အခန်း (၁၂၃)
Vol. 9 Ch. 123
မျှော်စင်၏ အောက်ခြေသို့နီးကပ်လာလေ ဘုရင်နှစ်ယောက် မျက်နှာပျက်လာလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လမ်းတစ်လျှောက်လုံး ယန်မီးတောက်ဆေးအား သန့်စင်ပေးနိုင်မည်လူ အရိပ်အယောင်မျှပင်မရှိချေ။
သူတို့အတွက် မျှော်လင့်ချက်မရှိတော့ခြင်းပေလော။
ကောင်းကင်ကတောင် ငါတို့ယန်မိသားစုကို ပျက်စီးစေချင်နေတာလား…?
“ ဟမ်..”
ဒန်ယွမ်၏ အကြည့်က ရွှမ်ယီနှင့် ကိုင်လင်းအာတို့ရှိရာနေရာဆီသို့ရောက်သွားပြီး သူ့မျက်၀န်းထဲတွင် အံ့အားသင့်သွားဟန်များ ထွက်ပေါ်လာ၏။
လက်ရှိအချိန်တွင် ရွှမ်ယီနှင့် ကိုင်လင်းအာတို့ ဆေးလုံးသန့်စင်နေကြသည်မှာ အဆင့်(၄) သို့ပင်ရောက်ရှိနေပြီဖြစ်သည်။
ဆေးဘုရင်တစ်ဦး၏ အတွေ့အကြုံအရ သူ့တပည့်ကိုင်လင်းအာ၏ ဆေးလုံးမှာ အမှားအနည်းငယ်ကြောင့် အာနိသင်လျော့ကျနေသည်ကို မြင်နိုင်၏။ သို့သော် ကိုင်လင်းအာနံဘေးမှ လူငယ်၏ ဆေးလုံးကမူ များစွာပို၍ အစွမ်းထက်ပေသည်။
သူက ထိုကိစ္စ ဤနေရာတွင်ပြီးဆုံးပြီးဟုထင်လိုက်သော်လည်း ကိုင်လင်းအာနံဘေးရှိ လူငယ်က မရပ်တန့်ဘဲ အဆင့်(၅) ဆေးလုံးအားဖော်စပ်ရန် ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့လိုက်ရ၏။
“ ငါရဲ့ မှော်ဆေးပညာမျှော်စင်မှာ အဆင့်(၅) ဆေးလုံးကိုသန့်စင်ဖို့လုပ်နိုင်တဲ့လူငယ် ဘယ်တုန်းကရှိလာတာလဲ…”
……
“ ဟမ် သူက ဘာဆက်လုပ်ဖို့ကြိုးစားနေတာလဲ..”
“ ဘုရားရေ.. သူ့ကို အစက အလုပ်သင် တစ်ယောက်လို့ထင်ထားတာ.. ဒီလောက်ကျွမ်းကျင်နေမယ်လို့ လုံး၀မမျှော်လင့်ထားဘူး…”
ပတ်၀န်းကျင်မှကြည့်နေသော လူတိုင်း တုန်လှုပ်နေခဲ့ကြသည်။
သူတို့၏ အကြည့်များက ကိုင်လင်းအာဆီမှနေ၍ ထိုလူငယ်ဆီသို့ ရောက်သွားခဲ့၏။ အစောပိုင်းတွင် သူတို့အားလုံး မောက်မာသောလူငယ်လေးတစ်ယောက်က ကိုင်မိသားစု ဒုတိယသခင်မလေးနဲ့ ယှဉ်ပြိုင်နေသည်ဟူသော သတင်းကြောင့် ဤနေရာသို့ ရောက်လာကြခြင်းဖြစ်သည်။
ရွှမ်ယီ၏ ပုံစံအရဆိုလျှင် အသက် (၂၄) ၊ (၂၅) ၀န်းကျင်လောက်ဖြစ်ပြီး ကိုင်လင်းအာထက် အများကြီး ကြီးပုံမရပေ။ ထို့အပြင် အဆင့်(၁) စိတ်ဝိညာဉ်ကြည်လင်ခြင်းဆေးလုံးအား သန့်စင်ရာတွင် ထိုလူငယ်က အမှားများစွာ လုပ်ခဲ့သေး၏။
ယခုဤနေရာတွင်ရှိသူတိုင်း မှော်ဆေးပညာရှင်အစည်းအရုံးအဖွဲ့၀င်များဖြစ်ကြပြီး ဆေးပညာဗဟုသုတများနှင့် ဆေးလုံးများသန့်စင်ရာ၌ ကျွမ်းကျင်သူများချည်းသာဖြစ်သည်။
အဆင့်(၁) ဆေးလုံးဖြစ်သော စိတ်ဝိညာဉ်ကြည်လင်ခြင်းဆေးလုံး ဖော်စပ်နည်းကို လူတိုင်းရင်းနှီးကြ၏။
သူတို့အမြင်အရဆိုလျှင် ထိုလူငယ်၏ နည်းလမ်းများက အမှားအယွင်းများနှင့်ဖြစ်လေသည်။
သူတို့အားလုံး ကိုင်မိသားစုမှ ဒုတိယသခင်မလေးအား ချီးမွမ်းရန် ပြင်ဆင်ထားခဲ့ကြ၏။ ကိုင် ဒုတိယသခင်မလေးက အစည်းအရုံးခေါင်းဆောင်၏ တပည့်ဖြစ်ကြောင်း မသိသူမရှိချေ။
ထို့ကြောင့် အစပိုင်းတွင် လူတိုင်းက ရွှမ်ယီအား သနားသော အကြည့်များဖြင့် ကြည့်နေခဲ့ကြ၏။
သို့သော် ရွှမ်ယီ၏ သန့်စင်ခြင်းနည်းလမ်းက ဆေးလုံးအမှန်တကယ်ဖြစ်ပေါ်လာလိမ့်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ထို့အပြင် ဆေးလုံးများက အာနိသင်ပို၍ ကောင်းနေသေးသည်။ ပါ၀င်ပစ္စည်းများကို အသုံးပြုခြင်းက မှော်ဆန်လွန်းလှ၏။ သူသန့်စင်လိုက်သော ဆေးလုံးများက ကိုင်လင်းအာ၏ ဆေးလုံးများထက် များစွာ အစွမ်းထက်၍နေသည်။
လူတိုင်း လုံး၀ရှော့ရသွားခဲ့ကြ၏။
ရွှမ်ယီ အသုံးပြုနေသောနည်းလမ်းများက ယနေ့ခေတ် အသုံးများသော နည်းလမ်းများနှင့် အလွန်ကွဲပြားနေသည်။ သူ၏ နည်းလမ်းများက မှားယွင်းနေဟန်ရသော်လည်း ထိုသို့ဖော်စပ်ပါက ဆေးလုံး၏ အာနိသင်ကို ပို၍ အစွမ်းထက်သွားစေမှန်း လူတိုင်း နားလည်နိုင်ကြ၏။ သူ၏ နည်းလမ်းများက ယနေ့ခေတ်အသုံးများသော နည်းလမ်းများထက် ပို၍ အစွမ်းထက်နေပေသည်။
ထိုကြောင့် ကြည့်နေကြသူတိုင်း တခြားသော ပြင်ပအတွေးများမရှိတော့ချေ။ ၎င်းတို့အားလုံး ရွှမ်ယီ၏ ဆေးသန့်စင်ခြင်းပညာ၌ မိန်းမောနေခဲ့ကြ၏။ ဤသို့ဖြင့် ရွှမ်ယီထံမှ အနည်းငယ်ခန့် သင်ယူလိုက်မိရန် မျှော်လင့်နေကြသည်။
အဆင့်(၄) ဆေးလုံးသန့်စင်ပြီးချိန်၌ လူတိုင်း သက်ပြင်းများချလိုက်ကြ၏။
ယနေ့ခရီးစဉ်က ဤနေရာတွင် ပြီးဆုံးပေတော့မည်။
နောက်ဆုံးတွင် ထိုအသက်(၂၀)ကျော်အရွယ် လူငယ်လေးအား ပတ်၀န်းကျင်မှ လူတိုင်း အသိအမှတ်ပြုသွားကြချေပြီ။
ကိုင်လင်းအာကမူ အနည်းငယ်ရှက်ရွံ့နေပြီး သူမ၏ လက်သီးကလေးအား ဆုပ်ထားမိလိုက်သည်။ လက်ရှိအခြေအနေအရ သူမ၏ ဆေးပညာအဆင့်က ရွှမ်ယီထက် များစွာနိမ့်ကျနေသေးကြောင်း ပေါ်လွင်နေ၏။
သူမတွင် ရွှမ်ယီအား လမ်းညွှန်ပေးနိုင်သည့် အရည်အချင်းမျိုး အမှန်ပင်မရှိချေ။
“ အဲ့ဒီ ရွှမ်မိသားစုက မကောင်းတဲ့ကောင်.. သူ့ကို ဆရာ့လို ဆေးဘုရင်တစ်ယောက်ပဲ လမ်းညွှန်ပေးဖို့ အဆင့်မှီလိမ့်မယ်…”
ကိုင်လင်းအာက ရွှမ်ယီအားကြည့်ရန် လှည့်လိုက်သည်။ သို့သော် ရွှမ်ယီ၏ အကြည့်များကမူ ထူးမခြားနားဟန်ဖြင့် သာမန်အတိုင်းသာဖြစ်နေ၏။ သူ၏ လက်များကမူ စီးဆင်းနေသော ရေအလား တည်ငြိမ်လှပစွာရွေ့ရှားနေပေသည်။
ထိုလူက အဆင့်(၄)ဆေးလုံးဖော်စပ်ပြီးသည်နှင့် ၎င်းတို့အား ဘေးသို့ပစ်ချလိုက်ပြီး ဆက်လက်၍ ဆေးဖော်စပ်ရန် ပြင်ဆင်နေ၏။
သူ၏ လက်ဟန်များအရဆိုလျှင် အဆင့်(၅) ဆေးလုံးအား သန့်စင်ရန်ပြင်ဆင်နေကြောင်း သိနိုင်သည်။
“ မဖြစ်နိုင်ဘူး…”
ကိုင်လင်းအာ မယုံနိုင်စွာဖြင့် ထအော်လိုက်၏။
ရွှမ်မိသားစုထဲမှတစ်ယောက်က ဆေးပညာရှင်ဖြစ်လာခြင်းက ကောင်းမွန်သောကိစ္စတစ်ခုပင်။ ထို့အပြင် အသက်(၂၀)ကျော်အရွယ်ဖြင့် ကိုင်မိသားစု၏ နံပါတ်(၁) ဆေးပညာရှင်ဖြစ်သော သူမနှင့်အဆင့်တူ အဆင့်(၄) ဆေးပညာရှင်ဖြစ်နေသည်အထိ လက်ခံပေး၍ရသည်။
မည်သို့ပင်ဖြစ်စေ သူမနှင့် အသက်မတိမ်းမယိမ်းသာရှိသေးသည့် ရွှမ်မိသားစုမှ လူငယ်လေးက အဆင့်(၅) ဆေးလုံးအား သန့်စင်နိုင်မည်ကို ကိုင်လင်းအာတစ်ယောက် လုံး၀မယုံကြည်နိုင်ချေ။
ဒါကြီးက လက်တွေ့မဆန်ဘူးမဟုတ်လား…
သူမ၏ ဆရာဖြစ်သူဒန်ယွမ်ပင် ဆေးဘုရင်တစ်ယောက်ဖြစ်လာရန် နှစ်ပေါင်းရာနှင့်ချီ၍ ကြိုးစားခဲ့ရသည်။
‘ ရွှမ်ယီ.. သူက အသက်(၂၀)ကျော်မသေးလေ.. ဘယ်လိုလုပ်ပြီး ဆေးဘုရင်ဖြစ်နိုင်မှာလဲ…”
ကိုင်လင်းအာတစ်ယောက် လုံး၀ လက်ခံနိုင်စွမ်းမရှိဖြစ်နေခဲ့၏။
“ နေဦး.. ငြင်းခုန်နေတာကိုရပ်လိုက်တော့.. သူက လက်ရှိမှာ ညာဏ်အလင်းပွင့်တဲ့အခြေအနေကို ရောက်နေတာဖြစ်ရမယ်.. သွားပြီး မနှောက်ယှက်နဲ့…”
အဆင့်(၅) ဆေးဘုရင် ဒန်ယွမ်က ကိုင်လင်းအာ နံဘေး၌ ပေါ်လာပြီးပြောလိုက်သည်။
ရွှမ်ယီကို ကြည့်နေသော သူ့မျက်နှာထက်၌ ဖုံးဖိမရသော စိတ်လှုပ်ရှားခြင်း ၀မ်းသာခြင်းများ ပြည့်နှက်နေ၏။
ကိုင်လင်းအာက စကားသွားပြောမည်လုပ်နေသဖြင့် သူမအား တားလိုက်ခြင်းဖြစ်သည်။
ဤအချိန်ပိုင်းအတောအတွင်း ရွှမ်ယီက အဆင့်(၁) ဆေးမှစကာ အဆင့်(၄)အထိ မနားဘဲ ဆက်တိုက်ဖော်စပ်လာခဲ့၏။ သူက အသေးစိတ်အာရုံစူးစိုက်လျက် ဒန်ချင်ဇီ၏ မှတ်ညာဏ်များအား ချေဖျက်ရင်း သန့်စင်နေခဲ့ခြင်းဖြစ်သည်။
ဤမနားတမ်းသန့်စင်နေခဲ့သည့်အချိန်အတွင်း မှတ်ညာဏ်များက တဖြည်းဖြည်းသူနှင့် ပို၍ ပေါင်းစပ်လာခဲ့ပြီး သူ၏ ကျွမ်းကျင်မှုများကလည်း အလွန်တိုးပွားလာခဲ့၏။
ဒန်ယွမ်၏ အမြင်တွင် တစ်စုံတစ်ခုအား အဆုံးအစွန်အာရုံစူးစိုက်နေပြီး ပတ်၀န်းကျင်အား သတိမထားမိတော့သည့် ထိုအဆင့်က ဆေးပညာရှင်တိုင်း အိမ်မက်မက်ကာ တောင့်တနေကြသည့် ဒဏ္ဍာရီလာ ညာဏ်အလင်းနယ်ပယ်သို့ ၀င်ရောက်ခြင်းဖြစ်လေသည်။
ဤအခြေအနေပြီးဆုံးသည်အထိမရောက်ခဲ့ဘဲ တစ်ပိုင်းတစ်စနှင့်ရပ်တန့်သွားလျှင်တောင် ထိုလူငယ်လေးက သိပ်မကြာခင် အဆင့်(၅) ဆေးဘုရင်ဖြစ်လာမည်ဖြစ်ကြောင်း ဒန်ယွမ် ကောင်းစွာနားလည်ထား၏။
တစ်နည်းပြောရလျှင် ဒုတိယမြောက်ဆေးဘုရင်တစ်ဦး ကောင်းကင်ဒေသ၌ ပေါ်ထွက်လာပေတော့မည်။