အခန်း (၁၂၆)
Vol. 9 Ch. 126
ငွေကြေး ၊ ပစ္စည်းဥစ္စာများနှင့် အရင်းအမြစ်များမှာ ပြင်ပအရာ၀တ္တုများဖြစ်၏။ ၎င်းတို့၏ သေရေးရှင်ရေးတမျှအရေးကြီးသော ယန်မီးတောက်ဆေးလုံးအား လဲလှယ်ရန်ထိုက်တန်ပေသည်။ အကယ်၍ ထိုဆေးဖြင့် ၎င်းတို့ဘိုးဘေး ပြန်လည်သက်သာလာပါက ထိုပိုင်ဆိုင်မှုများမှာ သိပ်မကြာခင် ပြန်လည်ရရှိလာနိုင်သည့် အရာများသာ။
ရွှမ်ယီအား ကြည့်နေသော ယင်ဘုရင်၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။
ဤကိစ္စ၌ ငွေကြေးနှင့် အရင်းအမြစ်များအား မည်မျှပင် အရေးမစိုက်ဟုဆိုသော်လည်း သူတို့၏ ပိုင်ဆိုင်မှုတစ်၀က်ဆိုသည်မှာ ချက်ချင်းသဘောတူလိုက်၍ အဆင်ပြေသည့်အရာမဟုတ်ချေ။ ယင်ဘုရင်၏ တင်းကြပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
သူ စိတ်တွင်းမှ ဒေါသများအား ဖိနှိပ်ထားနိုင်ခြင်းမရှိတော့ချေ။
“ ငါတို့ မိသားစုရဲ့ ပိုင်ဆိုင်မှုတစ်၀က်တဲ့လား… မင်း ဘယ်လိုသတ္တိနဲ့ ဒီကိစ္စကို တောင်းဆိုရဲတာလဲ…”
မိသားစုတစ်ခုလုံး ပိုင်ဆိုင်မှုတစ်၀က်အား တောင်းဆိုခံရသူတိုင်း ၎င်းတို့၏ အသားများအား လှီးထုတ်သွားသကဲ့သို့ ခံစားရမည်သာ။
“ အိုး.. ခင်ဗျာတို့ဘိုးဘေးရဲ့ အသက်က ဒီလောက်တောင် တန်ကြေးမရှိဘူးလား… အဲ့လိုကြီးလား…”
ရွှမ်ယီက ပြုံးလျက် ခေါင်းယမ်းလိုက်၏။
မိသားစုပိုင်ဆိုင်မှုတစ်၀က်ဆိုသည်မှာ အလွန်များပြားသည့် ပမာဏဟုဆိုင်နိုင်သော်လည်း မိမိတို့ဘိုးဘေး အသက်နှင့် ယှဉ်လာလျှင် အများစုက သဘောတူကြပေလိမ့်မည်။
“ အင်း.. ခင်ဗျားတို့ ဆန္ဒမရှိရင်နေပါ.. ကျုပ်လည်း အတင်းအကြပ်မလုပ်ခိုင်းပါဘူး…”
ရွှမ်ယီက ပြုံးလိုက်သည်။
“ ခင်ဗျားတို့ သွားလို့ရပြီ.. ကျုပ်ဆေးဖော်စပ်နေတာကို လာပြီးနှောင့်ယှက်မနေနဲ့တော့.. အဓိကဒေသတွေအထိသွားပြီး တခြားဆေးဘုရင်တွေသွားရှာလို့ရတယ်…”
ယင်ဘုရင်နှင့် လျိုဘုရင်တို့ နှစ်ယောက်လုံး ချက်ချင်းငြိမ်ကျသွားခဲ့ကြ၏။
နောက်ထပ် ဆေးဘုရင်တစ်ယောက်ထပ်ရှာရမှာလား…?
အကယ်၍ တခြားဆေးဘုရင်တစ်ယောက်သာ ထိုဆေးအားသန့်စင်နိုင်လျှင် သူတို့အနေဖြင့် အကူအညီတောင်းကာ ဖော်စပ်ပြီးသည်မှာ ကြာချေရော့မည်။ အဘယ်ကြောင့် ဤမျှ စိတ်အပင်ပန်း လူအပင်ပန်းခံပြီး စိတ်ဓာတ်ကျစွာ ရှာဖွေနေလိမ့်မည်နည်း။
အဘယ်ကြောင့် အခုချိန်ထိ စောင့်နေရမှာလဲ…?
ထို့အပြင် ဘိုးဘေး ကျူးယုချီ၏ အခြေအနေကလည်း တစ်နေ့တစ်ခြား ဆိုးရွားလာနေချေပြီ။
အကယ်၍ ဘိုးဘေးသာမရှိတော့ပါက ဖြစ်လာမည့် အကျိုးဆက်များမှာ မှန်းဆ၍ပင်မရချေ။
သို့တိုင်အောင် မိသားစုပိုင်ဆိုင်မှုတစ်၀က်ဆိုသည့် ပမာဏက သူတို့၏ နှလုံးသားအား တစက်စက်ကိုက်ကဲနာကျင်စေသည်။ သူတို့က အသက်ပြင်းပြင်းရှုလိုက်ကြပြီး ရွမ်ယီအား သေချာကြည့်လိုက်ကြ၏။ ထို့နောက်
“ ဒီမှာကောင်လေး.. ငါတို့က ထိပ်တန်း ဒေသ(၁၀)ခုထဲပါ၀င်တဲ့ သူတော်စင်ဒေသက လာကြာတာပဲ.. သူတော်စင်ဒေသမှ ငါတို့မိသားစုကို ရန်မိသားစုလို့ခေါ်တယ်.. ပြီးတော့ ငါတို့ဘိုးဘေးက လူသားဘုရင် ထိပ်ဆုံးအဆင့်ပဲ.. ငါတို့ မိသားစုက မသေးငယ်သလို ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတစ်၀က်ကလည်း လုံး၀ မသေးငယ်ဘူးနော်…”
ထိုစကားအားကြားလျှင် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
လူသားဘုရင်အထွတ်အထိပ်အဆင့်စောင့်ရှောက်သူတစ်ဦးရှိနေသည်ဖြစ်ရာ ကောင်းကင်ဒေသမှ ထိပ်တန်းအင်အားစုကြီး(၄)ခုပင် ၎င်းတို့အား မယှဉ်နိုင်ချေ။
ကိုင်လင်းအာလည်း မျက်မှောင်ကြုတ်လျက်သားရှိနေပြီး သူမ၏ နှလုံးသားထဲတွင် တုန်လှုပ်နေသည်။ ကိုင်မိသားစု ဘိုးဘေးသည်လည်း လူသားဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်၏။ ထို့ကြောင့် သူမရှေ့မှ ဘုရင်နှစ်ဦး၏ ရန်မိသားစုမှာ ကိုင်မိသား၏နှင့် အဆင့်တူဖြစ်သည်။ ပို၍ပင် မြင့်နိုင်သေး၏။
နံဘေးတွင်ရှိနေသော ဆေးဘုရင်ဒန်ယွမ်လည်း သက်ပြင်းချလိုက်မိသည်။ ၎င်းတို့က အမှန်တကယ်ကို ထိပ်တန်းဒေသ(၁၀)ခုအတွင်းမှ တစ်ခုဖြစ်ထိုက်၏။
၎င်းတို့၏ အင်းအားမှာ ကြောက်ခမန်းလိလိဖြစ်သည်။
ရွှမ်ယီက ခေါင်းယမ်းလိုက်၏။ အကယ်၍ ယန်မီးတောက်ဆေးလုံးသာမရှိပါက ထိုလူက တစ်နှစ်အတွင်း အနိစ္စရောက်သွားပေလိမ့်မည်။
ယခင်တုန်းက မည်သည့်အဆင့်မျိုးဖြစ်ခဲ့ပါစေ ယခုတွင် သေမင်းနှင့် လက်တစ်ကမ်းအကွာတွင် ရှိနေသူဖြစ်၏။
“ ကျုပ်ရဲ့ ဆုံးဖြုတ်ချက်က ပြောင်းလဲမှာမဟုတ်ဘူး.. ခင်ဗျားတို့က ထိပ်တန်းဒေသ(၁၀)ခုထဲက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ယန်မီးတောက်ဆေးလုံးကိုလိုချင်တယ်ဆိုရင် ဒြပ်စင်ငါးမျိုးအနှစ်သာရနဲ့ မိသားစုပိုင်ဆိုင်မှုတစ်၀က် ကျုပ်ကိုပေးရမယ်.. အဲ့တာမှ ကျုပ်ဆီက ယန်မီးတောက်ဆေးလုံးကို ရလိမ့်မယ်…”
ရွှမ်ယီက အမူအရာများ အဆက်အပြတ်ပြောင်းလဲနေသော ဘုရင်နှစ်ယောက်အား အကဲခတ်လိုက်သည်။ ထို့နောက်
“ ဒီတောင်းဆိုချက်က လုံး၀မလွန်ဘူးဆိုတာ ကျုပ်ယုံကြည်တယ်…”
ယင်ဘုရင်က အံကြိတ်လိုက်၏။
“ ဒြပ်စင်ငါးမျိုးအနှစ်သာရကတော့ မင်းကို အလွယ်တကူပေးလိုက်လို့ရတယ်.. ဒါပေမယ့် မိသားပိုင်ဆိုင်မှုတစ်၀က်ကတော့ သေးငယ်တဲ့ကိစ္စမဟုတ်ဘူး.. ပြီးတော့ မင်းရဲ့ ယန်မီးတောက်ဆေးလုံးက စစ်မှန်တယ်ဆိုတာ ဘယ်လိုသက်သေပြမလဲ…”
ရွှမ်ယီက ရယ်လျက် ခေါင်းယမ်းလိုက်သည်။
“ ဒါဆိုလဲ ဒီလိုလုပ်ရအောင်.. ခင်ဗျားတို့ မိသားစုပိုင်ဆိုင်မှုတစ်၀က်နဲ့ ဒြပ်စင်ငါးမျိုးအနှစ်သာရကို ကျုပ်နဲ့ လဲလှယ်ဖို့ သဘောတူတယ်ဆိုရင်.. ပထမဆုံးအနေနဲ့ ဒြပ်စင်ငါးမျိုးအနှစ်သာကို အရင်ပေးထားလို့ရတယ်.. မိသားစု ပိုင်ဆိုင်မှုတစ်၀က်ကိုတော့… သုံးလကြာပြီးရင် ရွှမ်မိသားစုဆီ ပို့ပေးလိုက်… ဒါဆို ဒီကိစ္စအဆင်ပြေသွားပါလိမ့်မယ်…”
ယနေ့မှစပြီး သုံးလအကြာတွင် သူတော်စင်ဒေသ ရန်မိသားစု၏ ပိုင်ဆိုင်မှုတစ်၀က်အား ကောင်းကင်ဒေသ ရွှမ်မိသားစုထံ ပေးအပ်ရမည်။
ယင်ဘုရင်၏ အမူအရာကပြောင်းလဲသွားပြီး ချက်ချင်းဆုံးဖြတ်ချက်မချနိုင်ဖြစ်နေခဲ့သည်။
“ ရွှမ်မိသားစုလား…”
တစ်ဖက်တွင်မူ လျိုဘုရင်၏ အမူအရာက အနည်းငယ် တုန်လှုပ်သွား၏။
သူတို့က ကောင်းကင်ဒေသသို့မလာမီ ဒေသတွင်းမှ အင်းအားကြီးသော အဖွဲ့အစည်းများအကြောင်း အကြမ်းဖျင်း လေ့လာခဲ့ကြသည်။
အကယ်၍ သူသာအမှတ်မမှားလျှင် ထိုရွှမ်မိသားစုဆိုသည်မှာ ကိုင်မိသားစု၏ လက်အောက်ခံအင်အားစုတစ်ခုဖြစ်၏။ ၎င်းတို့၏ ခွန်အားက မဆိုးဟုဆိုနိုင်သော်လည်း ရန်မိသားစုအတွက် ဘာမှမထူးခြားချေ။
“ ကောင်းပြီလေ…”
လျိုဘုရင်က ရှေ့တိုးလာပြီး ရွှမ်ယီအား လေးနက်စွာ စိုက်ကြည့်လျက် ဆုံးဖြတ်ချက် ချလိုက်သည်။