← Chapters

အခန်း (၁၂၁)

Vol. 9 Ch. 121

အခန်း (၁၂၁)

Vol. 9 Ch. 121

“ ဒုတိယ ကိုင်သခင်မလေးက ဆေးလုံးသန့်စင်ဖို့အစောကြီးရောက်လာတယ်…”

“ မစ္စ လင်းအာက ပိုပြီးလှလာတာပဲ.. ဒါနဲ့ သူ့နောက်မှာ ကောင်လေးတစ်ယောက်ပါလာတယ်.. ဘယ်သူများလဲ…”

မှော်ဆေးပညာအဖွဲ့အစည်း‌တွင် ကိုင်လင်းအာက အတော်လေးနာမည်ပြီးပုံရ၏။ သူတို့လာရာလမ်းတစ်လျှောက်လုံး သူတို့အားကြည့်ပြီး လူတိုင်းက ဆွေးနွေးနေကြသည်။ ကိုင်မိသားစု၏ အရှိန်အဝါကြောင့်ဖြစ်သလို ကိုင်လင်းအာ၏ ဆေးပညာနှင့်ပတ်သက်ပြီး ကျွမ်းကျင်မှုကြောင့်လည်းဖြစ်နိုင်၏။

လူတိုင်း၏ မျက်လုံးများက သူတို့အပေါ်သို့သာရောက်ရှိနေကြသည်။ တစ်ချို့လူများဆိုလျှင် ကိုင်လင်းအာနောက်က လူငယ်တစ်ယောက် ပါလာသောကြောင့် သိချင်စိတ်ဖြင့် နောက်မှကပ်၍ လိုက်ပါလာကြ၏။

ဤသို့ဖြင့် လူအုပ်ကြီးက ပို၍ ကြီးမားလာခဲ့သည်။ ပထမအဆင့် ဆေးလုံးသန့်စင်သည့်အခန်းကမူ လူတိုင်း အလွယ်တကူအသုံးပြုနိုင်‌သော နေရာတစ်ခုဖြစ်၏။

ကိုင်လင်းအာက အနည်းငယ်စိတ်ကသိကအောက်ဖြစ်နေဟန်ဖြင့် ပထမအဆင့် ဆေးသန့်စင်ခန်းအတွင်ရှိ ဆေးမီးဖိုရှေ့၌ ရပ်တန့်လိုက်သည်။

“ အရင်ဆုံးဆေးဖော်ကြည့်လိုက် ကျွန်မ ကြည့်ပြီးကာမှ ညွှန်ကြားပေးမယ်…”

ကိုင်လင်းအားက ရွှမ်ယီ နံဘေး၌ ရပ်တန့်လိုက်ပြီး ပြောကြားလိုက်၏။

ရွှမ်ယီက ခေါင်းတစ်ချက် အသာအယာညိတ်ပြလိုက်ပြီး ဆေးမီးဖိုရှေ့သို့ သွားလိုက်သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်၏။ တစ်ခဏ အကြာတွင် သူ၏ မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။

ရွှပ်..

စိတ်ဝိညာဉ်စွမ်အင် စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ရှေ့မှ စိတ်ဝိညာဉ်ပစ္စည်းအပိုင်းအစတစ်ခုကို ကြိတ်ချေလိုက်ပြီး အရည်အဖြစ်သို့ပြောင်းသွားစေကာ ဆေးမီဖိုအတွင်းထည့်လိုက်၏။ ထိုအရာက အငွေ့များအဖြစ် အဆက်မပြတ်ပြောင်းလဲနေပြီး မသန့်စင်သည့် အရာများ အလိုအပ်သည့် အရာများအား ပျောက်ကွယ်သွားစေခဲ့သည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင် စီးကြောင်းတစ်ခုက အပြာရောင်အလင်းဖျဖျတောက်ပနေသော စိတ်ဝိညာဉ်သစ်ရွက်တစ်ခုအား မီးဖိုထဲသို့ ထည့်လိုက်၏။

ရွှမ်ယီနံဘေး၌ လက်ပိုက်ပြီး ရပ်နေခဲ့သော ကိုင်လင်းအာ ခေါင်းအနည်းငယ်ယမ်းလိုက်မိသည်။

သူမအမြင်တွင် ရွှမ်ယီ ဆေးစတင်သန့်စင်ကတည်းက ရှုပ်ထွေးပြီး ကမောက်ကမဖြစ်နေ၏။

ထို့အပြင် စိတ်ဝိညာဉ်ဆေးပင်များအား ရိုးရှင်းစွာ တိုက်ရိုက်အသုံးပြုနေလေသည်။

ဘယ်သူက အလင်းပြာမြက်အား ထိုကဲ့သို့ မီးဖိုးထဲ တိုက်ရိုက်ပစ်ထည့်သနည်း။

“ ရှင် အဲ့တာကို အဲ့လိုလုပ်လို့မရဘူးလေ…”

“ စိတ်ဝိညာဉ် ဆေးပင်တွေ ပစ္စည်းတွေကို အသုံးပြုတဲ့နေရာမှာ ရှင်လုပ်တာတွေ လွဲနေတယ်.. အဆင့်မြင့် ဝိညာဉ်ကြည်လင်ခြင်း ဆေးပြားကို သန့်စင်ချင်တယ်ဆိုရင် ပထမဆုံး အစိမ်းနုမြက်ကို တစ်ပိုင်းတစ်စ ခွဲခြမ်းပြီး မီးဖိုထဲအရင်ထည့်ရမှာ…”

ရွှမ်ယီက အသာအယာပြုံးလိုက်၏။

သူ့ဦးဏှောက်ထဲတွင် အဆင့်(၇) မှော်ဆေးပညာရှင် ဒန်ချင်ဇီ၏ ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်သည့် မှတ်ညာဏ်များ ၊ ကျွမ်းကျင်မှုများ ရှိနေသည်။ ထို့အပြင် သူ ဤနေရာသို့ မလာသေးခင် ရွှမ်မိသားစု စာကြည့်တိုက်ထဲ၌ ဆေးပညာနှင့် ပတ်သက်သော စာအုပ်များအား ဖတ်ရှုကြည့်ခဲ့သေး၏။ ယနေ့ခေတ်လူများ ဆေးဖော်စပ်ပုံမှာ ဒန်ချင်ဇီ၏ နည်းလမ်းများနှင့် အလွန်ကွာခြားနေ‌ကြောင်း နားလည်ခဲ့သည်။

ထို ကိုင်လင်းအားပြောသော အစိမ်းနုမြက်က အလွန်နူးညံ့သိမ်မွေ့သော သဘောသဘာ၀ရှိ၏။ ၎င်းအား တစ်စိတ်တစ်ပိုင်း ခွဲခြမ်းပြီး ဆေးမီးဖိုထဲသို့ထည့်သွင်းခြင်းက အမှန်ပင်မဆိုးလှပါ။ သို့သော် ဒန်ချင်ဇီ၌ ပိုကောင်းပြီး ထူးခြားသော နည်းလမ်းတစ်ခုရှိ၏။ အလင်းပြာမြက်အား တိုက်ရိုက်ထည့်လိုက်ပါက ၎င်းက ဆေးမီးဖိုအတွင်းရှိ နက်နဲဝိညာဉ်ဆေးပင်နှင့် ကောင်းစွာပူးပေါင်းဆောင်ရွက်သွားပေလိမ့်မည်။

သို့ဖြစ်ပါက ဆေးဖော်စပ်ပြီးလျှင် ရရှိလာမည့် အဆင့်(၁) ဝိညာဉ်ကြည်လင်ခြင်းဆေးလုံးက အဆင့်(၂) နှင့် အလွန်းနီးစပ်သော အာနိသင်မျိုး ပိုင်ဆိုင်သွားမည်ဖြစ်သည်။

ကိုင်လင်းအာက မည်သည့်စကားမှ ပြန်မဆိုသော ရွှမ်ယီအား စိုက်ကြည့်လိုက်၏။ ထို့နောက် ဆေးမီးဖို့သို့ ကြည့်လိုက်လျှင် ထိုလူက ဂနိုဒါမာ အမှုန့်များအား အရည်အဖြစ်ပြောင်းလဲ၍ ထည့်သွင်းလိုက်အား တွေ့လိုက်ရသည်။

“ အဓိပ္ပါယ်မဲ့လိုက်တာ…”

ဝိညာဉ်ကြည်လင်ခြင်း ဆေးလုံးအား ဖော်စပ်ရာတွင် ထိုကဲ့သို့ နည်းလမ်းမျိုးအား အသုံးပြုသည်ကို တစ်ခါမှကြားဖူးခြင်းမရှိချေ။

ဂနိုဒါမာ အမှုန့်များအား မူလပုံစံအတိုင်း အမှုန့်အဖြစ်သာအသုံးပြု၍ရကြောင်း သူမ ကောင်းစွာသိထားသည်။ သို့မဟုတ်လျှင် ဆေးမီးဖိုပေါက်ကွဲပြီး ပါ၀င်ပစ္စည်းများအားလုံး အလဟသဖြစ်သွားပေလိမ့်မည်။

ဘာကြောင့် အရည်အဖြစ်သို့ ပြောင်းလဲအသုံးပြုနေရသနည်း။

ကိုင်လင်းအာတစ်ယောက် ဆက်လက်၍ သည်းခံနိုင်စွမ်းမရှိတော့ချေ။ သူမ၏ မျက်လုံးထဲတွင် ရွှမ်ယီက စိတ်ဝိညာဉ် ဆေးပင်များအား ဖြုန်းတီးနေသည်နှင့် မခြားချေ။

ရွှပ်..

သူမက တိုက်ရိုက်ပင် ၀င်ရောက်စွက်ဖက်လိုက်၏။

ရွှမ်ယီထည့်သွင်းလိုက်သော ဂနိုဒါမာ အရည်ရှိရာသို့ စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းတစ်ခုရောက်ရှိလာပြီး ထိုးဖောက်သွားလေသည်။

ထိုအချိန်တွင် ဆေးမီးဖိုအတွင်းမှ မီးတောက်တစ်ခု ဟုန်းကနဲခတောက်လာပြီး အတွင်းမှ တူးနံ့ထွက်ပေါ်လာ၏။ ဝိညာဉ်ကြည်လင်ခြင်းဆေးပြား လေပေါ်သို့ မြောက်တက်ကာ ထွက်ပေါ်လာသော်လည်း ၎င်းအဆင့်က အဆင့်(၁) သို့ပင်မရောက်ရှိခဲ့ပေ။

ရွှမ်ယီ မျက်မှောင်ကြုတ်လိုက်မိသည်။ အစပိုင်း စကားဖြင့်၀င်ပြောနေတုံးက သူစိတ်ဆိုးခဲ့ချေ။ သို့သော် ယခုတွင်မူ တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်သွားခဲ့၏။

“ မင်း ဘာလုပ်လိုက်တာလဲ…”

“ ကျွန်မ ဘာလုပ်နေတာလဲဟုတ်လား.. ကျွန်မသာ ၀င်မတားရင် ဆေးမီးဖို ပေါက်ကွဲသွားလိမ့်မယ်…”

ကိုင်လင်းအာလည်း မပျော်မရွှင်ဖြစ်နေလေသည်။ လူသစ်ကလေးကား လူသစ်ကလေးသာဖြစ်၏။ သူက စိတ်ဝိညာဉ်ဆေးပင်များ ပစ္စည်းများအား ဖြုန်းတီးပစ်ပေလိမ့်မည်။

ရွှမ်ယီ၏ မျက်ခုံး အနည်းငယ်မြင့်တက်သွားခဲ့ပြီး ကိုင်လင်းအာကို စိုက်ကြည့်လိုက်သည်။

“ ကျုပ် ရွှမ်ယီက.. အမြဲတမ်း ကိုယ်ဘာတွေလုပ်နေလဲဆိုတာ ကောင်းကောင်းနားလည်တယ်…”

“ မင်း ဟာမင်း ဘယ်သူဖြစ်စေ ကျုပ် ဂရုလည်းမစိုက်သလို စိတ်လည်းမ၀င်စားဘူး.. ပထမဆုံးအကြိမ်မို့ ရှိပစေတော့.. နောက်တစ်ကြိမ်ဆိုရင် ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့…”

အနှီမိန်းကလေးက သူဆေးစသန့်စင်ကတည်းက နံဘေး၌ အဖွားကြီးတစ်ယောက်အလား ပွစိပွစိလုပ်နေခဲ့သည်။ ရွှမ်ယီအနေဖြင့် သူမက စေတနာဖြင့် ပြောပြနေကြောင်း နားလည်သဖြင့် သည်းခံပြီးနေခဲ့၏။ သို့သော် ယခုတွင် သည်းခံနိုင်စွမ်းမရှိတော့ချေ။

ကိုင်လင်းအာလည်း အလွန်အံ့ဩသွား၏။ သူမ မျက်လုံးများ ပြူးကျယ်သွားပြီး ရွှမ်ယီအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

“ ကျွန်မက ရှင့်ကို စေတနာနဲ့ ညွှန်ပြပေးနေတာလေ.. အဲ့တာကို ဘယ်လိုလုပ်ပြီး အဲ့လိုပြောနိုင်ရတာလဲ…”

“ ဆေးသန့်စင်တာမှ ရှင့်ကိုရှင် အရမ်းတော်တဲ့ ဆရာကြီးလို့ထင်နေတာလား.. ဒီမှာ ရှင် ကျွန်မရဲ့ ဆေးပညာရှင်အဆင့်ကိုရော သိလား.. အဆင့်(၄) နော် အဆင့်(၄).. ဟမ့် အပြင်ဘက်မှာဆိုရင် လူတိုင်းက ကျွန်မဆီက လမ်းညွှန်မှုကို လိုချင်နေကြတာ…”

ရွှမ်ယီ အသက်ပြင်းပြင်းတစ်ချက် ဆွဲရှုလိုက်၏။

“ အဆင့်(၄).. အဲ့တာက အရမ်းအံ့ဩဖို့ကောင်းတယ်လား…”

“ ဒါဆို ကျုပ်တို့ ပြိုင်ကြမလား…”

ကိုင်လင်းအာ နောက်တစ်ကြိမ် ရှော့ရသွားခဲ့၏။

သူမက ရွှမ်ယီအား အရူးတစ်ယောက်အလား ကြည့်လိုက်မိသည်။

သူမရှေ့မှ လူမှာ အဆင့်(၁) ဆေးအားသန့်စင်ရာ၌ပင် အမှားများစွာလုပ်နေသည့် အတွေ့အကြုံမရှိသော လူသစ်တစ်ယောက်ဖြစ်၏။ ထို့အပြင် ထို ငတုံးက ဆေးပညာ၌ ညံ့ဖျင်းလွန်းလှသည့် ရွှမ်မိသားစုမှလည်းဖြစ်သေးသည်။

ကောင်းကင်ဒေသတွင် ထိုကိစ္စအား လူတိုင်းအသိပင်။

“ ကောင်းပြီလေ.. ပြိုင်ကြတာပေါ့.. ကျွန်မရှုံးရင် ရှင့်လောက်မတော်ဘူးဆိုတာ ၀န်ခံလိုက်မယ်..”

“ ပြီးတော့ ကျွန်မက ရှင့်ကိုအနိုင်ကျင့်မှာမဟုတ်ဘူး.. အဆင့်(၁) ကနေစပြီးတော့ ကိုယ်ဖော်စပ်နိုင်သလောက် အမြင့်ဆုံးအထိ ဖော်စပ်သွားကြမယ်.. ဘယ်လိုလဲ…”

ကိုင်လင်းအာက ခေါင်းမော့လိုက်၏။ သူမက တဖျတ်ဖျတ်လွင့်နေသော အနီရောင်၀တ်စုံအား ၀တ်ဆင်ထားကာ ယုံကြည်မှု အပြည့်ရှိသော အပြုံးတစ်ခုအား မျက်နှာထက်၌ ဆင်မြန်းထားလေသည်။

‘အဆင့်(၄) မှော်ဆေးပညာရှင်က အစွမ်းထက်လားဆိုဘဲ.. ဟမ့်..’

အသက်(၂၀)၀န်းကျင်အရွယ် အဆင့်(၄) မှော်ဆေးပညာရှင်က လူအများစုအား နှိမ့်ချရန် လုံလောက်သည်ထက်ပိုပေသည်။

ကိုင်လင်းအာ၏ မျက်လုံးထဲတွင် ထိုရွှမ်ယီဆိုသည့် လူကား ရာနှုန်းပြည့် အရှုံးသမားပင်။

ပြိုင်ပွဲပြီးလျှင် သူမကိုယ်တိုင် ရွှမ်မိသားစုထံသွား၍ သူ့မရှေ့၌ လာမောက်မာနေသည့် ထိုလူငယ်အား ဆေးပညာ‌လက်ထောက်အဖြစ် သွားရောက်တောင်းဆိုမည်ဖြစ်သည်။ ထို့အပြင် အဆင့်(၄) ဆေးပညာရှင်တစ်ဦး၏ လက်ထောက်ဆိုသော နာမည်က သူ့အား အရှက်တကွဲဖြစ်စေမည်မဟုတ်ပါ။

All Chapters