← Chapters

ကျုပ်က ဘယ်သူ့မျိုးဆက်လဲ

Vol. 011 Ch. 1054

ကျုပ်က ဘယ်သူ့မျိုးဆက်လဲ

Vol. 011 Ch. 1054

ခွန်စွန်းမြို့သည် နတ္ထိဘုံအတွင်း၌ အကြီးမားဆုံးမြို့ဖြစ်ကာ အမျိုးမျိုး အစားအစားသော တန်ခိုးရှင်များဖြင့် ပြည့်နှက်နေသည်။ ဤနေရာသည် အမျိုးအစား စုံလင်သော ရတနာများ ရောင်းဝယ် ဖောက်ကားရာ နေရာလည်း ဖြစ်၏။

ကျူးရှောင်မျှော်စင်သည် ခွန်စွန်းမြို့၌ နာမည်ကျော်ကြားသော နေရာတစ်ခု ဖြစ်၏။ ထိုအခိုက်တွင် များစွာသော ရှန့်ထိုများက ထိုနေရာသို့ ရောက်လာပြီး နေရာများ ယူကြသည်။

“တာလီပြည်ထောင်က ထိပ်သီး တန်ခိုးရှင်တွေ ရောက်လာကြတယ် …” လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ ရေရွတ် ကြသည်။ ထိုစဉ် သူတို့က ရွှေနဂါးများ ဆွဲသော ရထားလုံးများနှင့် အတူ တန်ခိုးရှင်တစ်စု ရောက်လာသည်ကို မြင်ကြရ၏။ သူတို့အားလုံးက ပြောင်လက်သော အဝတ်အစားများအား ဝတ်ဆင် ထားကြသည်။

သူတို့က ကျူးရှောင်မျှော်စင်သို့ တိုက်ရိုက် ဆင်းသက်လာခဲ့ကာ ငြိမ်သက်စွာ စောင့်ဆိုင်း နေခဲ့ကြသည်။

ထိုမြင်ကွင်းကို တွေ့မြင်သူများက အခြေအနေကို ရိပ်မိ လိုက်ကြသည်။ လီယောင်တို့ အဖွဲ့မှ စောင့်ဆိုင်း ရသူများမှာ နောက်ထပ်ဘုံနှစ်ခုမှ ထိပ်သီး တန်းခိုရှင်များ ဖြစ်ရပေမည်။

ထင်မှတ်ထားသည့် အတိုင်းပင် တန်ခိုးရှင်များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အသီးသီး ဆင်းသက် လာခဲ့ကြသည်။

“အင်ပါယာဘုံရဲ့ မင်းသမီး ရှားရှင်းယွန်နဲ့ တော်ဝင် စစ်သည်ကြီးနှစ်ဦးပဲ” လူအများအပြားက ဆင်းသက်လာသော အဖွဲ့တစ်ဖွဲ့အား ကြည့်ကာ ပြောသည်။ ယောက်ျား အဝတ်အစားများ ဝတ်စားထားသည့်တိုင် မင်းသမီး ရှားရှင်းယွန်၏ အလှသည် သိသာ ထင်ရှားလွန်း နေသည်။ သူတို့အနေဖြင့် အင်ပါယာရှားဘုံမှ နာမည်ကျော် မင်းသမီးအား ပထမဦးဆုံး တွေ့မြင်ဖူးခြင်းလည်း ဖြစ်သည်။

ရှားရှင်းယွန်၏ ဘေးတွင် ရီဖူရှင်း၊ ရှောင်ရှမ်း၊ ထန်ကျိနှင့် တခြားလူအချို့ ပါလာကြသော်လည်း လူအများက သူတို့အား သိပ်မသိကြပေ။ ပုံမှန်အားဖြင့် ဘုံတစ်ခုနှင့်တစ်ခု အကြား နာမည် ကျော်ကြားသူများမှာ ရှန့်ထိုအဆင့်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များသာ ဖြစ်သည်။ ရှီတန်ခိုးရှင်များအား လူအများက သိပ်ဂရုမစိုက်ကြပေ။

ရှားရှင်းယွန် ရောက်လာသည်ကို မြင်လျှင် လီယောင်က ပြုံးသည်။ ထို့နောက် သူက ပြောသည် … “မင်းသမီးနဲ့ မတွေ့ရတာ တော်တော်လေး ကြာပြီဆိုပေမဲ့ မင်းသမီးက အရင်လို လှနေတုန်းပဲ။ ကျုပ်က မင်းသမီး ယောက်ျားလို ဝတ်စားတာကိုပဲ မြင်နေရပြီးတော့ ဘယ်တော့မှ မိန်းမလို ဝတ်တာကို မြင်တွေ့ရမလဲ မသိဘူး”

ရှားရှင်းယွန်တို့ အုပ်စုက ကျူးချောင် မျှော်စင်သို့ ဆင်းသက်လာပြီး လီယောင်အား အေးစက်စွာ တစ်ချက်ကြည့်ကာ ဘာမှပြန်မပြောပေ။

“ကျုပ်ကို ပြန်မပြောတာက ပြဿနာ မရှိပါဘူး မင်းသမီး … ဒီနှစ် နတ္ထိဘုံတိုက်ပွဲမှာ ကျုပ်ရဲ့ ရည်ရွယ်ချက်က မင်းသမီးကို မိန်းမ အဝတ်အစားနဲ့ မြင်တွေ့ခွင့်ရဖို့ပဲ” လီယောင်က ပြုံးလျက် ဆက်ပြောသည်။

“အတင့်ရဲတယ်” ထန်ကျိက အေးစက်စွာ ပြောသလို မင်းသမီးဘေးမှ သူများကလည်း လီယောင်ကို အေးစက်စွာ ကြည့်ကြသည်။

“ဒါက နင်ဟာ တိုက်ပွဲမှာ အသက်ရှင် နေနိုင်ခဲ့ရင်ပေါ့ …” ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။

“စိတ်ချပါ မင်းသမီး … ကျုပ်က ကျုပ်ရဲ့အသက်ကို အရမ်း တန်ဖိုးထားပါတယ်” လီယောင်၏ မျက်လုံးများ၌ စိတ်အား ထက်သန်မှုများ ရှိနေသည်။ ဤတစ်ခေါက် တိုက်ပွဲတွင် အင်ပါယာရှားဘုံမှ မင်းသမီး ရှားရှင်းယွန်သည်သာ မဟုတ်ဘဲ ဥဒေါင်း အင်ပါယာဘုံမှ မင်းသမီး ခွန်ရွှမ်သည်လည်း ရောက်လာခဲ့သည်။ ဤသည်က အလွန်ကို စိတ်ဝင်စားဖွယ် ကောင်းသော ကိစ္စဖြစ်သည်။

အဝေးမှ အလွန် အားကောင်းသော သားရဲ အငွေ့အသက်များအား ခံစားကြရသည်။ မရေမတွက်နိုင်သော လူများက ၎င်းအရပ်သို့ လှမ်းကြည့်လျှင် လေထဲ၌ များစွာသော သားရဲများအား မြင်တွေ့ကြရသည်။

ထိုအရပ်တွင် အလွန် စူးရှတောက်ပသော နတ်ငှက် တစ်ကောင်သည် ရောင်စဉ် ရောင်ဝါများ ထုတ်လွှတ်လျက် ပျံသန်းနေ၏။ သူ၏ အမွေး အတောင်များမှာ ရွှေစင် ရွှေသားများဖြင့် ထုဆစ်ထားသည့်အလား ထင်မှတ်ရပြီး သူသည် အတောင်ပံကိုဖြန့်ကာ ကျူးချောင် မျှော်စင်အား လှည့်ပတ် ပျံသန်းသည်။

ထိုနေရာတွင် ယောက်ျား တစ်ယောက်နှင့် မိန်းမတစ်ယောက်ကို မြင်တွေ့ရပြီး သူတို့သည် တော်ဝင်သားရဲ အပေါ်၌ စီးနင်း လိုက်ပါလာကြသည်။

သူတို့နှစ်ယောက်၏ ရုပ်ရည်မှာ အလွန်ထူးခြား ကောင်းမွန်ပေသည်။ ယောက်ျားသည် တည်ကြည် ခန့်ညားပြီး မိန်းမဖြစ်သူမှာလည်း မြင်သူတကာ ငေးမောဖွယ် ကောင်းအောင် လှပချောမောသူ ဖြစ်သည်။

သူတို့သည် ဥဒေါင်း အင်ပါယာ၏ မျိုးဆက်များ ဖြစ်ကြသော ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ ဖြစ်ကြသည်။

ရီဖူရှင်းက သူတို့ နှစ်ယောက်လုံးအား ကြည့်သည်။ ခွန်ကျန်း၏ ရုပ်ရည်မှာ ရီဖူရှင်းနှင့် တစ်တန်းတည်း သတ်မှတ်နိုင်သလို ခွန်ရွှမ်၏ ရုပ်ရည်သည်လည်း ယောင်းချီနှင့်ပင် ယှဉ်နိုင်ပေသည်။

“တော်ဝင်သားရဲတွေက လူသားအသွင်သို့ ပြောင်းလဲနိုင်တာကို ငါသိတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက်လုံးက ရှန့်ထိုအဆင့်သို့ မရောက်ကြသေးပေမဲ့ လူသားအသွင်သို့ ပြောင်းလဲ နိုင်ကြတယ်။ သူတို့က ဘာကြောင့် ဒီလို စွမ်းအင်တွေကို ပိုင်ဆိုင် နိုင်ကြတာလဲ” ရီဖူရှင်းက ဘေးနားတွင် ရှိသော ရာရာအား စိတ်ဖြင့် လှမ်းမေးသည်။

“ဥဒေါင်း အင်ပါယာဟာ ဒီမွန်းဘုံရဲ့ အင်ပါယာပဲ … သူဟာ ရန်ဟောင် တန်ခိုးရှင် ဖြစ်ပြီးတော့ ထူးခြားတဲ့ ပညာရပ်တွေကို တတ်ကျွမ်းတယ်။ ဒါကြောင့် သူ့အတွက် လူသားအသွင် ပြောင်းခြင်းက သိပ်ခက်ခဲတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူး။ သူ့မျိုးဆက်တွေ ဟာလည်း လူသား အသွင်ကို ပြောင်းနိုင်တဲ့ မွေးရာပါ စွမ်းရည်တွေ ရှိကြတယ်” ရာရာက စိတ်ဖြင့် ရှင်းပြသည်။

“နားလည်ပြီ …” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ဒီမွန်းတွေပဲ လုပ်နိုင်တာ မဟုတ်ဘူး။ လူသားတွေဟာလည်း ဒီလို စွမ်းရည်မျိုး ရှိကြတယ်။ ဒါက သူတို့ ဘိုးဘေးတွေရဲ့ ကြီးမြတ်တဲ့ စွမ်းအားတွေနဲ့ သက်ဆိုင်တယ်။ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ မျိုးဆက်တွေရဲ့ သက်စောင့်ဝိညာဉ်မှာ မဟာလမ်းစဉ်ကို တိုက်ခိုက် ပေါင်းစပ်ပေး နိုင်စွမ်းတောင် ရှိကြတယ်။ ဒီနည်းနဲ့ သူတို့မျိုး ဆက်တွေဟာ ပိုမိုကောင်းမွန်တဲ့ လမ်းစဉ်တွေကို လျှောက်လှမ်း နိုင်ကြတယ်” ရာရာက ဆက်လက် ရှင်းပြ၏။

သူမ၏စကားတွင် ရီဖူရှင်သည် အံ့သြရ၏။ ဤတွင် မိမိ၏ သက်စောင့်ဝိညာဉ်သည် … လောက၏ အရာအားလုံး ကိန်းအောင်းနိုင်စွမ်း ရှိနေခြင်း၊ လောက၏ အရာအားလုံးကို ဖန်ဆင်းနိုင်ခြင်းအား မည်သို့ ပြောရမည်နည်း။

မိမိ၏ ဘိုးဘေးများသည် မည်သို့သော အဆင့်အတန်း၌ ရှိကြသနည်း။

သူ၏ အသိဉာဏ်ထဲ၌ သူ၏သက်စောင့်ဝိညာဉ်နှင့် အလားသဏ္ဌာန် တူညီသောသူ နောက်တစ်ယောက် မရှိပေ။ ထို့ကြောင့်ပင် သူက တခြားလူများအား သည်ကိစ္စနှင့် ပတ်သက်၍ ထုတ်မပြောရဲခဲ့။

“နာမည် ဂုဏ်သတင်းကို ကြားဖူးတာထက် လူကိုယ်တိုင် မြင်တွေ့ရခြင်းကသာ သူ့ရဲ့ ကောင်းမွန်မှုကို သိနားလည်တယ်တဲ့” လီယောင်က ပြုံးလျက်ပြောသည်... “ကျုပ် တကယ်ပဲ စိတ်ဝင်စားမိတယ် … မင်းသမီး ခွန်ရွှမ်နဲ့ မင်းသမီး ရှင်းယွန်တို့အကြား ဘယ်သူက ပိုပြီး သာလွန်တဲ့ အလှတရား ရှိမယ်ဆိုတာ …”

ခွန်ကျန်းနှင့် ခွန်ရွှမ်တို့က လီယောင်အား တစ်ပြိုင်နက်တည်း အေးစက်စွာ ကြည့်ကြ၏။ သူတို့နောက်မှ ကြောက်မက်ဖွယ် အရောင်အဝါများ ဖြာထွက်လာခဲ့ပြီး မျက်လုံးများသည် ရုန့်ရင်း ကြမ်းကြုတ် လာကြသည်။

“မင်းခေါင်းကို အစိတ်စိတ်ခွဲပြီး နှလုံးကို စားသုံးရရင် … တာလီပြည်က မင်းသားရဲ့ အရသာ ဘယ်လိုနေမလဲ ကျုပ် သိချင်တယ် …” ခွန်ကျန်း၏ နောက်တွင်ရှိသော သားရိုင်း တစ်ကောင်က လီယောင်ကို အေးစက်စွာ ကြည့်ကာ ပြောသည်။

“ကြည့်ရတာ မင်းက အရွယ် မရောက်သေးတဲ့ တိရစ္ဆာန်တစ်ကောင်ပဲ …” လီယောင်က ထိုသားရိုင်းအား ကြည့်ကာ ဆက်ပြောသည်... “ကျုပ်က သဘောတူညီချက် တစ်ခု ပေးနိုင်တယ် … တကယ်လို့ မင်းသမီးခွန်ရွှမ်နဲ့ မင်းသမီး ရှင်းယွန်တို့က ကျုပ်ဆီမှာ လာခစား နိုင်မယ်ဆိုရင် ကျုပ်က အလိုဆန္ဒရှိသူရဲ့ ဘုံကို နတ္ထထိဘုံရဲ့ ပိုင်ဆိုင်မှု တစ်စိတ် တစ်ဒေသကို ခွဲဝေပေးဖို့ ဆန္ဒရှိတယ် …”

“ကြည့်ရတာ မင်းက တမလွန်ကို သွားချင်နေတာပဲ …”

အသံနှစ်သံကို တစ်ပြိုင်နက်တည်း ကြားကြရ၏။ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့သည် အမြွှာများ ဖြစ်ကြရာ သူတို့၏ စိတ်မှာလည်း ဆက်နွှယ်နေဟန် ရှိသည်။ သူတို့နှစ်ဦးလုံးက လီယောင်အား အေးစက်စွာ ကြည့်နေကြသည်။

“အရှင့်သမီး … ကျုပ်က ဒီသောက်ကောင်ကို နုပ်နုပ်စဉ်း လိုက်ရမလား …” နောက်ထပ် သားရိုင်း တစ်ကောင်ကလည်း လီယောင်ကို အေးစက်စွာ ကြည့်ကာ ပြောသည်။ သူက မင်းသမီးခွန်ရွှမ်အား မလေးမစား ပြောရဲ၏။

“ရှင်က ဒီလောက် စကားများ နေမှတော့ လိုရင်းကိုပဲ သွားကြတာပေါ့ …” ရှားရှင်းယွန်က အေးစက်စွာ ပြောသည် … “ အလံစတေးတဲ့ ကိစ္စကို ပြောကြမယ် …”

“ကောင်းပြီ … မင်းသမီးက ဒီလောက် အမြန်လိုမှတော့ ကျုပ်တို့က နောက်သုံးရက်နေရင် အလံတိုက်ပွဲကို လုပ်ကြတာပေါ့ …” လီယောင်က ပြောသည်။

“ဒီလိုပဲ သတ်မှတ်မယ် …” ရှားရှင်းယွန်က ပြန်ပြောသည်။

“သုံးရက်ကြာရင် တွေ့မယ် …” ခွန်ကျန်းကလည်း ပြောသည်။

“အလံတိုက်ပွဲမှာ မင်းသမီးက ဘယ်သူနဲ့ တိုက်ခိုက်မှာလဲ …” လီယောင်က ရှားရှင်းယွန်ကို ကြည့်ကာ ပြောသည်...“ ကျုပ်ကြားတာကတော့ လီဟန်ဓား နန်းတော်က ဝမ်ချွန်းဟာ ရှန့်ထိုအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ပြီး ဒီကို ရောက်မလာခဲ့ဘူး။ ကျုပ်က နတ္ထိဘုံတိုက်ပွဲမှာ လက်စားချေမယ်လို့ စိတ်ကူးထားတာ ... စိတ်မကောင်း စရာပဲ...”

သူက ပျင်းရိကာ အေးဆေးသော ဟန်ဖြင့် ပြော၏။ သို့သော်လည်း ဝမ်ချွန်း ရောက်မလာ နိုင်ခြင်းက အမှန်တကယ်အားဖြင့် ကောင်းသော ကိစ္စဖြစ်သည်။

ထို့အပြင် နတ္ထိဘုံတိုက်ပွဲသို့ လီဟန်ဓား နန်းတော်မှ မည်သူမျှ ရောက်လာဟန်မတူ။

“ဝမ်ချွန်း ရောက်တာဖြစ်ဖြစ် မရောက်တာ ဖြစ်ဖြစ် ရလဒ်က အတူတူပဲ …” ရှားရှင်းယွန်က ပြောသည်။

“ဒီလိုဆိုရင်လည်း …” လီယောင်က ရှားရှင်းယွန်၏ အနီးမှ လူများအား တစ်ချက် ကြည့်ကာ ပြောသည် …“ ကျုပ်က အင်ပါယာရှား နန်းတော် အပြင်ဘက်မှာ တစ်ခါ စမ်းကြည့်ပြီးပြီ … ဗိုလ်ချုပ်ထန်ရဲ့သား ထန်ကျိ၊ တိမ်တိုက် တောင်ကြားက ကုန်းစွန်းကျောင်း၊ ရွှမ်ယွန်နန်းတော်က ရွှမ်ယွန်အော့ … ဒီလူတွေက ကျုပ်အတွက် သိပ်မဟုတ်ဘူး … ဒါဆို အင်ပါယာရှားဘုံမှာ ရှန့်ထို အဆင့်အောက်မှာ အားအကောင်းဆုံးလို့ ပြောနိုင်တဲ့သူက မင်းသမီးအပြင် နောက် ဘယ်သူများ ရှိပါဦးမလဲ …”

လီယောင်၏ နောက်မှ မရေမတွက်နိုင်သော လူငယ်များသည် မျက်လုံးများ မီးဝင်းဝင်း တောက်လာခဲ့ကြ၏။ သူတို့အားလုံးမှာ အင်ပါယာလီဘုံ၏ ထိပ်သီး ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က အင်ပါယာရှားဘုံမှ အရေးပါသော သူများအား သတ်ဖြတ်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားကြ၏။

ရီဖူရှင်းကို ကြည့်နေသူ အချို့လည်း ရှိ၏။ လီယောင်ကလည်း ရီဖူရှင်းကို သတိထားမိကာ လှမ်းကြည့်သည်။

“ဒါဆို လီဟန်ဓား နန်းတော်က ဝမ်ချွန်းကို မကြာသေးခင် စိန်ခေါ် တိုက်ခိုက်ခဲ့တဲ့သူက သူပဲပေါ့ … ” လီယောင်က ရီဖူရှင်းအား ကြည့်ကာ ပြောသည် … “ငါတို့ တွေ့ကြပြန်ပြီ …”

သူသည် အမှန်တကယ်ပင် ရီဖူရှင်းနှင့် အကြိမ် အနည်းငယ် တွေ့ဖူးခဲ့၏။

ရီဖူရှင်းက လီယောင်အား သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြင်းထန်သော မျက်လုံးများဖြင့် ကြည့်သည်။

“ကြည့်ရတာ မင်း တစ်ယောက်တည်း မဟုတ်ဘူးပဲ … အောက်ဘုံက လူတွေလည်း ပါလာကြတယ်။ ပြီးတော့ ရန်ဟောင် အမွေအနှစ်ကို ရခဲ့တဲ့သူရော …” လီယောင်က ဟောင်ကျူဂီအား အေးစက်စွာ ကြည့်ကာ ပြောသည်။

“ကောင်းပြီ … မင်းက ဒီကို ရောက်လာမှတော့ အင်ပါယာလီဘုံကို မဝင်ချင်ဘူးလား။ မင်းရဲ့ ပါရမီက အရမ်း ကောင်းတယ် ဆိုတာ မြင်နေရတယ်” လီယောင်က ရီဖူရှင်းကို ပြောသည်။

“သွားကြစို့ …” ရီဖူရှင်းက လီယောင်အား လျစ်လျူရှုပြီး ရှားရှင်းယွန်ကို ပြောသည်။

“အင်ပါယာ ရှားနန်းတော် အပြင်ဘက်မှာ မင်းက ရှန့်ထိုကျဲနဲ့ ပတ်သက်ပြီး မမေးခဲ့ဘူးလား … သူ့ကို ခိုင်းခဲ့တာ ငါပဲ။ ငါက သူ့သားနဲ့ဇနီးတို့ကို အင်ပါယာလီဘုံသို့ ခေါ်သွားခဲ့တာ။ တကယ်လို့ မင်းက ငါ့နောက်ကို လိုက်ရင် သူတို့ဟာ မင်းအပိုင်ပဲ” လီယောင်က ပြုံးကာ ပြောသည်။

လီယောင်က ရီဖူရှင်းအား မြန်ဆန်စွာ ရှင်းလင်းရမည့် ပစ်မှတ်တစ်ခု အဖြစ် သတ်မှတ်ထား၏။

“သုံးရက်ကြာရင် တွေ့ကြတာပေါ့ …” ရှားရှင်းယွန်က အေးစက်စွာ ပြောကာ သူမ၏ လူများနှင့်အတူ ထွက်သွားသည်။

“သွားကြမယ် …” ခွန်ကျန်းကလည်း ပြောသည်။ နတ်ငှက်သည် လီယောင်အား အေးစက်စွာ တစ်ချက်ကြည့်ကာ လေထဲသို့ ပျံတက် သွားခဲ့၏။ ဥဒေါင်းအင်ပါယာဘုံမှ လူများလည်း ထွက်ခွာ သွားခဲ့ကြသည်။

လီယောင်၏ ပြုံးယောင်သန်းနေသော မျက်နှာက ချက်ချင်း တည်သွားကာ လေးနက်စွာ ပြောသည်... “ရှားရှင်းယွန်က တကယ်ပဲ လွှမ်းမိုးလို့ မရဘူးပဲ … ခွန်ကျန်းနဲ့ ခွန်ရွှမ်တို့ မောင်နှမလည်း အဲဒီအတိုင်းပဲ။ ကြည့်ရတာ ကျုပ်တို့က ခက်ခဲတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရမှာပဲ … ”

လီယောင်သည် လာမည့်တိုက်ပွဲအား အလွန် အလေးအနက် ထားသည်မှာ ထင်ရှားပေသည်။ သည်တိုက်ပွဲမှာ သူ့အဖေ ပထမဆုံး သူ့အား တာဝန်ပေးသည့် ကိစ္စဖြစ်ရာ သူ့အနေဖြင့် ရှုံးနိမ့်၍ မရပေ။

***

All Chapters