာလုပ် မလို့လဲ။” ရန်ရွှယ်က တကိုယ်လုံး တုန်ယင် နေခဲ့တယ်။ တောက်ရှင်းကို သူတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်။

“ဒီလောက်တောင် အချိန်တွေ ကြာနေပြီ။ တောက်ရှင်းလို့ပဲ ခေါ်နေတုန်းလား။” တောက်ရှင်းက စတင် ငိုကြွေးတော့တယ်။ မျက်ရည် ချောင်းစီး မတတ် သည်းသည်းထန်ထန် သူမ ငိုကြွေးတယ်။

ဒါက ပြင်းထန် လွန်းလှတဲ့ ဝမ်းနည်းမှုရဲ့ ပြယုဂ် တစ်ခုပဲ။ ဒီဝမ်းနည်းမှု မြစ်ဖျား ခံရာကိုတော့ ဘယ်သူမှ မသိနိုင်ကြဘူး။ စိတ်ပျက်မှုကြောင့်လား။ သွေးနီရောင် ရှုခင်းရဲ့ လွှမ်းမိုးမှုကြောင့်လား။

“တောက်။” ရန်ရွှယ် စကား တစ်လုံးကိုသာ ပြောပြီးနောက် ရပ်တန့် သွားခဲ့တယ်။ သူတွေေ၀ နေပုံပဲ။ သူ့ရဲ့ တွေဝေမှုက နားလည်ဖို့ရာ ခက်ခဲလွန်းတယ်။

ဖန်ကျန်းရှီရဲ့ ဓားက ငွေရောင် အလင်းတန်းနဲ့ အတူ ခပ်မြန်မြန် ရောက်ရှိ လာတယ်။ ငွေရောင် မီးပွား လေးတွေလိုမျိုး ပြောင်းလဲပြီး လှုပ်ရှား နေတယ်။ ကြယ်တာရာတွေ အားလုံး အဆုံးသတ် သွားသလိုပဲ။ တောက်ရှင်းရဲ့ လည်ပင်းမှာ ရစ်ဝဲနေတဲ့ ကြယ်တာရာတွေက သူမ အသက်ကို အဆုံးသတ်ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်။

“သူ့ကို သေခွင့် မပြုနိုင်ဘူး။” ကြယ်တာရာတွေနဲ့ အတူ ရန်ရွှယ့် အသံကို ကြားလိုက်ရတယ်။ ရန်ရွှယ် အရမ်းကို ခက်ခက်ခဲခဲ ပြောနေခဲ့တယ်.

ဝုန်း။ သွေးနီရောင် အလင်းတန်းက ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။

သွေးနီရောင် အလင်းတန်းထဲမှာ အမှောင်ထု ထပ်မရှိတော့ဘူး။ သွေးလို ရဲရဲနီနေတဲ့ အရောင် တစ်ခုတည်းသာ ရှိတော့တယ်။ အေးစက်လွန်းတဲ့ အရှိန်အဝါက မိုးစက်တွေကိုတောင် အေးခဲ သွားစေတယ်။

ဒီမြင်ကွင်းကြောင့် ရန်ချန်လိ လန့်သွားခဲ့တယ်။

“ရွှယ်အာရဲ့ နတ်သက်ကြွေ အသူရာက ဖြေရှင်း ပြီးသွားပြီလား။” တစ်ဘဝလုံး အဇူရာ တာအိုကို လေ့လာ ခဲ့တဲ့ အတွက် ရန်ရွှယ့် အပြောင်းအလဲကို သူကောင်းကောင်း နားလည်တယ်လေ။

သန့်စင်တဲ့ အနီရောင်က အဇူရာ တာအိုရဲ့ ကောင်းမွန် အဆင့်ပဲ။

“ရွှယ်ရဲ့ အဇူရာက ဖြေရှင်း ပြီးသွားတာလား။” တောက်ရှင်း ဒါကို ကြားချိန်မှာ မယုံနိုင် ဖြစ်လာခဲ့တယ်။ ရန်ရွှယ့်ကို အဇူရာ တာအို ထိန်းချုပ်နိုင်စွမ်း ရှိလာစေဖို့ ဒီနှစ်တွေမှာ သူမ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ရလဒ်ကတော့ မရေရာခဲ့ဘူး။

ဒါကြောင့် အစွန်း ၂ဖက်ကို သူမ ပေါင်းစည်းရုံသာ တတ်နိုင်ခဲ့တယ်။ ရန်ရွှယ့်ရဲ့ အဇူရာ တာအိုထဲမှာ အနီနဲ့ အနက်ရောင် စွမ်းအား နှစ်ခု ပါဝင် နေခဲ့တယ်။ ဒီ၂ခုကို ပေါင်းစည်း လိုက်ချိန်မှာ ရန်ရွှယ့် အင်အားက တဟုန်ထိုး တိုးမြင့် သွားတယ်။ အနက်ရောင် မီးတောက်ကတော့ ပိုပြီး အားကောင်းတာ အသေအချာပဲ။

အနက်ရောင် မီးတောက်ကို ဖိနှိပ်နိုင်ဖို့ ဆေးပညာနဲ့ အများကြီး ကြိုးစား ခဲ့ရတယ်။ အပြင်ပိုင်းမှာ ကုသ နိုင်ပင်မယ့်၊ အတွင်းပိုင်း အခြေအနေကိုတော့ မဖြေရှင်း နိုင်ခဲ့ဘူး။

အခုချိန်မှာတော့ ရန်ရွှယ့် အစွမ်းတွေက အရမ်းကို သန့်စင် နေခဲ့ပြီ။ သန့်စင်လွန်းတဲ့ အဇူရာ တာအို အစွမ်းကြောင့် သူ့အသွင်က သေခြင်းတရား နတ်ဘုရား တစ်ပါး ကောင်းကင်က ဆင်းသက် လာသလို တောက်ပ နေခဲ့တယ်။

ဘန်း။ တောက်ရှင်းနဲ့ ရန်ချန်လိ နှစ်ယောက် အရမ်းကို ထိတ်လန့် နေချိန်မှာပဲ သွေးနီရောင် အလင်းတန်းက လက်ဝါးကြီး တစ်ခု အဖြစ် ပြောင်းသွားပြီ ဖန်ကျန်းရှီ ပေါ်ကို ကျရောက်လာတယ်။

ဖန်ကျန်းရှီ နောက်ကို ခြေငါးလှမ်း ဆုတ်သွားခဲ့တယ်။ သူ့ခြေလှမ်း တစ်လှမ်း ချင်းစီတိုင်းက တစ်လက်မကျော် နက်ရှိုင်းတဲ့ ချိုင့်ခွက်ကြီးတွေ အဖြစ် မြေပြင်မှာ ကျန်ရစ်တယ်။

“ဆရာကြီး မုန့်ထျန်း။” မုချင်းဖန်း အထိတ်တလန့် အော်တယ်။

တောက်ရှင်းကို မုန့်ထျန်း သတ်တာလဲ သူမမြင်ချင်ဘူး။ ရန်ရွှယ်နဲ့ တိုက်ခိုက်ပြီး ဒဏ်ရာ ရတာမျိုးလဲ မဖြစ်စေချင်ဘူး။ ဒီအတွေးတွေက မုချင်းဖန်း စိတ်ထဲမှာ ဝင်ရောက် နေခဲ့တယ်။ တခြား တပည့်သားတွေ အားလုံးလဲ အတူတူပဲ။ သူတို့ အတွက်တော့ မုန့်ထျန်းက လူသား မျိုးနွယ်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေခဲ့တယ်လေ။

“ရတယ်။” ဖန်ကျန်းရှီ ပြေးလာနေတဲ့ ပင်းယန်ကို တားလိုက်တယ်။ အဲ့ဒီ့နောက် ယွင်ချင်းဝူကို ပင်းယန် လက်ထဲ သူထည့်လိုက်တယ်။

“မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့တွေ ရုတ်တရက် ပေါ်လာမှာကို သတိထား။”

“အင်း။ သိပြီ။” ပင်းယန် ခေါင်းငြိမ့်ပြီး ယွင်ချင်းဝူကို ချီလိုက်တယ်။ အဲ့ဒီ့နောက် ရန်ချန်လိနဲ့ ဝူယွဲ့အား အနားမှာ သွားရပ်နေတယ်။

“ယွင်ချင်းဝူ။”

“သူတကယ်ပဲ သတိလစ် နေတာလား။ အခုချိန်မှာ သူ့ကို သတ်လိုက် သင့်တယ် မဟုတ်လား။”

လူသား မဟာမိတ် တပည့်သားတွေက ယွင်ချင်းဝူကို မြင်ချိန်မှာ လည်ပင်း တဆန့်ဆန့်နဲ့ ပြောတော့တယ်။

“ပါးစပ် ပိတ်ထားစမ်း။” ပင်းယန် ပြန်အော်တယ်။

“…” လူသား မဟာမိတ် တပည့်သားတွေလဲ သူ့ကို ပြန်အော်ချင်တယ်။ (မင်းက ဘယ်ကကောင်လဲ)လို့။

ဒါပေမယ့် မုန့်ထျန်းနဲ့ ရင်းနှီးသူ ဖြစ်နေလို့ သူတို့ ဘာမှ မလုပ်ဝံ့ဘူး။

သူမကို ရန်စတာက မုန့်ထျန်းကို ရန်စတာနဲ့ အတူတူပဲ။ မုန့်ထျန်းကို ရန်စမိတဲ့ အကောင်းဆုံး ဥပမာ အတွက် တောက်ဟွမ်ရဲ့ မြေပြင်ပေါ်က ခေါင်းပြတ်ကြီးကို သူတို့ မြင်နိုင်တယ်လေ။

“အဲ့ဒီ့ အရှက် မရှိတဲ့။ မဟုတ်ဘူး။ ဆရာကြီး မုန့်ထျန်းက သူ့ကို မသတ်ဘူးလား။” ဝူယွဲ့အာက ပင်းယန်ကို သတိ ထားမိတဲ့ အတွက် မေးတယ်။ ဒါပေမယ့် ဖန်ကျန်းရှီက ယွင်ချင်းဝူကို တစ်ခါတည်း မသတ်ဘဲ အခုချိန်ထိ အသက်ရှင်လျက် ထားထားတာကို အံ့သြ နေမိတယ်။

“ငါတို့ အခုချိန် သတ်လို့ မရသေးဘူး။” ပင်းယန်က နောက်ထပ်ရှင်းမပြခဲ့ဘူး။”

“ငါသိပြီ။” ဝူယွဲ့အာ ခေါင်းငြိမ့် လိုက်ပင်မယ့်၊ သိပ်မကျေနပ်ခဲ့ဘူး။ အဲ့ဒီ့နောက် လက်ဆန့်ထုတ်ရင်း ယွင်ချင်းဝူရဲ့ ရင်ဘတ်ကို စမ်းလိုက်တယ်။ နောက်တော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ပြောတယ်။

“ဟမ့်။ အဲ့ဒီ့ကောင်က သူ့ကို စိတ်ဝင်စား နေတာလား။”

ဝူယွဲ့အာရဲ့ စကားသံက တိုးလွန်းလို့ ပင်းယန် တစ်ယောက်သာ သူမ စကားကို ကြားနိုင်တယ်။ သူမရဲ့ အပြုအမူကို သတိ ထားမိပေမယ့်၊ ပင်းယန်က တားမယ့် အစား ယွင်ချင်းဝူရဲ့ လက်မောင်းကို ရိုက်လိုက်တယ်။

“ဟမ့်။ အဲ့ဒီ့ကောင်သာ သူ့ကို တကယ် စိတ်ဝင် စားရင်တော့၊ အဲ့ဒီ့ကောင်ကို လည်ပင်းညှစ် ပြစ်မယ်။” ပင်းယန် စိတ်ရှုပ်ရှုပ်နဲ့ ပြန်ဖြေတယ်။

“ဟ ဟား။ ဘယ်သူ့ကို လည်ပင်းညှစ်ဖို့ ကြံနေတာလဲ။” ဝူယွဲ့အာကတော့ ပါးစပ်ကို လက်နဲ့ ပိတ်ထားပြီး ရယ်နေခဲ့တယ်။ သူမ မျက်နှာက ပန်းသွေးရောင် ဖြာနေတဲ့ အတွက် ဆွဲဆောင်မှု အပြည့် ဖြစ်နေခဲ့တယ်။

“နင့် အပူမပါဘူး။” ပင်းယန် မျက်စောင်းထိုးတယ်။ “ငါသိထား သလောက် အရဆိုရင်၊ အဲ့ဒီ့ကောင်နဲ့ နင် မြောက်ရွာမှာ လက်ထပ် ထားပြီးသား မဟုတ်လား။ နောက်ပြီး ဒေါ်လေး ရှင်းလိန်က နင်တို့ကို ကိုယ်တိုင် စီစဉ် ထားတာဆို။ ငါနင့်ကို သတိ ပေးလိုက်မယ်။ ယန်လေး ရှိနေသရွေ့၊ တခြား ကိစ္စတွေ အိပ်မက်မက် မနေနဲ့။”

“ချီကူယန်လား။ သူက အင်အား ကြီးပါတယ်။ ဒါပေမယ့် အိပ်ပျော်နေတဲ့ အလှလေး ဖြစ်နေခဲ့တယ်လေ။” ဝူယွဲ့အာ ပြန်ဖြေတယ်။

“ဒီလို ဖြစ်နေရင်တောင်၊ နင့်မှာ အခွင့်အရေး မရှိဘူး။”

“ဘာလဲ တစ်ယောက်ချင်း ချချင်တာလား။”

“နင်က သုခမိန် တစ်ယောက်ပဲ ရှိသေးတာနော်။ ကိုယ့်ကိုယ်ကို ဘယ်သူများ ထင်နေတာလဲ။ ငါ့လက်အောက်မှာ သုခမိန်တွေ များတယ်။ တစ်ယောက်ချင်း မတိုက်ခိုက်ပဲ၊ အုပ်စုလိုက် တိုက်ခိုက်ရင်၊ နင်က ငါ့ပြိုင်ဘက် မဟုတ်ဘူး။”

“ဟုတ်လား။ ငါက လင်းယွမ် မျှော်စင်ရဲ့ ခေါင်းဆောင်ငယ် ဆိုတာ နင်မေ့နေတာလား။”

“အထင်ကြီးစရာပဲ။ ဒါပေမယ့် ရင်သား သေးသေးလေး။”

“..” ပင်းယန် ချက်ခြင်း မျက်နှာတွေ နီရဲ လာတော့တယ်။ ခေါင်းငုံ့ရင်း သူမရဲ့ ရင်ဘတ်ကို ပြန်ကြည့်တယ်။

“ကြည့်။ မိစ္ဆာနဲ့ နတ်ဆိုး တပ်ဖွဲ့တွေ ရောက်လာပြီ။” ပင်းယန် ဒေါသ ထွက်တော့မယ့် အချိန်မှာပဲ ဝူယွဲ့အာက စိုးရိမ် တကြီးနဲ့ ပြောတော့တယ်။

“ဒီလောက်တောင် မြန်လား။” ပင်းယန် လှည့်ကြည့် လိုက်ချိန်မှာပဲ ဘာမှ မရှိတာကို မြင်လိုက်ရတယ်။ ပင်းယန် အလိမ်ခံ လိုက်ရပြီ။ သူမ ရိုက်ဖို့ တွေးလိုက်တဲ့ အချိန်မှာပဲ ရန်ချန်လိနဲ့ ကောင်းကင် အိုအေစစ် သုခမိန်ကြီး ရပ်ကြည့် နေတာကို သတိ ထားမိသွားတယ်။

“စိတ်ပျက်စရာ ကောင်းလိုက်တာ။” ပင်းယန် စကား ဆုံးသွားချိန်မှာပဲ ပေါက်ကွဲ သံကြီး တစ်ခုကို ကြားလိုက်ရတယ်။ သူမ လှည့်ကြည့်လိုက် ချိန်မှာတော့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တယ်။

ဘာကြောင့်လဲ ဆိုတော့ ပေ၂၀ကျော် မြင့်မားတဲ့ အနီရောင် သံချပ်ကာဝတ် ပုံရိပ်ကြီး တစ်ခုကို မြင်လိုက် ရလို့ပဲ။ အဲ့ဒီ့ ပုံရိပ်ကြီးရဲ့ အထဲမှာ လူတစ်ယောက် ရှိနေခဲ့တယ်။ သူကတော့ ရန်ရွှယ်။

“အမ်။ ရန်ရွှယ်က ဒီလို အကြီးကြီး ဖြစ်အောင် လုပ်နိုင်တာလား။” ပင်းယန် တအံ့တသြ ပြောနေခဲ့တယ်။ ဖန်ကျန်းရှီ တစ်ယောက်ပဲ ဒီလို လုပ်နိုင်တာကို သူမ မြင်ဖူးတယ်လေ။

စွမ်းအင် အရင်းအမြစ်နဲ့ ကိုယ့်ကိုယ်ကို ဝန်းရံ လိုက်ရင် ခန္ဒာကိုယ်က အရမ်းကို ကြီးမားလာနိုင်တယ်။ အဲ့ဒီ့နောက် စွမ်းအား အရင်းအမြစ်ကို သံချပ်ကာ အဖြစ် ပြောင်းလဲ ဝတ်ဆင်လိုက်ရင်၊ ခန္ဒာကိုယ်က ပိုပြီး အင်အား ကြီးမား လာလိမ့်မယ်။ ဒါက ကောင်းချီးခံ သွေးမျိုးနွယ်တွေရဲ့ စွမ်းအားပဲ။

ရန်ရွှယ့်မှာရော ဒါမျိုး ရှိနေတာလား။ ဟုတ်မယ် မထင်ဘူး။ ဒါဆိုရင် သူမ မြင်နေရတာ ဘာကြီးလဲ။

“အဲ့တာ အဇူရာ တာအိုကို ပုံပြောင်းတာပဲ။ ငါတောင် မလုပ်နိုင်ဘူး။” ရန်ချန်လိ ပြောလိုက်တယ်။

“အဇူရာ တာအိုကို ပုံပြောင်းတာက အင်အားကြီးလား။” ပင်းယန် တကယ်ကို မသိတဲ့ အတွက် မေးလိုက်တယ်။

“သေခြင်း ရှင်ခြင်း စည်းမျဉ်းကြားမှာ အသူရာ ငရဲကို ဝင်ရောက် နိုင်လိမ့်မယ်။ နတ်သက်ကြွေ အဇူရာ ဖြစ်သွားပြီး ပြန်နိုးထ နိုင်တဲ့ အတွက် စည်းမျဉ်းတွေကို အကုန်လုံး ချိုးဖျက်နိုင် သွားတာပဲ။ အခုတော့ သူက ငါ့ထက်တောင် အင်အား ကြီးသွားပြီ။” ပင်းယန်ကို ပြန်ဖြေမယ့် အစား ရန်ချန်လိက သူ့ဘာသူ ပြောနေခဲ့တယ်။

“အဲ့တာ နည်းနည်းတော့ လွန်တဲ့ ကိစ္စ မဟုတ်လား။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးက သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ခေါ်နေပင်မယ့်၊ အမြဲတမ်း ထွက်ပြေးဖို့ပဲ ကြံနေပြီး ငါ့ကိုတောင် အနိုင် မတိုက်နိုင်တာမျိုးလေ။” ပင်းယန် မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း ပြောတယ်။

“…”

“…”

ရန်ချန်လိ မျက်နှာသေနဲ့ ပြန်ဖြစ်သွား ခဲ့တယ်။ ကောင်းကင် အိုအေစစ် သုခမိန်ကြီးလဲ အတူတူပဲ။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဆွံ့အ နေမိတယ်။

ကံဆိုးချက်ပဲ။

သူတို့ အသက်ရှင်လာ ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီ။ ခက်ခက်ခဲခဲနဲ့ သုခမိန် အဆင့်ကို ရောက်ခဲ့ ကြတယ်။ အခုတော့ အသက် ၁၆နှစ် ကလေးမ အာချောင်တာကို နားထောင် နေရတယ်။

ဒါ့အပြင် သူပြောတာတွေကလဲ အမှန်တရားတွေ။ သူတို့ ပြန်မပြောနိုင်ခဲ့ဘူး။

“ငါ့ တစ်ဘဝလုံး ဆေးပညာကိုပဲ လေ့လာခဲ့တယ်။ တိုက်ပွဲတွေမှာ ဝင်မပါဘူး။ လူငယ်တွေကတော့ သေချာပေါက် ပိုပြီး တိုက်ခိုက် နိုင်မှာပေါ့။” ကောင်းကင် အိုအေစစ် သုခမိန်ကြီး အရမ်းကို ခမ်းနား ထည်ဝါတဲ့ အသွင်ပေါက်အောင် ခေါင်းမော့ ရင်ကော့ရင်း ပြောလိုက်တယ်။

“တောက်ဟွမ်လဲ ဆေးပညာမှာ ထိပ်တန်းပဲ။ ဒါပေမယ့် သူကတော့ သေသွားပြီ။” ပင်းယန် တောက်ဟွမ်ကို လှမ်းကြည့်ရင်း ပြောတယ်။

“..” ကောင်းကင် အိုအေစစ် သုခမိန်ကြီး ဒူးတွေ တုန်လာပြီး လဲကျတော့မလို ဖြစ်သွားခဲ့တယ်။

ပင်းယန်ကတော့ ဂရု မစိုက်ခဲ့ဘူး။ အခုချိန်မှာ ဝူယွဲ့အာကြောင့် ဒေါသ ထွက်တာတွေ ပျောက်ကွယ် သွားခဲ့ပြီ။

သူမ ပြန်ပြီး ပျော်ရွှင် လာပုံပဲ။

“လုပ်ထား ဆရာကြီး မုန့်ထျန်း။”

…

ဖန်ကျန်းရှီကတော့ တခြားသူတွေရဲ့ စကားကို မကြားခဲ့ဘူး။ ဒါမှမဟုတ် ကြားရင်တောင် မကြားချင်ယောင် ဆောင်နေခဲ့တယ်။

အခုချိန်မှာ ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စ ရှိနေတယ်လေ။

ရန်ရွှယ်က အတားအဆီးတွေကို ချိုးဖျက် နိုင်ပြီးနောက် အင်အား ပိုကြီးလာ ခဲ့ပြီ။ ဒါက ဝမ်းသာ စရာ ကိစ္စ ဖြစ်နေပင်မယ့်၊ အောင်ပွဲခံဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ တောက်ရှင်း သေပြီးမှသာ ဖြစ်သွားခဲ့ရင်၊ အချိန် ပိုကောင်းလိမ့်မယ်။

ကိစ္စတိုင်းက ပြီးပြည့်စုံနေတာမျိုး လောကမှာ တကယ့်ကို ရှားပါးတယ်။

အနောက် အရပ်ကို ခရီးသွားပြီး ပင့်ဆောင့်ခဲ့တဲ့ ကျမ်းစာတွေမှာ စာအပြည့်အစုံ မပါသလိုပဲ။ ဖန်ကျန်းရှီလဲ အများကြီး မမျှော်လင့် ဝံ့ဘူး။

ပြဿနာကတော့ အခု တက်နေခဲ့ပြီ။ ရန်ရွှယ်က တောက်ရှင်းကို ကာကွယ်ချင်တယ်။

ရန်ရွှယ့် ပုံမှန် စွမ်းအားက ဖန်ကျန်းရှီကို မယှဉ်နိုင် ပင်မယ့်၊ အသွင်ပြောင်းပြီးနောက် သူနဲ့ တစ်ယောက်ချင်း တိုက်ခိုက်နိုင်လု နီးပါး ဖြစ်လာခဲ့ပြီ။

အခုလို အခြေအနေမျိုးမှာ ရန်ရွှယ့်ကို ဒဏ်ရာ မရစေပဲ တောက်ရှင်းကို သတ်နိုင်ဖို့ အချိန် လိုအပ်တယ်။ ဖန်ကျန်းရှီ ကြိုးစားပြီး ရန်ရွှယ့်ကို အဝေး ပို့တယ်။ ရန်ရွှယ်ကတော့ ရန်ရွှယ်ပဲ။

တောက်ရှင်း ဘေးကနေ တစ်ဖဝါးတောင် မခွာပဲ ကာကွယ် ပေးနေတယ်။ အသူရာ နတ်ဆိုး နတ်ဘုရား တစ်ပါးရဲ့ ရုပ်တုလိုမျိုး တောက်ရှင်း အနားမှာ မားမား မတ်မတ် ရပ်နေခဲ့တယ်။

“ရွှယ်က ငါ့ကို မသေစေချင် ပင်မယ့်၊ ငါက ရွှယ့် နှလုံးသားထဲမှာ ဘယ်တုန်းကမှ မရှိတဲ့ သူပဲ။” တောက်ရှင်း နာကျင်မှု အပြည့်နဲ့ ညည်းညူ နေခဲ့တယ်။

“အချိန်တွေက အတော်ကြာ ခဲ့ပြီ။ ဒါတောင် ရွှယ့် နှလုံးသားထဲမှာ နေရာရအောင် မကြိုးစား နိုင်ခဲ့ဘူး။ ဒါက ကံတရားလား။”

“လူတွေက ပြောကြတယ်။ ကံတရားက ကိုယ်တိုင် ဖန်တီး ရတာတဲ့။ ဒီနှစ်တွေမှာ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ ကြိုးစား ခဲ့ပေမယ့်၊ ကံကြမ္မာကို တကယ် မပြောင်းလဲ နိုင်မှန်း နားလည် ခဲ့ရတယ်။”

“ရွှယ် မမေးပင်မယ့်၊ ငါ့အကြောင်းကို အမြဲ ပြောပြ ချင်ခဲ့တယ်။ ငါတကယ်ပဲ နားမလည်နိုင်ခဲ့ဘူး။”

“ကိုယ့်ပြဿနာကို သိတယ်။ ငါက ဘာဖြစ်လို့ အမြဲ ဒီလို ဖြစ်နေ ရတာလဲ။ ရွှယ် ဖြတ်သန်းခဲ့တဲ့ အရာတွေ အားလုံးကို ငါမြင်နိုင်တယ်။ အရာ အားလုံးကို အစစ် အတိုင်း မျှေ၀ ခံစားနိုင်တယ်။”

“..”

တောက်ရှင်းရဲ့ စကား တစ်ဝက်မှာတင် အေးစက်တဲ့ ဟိန်းဟောက်သံကြီးကို ကြားလိုက်ရတယ်။ ဓားအလင်းတန်း တစ်ုခက ရန်ရွှယ့်ကို ဖြန်သွားပြီး တောက်ရှင်းဆီ ရောက်လာခဲ့ပြီ။

ဓားအလင်းတန်းက ရန်ရွှယ့် ဂျိုင်းအောက်ကနေ အရမ်းကို မြန်မြန် ဆန်ဆန် ဖြန်သန်းသွားတယ်။

ရန်ရွှယ် မြင်ပေမယ့်၊ မတားနိုင် ခဲ့ဘူး။

ဓားအလင်းတန်းက တောက်ရှင်းကို ထိမှန်ပြီးနောက် လေထဲကို လွင့်ထွက် သွားစေခဲ့တယ်။ လေထဲမှာ စက်ဝိုင်းခြမ်း သဏ္ဍာန် လွင့်မျော ပြီးနောက် မြေပြင်ပေါ်ကို သူမ ပြုတ်ကျ သွားတော့တယ်။

ဝုန်း။

အပိုင်း (၉၈၂) ပြီး၏။

အပိုင်း (၉၈၃)

“သဘောထား သေးသိမ်တဲ့ သူတွေက လက်ခံနိုင်မှာ မဟုတ်ဘူး။”

ဖူး။

တောက်ရှင်း နှုတ်ခမ်းကနေ သွေးတွေ စီးကျလာတယ်။

သူမရဲ့ ညာပုခုံးက အဝတ်စတွေ အားလုံး စုတ်ပြဲ သွားခဲ့ပြီ။ သွေးနီရောင် အမှတ်အသား တစ်ခုနဲ့ အတူ သူမရဲ့ ဝတ်ရုံအောက်က သံချပ်ကာအပျော့ ပေါ်လာခဲ့တယ်။

တောက်ရှင်းက နှင်းလို ဖြူဖွေးနေတဲ့ အကာအကွယ် ရတနာကို ဝတ်ဆင် ထားခဲ့တယ်။ ဒါက အတော့်ကို ကောင်းမွန်တဲ့ ရတနာ တစ်ခုပဲ။ ဖန်ကျန်းရှီရဲ့ ဓားချက်ကို ခံလိုက် ရတာတောင် တောက်ရှင်းက ချက်ခြင်း သေမသွားခဲ့ဘူး။ နောက်ဆုံးတော့လဲ တောက်ရှင်းက ယင်ယန် ခန်းမရဲ့ ဒုတိယ ခန်းမ ခေါင်းဆောင် ဖြစ်နေခဲ့တယ်လေ။

ဒါ့အပြင် တောက်ဟွမ်က လူသား မဟာမိတ် အဖွဲ့ရဲ့ ခေါင်းဆောင်။ တောက်ရှင်းကို သူပေးထားတဲ့ အကာအကွယ် ရတနာကလဲ သေချာပေါက် သာမာန် ဖြစ်မှာ မဟုတ်ဘူး။

“မင်းက မသေဘူးလား။ ကြည့်ရတာ မင်းကို သတ်ဖို့ တကယ် မလွယ်တာပဲ။” ဖန်ကျန်းရှီ နည်းနည်းတော့ လန့်သွားခဲ့တယ်။

အစောပိုင်းတုန်းက သူအားအပြည့် မတိုက်ခိုက် ခဲ့ပင်မယ့်၊ သာမာန် လူတွေကတော့ သေချာပေါက် ခုခံ နိုင်မှာ မဟုတ်ဘူး။ တောက်ရှင်းကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ပဲ ရသွားခဲ့တယ်။ မသေခဲ့ဘူး။

တောက်ရှင်းရဲ့ ငွေဖြူရောင် သံချပ်ကာက အရမ်းကို ထူးခြား နေတယ်လို့ ဆိုလိုတာပဲ။ ဒီလို မဟာ ရတနာ တစ်ခုကို တောက်ရှင်းက တောက်ဟွမ် အစား ဝတ်ထားခဲ့တယ်။ တောက်ရှင်းနဲ့ တောက်ဟွမ် နှစ်ယောက်က တကယ်ပဲ ဘယ်လိုများ ပတ်သက် နေတာလဲ။

“အဟွတ် ဟွတ်။” တောက်ရှင်း ချောင်းဆိုးရင်း သွေးအန်ပြန်တယ်။ သူမ အတော့်ကို စိတ်ဆင်းရဲ နေပုံပဲ။ ဓားချက်က သူမကို ထိသွား ခဲ့ပင်မယ့်၊ သူမက ဘာကိုမှ သိပ်ပြီး မခံစားရတဲ့ အတိုင်းသာ ရှိနေခဲ့တယ်။ ဓားက သူမကို မထိသလိုပဲ။

“ဒုတိယ ခန်းမ ခေါင်းဆောင်။”

“..”

ယင်ယန် ခန်းမ တပည့်သားတွေ ဒါကို မြင်ချိန်မှာတော့ နောက်ထပ် တောင့်ခံ မထားနိုင်တော့ဘူး။ သူတို့တွေ တောက်ရှင်းကို သနားကြတယ်။

တောက်ရှင်းက ယင်ယန် ခန်းမက အတော့်ကို အဆင့် မြင့်မား ရုံတင် မကဘူး။ သူမရဲ့ စွမ်းဆောင်ချက်တွေက ကြီးမားတယ်။ သူတို့တွေ ဘယ်လိုများ သူမ သေမှာကို စောင့်ကြည့် နေနိုင်မှာလဲ။

“ဆရာကြီး မုန့်ထျန်း ဒုတိယ ခန်းမခေါင်းဆောင်ကို လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းပန်ပါတယ်။”

“ဒုတိယ ခန်းမ ခေါင်းဆောင် ကျုးလွန်ခဲ့တဲ့ အမှားရှိရင်၊ ကျွန်တော်တို့ ယင်ယန် ခန်းမက အပြစ်ဒဏ်ကို အစား ခံယူ ပေးပါမယ်။”

“ဆရာကြီး မုန့်ထျန်းကို ဝပ်တွား ဦးညွှတ်ပြီး တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သနားညှာတာပေးပါ။”

ယင်ယန် ခန်းမ တပည့်သားတွေ တောက်ရှင်းကို ကူညီ ချင်ပေမယ့်၊ ဘယ်သူမှ မလုပ်ဝံ့ခဲ့ဘူး။ သူတို့ တောင်းပန်ရုံသာ တတ်နိုင်ခဲ့တယ်။

“မုန့်ထျန်း။” ဒဏ်ရာရ နေတဲ့ တောက်ရှင်းကို ကြည့်ရင်း ရန်ရွှယ် အော်လိုက်တယ်။ သူ့ရဲ့ မျက်နှာ ပေါ်မှာ ဒေါသ အရိပ်အယောင်တွေ အရင်ဆုံး ဖြတ်ပြေးသွားတယ်။ အဲ့ဒီ့နောက် သွေးနီရောင် ယပ်တောင်က ထောင်ချီတဲ့ အလင်းတန်းတွေ အဖြစ်ကို ပြောင်းလဲ သွားပြန်တယ်။

မိုင်ထောင်ချီ ရှည်လျားတဲ့ မြစ်တစ်စင်းလဲ ထွက်ပေါ် လာတယ်။ အဇူရာ တာအို အဖြစ် ပြောင်းလဲ သွားတဲ့ ရန်ရွှယ်က သိသိသာသာကို တိုးတက်လာတယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက မုချင်းဖန်းထက်တောင် အားကောင်းသေးတယ်။

နောက်ဆုံးတော့လဲ ပြန်လည် မွေးဖွားမှု တာအို ခြောက်ခုထဲမှာ အဇူရာ တာအိုက အထက်မြက်ဆုံး ဖြစ်နေခဲ့တယ်လေ။

ဒါပေမယ့် ရန်ရွှယ်က ဒီအဇူရာ တာအိုကို အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ ကျွမ်းဝင်မှု မရှိသေးဘူး။ သူ့ရဲ့ တိုက်ခိုက်မှုတွေက အင်အား ကြီးပေမယ့်၊ အတွေ့အကြုံ မရှိတဲ့ အတွက် မုချင်းဖန်းလို အတွေ့အကြုံ ကြွယ်ဝသူနဲ့ ယှဉ်ဖို့တော့ နောက်ကျ နေသေးတယ်။ ဒါက ကြီးမားတဲ့ ကွာခြားချက်တော့ မဟုတ်ခဲ့ဘူး။

ဖန်ကျန်းရှီက ရန်ရွှယ်နဲ့ တိုက်ခိုက်ဖို့ စိတ်ကူး ရှိကို မရှိဘူးလေ။ သူသာ တကယ် တိုက်ခိုက်ချင်ရင်၊ ရန်ရွှယ် ဒဏ်ရာ ရသွားနိုင်တယ်။ ဒါကို သူမမြင်ချင်ဘူး။ အထူးသဖြင့် ရန်ရွှယ် ဒေါသကြီးနေချိန်မှာ နောက်တစ်ကြိမ် စိတ်လွတ်သွားမှာကို သူပိုပြီး မဖြစ်စေချင်ဘူး။ ဒါက ကုမရတဲ့ အဆင့်ကို ရောက်သွား နိုင်တယ်လေ။

ကံကောင်း တာကတော့ ရန်ရွှယ်လဲ ခုသာ ခုခံ နေခဲ့တယ်။ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ သူလဲ စိတ်ကူး မရှိပုံပဲ။ ဖန်ကျန်းရှီလဲ ခက်ခက်ခဲခဲ ရှောင်တိမ်း နေစရာ မလိုခဲ့ဘူး။

သွေးနီရောင် အလင်းတန်း ကျရောက် လာချိန်မှာ ဖန်ကျန်းရှီကတော့ အဝေး တစ်နေရာကို ရောက်နေခဲ့ပြီ။ ဖန်ကျန်းရှီက ရန်ရွှယ့် တိုက်ခိုက်မှုကို ခုန်ရှောင် နိုင်ပင်မယ့်၊ တောက်ရှင်းရဲ့ ပါးစပ်ကိုတော့ မပိတ်နိုင်ခဲ့ဘူး။

“အားလုံး ထကြ။ သူ့ကို တောင်းပန် မနေနဲ့။ သူက ငါ့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။ ဘာ ကြောင့်လဲ ဆိုရင်။” တောက်ရှင်း စကားကို ရပ်တန့်ပြီး သူမ ရှေ့က ရန်ရွှယ်ကို ကြည့်တယ်။ သူမ တွေေ၀ နေပုံပဲ။

ယင်ယန် ခန်းမ တပည့်သားတွေလဲ တောက်ရှင်း စကားဆုံးမှာကို စောင့်နေခဲ့တယ်။

“သူက ဘာလဲ။”

“သူက သုခမိန် စစ်နတ် မုန့်ထျန်း မဟုတ်ဘူးလား။”

“ဒုတိယ ခန်းမ ခေါင်းဆောင်က ဘာကို ပြောချင် နေတာလဲ။”

ယင်ယန် ခန်းမ တပည့်သားတွေ စိတ်ရှုပ်နေ ကြတယ်။

ဒါပေမယ့် တောက်ရှင်းကတော့ တစ်ခဏ တွေဝေနေပြီး ဆက်မပြောခဲ့ဘူး။ တပည့်သားတွေလဲ မုန့်ထျန်း အကြောင်းကို ရှင်းရှင်းလင်းလင်း မသိနိုင်တော့ဘူး။

“ငါနဲ့ ရန်ရွှယ်ကို လွှတ်ပေးရင်၊ လျှို့ဝှက်ချက်ကို ထိန်းသိမ်း ထားပေးမယ်။” တောက်ရှင်း ပြောတယ်။ သူမ အကြည့်က တည်ငြိမ် မနေတော့ဘူး။ မျှော်လင့်ချက်တွေနဲ့သာ ပြည့်နေခဲ့တယ်။

ဒါက ပုံမှန် အနေအထားနဲ့ မတူညီတဲ့ တောက်ရှင်းရဲ့ ပုံစံပဲ။ စိတ်ပျက်မှု။ အကြောက်တရားနဲ့ မလိုလား မှုတွေလဲ ပါဝင် နေခဲ့တယ်။

ဖန်ကျန်းရှီ ဘာကြောင့် သူ့ဇစ်မြစ်ကို ဖုံးကွယ် ထားချင်မှန်း တောက်ရှင်း မသိဘူး။

ဒါပေမယ့် ဖန်ကျန်းရှီ ဖုံးကွယ် ထားချင်မှတော့၊ ဒါကို အသုံးချနိုင်ရင် အသက်ရှင် နိုင်ဖို့ မျှော်လင့်ချက်လေး ရှိအုန်းမယ်။ မျှော်လင့်ချက်က အရမ်း အရမ်းကို သေးငယ်ရင်တောင် ဆုပ်ကိုင်လို့ ရတယ်။

“ဟဟား တောက်ရှင်းလဲ ငတုံး ဖြစ်သွားတဲ့ အချိန် ရှိသေးတာကိုး။” ဖန်ကျန်းရှီ ရယ်မောလိုက်တယ်။

“နင် မသိစေ ချင်ရင်ပေါ့။” တောက်ရှင်း အမူအယာ ပြောင်းလဲ သွားတယ်။

“ကြည့်ရတာ ငါ့မှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူး ဆိုတာ မင်း အခုထိ နားမလည် သေးပုံပဲ။ မင်းပြောချင်တာကို ပြောလိုက်။” ဖန်ကျန်းရှီက တောက်ရှင်း စကားကို ဆက်ပြောတယ်။

“..” တောက်ရှင်း တိတ်ဆိတ် သွားတယ်။ သူမမှာ ရှိသမျှ ဝှက်ဖဲ အကုန်လုံး ကုန်ဆုံး သွားပြီ။ အခု သူမ နောက်တစ်ကတ် ထပ်ရတာတောင် ဘယ်လို သုံးရမလဲ မသိတော့ဘူး။

တောက်ရှင်းလို အသိပညာ ကြွယ်၀ လွန်းသူက အခုချိန်မှာ တွေေ၀ နေရပြီ။

“ငါ နောက်ဆုံး တစ်ခေါက် ထပ်ပြောမယ်။ မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေး မရှိတော့ဘူး။ မင်းဒီနေ့ သေရမယ်။” ဖန်ကျန်းရှီ အခိုင်အမာ ပြောတယ်။ ဒီရွေးချယ်မှုက မပြောင်းလဲ တော့ဘူး။

တောက်ရှင်း သေရမယ်။

တောက်ရှင်း သူ့ အကြောင်း ပြောလိုက်တော့ရော ဘာဖြစ်လဲ။ ယွင်ချင်းဝူလဲ သူ့အကြောင်းကို သိပြီးပြီ။ နောက်ထပ် အကြာကြီး ဖုံးကွယ် ထားနိုင်တော့မှာ မဟုတ်ဘူး။

“သေရမှာလား။ ဟဟား။ ငါ သိပြီ ငါသိပါပြီ။” တောက်ရှင်းရဲ့ အမူအယာက တစ်ခဏတာ တည်ငြိမ် သွားပြီးနောက် သူမ အရမ်းကို အူလှိုက် သည်းလှိုက် ရယ်မောတော့တယ်။

“နင် မသေတာကို မြင်ပြီးတည်းက ငါသိခဲ့သင့်တာ နင်က ဘယ်လို ဖြစ်ဖြစ် လက်စားချေမှာပဲ။”

“လက်စားချေမယ်။”

“မသေဘူးတဲ့လား။”

“တောက်ရှင်း ဘာတွေ ပြောနေတာလဲ။”

လူသား မဟာမိတ် တပည့်သားတွေ တွေးကြည့်နေတယ်။ မကြာခင်မှာပဲ ဒွိဟ ဖြစ်နေတဲ့ မုချင်းဖန်းနဲ့ မော့ရှန်းရှီ တုန်ယင် သွားတယ်။

“မသေပဲ လက်စားချေမယ့်သူ။”

ဒီအကြောင်းအရာ နှစ်ခုက ရှင်းလင်းပင်မယ့်၊ ဆိုလိုရင်းက တစ်ခုပဲ ရှိတယ်။ သူတို့ အရမ်းကို ရင်းနှီးနေတဲ့ သူ။

ဖန်ကျန်းရှီ။

မြင့်မြတ် နယ်မြေမှာ တောက်ရှင်းကို ဒီလို စကားမျိုး ပြောစေနိုင်တာ ဖန်ကျန်းရှီ တစ်ယောက်ပဲ ရှိတယ်။ မြောက်ရွာမှာ နေနေရမယ့် ဖန်ကျန်းရှီ။

“သူ သူက တကယ် ဖန်ကျန်းရှီလား။” မော့ရှန်းရှီ တုန်တုန် ယင်ယင်နဲ့ မေးမိတယ်။

သူတို့ မဟူရာ ကျောက်တုံး နန်းတော်ထဲကို မဝင်ခင် အချိန်မှာ ယွင်ချင်းဝူက ဒါကို ခန့်မှန်း ခဲ့တယ်။ မုန့်ထျန်းက ဖန်ကျန်းရှီလို့ သူမ ထုတ်ပြောခဲ့တယ်။ ဒါပေမယ့် မော့ရှန်းရှီ လုံး၀ မယုံခဲ့ဘူး။

တောက်ရှင်း နောက်တစ်ခေါက် ပြောတာကို ကြားချိန်မှာတော့ သူမတုန်လှုပ်ပဲ မနေနိုင်တော့ဘူး။

လူသုံးယောက်က အတည်ပြု နေတာ မဟုတ်ပေမယ့်၊ တောက်ရှင်းနဲ့ ယွင်ချင်းဝူက လောကမှာ အထက်မြက်ဆုံး အမျိုးသမီးတွေပဲ။ သူတို့ နှစ်ယောက်ရဲ့ ထင်မြင်ချက်ကလဲ တူညီနေတယ်။

“ဖန်ကျန်းရှီလား။” မုချင်းဖန်းလဲ ဒီနာမည်ကို တွေးမိပင်မယ့် သူမယုံချင်သေးဘူး။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ရှေ့မှာ ရှိနေတဲ့ မုန့်ထျန်းက အရမ်းကို အင်အား ကြီးလွန်းတယ်။

ဖန်ကျန်းရှီက ကျမ်းကောင်းကင်တောင်မှာ သူနဲ့ ယှဉ်နိုင်တဲ့ အထိ အစွမ်းတွေ ထုတ်ပြ ခဲ့ပင်မယ့်၊ လအနည်းငယ် အတွင်းမှာ ဒီလောက်ထိ စွမ်းအားကြီးလား နိုင်မှာလား။ ဒီလောက်ကြီး တိုးတက် လာနိုင်မှာလား။

သူသာ ဖန်ကျန်းရှီ ဖြစ်နေခဲ့ရင်၊ လူသား ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား။

မုချင်းဖန်း တကယ့်ကို မယုံကြည်ချင် ခဲ့ဘူး။ ဒီကိစ္စကြီးက လုံးဝကို လက်ဖျားခါလောက်တဲ့ အံ့ဖွယ် ကိစ္စကြီး ဖြစ်နေခဲ့တယ်လေ။ ဘယ်သူကမှ ဒီလောက်ထိ ပါရမီ ရှိနေမှာ မဟုတ်ဘူး။

“ဘာကြီး။ ဆရာကြီး မုန့်ထျန်းက ဖန်ကျန်းရှီ တဲ့လား။”

“တောင်ကြား သခင်မော့နဲ့ ခန်းမခေါင်းဆောင်မုတို့ ဘာတွေ ပြောနေကြတာလဲ။”

“မဖြစ်နိုင်တာပဲ။” တပည့်သားတွေ မယုံကြည်ကြဘူး။

အားလုံး တုန်လှုပ် နေချိန်မှာ တောက်ရှင်းက ထလာပြီး ဖန်ကျန်းရှီကို လက်ညှိုး ငေါက်ငေါက် ထိုးရင်း ပြောတယ်။

“ဖန်ကျန်းရှီ။ ငါ နောင်တရတယ်။ နင့်ကို ဖမ်းမိတဲ့ အချိန်တုန်းက ငါ့လက်နဲ့ မသတ်ခဲ့မိတာကို တကယ် နောင်တရတယ်။ ဒီအမှားကြောင့် ဒီနေ့လို ရလဒ် ဖြစ်လာ ရတာပဲ။”

“…”

“…”

အားလုံးက တိတ်ဆိတ် သွားတယ်။

မုချင်းဖန်း မော့ရှန်းရှီနဲ့ လူသား မဟာမိတ် တပည့်သားတွေ အားလုံး ဖန်ကျန်းရှီကို လှမ်းကြည့်တယ်။ ဖန်ကျန်းရှီ ပြန်ဖြေမှာကို သူတို့ စောင့်နေတယ်။

“တောက်ရှင်း မဟုတ် တမ်းတရားတွေ မပြောနဲ့။ ဆရာကြီး မုန့်ထျန်းက ဘယ်လိုလုပ် ဖန်ကျန်းရှီလို အရှက်မရှိတဲ့ ကောင် ဖြစ်ရမှာလဲ။” ပင်းယန်က ယွင်ချင်းဝူကို ချီမထားရင်း တောက်ရှင်းကို ဒေါသတကြီးနဲ့ အော်ဟစ် နေခဲ့တယ်။

“…”

ဖန်ကျန်းရှီကတော့ အခုချိန်မှာ စကားဝင် မပြောနိုင်တော့ဘူး။

ကိုယ့်ကိုယ်ကို ဖော်ထုတ်ဖို့ ဆုံးဖြတ် ပြီးချိန်မှာ ကိုယ့်အကြောင်း သိနေတဲ့ သူက လာဆူပူ နေတာကို ကြားရတော့ အထူးအဆန်းကြီး ဖြ စ်နေတယ်လေ။

“ဟုတ်တယ်။ အမှန်ပဲ။” ပင်းယန် ပြောတာကို ကြားပြီးတဲ့နောက် ပတ်ဝန်းကျင် တပည့်သားတွေ ဒွိဟ ဖြစ်ကြပြန်တယ်။

“ဆရာကြီး မုန့်ထျန်းက ဘယ်လိုလုပ် အဲ့ဒီ့ကောင် ဖြစ်ရမှာလဲ။”

“ဆရာကြီး မုန့်ထျန်းက မိစ္ဆာ နတ်သခင် လင်းကျီကိုလဲ သတ်ခဲ့တယ်။ ဒါ့အပြင် နတ်ဆိုး အရှင်သခင်ကိုလဲ သွေးအရိပ် မြို့တော်ထဲ ဝင်ပြီးတော့ ဖမ်းလာသေးတယ်။”

“ဖန်ကျန်းရှီက ဒီလောက် အစွမ်း ထက်မှာလား။”

လူသား မဟာမိတ် တပည့်သားတွေ ခပ်မြန်မြန်ပဲ မယုံဖို့ တွေးလိုက်ကြတယ်။ မုချင်းဖန်းနဲ့ မော့ရှန်းရှီကတော့ ပင်းယန်နဲ့ တောက်ရှင်းရဲ့ စကားတွေကို ကြားပြီးချိန်မှာ ယုံရအခက်၊ မယုံရ အခက် ဖြစ်နေခဲ့တယ်။

သူတို့ နှစ်ယောက်ရဲ့ အမူအယာတွေတောင် မတည်ငြိမ်တော့ဘူး။ သူတို့တွေ ယုံကြည်ချင် ပင်မယ့်၊ မယုံရဲဘူး။

ဒီကိစ္စ ကိုတော့ ဖန်ကျန်းရှီရဲ့ လုပ်ရပ်တစ်ခုက ဖြေရှင်း ပေးလိုက်တယ်။

ဖန်ကျန်းရှီ ဟန်ဆောင် နေရတာ ပျင်းလာပြီ။ သူဒီလို လုပ်နေရတာ မြောက်ရွာက လူတွေ အန္တရာယ် ကင်းစေဖို့ အတွက်နဲ့ သုခမိန် စစ်နတ် မုန့်ထျန်းရဲ့ အရှိန်အဝါကို သုံးရင်း လူသား မဟာမိတ်ကို ပူပေါင်း စေဖို့ပဲ။

အခုချိန်မှာ တောက်ဟွမ်က သေသွားခဲ့ပြီ။ လူသား မဟာမိတ်က ခေါင်းဆောင်သစ် တစ်ယောက်ကို လိုအပ် လာတော့မယ်။ သူက ဖန်ကျန်းရှီလား သုခမိန် စစ်နတ်လား ဆိုတာ အရေး မကြီးတော့ဘူး။

သူက မဟာမိတ် ခေါင်းဆောင် မဖြစ်ချင် ခဲ့ဘူးလေ။

မျက်နှာဖုံးနဲ့ အတူ ဝတ်ရုံနက်တွေက ရုတ်တရက် လွင့်ထွက်သွားတယ်။ ချောမော ခံ့ညားတဲ့ မျက်နှာနဲ့ အတူ အားလုံး ရင်းနှီးနေတဲ့ အပြာရောင် ဝတ်ရုံက လေအဝှေ့မှာ ထွက်ပေါ် လာတယ်။

လောက တစ်ခုလုံး တိတ်ဆိတ် သွားပြန်ပြီ။ အားလုံးကတော့ စိုက်ကြည့်ရုံသာ တတ်နိုင်တော့တယ်။ ငြင်းခုံဖို့ နောက်ထပ် မလိုတော့ဘူး။

သုခမိန် စစ်နတ် မုန့်ထျန်းက ဖန်ကျန်းရှီပဲ။

လင်းကျီကို သတ်ပြီး နတ်ဆိုး အရှင်သခင်ကို ဖမ်းခဲ့တဲ့ သူက ဖန်ကျန်းရှီ။ ဒါ့အပြင် မိစ္ဆာ ဘုရင်တွေကို သတ်ဖြတ်ဖို့ နည်းလမ်း အကြောင်း သင်ပေးသူကလဲ ဖန်ကျန်းရှီပဲ။ အားလုံးကို ဖန်ကျန်းရှီက စီစဉ် ပေးခဲ့တယ်။

အခုချိန်မှာ ခန့်မှန်း မရတဲ့ ပဟေဠိကြီးရဲ့ ကန့်လန့်ကာက ကျွတ်ကျ သွားခဲ့ပြီ။

မုန့်ထျန်းက ဖန်ကျန်းရှီ ဖြစ်နေတယ်။ သူက သေချာပေါက် တောက်ဟွမ်နဲ့ တောက်ရှင်းကို သတ်ဖြတ်မှာပဲ။ ယင်ယန် ခန်းမက သူ့ ရန်သူတော်ကြီး ဖြစ်နေခဲ့တယ်။

“ဆရာကြီး မုန့်ထျန်းက တကယ့်ကို အရှက်မရှိတဲ့ ဖန်ကျန်းရှီ ဖြစ်နေတာလား။” ပင်းယန်ရဲ့ တအံ့တသြ အသံကြီး ထွက်ပေါ်လာတယ်။

အဲ့ဒီ့နောက် သူမလဲ ဝတ်ရုံအနက်ကို ချွတ်လိုက်တယ်။ ဖြူဖွေးသေးသွယ်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာက ချက်ခြင်း ပေါ်ထွက်လာတယ်။

“…”

“…”

မုချင်းဖန်း မော့ရှန်းရှီနဲ့ တခြားသူတွေ ထပ်ပြီး တိတ်ဆိတ် သွားကြပြန်ပြီ။

ပင်းယန်ကို မြင်ချိန်မှာ သူတို့တွေ ဘာပြောရမယ် မှန်းတောင် မသိတော့ဘူး။

ငါတို့ကို လာအရူးလုပ်နေတာလား။

ပင်းယန်နဲ့ ဖန်ကျန်းရှီက အတူတူ မွှေနေတဲ့ မိတ်ဆွေ ရောင်းရင်းတွေ ဆိုတာ နိုင်ငံတော်ကြီး လေးခုလုံးနဲ့ မြင့်မြတ် နယ်မြေ တစ်ခုလုံးပါ သိကြတယ်။ ဖန်ကျန်းရှီ အကြောင်းကို ပင်းယန် မသိဘူး ဆိုတာ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။

သူတို့ မကျေနပ် ပင်မယ့်၊ စိတ်ထဲမှာ ထူးခြားတဲ့ ခံစားချက်တွေက လှိုင်းထန် နေခဲ့တယ်။ ထိတ်လန့်မှုက သူတို့တွေကို ပါးစပ် အဟောင်းသား ဖြစ်စေတယ်။

“သုခမိန် စစ်နတ် မုန့်ထျန်းက တကယ်ကြီး ဖန်ကျန်းရှီပဲ။”

“သူ့ အသက်က ဘယ်လောက်ပဲ ရှိသေးတာလဲ။”

“ခြောက်လ အချိန်အတွင်းမှာ ဒီလောက်ထိ အင်အား ကြီးလာအောင် ဘာတွေများ စားလိုက်တာလဲ။”

“မကောင်းဆိုးဝါးကြီး။ မဟုတ်ဘူး မဟုတ်ဘူး။ သူက လူမဟုတ်ဘူး။”

အားလုံး စိတ်ကို ပြင်ဆင် ထားပင်မယ့်၊ ဖန်ကျန်းရှီကို မျက်ဝါး ထင်ထင် မြင်ရချိန်မှာ သူတို့ မလန့်ပဲ မနေကြဘူး။

ဒီကိစ္စကြီးက သူတို့ နှလုံးသား နုနုလေးလေး လက်မခံနိုင်အောင် ကြီးမား လွန်းတယ်လေ။

အပိုင်း (၉၈၃) ပြီး၏။

အပိုင်း (၉၈၄)

“တောက်ရှင်းရဲ့ သေဆုံးမှု။ ကျောက်ဖျာရဲ့ အမှန်တရား။”

“သူက သုခမိန် စစ်နတ် မုန့်ထျန်းလား။” ရန်ရွှယ့် အမူအယာက ပြောင်းလဲ သွားခြ့တယ်။ ဒီမျက်နှာနဲ့ နာမည်ကို သူကောင်းကောင်း မှတ်မိတယ်လေ။ ဖန်ကျန်းရှီ။

ကျန်းကောင်းကင်တောင် တိုက်ပွဲမှာ ဖန်ကျန်းရှီက ချီကူယန်နဲ့ ပူးပေါင်းပြီး လေဟာနယ် ဖြိုခွင်း နတ်သခင်ကို သတ်ဖြတ် နိုင်ခဲ့တယ်။ လူသား မျိုးနွယ်ကို သူကယ်တင် ခဲ့တယ်။ အဲ့ဒီ့နောက် မြောက်ရွာကို သူပြန်သွားပြီး မြင့်မြတ် နယ်မြေမှာ နောက်ထပ် ခြေမချတော့ဘူး။

အခုချိန်မှာတော့ ဖန်ကျန်းရှီက သူတို့ ရှေ့မှာ ရောက်နေခဲ့ပြီ။ သူက သုခမိန် စစ်နတ် မုန့်ထျန်းဆိုတဲ့ နာမည်နဲ့ ရှိနေခဲ့တယ်။ ရန်ရွှယ် ဘယ်လိုလုပ် မလန့်ပဲ နေမလဲ။ တခြားသူတွေထက် ရန်ရွှယ့်မှာ ထူးခြားချက် စိတ်ခံစားချက် တစ်ခု ရှိနေခဲ့တယ်။ အဲ့တာကတော့ ရင်းနှီးမှုပဲ။

ကျမ်းကောင်းကင်တောင်မှာ တစ်ကြိမ်တည်း တွေ့ခဲ့ပင်မယ့် ဖန်ကျန်းရှီရဲ့ ရုပ်သွင်နဲ့ နာမည်က သူ့စိတ်ထဲမှာ စွဲထင် နေခဲ့တယ်။ ဒီလို ရင်းနှီးမှုမျိုးက တစ်ကြိမ်တည်း တွေ့ဖူးတာ သေချာပေါက် မဖြစ်နိုင်ဘူး။

ဘာတွေ ကြောင့်များလဲ။ ဒီလောက်ထိ ရင်းနှီးနေတာ ဘာကြောင့်များလဲ။

ရန်ရွှယ် နောက်ကွယ် အကြောင်းအရင်းကို စဉ်းစားဖို့ ကြိုးစား နေချိန်မှာပဲ အပြောင်းအလဲ တစ်ခုက ဖြစ်လာတော့တယ်။ သူ့နားနားကနေ ကပ်ပြီး ဖြတ်ထွက်သွားတဲ့ အသံ တစ်သံကို သူကြားလိုက် ရတယ်။

“တောက်ရှင်း မင်း အခုတော့ အေးအေးဆေးဆေး သေနိုင်ပြီ။” ဖန်ကျန်းရှီရဲ့ အသံက ထွက်ပေါ် လာတယ်။ သူက ရန်ရွှယ့် နောက်ကို ရောက်သွားခဲ့ပြီ။

မိုးပြာရောင် အလင်းတန်း တစ်ခုက ကောင်းကင်မှာ တောက်ပလာတယ်။ ဒါက ပြန်လည် မွေးဖွားမှု ကောင်းကင် တာအိုပဲ။ ဖန်ကျန်းရှီက ရန်ရွှယ်နဲ့ တခြားသူတွေ တအံ့တသြ ဖြစ်နေတာကို အခွင့်ကောင်း ယူပြီးတော့ တောက်ရှင်းဆီ ရောက်သွားခဲ့ပြီ။

“မဖြစ်ဘူး။” ရန်ရွှယ် သတိ ပြန်ဝင် လာချိန်မှာ ဖန်ကျန်းရှီကို ရပ်တန့်ဖို့ လုပ်ပေမယ့် နောက်ကျလွန်း သွားခဲ့ပြီ။ ဖန်ကျန်းရှီရဲ့ ဓားက တောက်ရှင်းရဲ့ လည်ပင်းကို ထိနေခဲ့ပြီ။ သွေးတွေက ဓားထိပ်ကနေ စီးကျလာတယ်။ ဖန်ကျန်းရှီကို တားဖို့ မဖြစ်နိုင်မှန်း ရန်ရွှယ် သိတယ်။

သူ့ နေရာမှာတင် ရပ်နေရင်း တောက်ရှင်း လည်ချောင်းပေါ်က ဓားကို ကြည့်နေခဲ့တယ်။

“ဟုတ်တယ်။ ငါသေသင့်တယ်။ တကယ်တော့ ငါသေသင့်တာ ကြာလှပြီ။ ရွှယ် ငါ့အတွက် ဝမ်းမနည်းနဲ့၊ ငါက မတန်ဘူး။” တောက်ရှင်းရဲ့ မျက်ဝန်းထဲမှာ ဝမ်းနည်း အထီးကျန်မှု တွေက အထင်းသား ပေါ်နေခဲ့တယ်။ သူမ မသေခင် မရုန်းကန် နိုင်ခဲ့သလို နောက်ဆုံး စကားကိုလဲ မပြောနိုင်ခဲ့ဘူး။

“မင်းက ရန်ရွှယ်ကို ဝမ်းနည်းအောင် လုပ်ဖို့ မတန်ဘူး။” ဖန်ကျန်းရှီ ပြောလိုက်တယ်။

“ဖန်ကျန်းရှီ နင်ငါ့ကို သတ်လို့ ရတယ်။ ဒါပေမယ့်။”

“ငါတို့ရဲ့ မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေးကို ဖျက်စီးပြစ်ဖို့ မင်းက မတန်ဘူး။ မင်းက ရန်ရွှယ့်ရဲ့ မှတ်ဉာဏ်ကို ခွဲယူ ထားရုံပဲ ရှိတဲ့သူ။ မှန်တယ် မဟုတ်လား။” ဖန်ကျန်းရှီက တောက်ရှင်း စကားကို ဆက်ပြောတယ်။

“ငါ နားမလည်ဘူး။ တောက်ဟွမ်နဲ့ ငါက လွဲပြီး ဒီအကြောင်းကို တခြား ဘယ်သူမှ မသိဘူး။ နင်က ဒါကို ဘယ်လိုများ ခန့်မှန်း နိုင်တာပဲ။” တောက်ရှင်းက တုန်ယင် သွားခဲ့တယ်။ သူလုံးဝကို တည်ငြိမ် မနေနိုင် တော့ဘူး။

သေခြင်း တရားက လူတစ်ယောက်ရဲ့ တည်ငြိမ်မှုကို ပျက်ပြား စေတယ်။ တောက်ရှင်းက ရုန်းကန်ဖို့ကို လက်လျော့ လိုက်ပြီ။

“အမှန်တရားတွေက စိတ်ကူးယဉ် ပုံပြင် ဖြစ်လာတယ်။ ယင်ယန် ဖြစ်တည်မှု အကြောင်း မင်း ရှင်းပြတဲ့ အချိန်မှာ ငါ ခန့်မှန်း မိပြီးသား။ ဒါ့အပြင် မင်းမျက်နှာ အမူအယာတွေက ငါ့ခန့်မှန်းချက်ကို အတည်ပြု လိုက်တာပဲ။” ဖန်ကျန်းရှီ ရှင်းပြတယ်။

“ဟဟား။ ဖန်ကျန်းရှီက တကယ့်ကို နာမည်နဲ့ လိုက်ဖက်တာပဲ။ ရန်ရွှယ့်ရဲ့ မှတ်ဉာဏ်တွေကို ငါ့အသက်နဲ့ ချိတ်ပိတ် ထားတာကိုတောင် ဒီအချက်လေး နှစ်ချက်တည်းနဲ့ ခန့်မှန်းနိုင်တယ်။ ငါတကယ့်ကို ပြောစရာ စကား မရှိတော့ပါဘူး။” တောက်ရှင်း စတင် ရယ်မောတော့တယ်။

“ဘာဖြစ်တာလဲ။ ရန်ရွှယ့် မှတ်ဉာဏ်တွေကို တောက်ရှင်းက ချိတ်ပိတ် ထားတာလား။”

“ဘာတွေ ဖြစ်နေတာလဲ။”

“ဘယ်လိုတောင် လုပ်လိုက်တာလဲ။”

ပတ်ဝန်းကျင် လူသား မဟာမိတ် တပည့်သားတွေကတော့ ဒါကို ကြားချိန်မှာ အတော့်ကို လန့်သွားခဲ့တယ်။

တခြား တစ်ဖက်မှာတော့ ရန်ချိန်လိနဲ့ မုချင်းဖန်းက မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။ နောက်ထပ် ဘာမှ မပြောတော့ပဲ တောက်ရှင်းက မျက်လုံးတွေ ဖြည်းဖြည်းချင်း ပိတ်သွားခဲ့ပြီ။

ရန်ရွှယ် မွေးဖွားချိန်ကနေ ဘဝတစ်လျှောက် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ဖန်ကျန်းရှီနဲ့ အဖြစ်အပျက်တွေ အားလုံးက သူ့စိတ်ထဲကို ရေလို ဝင်ရောက် လာတော့တယ်။ ဒီမှတ်ဉာဏ်တွေက သူမ ကိုယ်ပိုင် မှတ်ဉာဏ်တွေနဲ့ ရောထွေး နေပြီး ဘယ်သူ့ မှတ်ဉာဏ်ဆိုတာ ခွဲခြားလို့ မရနိုင်တော့ဘူး။

ဒါတွေက အရေး မကြီးတော့ပါဘူး။ သူမ သေတော့မယ်လေ။

“မမ။” တောက်ရှင်း ဆက်တိုက် အော်ဟစ် နေခဲ့တယ်။ ဘယ်တော့မှ မကြားတော့မယ့် သူကို အော်ခေါ် နေသလိုပဲ။

ယင်ယန် အမြွာ ညီအစ်မ။

တောက်ရှင်းနဲ့ တောက်ဟွမ် နှစ်ယောက်ရဲ့ ဆက်သွယ်မှုက ကြောက်စရာ လက်ဆောင် တစ်ခုလို ထူးခြားတဲ့ ဖြစ်တည်မှု အဖြစ် တည်ရှိခဲ့တယ်။ သာမာန် လူတွေ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီကြောက်စရာ လက်ဆောင်က သာမာန် မိသားစု တစ်ခုမှာ ဖြစ်တည် လာခဲ့တဲ့ အတွက် ဘဝတွေကို ပြောင်းပြန်လန် စေခဲ့တယ်။

တောက်ရှင်းနဲ့ တောက်ဟွမ်ရဲ့ ဘာဝက ကံဆိုးမှုတွေ ဖြစ်ခဲ့တယ်။

တကယ်တော့ တောက်ဟွမ်ရဲ့ မွေးနာမည်က တောက်ဟွမ် မဟုတ်ခဲ့ဘူး။ သူမကို လီယွိလျန်လို့ ခေါ်ခဲ့ကြတယ်။ အရမ်းကို သာမာန် ဆန်လွန်းတဲ့ သာမာန် ကောင်မလေး တစ်ယောက် ဖြစ်ခဲ့တယ်။ သူမရဲ့ အဖေက စစ်သား တစ်ယောက်၊ သူမ အမေကတော့ လယ်သူမလေး။

တောက်ဟွမ် မွေးပြီး ဆယ်နှစ် အကြာမှာ တောက်ရှင်းကို မွေးလာ လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့မိကြဘူး။ အဲ့ဒီ့ အချိန်မှာ သူတို့ရဲ့ အဖေက သေဆုံး ပြီးတာ ငါးနှစ် ရှိခဲ့ပြီ။

ကောလ ဟာလတွေက မကောင်းဆိုးဝါး တွေလိုမျိုး ဒီမိသားစုကို ရိုက်ခတ်လာတယ်။ စွပ်စွဲ ပြစ်တင် ဆဲရေး ကျိန်းမောင်း သံတွေက သူတို့ အမေကို စိတ်ဓာတ်ကျပြီး သေဆုံး စေတဲ့ အထိပဲ။

ယင်ယန် အမြွာ နှစ်ယောက်ရဲ့ တည်ရှိမှု။

ကြောက်စရာ ယင်ယန် တာအိုရဲ့ လှည့်စားမှုကြောင့် ဒုတိယ ကလေးကို မွေးဖွားဖို့ ဆယ်နှစ်တိတိ ကိုယ်ဝန်ဆောင်ချိန် လိုအပ်တယ်။ ဖခင်က စစ်တပ်ထဲမှာ သေဆုံး သွားခဲ့ပြီ။ မိခင်ကတော့ ကိုယ်ကိုယ်ကို ဆွဲကြိုးချရင်း သတ်သေခဲ့တယ်။ တောက်ဟွမ် အသက် ၁၁နှစ်။ တောက်ရှင်း အသက် ၁နှစ် အရွယ်မှာ ဒီလို အဖြစ်ကို ကြုံတွေ့ ခဲ့ရတယ်။

ကံကောင်း ထောက်မစွာနဲ့ ဒီလက်ဆောင်ကြောင့် တောက်ဟွမ်က ဖြည်းဖြည်းချင်း အင်အား ကြီးလာခဲ့တယ်။ တောက်ရှင်းကို အပြင် လောကဆီ သူမ ခေါ်ဆောင် လာခဲ့တယ်။ တောက်ရှင်းကတော့ ထူးခြား ထက်မြက်တဲ့ ပညာဉာဏ်ကို ပိုင်ဆိုင် ထားတယ်။

ဒီအချိန်မှာပဲ ယောကျာ်း တစ်ယောက်ကို တောက်ဟွမ် တွေ့ဆုံခဲ့တယ်။ ဒီလူက သာမာန်လူ ဖြစ်ပေမယ့်၊ တောက်ဟွမ် ဘဝကို လုံခြုံ စိတ်ချ စေတယ်။ သူမရဲ့ မတည်ငြိမ်တဲ့ စိတ်ကို တည်ငြိမ် စေတယ်။

ပျော်ရွှင်စရာ နေ့ရက်တွေကို သူတို့ ဖြတ်သန်း ဖြစ်ခဲ့တယ်။ တောက်ဟွမ်နဲ့ အဲ့ဒီ့လူက ကျင့်ကြံဆင့်တွေကို မြင့်သထက် မြင့်အောင် ကျင့်ကြံ နိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ အဲ့ဒီ့လူက သူ့စွမ်းအားတွေကို သုံးပြီး ယင်ယန် ခန်းမ ဆက်ခံသူ ပြိုင်ပွဲဝင်တွေ ထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။

အရာ အားလုံးကတော့ ကောင်းမွန် နေခဲ့တယ်။

အဲ့ဒီ့နေ့ရက်ကို မရောက်ခင် အထိပေါ့။ အဲ့ဒီ့လူက တောက်ရှင်း အခန်းထဲကို ဝင်ရောက်ခဲ့တယ်။ တောက်ဟွမ်လဲ သူ့ရဲ့ တကယ့် စိတ်အကြံအစည် အစစ်အမှန်ကို သိသွားခဲ့တယ်။ ယင်ယန် အမြွာတွေ ဒီတည်ရှိမှုက နှစ်ယောက် ပေါင်းစည်း နေမှသာ ဖြစ်လာ နိုင်တယ်။

ယင်ယန် ခန်းမရဲ့ တစ်ယောက်တည်းသော ဆက်ခံသူ ဖြစ်လာနိုင်ဖို့ အဲ့ဒီ့လူက တောက်ဟွမ်နဲ့ တောက်ရှင်း နှစ်ယောက်ကို သူ့ကျင့်ကြံမှု ခြေနင်းကျောက်တွေလို အသုံးချဖို့ ကြံစည် နေခဲ့တယ်။ သူ့ရဲ့ အစွမ်းကို မြှင့်တင် ပေးနိုင်မယ့် (တင်း မီးပြင်းဖို)တွေ ဖြစ်လာ စေဖို့ ကြိုးပမ်း ခဲ့တယ်။

အဲ့ဒီ့နေ့က မိုးတွေ သည်းသည်းမည်းမည်း ရွာသွန်း နေခဲ့တယ်။ တောက်ရှင်းကတော့ အဲ့ဒီ့လူရဲ့ ရှုံ့တွ သွားတဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မှတ်မိ နေဆဲပဲ။ သူ့ကို တားဆီးချင်တဲ့ တောက်ဟွမ်ကို ဟိန်းဟောက်ရင်း သူမကို ဓားနဲ့ ရက်ရက်စက်စက် ထိုးခဲ့တယ်။

အဲ့ဒီ့နေ့မှာပဲ (ကြက်ကလေး တစ်ကောင်ကိုတောင် သတ်ဖို့ အင်အား မရှိတဲ့) တောက်ရှင်းရဲ့ ဓားအောက်မှာ အဲ့ဒီ့လူ သေဆုံး ခဲ့ရတယ်။ တောက်ရှင်းရဲ့ စိတ်အေးချမ်း သွားခဲ့ရတဲ့ နေ့လဲ ဟုတ်ခဲ့တယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီး စိတ်ရှုပ်ထွေးနေတဲ့ သူ့အစ်မကြီးရဲ့ မျက်နှာပေါ်မှာ မျက်နှာဖုံး တစ်ခုကို သူတပ်ပေးခဲ့တယ်။

“မမ။ အခုချိန်က စပြီး မမ နာမည်က လီယွိလျန် မဟုတ်တော့ဘူး။ တောက်ဟွမ် ဖြစ်သွားပြီ။”

“တောက်ဟွမ်။”

အဲ့ဒီ့နေ့က စပြီး သူတို့ကို အသုံးချခဲ့သူက အသက်၊ ခန္ဒာ၊ ဝိဉာဉ် ကျင့်ကြံမှုတွေ အားလုံးကို ဆုံးရှုံး လိုက်ရတယ်။ ဒါပေမယ့် လီယွိလျန် အတွက်တော့ နာမည် တစ်ခု ချန်ရစ်ခဲ့တယ်။

တောက်ဟွမ်။ အဲ့ဒီ့လူ ပိုင်ဆိုင် ခဲ့တဲ့ နာမည်ပဲ။

လီယွိလျန်က လောကကနေ ပျောက်ကွယ် သွားခဲ့ပြီ။ တောက်ဟွမ် အသစ် တစ်ယောက်နဲ့ အတူ တောက်ရှင်း အသစ်လဲ လောကမှာ မွေးဖွားလာတယ်။

“ငါ့ကို သတ်လိုက်။” တောက်ရှင်း ရုတ်တရက် မျက်လုံး ပွင့်လာတယ်။ သူမရဲ့ အကြည့်က အရမ်းကို အေးစက် နေခဲ့တယ်။ လောကမှာ ရှိတဲ့ သစ္စာမဲ့ သူတိုင်းကို သူမ မုန်းတီးတယ်။

ဒါ့အပြင် သူမ ကျိန်ဆိုခဲ့တယ်။ လောကမှာ ရှိသမျှ ယောကျာ်း အားလုံးထက် သာလွန် စေရမယ်။ အမျိုးသမီးတွေက ယောကျာ်းတွေထက် အားမနည်းဘူး။ အများကြီး အင်အား ပိုကြီးတယ်။

ယင်ယန် ခန်းမ ခေါင်းဆောင် နေရာက အခုချိန်မှာ တောက်ရှင်းကို မကျေနပ် စေတော့ဘူး။ သူမရဲ့ အစ်မကြီးကို လူသား မဟာမိတ် အဖွဲ့ ခေါင်းဆောင် ဖြစ်လာ စေချင်တယ်။ လောကကြီးကို ဦးဆောင် စေချင်တယ်။ သေသွားခဲ့ပြီ ဖြစ်တဲ့ အဲ့ဒီ့လူကို လောကမှာ ယောကျာ်းတွေ မပိုင်ဆိုင်တဲ့ နေရာရှိမှန်း သိစေချင်တယ်။

တောက်ရှင်းက တစ်ဘဝလုံး အာဏာ အတွက် တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် ရန်ရွှယ့် မှတ်ဉာဏ်တွေကို သူမနဲ့ ချိတ်ပိတ် လိုက်ပြီးနောက် ရန်ရွှယ့်ကို ချစ်မိ သွားခဲ့တယ်။

သူမရဲ့ အကြောင်းတွေ ရန်ရွှယ့်ကို ပြောပြ ချင်ပေမယ့်၊ ရန်ရွှယ် မသက်မသာ ဖြစ်မှာကိုလဲ စိုးရိမ်တယ်။ နောက်ဆုံးတော့လဲ သူမက မိသားစု ကောင်းကောင်းက လာခဲ့သူ မဟုတ်သလို ဂုဏ်သတင်းကလဲ မကောင်းခဲ့ဘူး။ တောက်ရှင်း မျက်ဝန်းထဲမှာ

မျက်ရည်တွေ စီးကျလာတယ်။

မျက်ရည်တွေက လည်ချောင်းသွေးတွေနဲ့ ရောပြီး မြေပြင်မှာ သွေးတွေ အိုင်နေခဲ့ပြီ။ တောက်ရှင်း နောက်ဆုံးမှာတော့ လဲကျ သွားတော့တယ်။

ဖန်ကျန်းရှီက တောက်ရှင်းကို စကားပြောချိန် ထပ်မပေးတော့ဘူး။ တောက်ရှင်းလဲ သူမ ဇာတ်ကြောင်းကို မသေခင် ပြောမပြ နိုင်ခဲ့ဘူး။

“မှတ်ဉာဏ်တွေကို ချိတ်ပိတ် ထားတာက အချစ်စစ်ကို ဖြစ်စေ နိုင်တာလား။” ဖန်ကျန်းရှီ ဒါကို နားမလည်ဘူး။ တောက်ရှင်း မသေသရွေ့ ရန်ရွှယ် မှတ်ဉာဏ် ပြန်မရ နိုင်တာတော့ သူသိတယ်။

ယင်ယန် ပူးတွဲ တည်ရှိမှုက စက်ဝိုင်းလိုပဲ။ ရန်ရွှယ့်ကို ကယ်တင်ဖို့ တောက်ရှင်းက သူ့ဝိဉာဉ်ထဲမှာ မှတ်ဉာဏ်တွေကို ချိတ်ပိတ် ထားခဲ့တယ်။ ဒါက အဆုံးသတ် ရေရေရာရာ မရှိပဲ ဇာတ်သိမ်းဖို့ ကြမ္မာဖန်လာတဲ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်နိုင်တယ်။

တောက်ဟွမ် ဆုံးဖြတ်ချက် ချလိုက် ပြီးချိန်မှာ တောက်ရှင်းက ရန်ရွှယ့် မှတ်ဉာဏ်တွေကို ထပ်တူ ခံစားရင်း ချစ်မိ သွားမယ်လို့ မသိခဲ့တာလဲ ဖြစ်လိမ့်မယ်။ အခုချိန်မှာတော့ နှစ်ယောက်လုံး သေဆုံး သွားခဲ့ပြီ။ ရန်ရွှယ်လဲ မြေပြင်ပေါ်ကို လဲကျသွားတယ်။

အရမ်းကို ပြင်းပြင်းထန်ထန် နာကျင် နေပုံပဲ။ သူ့မျက်ဝန်းတွေထဲမှာ တောက်ပတဲ့ အနီရောင် အလင်းတန်းက လင်းထိန် နေခဲ့တယ်။

“အား။” ရန်ရွှယ် သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ ဖိရင်း မြေပြင်ပေါ်မှာ လိမ့်နေခဲ့တယ်။ မှတ်ဉာဏ်တွေထဲက သူ့စိတ်ထဲကို ရေတွေလို စီးဝင် လာခဲ့ပြီ။

“ရွှယ်အာ။ မင်း အဆင်ပြေရဲ့လား။” ရန်ချန်လိက ရန်ရွှယ့်ဆီကို ပြေးဝင် လာပေမယ့် အနား မကပ်နိုင်ခဲ့ဘူး။ ရန်ရွှယ့် ခန္ဒာကိုယ်ကနေ ပြင်းထန်တဲ့ အင်အားလှိုင်းတွေ ဆက်တိုက် ထွက်ပေါ် နေခဲ့တယ်။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီက ရန်ရွှယ့် ပုခုံးကို လက်နဲ့ လာဖိတယ်။ ရန်ရွှယ့် ခန္ဒာကိုယ်ကို ဖြည်းဖြည်းချင်း တည်ငြိမ်လာအောင် သူကူညီတယ်။

အချိန် အတော်ကြာ ပြီးနောက် ရန်ရွှယ့် မျက်လုံးတွေက ပြန်ကြည်လင် လာတော့တယ်။ အခုချိန်မှာတော့ မျက်ဝန်းထဲမှာ ဝမ်းနည်းမှု အငွေ့အသက် တစ်ချို့လဲ ရှိနေခဲ့တယ်။

မြေပြင်ကနေ ဖြည်းဖြည်းချင်း ထလာပြီး ဖုန်တွေကို ခါတယ်။ ဖန်ကျန်းရှီကို ရင်းနှီးခင်မင်တဲ့ မျက်ဝန်းတွေနဲ့ သူပြန်ကြည့်တယ်။

“လောကကြီးမှာ လူတိုင်းကို ငါသစ္စာ ဖောက်နိုင်တယ်။ လူတစ်ယောက်ကတော့ ချွင်းချက်ပဲ။” ရန်ရွှယ် အရိုးရှင်းဆုံး ပြောတယ်။

“အင်း။” ဖန်ကျန်းရှီ ခေါင်းငြိမ့်လိုက်တယ်။ ရန်ရွှယ် မှတ်ဉာဏ်တွေ ပြန်ရ သွားပြီ။

ဒါပေမယ့် ယင်ယန် ခန်းမက မှတ်ဉာဏ်တွေကိုလဲ သူမမေ့ခဲ့ဘူး။

“သူ့ ခန္ဒာကိုယ် ငါ့ကို ပေးလိုက်။” ရန်ရွှယ် ပြောတယ်။

“ကောင်းပြီ။” ဖန်ကျန်းရှီ ခေါင်းငြိမ့်တယ်။

ရန်ရွှယ် ရှင်းမပြဘူး။ သူနဲ့ ဖန်ကျန်းရှီ ကြားမှာ အထင်လွဲမှု ဆိုတာ မရှိသလို ဖြေရှင်းချက်လဲ မလိုအပ်ဘူးလေ။

“အသက်ရှင် ရတာ တယ်ကောင်းတာပဲ။”

“ဟုတ်တယ်။ ငါတို့ အားလုံး အသက်ရှင် နေသေးတယ်။” ရန်ရွှယ် တွေးနေတာကို သိတဲ့ အတွက် ဖန်ကျန်းရှီက ရေလိုက် ငါးလိုက် ပြန်ပြောတယ်။

ပင်းယန်ကတော့ အရမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရန်ရွှယ့် ပုခုံးကို လာဖက်တယ်။ လက်တစ်ဖက်ကတော့ ဖန်ကျန်းရှီ့ ခါးကို လှမ်းဆွဲတယ်။

“ရန်ရွှယ် နင်ပြန် သတိရတာ ငါ့ကြောင့်လဲ ပါတယ်။ ငါ့ကို ကျေးဇူး မတင်ဘူးလား။” ပင်းယန်က ဖန်ကျန်းရှီကို မျက်စပြစ်ရင်း ပြောတယ်။

“မလိုအပ်ပါဘူး။” ရန်ရွှယ် ပြန်ဖြေတယ်။”

“ဘာလို့လဲ။”

“ငါ့ အရည်အချင်းနဲ့ မင်းကို ကူညီလာအောင် လုပ်နိုင်ခဲ့တာလေ။ ဘာလို့ ကျေးဇူး တင်ရမှာလဲ။” ရန်ရွှယ် ပြန်မေးတယ်။

“..” ပင်းယန် ဘာမှ မပြောနိုင်တော့ဘူး။ ကိုယ့်ကိုယ်ကို စကားပြော ကောင်းလှပြီ ထင်ပင်မယ့် အခုချိန်မှာတော့ ဘာမှ မပြောနိုင် ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ မျက်ရည်ထွက်တဲ့ အထိ ရယ်မောနေတယ်။

“ရန်ရွှယ်ရာ အသက်ရှင်ရတာ တယ်ကောင်းတာပဲ။” ဖန်ကျန်းရှီ လေးလေး နက်နက်ကြီး ပြောတယ်။

“ဟုတ်တယ်။ ငါတို့ အားလုံး အသက်ရှင် နေသေးတယ်။” ရန်ရွှယ် ပြန်ဖြေတယ်။

“..” ပင်းယန်ကတော့ ပါးစပ် အဟောင်းသား။

ဖန်ကျန်းရှီနဲ့ ရန်ရွှယ်က တစ်ယောက်ကို တစ်ယောက် ပြုံးပြ နေခဲ့တယ်။ သူတို့ နောက်ထပ် မပြောကြတော့ဘူး။ လုပ်ရမယ့် အရာတွေက အများကြီး ရှိနေသေးတယ်။

မြေပြင်မှာ ထိုင်လျက်သား ရှိနေတဲ့ ရန်ချန်လိကို ရန်ရွှယ် ဒူးထောက်လိုက်တယ်။ အဲ့ဒီ့နောက် သုံးကြိမ်တိတိ ဝပ်တွား ဦးခိုက်တယ်။

“တောင်းပန်ပါတယ် အဖိုး။”

“ရွှယ်အာ။ ဘာမှ တောင်းပန်စရာ မလိုဘူး။” ရန်ချန်လိ ချက်ခြင်း ထရပ်ရင်း ဆွဲထူတယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေလဲ ရစ်ဝဲ နေခဲ့တယ်။ စစ်သူရဲကောင်းကြီးတောင်မှ သူ့မြေးကြောင့် မျက်ရည်ဝဲ နေ၇ပြီ။

သူ့မြေး ရန်ရွှယ် မှတ်ဉာဏ်တွေ ပြန်ရပြီး အသိ ဝင်လာပြီ။

အရင်ကနဲ့ မတူညီပဲ ရန်ရွှယ်က အများကြီး ပိုပြီးတော့ တည်ငြိမ် ရင့်ကျက် နေခဲ့တယ်။ သာမာန်လူတွေ တစ်သက်လုံး မကြုံရမယ့် အရာမျိုးကို သူကြုံခဲ့ ရတယ်လေ။

..

“ကျန်းရှီ။ မင်း ကျောက်ပြား တစ်ခုကို စိတ်ဝင် စားမယ်လို့ ငါထင်တယ်။” ရန်ရွှယ်က တောက်ရှင်း ခန္ဒာကိုယ်ကို ချီမရင်း ပြောတယ်။

“ကျောက်ဖျာလား။” မုချင်းဖန်းတို့ တွေ့ခဲ့တဲ့ မှတ်တမ်း ကျောက်ဖျာက အနားမှာ ရှိနေမယ်လို့ ဖန်ကျန်းရှီ ခန့်မှန်းမိတယ်။ အခုချိန်မှာ လူသား မဟာမိတ် အားလုံးက တစ်နေရာတည်း စုနေ ခဲ့တယ်။ ရန်ရွှယ် လက်ညှိုးထိုး ပြတဲ့ နေရာကို ကြည့်လိုက် ချိန်မှာတော့ အနက်ရောင် ကျောက်ပြားကြီးကို တွေ့လိုက်ရတယ်။

ဒီကျောက်ပြားက ငါးပေကျော် မြင့်တယ်။ စာလုံး အားလုံးက ရွှေရောင် တောက်ပ နေခဲ့တယ်။

ဒီစာလုံးတွေက သာမန် စာလုံးတွေနဲ့ မတူညီပဲ ထူးခြားတဲ့ အဓိပ္မာယ်တွေ ရှိနေခဲ့တယ်။

“အင်း။ ဒီစာလုံးတွေ အားလုံးကို ငါမှတ်မိနေသား။” ဖန်ကျန်းရှီ ကျောက်ပြားကို အကဲခတ် ပြီးတဲ့နောက် ပြောလိုက်တယ်။

အပိုင်း (၉၈၄) ပြီး၏။

အပိုင်း (၉၈၅)

“မိုးနတ်မင်းရေ ကယ်တင်ပေးပါ။ မိစ္ဆာတွေ လာနေပြီ။”

ဖန်ကျန်းရှီက အရင် ဘဝမှာ သမိုင်း စာပေတွေကို လေ့လာတဲ့ ပညာရှင် တစ်ယောက် ဖြစ်ခဲ့တယ်။ သူက အရမ်းကို ကြိုးစားပြီး ထူးချွန်တဲ့သူ။ သူ့ရဲ့ ဆောင်းပါးတွေကိုတောင် လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ ဖော်ပြတဲ့ အထိပဲ။

ဒါပေါ့။ ဒါတွေက သိပ်ပြီး အလုပ် မဖြစ်ခဲ့ဘူး။ ဘွဲ့ရပြီးတဲ့နောက် သုတေသန လုပ်ငန်းစဉ် အလုပ်တွေကို ပျင်းလွန်းလို့ အလုပ်မလျှောက်ခဲ့ဘူး။ နေ့တိုင်း ရှေးဟောင်း သမိုင်းစာတွေကို သုတေသနလုပ်၊ ရှေ့နောက် ပြန်ဖတ် ဘာသာပြန်တာတွေပဲ ဆက်တိုက် လုပ်နေရမှာကို သူဘယ်လိုမှ မလုပ်နိုင်ခဲ့ဘူး။

အရမ်းကို ပျင်းစရာ ကောင်းလွန်းတဲ့ အပြင်၊ ဒီနယ်ပယ်မှာ အမျိုးသမီး ငယ်ငယ် ချောချောဆိုတာ မရှိဘူး။ အားလုံးက လူအိုကြီးတွေ၊ မျက်မှန် ပုလင်းဖင်နဲ့ အဖွားကြီးတွေ၊ ပျော်စရာ မရှာတတ်တဲ့ ကောင်တွေချည်းပဲ။

ဖန်ကျန်းရှီက အရမ်းကို ရည်မှန်းချက် ကြီးပြီး စိတ်အား ထက်သန်တဲ့သူ။ ဒီလို ပျင်းစရာ ဘဝမျိုးမှာ သူမနေနိုင်ဘူး။ ဒါကြောင့် တခြား အလုပ် တစ်ခုကို သူရှာခဲ့တယ်။ အဲ့ဒီ့နောက် ဘဝက အဆုံးသတ် သွားပါလေရော။

တနေ့မှာ အတွင်းရေးမှူး ထားနိုင်တဲ့ သူဌေး တစ်ယောက် ဖြစ်လာမယ်လို့ သူ့ကိုယ်သူ တွေးခဲ့ပင်မယ့်၊ သူ့ရဲ့ ရှေးဟောင်း သမိုင်းစာပေ လေ့လာရေး ဘွဲ့ကြောင့် အသက် အာမခံ ကိုယ်စားလှယ်တောင် ဖြစ်မလာ ခဲ့ဘူး။

ပထမဆုံး အလုပ်လျှောက်တဲ့ အချိန်မှာ ကျွဲကော်ကိုင်း မျက်မှန်ထူထူကြီးကို တပ်ထားတဲ့ အမျိုးသမီးကြီးနဲ့ တွေ့ရတယ်။ သူမက အရမ်းကို လေးနက် လွန်းတယ်။

“ကောင်းပြီ။ အင်တာဗျူး စကြစို့။ ပထမဆုံး မေးခွန်းက အာမခံ ဆိုတာ မင်းကို ဘာတွေ လုပ်ပေးနိုင်မယ်လို့ မင်းထင်လဲ။” အမျိုးသမီးကြီးက မျက်မှန်ကို ချိန်ညှိရင်း မေးတယ်။

“အမ်။ ပထမဆုံးက ကိုယ့်ကိုယ်ကို မိတ်ဆက် ရမှာ မဟုတ်ဘူးလား။” ဘွဲ့ရခါစ မနူးမနပ်လေး ဖန်ကျန်းရှီကတော့ တုံးတုံးအအနဲ့ မေးမိတယ်။

“မေးခွန်းကို ဖြေ။”

“အိမ်၊ ကား၊ ပိုက်ဆံ။”

“မဟုတ်ဘူး။ လုံခြုံ စိတ်ချရမှုပဲ။” အမျိုးသမီး ချက်ခြင်း မျက်နှာထား တင်းမာ သွားတယ်။ ဖန်ကျန်းရှီကို ဆယ်စက္ကန့်တိတိ စိုက်ကြည့် ပြီးနောက် ဆက်မေးတယ်။ “မင်း အာမခံ ဝယ်ဖူးလား။”

“ဟင့်အင်း။”

“ဒီမှာ အာမခံ စာချုပ်။ မင်း နာမည်ကို စာရင်းသွင်းမှာလား။”

“လုံး၀ မသွင်းဘူး။”

“အာမခံကို မင်းကိုယ်တိုင်တောင် မယုံကြည်ရင်၊ မင်းက ဘယ်လိုလုပ် ကိုယ်စားလှယ်ကောင်း တစ်ယောက် ဖြစ်လာ နိုင်မှာလဲ။ ကိုယ့်အတွက် ကိုယ် အာမခံ လုပ်ဖို့ အတွေ့ အကြုံတောင် မရှိပဲ အာမခံ အကြောင်း မင်း ဘယ်လိုလုပ် သိနိုင်မှာလဲ။”

“ဒေါ်ဒေါ်က ကျွန်တော့်ကို အာမခံ စာချုပ် ရောင်းဖို့ လုပ်နေတာ မဟုတ်လား။” ဖန်ကျန်းရှီ ရုတ်တရက် ဆိုသလို ဖြစ်နေတာကို နားလည် သွားတယ်။

“..” အမျိုးသမီးကတော့ လက်ထဲက စာချုပ်ကို ကိုင်ထားရင်း သက်ပြင်းချ လိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ အလုပ်လျှောက်လွှာကို ဘေးချပြီး ပြောတယ်။ “ကောင်းပြီ နောက်တစ်ယောက်။”

ဖန်ကျန်းရှီ ပထမဆုံး အလုပ်လျှောက်တာမှာ ကျခဲ့တယ်။ ဒါပေါ့။ ဖန်ကျန်းရှီက အသုံး မဝင်တာတော့ မဟုတ်ခဲ့ဘူး။ ရှေးဟောင်း စာပေမှာတော့ သူက အရမ်းကို ထူးချွန်တယ်။

အရိုးစာ၊ ကျောက်စာ၊ ကြေးနီစာ အားလုံးကို သိသင့်သလောက် သိတယ်။

တရုတ် ရှေးဟောင်း စာလွှာ ရှစ်ခုကိုတောင် သူလေ့လာ ခဲ့သေးတယ်။ ချန်းကျယ် စာလွှာ၊ ရှယွီ စာလွှာ၊ ကျောက်တုံးနီ ကောင်းကင် စာလွှာ၊ ပါးရှု သင်္ကေတ၊ တုန့်ပါး သင်္ကေတ ရှစ်ခုလုံးကို လေ့လာခဲ့တယ်။ သူက သူ့မျိုးဆက်မှာတော့ ပါရမီရှင်ပဲ။

ကျောက်ဖျာပေါ်က စာတွေကို မြင်ချိန်မှာ (ငါ အကုန်လုံးကို သိနေသလိုပဲ) ဆိုတဲ့ စကားကို သူပြောတာ လုံးဝကို ရိုးရိုးသားသား ပြောတာပဲ။

သူ့ရဲ့ ရိုးရိုးသားသား စကာေးတွက မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ တခြားသူတွေ အားလုံးကို တူနဲ့ ထုသလို ခံစား ရသေးတယ်။ အကယ်၍ တခြားသူသာ ဒါမျိုးကို ပြောလာမယ် ဆိုရင်တော့ အရင်ဆုံး မျက်ခွက်ကြီး စုတ်သွားအောင် လက်သီးစာ ကျွေးမိပြီ။

“သူက အားလုံးကို သိတယ်လား။”

“ကျောက်ဖျာပေါ်က စာတွေ အားလုံးကို ဖတ်တတ်တယ်လို့ သူပြောချင်တာလား။”

လူသား မဟာမိတ် တပည့်သားတွေ တစ်ယောက်ကို တစ်ယောက် မယုံနိုင်မှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီသာ သုခမိန် စစ်နတ် မုန့်ထျန်း အဖြစ် ဟန်ဆောင် နေတုန်း ဖြစ်ခဲ့ရင်၊ သူ့စကားကို သူတို့ ယုံမိမှာပဲ။

ဒါပေမယ့် အခုကတော့ ဖန်ကျန်းရှီ ဖြစ်နေခဲ့တယ်။ သူ့ကို သူတို့ ဘယ်လို ယုံရမှာလဲ။ အထူးသဖြင့် မုချင်းဖန်း အတွက် ပိုဆိုးတယ်။ သူ့လည်ပင်းထဲမှာ ဘဲဥ အကြီးကြီး နင်နေသလို စကား တစ်ခွန်းမှ ထွက်မလာ နိုင်ခဲ့ဘူး။

(မင်းက အားလုံးကို ဖတ်တယ် တယ်ဆိုရင် ငါက ဘာကောင်ကြီး ဖြစ်သွားမလဲ။) မုချင်းဖန်းက မြင့်မြတ် နယ်မြေ တစ်ခုလုံးမှာ အသိပညာ အကြွယ်ဝဆုံး လူတစ်ယောက်လို့ သူ့ကိုယ်သူ သတ်မှတ်ထားသူ။

ဒါပေမယ့် အခုချိန်မှာ တခြားသူ တစ်မျိုး ပြောနေခဲ့ပြီ။ ဒါ့အပြင် သူက အားလုံးကို သိတယ်လို့ အရှက်မရှိ ပြောနေသေးတယ်။ မုချင်းဖန်းတောင် လပေါင်းများစွာ လေ့လာပြီးမှ ဒါကို အကြမ်းဖျင်း ဖတ်နိုင် ခဲ့တာလေ။

ဘယ်လူ ဘယ်ခွေးမှ ဒီကောင့် စကားကြောင့် လှည့်စား ခံရမှာ မဟုတ်ဘူး။

လူတစ်ယောက်က အရှက်မရှိ နိုင်ပေမယ့်၊ ဒီလောက်ကတော့ လွန်သွားပြီ။

မုချင်းဖန်း မေးခွန်း ထုတ်တော့မယ့် အချိန်မှာပဲ၊ ရုတ်တရက် အသိဝင်လာပြီး ပါးစပ် ပြန်ပိတ် သွားခဲ့တယ်။

ဖန်ကျန်းရှီကို ယုံကြည်ဖို့ သူရုတ်တရက် ဆုံးဖြတ် လိုက်တာ မဟုတ်ဘူး။ စိတ်ထဲမှာ တခြား တစ်ခုကို မှတ်မိ သွားလို့ပဲ။

“နေစမ်းပါအုန်း။”

(ဖန်ကျန်းရှီသာ သုခမိန် စစ်နတ် မုန့်ထျန်း ဖြစ်ခဲ့ရင်၊ ဝူယွဲ့အာ လင်းရှောင်တောင်မှာ ပြောခဲ့တာတွေ ဒဏ္ဍာရီတွေက ဘာတွေ ဖြစ်သွားမလဲ။)

(သေလိုက်ပါတော့၊ ငါနောက်တစ်ယောက် လှည့်စား ခံရပြန်ပြီ။)

မုချင်းဖန်း ရုတ်တရက် နားလည် သွားတယ်။ ဒီဒဏ္ဍာရီက ဖန်ကျန်းရှီရဲ့ ရွှေပါးစပ်တော်ကြီး ကနေ ထွက်လာတာပဲ ဖြစ်ရမယ်။

အရှက် မရှိလိုက်တဲ့ ကောင်စုတ်။

မုချင်းဖန်း ဒေါသ ထွက်လာပင်မယ့်၊ ဖန်ကျန်းရှီ ဖန်တီး လိုက်တာကို နားလည်နိုင်တယ်။ ဒါက ယွင်ချင်းဝူကို ဖမ်းဖို့ပဲ ဖြစ်ရမယ်။

ဒါဆိုရင် ကျောက်ဖျာပေါ်က စာတွေ အားလုံးကို သူသိတယ်လို့ ပြောနေတာ ဘာရည်ရွယ်ချက်များ ရှိလို့လဲ။ မုချင်းဖန်းက အရမ်းကို မြင့်မြင့်မားမား လေးလေးနက်နက် တွေးတော နေခဲ့တယ်။

ဖန်ကျန်းရှီ တမင်တကာ လုပ်ချင်တာလား သူမသေချာပေမယ့်၊ အကြောင်းအရင်း ရှိမှန်းတော့ သူယုံတယ်။ အကြောင်း အရင်းကို သူသေချာ မသိပေမယ့်၊ ဖန်ကျန်းရှီရဲ့ အရင် လုပ်ရပ်တွေကြောင့် အလိမ် မဖော်ဖို့ သူဆုံးဖြတ်လိုက်တယ်။

(ကောင်းပြီလေ။ ဒီကောင်စုတ်လေး ဘာလုပ်ချင်နေလဲ စောင့်ကြည့် လိုက်ပါအုန်းမယ်။)

အချိန် အတော်ကြာ တွေးတော ဆုံးဖြတ် ပြီးတဲ့နောက် မုချင်းဖန်း ချောင်းဟန့် လိုက်တယ်။ ကျောက်ဖျာကို လက်ညှိုးထိုးပြီး သူပြောတယ်။

“ဖန်ကျန်းရှီ ဒီစကားလုံးတွေ အားလုံးကို မင်းသိတယ် ပြောနေမှတော့၊ ဒီအကြောင်း အရာ သုံးခုကို အကြမ်းဖျင်း ပြောပြပေး နိုင်မလား။”

မုချင်းဖန်း စကားတွေ အားလုံးကို စဉ်းစဉ်းစားစား ပြောတယ်။

ဖန်ကျန်းရှီကို သံသယ ရှိသလို အသံ ထွက်နေပင်မယ့်၊ ကျောက်ဖျာပေါ်က အကြောင်းအရာ သုံးခုကို ဖန်ကျန်းရှီ ဘာသာပြန်စေဖို့ သူအားထုတ်နေတယ်။

ဒါ့အပြင် အကြမ်းဖျင်း ဘာသာ ပြန်ပြဖို့ပဲ သူပြောတယ်။ ဒါဆိုရင် ဖန်ကျန်းရှီနဲ့ သူဘာသာပြန်တာ အများကြီး ကွာခြားချက် ရှိမှာ မဟုတ်တော့ဘူး။

နောက်ဆုံးတော့လဲ ဖန်ကျန်းရှီ ရောက်မလာခင် အချိန်တွေမှာ ဒီကျောက်ဖျာပေါ်က အကြောင်းအရာတွေကို သူလေ့လာ ခဲ့ပြီးသားလေ။ တစ်ချို့ စကားလုံးတွေကို သူသိတယ်လို့ လူသား မဟာမိတ် အဖွဲ့ကို ပြောထားပြီးသား။

“ဟုတ်တယ် အရှက် မရှိတဲ့ ကောင်စုတ်။ အားလုံးကို အကြမ်းဖျင်း ပြောပြပါလား။” ဝူယွဲ့အာလဲ မုချင်းဖန်း ရည်ရွယ် ချင်တာကို နားလည်တဲ့ အတွက် ချက်ခြင်း ဝင်ပြောတယ်။

ဖန်ကျန်းရှီ ပြောတိုင်း ယုံနေရအောင် သူက ငတုံးမှ မဟုတ်တာ။ ဖန်ကျန်းရှီက အတော်လေး ထူးချွန်တာကို သူမ သိတယ်။ သူအရမ်းကို ပါရမီရှိပြီး တမိုးအောက် တစ်ယောက်ထွန်း ရွှေဉာဏ်ရှင် စစ်စစ်ကြီး။

ဒါပေမယ့် သူ့ရဲ့ အဓိက မဟာ အားနည်းချက်ကြီး ကတော့ လောက သမိုင်းတွေ ဒဏ္ဍာရီတွေကို တစ်ခုဆို တစ်ခုလေးမှ မသိတာပဲ။

ဖန်ကျန်းရှီက ဒီအချက်တွေကို ဂရုမစိုက်သလို စိတ်လဲ မဝင်စားဘူး။

ဒါကြောင့် သူက ဘယ်လိုများ ကျောက်ဖျာပေါ်က စာတွေကို သိနိုင်မှာလဲ။ အရင်တုန်းကလဲ တစ်ခါမှ မလေ့လာ ဖူးတာကို။

“ကောင်းပြီ။ ငါတစ်ချက် ကြည့်လိုက်အုန်းမယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း ကျောက်ဖျာနားကို ကပ်သွားတယ်။

“..”

“တစ်ချက် ကြည့်မယ်တဲ့လား။”

လူသား မဟာမိတ် တပည့်သားတွေ မိုးကြိုးပြစ် ခံရသလို ခံစား နေရပြန်တယ်။

(မင်းပြောတော့ အကုန် သိတယ်ဆို ဘာဖြစ်လို့ ကြည့်နေ အုန်းမှာလဲ။)

တပည့်သားတွေ သံသယ ဝင်နေ ချိန်မှာပဲ ဖန်ကျန်းရှီက ဗလုံးဗထွေးတွေ စပြောတော့တယ်။

“အင်း။ ပထမ စာပိုဒ်က ဟိုတစ်ခု။ အော် ဒီလို ဖြစ်တာပဲ။ အံ့သြစရာ မရှိပါဘူး။ ဟာ ဒီလက်ရေးစာက ဒီနေရာမှာ ပါနေတာပဲ။ နည်းနည်းတော့ ပြောမကောင်းဘူး။”

(မင်း ဟန်ဆောင်နေတာ ရပ်လို့ မရဘူးလား။

မင်း ဒါတွေကို နားလည်တယ်လို့ ဘယ်သူက ယုံနေမှာလဲ။)

ဖန်ကျန်းရှီ ပထမ စာပိုဒ် အကြောင်း ပြောချိန်မှာ တပည့သားတွေ နည်းနည်း အကောင်းမြင် လာပင်မယ့်၊ သူဆက်ပြောတာကို ကြားချိန်မှာတော့ စိတ်ပျက် သွားကြပြန်တယ်။

(ဒါလား အကုန်လုံး သိတာ။

အရူးမှပဲ မင်းပြောတာကို ယုံလိမ့်မယ်။)

သူတို့ စိတ်ထဲမှာသာ ပြောဝံ့တယ် ဘယ်သူမှ အသံ မထွက်ဝံ့ဘူး။ ကျမ်းကောင်းကင်တောင်မှာ ဖြစ်ခဲ့တာတွေကို ရှင်းရှင်းလင်းလင်း မှတ်မိဆဲလေ။

ဖန်ကျန်းရှီ စိတ်နည်းနည်း မကြည်တာနဲ့ ထရိုက်ဖို့ ဝန်လေးမယ့်သူ မဟုတ်ဘူး။

သူ့ကို ဘယ်သူမှ သွားမရှုပ်ဝံ့ဘူး။

အရေးအကြီးဆုံး ကတော့ ဒီကောင်စုတ်က အခုချိန်မှာ ကြောက်စရာ ကောင်းလောက်အောင် အင်အား ကောင်းနေပြီ။ တောက်ဟွမ်ရဲ့ အလောင်းက အကောင်းဆုံး သက်သေပဲ။ မုချင်းဖန်းနဲ့ တခြားသူတွေလို သုခမိန် အထွတ်အထိပ် အဆင့်တွေတောင် သူ့အင်အားကို မယှဉ်နိုင်ဘူး။

သူက နတ်သခင်တွေ အများကြီးကိုလဲ သတ်ဝံ့သေးတယ်။

ဒီလို လူမျိုးရှေ့မှာ ဘယ်သူကများ အာချောင် ဝံ့မှာလဲ။

…

ရန်ရွှယ်နဲ့ ပင်းယန်က ဖန်ကျန်းရှီ အနားကို ဒီအချိန်မှာ ရောက်လာခဲ့ပြီ။ တခြားသူတွေနဲ့ မတူပဲ ပင်းယန်ကတော့ အံ့သြ နေပြီး ရန်ရွှယ်ကတော့ တည်ငြိမ် နေခဲ့တယ်။

“ခန်းမ ခေါင်းဆောင်မု ပြောပြတာတော့၊ ပထမ အကြောင်း အရာထဲမှာ နွီဝါး မယ်တော်က ကပ်ဆိုး အရင်းအမြစ်ကို ရှာဖွေခဲ့တယ်။ လောကကြီးရဲ့ ကပ်ဆိုးတွေ ဘေးဒုက္ခတွေ အားလုံးက ကြယ်တာရာ ထဲက လာတာကို တွေ့ခဲ့တယ်။ ဒါကြောင့် ကောင်းကင်ကို ဖာထေးဖို့ သူမ နည်းလမ်း စရှာတယ်။ မင်းဖတ်တာနဲ့ သူပြောခဲ့တာတွေထဲ မကိုက်တာ ရှိလား။” ရန်ရွှယ် ဖြည်းဖြည်းချင်း ပြောတယ်။

“မင်းလဲ စိတ်ဝင်စား လို့လား။” ဖန်ကျန်းရှီ ပြန်မေးတယ်။

“အင်း။” ရန်ရွှယ် ခေါင်းငြိမ့်တယ်။

“ဒါဆို ငါမင်း အတွက် ဖတ်ပြ ပေးမယ်လေ။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“…”

“…”

ဝူယွဲ့အာနဲ့ ပတ်ဝန်းကျင် တပည့်သားတွေက ချက်ခြင်း ပါးစပ် အဟောင်းသား ဖြစ်သွားကြတယ်။

မုချင်းဖန်းကတော့ အဆိုးဆုံးပဲ။ တတ်နိုင်ရင် ဒီကောင့်ကို အခုချိန်မှာ သတ်ချင်နေပြီ။

(မင်း ဒီလောက်ထိ လုပ်စရာ လိုလို့လား။ အလိမ်ပေါ်မှာကို မကြောက်ဘူးလား။

ဖတ်မယ်တဲ့။

မင်းမေကြီးကိုပဲ ဖတ်ပြလိုက်စမ်း။ )

မုချင်းဖန်း အတွေးတွေကို ဖန်ကျန်းရှီရဲ့ အသံက ဝင်နှောက်ယှက်တယ်။

“ရှေးရှေးကာလတွင် ကောင်းကင်ကို ထောက်ပံ့ထားသော တိုင်လုံးကြီး လေးတိုင် ပြိုကွဲခဲ့၏။ ကောင်းကင်ကြီးသည် မြေကမ္ဘာ တစ်ခွင်ကို ဖုံးလွှမ်း မပေးနိုင်တော့၊ လောကကြီးကိုလဲ မထောက်ပံ့ နိုင်တော့ပဲ ဖြစ်လာခဲ့သည်။ ရေကြီးရေလျှံမှုနဲ့ တောမီးလောင်မှုတွေ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် မထိန်းချုပ်နိုင်တော့ပေ။ အင်အားကြီး သားရဲ ကောင်များသည် ရိုးသားသော ပြည်သူများကို စားသောက် ပြစ်လေ၏။ ကြမ်းတမ်းသော ငှက်ရိုင်းများသည် သက်ကြီး ရွယ်အိုများနှင့် ကလေးငယ်များကို သုတ်ချီ ယူဆောင်ကုန်လေသည်။”

“…”

“…”

ဖန်ကျန်းရှီ ဖတ်ပြ လိုက်ပြီး ချိန်မှာပဲ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့တယ်။

(သူက တကယ်ကြီး ဖတ်နေတယ်။

ဒါ့အပြင် ချောချော မွေ့မွေ့ကြီးကို ဖတ်နေတယ်။

ဒီကောင် ဘာကောင်လဲ။ ကြောက်စရာ ကောင်းလိုက်တာ။)

လူသား မဟာမိတ် တပည့်သားတွေ ဖန်ကျန်းရှီ ပထမ စာပိုဒ် ဖတ်ပြတာကို နားထောင်ရင်း ကြက်သီးတွေ ထလာခဲ့တယ်။

မုချင်းဖန်း၊ တောက်ဟွမ်၊ တောက်ရှင်း၊ ဝူယွဲ့အာနဲ့ ရန်ချန်လိလို ပညာရှင်တွေ အားလုံးကတောင် စကားလုံး နည်းနည်းကိုသာ ဘာသာပြန် နိုင်ခဲ့တယ်။

တိုင်လုံး လေးတိုင်၊ သစ်တော၊ မီး ဒီစကားလုံးတွေနဲ့ အတူ ကြယ်တာရာ ကပ်ဆိုးကိုလဲ သူတို့ တွက်ချက် နိုင်ခဲ့တယ်။

အခုချိန်မှာတော့ ဖန်ကျန်းရှီက အေးအေးဆေးဆေးလေး ဖတ်ပြ နေခဲ့ပြီ။

“..” မုချင်းဖန်း မျက်နှာကတော့ ခရမ်းချဉ်သီးလို နီရဲ နေခဲ့တယ်။ သူ့ရှေ့မှာ တွင်းတစ်တွင်းသာ ရှိရင်၊ သူတူးပြီး ဝင်နေချင်ပြီ။

(မင်းကွာ ဒီလောက်ထိ လုပ်ပြဖို့ လိုလို့လား။

ဒီကောင် ဘယ်လိုတောင် ပါရမီရှိ နေတာလဲ။

ကျောက်ဖျာပေါ်က စာတွေ အားလုံးကို သူဖတ်နိုင်တယ်။ သေစမ်း။ တကယ်ကြီးကို သူဖတ်နိုင်နေတယ်။)

“ကောင်းကင်ကြီးကို ပြန်လည် ပြုပြင်ခဲ့ပြီး တိုင်လုံး လေးတိုင်ကို အသစ် ဖန်တီးနိုင်ခဲ့သည်။ ဒါ ပထမ စာပိုဒ် ပြီးပြီ။ အဖိုးကြီးမု ပြောတာနဲ့ အများကြီး ကွာတာ ရှိလား။” ဖန်ကျန်းရှီ ရန်ရွှယ်ကို လှည့်မေးတယ်။ မုချင်းဖန်းနဲ့ တပည့်သားတွေ ဖြစ်ပျက်နေတဲ့ မျက်နှာကို သူသတိ မထားမိ ခဲ့ဘူး။

“နည်းနည်းတော့ ကွာတယ်။ ဒါပေမယ့် ခန်းမ ခေါင်းဆောင်မုလဲ ဘာသာပြန်တာ တော်ပါတယ်လေ။” ရန်ရွှယ် ခေါင်းငြိမ့်ရင်း ရိုးရိုးသားသား ပြန်ဖြေတယ်။

“..” တပည့်သားတွေကတော့ ရုပ်တုကြီးလို ရပ်နေတဲ့ မုချင်းဖန်းကို လှမ်းကြည့် နေကြပြီ။ အခုချိန်မှာ သူဘာမှ မလုပ်တာသာ အကောင်းဆုံး ဖြစ်နေခဲ့တယ်။ တကယ့်ကို မသက်မသာ ဖြစ်လွန်တးာပဲ။

“အဖိုးကြီးမု။ မင်းကိုယ်မင်း မြင့်မြတ် နယ်မြေမှာ ရှေးဟောင်း စာပေ အတော်ဆုံးသူလို့ ပြောထားတာ မဟုတ်လား။” မော့ရှန်းရှီ အခုချိန်မှာ ဝင်ပြောတယ်။

“အဖိုးကြီးမော့။ မင်း အခုထိ ဘာလို့ မသေသေးတာလဲ။” မုချင်းဖန်း ရှက်ရှက်နဲ့ ပြန်အော်တော့တယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ မော့ရှန်းရှီကို ကြည့်ရင်း သူအံကြိတ် နေခဲ့ရတယ်။

“မင်းကိုပဲ ကျေးဇူး တင်ရမှာပေါ့။ မင်းပေးတဲ့ ဆေးတွေ သောက်ထားလို့ ချက်ခြင်း မသေသေးဘူး။ စကားမစပ်။ မင်း ငါမေးတာကို မဖြေရသေးဘူးလေ။” မော့ရှန်းရှီက လှောင်နေခဲ့တယ်။

တခဏတာ အနား ယူပြီးနောက် မော့ရှန်းရှီလဲ ခန္ဒာကိုယ်ထဲက အဆိပ်တချို့ကို သန့်စင်ပြီး သွားခဲ့ပြီ။ ဒါ့အပြင် မုချင်းဖန်းရဲ့ ဆေးကို သောက်လိုက်တဲ့ အတွက် တခြားသူတွေ တွဲထားစရာ မလိုပဲ မတ်တပ် ရပ်နေနိုင်ပြီ။

“မင်းမေးတိုင်း ငါက ဖြေရမှာလား။” မုချင်းဖန်း ခေါင်းကို တစ်ဖက်လွှဲထားရင်း မော့ရှန်းရှီကို လျစ်လျူရှု လိုက်တယ်။ သူ့မျက်နှာကတော့ ပိုပြီး နီရဲ လာခဲ့ပြီ။

ဖန်ကျန်းရှီ ဘယ်လို ဖတ်နိုင်နေလဲ သူတကယ့်ကို နားမလည်နိုင်ဘူး။

မုချင်းဖန်း မျက်လုံးကို ကျယ်ကျယ် ဖွင့်ထားရင်း ကျောက်ဖျာကို ကြည့်ပြန်တယ်။ ဒီနေရာမှာ စာလုံးတွေက ဆက်တိုက် ပြေးလွှား နေပြီးနောက် အသက်ဝင် လာတာကို သူမြင်နေရတယ်။

“ငါပဲ အမြင်မှားတာလား။” မုချင်းဖန်း အခုထိ မယုံနိုင်သေးဘူး။ တကယ့်ကို ထူးဆန်း လွန်းတယ်လေ။

ဖန်ကျန်းရှီက ကောင်းကင်တာအို ခန်းမ စာကြည့်တိုက်မှာ တစ်လ တိတိ နေပြီး စာအုပ် အကုန် ဖတ်သွားတာကို သူမှတ်မိ သေးတယ်။

“စာကြည့်တိုက်ကနေ အကုန်လုံးကို သင်သွားတာလား။ မဖြစ်နိုင်တာပဲ။ ငါလဲ အကုန် ဖတ်ထားတာပဲကို။” မုချင်းဖန်း ခေါင်းခါရင်း တွေးနေပြန်တယ်။

ဒီအချိန်မှာပဲ ဖန်ကျန်းရှီရဲ့ အသံ ထပ်ထွက်လာတယ်။

“အာ။ ဒီမှာ နတ်ဘုရား အရင်းအမြစ် အကြောင်း ရှိနေတာပဲ။”

အပိုင်း (၉၈၅) ပြီး၏။

အပိုင်း (၉၈၆)

“နတ်ဘုရား အရင်းအမြစ် ပုံဖော်ခြင်း။ ရှေးခေတ်ရဲ့ လျှို့ဝှက်ချက်တွေ။”

“နတ်ဘာရား အရင်း အမြစ်တဲ့လား။”

“အဲ့ဒီ့ ကျောက်ဖျာပေါ်မှာ နတ်ဘုရား အရင်းအမြစ် အကြောင်း ပါတယ်လို့ သူပြောတာလား။ ဒါဆိုရင် ဒီကျောက်တုံး နန်းတော်ထဲမှာ နတ်ဘုရား အရင်းအမြစ်ကို ရှာတွေ့ နိုင်တာလား။”

“ဒဏ္ဍာရီတွေက တကယ့်ကို မှန်နေတာလား။”

ဖန်ကျန်းရှီ ကျောက်ဖျာပေါ်က စာတွေကို နားလည်နေတဲ့ ကိစ္စကို ဘယ်သူမှ စောဒက မတက်ရဲတဲ့ အတွက် သူဖတ်ပြသမျှ ယုံကြည်ဖို့သာ သူတို့ ရွေးချယ် လိုက်ကြတယ်။ နောက်ဆုံးတော့လဲ သူက ကျောက်ဖျာပေါ်မှာ ရှိသမျှ စာတွေ အားလုံးကို ချောချောမွေ့မွေ့ ဖတ်ပြ ခဲ့တယ်လေ။

“နတ်ဘုရား အရင်းအမြစ် အကြောင်း ဘာတွေ ပြောထားလဲ။” မုချင်းဖန်းတောင်မှ ဖန်ကျန်းရှီကို မျှော်လင့် တကြီးနဲ့ ကြည့်နေရင်း ဆက်ဖတ်ပြမှာကို စောင့်နေခဲ့တယ်။

ဒါပေမယ့် ဖန်ကျန်းရှီက နောက်ထပ် စကား မပြောတော့ဘူး။ မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် စဉ်းစား နေပုံပဲ။ လေထုကတော့ အခုချိန်မှာ အတော့်ကို အေးခဲ နေခနဲ့ပြီ။

ရန်ရွှယ်နဲ့ ပင်းယန်ကတော့ ဖန်ကျန်းရှီကို မနှောက်ယှက်ခဲ့ဘူး။ ဖန်ကျန်းရှီ ဘေးမှာသာ အေးအေးဆေးဆေး ရပ်နေခဲ့တယ်။ တောက်ရှင်းနဲ့ ယွင်ချင်းဝူကိုလဲ တစ်ယောက်စီက ချီထားခဲ့တယ်။

“ဒီတော့ အမှန်ပဲပေါ့။” အချိန် အတော်ကြာ စဉ်းစား နေပြီးနောက် ဖန်ကျန်းရှီ နောက်ဆုံးမှာ ပြောတော့တယ်။ အဲ့ဒီ့နောက် ပင်းယန်ဘက်ကို လှည့်ကြည့်တယ်။

ပင်းယန် အစား ယွင်ချင်းဝူကိုသာ သူစိုက်ကြည့် နေခဲ့တယ်။ မျက်လုံးတွေကို တင်းတင်းကြပ်ကြပ် မှိတ်ထားတဲ့ မျက်နှာ လှလှလေးက သူ့ရှေ့မှာ ရှိနေခဲ့တယ်။

“အရှက် မရှိတဲ့ ကောင်စုတ်။ ဘာဖြစ်လို့ ဆက်မဖတ်တာလဲ။ ငါနားထောင်ချင်တယ်။” ပင်းယန်က ဖန်ကျန်းရှီ သူ့ဘက် လှည့်လာတာ မြင်ချိန်မှာတော့ မေးလိုက်တယ်။

သူမ အတော်လေးကို စိတ်မရှည် ဖြစ်နေခဲ့တယ်။ ဇာတ်ကြောင်းကို တစ်ဝက်တောင် နားမထောင် ရသေးဘူးလေ။

“ဒီတော့ မင်းက ပိုပြီး နားထောင် ချင်တာလား။” ဖန်ကျန်းရှီ ပြုံးပြရင်းေ မးတယ်။

“ဟုတ်တယ်။” ပင်းယန် ကြက်အစာ ကောက်သလိုမျိုးကို ခေါင်းဆက်တိုက် ညိမ့်နေခဲ့တယ်။

“ဒါပေမယ့် အဲ့ဒီ့နောက် ဘာမှ ဖြစ်မလာတော့ဘူး။” ဖန်ကျန်းရှီ ပုခုံး တွန့်လိုက်ပြီးနောက် ဘာမှ ဆက်မပြောနိုင်တဲ့ ပုံစံ ပြလိုက်တယ်။

“ဘာမှ မရှိတော့ဘူးလား။” ပင်းယန် စိတ်ရှုပ်ထွေး သွားခဲ့တယ်။ ပင်းယန်ကတော့ အခုချိန်မှာ အတော့်ကို သံသယ ဝင်နေခဲ့ပြီ။ ဖန်ကျန်းရှီက အကုန်လုံးကို နားလည် နိုင်တယ်လို့ ပြောပြီးတော့မှ ဒါကို ပုံပြင် အဆုံးသတ်လို့ ပြောနေခဲ့ပြန်ပြီ။

“..”

ပင်းယန်တင် မကဘူး။ မုချင်းဖန်း၊ မော့ရှန်းရှီနဲ့ တခြားသူတွေ အားလုံးပါ ပါးစပ်ထဲ ယင်ကောင်ဝင် သွားသလို ခံစား ရနေခဲ့တယ်။

“ဒီကောင်စုတ်က တကယ့်ကို အရှက်မရှိတာပဲ။”

“အခုလို အရေးကြီး အချိန်မျိုးမှာ ဘာဖြစ်လို့ အချိန် ဆွဲနေတာလဲ။”

“အမ်။ ဖန်ကျန်းရှီ။ နတ်ဘုရား အရင်းအမြစ်က အခုချိန် လူသား မဟာမိတ် အတွက် အရမ်း အရေးကြီးတယ်။ အမှန်တရားကို ပြောပြရင် ငါတို့တွေ အတူတူ ဆွေးနွေးလို့ ရတယ်လေ။” မုချင်းဖန်းက ဖန်ကျန်းရှီကို တလေးတစားနဲ့ မေးနေခဲ့တယ်။ နောက်ဆုံးတော့လဲ နတ်ဘုရား အရင်းအမြစ်က သူတို့ အတွက် အရေးကြီးလွန်း နေတယ်လေ။

“ဒါ တကယ် အဆုံးသတ်ပဲ။” ဖန်ကျန်းရှီ နောက်တစ်ကြိမ် ပြောပြန်တယ်။

“ဒါက” မုချင်းဖန်း နည်းနည်းတော့ ဒေါသ ထွက်လာခဲ့တယ်။ ဒါပေမယ့် သူလက်မလျှော့ပဲ ဆက်မေးတယ်။

“နောက်တစ်ခေါက် သေချာလေး ပြန်ကြည့်ပါလား။ တတိယ စာပိုဒ်မှာ ဂိတ်တစ်ခု အကြောင်း ပါတယ် မလား။”

“ပါတာက ပါပေမယ့် ဇာတ်လမ်း မဟုတ်ဘူး။” ဖန်ကျန်းရှီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“ဒါဆိုရင် ဘာအကြောင်းလဲ။”

“ပန်းချီ တစ်ချပ်အကြောင်း။”

“ဘာပန်းချီလဲ။“

“ငါ့အထင်သာ မှန်မယ် ဆိုရင်၊ အဲ့တာ ရတနာ မြေပုံပဲ။”

အခုချိန်မှာတော့ မုချင်းဖန်း တစ်ယောက်တည်းတင် မျက်လုံး ပြူးသွားတောင် မဟုတ်ဘူး။ ဒဏ်ရာရနေတဲ့ မော့ရှန်းရှီတောင် မျက်လုံး ပြူးကြီးနဲ့ လန့်သွားခဲ့တယ်။

ရတနာ မြေပုံ ဆိုရင် သေချာပေါက် ရတနာ ရှိရမယ်။

လူသား မဟာမိတ် တပည့်သားတွေ အားလုံး စိတ်လှုပ်ရှားမှု အပြည့်နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ပြီ။ သူတို့ မျက်စိရှေ့မှာ ရတနာ ပုံကြီးကို မြင်လိုက် ရသလိုပဲ။

“ရတနာက ဘယ်မှာလဲ။” မုချင်းဖန်း တံတွေး မျိုချရင်း မေးလိုက်တယ်။

“အဲ့တာက နတ်ဘုရား အရင်းအမြစ်ပဲ။” ဖန်ကျန်းရှီ မျက်နှာသေနဲ့ ပြန်ဖြေပြန်တယ်။

“…”

“…”

အားလုံးကတော့ အခုချိန်မှာ ဆွံ့အ သွားပြန်ပြီ။ နောက်ဆုံး ဒီနေရာပဲ ပြန်ရောက် လာတာပဲလား။

“ရတနာ မြေပုံက နတ်ဘုရား အရင်းအမြစ် ရှိတဲ့ နေရာကို ပြတယ်။” ဖန်ကျန်းရှီ ထပ်ရှင်းပြတယ်။

“ဒါဆိုရင် အဲ့တာက ဘယ်မှာလဲ။” မုချင်းဖန်း မျက်လုံးတွေ တလက်လက် တောက်ပ လာခဲ့ပြီ။ ရှေးဟောင်း ရတနာကို သူတကယ် စိတ်ဝင် စားတယ်လေ။

“ခနလေး။” ဖန်ကျန်းရှီ ခေါင်းခါတယ်။

“ဘာ ဘာကို စောင့်ရမှာလဲ။”

မုချင်းဖန်းကတော့ ဖန်ကျန်းရှီ လက်ထဲ ဓားရှည် တစ်ချောင်း ပေါ်လာတာကို မြင်ချိန်မှာ အတော့်ကို ပဟေဠိ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီက ကျောက်ဖျာကို ဓားနဲ့ ခုတ်ချလိုက်တယ်။

“..”

ဝုန်း။

ဖန်ကျန်းရှီကတော့ ထပ်ခါ ထပ်ခါ ခုတ်ပြစ် နေခဲ့တယ်။

“ဖန်ကျန်းရှီ မင်း ဘာတွေ လုပ်နေတာလဲ။” မုချင်းဖန်းတောင် မျက်စိ ရှေ့က အရာကို သည်းမခံ နိုင်ပဲ အော်ဟစ်မိပြီ။ ဖန်ကျန်းရှီက ကျောက်ဖျာကို ဖျက်ဆီး ပြစ်မယ်လို့ မထင်မှတ် ထားခဲ့မိဘူး။

“ဖျက်ဆီး ပြစ်နေတာလဲ။” ဖန်ကျန်းရှီ ခပ်တည်တည်ပဲ ရှင်းပြတယ်။”

ကျောက်ဖျာကြီး အပိုင်းပိုင်း အစစ ဖြစ်သွားမှာသာ သူရပ်တန့် လိုက်တယ်။

“..” မုချင်းဖန်းကတော့ အသက်ရှူတွေတောင် ခက်လာခဲ့တယ်။ ဖန်ကျန်းရှီ ဖျက်ဆီး ပြစ်နေတာကို သူမြင်သားပဲ။ ဘာကြောင့် လုပ်တာလဲလို့ သူမေးချင်ခဲ့တယ်။

“ကျောက်ဖျာကို ဖျက်ဆီးလိုက်ရင် ဘယ်နေရာမှာ သွားရှာရမှာလဲ။”

“နေရာကို ငါသိတယ်လေ။ နတ်ဆိုး မိစ္ဆာ တပ်ဖွဲ့တွေ့ ရောက်လာတော့မယ်။ သူတို့တွေကိုလဲ မြင်စေချင် နေတာလား။” ဖန်ကျန်းရှီက မုချင်းဖန်းကို ငတုံး တစ်ယောက်လို ကြည့်ရင်း မေးလိုက်တယ်။

“…” မုချင်းဖန်းကတော့ ရဲရဲနီ နေခဲ့ပြီ။

ပတ်ဝန်းကျင် တပည့်သားတွေ အားလုံးလဲ မုချင်းဖန်းကို တူညီတဲ့ ပုံစံနဲ့ ကြည့်နေခဲ့တယ်။

အမှန်ပဲ အားလုံးက သူ့ကို အရူးတစ်ယောက်လို ကြည့်နေကြတယ်။

မုချင်းဖန်းကတော့ ရုတ်တရက် သူ့ကိုယ်သူ ငတုံး တစ်ယောက်လို ခံစား မိလာတယ်။

ဒီခံစားချက်က အတော့်ကို ဆိုးတာပဲ။

(ရတနာတွေကြောင့် ငါခဏ စိတ်လွတ် သွားတာပါ။) လူတစ်ယောက်က အကျိုးအမြတ် အရမ်းများတဲ့ ကိစ္စနဲ့ ရင်ဆိုင် ရရင် စိတ်လွတ် သွားနိုင်တယ်လေ။ လက်ရှိ သူလဲ ဒီအခြေအနေမှာ ရောက်နေခဲ့တယ်။

(ဒါပေမယ့် အဲ့ဒီ့ တပည့်သားတွေက ဘာဖြစ်လို့ ဒီလို ရုပ် ဖြစ်နေကြတာလဲ။) ဖန်ကျန်းရှီ လုပ်တဲ့ ကိစ္စကို သူတို့ နားလည် နေမယ်လို့ သူလုံး၀ မယုံဘူး။

(သေစမ်း ငါတော့ အလှောင်ခံရ ပြန်ပြီ။)

မုချင်းဖန်းက ခန့်မှန်း နေချိန်မှာပဲ ဖန်ကျန်းရှီကတော့ အစတွေကို လိုက်ကောက် နေခဲ့ပြန်ပြီ။ တစ်စကိုတောင် သူချန်မထား ခဲ့ဘူး။

(ဒီကောင် အစတွေ ကောက်ပြီး ဘာထပ်လုပ် မလို့လဲ။) မုချင်းဖန်း မေးချင်ပင်မယ့်၊ အားလုံး လှောင်မှာကို ကြိုမြင် နေတဲ့ အတွက် ပါးစပ် ပြန်ပိတ် ထားလိုက်တယ်။

နောက်ဆုံးတော့လဲ အားလုံးက ဖန်ကျန်းရှီကို မျက်လုံး ဒေါက်ထောက် ကြည့်နေ ကြတာလေ။ ဘယ်သူကမှ အရူးလို အဆက်ဆံ မခံချင်တဲ့ အတွက် စကား တစ်ခွန်းမှ မဟကြဘူး။

ဖန်ကျန်းရှီကတော့ အားလုံးကို ကောက်ပြီးချိန်မှာ စိတ်ကျေနပ် သွားသလိုပဲ။ လက်က ဖုန်တွေကို ခါရင်း လေချွန် နေခဲ့တယ်။ မျှော်လင့်ထားတဲ့ ရတနာကို ရသွားသူ တစ်ယောက်လို သူပြုမူနေတယ်။

ဖန်ကျန်းရှီ ဘာလုပ်နေလဲ မေးသင့် မမေးသင့် မုချင်းဖန်း မသိတော့ဘူး။ သူ့လုပ်ရပ်တွေကို တကယ်ပဲ နားမလည် သလို ကူကယ်ရာ မဲ့နေခဲ့တယ်။

ဖန်ကျန်းရှီ တစ်ယောက်တည်းကသာ ကျောက်ဖျာပေါ်က အရာ အားလုံးကို နားလည် နိုင်တဲ့သူ ဖြစ်နေခဲ့တယ်။

(တစ်ခုခုတော့ မှားနေပြီ။ ဒီကောင်စုတ် ဖုံးကွယ်ထားတာ ရှိနေတယ်။) မုချင်းဖန်း သေသေချာချာကြီးကို သိနေခဲ့တယ်။ ဒါပေမယ့် သက်သေ မရှိခဲ့ဘူး။ ဒီတော့ ဘာလုပ်လို့များ ရမှာလဲ။ ဒါ့အပြင် ပင်းယန်၊ ရန်ရွှယ်၊ ဝူယွဲ့အာ အားလုံးကို ပါးစပ်ပိတ် ထားခဲ့တယ်။

ဒါပေမယ့် ပင်းယန်နဲ့ ဝူယွဲ့အာကတော့ ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီ လုပ်နေတာတွေကို သူတို့ မသိပေမယ့် ကောင်းတဲ့ ကိစ္စ မဟုတ်မှန်းတော့ သိကြတယ်။ ဖန်ကျန်းရှီကတော့ သူ့ကိစ္စ ပြီးချိန်မှာ ပင်းယန် အနားကို ကပ်လာတယ်။ ပြုံးပြုံးကြီး ဖြစ်နေတဲ့ သူ့ကို ပင်းယန် မေးတယ်။

“နင် ဘာလုပ် ချင်လို့လဲ။” ပင်းယန် မကျေမနပ် မေးတယ်။

“သူကလေးတယ် မဟုတ်လား။ ငါသယ်ပေးမယ်လေ။” ယွင်ချင်းဝူကို လက်ညှိုးထိုးပြရင်း ဖန်ကျန်းရှီ ပြောတယ်။

“နင်က သူ့ကို ချီချင် နေတာလား။” ပင်းယန် ဒီလို အကြံမျိုးကို ခွင့်ပြု မပေးနိုင်ဘူး။ ဒီကောင်က တကယ့်ကို အရှက်မရှိတဲ့ ကောင်။

“မင်း ငါ့ကို နောက်နေတာပဲ ဖြစ်ရမယ်။ ငါက အဲ့ဒီ့လို လူမျိုးနဲ့ တူနေလား။” ဖန်ကျန်းရှီ ရုပ်တည်ကြီးနဲ့ ဆက်ပြောတယ်။

“ယွင်ချင်းဝူ တစ်ခုခု ကွာခြား နေတယ်လို့ မင်း မထင်ဘူးလား။”

“ဘာဖြစ်တယ်။” ပင်းယန် နားမလည် နိုင်ခဲ့ဘူး။

“မင်း အတော်များများ ကြားထားပြီးပြီ မဟုတ်လား။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို လှမ်းမေးတယ်။

“ဘာကြီး။” ပင်းယန် လန့် သွားတော့တယ်။

မုချင်းဖန်းလဲ လန့်သွားခဲ့တယ်။ အခုချိန်မှတော့ ယွင်ချင်းဝူကို ကြည့်ရင်း ဖြစ်နေတာတွေကို နားလည် သွားခဲ့ပြီ။ ယွင်ချင်းဝူ နိုးနေတာပဲ။

ယွင်ချင်းဝူ နိုးနေတာကို ဖန်ကျန်းရှီ သိနေမှတော့ သူတို့ကို နတ်ဘုရား အရင်းအမြစ် အကြောင်း ဘယ်ပြောတော့မလဲ။

(ဒီတော့ ငါ အစိုးရိမ် လွန်သွားတာပေါ့။) မုချင်းဖန်း အားလုံးကို တွက်ချက် ပြီးချိန်မှာတော့ နားလည် သွားတော့တယ်။ နတ်ဘုရား အရင်းအမြစ် အကြောင်းကို သူအရမ်း သိချင်နေပင်မယ့်၊ ယွင်ချင်းဝူ ဘာမှ မသိလေ ကောင်းလေ ဆိုတာ သူ ကောင်းကောင်း သဘောပေါက်တယ်။

ယွင်ချင်းဝူ မိစ္ဆာ နတ်ဆိုး စစ်တပ်တွေကို ထပ်ပြီး အမိန့် မပေးနိုင် တော့တာက နောက်ထပ် ကိစ္စ တစ်ခုပဲ။

မုချင်းဖန်း နားလည် သွားချိန်မှာပဲ ဖန်ကျန်းရှီ လက်မြှောက်ပြီး ယွင်ချင်းဝူရဲ့ တင်ပါးကို ခပ်နာနာ ရိုက်လိုက်တာ မြင်လိုက် ရပြန်တယ်။

ဖြန်း။ ကျယ်လောင်ပြီး ပြတ်သားတယ်။ ဒါပေမယ့် ယွင်ချင်းဝူကတော့ မလှုပ်သေးဘူး။ သူမ လုံး၀ သတိလစ် နေတဲ့ အတိုင်းပဲ။

“မင်းက အတော်လေး သရုပ်ဆောင် ကောင်းသား။” ယွင်ချင်းဝူကို နောက်တစ်ခေါက် ထပ်ရိုက်ကြည့်ဖို့ သူပြင်ပြန်တယ်။

“အရှက်မရှိတဲ့ ကောင်စုတ်။” သူမလုပ်လိုက်ရ သေးခင် အချိန်မှာပဲ ဒေါသတကြီး အော်သံကို ကြားလိုက် ရတယ်။ အဲ့ဒီ့နောက် ယွင်ချင်းဝူ ဖင်ထိုင်လျက်သား ပြုတ်ကျ သွားတော့တယ်။

ပင်းယန် သူ့ကို လွှတ်ချ မိလိုက်လို့ပဲ။

ဘုတ်။ ယွင်ချင်းဝူ ချက်ခြင်း ခပ်မြန်မြန် ထရပ်တယ်။ ယွင်ချင်းဝူ တကယ့်ကို သည်းခံနိုင်စွမ်း မြင့်တာပဲ။ ဒီလိုတွေ ဖြစ်ပြီးတာတောင် တစ်ချက်လေးမှ စိတ်မဆိုးခဲ့ဘူး။

ပင်းယန်ကတော့ သူ့ကို မညှာတာ ခဲ့ဘူး။ ယွင်ချင်းဝူ နိုးလာတာကို မြင်မြင်ချင်း သူမ အော်တော့တယ်။

“ယွင်ချင်းဝူ နင်ဘယ်တုန်းက နိုးတာလဲ။”

“နင် ငါ့ကို ဆိတ်ဆွဲ လိုက်တည်းက။” ယွင်ချင်းဝူ ချက်ခြင်း ပြန်ဖေတယ်။

“ဘယ်တုန်းကလဲ။” ပင်းယန် အစောပိုင်း ရန်ဖြစ်ချိန်က တိုးတိုးတိတ်တိတ် လုပ်ခဲ့တာကို မှတ်မိသွားတယ်။ “ဒီတော့ ဖန်ကျန်းရှီ ပြောတာကို နင် အကုန် ကြားတယ် မဟုတ်လား။”

“အဲ့တာတင် မကဘူး။ ဝူယွဲ့အာနဲ့ ပြောနေတာ အကုန် ကြားတယ်။” ယွင်ချင်းဝူ မငြင်းခဲ့ဘူး။

“နင်။” ပင်းယန် ဒေါသတကြီးနဲ့ နီရဲ နေခဲ့ပြီ။

သူမရဲ့ လျှို့ဝှက်ချက်ကို ကြားပြီး ချိန်မှာ ပင်းယန်က ဘယ်လိုများ အလွတ်ပေးနိုင် မှာလဲ။ ပင်းယန်က ယွင်ချင်းဝူကို မြေပြင်ကနေ ချက်ခြင်း မြှောက်လိုက်တယ်။

“နင့်ငါ့ကို သတ်မလို့လား။” ယွင်ချင်းဝူက အခုချိန် အထိ တည်ငြိမ်နေဆဲ။

“ငါနင့်ကို သတ်တာက ပုရွက်ဆိတ် သတ်သလောက် လွယ်တယ် ပြောရင် ယုံမှာလား။” ပင်းယန် ပြန်မေးတယ်။

“ငါ ယုံတယ်။ ဒါပေမယ့် အခုချိန်မှာ ငါ့ကို သတ်ဖို့ထက် ပိုအရေးကြီးတဲ့ တစ်ခြား ကိစ္စ တစ်ခု ရှိနေပြီ။” ယွင်ချင်းဝူက ပင်းယန် လက်ထဲမှာ မရုန်းကန်ပဲ ပြန်ဖြေတယ်။

“ပိုပြီး အရေးကြီးတဲ့ ကိစ္စတဲ့လား။” ပင်းယန် မျက်လုံး ထပ်ပြူးသွား ပြန်တယ်။

ဖန်ကျန်းရှီကတော့ အဝေး တစ်နေရာကို လှမ်းကြည့် နေခဲ့တယ်။ အဲ့ဒီ့ နေရာမှာ သိသာတဲ့ လှုပ်ရှားမှု ရှိနေခဲ့တယ်လေ။

မိစ္ဆာ နတ်ဆိုး စစ်တပ်ကြီး ရောက်လာပြီ။ ယွင်ချင်းဝူ ပြောတာ မှန်တယ်။ အခုချိန်မှာ ဒီကိစ္စက ပိုအရေးကြီးတယ်။ အဝေးမှာ လူအများကြီး ရောက်လာတာကို သူတို့ မြင်လိုက် ရတယ်။

ပထမဆုံး ရောက်လာသူက ဝတ်ရုံနက် တစ်ယောက်ပဲ။ သေခြင်း တရား အငွေ့အသက်နဲ့ အေးစက်မှုတွေက သူ့ကို လွှမ်းခြုံ ထားတယ်။

ဖန်ကျန်းရှီလဲ ဒါကို ရှင်းရှင်းလင်းလင်းကြီး ရင်းနှီးနေတယ်။ ပင်းယန်လဲ အတူတူပဲ။

“ချိုးချီလား။” ပင်းယန် အရင်ပြောမိတယ်။

ဖန်ကျန်းရှီကတော့ မျက်မှောင်ကြုတ် နေခဲ့ပြီ။ မုရှင်းနဲ့ တခြား နတ်သခင် နှစ်ယောက် ဦးဆောင်တဲ့ စစ်တပ်ကြီးက သူတို့ နောက်ကို လိုက်လာမှန်း သရဲ မျက်လုံး ဖွင့်ပြီး ကြည့်ခဲ့တာကြောင့် ရှင်းရှင်းလင်းလင်း မှတ်မိ နေခဲ့တယ်။

(မုရှင်းနဲ့ တခြားသူတွေက ငါတို့ နောက်ကို လိုက်နေတာ မဟုတ်လား။”

“ချိုးချီက ဘာကြောင့်များ အရင်ဆုံး ရောက်လာတာလဲ။”

ဘာတွေ ဖြစ်နေတာလဲ။)

ဖန်ကျန်းရှီ တွေးနေ ချိန်မှာပဲ နောက်ထပ် နတ်ဆိုး မိစ္ဆာ နတ်သခင်တွေ ရောက်လာတော့တယ်။ လင်းယွိလဲ ပါလာတယ်။

နတ်သခင် ငါးယောက်။

အဆိုးဆုံးကတော့ နတ်ဆိုး မိစ္ဆာ စစ်တပ်ကြီးပါ ပါလာတာပဲ။ သူမြင်ခဲ့တဲ့ စစ်တပ်ထက် အများကြီး အင်အား ပိုများတယ်။

(သူတို့ အားလုံး ဝင်လာတာလား။)

ဖန်ကျန်းရှီကို အံ့သြစေတဲ့ ကိစ္စက ရှားပါးပေမယ့် အခုချိန်မှာတော့ သူအံ့သြ နေခဲ့ပြီ။ ဒါ့အပြင် ချင်းရှန်းကို သူမတွေ့ဘူး။

(ချင်းရှန်း ဘယ်ရောက် သွားတာလဲ။ ချိုးချီရော ဘာလို့ ရောက်လာတာလဲ။)

မေးခွန်းတွေ အများကြီး ဖန်ကျန်းရှီ စိတ်ထဲကို ဆက်တိုက် ဝင်လာတယ်။ တခြားသူတွေ ကတော့ သူ့ထက် အခြေအနေ ပိုဆိုးခဲ့တယ်။

“နတ်ဆိုး မိစ္ဆာ စစ်တပ်ကြီး ရောက်လာပြီ။”

“နတ်သခင်တွေလဲ ရောက်လာပြီ။”

“ငါးယောက်တောင် ရှိနေတယ်။”

“ငါတို့ အခု ဘာလုပ်ကြမလဲ။ ဖန်ကျန်းရှီ တစ်ယောက်တည်းနဲ့ တောင့်ခံ နိုင်ပါ့မလား။”

လူသား မဟာမိတ် တပည့်သားတွေက ဖန်ကျန်းရှီနဲ့ တခြားသူတွေ ရောက်လာတည်းက နောက်က လိုက်ဖမ်းသူတွေ ရှိနေမှန်း သိတယ်။ ဒါပေမယ့် အများကြီး ထွက်လာမယ်လို့ မထင်မှတ် ထားခဲ့မိဘူး။

(အစတုန်းက သုံးယောက်ပဲ ရှိတာ မလား။”

ဘယ်လိုလုပ် ငါးယောက် တစ်ခါတည်း ပေါ်လာတာလဲ။

ဒါ့အပြင် စစ်တပ်ကြီးက ဘာဖြစ်လို့ ဒီလောက်တောင် များလာတာလဲ။ မိစ္ဆာ ဘုရင်တွေ ဒါဇင်ချီပြီး ရှိနေသေးတယ်။ သားရဲကောင်တွေကလဲ ရေတွက်လို့တောင် မရနိုင်ဘူး။”

ကြောက်စရာ ကောင်းလိုက်တာ။

အကြောင်းအရာကို ကြားရတာနဲ့ ကိုယ်တိုင် မြင်ရတာက လုံးဝကို ကွာခြားတဲ့ ကိစ္စ နှစ်ခုပဲ။

အပိုင်း (၉၈၆) ပြီး၏။

အပိုင်း (၉၈၇)

“ဝိဉာဉ် အရိပ် ငါးခု။”

လူသား မဟာမိတ် တပည့်သားတွေ အားလုံး ကြောက်လန့် ကုန်ကြတယ်။ နောက်ဆုံးတော့လဲ မိစ္ဆာ နတ်ဆိုး စစ်တပ်ကြီးက အရမ်းကို အင်အားကြီးလွန်း နေခဲ့တယ်။ ဒါက အားလုံး မမျှော်လင့်ထားတဲ့ ပမာဏကို ရောက်နေခဲ့ပြီ။

တခြား တစ်ဖက်မှာတော့ မုရှန်း၊ လင်းယွိနဲ့ တခြားသူတွေက ချိုးချီရဲ့ အနောက်မှာ ပဟေဠိ ဖြစ်တဲ့ အသွင်နဲ့ ရှိနေခဲ့တယ်။ လူသား မဟာမိတ်ထဲမှာ သူတို့တွေ မုန့်ထျန်းကို ရှာမတွေ့ကြဘူး။

“မုန့်ထျန်းက ပျောက်သွားတာလား။” မုရှန်းက ရုတ်တရက် အတွေး ဝင်လာခဲ့တယ်။ အခုလို အချိန်မှာ သူပျောက်ကွယ် သွားတာက မဖြစ်သင့်ဘူးလေ။ လင်းယွိကတော့ တခြားသူတွေနဲ့ မတူညီတဲ့ အကြောင်း အရင်းကြောင့် အံ့သြ နေခဲ့တယ်။ မုန့်ထျန်း ပျောက်သွားတာကို သူမတွေးမိဘူး။

သူရင်းနှီးနေတဲ့ လူတစ်ယောက်က လူသား မဟာမိတ်ရဲ့ ရှေ့မှာ ရှိနေခဲ့တယ်။ ဖန်ကျန်းရှီ။ သူက မြောက်ရွာမှာ ရှိနေရမယ့်သူ။ ဒီကို နောက်ဆုံးမှ ရောက်လာသင့်သူလဲ ဟုတ်တယ်။

(ဖန်ကျန်းရှီ ဘာဖြစ်လို့ ဒီမှာ ရောက်နေတာလဲ။) လင်းယွိ အံ့သြ နေသလို သူ့စိတ်ထဲကို အတော်လေး မကျေနပ်စရာ ကောင်းတဲ့ ဖြစ်နိုင်ချေ တစ်ခုက ဝင်ရောက် လာတော့တယ်။

မုန့်ထျန်း ပျောက်ပြီး ဖန်ကျန်းရှီ ပေါ်လာတယ်။

(အရှင်သခင်ငယ် စိုးရိမ်တဲ့ ကိစ္စတွေ ဖြစ်လာ ခဲ့ပြီလား။) လင်းယွိ ချက်ခြင်း မျက်နှာ ပျက်သွားခဲ့တယ်။ ဖန်ကျန်းရှီရဲ့ အင်အားကို သူကောင်းကောင်းကြီး သိထားတယ်။ ဒါကြောင့်ပဲ သူ့ကို ကြောက်တယ်။

နှစ်ဝက် အချိန် အတွင်းမှာ တစ်စက်လေးတောင် ကြောက်စရာ မကောင်းတဲ့သူက ကြောက်စရာ မိစ္ဆာကြီး အဖြစ်ကို ပြောင်းလဲ သွားခဲ့ပြီ။ သူက လူတောင် ဟုတ်သေးရဲ့လား။

လင်းယွိ တစ်ယောက်တည်း မျက်လုံး ပြူးနေတာ မဟုတ်ဘူး။

စစ်တပ်ကြီးလဲ အရိုးထဲ အထိတောင် ကြောက်လန့် နေခဲ့ကြတယ်။ ဖန်ကျန်းရှီရဲ့ နာမည်က သူတို့ ဘယ်တော့မှ မမေ့နိုင်မယ့် နာမည်ပဲ။ ဖန်ကျန်းရှီကို အသွေး အသားထဲက မုန်းတီးကြတယ်။

ဒီအချိန်မှာပဲ စစ်တပ်ကြီး ရှေ့က ချိုးချီ ထပြောတယ်။ “ဖန်ကျန်းရှီက မုန့်ထျန်း၊ မုန့်ထျန်းက ဖန်ကျန်းရှီပဲ။”

သူ့အသံက သေခြင်းတရား အငွေ့အသက်တွေနဲ့ အရမ်းကို အေးစက်နေပြီး လူတွေကို တုန်ယင်စေတယ်။

“ဘာဖြစ်တယ်။”

“ဖန်ကျန်းရှီက မုန့်ထျန်းတဲ့။”

“အမှန်ပဲလား။”

မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေ ဒါကို ကြားကြားချင်း မယုံနိုင်ဘူး။ ဒါပေမယ့် ချိုးချီ ကိုယ်တိုင် ပြောနေမှတော့ သေချာပေါက် အမှန်ပဲ ဖြစ်ရမယ်။ ချိုးချီက သူတို့ရဲ့ ခေါင်းဆောင် ဖြစ်နေခဲ့ပြီ။

ဒါတောင်မှ အမှန်တရားက လန့်စရာ ကောင်းလွန်းနေတယ်။

ကြောက်စရာ ကောင်းလွန်းလှတဲ့ သုခမိန် စစ်နတ်ကြီး မုန့်ထျန်းက အရှက်မရှိတဲ့ ဖန်ကျန်းရှီဆိုတာ ယုံနိုင်စရာမ ရှိခဲ့ဘူးလေ။

…

ဖန်ကျန်းရှီက သူ့ရဲ့ ဇစ်မြစ်ကို ချိုးချီနဲ့ တိုက်ခိုက်ချိန်မှာ ထုတ်ဖော် ပြသခဲ့ပြီးပြီ။ ဒါကြောင့် ချိုးချီ ပြန်ဖော်ထုတ်တာကို မအံ့သြ ခဲ့ဘူး။ ဒါပေမယ့် ချိုးချီက ဘာကြောင့် စစ်တပ်ရှေ့မှာ ရပ်နေမှန်း သူတကယ်ပဲ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ ဒါ့အပြင် ချိုးချီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ မဟုတ်လား။

သူ့အကျင့် အရဆိုရင် သေချာပေါက် အဝေးကို ထွက်ပြေး နေလောက်ပြီ။ ဘယ်လိုကြောင့်များ လူသား မဟာမိတ် အဖွဲ့နောက်ကို လိုက်ဖမ်း နေရတာလဲ။ ထူးဆန်းလိုက်တာ။

ဖန်ကျန်းရှီ အခု အခြေအနေကို နားမလည်နိုင် ဖြစ်နေခဲ့တယ်။ သူစဉ်းစား နေချိန်မှာပဲ ချိုးချီက ခြေလှမ်း နည်းနည်း နောက်ဆုတ်ပြီး ဖန်ကျန်းရှီတို့ အဖွဲ့ကို ဦးညွှတ်လိုက်တယ်။

“ငါ့ကိုယ်ငါ မိတ်ဆက် ပါရစေ။ ငါက ချိုးချီ။ လက်ရှိ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေရဲ့ ခေါင်းဆောင်။”

“ဘာဖြစ်တယ် ခေါင်းဆောင်။”

ဖန်ကျန်းရှီ တစ်ယောက်တည်း ကြောင်အ သွားတာ မဟုတ်ခဲ့ဘူး။ မော့ရှန်းရှီ၊ မုချင်းဖန်းနဲ့ လူသား မဟာမိတ် အဖွဲ့ အားလုံးပါ အံ့သြ သွားခဲ့ကြတယ်။

(ခေါင်းဆောင်က ချင်းရှန်း မဟုတ်လား။

ဘယ်လိုလုပ် ချိုးချီ ဖြစ်သွားတာလဲ။)

ဖြစ်သွားခဲ့ ကိစ္စတွေကို လူသားတွေ နားမလည်နိုင် ဖြစ်နေခဲ့တယ်။ မိစ္ဆာ နတ်ဆိုး စစ်တပ်ကြီးကလဲ ဘာမှ ဝင်မပြောခဲ့ဘူး။ ဒီတော့ အားလုံးက အသိအမှတ် ပြုထားပြီးပြီလို့ ဆိုလိုနေတယ်။

“ချင်းရှန်း သေသွားပြီ။” ချိုးချီ နောက်တစ်ခေါက် ပြောပြန်တယ်။

“…”

“…”

မော့ရှန်းရှီကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ။ သူအရမ်းကို အံ့သြနေမှန်း သေချာနေခဲ့တယ်။ ပြောရမယ် ဆိုရင် မြင့်မြတ် နယ်မြေ ခေါင်းဆောင် တစ်ယောက် အနေနဲ့ သူ့ကိုယ်သူ ထိန်းထား သင့်တယ်။

“မင်း သူ့ကို သတ်လိုက်တာလား။” ဖန်ကျန်းရှီ မေးတယ်။

“ဟုတ်တယ်။” ချိုးချီ ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။

“ဘာကြောင့်လဲ။” ဖန်ကျန်းရှီ ဆက်မေးတယ်။

“သူက ခေါင်းဆောင် ဖြစ်လာဖို့ အားနည်းလွန်းတယ်။” ချိုးချီ ရှင်းပြတယ်။ လူသား မဟာမိတ် အဖွဲ့ကို သူချက်ခြင်း မတိုက်ခိုက် သေးဘူး။ သူ့ကြည့်ရတာ အလျင်လိုနေပုံလဲ မပေါ်ဘူး။

“အမှန်ပဲ သူက တကယ့်ကို အားနည်းတယ်။” ဖန်ကျန်းရှီ ခေါင်းငြိမ့်ရင်း သဘောတူတယ်။

မုရှန်းနဲ့ တခြား နတ်သခင်တွေ အားလုံးကတော့ ထူးထူးဆန်းဆန်း အမူအယာတွေနဲ့ ကြည့်နေကြပြီ။

(ချင်းရှန်းက အားနည်းတယ်တဲ့။”

ချင်းရှန်းသာ အားနည်းတယ်ဆိုရင် သူတို့က ဘယ်လို လုပ်မလဲ။)

မုရှန်းနဲ့ တခြား နတ်သခင်တွေ လျော့လျော့ပေါ့ပေါ့ ဝေဖန်ဖို့ ပြောချင်ပင်မယ့် မရခဲ့ဘူး။ ချင်းရှန်းကို အားနည်းတယ်လို့ ပြောနေသူတွေက ချိုးချီနဲ့ ဖန်ကျန်းရှီ ဖြစ်နေခဲ့တယ်လေ။

“ချင်းရှန်းနဲ့ ယှဉ်လိုက်ရင် မတူညီတဲ့ ကိစ္စတွေ ငါလုပ်နိုင်တယ်။”

“ဟုတ်လား။ ဘာတွေမတူတာလဲ။” ချိုးချီရဲ့ မျက်နှာဖုံး အောက်က အမူအယာကို ဖန်ကျန်းရှီ မြင်ချင်တယ်။

ဒါပေမယ့် ဝတ်ရုံနက်က မျက်နှာ တစ်ခုလုံးကို ဖုံးအုပ် ထားတာကြောင့် သူမမြင်နိုင် ခဲ့ဘူး။ ဒါ့အပြင် မြူနှင်းတွေလဲ ဝတ်ရုံအောက်မှာ ရှိနေခဲ့တယ်။

ချိုးချီ တမင်တကာ ဖုံးကွယ်ထားမှန်း သိသာ နေခဲ့တယ်။ သူက လူတွေကို သူ့မျက်နှာနဲ့ အမူအယာ မမြင်ရအောင် ဖုံးကွယ် ထားတာပဲ။ ဒါက ထူးဆန်းနေတယ်။

“ငါက တိုက်ရိုက်ပဲ လုပ်တတ်တယ်။ အပိုစကားတွေ ပြောပြီး အချိန် မဖြုန်းဘူး။” ချိုးချီ အေးအေးဆေးဆေး ပြန်ပြောတယ်။

“အပို စကားတွေ ပြောပြီး အချိန် မဖြုန်းဘူးတဲ့လား။” ဖန်ကျန်းရှီ နည်းနည်း မျက်လုံး ပြူးသွားတယ်။ ချိုးချီကိုတောင် သူနည်းနည်းပါးပါး အမြင်ကြည် လာခဲ့ပြီ။

အနည်းဆုံးတော့ အရင်ကလို ရူးမနေ တော့ဘူးလေ။

နောက်ဆုံးတော့လဲ အပိုစကားတွေ ပြောနေရင်း အပိုစကားတွေ မပြောတတ် ဘူးလို့ ကိုယ့်ကိုယ်ကို အမွမ်းတင်တာက မျက်နှာ အရေထူ လာတာ မဟုတ်လား။ တကယ်တော့ ဖန်ကျန်းရှီ တစ်ယောက်တည်းတင် အံ့သြ နေတာ မဟုတ်ဘူး။

ချိုးချီနဲ့ ဖန်ကျန်းရှီ စကား ပြောနေတာကို အားလုံးလဲ အံ့သြ နေခဲ့တယ်။

“ဒါဆိုရင် မင်း ဘာဖြစ်လို့ ငါတို့ကို မတိုက်ခိုက် တာလဲ။” တစ်ခဏတာ တွေးတောပြီးနောက် ဖန်ကျန်းရှီက ချိုးချီ ဟန်ဆောင် နေတာကို ထုတ်ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။

“ငါ့မှာ ဂရုစိုက်စရာ ရှိနေလို့။” ချိုးချီ ပေါ့ပေါ့ ပါးပါး ပြန်ဖေတယ်။

ဖန်ကျန်းရှီကတော့ ချိုးချီ အားလုံးကို သိမ်းသွမ်း နိုင်တဲ့ အကြောင်းအရင်း နားလည် လာခဲ့ပြီ။ အကြောင်း အရင်းကတော့ ရှင်းပါတယ်။ ချင်းရှန်းက ဘာကိုမှ ဂရုမစိုက်ဘူး။ ဒါကြောင့် သူသေသွား ရတယ်။

ချိုးချီကတော့ ဂရုစိုက်စရာ ရှိတာကြောင့် မိစ္ဆာ နတ်ဆိုး စစ်တပ်ကြီးကို အုပ်ချုပ်နိုင်တယ်။ ကြားရတာ ငြီးငွေ့စရာ ကောင်းပေမယ့်၊ ဒါက အရှင်းဆုံး ပြောပြ နေတာပဲ။

မိစ္ဆာ နတ်ဆိုး စစ်တပ်ကြီးက ဂရုစိုက် တတ်တဲ့ ထင်ရာမစိုင်းတဲ့ အုပ်ချုပ်သူကို လိုအပ်တယ်။ ဒါကြောင့် ချိုးချီကို သူတို့ လက်ခံကြတယ်။

“ကြည့်ရတာ ယွင်ချင်းဝူကို ငါမသတ်ပဲ ထားခဲ့တာ မှန်သွားပုံပဲ။” ဖန်ကျန်းရှီ အခြေအနေကို ကြည့်ရင်း ပြောလိုက်တယ်။

“အမှန်ပဲ။” ချိုးချီ ခေါင်းငြိမ့်တယ်။

“ယွင်ချင်းဝူ ငါ့လက်ထဲမှာ ရှိနေသရွေ့ မင်းတို့ စစ်တပ်ကြီး မတိုက်ခိုက်ဝံ့ဘူးလို့ ငါတွက်နိုင်တယ်လား။” ဖန်ကျန်းရှီရဲ့ အပြုံးက ပိုတောက်ပ လာခဲ့ပြီ။

“ဟင့်အင်း။ ငါဂရု စိုက်စရာ ရှိတယ်ပဲ ပြောတာ ငါမလုပ် ဝံ့ဘူးလို့ မပြောဘူး။” ချိုးချီ ခေါင်းခါရင်း ပြန်ဖြေတယ်။

“ငါတို့ ပိုပြီး ရှင်းရှင်းလင်းလင်း ပြောကြမလား။”

“ကောင်းပြီ။ ငါမင်းနဲ့ ညှိနှိုင်းချင်တယ်။”

“ဘာတွေ ညှိနှိုင်းမှာလဲ။”

“ငါကြားတာတော့ လူသား မဟာမိတ် အဖွဲ့က ကျမ်းကောင်းကင်တောင်မှာ တစ်ခါ စုဝေး ခဲ့ကြတယ်။ ဒါပေမယ့် မိစ္ဆာ နတ်ဆိုး နတ်ဘုရား မုခ်ဝတွေ ပွင့်ကုန်တာကြောင့် စည်းဝေးပွဲကြီး ပျက်ခဲ့ရတယ် ဆိုပဲ။”

“မင်းကြားထားတာ အမှန်ပဲ။”

“ကောင်းကင် မဟာမိတ် စုဝေးပွဲကို ငါဆက် လုပ်ချင်တယ်။”

ဖန်ကျန်းရှီရဲ့ အပြုံးကတော့ ပျောက်ကွယ် သွားခဲ့ပြီ။ ချိုးချီကို သူစိုက်ကြည့် နေတော့တယ်။ ဖြစ်နိုင်ချေ ရှိတဲ့ ကိစ္စတွေ အများကြီးကို သူတွေး ထားပင်မယ့်၊ ချိုးချီက စည်းဝေးပွဲကို ပြီးအောင် လုပ်ချင် နေတယ်လို့ မထင်မှတ် ထားခဲ့မိဘူး။

ထူးဆန်းလိုက်တာ။

မြင့်မြတ် နယ်မြေ မျိုးနွယ်စုကြီး ငါးခုထဲမှာ သုံးခုသာ ကျန်တော့တယ်။ တောင်စဉ် ကိုးသွယ်က ပျောက်ကွယ်သွားတာ ကြာလှပြီ။ ယင်ယန် ခန်းမကလဲ အခုချိန်မှာ ခေါင်းဆောင် မရှိတော့ဘူး။ တခြား တစ်ဖက်မှာတော့ လင်းယွမ် မျှော်စင်က ဒီနန်းဆောင်ထဲတောင် ရောက်မနေခဲ့ဘူး။

ဒီလို အခြေအနေ မျိုးမှာ ကျန်တဲ့ မျိုးနွယ်စု နှစ်ခုက ကောင်းကင်တာအို ခန်းမနဲ့ ဖူရှီး တောင်ကြားပဲ။ မော့ရှန်းရှီကလဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ ဒီစည်းဝေးပွဲကို ဆက်လုပ်စရာ အကြောင်းအရင်း ရှိအုန်းမှာလား။

အရေးအကြီးဆုံးကတော့ လူသား မဟာမိတ် အဖွဲ့ကြီးက အားလုံးကို အစားထိုးပြီး ပေါ်ပေါက် လာတာာပဲ။ မဟာမိတ် အဖွဲ့အစည်း ဖြစ်လာမှတော့ ဘာကြောင့်များ စည်းဝေးပွဲ ဆက်လုပ်စရာ လိုနေ အုန်းမှာလဲ။

“မင်းတကယ်ပဲ ဘယ်သူလဲ။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ သူတောင် မထင်မှတ်ထားတဲ့ မေးခွန်းကို မေးလိုက်တယ်။ ချိုးချီက သူသိထားခဲ့သူ မဟုတ်ဘူးလို့ ထင်နေခဲ့တယ်။ ဒါပေမယ့် ချိုးချီရဲ့ သေခြင်းတရား အငွေ့အသက်တွေက အခုချိန်ထိ ရှိနေတုန်းပဲ့။

(ချိုးချီရဲ့ ညီငယ်လေးလား။ နာမည် မတူတဲ့သူ ဖြစ်နိုင်လား။)

“ချိုးချီ။” သူပြတ်ပြတ်သားသား ပြန်ဖြေတယ်။

“မင်းလိုချင်တာကို ငါသဘော မတူရင် ဘယ်လို လုပ်မလဲ။” ဖန်ကျန်းရှီ မျက်မှောင်ကြုတ် လိုက်တယ်။ ချိုးချီရဲ့ အဖြေကို သူမကျေနပ်တာ အမှန်ပဲ။

ချိုးချီက သူ့ကို အမှန်အတိုင်း မပြောမှတော့ သူလဲ ဆက်မေးစရာ မလိုတော့ဘူး။

“ငါ့နောက်ကို ကြည့်လိုက်လေ။ မင်းမှာ ရွေးချယ်စရာ ရှိသေးလို့လား။” ချိုးချီက ဖန်ကျန်းရှီရဲ့ အဖြေကို မျှော်လင့် ထားပုံပဲ။ နတ်သခင် လေးယောက်နဲ့ စစ်တပ်ကြီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။

“တိုက်ခိုက်။”

“တိုက်ခိုက်ကြ။”

တိုက်ပွဲခေါ်သံတွေက မိုးထိအောင် တက်သွားတော့တယ်။ ချင်းရှန်း အုပ်ချုပ်ချိန်ကနဲ့ မတူညီပဲ အခုချိန်မှာ စစ်တပ်ကြီးက ပိုပြီး ညီညွတ်နေခဲ့ပြီ။

ယွင်ချင်းဝူရဲ့ အမိန့် အောက်မှာ ရှိနေချိန်ကထက် ပိုပြီး တင်းမာ နေခဲ့တယ်။

“တိုက်ပွဲ ဖြစ်မယ်ဆိုရင် လူသား မဟာမိတ် အဖွဲ့က သေချာပေါက် ရှုံးမယ်လို့ ထင်လား။” ဖန်ကျန်းရှီက ဓားကို တင်းတင်းကြပ်ကြပ် ကိုင်ထားရင်း ချိုးချီ လည်ပင်းကို ထောက်လိုက်တယ်။

“ထင်တယ်။ ငါတို့ စစ်ပွဲ စတာနဲ့။ ငါက အကောင်းဆုံး တိုက်ခိုက်မှာပဲ။ လူသား မဟာမိတ် အဖွဲ့ကိုတော့ နတ်ဆိုး မိစ္ဆာ စစ်တပ်ကြီးက သတ်ဖြတ် ပြစ်လိမ့်မယ်။ ငါ့နောက်မှာ ရှိနေတဲ့ နတ်သခင် လေးယောက်က ပင်းယန်နဲ့ ရန်ရွှယ်ကို တိုက်ခိုက်မယ်။ ငါသာ တွက်ချက်တာ မှန်မယ် ဆိုရင်၊ ပင်းယန်နဲ့ ရန်ရွှယ်က ၁၅ မိနစ် အတွင်း သေကြလိမ့်မယ်။” ချိုးချီ ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။

“မင်းက ငါ့ကို ခြိမ်းခြောက် နေတာလား။” ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ မျက်မှောင်ကြုတ် သွားခဲ့ပြီ။

“ငါက အစီအစဉ်ကို ပြောပြရုံပဲ။ ဒါပေါ့။ ငါ့မှာ ဂရုစိုက်စရာ ရှိတယ်လို့ ပြောပြီးသား။ မလိုအပ် သရွေ့၊ ငါ့ အစီအစဉ် အတိုင်း မလုပ်ပါဘူး။ အခုတော့ ငါတို့ ဆက်ပြီး ညှိနှိုင်းကြမလား။”

“ကောင်းကင် မဟာမိတ် စုဝေးပွဲကို ဆက်လုပ်ချင်လား။”

“လုပ်ချင်တယ်။”

“ဘယ်လို လုပ်ဖို့ ရည်ရွယ်ထားလဲ။”

“ကောင်းကင် မဟာမိတ် စုဝေးပွဲကို လောကမှာ ရှိသမျှ မျိုးနွယ်စုတွေ အားလုံး လာကြတယ်။ ဒီတော့ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေလဲ သေချပေါက် ပါသင့်တာပဲ။” ချိုးချီ အေးအေးဆေးဆေး ရှင်းပြတယ်။

“မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် ဟုတ်လား။ ငါမကြားဖူးဘူး။ ကောင်းကင် မဟာမိတ် စုဝေးပွဲမှာ ဒီလို သေးသေးမွှားမွှားတွေကို လက်မခံနိုင်ဘူး။” ဖန်ကျန်းရှီ ချက်ခြင်း ငြင်းပယ်တယ်။

“မင်း မကြားဖူးတာ ပုံမှန်ပါပဲ။ ငါလဲ ဒီနေ့မှ တွေ့လာတာ။ မျိုးနွယ်စုတွေက အရေအတွက် သိပ်မများကြဘူး။ စုစုပေါင်း တစ်သိန်းလောက်ပဲ ရှိတာ ဆိုပင်မယ့်၊ အရမ်းတော့ မသေးပါဘူးလေ။” ဖန်ကျန်းရှီ မျက်နှာပြောင် တိုက်နေတာကို ချိုးချီက စိတ်ထဲ မထားခဲ့ဘူး။ သူက ကောင်းကောင်းကြီး ပြင်ဆင် ထားပုံပဲ။

“မင်း ရှိတယ် ပြောရုံနဲ့တင် ငါက ယုံရမှာလား။ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေမှာ ကိုယ်ပိုင် နယ်မြေ ရှိလား။ မရှိရင် မင်းတို့က အလကား လျှောက်သွားနေတဲ့ မျိုးနွယ်စု မရှိ ကလေကဝတွေပဲ ဖြစ်နေမှာပေါ့။”

“ငါတို့ ကံကောင်းတယ်။ ငါတို့မှာ မဟာနွံအိုင် ဆိုတဲ့ ကိုယ်ပိုင် နယ်မြေ ရှိတယ်လေ။”

“မဟာနွံအိုင်က ဧကရီ ပိုင်ကျစ်ရဲ့ နယ်မြေပဲ။ မင်းတို့ ပြောလိုက်လို့ မင်းတို့ နယ်မြေ ဖြစ်မလာဘူး။ ငါမင်းကို မယုံဘူး။ သက်သေ ပြစရာ မရှိရင်၊ မင်းတို့ ပြန်တော့။” ဖန်ကျန်းရှီ ဆက်ပြောတယ်။

“..”

“ငါသက်သေ ပြနိုင်တယ်။”

လူသား မဟာမိတ် အပါအဝင် အားလုံးက ဖန်ကျန်းရှီရဲ့ အရှက် မရှိတဲ့ နည်းလမ်းကြောင့် ပါးစပ် အဟောင်းသား ဖြစ်နေချိန်မှာပဲ သူက ယွင်ချင်းဝူ ဘက်ကို လှည့်သွားခဲ့တယ်။

“ယွင်ချင်းဝူ ဓားစာခံ အနေနဲ့ မင်းလုပ် သင့်တာကို နားလည်မယ်လို့ ထင်တယ်။” ဖန်ကျန်းရှီက ယွင်ချင်းဝူကို လှည့်ပြီး ခြိမ်းခြောက်တယ်။

“ငါက ဓားစာခံ ဟုတ်တယ်။ ဒါပေမယ့် ဧကရီရဲ့ တစ်ဦးတည်းသော သမီးလဲ ဖြစ်နေသေးတယ်။ ဒါကြောင့် မဟာနွံအိုင်က မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေရဲ့ နယ်မြေလို့ ငါသက်သေ ပြနိုင်တယ်။” ယါင်ချင်းဝူက သူ့ခြိမ်းခြောက်မှုကြောင့် တစ်ချက်လေးတောင် တုန်ယင် မသွားခဲ့ဘူး။

“ယွင်ချင်းဝူ။ ဓားစာခံ တစ်ယောက် အနေနဲ့ အနာဂတ်ကို ငါတကယ် စိုးရိမ် မိပါတယ်။” ဖန်ကျန်းရှီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း သူမကို စားတော့ ဝါးတော့မလို ကြည့်နေတော့တယ်။

“ငါက နင့်ရဲ့ ဓားစာခံ ဖြစ်နေ ပြီးသားပဲ။ စိတ်ကြိုက်လုပ်လို့ ရပါတယ်။” ယွင်ချင်းဝူကတော့ အခုချိန်မှာ သူ့ကို အရှက်မရှိဘူးလို့ ပြောမနေခဲ့ဘူး။ အဲ့ဒီ့အစား ဒီအတိုင်းသာ ရင်ဆိုင် လိုက်တယ်။

“..” ဖန်ကျန်းရှီကတော့ ပြောစရာ စကား မရှိ ဖြစ်သွားခဲ့တယ်။

အခုချိန်မှာ ချိုးချီကတော့ ရှေ့ကို တစ်လှမ်း တိုးလာရင်း ယွင်ချင်းဝူကို ဦးညွှတ်လိုက်တယ်။

“ကျေးဇူး အများကြီး တင်ပါတယ် အရှင်သခင်ငယ်။ ဖန်ကျန်းရှီ မင်း နောက်ထပ် မေးစရာ ရှိသေးလား။”

“ရှိသေးတာပေါ့။” ဖန်ကျန်းရှီ ချက်ခြင်း ပြန်ဖြေတယ်။

“ရှိသေးတာလား။ ဖန်ကျန်းရှီ၊ ငါ အပိုစကားတွေ ပြောရတာကို မကြိုက်ဘူးဆိုတဲ့ အကြောင်း ပြောခဲ့တာ မင်း မှတ်မိမယ် ထင်တယ်။” ချိုးချီက စိတ်ကုန် သွားပုံပဲ။

“ငါကတော့ ကြိုက်တယ်လေ။” ဖန်ကျန်းရှီ တစ်ချက်လေးတောင် ဂရု စိုက်မနေခဲ့ဘူး။

“..” ဒီတစ်ကြိမ်မှာတော့ ပြောစရာ စကား မရှိသူက ချိုးချီ ဖြစ်နေခဲ့တယ်။ ဒါပေမယ့် တစ်ခဏတာ တိတ်ဆိတ် ပြီးနောက် သူချက်ခြင်း ပြန်ဖြေတယ်။ “မင်းမှာ မေးစရာ ဘယ်နှစ်ခု ရှိလဲ။”

“တစ်ခု။”

“ကောင်းပြီ။ ဆက်သွားကြစို့။”

“ချင်းရှန်းကို သတ်ဖို့ မင်း ဘယ်နှစ်ကွက် သုံးလိုက်ရလဲ။” ငွေရောင် အလင်းတန်းက ဖန်ကျန်းရှီရဲ့ မျက်လုံးမှာ ပေါ်ထွက် လာတော့တယ်။

ဒါက တခြား လောက အမြင်ကို ဖွင့်နိုင်တဲ့ သရဲ တာအိုပဲ။

ငွေရောင် အလင်းတန်း ပေါ်လာ ချိန်မှာတော့ အဖြူအမည်း လောကကို ဖန်ကျန်းရှီ မြင်လိုက် ရတော့တယ်။ အဖြူရောင် အရိပ်တွေ အများကြီးက မိစ္ဆာ နတ်ဆိုး တပ်ဖွဲ့ကြီး ပေါ်မှာ ရှိနေခဲ့တယ်။ ဒီအရာတွေမှာလဲ အရိပ်တွေ ပိုင်ဆိုင်ကြတယ်။ ဒါကတော့ ဝိဉာဉ် အရိပ်တွေပဲ။

လူတိုင်းမှာ အရိပ်နဲ့ ဝိဉာဉ်ရှိတယ်။ မင်းက လူသား ဖြစ်စေ၊ မိစ္ဆာ ဖြစ်စေ၊ နတ်ဆိုး ဖြစ်စေ ကိစ္စ မရှိဘူး။

ဒါပေမယ့် ဖန်ကျန်းရှီကတော့ ချိုးချီကို ကြည့်လိုက်ချိန်မှာ မျက်လုံး အပြူးသား ဖြစ်သွား ခဲ့ရတယ်။

ချိုးချီရဲ့ ခေါင်းပေါ်မှာ အရိပ် ငါးခု ရှိနေခဲ့တယ်။

အပိုင်း (၉၈၇) ပြီး၏။

အပိုင်း ်(၉၈၈)

“စည်းမျဉ်းအသစ်နှင့် ရုတ်တရက် အပြောင်းအလဲများ။”

ဝိဉာဉ် တစ်ခုချင်းစီ တိုင်းမှာ အရိပ် တစ်ခုစီ ရှိတယ်။ အရိပ် ငါးခု ရှိနေတာကတော့ ဝိဉာဉ် ငါးခု ရှိတယ်လို့ ဆိုလိုနေတယ်။

ဖန်ကျန်းရှီ သူအမြင် မှားနေတယ်လို့ ထင်သွားခဲ့တယ်။ သူ့မျက်လုံးတွေကို တစ်ခေါက် ပွတ်ပြီးတာတောင် အရိပ် ငါးခုက ရှိနေဆဲပဲ။

ဘာတွေ ဖြစ်နေတာလဲ။

(ချိုးချီမှာ ဝိဉာဉ် ငါးခု ရှိတယ်လို့ ပြောနေတာလဲ။

မိုးနတ်မင်း ကယ်ပါ။)

ဖန်ကျန်းရှီ မယုံနိုင်ခဲ့ ပေမယ့်၊ ဒါကတော့ အဖြစ်မှန်ပဲ။ သရဲတာအိုကို စတင် ကျွမ်းကျင် ချိန်က စပြီး ဘယ်ကိစ္စကိုမှ မကြောက်တော့တာ ကြာပြီ။ အခုတော့ သူလန့် နေခဲ့ရတယ်။

ဒါပေမယ့် ချိးချီရဲ့ ဝိဉာဉ်ကို အရင်တစ်ခေါက် မကြည့်ခဲ့တဲ့ အတွက် သတိ မထားမိ တာလဲ ဖြစ်နိုင်တယ်။

(ဝိဉာဉ် ငါးခု ထဲမှာ တစ်ခုကိုပဲ ငါဒဏ်ရာ ရအောင် လုပ်မိတာလား။

တခြား ဝိဉာဉ်တွေက မထိခိုက်လို့ ငါ့နောက်ကို လိုက်လာ နိုင်ကြတာလား။)

ဖန်ကျန်းရှီ သူတွေး နေတာတွေ မှန်မမှန် ်မသေချာဘူး။ ဒါပေမယ့် သူ့ပြိုင်ဘက်က ်နတ်သခင် တစ်ယောက် ဖြစ်နေမှတော့ သူ့ရဲ့ ထူးထူးဆန်းဆန်း အရည် အချင်းတွေကို ဂရုစိုက် မနေတော့ဘူးလေ။

ဝိဉာဉ် ငါးခုနဲ့ အသက်ငါးချောင်း။ အားလုံးကို တစ်ခေါက်တည်း သတ်ဖို့ သူဆုံးဖြတ် လိုက်တယ်။ ဒီနည်းလမ်းက ရိုးရှင်းပြီး မြန်ဆန်တယ်။

“ဒါက မင်းရဲ့ နောက်ဆုံး မေးခွန်းလား။ အင်း။ ချင်းရှန်းကို သတ်ဖို့ ငါ နှစ်ကွက်ပဲ သုံးလိုက် ရတယ်။” ချိုးချီက ဖန်ကျန်းရှီရဲ့ မေးခွန်းကို မမျှော်လင့် ထားပင်မယ့်၊ သူအမှန် အတိုင်း ဖြေခဲ့တယ်။

“နှစ်ကွက်လား။” ဖန်ကျန်းရှီ နည်းနည်းတော့ မျက်လုံး ပြူးသွား ပြန်တယ်။

သူ့မှတ်ဉာဏ်တွေ အရဆိုရင်၊ ချိုးချီက အင်အားကြီးတဲ့ နတ်သခင် ဆိုတာ သူသေချာတယ်။ ဒါပေမယ့် သူနဲ့ ချင်းရှန်းကြားမှာ သိပ်ပြီး ကွာခြားချက် မရှိဘူး။ သေချာ ပြောမယ် ဆိုရင် ချိုးချီက ချင်းရှန်းထက်တောင် နည်းနည်း အားနည်း သေးတယ်။

(နှစ်ကွက်တည်းနဲ့ သတ် နိုင်တယ် ဆိုတော့၊ အဲ့တာ အလစ် ဝင်တိုက်တာ မဟုတ်လား။)

အလစ် ဝင်တိုက်ရင်တောင် ဘာမှ ထူးဆန်း မနေဘူး။ ချင်းရှန်းနဲ့ ချိုးချီ နှစ်ယောက် စလုံးက နတ်သခင်တွေ ထဲမှာ ထူးထူးခြားခြား ကြောင်တောင်တောင် ဖြစ်နေတဲ့ ကောင်တွေ။

ကြောင်တောင်တောင် ကောင်တွေရဲ့ တူညီတဲ့ အချက်ကတော့ ဘယ်သူ့ကိုမှ မယုံတာပဲ။ လက်ရှိ အခြေအနေ မျိုးမှာ သန်မာပြီး သတိကြီးတဲ့ သူကို အလစ် ဝင်တိုက်မယ် ဆိုရင်၊ အောင်မြင် နိုင်ချေက နည်းလွန်းတယ်။ တစ်ဖက်က ပိုပြီး သန်မာ မနေသရွေ့ နှစ်ကွက်တည်းနဲ့ အသေသတ် နိုင်တယ် ဆိုတာက မဖြစ်နိုင်ဘူး။

(တစ်ခုခုတော့ လွဲနေပြီ။

သေချာပေါက် လွဲနေပြီ။)

ဖန်ကျန်းရှီ ဘာတွေ မှားနေမှန်း သေချာ မသိခဲ့ဘူး။ သူ့ရှေ့မှာ ရပ်နေတဲ့ ချိုးချီက သူနဲ့ တိုက်ခိုက်ခဲ့တဲ့ ချိုးချီ မဟုတ်တော့မှန်း သိနေခဲ့တယ်။

(အရှိန် အဝါက အတူတူပဲ။ အင်အားကတော့ ကွာခြားနေတယ်။ ဒါက ပုံမှန် မဟုတ်တဲ့ ကိစ္စပဲ။)

အခုချိန်မှာ ကောက်ချက်ချ ပြလို့ ရတဲ့ ကိစ္စ မရှိသေးဘူး။ တိုက်ခိုက်မှပဲ ချိုးချီရဲ့ အင်အားကို လေ့လာ ကြည့်လို့ ရမယ်။

ဖန်ကျန်းရှီ ကတော့ သူ့ လက်ရှိ အင်အားကို အတော်လေး ယုံကြည်ချက် ရှိနေခဲ့ပြီ။ တစ်ချိန်တည်း နတ်သခင် ငါးယောက်ကို မသတ်နိုင် ပေမယ့်၊ တစ်ယောက် နှစ်ယောက်ကိုတော့ ကောင်းကောင်း ထိန်းနိုင် ပါသေးတယ်။

ဒီလို ဖြစ်နေမှတော့ ဘာကြောင့်များ အများကြီး တွေးနေ တော့မှာလဲ။

အတွေးလွန်မယ့် အစား ဖန်ကျန်းရှီ တိုက်ရိုက် မေးလိုက်တယ်။

“ကောင်းကင် မဟာမိတ် စုဝေး ပွဲကလို သုံးပွဲတိုက် နှစ်ပွဲနိုင် စည်းမျဉ်း အတိုင်းပဲ ဆက်သွားမှာလား။”

“ဟုတ်တယ်။ ဒါပေမယ့် ကောင်းကင် မဟာမိတ် စုဝေးပွဲနဲ့ မတူညီ စေဖို့၊ စည်းမျဉ်း တစ်ချို့ကို ပြောင်းပြစ်ရမယ်လို့ ငါယုံတယ်။” ချိုးချီ ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။

“ဘယ်လိုမျိုးလဲ။”

“အရမ်းကို ရှင်းပါတယ်။ သုံးပွဲတိုက် နှစ်ပွဲနိုင် စည်းမျဉ်းထဲမှာ ငါတို့ နှစ်ယောက် တစ်ယောက်ကို စည်းမျဉ်း အသစ် တစ်ခုစီ ထပ်တည့်မယ်။ ဒါဆိုရင် ကိစ္စတွေက မျှတ သွားလိမ့်မယ်။” ချိုးချီ ပြောတယ်။

“မင်းရဲ့ စည်းမျဉ်းက ဘာလဲ။” ဖန်ကျန်းရှီ သူဆိုလို ချင်တာကို နားလည်တယ်။

တစ်ခဏတာ စဉ်းစား ပြီးတဲ့နောက် ချိုးချီ ပြန်ပြောတယ်။

“ငါ့ စည်းမျဉ်းက ရိုးရှင်းတယ်။ ဘယ်သူပဲ တိုက်ခိုက် ပါစေ၊ တစ်ယောက်ချင်းစီ တိုင်းက တစ်ခေါက်ပဲ ဝင်ပြိုင်ခွင့် ရှိတယ်။”

(တစ်ယောက် ချင်းစီတိုင်းက တစ်ခေါက်ပဲ ဝင်ပြိုင်ခွင့် ရှိတယ်တဲ့လား။) ဖန်ကျန်းရှီ မျက်မှောင်ကြုတ် သွားပြန်တယ်။

ဒီစည်းမျဉ်းက သူတို့ အတွက်တော့ အရမ်းကို ကောင်းတဲ့ စည်းမျဉ်းပဲ။ မိစ္ဆာ နတ်ဆိုး မျိုးနွယ် ဘက်မှာ နတ်သခင် ငါးယောက် ရှိနေတယ်။ ဒါပေမယ့် လူသား ဘက်မှာတော့ နတ်သခင်တွေလို တိုက်ခိုက်ရေး စွမ်းရည် ရှိနေတာ ဖန်ကျန်းရှီ တစ်ယောက်ပဲ ရှိတယ်။

အကယ်၍ လူတစ်ယောက်က တစ်ခေါက်ပဲ ယှဉ်ပြိုင်ခွင့် ရှိမယ်ဆိုရင်၊ ဖန်ကျန်းရှီက တစ်ခေါက်ပဲ အနိုင်ရ နိုင်လိမ့်မယ်။ လူသား မဟာမိတ် တပည့်သားတွေလဲသူတို့ ရောက်နေတဲ့ အခြေအနေကို နားလည် သွားကြတယ်။ သူတို့တွေ ချက်ခြင်း မျက်နှာ ပျက်သွားကြတယ်။

“ဒီလို အခြေအနေမှာ ဘယ်လိုများ ငါတို့ တိုက်ခိုက် ရမှာလဲ။”

“အမှန်ပဲ။ ငါတို့တွေ တိုက်ခိုက်လို့ မဖြစ်ဘူး။”

“သုံးပွဲထဲက တစ်ပွဲပဲ ဖန်ကျန်းရှီ ပါဝင် နိုင်လိမ့်မယ်။ တခြား နှစ်ပွဲမှာတော့ နတ်သခင်တွေကို ငါတို့ နိုင်ဖို့က မဖြစ်နိုင်ဘူး။”

လူသား မဟာမိတ် တပည့်သားတွေက စတင်ပြီးတော့ ဆူညံပူညံ ဖြစ်လာ ကြတော့တယ်။

“မင်းတို့ လွယ်လွယ်နဲ့ လက်လျော့ကြ တော့မှာလား။” ချိုးချီက လူသား မဟာမိတ် တပည့်သားတွေကို လှောင်ရယ်တယ်။

“အရှက် မရှိတဲ့ ကောင်စုတ် အခုက သူနဲ့ စကားပြောရမယ့် အချိန် မဟုတ်ဘူး။ တိုက်ခိုက်ရအောင်။”

“ဟုတ်တယ်။ တိုက်ခိုက်ကြစို့။”

ဝူယွဲ့အာနဲ့ ပင်းယန်က မကျေမနပ်နဲ့ ဝင်ပြောတယ်။ အခုလို တားမြစ်ချက် ရှိနေမှတော့ ပြိုင်ပွဲ ပြိုင်နေတာက ဘာမှ အကျိုး မရှိဘူး။ အကယ်၍ စစ်ပွဲကို စမယ် ဆိုရင်တော့ အနိုင် ရနိုင်ချေ နည်းနည်း ရှိတယ်။

ဖန်ကျန်းရှီက ပင်းယန်နဲ့ ဝူယွဲ့အာကို ပြန် မဖြေခဲ့ဘူး။ သူလက်သီးကို ကျစ်ကျစ်ပါအောင်သာ ဆုပ်ထားခဲ့တယ်။ မိစ္ဆာ နတ်ဆိုးတွေကို သူပြန်တိုက်ခိုက် နိုင်တယ်။ ဒါပေမယ့် ပင်းယန်နဲ့ ရန်ရွှယ်က ဘယ်လို လုပ်မလဲ။

ချိုးချီ ပြောတာ မှန်တယ်။ သူတို့တွေ စစ်ပွဲ စတာနဲ့ ဖန်ကျန်းရှီက သူတို့ကို တစ်ခဏတော့ တောင့်ခံ ထားနိုင် လိမ့်မယ်။ ဒါပေမယ့် တခြား သူတွေ ကတော့ နတ်သခင် လေးယောက်ကို တောင့်ခံထားဖို့ မဖြစ်နိုင်ဘူး။

“အနိုင်ရတဲ့ သူက ဘာရမလဲ ဆိုတာ အရင်ဆုံး ပြောကြရအောင်။” ဖန်ကျန်းရှီက သူ့ရဲ့ စည်းမျဉ်းကို အရင် မပြောခဲ့ဘူး။ ချိုးချီရဲ့ ရည်ရွယ်ချက် အစစ် အမှန်ကို သူအတည်ပြု ချင်တယ်။

“ရိုးရှင်း ပါတယ်။ ကောင်းကင် မဟာမိတ် စုဝေးပွဲ စည်းမျဉ်း အတိုင်း၊ အနိုင်ရတဲ့ မျိုးနွယ်က လူသား၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်တွေကို အမိန့်ပေး အုပ်ချုပ်လို့ ရမယ်။ အကယ်၍ ငါတို့ နိုင်မယ် ဆိုရင် လူသား မျိုးနွယ်ရဲ့ ကံကြမ္မာကို ငါတို့ ဆုံးဖြတ်မယ်။ ဒီလိုပဲ လူသားတွေ နိုင်ရင်တော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ် နှစ်ခုလုံးရဲ့ ကံကြမ္မာကို ထိန်းချုပ်ခွင့် ရှိမယ်။” ချိုးချီ အေးအေးဆေးဆေး ပြန်ဖြေတယ်။

“လူသား၊ မိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ် သုံးခုလုံးကို အုပ်ချုပ်ရမှာလား။” ဖန်ကျန်းရှီ တကယ့်ကို လန့်သွားတော့တယ်။

ချိုးချီက ယွင်ချင်းဝူကို ပြန်လိုချင် ရုံပဲလို့ သူထင်ခဲ့တယ်။ ဒါပေမယ့် သူက ယွင်ချင်းဝူထက် ပိုပြီးတော့ ကြမ်းတမ်း နေသေးတယ်။ လူသား မဟာမိတ် တစ်ဖွဲ့လုံးကို တစ်ချက်တည်းနဲ့ သူက ဝါးမျိုဖို့ ကြံနေခဲ့ပြီ။ သူ့ရဲ့ အကြံအစည်က အတော်လေးကို ကောင်းတယ်။

ဖန်ကျန်းရှီ၊ မုချင်းဖန်းနဲ့ မော့ရှန်းရှီ အပါအဝင် လူသား မဟာမိတ် အားလုံး တိတ်ဆိတ် သွားခဲ့ကြပြီ။ ဒီရိုက်ချက်က ပြင်းထန် လွန်းတယ်။

အနိုင်ရသူက အားလုံးကို အုပ်ချုပ် ရမယ်လို့ ချိုးချီ ပြောခဲ့တယ်။ ဒါပေမယ့် လူသား မျိုးနွယ်တွေသာ ရှုံးနိမ့် သွားရင်တော့ ဖြစ်နိုင်ချေက တစ်ခုတည်းပဲ ရှိလာလိမ့်မယ်။ ဒါကတော့ ကျွန်ပြု ခံရတာပဲ။

အကယ်၍ လူသားတွေက အနိုင် ရသွားခဲ့ရင်တော့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေနဲ့ ယှဉ်တွဲ နေထိုင် ရလိမ့်မယ်။ အနာဂတ်မှာ အကြီးမားဆုံး ချိန်းခြောက်မှုကြီး ဖြစ်လာမယ့် သူတွေကို ဒီအတိုင်းသာ အသက်ရှင်လျက် ထားရမယ်။ ဒါက နှစ်ထောင်ချီ ကြာမြင့်ခဲ့တဲ့ တိုက်ပွဲကြီးပဲ။

အနိုင် အရှုံးသာ ရှိနိုင်လိမ့်မယ်။ ငြိမ်းချမ်းရေး မရှိဘူး။

“မင်းတို့က ရှုံးမှာ ကြောက်နေ ကြတာလား။” ချိုးချီ မေးလိုက်တယ်။

…

မြင့်မြတ် နယ်မြေ။ ကျမ်းကောင်းကင်တောင်။

ခမ်းနားတဲ့ နတ်ဘုရား မုခ်ဝကြီးတွေက ကျမ်းကောင်းကင်တောင်ရဲ့ အထက်မှာ မားမားမတ်မတ် ခံ့ခံံ့ညားညား ရပ်တည် နေကြတယ်။ တောင်ကြီးက မုခ်ဝတွေရဲ့ အရှိန်အဝါကြောင့် ပိုပြီး ခံ့ညား တင့်တယ်နေတယ်။

တောင်ထိပ် ဝင်ပေါက်ကိုတော့ မိစ္ဆာ မျိုးနွယ်တွေက စောင့်ကြပ်ထားတယ်။ မိစ္ဆာ ဘုရင် ဆယ်ယောက်က တောင်ထိပ် ထောင့် လေးခုမှာ ရပ်နေကြရင်း အလယ် ဗဟိုက ကျားကွက်ကို ကာကွယ် နေခဲ့တယ်။

ဒီကျားခုံပေါ်မှာ ဖုန်တစ်စက်တောင် မရှိခဲ့ဘူး။ နေ့တိုင်း သေချာ သန့်ရှင်းရေး လုပ်ထားမှန်း သိသာတယ်။

ရှေးဟောင်း နတ်သခင်တွေက ဒီနေရာမှာ ဆင်းသက်ကြတယ်။ နတ်ဘုရား မုခ်ဝတွေက နယ်မြေ နှစ်ခုကို ဆက်သွယ်ပေးတဲ့ ပေါင်းကူး တံတားတွေပဲ။ ဒီတော့ နတ်ဆိုး မိစ္ဆာ မျိုးနွယ်တွေ စောင့်ကြပ် နေတာ မဆန်းဘူး။

ဧကရီ ပိုင်ကျစ်က သူတို့ရဲ့ အဓိက အုပ်ချုပ်သူ။

တစ်ချိန်က မြင့်မြတ် နယ်မြေမှာ အသန်မာဆုံးသူ ဖြစ်ခဲ့ပေမယ့်၊ အခုချိန်မှာတော့ တောင်ထိပ်မှာ ကျောက်တုံးအိမ် အသစ်စက်စက်လေးကို ဆောက်လုပ်ပြီး အခြေချ နေခဲ့ပြီ။ နှင်းဖြူရောင် သားမွှေး ဝတ်ရုံကို ဝတ်ထားတဲ့ သူမ အသွင်က အရမ်းကို ညှို့ငင်နိုင်စွမ်းတွေ လျှံထွက် နေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ နှလုံးသားကို တုန်ယင်စေတဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေကိုလဲ သူမ ထုတ်လွှတ်နေတယ်။

ဒါပေမယ့် ဧကရီ ပိုင်ကျစ်ကတော့ ပျော်နေပုံ မရဘူး။ ကျမ်းကောင်းကင် တောင်ပေါ်မှာ နေရတာ အတော်လေး ပျင်းစရာ ကောင်းတယ်။ အရင် တိုက်ပွဲ ပြီးဆုံး သွားတဲ့နောက် ဘယ်လူသားကမှ တောင်အောက်ကို မကပ်ဝံ့တော့ဘူး။

“ပျင်းစရာ ကောင်းလိုက်တာ။” ဧကရီ ပိုင်ကျစ် အကြောလျော့ရင်းနဲ့ လှဲချလိုက်တယ်။ အဲ့ဒီ့နောက် မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပိတ်ထား လိုက်တယ်။

“ပျင်းစရာ ကောင်းရင် ဘာဖြစ်လို့ ဒီနေရာကို စောင့်ကြပ် နေသေးလဲ။” ဒီအချိန်မှာ မာကျောတဲ့ အသံတစ်သံ ကျောက်တုံးအိမ် အပြင်က ထွက်လာတာကို ကြားလိုက် ရတယ်။

ဧကရီ ပိုကျစ် မျက်လုံးတွေကို ချက်ခြင်း ပြန်ဖွင့်လိုက်တယ်။ သူမရဲ့ မျက်ဝန်းတွေက တောက်ပလာပြီး မျက်နှာပေါ်မှာ အပြုံး တစ်ခုက ချက်ခြင်း အစားထိုး ဝင်ရောက်လာတယ်။

ဒီအပြုံးကတော့ ဘယ်သက်ရှိ ယောကျာ်းမဆို ချစ်စိတ်ဝင်လာ စေနိုင်တဲ့ အပြုံးပဲ။

အဲ့ဒီ့နောက် ဧကရီ ပိုင်ကျစ် ဖြည်းဖြည်းချင်း ထပြီး သူမကိုယ် သူမ ဖြီးသင်လိုက်တယ်။

တံခါးကို ဖွင့်လိုက် ချိန်မှာတော့ ငွေရောင် ဝတ်ရုံရှည် ဝတ်ထားတဲ့ အမျိုးသမီးကို သူတွေ့လိုက် ရတော့တယ်။ ဒီအမျိုးသမီးရဲ့ ကျက်သရေ ရှိရှိ တည်ငြိမ်တဲ့ အလှက ဧကရီ ပိုင်ကျစ်ရဲ့ အလှတရားနဲ့ ဆန့်ကျင်ဘက်ပဲ။

ပင်ကိုယ် ညှို့ငင်နိုင်စွမ်း ပြင်းပြတဲ့ သူနဲ့ သဘာ၀ အတိုင်း လူလေးစားရတဲ့ ရုပ်သွင် ရှိသူ။

သူကတော့ ချင်းယွိပဲ။ လင်းယွမ် မျှော်စင် ခေါင်းဆောင်။

“ဘာများ ကူညီ ပေးရမလဲ။” ဧကရီ ပိုင်ကျစ် ပြုံးရင်းနဲ့ ပြောလိုက်တယ်။ ချင်းယွိ ရောက်လာတာကြောင့် သူမ အံ့သြ မနေခဲ့ဘူး။

“လင်းယွမ် မျှော်စင်မှာ ငါနေတာ ကြာလှပြီ မလို့ လေ့ကျင့်ခန်း လုပ်ရအောင် မိစ္ဆာ လာရှာတာ။” ချင်းယွိက ပြုံးပြရင်း ပြန်ဖြေ ပင်မယ့်၊ နေရာကနေ မလှုပ်မယှက်သာ ရှိနေခဲ့တယ်။

“ဒီအကြံ ကောင်းသားပဲ။ ငါ့ ဒီနေရာမှာ မိစ္ဆာ ဘုရင် ဆယ်ယောက် ရှိတယ်။ နင်တစ်ယောက်တည်းနဲ့ နိုင်မှာလား။” ဧကရီ ပိုင်ကျစ်ရဲ့ အပြုံးက ပိုတောက်ပ လာခဲ့ပြီ။

“မိစ္ဆာ ဘုရင် ဆယ်ယောက်နဲ့ ဧကရီ တစ်ပါး။ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စိန်ခေါ်မှုပဲ။” ချင်းယွိ ပြန်ဖြေတယ်။

“နောက်ဆုံးတော့လဲ တိုက်ခိုက် ရမှာလို့ ထင်သား။”

“အတူတူပါပဲ။”

“မျှော်စင် ခေါင်းဆောင်ချင်း ဘာကြောင့် ဒီကို ရောက်လာလဲ ခန့်မှန်း ကြည့်ရအောင်။” ဧကရီ ပိုင်ကျစ်က ခေါင်းငြိမ့်ရင်း အဝေးကို လှမ်းကြည့်တယ်။

“ယွင်ချင်းဝူ စစ်တပ်ကြီးကို ခေါ်ဆောင်သွားတဲ့ အချိန် လင်းယွမ် မျှော်စင်က ကျမ်းကောင်းကင်တောင်ကို အလစ်ဝင်တိုက်တယ်။ တကယ့်ကို အစီအစဉ် ကောင်းပဲ။ ဒါပေမယ့် အသေခံ ကိစ္စလို့ ငါတော့ ထင်တယ်။ မျှော်စင် ခေါင်းဆောင်ချင်းရော ဘယ်လို ထင်လဲ။”

“အစွမ်းကုန် တိုက်ခိုက်ရမယ့် အစီအစဉ်။”

“လင်းယွမ် မျှော်စင်က ကျမ်းကောင်းကင်တောင်ကို ဖျက်စီးပြီး မုခ်ဝတွေကို ပိတ်နိုင်မယ်လို့ ထင်လား။” ဧကရီ ပိုင်ကျစ်က ပြုံးပြုံးကြီး မေးတယ်။

“မကြိုးစားကြည့်ရင် မသိနိုင်ဘူး။” ချင်းယွိ ပြန်ဖြေတယ်။

“ကြိုးစားကြည့်လေ။” ဧကရီ ပိုင်ကျစ်က နောက်ထပ် မပြောတော့ဘူး။ ချက်ခြင်း သူ တိုက်ခိုက်တယ်။ ချင်းယွိရဲ့ ရင်ဘတ်ကို လက်နဲ့ ရိုက်ချတယ်။ သူ့လှုပ်ရှားမှုက အရမ်းကို မြန်ဆန်လွန်းတယ်။ ကြောက်စရာ အင်အားက တောင်ကြီး တစ်လုံးလို ချက်ခြင်း ကျဆင်း လာခဲ့ပြီ။

သူတို့ရဲ့ လက်ဖဝါးတွေ ထိတွေ့ သွားချိန်မှာတော့ ချင်းယွိက ချက်ခြင်း နောက်ကို လွင့်စင် ထွက်သွားခဲ့တယ်။ သူမရဲ့ ခေါင်းပေါ်မှာ ငွေရောင် လမင်း ရှစ်စင်းက ရုတ်တရက် ထွက်ပေါ် လာတယ်။

“နှစ်ဝက် ကြာတာတောင် မင်းရဲ့ အရည်အချင်းက သိပ်ပြီး မတိုးတက် လာပါလား။” ဧကရီ ပိုင်ကျစ် ပြောတယ်။

“နင်ကတော့ တော်တော်လေး အားနည်းသွားတာ သနားစရာပဲ။” ချင်းယွိ ပြန်ပြောတယ်။

“မျှော်စင်ခေါင်းဆောင် ချင်းယွိက အရင်ကထက် ပိုပြီး နှုတ်သီးကောင်း လျှာပါး ဖြစ်လာတာပဲ။ ကြီးမြတ်သော ရှနိုင်ငံ ဧကရာဇ် လင်းမုပိုင်ရော ဒီလျှာအစွမ်းကို ခံစားဖူးလား မသိ။” ဧကရီ ပိုင်ကျစ်ရဲ့ မျက်ဝန်းတွေက တောက်ပ လာပြန်တယ်။

“ေ-ွးမ။” ချင်းယွိ အမူအယာ ပြောင်းလဲ သွားတယ်။

မိစ္ဆာနဲ့ နတ်ဆိုးတွေက လူသားတွေထက် တချို့ ကိစ္စတွေမှာ ပိုပွင့်လင်းမှန်း နားလည်တယ်။ ဒါပေမယ့် ဧကရီ ပိုင်ကျစ်က အရမ်းကို ပေါ့ပေါ့ ပါးပါး ပြောပြ နေတာကိုတော့ သူမ သည်းမခံ နိုင်ခဲ့ဘူး။

ဒေါသထွက်ပြီး ဆဲမိတော့တယ်။

ဧကရီ ပိုင်ကျစ်ကတော့ အေးအေးဆေးဆေးသာ ရှိနေခဲ့တယ်။ လင်းယွမ် မျှော်စင် တပည့်သားတွေကို သူမ လှမ်းကြည့်တယ်။ မိစ္ဆာ ဘုရင်တွေနဲ့ တိုက်ခိုက် နေကြသူတွေက အယောက် ၂၀၀ မပြည့်ဘူး။

မိစ္ဆာထောင်ချီနဲ့ မိစ္ဆာ ဘုရင် ဆယ်ယောက်ကို အနိုင်တိုက် နိုင်ရင်တော့ သူတို့က မြင့်မြတ် နယ်မြေမှာ အသန်မာဆုံး မျိုးနွယ်စု ဖြစ်နေမှာ အမှန်ပဲ။ ဧကရီ ပိုင်ကျစ် ဒါကိုတော့ သိပ်ပြီး စိုးရိမ် မနေခဲ့ဘူး။

လင်းယွမ် မျှော်စင်က မိစ္ဆာ စစ်တပ်နဲ့ မိစ္ဆာ ဧကရီကို အနိုင်ယူ နိုင်မယ်လို့ သူမ မယုံဘူးလေ။

ထူးခြားချက် တစ်ခုကတော့ ချင်းယွိ ရုတ်တရက် ရောက်ချ လာတာပဲ။ သူ မပြင်မဆင်နဲ့ ရောက်လာပုံလဲ မရဘူး။ သူ့မှာ ထူးခြားတဲ့ ယုံကြည်ချက်တွေ ရှိနေတယ်။ ဒါက သူ့ခွန်အားကြောင့်လဲ မဟုတ်ပြန်ဘူး။

အဲ့တာက လင်းယွမ် မျှော်စင်ပဲ ဖြစ်ရမယ်။

မိစ္ဆာ နတ်ဆိုး စစ်တပ်ကြီးကို မဟာနွံအိုင်ထဲ ရောက်အောင် တစ်ခေါက် တွန်းပို့ နိုင်ခဲ့တဲ့ အရာ။

ဧကရီ ပိုင်ကျစ် တွေးတောနေတယ်။ ချင်းယွိ ရောက်လာမှတော့ မဟာမိတ် လာဖွဲ့တာ မဟုတ်ဘူး။ သေချာပေါက် တိုက်ခိုက်ဖို့ လုပ်တာပဲ။ ဒါ့အပြင် သူမမှာ စစ်ကူလဲ ရှိမနေခဲ့ဘူး။ ချင်းယွိ သေချာပေါက် စွန့်စားပြီး ရောက်လာတာ ဖြစ်ရမယ်။

“ကြည့်ရတာ ဒီနေ့ကတော့ လင်းယွမ် မျှော်စင် ကျရှုံးမယ့် နေ့နဲ့ တူပါတယ်။” ဧကရီ ပိုင်ကျစ်ရဲ့ အပြုံးက အေးစက်လွန်း နေခဲ့တယ်။

“လူသား မျိုးနွယ် အနိုင်ရဖို့ မျိုးနွယ်စု တစ်ခုကို စတေးရတာ တန်ပါတယ်။” ချင်းယွိက လက်ကို ဆန့်ထုတ်လိုက်တယ်။ သူမရဲ့ လက်ပေါ်မှာ အရမ်းကို အသေးစိတ်လွန်းတဲ့ ကျောက်စိမ်း မျှော်စင် တစ်ခု ရှိနေခဲ့တယ်။

လင်းယွမ် မျှော်စင်ရဲ့ မြင့်မြတ် ရတနာ။ လင်းယွမ် နယ်မြေ။

ဖန်ကျန်းရှီတောင် အင်အားချည်း သက်သက်နဲ့ မထိုးဖောက် နိုင်ခဲ့ဘူး။ တစ်ခေါက် ပိတ်မိပြီးရင် လွတ်မြောက်ဖို့က မဖြစ်နိုင် သလောက်ပဲ။

အရင်ကတော့ လွတ်မြောက်ဖို့ လုံး၀ မဖြစ်နိုင်တဲ့ အရာလို့ ဆိုလို့ ရခဲ့တယ်။ ဒါပေမယ့် သမိုင်းတစ်လျှောက်မှာ ဖန်ကျန်းရှီ တစ်ယောက်တည်း လွတ်မြောက် ခဲ့တာကြောင့် ဒီစကားကို ပြန်ပြင် ခဲ့ရတာပဲ။

ဧကရီ ပိုင်ကျစ်ကတော့ ဒီလောက်အထိ မစွမ်းဆောင် နိုင်သေးဘူး။

“အကယ်၍ အကြံအစည်သာ အောင်မြင် ခဲ့မယ် ဆိုရင်၊ သေချာပေါက် တန်တာပေါ့။ ဒါ့အပြင် ရလဒ်က ပေးရတာထက် တန်အုန်းမယ်။ တစ်ခု ရှိတာကတော့ မင်းဒီကိစ္စကို အောင်မြင်အောင် မလုပ်နိုင်တာပဲ။” ချင်းယွိ လ က်ထဲက ကျောက်စိမ်း မျှော်စင်ကို မျက်မှောင်ကြုတ်ပြီး ကြည့်ရင်း ဧကရီ ပိုင်ကျစ် ပြောတယ်။ လင်းယွမ် နယ်မြေရဲ့ အစွမ်းကို သူမကောင်းကောင်း သိတယ်။

လင်းယွမ် မျှော်စင်က အင်အား ကြီးရုံတင် မကဘူး။ အဆုံးစွန် အထိ အသုံးပြုနိုင်ဖို့ ပေးဆပ် ရတာကလဲ များပြားလွန်းတယ်။

နောက်ဆုံးတော့လဲ ဘယ်အရူးမှ ကိုယ့်ကိုယ်ကို အထိခိုက်ခံပြီး မျှော်စင်ကို သုံးမှာ မဟုတ်ဘူးလေ။

“လင်းယွမ် မျှော်စင်ကို ငါအသက်သွင်း နေတဲ့ အချိန် နင့်ကို ထိန်းထားနိုင်ဖို့ တစ်ယောက်ယောက် ရှိမယ်ဆိုရင် နင်ဒီစကား ထွက်လာနိုင် အုန်းမလား ငါသိချင်လိုက်တာ။” ချင်းယွိက ရှေ့တစ်လှမ်း တိုးလာရင်း ပြောတယ်။

“နင် ဘာလုပ် ချင်တာလဲ။” ဧကရီ ပိုင်ကျစ်ရဲ့ အမူအယာကတော့ ပြောင်းလဲ သွားခဲ့ပြီ။

အပိုင်း (၉၈၈) ပြီး၏။

အပိုင်း (၉၈၉)

“အမြီး ကိုးချောင်းမှ ရှစ်ချောင်း ဖြစ်သွားခြင်း။ ပြောင်းပြန် ဖြစ်စဉ်။”

နှစ်ပေါင်းရာချီ ထောင်ချီ ရှင်သန်ခဲ့တဲ့ စုန်းမအိုကြီး တစ်ယောက် အနေနဲ့ ဧကရီ ပိုင်ကျစ်က သာမာန် မြေခွေးတွေထက် အတွေ့အကြုံ အများကြီး သာလွန်တယ်။ ဒါ့အပြင် သူမရဲ့ ခန္ဒာကိုယ်က အမြီး ကိုးချောင်း မြေခွေး ခန္ဒာကိုယ်။ အာရုံခံနိုင်စွမ်းက ထူးခြားတယ်။ ဒါကြောင့် ချင်းယွိ ဘယ်လောက် အထိ ယုံကြည်ချက် ရှိနေလဲ ဆိုတာ သူမ ခံစားမိတယ်။

ဒါပေမယ့် သတင်း အချက်အလက်တွေ အရ၊ လူသား မဟာမိတ် အဖွဲ့သားတွေ အားလုံး ကောင်းကင်တာအို ခန်းမကို သွားကြပြီ။ ထူးဆန်းတဲ့ သုခမိန် စစ်နတ် မုန့်ထျန်းလဲ ပါသွားတယ်။ အခုချိန်မှာ အားလုံးက ကောင်းကင်တာအို ခန်းမမှာသာ ရှိနေကြလိမ့်မယ်။

မုန့်ထျန်းသာ တကယ်ပဲ ကောင်းကင် တာအို ခန်းမကို မသွားခဲ့ရင်တော့ မပြောတတ်ဘူး။

ဒီလို ဖြစ်ရင်တော့ လူသား မဟာမိတ် အဖွဲ့က ရေကန်ထဲမှာ နစ်နေတဲ့ သူတွေလို အားလုံး သေကုန် ကြလိမ့်မယ်။ ဒါသာ အမှန် ဖြစ်ခဲ့ရင်၊ မုန့်ထျန်း ကျမ်းကောင်းကင်တောင်ကို သိမ်းယူနိုင်ရင်တောင် ဘာများ အသုံးဝင်တော့မှာလဲ။

မုန့်ထျန်းက ကျမ်းကောင်းကင်တောင် အတွက်နဲ့ လူသား မဟာမိတ် အဖွဲ့ကို စတေးနိုင်မှာလား။ လူသား မဟာမိတ် အဖွဲ့တောင် ဒီကိစ္စ အတွက် ပေးဆပ်နိုင်မှာ မဟုတ်ဘူး။ ချင်းယွိ ဘာကြောင့်များ ဒီလောက် ယုံကြည်ချက် ရှိနေရတာလဲ။

သူမ အတွေးလွန်နေတုန်း အထက် ကောင်းကင်ကနေ ကျယ်လောင်တဲ့ ငှက်အော်သံ တစ်ခုကို ဧကရီ ပိုင်ကျစ် ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် ကောင်းကင်ကနေ လူတစ်ယောက် ခုန်ဆင်းလာတယ်။

ပန်းနုရောင် ဝတ်ရုံကို ဝတ်ထားတဲ့ ဒီမိန်းကလေးက သူမရဲ့ ဆံပင်တွေကို ခပ်မြင့်မြင့် စုချည် ထားခဲ့တယ်။ ရုပ်သွင်ကတော့ ပန်းချီကား တစ်ချပ်ထက်တောင် ပိုလှပပြီး အရှိန်အဝါက လောကလူသား အားလုံးထက် သန်မာနေတယ်။

ဒါ့အပြင် နောက်ကျောမှာ ဓားတစ်လက်ကိုလဲ သူမ သယ်ဆောင်လာသေး။ အေးစက်တဲ့ အငွေ့အသက်က ဓားပေါ်မှာ စီးဆင်းနေခဲ့တယ်။ ခရမ်းရောင် အလင်းတန်းလေး တစ်ခုကလဲ ဓားပေါ်မှာ ရှိနေခဲ့တယ်။

ခြေရာမဲ့ဓား။

နတ်ဆိုး မိစ္ဆာတွေကို မရေမတွက်နိုင်အောင် သတ်ဖြတ်နိုင် ခဲ့တဲ့ ဓားတစ်လက်။ ဧကရီ ပိုင်ကျစ် ဒီဓား အကြောင်းကို ကောင်းကောင်းသိတယ်။ မိန်းကလေးကတော့ ချင်းယွိဘေးမှာ နေရာယူထားခဲ့ပြီ။

“အချိန် တော်တော် တိကျတာပဲ။” ချင်းယွိက ပြုံးရင်း သူ့ဘေးက မိန်းကလေးကို ပြောတယ်။ သူမ ပျော်ရွှင် သွားပုံပဲ။ ဒါပေမယ့် သေချာ ကြည့်မယ် ဆိုရင် ဒီမိန်းကလေးကို အရိုအသေ ပေးတဲ့ ဟန်နဲ့ လက်ဟန်ပြုထားတာကိုပါ တွေ့ရလိမ့်မယ်။

“ကတိပြုထားတယ် မဟုတ်လား။” မိန်းကလေး ပြန်ဖြေတယ်။ သူမရဲ့အသံက တေးသီငှက် အသံလို သာယာလွန်းတယ်။ နည်းနည်း အံ့သြတဲ့ အသံ ပေါက်နေပင်မယ့်၊ သူမရဲ့ အမူအယာကတော့ တစ်ချကေ်လးမှ နှိမ့်ချတဲ့ ပုံစံ မရှိခဲ့ဘူး။

“အမ်။ ငါတို့ ကတိပြုထားလို့လား။” ချင်းယွိ နည်းနည်းတော့ အံ့သြသွားတယ်။ ချီကူယန်နဲ့ သူမ ကတိပြုခဲ့တာ အမှန်ပဲ။ ကျမ်းကောင်းကင်နဲ့ မနီးမဝေး နေရာက လမ်းမှာ ဆုံတွေ့ ခဲ့ကြတဲ့ ဒီလို အချိန်ကိုက် ဖြစ်လာခဲ့တယ်။ သူတို့ ပြောခဲ့တဲ့ ညှိနှိုင်းခဲ့တဲ့ အခြေအနေတွေကရော ဘယ်လို ဖြစ်သွားလေမလဲ။

ချင်းယွိ ယုံကြည်ထားတာ ရှိတယ်။ ပြိုင်ဘက်ကို အရင်ခြိမ်းခြောက်ပြီး ကြောက်အောင် လုပ်ထားတာက တိုက်ပွဲကို အနိုင်ယူဖို့ အကောင်းဆုံး ဗျူဟာပဲ။ ဥပမာ အားဖြင့် သူမကို မခန့်မှန်းနိုင်အောင် အင်အားကြီးသူ တစ်ယောက် ရှိနေသလို ဟန်ဆောင်ထားတာမျိုး ။

ဒါပေမယ့် ချီကူယန်ရဲ့ စကားတွေကြောင့် ကြိုးစား ထားသမျှ အရာအားလုံး အလဟသတ် ဖြစ်သွားသလို ခံစားရတယ်။ သူတော့ အမှားလုပ်မိ ပုံပဲ။

ဒါပေမယ့် ဧကရီ ပိုင်ကျစ်ကတော့ မထင်ဘူး။ ခုန်ချလာသူရဲ့ မျက်နှာကို မြင်တည်းက သူလန့်နေခဲ့ပြီ။ သူတို့ စကားတွေကိုတောင် မကြားနိုင်တဲ့ အထိ လန့်နေခဲ့တယ်။

(ချီကူယန် ဖြစ်နေတာလား။) ချင်းယွိရဲ့ ကျောထောက်နောက်ခံ အင်အားက ချီကူယန် ဖြစ်မယ် ဆိုတာ သူနောက်ဆုံးမှ တွေးမိတယ်။

(ချီကူယန်က သတိလစ် မေ့မျော နေရမှာလေ။

ဘာဖြစ်လို့ ကျမ်းကောင်းကင်တောင်ထိပ်ကို ရောက်လာတာလဲ။

နောက်ပြီး ဖန်ကျန်းရှီ ဓားကိုလဲ ယူလာသေးတယ်။

ဘာလို့ ယူလာတာလဲ။

ချီကူယန်သာ ကျမ်းကောင်းကင်တောင်မှာ ရှိနေတယ်ဆိုရင်၊ ဖန်ကျန်းရှီ ဘယ်ရောက်နေမလဲ။ သူလဲ မြောက်ရွာကနေ ထွက်ပြီး ဒီကို ရောက်လာတာလား။

ဒီလိုသာ ဖြစ်ရင် ပြဿနာတော့ တက်ပြီ။)

ချီကူယန်နဲ့ ဖန်ကျန်းရှီသာ အင်အား ပေါင်းစည်း လိုက်မယ်ဆိုရင်၊ သူကိုယ်တိုင်တောင် ဘာမှ မတတ်နိုင်မှန်း ဧကရီ ပိုင်ကျစ် ကောင်းကောင်း သိတယ်။

“ဖန်ကျန်းရှီ အဲ့ဒီ့ အရှက်မရှိတဲ့ ကောင်စုတ်လေး ဘယ်မှာလဲ။” ဧကရီ ပိုင်ကျစ် ကောင်းကင်ကို မော့ကြည့်ပေမယ့်၊ တခြားသူတွေကို မမြင်ရဘူး။

“ဖန်ကျန်းရှီကို မေးတာလား။ အဲ့ဒီ့ အရှက်မရှိတဲ့ သူခိုးကောင်က ကောင်းကင်တာအို ခန်းမမှာ ရှိနေလိမ့်မယ်။” ချီကူယန် ပြန်ဖြေတယ်။

“သူက အခု ကောင်းကင်တာအို ခန်းမမှာ ရှိနေတာလား။”

“ဟုတ်တယ်။ အဲ့တာကို မသိဘူးလား။”

“သူဘယ်နေရာ ရောက်နေလဲ ဆိုတာ ငါဘယ်လိုလုပ် သတိထားမိမှာလဲ။”

“သူဘယ်လောက်ပဲ ကြိုးစား ပုန်းကွယ်ပါစေ မိစ္ဆာ နတ်ဆိုး မျိုးနွယ် ကင်းထောက်တွေ လက်က မလွတ်နိုင်မှန်း သူသိတယ်။ ဒါကြောင့် နာမည် အသစ်ပြောင်းလိုက်တာ။ မုန့်ထျန်းတဲ့။”

“မုန့်ထျန်း။ ဖန်ကျန်းရှီက မုန့်ထျန်းလို့ နာမည် အသစ် ပြောင်းထားတယ်။ နေစမ်းပါအုန်း။ ဖန်ကျန်းရှီက သုခမိန် စစ်နတ် မုန့်ထျန်းလို့ ပြောနေတာလား။” ဧကရီ ပိုင်ကျစ်ရဲ့ အမူအယာ ပြောင်းသွားတော့တယ်။

သူမ မျက်နှာရဲ့ သက်ဝင်တောက်ပမှုက ပျောက်ကွယ် သွားခဲ့ပြီ။ နှင်းစက်လေးလို ဖြူဖျော့ သွားတော့တယ်။

(ဖန်ကျန်းရှီက မုန့်ထျန်း။ မုန့်ထျန်းက ဖန်ကျန်းရှီ)

ချီကူယန်က အေးအေးဆေးဆေးသာ ပြောနေခဲ့တယ်။ ချိန်းခြောက်လိုတဲ့ ပုံစံလဲ မရှိဘူး။ ဒီကိစ္စက ချင်းယွိ ဟန်ဆောင် တာထက်တောင် ဧကရီ ပိုင်ကျစ်ကို ပိုလန့်စေသေးတယ်။ မရေမတွက်နိုင်တဲ့ အတွေးတွေ ဧကရီ ပိုင်ကျစ် စိတ်ထဲကို ဝင်ရောက် နေခဲ့ပြီ။

(အကယ်၍ ဖန်ကျန်းရှီသာ မုန့်ထျန်း အဖြစ် ဟန်ဆောင် နေခဲ့တယ် ဆိုရင်၊ တောင်ပိုင်း ဒေသမှာ လင်းကျီကို သတ်ခဲ့သူ၊ သွေးအရိပ် မြို့တော်ကနေ နတ်ဆိုးအရှင်သခင်ကို ဖမ်းသွားတဲ့သူက သူပဲ ဖြစ်နေတာပေါ့။

ကြောက်စရာ ကောင်းလိုက်တာ။

သူ့အင်အားက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ။

လပိုင်းလေးနဲ့ ဒီလောက်ထိ အင်အား ကောင်းလာတာလား။

အခုချိန်မှာ ယွင်ချင်းဝူက လူသား မဟာမိတ် အဖွဲ့နဲ့ မုန့်ထျန်းကို ချေမှုန်း ပြစ်ဖို့ တပ်ချီသွားတယ်။

သူ့အရင်းနှီးဆုံး ဖန်ကျန်းရှီနဲ့ တိုက်ခိုက် ရတော့မယ် ဆိုတာကို ယွင်ချင်းဝူ မသိထားဘူး။

ကိစ္စတွေ အလွဲအချော် ဖြစ်သွားမလား။

လူသားမဟာမိတ် အဖွဲ့ကို ချေမှုန်း နိုင်ပါ့မလား။

ဒါက ထောင်ချောက်ကြီးပဲ။ သေချာပေါက် ထောင်ချောက်ပဲ ဖြစ်ရမယ်။)

လူသားတွေ အားလုံးကို နတ်ဆိုး မိစ္ဆာတွေက အသာစီး ရထားပြီး ဘာမှ ဖြစ်မလာ နိုင်ဘူးလို့ ဧကရီ ပိုင်ကျစ် တွေးထင်ခဲ့တယ်။ ဒါပေမယ့် မုန့်ထျန်းရဲ့ ဇစ်မြစ် အစစ်ကြောင့် သူမ စတင် ကြောက်လန့် နေခဲ့ရပြီ။ ဒါက ထောင်ချောက် စစ်စစ်ကြီး ဖြစ်နေခဲ့တာပဲ။ အားလုံးက ဖန်ကျန်းရှီရဲ့ ကောက်ကျစ်တဲ့ အကြံ ဖြစ်နေခဲ့တယ်။

မိစ္ဆာ နတ်ဆိုး မျိုးနွယ်တွေက နတ်သခင်တွေရဲက အကူအညီ ရှိနေတဲ့ အတွက် အနိုင်ယူလို့ မရနိုင်သူတွေ။ တစ်ခုခုသာ မှားသွား ခဲ့မယ်ဆိုရင် ဒါက ဖန်ကျန်းရှီရဲ့ အကြံ အစည်ကြောင့်ပဲ ဖြစ်ရမယ်။ အနည်းဆုံးတော့ အလွယ်လေး အနိုင်ရနိုင်မှာ မဟုတ်ဘူး။

ဒါ့အပြင် အနိုင်ရခဲ့ရင်တောင် ယွင်ချင်းဝူ အန္တရာယ် ကျလိမ့်မယ်။

ဧကရီ ပိုင်ကျစ်ရဲ့ နဖူးကနေ ချွေးစက်တွေ စီးကျလာတယ်။ သူမ တကယ် ကြောက်နေမိတာ အခု ရင်ဆိုင်ရမယ့် အန္တရာယ်ကို မဟုတ်ဘူး။ ယွင်ချင်းဝူရဲ့ လုံခြုံရေး အတွက်ပဲ။

“ပိုင်ကျစ် နင်ဒီနေ့ သေရမယ်။” ချင်းယွိလဲ ဧကရီ ပိုင်ကျစ် ကြောက်နေမှန်း သိတယ်။ ဒီလို အခွင့်အရေးကောင်းကို သူမလုံး၀ အလွတ်မပေးနိုင်ဘူး။

သူမ ခေါင်းပေါ်မှာ လရှစ်စင်းက စတင်လည်ပတ် တော့တယ်။ ဧကရီ ပိုင်ကျစ်ရဲ့ သေကွင်း သေကွက် ရှစ်နေရာကို တန်းတန်း မတ်မတ် ရောက်ရှိတယ်။

“နင့်လက်ထဲမှာလား။” ဧကရီ ပိုင်ကျစ်က နည်းနည်း လန့်သွားပင်မယ့်၊ ပင်ကိုယ် ဗီဇကြောင့် သွေးအေးတယ်။

လမင်းရှစ်စင်း သူမအနား နီးကပ် လာချိန်မှာ နောက်ကို အသာအယာ ဆုတ်ခွာပြီး ညာလက်နဲ့ လေထဲကို တစ်ချက် ဆွဲလိုက်တယ်။ သူမရှေ့မှာ အနက်ရောင် အက်ကွဲကြောင်း တစ်ခု ခပ်မြန်မြန် ပေါ်လာခဲ့တယ်။ အလင်းတန်းတွေ အားလုံးကို လေဟာနယ်က ချက်ခြင်း ဝါမျိုးပြီး ပျောက်ကွယ် သွားစေတယ်။

အဲ့ဒီ့နောက် ဧကရီ ပိုင်ကျစ်ရဲ့ ဘယ်ဘက်လက် ထပ်ပြီး လှုပ်ရှားပြန်တယ်။

အားသိပ်မသုံးပဲ အရှေ့ကို လက်ညှိုးနဲ့ ညွှန်လိုက်တယ်။ ချင်းယွိ ခေါင်းပေါ်မှာ လေဟာနယ် အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး ငွေဖြူရောင် အလင်းတန်း ရှစ်ခုက သူမဆီကို လျှပ်စီးလက်သလို ဆင်းသက် လာနေတော့တယ်။

ချင်းယွိ အမူအယာ ပြောင်းလဲ သွားခဲ့ပြီ။ ဒါတွေကို သူမ မတားဆီး နိုင်တော့ဘူး။ ဧကရီ ပိုင်ကျစ် အာရုံလွှဲသွားတာကို သိလိုက်တဲ့ အတွက် သူမ အားကုန်သုံးပြီး တိုက်ခိုက် ထားတာလေ။

လေဟာနယ် အက်ကွဲကြောင်းတွေကို သုံးပြီး တစ်ဖက်က ခပ်မြန်မြန် အသာစီး ရသွားမယ်လို့ ဘယ်ထင်ထားမလဲ။

(ဒီစုန်းမအိုကြီးက တကယ် အင်အားကြီးတယ်။) ချင်းယွိ တည်ကြည်လေးနက် သွားတယ်။ သူမ လက်ဆန့်ထုတ်ရင်း ကျောက်စိမ်း မျှော်စင်နဲ့ ဓားအလင်းတန်းတွေကို ပြန်တိုက်ခိုက်ဖို့ လုပ်တယ်။

ကျောက်စိမ်း မျှော်စင်လေး လက်ထဲက မခွာရ သေးခင် အချိန်မှာပဲ၊ ထူးဆန်းတဲ့ အစိမ်းရောင် ကွန်ယက် တစ်ခုက သူမ ခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။ ဒီကွန်ယက်က မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေ ပေါင်းစည်းထားတဲ့ ကွန်ယက် တစ်ခုပဲ။

နတ်ဆိုးကျောင်းတော်ရဲ့ အထူးပြု တိုက်ခိုက်ရေး နည်းလမ်း။ ဓားသိန်းသန်းချီ အနုပညာ။

ဓားအလင်းတန်းတွေက ငွေရောင် အလင်းတန်းတွေကို အစိတ်စိတ် အမွှာမွှာ ဖြစ်တဲ့ အထိ ဆုတ်ဖြဲ ပြစ်လိုက်တယ်။

“..” ချင်းယွိ မျက်လုံး အပြူးသား ပါးစပ် အဟောင်းသား ဖြစ်သွား ခဲ့ရတယ်။ ချီကူယန် သန်မာမှန်း သူသိပေမယ့်၊ ဒီလောက်ထိ အင်အားကြီးလာမယ်လို့ မမျှော်လင့် ခဲ့မိဘူး။ သူမရဲ့ အသန်မာဆုံး တိုက်ခိုက်မှုကိုတောင် အေးအေးဆေးဆေး ခုခံနိုင်ခဲ့တယ်။

ဒါ့အပြင် ကောင်းချီးခံ သွေးမျိုးနွယ်ကိုတောင် သုံးမထားခဲ့ဘူး။ ဓားအလင်းတန်းတွေက ဒီအတိုင်းသာ ချိတ်ဆက် နေခဲ့တယ်။ တစ်စက်လေးမှ ပျက်စီးမှု မရှိခဲ့ဘူး။

ဒါကြောင့် ချီကူယန်ကို ချင်းယွိ အားကုန်သုံးပြီး တိုက်ခိုက်ရင်တောင် အသုံးမဝင်ဘူးလို့ ဆိုလို နေတာပဲ။

လူငယ်တွေက တကယ့်ကို လက်စောင်းထက်တယ်။

“အဟွတ် ဟွတ်။”

ချင်းယွိ ဒါတွေ တွေးနေ မိချိန်မှာပဲ ချီကူယန်က နောက်တစ်ကြိမ် လှုပ်ရှားပြန်တယ်။ သူမ လေထဲမှာ ခြေတစ်လှမ်းသာ လှမ်းလိုက်ပေမယ့်၊ ဧကရီ ပိုင်ကျစ် ရှေ့ကို ချက်ခြင်း ရောက်ရှိသွားတယ်။

“သူက မြန်လိုက်တာ။” ချင်းယွိ လန့်သလို ဧကရီ ပိုင်ကျစ်လဲ လန့်သွားခဲ့တယ်။ ချီကူယန် လှုပ်ရှားတာကို မြင်ချိန်မှာ ဒုတိယ အကြိမ် တိုက်ခိုက်ဖို့ သူမ စီစဉ် ပြီးပြီ။ ဒါပေမယ့် ချီကူယန်က သူ့အရှေ့ကို အရင်ရောက်လာ ခဲ့တယ်။

ဧကရီ ပိုင်ကျစ်တောင် အချိန်မှီ တုံ့ပြန်နိုင်တယ် ဆိုရုံလေး ဖြစ်သွားခဲ့တယ်။

ဒါပေမယ့် သူမက မြင့်မြတ် နယ်မြေမှာ အသန်မာဆုံးသူ ဖြစ်ခဲ့တဲ့ ဧကရီလေ။ နတ်သခင် အဆင့် ရောက်ဖို့ အရမ်းကို နီးကပ် နေခဲ့ပြီ။ ဒါ့အပြင် ဒဏ္ဍာရီလာ အမြီး ကိုးချောင်း မြေခွေးလဲ ဖြစ်နေသေးတယ်။

ဒါကြောင့် လန့်နေပင်မယ့်၊ ချက်ခြင်း ခုခံတယ်။ သူမ နောက်ကျောမှာ အမြီး ကိုးချောင်း ချက်ခြင်း ပေါ်ထွက်လာပြီး အမြီး နှစ်ချောင်းက ချီကူယန်ကို တန်းတန်းမတ်မတ် တိုက်ခိုက်တယ်။

ဒီအချိန်မှာပဲ ခြေရာမဲ့ဓားက ချီကူယန်ရဲ့ နောက်ကျောမှာ ပေါ်လာတော့တယ်။ အဲ့ဒီ့နောက် ခရမ်းရောင် အလင်းတန်းက သူမ လက်ပေါ်ကို ကျရောက်တယ်။

ခြေရာမဲ့ဓား လက်ပေါ် ရောက်ရောက်ချင်း ချီကူယန်က တစ်ချက်လေးတောင် မတွေေ၀ ခဲ့ဘူး။ လျှပ်စီး မိုးကြိုးလို အသွင်နဲ့ ဧကရီ ပိုင်ကျစ်ကို တိုက်ခိုက်တော့တယ်။ မြေခွေးမြီးကိုလဲ သူမ အာရုံစိုက်ပုံ မပေါ်ဘူး။

အမြီးတွေက ချီကူယန်ရဲ့ အဝတ်အစားတွေကို ဖြတ်သွားတယ်။ ချီကူယန်က သူမရဲ့ မြန်ဆန်လွန်းတဲ့ အရှိန်နှုန်းကြောင့် ဧကရီ ပိုင်ကျစ် အနားကို အလွယ်လေး ရောက်သွားခဲ့တယ်။

(ဘယ်လိုတောင် ဖြစ်နိုင် ရတာလဲ။) ချီကူယန်ရဲ့ အရှိန်နှုန်းက ပုံမှန် မဟုတ်ပဲ သာလွန် နေမယ်လို့ ဧကရီ ပိုင်ကျစ် မထင်ထား မိခဲ့ဘူး။ ဒါ့အပြင် သူမက ကောင်းချီးခံ သွေးမျိုးနွယ်ရဲ့ အရိပ်ကိုတောင် မဆင့်ခေါ် ထားဘူးလေ။

အင်အား အပြည့် ထုတ်မသုံး ပဲနဲ့တောင် ဧကရီ ပိုင်ကျစ်ထက် မြန်ဆန် နေခဲ့တယ်။

ဧကရီ ပိုင်ကျစ်လဲ နောက်ကို မြန်မြန်သာ ဆုတ်ခွာရတယ်။ သူမ မြေပြင်ပေါ်ကို ရောက်ချိန်မှာတော့ အက်ကွဲကြောင်း နှစ်ခုကို ဖန်တီး မိလိုက်ပြီ။

ဝုန်း။

ဧကရီ ပိုင်ကျစ် နောက်ကို လွင့်ထွက် သွားချိန်မှာ ဖြူဖွေး နူးညံ့တဲ့ အမြီးက သူ့ကို ထောက်ကန်ပေးတယ်။ ဒီအမြီးက သံမဏိထက်တောင် သန်မာသေးတယ်။

ကျမ်းကောင်းကင်တောင်မှာ အမြီးကို ဖြတ်ဖို့ ဖန်ကျန်းရှီ ကြိုးစား ခဲ့ပေမယ့်၊ ခုခံစစ်ကို သူ မထိုးဖောက် နိုင်ခဲ့ဘူး။ ဧကရီ ပိုင်ကျစ်က နတ်သားရဲကောင် ခန္ဒာကိုယ်ကို ပိုင်ဆိုင် ထားတယ်လေ။

အခုချိန်မှာတော့ ရုတ်တရက် အပြောင်းအလဲက ဖြစ်ပေါ် လာခဲ့ပြီ။ ချီကူယန်က ပုံရိပ်ယောင် တစ်ခုလို ပျောက်ကွယ် သွားပြီး အမြီးဆီကို ဦးတည်တယ်။

ဂျွတ်။

သွေးတွေက လေထဲကို ပျံ့လာတယ်။ အဲ့ဒီ့နောက် နှင်းဖြူရောင် မြေခွေးမြီးလဲ လေထဲကို လွင့်ထွက်တော့တယ်။ သူမက မြေခွေးမြီးကို ဓားချက် တစ်ချက်တည်းနဲ့ ဖြတ်တော် လိုက်ပြီ။

မိစ္ဆာတွေရဲ့ ဧကရီ၊ မြင့်မြတ်နယ်မြေမှာ အသန်မာဆုံး ခန္ဒာပိုင်ရှင်က အခုချိန်မှာ အမြီး ရှစ်ချောင်း မြေခွေး ဖြစ်သွားခဲ့ပြီ။ သွေးတွေက နီရဲတဲ့ ပန်းပွင့်တွေဆို စီးကျလာတယ်။ ကြီးမားတဲ့ မြေခွေး မြီးကြီးက မြေပြင်ပေါ်ကို အသံကျယ်ကျယ်နဲ့ ပြုတ်ကျတယ်။

“အား။” နှလုံးသား နာကျင်မှု အပြည့်နဲ့ ငယ်သံပါအောင် အော်သံကြီးလဲ ထွက်ပေါ်လာတယ်။ နာကျင်လွန်းလို့ ဧကရီ ပိုင်ကျစ် ဆက်တိုက် တုန်ခါ နေခဲ့ပြီ။

အမြီးကိုးချောင်း မြေခွေး တစ်ကောင် အတွက် အမြီးက လူရဲ့ လက်လိုပဲ။ တကယ်တော့ နာကျင်မှုက အဆ ရာထောင်ချီအောင် ပိုပြီး ပြင်းထန်တယ်။

ဧကရီ ပိုင်ကျစ် မြေပြင်မှာ ဆက်တိုက် လှိမ့်နေရတယ်။ လူသား ခန္ဒာနဲ့ မိစ္ဆာ ခန္ဒာကိုယ်ကို ခဏခဏ ကူးပြောင်းတယ်။ လက်သည်းတွေနဲ့ ကုတ်ခြစ် လူးလိမ့် နေတဲ့ အတွက် မြေပြင်တွေတောင် အက်ကွဲကုန်တယ်။ သူမရဲ့ သွေးတွေကလဲ မြေပြင် အနှံ့မှာ စီးကျ နေခဲ့ပြီ။

ဒီမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းတယ်။

တခြား တစ်ဖက်မှာ ရှိနေတဲ့ ချင်းယွိတောင် အခုချိန်ထိ မလှုပ်ရှား နိုင်သေးဘူး။ သူမ လက်ထဲမှာ ကျောက်စိမ်း မျှော်စင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ကြောက်လန့်မှုကြောင့်ဖြူဖျော့ နေခဲ့တယ်။

ချီကူယန်က ဧကရီ ပိုင်ကျစ်ကို အချိန်ဆွဲထားရမယ်။ ပြီးရင် ချီကူယန်ရဲ့ ကောင်းချီးခံ သွေးမျိုးနွယ် အကူအညီနဲ့ နှစ်ယောက်ပေါင်း တိုက်ခိုက် ကြမယ်လို့ သူမတွေးထားခဲ့တယ်လေ။

ချီကူယန်သာ ဧကရီ ပိုင်ကျစ်ကို အချိန်ဆွဲ ထားနိုင်ရင်၊ လင်းယွမ် မျှော်စင်ကို သူမ အသက်သွင်းချိန် ရလိမ့်မယ်။ ဒါကြောင့် ဧကရီ ပိုင်ကျစ်ကို ယာယီ ချုပ်နှောင်ထားဖို့ အဆင်ပြေလိမ့်လေ။

အခုတော့ ဖြစ်သွားတာတွေကို ကြည့်လိုက်ပါအုန်း။ ဒါ ဘာတွေ ဖြစ်နေတာလဲ။

အပိုင်း (၉၈၉) ပြီး၏။

အပိုင်း (၉၉၀)

“မိစ္ဆာကြီးကို ကြည့်လိုက်။”

ချင်းယွိ တကယ့်ကို မျက်လုံး အပြူးသား ဖြစ်နေခဲ့တယ်။

ဧကရီ ပိုင်ကျစ်ကို အဓိက တိုက်ခိုက်ရမယ့် သူက သူမဖြစ်ပြီး ချီကူယန်က အထောက်အပံ့ အဖြစ်သာ ကူပေးမယ်လို့ အမြဲတမ်း တွေးထား ခဲ့မိတယ်။ ဒါပေမယ့် အမှန်တရားက သူမ မျက်နျာကို ခပ်ပြင်းပြင်း ဖြတ်ရိုက် လိုက်သလိုပဲ။

ဒီရိုက်ချက်က တကယ့်ကို နာကျင်ရတယ်။

အခုချိန်မှာ ချီကူယန်က နောက်ကွယ်မှာ ရှိနေတဲ့ လျှို့ဝှက်သူ အဖြစ် ဟန်မဆောင်ပဲ အရှိန်အဝါကို သုံးပြီး တစ်ခြားသူကို လွှမ်းမိုးချင်နေတာ မထူးဆန်းတော့ဘူး။ ချီကူယန်က ဘာကိုမှ ဂရုမစိုက်သူ ဖြစ်နေခဲ့တယ်လေ။

ဧကရီ ပိုင်ကျစ်ရဲ့ အမြီး တစ်ချောင်းကို ဓားချက် တစ်ချက်တည်းနဲ့ ဖြတ်နိုင်ခဲ့တယ်။ ဒါက ချင်းယွိရဲ့ အစွမ်းထက်တောင် သာလွန် နေသေးတယ်။ ချီကူယန်က ဧကရီ ပိုင်ကျစ်ကို သတ်နိုင်တဲ့ အထိ စွမ်းအား ရှိနေခဲ့ပြီ။ ဒီလို အင်အားမျိုး ရှိနေတဲ့ ချီကူယန်က ဘာကြောင့်များ ဟန်ဆောင် နေအုန်းမှာလဲ။

ဘီလူးကြီး တစ်ကောင်နဲ့ ကလေး တစ်ယောက်ရဲ့ တိုက်ပွဲလိုပဲ။ သူမ ဝင်ပါနေစရာ မလိုတော့ဘူး။

အေးအေးဆေးဆေး ခြေထောက် မြှောက်ပြီး နင်းချေလိုက်ရင် သတ်ပြစ်နိုင်သူကို ဘာလို့များ ကူညီဖို့ လိုမှာလဲ။ ချီကူယန်ကလဲ ဧကရီ ပိုင်ကျစ်ကို တိုက်ပွဲ စချိန်တည်းက တစ်ချက်လေးတောင် အလွတ် မပေးခဲ့ဘူး။

ချင်းယွိကတော့ ကျောက်စိမ်း မျှော်စင်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားပင်မယ့်၊ အသုံးပြုဖို့ စိတ်ကူး မရှိခဲ့ဘူး။ လင်းယွမ် မျှော်စင်ကို သုံးဖို့လဲ မလိုအပ် ခဲ့ဘူးလေ။ ဒီတိုက်ပွဲက သူမ ဝင်ပါစရာ မလိုတော့တဲ့ အတွက် ဘေးကနေသာ ကြည့်နေတော့တယ်။

သူမသာ စိတ်ပါမယ်ဆိုရင် ထိုင်ခုံချပြီး ရေနွေးသောက်ရင်း မုန့်စားနေလို့တောင် ရတယ်။

“ဟူး။ အချိန်တွေက ပြောင်းလဲသွားတယ်။ မျိုးဆက်သစ်တွေက အမြဲတမ်း ပိုထူးချွန်လာတယ်။ ငါတို့ လူကြီးတွေကတော့ နောက်ကျ ကျန်ခဲ့ပြီပဲ။” ချင်းယွိ သက်ပြင်းချလိုက်တယ်။ နောက်ဆုံးမှာတော့ လူသားမျိုးနွယ်နဲ့ မိစ္ဆာ နတ်ဆိုး မျိုးနွယ်ရဲ့ တိုက်ပွဲထဲ ဝင်ပါဖို့ သူမ စိတ်ဆုံးဖြတ် လိုက်ပြီ။ ဒါပေမယ့် ဘယ်သူမှ သူ့ကို အခွင့်အရေး မပေးခဲ့ဘူး။

လေအေးအေးတွေက ချင်းယွိရဲ့ ဆံနွယ်တွေကို ဖြတ်သန်း တိုက်ခတ် နေခဲ့တယ်။ ဧကရီ ပိုင်ကျစ်ကတော့ လူးလှိမ့်နေရင်း သူမ အနားယူနေတဲ့ ကျောက်တုံးအိမ်လေးကို ဖျက်စီးပြစ်လိုက်ပြီ။

ဒီဖြစ်ရပ်ကြီးနဲ့ တုံ့ပြန်မှုတွေကြောင့် မိစ္ဆာ ဘုရင်တွေလဲ လန့်ကုန်ကြတယ်။

ဧကရီ ပိုင်ကျစ် ဒီလောက်ထိ အဖြစ်ဆိုးနေတာ သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒါပေမယ့် မြေပြင်ပေါ်မှာ ပြတ်နေတဲ့ မြေခွေးမြီးကို မြင်ချိန်မှာတော့ သူတို့ နားလည် သွားကြတော့တယ်။

ဧကရီ ပိုင်ကျစ် အဖြစ်ဆိုးတာ မဟုတ်ဘူး။ ချီကူယန်က ပိုပြီး အင်အားကြီးနေ ခဲ့တာပဲ။

“မြန်မြန် ဧကရီကို ကယ်တင်ကြ။”

“မိစ္ဆာ နတ်သခင်ကို အချက်ပြ။”

မိစ္ဆာ နတ်ဆိုးတွေ အားလုံးက ရုတ်တရက် အနီရောင် အချက်ပြမီးတွေ ပြစ်လွှတ်တယ်။ ကောင်းကင်ကြီး တစ်ခွင်လုံးက ရဲရဲနီ သွားခဲ့ပြီ။

“အချက်မီးတွေ။” ချင်းယွိ မျက်မှောင်ကြုတ် သွားတယ်။

သူမ ရထားတဲ့ သတင်း အချက်အလက် အရဆိုရင် ဧကရီ ပိုင်ကျစ်နဲ့ မိစ္ဆာ ဘုရင် ဆယ်ယောက်က ကျမ်းကောင်းကင် တောင်ကို အဓိက စောင့်ကြပ်နေတယ်။ ဒါပေမယ့် သတင်း အချက်အလက်တွေသာ တိကျမယ် ဆိုရင် ဒီအချက်ပြ မီးတွေက ဘာကို ဆိုလို ချင်တာလဲ။

“ကူယန် သွားကြစို့။” ချင်းယွိက ခပ်မြန်မြန် ဆုံးဖြတ်ချက် ချလိုက်တယ်။ မိစ္ဆာတွေပဲ ရှိခဲ့ရင် ချီကူယန် အနိုင်ရနိုင်တယ်။ ဒါပေမယ့် နတ်သခင် တစ်ယောက်သာ ပါလာခဲ့ရင် အခြေအနေကို သူတို့ ထိန်းချုပ်နိုင် တော့မှာ မဟုတ်ဘူး။

“ထွက်သွားမယ်တဲ့လား။ ဟဟား။ မင်းတို့တွေ ထွက်ခွာ နိုင်မှာ မဟုတ်ဘူး။” ချင်းယွိ စကားသံ ဆုံးဆုံးချင်း၊ နားစည်ကွဲ မတတ် အသံကျယ်ကြီးကို ကြားလိုက်ရတယ်။ ဒီအသံကြီး ထွက်ပေါ် လာချိန်မှာပဲ မြေပြင်က စတင် တုန်ခါတော့တယ်။

တောင်ကို တုန်ခါစေတဲ့ အထိ လေးလံ ပြင်းထန်တဲ့ ခွာသံတွေက ဆက်တိုက် ထွက်ပေါ် လာပြီးနောက် ကြီးမားတဲ့ ပုံရိပ်ကြီး တစ်ခု ချင်းယွိ ရှေ့မှာ ပေါ်လာတော့တယ်။ ဒါက သားရဲကောင်ကြီးပဲ။

သာမာန် မဟုတ်တဲ့ ခေါင်းငါးလုံး သားရဲကောင်ကြီး။ အနီ၊ အစိမ်း၊ ခရမ်း၊ ငွေရောင်နဲ့ အနက်ရောင် ခေါင်းငါးလုံးက မျောက်လို ရုပ်တွေ ရှိနေခဲ့တယ်။ ခေါင်းငါးလုံးရဲ့ အောက်မှာတော့ ခြင်္သေ့ ခန္ဒာကိုယ် ရှိပြီး အညိုရောင် လည်ဆံမွှေး ဖွားဖွားတွေလဲ ပါနေသေးတယ်။ လည်ပင်းကနေ ခြေထောက်တွေ အထိ တလက်လက် တောက်ပနေတဲ့ အနက်ရောင် အကြေးခွံတွေက ဖုံးလွှမ်းထားတယ်။ လက်သည်းတွေကတော့ လင်းယုန် လက်သည်းတွေလို ချွန်ထက်နေတယ်။

ဒီသားရဲကောင်ကြီးက အနည်းဆုံး ပေငါးဆယ်ကျော် မြင့်မားတယ်။

ဖူး။ သားရဲကောင်ကြီး အသက်ရှူထုတ် လိုက်ချိန်မှာ မြေပြင်က ကျောက်တုံးငယ်တွေ ချက်ခြင်း လွင့်ပျံ ကုန်ပြီး ခေါင်းပေါ်မှာ လှည့်ပတ်တော့တယ်။ မိစ္ဆာ နတ်သခင် ပညာရှင်။

ခေါင်းငါးလုံး ခြင်္သေ့ သားရဲကောင်လား။

“ဒီနှစ်ယောက်တည်းလား။” ချီကူယန်ရဲ့ တည်ငြိမ်တဲ့ အသံက ချင်းယွိကို လန့်သွားစေတယ်။ ချီကူယန်ကတော့ နတ်သခင်အဆင့် ပညာရှင်ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေခဲ့တယ်။

“နှစ်ယောက်။ ဘယ်မှာ နှစ်ယောက်လဲ။” ချင်းယွိက ခေါင်းငါးလုံး ခြင်္သေ့ကြီးကိုသာ မြင်တယ်။ နောက်တစ်ယောက်ကို မမြင်ခဲ့ဘူး။

ဒီအချိန်မှာပဲ အက်ကွဲ ခြောက်သွေ့တဲ့ ရယ်သံ တစ်ခု ထွက်ပေါ် လာတော့တယ်။ ခေါင်းငါးလုံး ခြင်္သေ့လည်ပင်း ကနေ ၃ပေသာ မြင့်မားတဲ့ လူတစ်ယောက် ထွက်ပေါ်လာတယ်။

ကတုံးပြောင်ပြောင် လူပုလေးက စုတ်ပြဲနေတဲ့ ဝတ်ရုံကို ဝတ်ထားတယ်။ ရုပ်သွင်ကတော့ အကျည်းတန်လှတယ်။

ဒီလူသေးသေးက ခေါင်းငါးလုံး ခြင်္သေ့ပေါ်မှာ မားမားမတ်မတ် ရပ်နေခဲ့တယ်။ နတ်သခင်တိုင်းက မောက်မာကြတယ်။ ကိုယ့်ခေါင်းပေါ် သူများ လာရပ်နေတာကို ဘယ်သူကများ လက်ခံ နိုင်မှာလဲ။

အကြောင်းအရင်းက တစ်ခုပဲ ဖြစ်နိုင်ချေ ရှိတယ်။ အင်အားတွေ ကွာခြားနေလို့။ ဒါ့အပြင် ဒီလူပုက ခေါင်းငါးလုံး ခြင်္သေ့ရဲ့ ပိုင်ရှင် ဖြစ်နေလို့။ နောက်တစ်နည်း ပြောရရင် နတ်သခင် အဆင့် ခေါင်းငါးလုံး ခြင်္သေ့က ဒီလူပုရဲ့ စီးတော်ယာဉ်။

“ကလေးမလေး။ မင်းက အတော်လေး အမြင် ကောင်းတာပဲ။ ဒီလောက် ငယ်ရွယ် ချောမော နေမှတော့ ငါမင်းကို ညှာတာပေးပါမယ်။ မင်းကို အခွင့်အရေး ပေးလိုက်မယ်။ ငါ့အစေခံ လာလုပ်။ မြန်မြန် ဒူးထောက်ပြီး ကျေးဇူးတင်။” လူပုက ချီကူယန်ကို တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ပြောတယ်။

“ဒီနှစ်ယောက် ဆိုရင်တော့၊ အရှက် မရှိတဲ့ သူခိုးကောင် စိတ်ဖိစီး ရတော့မှာပဲ။” ချီကူယန်ကတော့ ဘယ်သူ့ စကားမှ မကြားတဲ့ အတိုင်း သူ့ဘာသူ ပြောနေခဲ့တယ်။

“ကလေးမလေး။ ငါက မင်းကို စကားပြောနေတာလေ။ နားထောင်နေရဲ့။ ဟမ်။ ကလေးမလေး မင်းက တကယ့်ကို ရက်စက်တာပဲ။” သူစကား ပြောနေ ချိန်မှာပဲ ချီကူယန် ပျောက်ကွယ် သွားတာကို သတိ ထားမိလိုက်တယ်။ အဲ့ဒီ့နောက် သူ့ကျော တစ်ခုလုံး အေးစိမ့်သွားတယ်။

ဒီလို ကပ်ဆိုက်တော့မယ့် ခံစားချက်ကြောင့် သူ့နောက်ကျောဘက်ကို ချက်ခြင်း လှည့်ပြီး ရိုက်ချ ပြစ်တယ်။ ဒါပေမယ့် ဘာကိုမှ မထိမိဘူး။ အဲ့ဒီ့နောက် သူ့ရှေ့မှာ ပန်းနုရောင် ဝတ်ရုံ ဝတ်ထားတဲ့ မိန်းကလေး ရောက်လာတာကို မြင်လိုက်ရတယ်။

အနောက် ဘက်ကနေ ချီကူယန် မတိုက်ခဲ့ဘူး။ ရှေ့တည့်တည့် ကနေသာ တိုက်ခိုက်တယ်။ ဒီနည်းလမ်းက နှစ်ဖက် နှစ်ယောက် စလုံးကို လန့်သွားစေတယ်။ ပိုပြီး အံ့သြ စရာ ကောင်းတဲ့ အရာကတော့ လူပုနတ်သခင် သူ့နောက်ကျောဘက်က အန္တရာယ် အငွေ့အသက်ကို အခုထိ ရနေတာပဲ။

ဘာတွေဖြစ် နေတာလဲ။ လူပု နတ်သခင် နည်းနည်း လန့်သွားပေမယ့်၊ ချက်ခြင်း ပြန်တိုက်ခိုက်ဖို့ လုပ်တယ်။ တစ်ကွက် တိုက်ခိုက်တာ မှားသွားလဲ သူ့ဂရု မစိုက်ဘူး။

ခေါင်းငါးလုံး ခြင်္သေ့နဲ့ သူနှစ်ယောက်လုံးက နတ်သခင်တွေလေ။ ချီကူယန်ကို ဘာကြောင့်များ ကြောက်ရမှာလဲ။ ဓားအလင်းတန်း တစ်ခုက ကောင်းကင်ကနေ ကျဆင်းလာတယ်။ ရေတံခွန် တစ်ခု တောင်ထိပ်ပေါ်ကနေ ကျဆင်းလာသလို လေတိုးသံ တစ်ချက်နဲ့ အတူ လူပုနဲ့ ခေါင်းငါးလုံး ခြင်္သေ့ကို ပိုင်းဖြတ် ပြစ်တယ်။

ချီကူယန်ရဲ့ ဓားချက်က သာမာန် ဓားချက်ပဲ။ လှည့်ကွက်တွေ ပါမနေခဲ့သလို ခုန်ရှောင်ဖို့လဲ မဖြစ်နိုင်ဘူး။ သူမက အရမ်းကို မြန်ဆန်လွန်းတယ်။

ခေါင်းငါးလုံး ခြင်္သေ့က သွေးဆာနေတဲ့ မျက်ဝန်းတွေနဲ့ ချီကူယန်ကို ကြည့်နေခဲ့တယ်။ ခေါင်းတစ်လုံးကနေ မီးတောက်တွေ ထွက်ပေါ် လာပြီး နောက်ခေါင်းတစ်လုံးကနေ ရေခဲတွေနဲ့ မှုတ်ထုတ်တယ်။ ရေခဲတွေ ပေါင်းစည်း သွားချိန်မှာတော့ ကြီးမားတဲ့ သံချပ်ကာကြီး တစ်ခု ဖြစ်ပေါ် လာတယ်။ တခြား ခေါင်းသုံးလုံးကလဲ မတူညီတဲ့ အရောင်တွေ တောက်ပ လာခဲ့တယ်။

ခေါင်းငါးလုံးက ဓာတ်ကြီး ငါးပါးကို ကိုယ်စား ပြုနေတာပဲ။

တကယ့်ကို ထူးခြားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ နတ်သခင် တစ်ယောက် ဖြစ်နေတဲ့အတွက် ငါးခုကို အတူတူ ပေါင်းစည်းနိုင်ရင် ပိုအစွမ်းထက် သွားလိမ့်မယ်။ ချီကူယန်ကတော့ ဒါတွေကို အာရုံ စိုက်မနေခဲ့ဘူး။

သူမရဲ့ ဓားကလဲ မရပ်တန့်ခဲ့ဘူးလေ။ ကြီးမားတဲ့ ရေခဲ ဒိုင်းကာကြီးကို သူမရဲ့ ဓားက သွားထိတွေ့တယ်။

ဂျွတ်။

ရေခဲ ဒိုင်းကာကြီး ကွဲအက်ပြီး မီးတောက်တွေလဲ လေတိုက်သလို ငြိမ်းသွား ခဲ့တယ်။ ဒိုင်းကာတွေက သေးငယ်တဲ့ မီးတောက်လေးတွေ အဖြစ် ပြောင်းလဲပြီး လေထဲမှာ ပျောက်ကွယ် ကုန်တယ်။

ချီကူယန်ရဲ့ ဓားကတော့ လုံး၀ မရပ်တန့် သေးဘူး။ မရပ်တန့် ရုံတင် မကဘူး အရှိန်က ပိုမြန်လာခဲ့တယ်။ ခရမ်းရောင် အလင်းတန်း တစ်ချို့ ရောနှော နေတဲ့ ငွေရောင် အလင်းတန်းက အရမ်းကို ကျယ်လောင်တဲ့ အသံကြီးကို ထုတ်လွှတ် နေခဲ့တယ်။

လူပု နတ်သခင်ရဲ့ မျက်နှာ အမူအယာလဲ ပြောင်းလဲ သွားခဲ့ပြီ။

မောက်မာ နေခဲ့တဲ့ ပုံစံကနေ လန့်နေတဲ့ ပုံစံကို ပြောင်းသွား ပေမယ့်၊ နောက်ကျလွန်း သွားခဲ့တယ်။ ချီကူယန်ရဲ့ ခြေရာမဲ့ဓားက မီးမှုတ်နေတဲ့ ခေါင်းဆီ ရောက်နေခဲ့ပြီ။

ခေါင်းငါးလုံး ခြင်္သေ့က ရှေ့ကို တိုးမလာ နိုင်တော့ဘူး။ သူ့ရဲ့ ကြီးမားတဲ့ ခန္ဒာကိုယ်ကြီးက ချက်ခြင်း ပြိုလဲ သွားတော့တယ်။

ဒါက အဆုံးသတ် မဟုတ်သေးဘူး။ ချီကူယန်က ကြီးမားတဲ့ မျောက်ခေါင်းကြီးကို ဖြတ်ချပြစ်ပြန်တယ်။ သွေးတွေက ရေစီးသလို ပန်းထွက် လာပြီး ချီကူယန်ရဲ့ ဝတ်ရုံကို ရဲရဲနီ သွား စေခဲ့တယ်။ ကျန်တဲ့ ခေါင်းလေးလုံးကတော့ မယုံနိုင်မှု အပြည့်နဲ့ ကြည့်နေခဲ့တယ်။

သနားစရာ ကောင်းတဲ့ အော်သံကြီးက လေထဲမှာ ပျံ့လွင့်လာတယ်။

ဝုန်း။

ဝုန်း။

ခေါင်းငါးလုံး ခြင်္သေ့ကြီး လူးလိမ့် နေချိန်မှာ သွေးတွေက ခပ်မြန်မြန် တိတ်သွားခဲ့တယ်။ ခေါင်းက အသစ်ပြန်ထွက် မလာပဲ ကြီးမားတဲ့ အမာရွတ်ကြီး တစ်ခု အဖြစ်ကို ပြောင်းလဲ သွားတော့တယ်။

လူပုလဲ ခြင်္သေ့ ပေါ်ကနေ ချက်ခြင်း ခုန်ဆင်း လာခဲ့ပြီ။ သူ့မျက်နှာကတော့ စက္ကူဖြူ တစ်ရွက်လို ဖြူဖျော့ နေခဲ့တယ်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” လူပု မယုံနိုင် ခဲ့ဘူး။

ခေါင်းငါးလုံး ခြင်္သေ့ရဲ့ အစွမ်းကို သူကောင်းကောင်း သိတယ်။ အင်အား အများကြီး သုံးပြီးမှ ယဉ်ပါးအောင် လေ့ကျင့် ခဲ့ရသူ မလို့ သူ့သားရဲကောင်ရဲ့ အားနည်းချက်ကို သူနားလည်တယ်။ အားနည်းချက်က ခေါင်းတော့ မဟုတ်ခဲ့ဘူး။

ချီကူယန်က ဓားချက် တစ်ချက်တည်းနဲ့ ခေါင်းကို ဖြတ်ထုတ် ပြစ်လိုက်တယ်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။ ဧကရီ ပိုင်ကျစ်ရဲ့ ပြတ်သွားတဲ့ မြေခွေး အမြီးကို မြင်တည်းက သူ့စိတ်သူ ပြင်ဆင်ထားခဲ့ပေမယ့်၊ သူကျင့်သား မရနိုင် လောက်တဲ့ အထိ ဒီကောင်မလေးက အင်အားကြီးနေမယ်လို့ ဘယ်လို ထင်မိ ခဲ့မှာလဲ။

ဒီအချိန် မှာတော့ ကျမ်းကောင်းကင်တောင်မှာ အရာအားလုံးက ရပ်တန့် သွားခဲ့ပြီ။

မိစ္ဆာ ဘုရင်တွေ၊ လင်းယွမ် မျှော်စင် တပည့်သားတွေ အားလုံး ခေါင်းငါးလုံး ခြင်္သေ့ကို လှမ်းကြည့် နေကြတယ်။ ထိတ်လန့်တယ်။ ကြောက်ရွံ့ တုန်လှုပ်တယ်။

“သူက မိစ္ဆာ မျိုးနွယ်ရဲ့ နတ်သခင်ကို ဓားချက် တစ်ချက်တည်းနဲ့ ခေါင်းဖြတ် ပြစ်လိုက်တယ်။”

“ငါ အမြင်တွေ မှားကုန်တာလား။”

“ချီကူယန်က အင်အား ကြီးလိုက်တာ။”

မိစ္ဆာ ဘုရင်တွေနဲ့ လင်းယွမ် မျှော်စင် တပည့်သားတွေ ကိုယ်တိုင်သာ မမြင်ရရင် ယုံမိမှာ မဟုတ်ဘူး။ သူတို့တင် မကဘူး။ ချင်းယွိပါ မျက်လုံး ပြူးနေခဲ့တယ်။

ချီကူယန်ရဲ့ အစွမ်းအစကို သူမ တွက်ဆ ခဲ့ပင်မယ့်၊ အခု မြင်နေရတဲ့ မြင်ကွင်းကြောင့် အင်အား နည်းနည်းကိုသာ တွက်ဆ မိမှန်း နားလည် မိသွားခဲ့တယ်။

အမြီး ကိုးချောင်း မြေခွေးရဲ့ အမြီးကို အလွယ်လေး ဖြတ်နိုင်တယ်။ ဒါ့အပြင် နတ်သခင် တစ်ယောက်ရဲ့ ခေါင်းကိုလဲ အလွယ်လေး ဖြတ်တယ်။

ချီကူယန် ခြောက်လ အချိန် အတွင်း ဘယ်လိုမျာ အင်အားကြီး လာလဲ သူ မတွေးတတ် တော့ဘူး။ သူမ စိတ်ကူး နိုင်တာထက်တောင် ကျော်လွန် နေသေးတယ်။

သုခမိန် အထွတ်အထိပ် အဆင့်လား။

နေစမ်းပါအုန်း။ သုခမိန် အထွတ်အထိပ် အဆင့်က နတ်သခင်ကို ဘယ်လိုများ သတ်နိုင်မှာလဲ။

ဒါဆိုရင် သူမက ဘယ်အဆင့်ကို ရောက်နေတာလဲ။

ဒဏ္ဍာရီလာ နတ်သခင် အဆင့်ကို ခြောက်လ အချိန် အတွင်းမှာ ရောက်ရှိ သွားတာလား။

“ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ။” ဒီအတွေး ဝင်လာ ချိန်မှာတော့ ချင်းယွိ လုံးဝကို ပါးစပ် အဟောင်းသား ဖြစ်သွား ခဲ့ပြန်တယ်။

မြင့်မြတ် နယ်မြေမှာ အကောင်းဆုံး ကောင်းချီးခံ သွေးမျိုးနွယ် ပိုင်ဆိုင်ထားတဲ့ အတွက် ချီကူယန်က အစွမ်းထက်တာကို သူမ သိတယ်။ ဒါက ချီကူယန်ကို ကြောက်စရာ ကောင်းစေတဲ့ ကိစ္စပဲ။

အခုချိန်မှာတော့ ချီကူယန်ရဲ့ နောက်မှာ အရိပ် တစ်စတောင် မရှိခဲ့ဘူး။

ကောင်းချီးခံ သွေးမျိုးနွယ်ကို မသုံးပဲ နတ်သခင် တစ်ယောက်ကို သတ်နိုင်တယ် ဆိုရင်၊ သွေးမျိုးနွယ်ကို ထုတ်သုံး လိုက်လို့ ကတော့ ဘယ်လောက်တောင် အစွမ်းထက် လိုက်လေမလဲ။

အပိုင်း (၉၉၀) ပြီး၏။

All Chapters