ထာဝရဘုရင်မ
Vol. 11 Ch. 42
မက်ဒါနာက မြက်ခင်းပြင်ကျယ်ကြီးရဲ့တစ်နေရာမှာ ရပ်နေတယ်။ လေပြေတွေက တဟူးဟူးတိုက်ခတ်နေပြီး သူ့အဝတ်အစားတွေက မြက်ပင်တွေနဲ့အတူ တဖျတ်ဖျတ် လှုပ်ခါနေပါတယ်။ ကောင်းကင်ပေါ်မှာတော့ နေမင်းက အစွမ်းကုန်တောက်ပနေပြီး ကောင်းကင်အောက်က အရာမှန်သမျှကို စောင့်ကြည့်နေလေရဲ့။
“ဒီတော့ သားရဲလေးကောင်လုံးကို ငါစုမိသွားပြီပေါ့။” မက်ဒါနာက ငွေရောင်သေတ္တာရဲ့မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ ကျောက်မျက်ရတနာလေးခုကို ကြည့်လိုက်ပါတယ်။ သားရဲကျောက်တွေက ချက်ချင်းလင်းလဲ့လာပြီး မက်ဒါနာကိုတုံ့ပြန်တယ်။
“မင်းက အခုနတ်ဘုရားတစ်ပါးလို စွမ်းအားတွေကို ပိုင်ဆိုင်နေပြီ။ ဒါပေမဲ့ နတ်ဘုရားအစစ်တော့ မဟုတ်သေးဘူး။” လိပ်နက်က ပြောလိုက်တယ်။
“ဒီလောကမှာအိုမီဂါဖြစ်တည်ခြင်းက ငါတို့မူလလောကမှာ နတ်ဘုရားဖြစ်တည်ခြင်းနဲ့တူညီတယ်။” ကျားဖြူ။
“ကမ္ဘာဂြိုဟ်ရဲ့စောင့်ရှောက်သူဟာ နတ်ဘုရားဖြစ်ဖို့ လိုအပ်တယ်။” ဖီးနစ်။
“မင်းကို နတ်ဘုရားအဖြစ်ပြောင်းပေးဖို့ ကူညီပါရစေ။”
နဂါးပြာ။
မက်ဒါနာက ကျောက်မျက်တွေဆီကနေကြားရတဲ့ တီးတိုးစကားတွေကြောင့် ခေါင်းကိုဆုပ်ကိုင်ထားလိုက်တယ်။ ဒါပေမဲ့ သူ့အနေနဲ့ လက်ခံဖို့ကို တွေးတောနေရဆဲပါ။ ဒါပေမဲ့ မကြာခင်မှာပဲ ကမ္ဘာတစ်ဖက်ခြမ်းကနေ ဥတ္တရာရောင်ခြည်တွေ ထွက်ပေါ်လာပြီး ပေါ်ထွက်လာတဲ့နေရာက ဖြစ်သင့်တဲ့ နေရာကမဟုတ်ပါဘူး။ ပြီးတော့ အဲဒီရောင်စဥ်တန်းတွေက ကမ္ဘာတစ်ခုလုံးကို စွမ်းအင်လှိုင်းတွေအဖြစ် ပြန့်နှံနေတာပါ။
“ပိုးကောင်နန်းတော်ရှိတဲ့ဘက်ကနေ ရောင်စဥ်တန်းတွေ ထွက်ပေါ်နေတာပဲ။ ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။”
နဂါးပြာက ကောက်ချက်ချလိုက်တယ်။ မက်ဒါနာလည်း အရင်းအမြစ်နေရာရှိရာကို မှန်းဆပြီးကြည့်လိုက်တော့ ရောင်စုံအလင်းတန်းတွေရဲ့ဗဟိုမှာ နားကျယ်ကောင်တစ်ကောင်ရဲ့ပုံရိပ်ခပ်ရေးရေးကို မြင်နေရတာတွေ့လိုက်ရတယ်။
“ဥစာကီကို မိုင်ပေါင်းထောင်ချီအကွာအဝေးကနေပြီး မြင်နေရတာလား။ ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားလိုက်တဲ့မြင်ကွင်းလဲ။”
“ဒီအလင်းရောင်တန်းတွေက အိုမီဂါအဆင့်သတ္တဝါ တစ်ကောင်ရဲ့အစစ်အမှန်ပုံစံကို ဂြိုဟ်ကမ္ဘာရဲ့သံလိုက်စက်ကွင်းက မခံနိုင်တော့လို့ ဖြစ်တည်လာတာပဲ။ ဒီလောက်ကြီးမားတဲ့ အရာဝတ္ထုတစ်ခုက ဂြိုဟ်ကမ္ဘာတစ်ခုရဲ့စက်ကွင်းကို နှောင့်ယှက်နိုင်တဲ့ ကိုယ်ပိုင်သံလိုက်စက်ကွင်းကို ပိုင်ဆိုင်ထားတာ ပုံမှန်ပဲ။” မက်ဒါနာက သိပ္ပံနည်းကျ ရှင်းပြလိုက်တယ်။
“မင်းပြိုင်ဘက်ကတော့ အသင့်ဖြစ်နေပြီ။ မင်းကိုယ်တိုင် သူ့ကိုအမီလိုက်ဖို့ပဲ ကျန်တော့တယ်။” နဂါးပြာက မက်ဒါနာကို တိုက်တွန်းတယ်။
“ကောင်းပြီလေ။” မက်ဒါနာက ပြောလိုက်ပြီး သေတ္တာကို ဆွဲဖွင့်လိုက်တယ်။ ဒီတစ်ခါတော့ ဝတ်စုံက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားရမယ့်အစား ကျောက်မျက်တွေက ဝတ်စုံကနေထွက်လာပြီး လေထုထဲမှာ ရပ်တည်နေကြတယ်။ သူတို့က မက်ဒါနာကို အရပ်မျက်နှာတစ်ခုစီကနေ မျက်နှာမူတည်ရှိနေကြပြီး နဂါးပြာက အရှေ့အရပ်၊ ကျားဖြူက အနောက်၊ လိပ်နက်က မြောက်နဲ့၊ ဖီးနစ်က တောင်အရပ်တို့မှာပါ။
အဲဲဒီနောက်တော့ ကျောက်မျက်တွေက ပေါက်ကွဲထွက်သွားပြီး ဧရာမစွမ်းအင်စည်းတံဆိပ်ကြီးတွေအဖြစ် လေထုထဲမှာ ပေါ်လာတယ်။ အဲဒီစည်းတံဆိပ်တွေက မက်ဒါနာရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာပြီး ခန္ဓာကိုယ်အနှံမှာ ရောင်စုံတက်တူးတွေအဖြစ် ဖြစ်တည်လာတယ်။ ရုတ်တရက်စူးရှနာကျင်တဲ့ ခံစားချက်ကို ခံစားလိုက်ရတဲ့အတွက်ကြောင့် မက်ဒါနာက သူ့ခန္ဓာကိုယ်ကို ငုံကြည့်လိုက်တော့ ချက်အောက်က ဝမ်းဗိုက်တစ်နေရာမှာ အလင်းလုံးလေးတစ်လုံး ထွက်ပေါ်လာတာကို တွေ့လိုက်ရတယ်။
“ဘာကြီးလဲ....”
“ဒီကမ္ဘာကလူသားတွေမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ စွမ်းအင်ကြာပန်းပဲ။ ငါတို့စောင့်ရှောက်သူတွေရဲ့စွမ်းအားနဲ့ မင်းခန္ဓာကိုယ်မှာ စွမ်းအင်ကြာပန်းတွေဖြစ်တည်လာအောင်လုပ်နေတာ။ ဒီနည်းလမ်းနဲ့မှ မင်းဟာ အစစ်အမှန်နတ်ဘုရားဖြစ်လာလိမ့်မယ်။”
နဂါးပြာက ပြောလိုက်သလို သူပြောနေတဲ့အချိန်မှာပဲ မက်ဒါနာရဲ့ခန္ဓာကိုယ်ပေါ်မှာ နောက်ထပ်စွမ်းအင်ကြာပန်းတွေ ပွင့်လန်းလာပြန်တယ်။ ဒုတိယတစ်ခုက ဝမ်းဗိုက်အလယ်တည့်တည့်၊ တတိယတစ်ခုက အရှိုက်၊ စတုတ္ထတစ်ခုက ရင်ဝနဲ့ ပဥ္စမက လည်ချောင်းမှာ။ တစ်ခုပြီးတစ်ခုပွင့်လာတာနဲ့အမျှ မက်ဒါနာက သူ့ခန္ဓာကိုယ်ထဲက သွေးတွေပွက်ပွက်ဆူလာတာကို ခံစားမိလိုက်တယ်။
“မင်းရဲ့နည်းပညာနဲ့နတ်ဘုရားတစ်ပါးကိုတုပတာက မဆိုးဘူး။ မင်းသေပြီးရင်တောင် မင်းရဲ့အသိစိတ်နဲ့ခန္ဓာကိုယ်ကို ပြန်မွေးဖွားပေးနိုင်မယ့် နည်းပညာမျိုး ပိုင်ဆိုင်ထားပြီးသား။ ဒါပေမဲ့ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးဆိုတာ ဘာလဲသိလား...”
“ သူတို့က ဘယ်တော့မှမအိုမင်းဘူး၊ ဘယ်တော့မှ မမောပန်းဘူး၊ ခန္ဓာကိုယ်ပျက်စီးသွားရင်တောင် စိတ်ဝိညာဥ်က ကျန်နေရစ်တယ်၊ စိတ်ဝိညာဥ်ချေမွခံရရင်တောင် ပြန်လည်စုစည်းဖို့ ဖြစ်နိုင်တယ်၊ သဘာဝတရားကို အမိန့်ပေးနိုင်တယ်၊ အာကာသထဲမှာ အကာအကွယ်မပါဘဲ သွားလာနိုင်တယ်။ နတ်ဘုရားတစ်ပါးကိုသတ်ဖို့က တခြားနတ်ဘုရားတစ်ပါးပဲ တတ်နိုင်တဲ့ကိစ္စ။ တစ်နည်းအားဖြင့် ထာဝရနီးပါးတည်ရှိတဲ့ သက်ရှိတွေပဲ။”
နဂါးပြာက ဆက်တိုက်ရှင်းပြနေတယ်။ မက်ဒါနာရဲ့တတိယမျက်လုံးနေရာက ကြာပန်းပွင့်လာပြီး သိပ်မကြာခင်မှာပဲ ငယ်ထိပ်က သရဖူကြာပန်းလည်း ပွင့်လာတယ်။
“နောက်ဆုံးတော့ အောင်မြင်သွားပြီ....” ဖီးနစ်က သက်ပြင်းချလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ မက်ဒါနာရဲ့စိတ်ဝိညာဥ်က အာကာဟင်းလင်းပြင် တစ်နေရာကို ပို့ဆောင်ခံလိုက်ရပြီး သူ့ရှေ့မှာဧရာမ စာလိပ်ကြီးပွင့်လာတယ်။ စာလိပ်ကြီးပေါ်မှာတော့ ဘာသာစကားပေါင်းစုံနဲ့ရေးထားတဲ့စာတွေရှိနေပြီး ဘာသာစကားမတူပေမဲ့ မက်ဒါနာက အလိုလိုနားလည်နေပြီး နာမည်တွေမှန်းသိနေတယ်။
“နော့ခ်၊ မင်လန်ဂျီ၊ လိုဂီ၊ စိန့်ဒီး၊ ပိုင်ကျိုး၊ ဆောင်ဟိုင်... ဒါတွေက....” မက်ဒါနာက မသိတဲ့နာမည်တွေကို ရေရွတ်လိုက်ပေမဲ့ ရေရွတ်လိုက်တိုင်းမှာ အဲဒီနာမည်ပိုင်ရှင်တွေရဲ့ပုံရိပ်ကို စတင်မြင်လာရတယ်။ အထူးသဖြင့် ဆောင်ဟိုင်ရဲ့နာမည်ကိုရွတ်ပြီးနောက် ကိုင်းတိုမှန်း သူချက်ချင်းမှတ်မိသွားတယ်။
“မင်းမြင်နေရတာ လောကသုံးပါးစာလိပ်ပဲ။ မူလလောကရဲ့ရှိရှိသမျှသောနတ်ဘုရားတွေကို မှတ်တမ်းတင်ထားတဲ့စာလိပ်ပေါ့။ အခုအဲဲဒီစာလိပ်မှာ မင်းရဲ့ကိုယ်ပိုင်နာမည်ကိုရေးထွင်းဖို့ အချိန်ကျလာပြီ။”
နောက်ဆုံးတော့ စာလိပ်က နေရာလွတ်တစ်နေရာကို ဖော်ပြလာတယ်။ မက်ဒါနာက သိချင်စိတ်နဲ့ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ပြီးထိကြည့်လိုက်တာနဲ့ သူ့လက်ထိပ်က ဖောက်ထုတ်ခံလိုက်ရပြီး ရွှေရောင်သွေးတွေက စာမျက်နှာပေါ်မှာထွင်းထင်းသွားတယ်။ နောက်တော့ သွေးစက်တွေက ‘မက်ဒါနာ'ဆိုတဲ့ အက္ခရာအဖြစ်ကို အလိုလိုပြောင်းလဲသွားတယ်။
ဘုန်း....
နောက်တော့ မက်ဒါနာရဲ့ဘေးမှာ အလင်းတန်းကြီးငါးခု ပေါ်ထွက်လာတယ်။ မက်ဒါနာက ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ပေမဲ့ နဂါးပြာက ချက်ချင်းပဲသတိပေးလိုက်ပါတယ်။
“အားလုံးကို ဆုပ်ကိုင်လိုက်၊ ဒါတွေက မင်းရဲ့နတ်ဘုရား နိယာမတွေပဲ။”
မက်ဒါနာလည်း နဂါးပြာအကြံအတိုင်းပဲ အဲဒီအလင်းတွေကို ထိတွေ့လိုက်တယ်။ မကြာခင်မှာပဲ သူ့ခေါင်းထဲမှာ နိယာမတွေနဲ့ဆိုင်တဲ့ အသိပညာတွေက ပြည့်နှက်လာတယ်။
“ထာဝရအေးခဲခြင်းနိယာမ၊ အကြွင်းမဲ့လောင်ကျွမ်းခြင်းနိယာမ၊ အသူရာလေပြင်းနိယာမ၊ ကမ္ဘာဦးမိုးကြိုးနိယာမနဲ့ တော်ဝင်စက်ယန္တရားနိယာမတွေလား။”
မက်ဒါနာက ရေရွတ်နေချိန်မှာပဲ သူ့စိတ်က လောကသုံးပါးစာလိပ်ကနေ ပြန်လွတ်မြောက်လာပြီး မြက်ခင်းပြင်ဆီပြန်ရောက်လာပါတယ်။ အေမီက အနားမှာရှိနေပြီးတော့ လက်ကိုမြှောက်ကာ မက်ဒါနာအတွက် ကောင်းချီးပေးလိုက်ပါတယ်။
“ဝမ်းမြောက်ကြလော့ ကမ္ဘာသားအပေါင်းတို့။ စောင့်ရှောက်သူသားရဲလေးကောင်ကိုပေါင်းစည်းပြီး ကမ္ဘာကိုထာဝရအုပ်စိုးမည့်ဘုရင်မ နန်းတက်လေပြီ။”
နဂါးပြာကတော့ အဲဒီမြင်ကွင်းကိုကြည့်ရင်း ရယ်မောလိုက်ပါတယ်။
“အခုအချိန်ကနေစပြီး မင်းက ငါတို့ရဲ့စွမ်းအားတွေကို ဘာဆိုးကျိုးမှမရှိဘဲ ဝတ်စုံပါပါမပါပါ သုံးလို့ရသွားပြီပေါ့။”
...
ဒီဇင်လာလ ၂၆ ရက်နေ့။
ခရစ်စမတ်ငြိမ်းချမ်းရေးစာချုပ်က ပြီးဆုံးသွားပါပြီ။ ဒါပေမဲ့ နှစ်ဖက်စစ်တပ်တွေဟာ မတိုက်ခိုက်ကြသေးဘဲ နယ်နိမိတ်မျဥ်းတွေပေါ်မှာ သတိကြီးကြီးထားပြီး နေရာယူထားကြရုံသာရှိပါသေးတယ်။
ဒီတိတ်ဆိတ်မှုဟာ မုန်တိုင်းမလာခင် လေငြိမ်နေရုံသာ ဖြစ်ပြီးတော့ မကြာခင်မှာပဲ မဟာမိတ်ဘက်ကနေရော ပိုးကောင်အင်ပါယာဘက်ကနေပါ ကြေညာချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
“ပိုးကောင်အင်ပါယာနဲ့ ငြိမ်းချမ်းရေးမဟာမိတ်ကြား စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် နှစ်ဖက်ခေါင်းဆောင် တွေဖြစ်တဲ့ ပိုးကောင်ဘုရင်မနဲ့ မစ်ရှင်အဖွဲ့ခေါင်းဆောင် ဟီးရိုး Silver Knightတို့ဟာ တစ်ဦးချင်းစီးချင်းထိုးဖို့ သဘောတူခဲ့ကြပြီးဖြစ်ပါတယ်။ စီးချင်းတိုက်ပွဲကို စောင့်ကြည့်သူတွေအဖြစ် ဂြိုဟ်ကမ္ဘာပြင်ပအင်အားစုတွေလည်း တက်ရောက်လာမှာပါ။”
သတင်းဌာနတစ်ခုက ကြေညာချက်ကို အသေးစိတ်ရှင်းပြနေပြီး ကမ္ဘာမှာရှိနေတဲ့ လူသားတွေအားလုံးက အဲဒီသတင်းကို စောင့်ကြည့်နားထောင်နေကြတယ်။ ဒီတိုက်ပွဲမှာ ငွေရောင်စစ်သည်နိုင်ခဲ့ရင် ပိုးကောင်စစ်တပ်က ကမ္ဘာဂြိုဟ်ကနေ ဆုတ်ခွာရမှာဖြစ်ပြီး ပိုးကောင်ဘုရင်မ နိုင်ခဲ့ရင်တော့ ကိုလိုနီပြုခြင်းခံရမှာပါ။
တစ်ချိန်တည်းမှာပဲ ကမ္ဘာပတ်လမ်းကြောင်းအတွင်းကို အာကာသယာဥ်နှစ်စင်း ဝင်ရောက်လာခဲ့ပါပြီ။ တစ်ခုက အနက်ရောင်နည်းပညာမြင့်စစ်သင်္ဘောကြီးဖြစ်ပြီး ဖက်ဒရေးရှင်းရဲ့သင်္ကေတကို စစ်သင်္ဘောပေါ်မှာ ရေးထွင်းထားတယ်။ စစ်သင်္ဘောရဲ့ကပ္ပတိန်ခုံမှာတော့ နဖူးကနေ ကျွဲချိုတစ်ချောင်းထွက်နေတဲ့ အသားနီစပ်စပ် ဂြိုဟ်သားကြီးတစ်ယောက်ထိုင်နေပြီး ခုံကနေ ဂြိုဟ်ပြာကြီးကို စောင့်ကြည့်နေပါတယ်။
“ငါ့သမီးလေးက အိုမီဂါအဆင့်ချွေးမတစ်ယောက်ကို ရှာတွေ့ထားတာလား။ စိတ်ဝင်စားစရာပဲ....” လို့ ပြောလိုက်တယ်။
“အစားထိုးကောင်စီဝင်အိုဂါနီခင်ဗျ၊ ပိုးကောင်အင်ပါယာရဲ့တော်ဝင်စစ်သင်္ဘောဇီနိုကို ထောက်လှမ်းမိပါတယ်။ ခြင်မျိုးနွယ်ဗိုလ်ချုပ်လည်း ရှိနေမယ်လို့မျှော်မှန်းရပါတယ်။ ဘာဆက်လုပ်ရမလဲ။”
နတ်သူငယ်အရာရှိတစ်ယောက်က ကြံချိုနဲ့လူကြီးကို မေးလိုက်တယ်။ လူကြီးကတော့ ရယ်မောရုံသာ ရယ်မောလိုက်ပြီး
“ဟားဟား... သူတို့လည်း ငါတို့လိုပဲ စီးချင်းထိုးပွဲကို စောင့်ကြည့်ဖို့လာခဲ့တာ။ ဒီတော့ ငါတို့ချင်းတိုက်ဖို့မလိုဘူး။ သူတို့တွေ စီးချင်းထိုးပြိုင်ပွဲမှာ ဝင်မညစ်အောင်သာ ဂရုစိုက်ကြတာပေါ့။”
....
တစ်ဖက်စစ်သင်္ဘောပေါ်မှာတော့ အသားညိုနက်နက်နဲ့ ခရမ်းရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဖက်ဒရေးရှင်းစစ်သင်္ဘောကို ကြည့်ပြီးပြောလိုက်တယ်။
“တစ္ဆေနက်စစ်သင်္ဘောပါလား။ အိုဂါနီကိုယ်တိုင် ရောက်လာတဲ့ပုံပဲ။ ဘုရင်မက တိုက်ပွဲမပြီးမချင်း ဘယ်သူနဲ့မှမတိုက်ခိုက်ဖို့ အမိန့်ထုတ်ထားလေတော့ ဘယ်တတ်နိုင်ပါ့မလဲ။ သူတို့ကိုလစ်လျူရှုပြီး မြေပေါ်ဆင်းဖို့ပဲ လုပ်ကြရအောင်။”
“ဟုတ်ကဲ့ပါ၊ အာကာသတပ်ဖွဲ့ဗိုလ်ချုပ်ကြီး ဂါရာမီ။”
....
နတ်ဘုရားဖြစ်ပြီးနောက် မက်ဒါနာလုပ်တာက နယူးယောက်ဟီးရိုးကျောင်းကို ပြန်လာတာပါပဲ။ ဖရာလီတာက ကျောက်စားပွဲခုံပေါ်မှာထိုင်နေပြီး လက်ဖက်ရည်ကို ဇိမ်ကျကျသောက်နေရာကနေ မက်ဒါနာနဲ့အေမီကို မော့ကြည့်ပြီးပြောလိုက်တယ်။
“ခဏပါဆိုပြီးထွက်သွားတာ တော်တော်ကြာတယ်နော်။ နင်တို့နှစ်ယောက် ငါ့ကွယ်ရာမှာ ဘာလုပ်နေကြတာလဲ။”
ဖရာလီတာက အေမီနဲ့မက်ဒါနာကို သံသယအကြည့်နဲ့ ကြည့်လိုက်တယ်။ အေမီကတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ခါးကိုကော့ ရင်ကိုမော့ပြီး တစ်ခုခုပြောမယ်ကြံလိုက်ပေမဲ့ မက်ဒါနာက အေမီ့ပါးစပ်ကို လက်ဝါးနဲ့အုပ်လိုက်ပြီး
“အေမီက အဖော်လိုက်လာပေးရုံပါ ဖရာလီတာရယ်။”
သဝန်တိုတတ်တဲ့ ကလေးမလေးကို မက်ဒါနာက ချော့ပြီးပြောလိုက်တယ်။ ဖရာလီတာက မက်ဒါနာပြောတာကို ယုံပုံမရပေမဲ့ သက်ပြင်းချပြီး ဘာမှအထွန့်မတတ်တော့ဘူး။ မက်ဒါနာက သူသဝန်တိုတာကို မကြိုက်တဲ့အတွက် ဂရုစိုက်ပြီး နေရမယ်မဟုတ်ဘား။
“အား... ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ။ ငါ့ကိုအကြံကောင်းလေးဘာလေးပေးစမ်းပါ အီဂိုရဲ့။” ဒီအသံကိုကြားမှ မက်ဒါနာလည်း ခြံဝင်းထဲမှာ တခြားလူတွေ ရှိနေသေးမှန်း သတိထားမိပြီး ကြည့်လိုက်တော့ အဆောင်စင်္ကြံပေါ်မှာ လမ်းကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့ ဆိုဖီယာနဲ့ နောက်ကနေ မနားတမ်းလိုက်နေတဲ့ အီဂိုတို့ကို တွေ့လိုက်ရတယ်။
“ သူတို့ဘာဖြစ်နေကြတာလဲဟင်၊ ဆိုဖီယာကြည့်ရတာ တော်တော်စိတ်ညစ်နေပုံပဲ။”
မက်ဒါနာက မေးလိုက်တယ်။ ဖရာလီတာကတော့ လက်ဖက်ရည်ကို တစ်ငုံထပ်သောက်လိုက်ရင်း ဖရာလီတာကို မျက်စောင်းထိုးကာ ပြောလိုက်တယ်။
“ငါကြားသလောက်တော့ စီးချင်းထိုးပွဲကို လာစောင့်ကြည့်မယ့် ဖက်ဒရေးရှင်းကိုယ်စားလှယ်က ဆိုဖီယာရဲ့အဖေတဲ့။ အဲဒါကြောင့်ဖြစ်မယ်ထင်တယ်။”
“ဆိုဖီယာရဲ့အဖေ... ဆိုလိုတာက ငါ့ယောက္ခထီးလောင်းလား။” မက်ဒါနာက သူ့လက်ညိုးကို နှုတ်ခမ်းပေါ်တင်ပြီး တွေးလိုက်တယ်။ ဒါပေမဲ့ ဆိုဖီယာဘာလို့ ဒီလောက်တောင်စိုးရိမ်နေရတာလဲ မက်ဒါနာနားမလည်ဘူး။