ပြန့်ကျဲသွားတဲ့ အခင်းအကျင်း
Vol. 128 Ch. 4.1433
ရုတ်တရက် လူအုပ်က ထက်ဝက်ကျော် လျော့ကျသွားကာ ကျန်လူများပင် ချီတုံချတုံ ဖြစ်လာကြသည်။ သူတို့ မျက်လုံးများက ငြူစူခြင်းများ အပြည့်ဖြင့်။ နည်းနည်းတော့ ရှက်မိပေမယ့် ရှက်လည်း မရှက်နိုင်တော့ချေ။
တစ်ယောက်၊ နှစ်ယောက် ခေါင်းငုံ့ကာ အောက်ကို ပြေးဆင်းသွားကြရာ မြေကြီးပေါ်တွင် ပြန့်ကျဲနေသော လူတစ်ဝက်လောက်က အောက်ထပ်သို့ လိုက်သွားကြသည်။
လုရွှမ် သူ့လေးနှင့် မြှားများကို ပစ်ခတ်ကာ ထိုလူတွေကို လျစ်လျူရှုထားဆဲ ဖြစ်သည်။ ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှက သူနဲ့မသက်ဆိုင်သလို ဥပေက္ခာပြုထားလေ၏။ ကောင်းကင်က စုပ်ယူမှု စွမ်းအားဟာ တဖြည်းဖြည်း တိုးလာနေပြီး သဘာဝအတိုင်း ကောင်းကင်မှ လူများ ပိုများလာကာ ပျံသန်းလာကြသည်။
တခြားနေရာတွင် ပုန်းနေသော လူများသည် ကောင်းကင်မှ စုပ်ယူမှုအားကို မခံနိုင်တော့ဘဲ စုပ်ယူခံလိုက်ရသည်။
ဒါဟာ မိုးမြေအဆောက်အအုံထဲ ဖိနှိပ်ခံထားရသည့် အရာက ပြန်လည် ကောင်းမွန်လာပြီဟု ဆိုလိုနေသလား။ မဟုတ်ရင် အခုလို သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုနှင့် ကြုံရလိမ့်မည်မဟုတ်။
ဧကန္တ?
အား!
မိုးမြေအဆောက်အအုံထဲမှ ထိတ်လန့်တကြား အော်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။ စူးစူးဝါးဝါး အော်နေတဲ့ အသံများက အလွန်တရာ သနားစရာ ကောင်းပြီး နာကျင်လှသည်။
ပင်မခန်းမဆောင်တွင် ရှိနေသေးသော လူများလည်း အံ့သြတကြီး လှည့်ကြည့်လိုက်ရာ ထိုလူများဟာ ခန္ဓာကိုယ်ပေါ်တွင် သွေးများ အရူးအမူး ပြေးထွက်လာကြတာကို မြင်လိုက်ရသဖြင့် ထိတ်လန့်ကုန်သည်။ အဲဒါက သူတို့ကိုယ်ပိုင် သွေးတွေလား သို့မဟုတ် တခြားလူတွေရဲ့ သွေးလား မသိ။
"သရဲရှိတယ်... သရဲရှိတယ်!"
ပြေးထွက်လာတဲ့ လူက အော်ဟစ်နေ၏။ သို့သော် သူ့နောက်ကွယ်တွင် ကြီးမားသော စွမ်းအင်တစ်ခု ရှိနေသကဲ့သို့ စုပ်ယူလိုက်ရာ ထိုလူမှာ အမှောင်ထဲသို့ နောက်ပြန်လွင့်သွားခဲ့သည်။
အရှေ့က ပြေးနေတဲ့ လူတွေကလည်း လူစုထဲကနေ ရုန်းထွက်ပြီး ပြေးနေကုန်ရာ ခဏအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တော့သည်။ ၎င်းတို့က ထွက်ပြေးဖို့ ပိတ်ဆို့ထားတဲ့သူတွေကို တိုက်ခိုက်ကာ အရူးအမူး ပြေးနေကြခြင်းပင်။
စုပ်ယူမှုစွမ်းအားသည် အလွန်ကြီးမားသောကြောင့် အပြင်မှ လူများပင် ပြင်းထန်သော စုပ်ယူမှုအား ခံစားရနိုင်သည်။ အပြင်မှာ ရပ်နေတဲ့လူတွေတောင် ဒီလိုမျိုး ဖြစ်နေတာ အတွင်းထဲက လူတွေအတွက်တော့ အရမ်းခက်မှာ သေချာ၏။
"ကယ်ပါ!!"
လူတစ်ယောက်ဆိုရင် အော်ဟစ်ရင်း သူ့လက်တွေကို ကြမ်းပြင်ပေါ်မှာ တင်းတင်းစိုက်ထား၏။ မခံနိုင်တော့တဲ့ သူ့လက်ချောင်းတွေက ကျိုးလုမတတ် ဖြစ်လာသည်။ ကြမ်းပြင်ပေါ်တွင် ခဏအတွင်း သွေးစက်များ ထူထပ်သွားသည်။
သူတို့ခန္ဓာကိုယ်ကို မလွင့်သွားအောင် ကြိုးစားနေတာက အလကား ဖြစ်ကုန်သည်။ ထိုလူတွေမှာ ဝမ်းနည်းစွာ ညည်းတွားရင်း နောက်ကွယ်က အမှောင်ထဲ နစ်မြုပ်သွားခဲ့၏။ အဖြစ်အပျက်က အသက်ရှူချိန် ၁၀ကြိမ်လောက်ပဲ ရှိကာ ကြမ်းပြင်၌ သွေးစွန်းခြင်းမှလွဲ၍ အခြားသဲလွန်စများ မကျန်ခဲ့ပါ။
အပြင်မှာ နေနေတဲ့သူတွေပါ ကြောက်လန့်သွား၏။ အထဲကို ပြေးဝင်သွားသူ အများစုဟာ သေဆုံးသွားပြီလို့ ယူဆလို့ ရနေပါပြီ။
လုရွှမ်လည်း ကောင်းကင်က စုပ်ယူမှုအားဟာ အားကောင်းလာတာကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ အကယ်၍ ဒီအတိုင်းသာ ဆက်သွားပါက သူ့ဝိညာဉ်ပင်လယ် အလွန်ကြီးမားနေလျှင်ပင် မြေအောက်ခန်းက နတ်ဆိုး ထွက်လာတာနဲ့ ၎င်းကို ထိန်းနိုင်တော့မည် မဟုတ်ပေ။
သူ့ခွန်အားကို ထိန်းထားရန် လိုအပ်သေးသည်။ မဟုတ်ပါက နောက်ဆက်တွဲ စစ်ပွဲတွင် ရှင်သန်နိုင်လိမ့်မည် မဟုတ်။
ခန်းမကြီးထဲရှိ လူများသည် လုရွှမ် တစ်စုံတစ်ခု ပြောနိုင်ပြီး အတွင်း၌ ဖြစ်ခဲ့တာတွေကို ရှင်းပြနိုင်စေရန် မျှော်လင့်လျက် လုရွှမ်ကို စိုက်ကြည့်နေကြသည်။
"အမ်?"
ရုတ်တရက်ဆိုသလိုပဲ မိုးမြေအဆောက်အအုံရဲ့ ဆိုင်ရှင်နာမည်ကို ဘယ်တုန်းကမှ မမေးခဲ့မိဘူး ဆိုတာ သတိထားမိသွားကြသည်။
"ဒီကညီအကိုကို ဘယ်လိုခေါ်ရမလဲ?"
လူတစ်ယောက်က မေးပြီးနောက် ရုတ်တရက် ရှက်သွား၏။ သူ အရင်က လုရွှမ်နဲ့ စကားမပြောဖူးဘူးဆိုတော့ ဘယ်လိုလုပ် သူ့ကိုယ်သူ မိတ်ဆက်ပေးပါ့မလဲ။
"လုရွှမ်!" လုရွှမ် တိုးတိုးလေးသာ ပြောသည်။
ထိုလူလည်း အံ့ဩသွားသည်။ နားမလည်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သော ဤပုဂ္ဂိုလ်ကြီးသည် အမှန်တကယ်ပင် သူ့နာမည်ကိုပင် ပြန်ဖြေခဲ့၏။
လုရွှမ် သူ့အမည်ရင်းကိုပဲ ပြောလိုက်တော့သည်။ အောက်ဖက်က ဘီလူးက မွေးဖွားတော့မည်။ သူ့နာမည်ကို ဖုံးကွယ်ထားဖို့ အဓိပ္ပာယ်မရှိတော့သလို ဘီလူးက အရာအားလုံးကို သဘာဝအတိုင်း ဖော်ထုတ်တော့မှာပဲ ဖြစ်သည်။
"လုရွှမ် ဒါက ဘာဖြစ်သွားတာလဲ မင်းသိလား"
လုရွှမ်: "ဘာဖြစ်တာလဲ အတိအကျတော့ မသိဘူး... ဒါပေမဲ့ ငါကောင်းကောင်းသိတာက မိုးမြေအဆောက်အအုံက ပြိုကျတော့မှာမို့လို့ အားလုံး မြန်မြန် ထွက်သွားသင့်တယ်"
စကားပြောနေစဉ်တွင် ဓားနှစ်ချောင်းကို အဆက်မပြတ် ခုတ်ထစ်ရင်း လဲကျနေသော အလောင်းများကို ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ရွေ့လျားသွားပြီး သစ်သားစင်တန်း တစ်ခုဆီသို့ ပျံသန်းသွားကာ လက်ဖဝါးဖြင့် သစ်သားသေတ္တာကို လှမ်းကိုင်လိုက်သည်။
"အားလုံးပဲ... မင်းတို့ လုပ်ချင်တာမှန်သမျှ လွတ်လွတ်လပ်လပ် လုပ်လိုက်တော့...မိုးမြေအဆောက်အအုံလည်း ပျက်စီးတော့မယ် ဒီကောင်းကင်ပစ္စည်းတွေနဲ့ မြေကြီးရတနာတွေထဲမှာ မင်းတို့ရဲ့အသက်ကို ကယ်တင်နိုင်တဲ့ အရာတစ်ခု ရှိနိုင်တယ်..."
သူဟာ အရင်အချိန်ကတည်းက သစ်သားစင်တစ်ခုလုံးကို မြင်ဖူးပြီးသား ဖြစ်နေပြီ။ သစ်သားစင် တစ်ခုစီမှာ ဘာတွေသိမ်းထားသလဲ၊ ဘယ်ဟာတွေက အဖိုးတန်ပြီး ဘယ်ဟာက သာမန်အရာတွေလဲ သဘာဝကျကျ သိပါသည်။
အမှတ်မထင်ပဲ အခင်းအကျင်း ပုံစံတစ်ခုကို ရှာတွေ့ခဲ့သည်။ ပစ္စည်းတွေကို နေရာချထားပုံက အခင်းအကျင်း စည်းမျဉ်းများပဲ ဖြစ်သည်။ ကောင်းကင်ပစ္စည်းများနှင့် မြေကြီးဆိုင်ရာ ရတနာအချို့၏ နေရာများသည် အောက်ဖက်က သတ္တဝါကို နှိမ်နင်းရန် မိုးမြေအဆောက်အအုံကို ကူညီပေးထားသည့် အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပြီးတော့ အဲဒီအရာတွေကို ဖွင့်ချင်ရင်တောင် ဖျက်ဆီးဖို့ အချိန်အတော် ကြာလိမ့်မည်။ ဆေးဖက်ဝင် ပစ္စည်းတိုင်းက အမှန်တကယ် တန်ဖိုးရှိသော အရာတွေဆိုတာ ထင်ရှားပါသည်။ မိုးမြေအဆောက်အအုံ မပြိုကျမီ အခိုက်အတန့်တွင် လူများအတွက် လျော်ကြေးအဖြစ် သတ်မှတ်ခြင်းလည်း ဖြစ်နိုင်သည်။
ခန်းမထဲမှာ ရှိနေသေးတဲ့ လူတွေကလည်း လုရွှမ် ပြောတာကို ကြားတော့ ခဏတာမျှ ထိတ်လန့်သွားကြသည်။
"ဘာလဲ... ဒီမိုးမြေ အဆောက်အအုံက ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး ဟုတ်လား?"
မိုးမြေအဆောက်အအုံက နောက်ဆုံးတွင် ကျိုးပဲ့ပြီး ကြာရှည်ခံမည် မဟုတ်ကြောင်း သူတို့လည်း ခန့်မှန်းမိပါသေးသည်။ ဒါပေမဲ့ ဒီလောက်မြန်မြန် ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားရုံသာ ဖြစ်သည်။
လူအများက ထိတ်လန့်တုန်လှုပ်နေကြသော်လည်း လုရွှမ်ဘက်က အမှန်တကယ်ပင် စတင်ပြောဆိုလာခဲ့၏။ အခုက မိုးမြေအဆောက်အအုံ ပျက်စီးတော့မည့် အချိန်လား။
"အမ်... ဒီသစ်သားစင်ပေါ်က ရတနာတွေရဲ့ အခင်းအကျင်းတွေ မရှိတော့ဘူး"
ရုတ်တရက် လူတစ်ယောက်က အားလုံးကြားရအောင် လှမ်းအော်လိုက်၏။ လုရွှမ်ရဲ့ စကားကိုကြားတော့ သူတို့ဘေးနားက သစ်သားစင်ကို ပြေးကြည့်ရာ အပေါ်ရှိ သစ်သားသေတ္တာထဲက အကာအကွယ် ပုံစံတွေလည်း ပျောက်သွားတာ တွေ့လိုက်ရသည်။
မိုးမြေအဆောက်အအုံဟာ ပထမမြို့ တစ်ခုလုံးတွင် အလွန်ကျော်ကြားသော နေရာတစ်ခုလည်း ဖြစ်သည်။ အတွင်းမှာ တန်းစီနေတဲ့ သစ်သားစင်တန်းတွေက လူတွေပြောလေ့ရှိတဲ့ အရာတစ်ခုကို အလွယ်လေး တွေ့နိုင်သည်။
အလွယ်လေး ယူလို့မရတာက ထိုဖွဲ့စည်းပုံများက အလွန်အားကောင်းသောကြောင့်သာ ဖြစ်သည်။
ဤသစ်သား သေတ္တာငယ်များကို ကာကွယ်ထားတဲ့ အခင်းအကျင်း ပုံစံတွေဆိုတာ သိသာထင်ရှားသော်လည်း ၎င်းတို့က တစ်ခုနှင့်တစ်ခု မသက်ဆိုင်သလိုပင်။ သို့သော် ကျွမ်းကျင်သူတစ်ဦးမှ စစ်ဆေး အတည်ပြုပြီးနောက် မိုးမြေအဆောက်အအုံ တစ်ခုလုံးတွင် ပြဿနာကြီးကြီးမားမား ရှိခဲ့ပါက သစ်သားသေတ္တာပေါ်ရှိ အကာအကွယ် ပုံစံကို ဖျက်ဆီးလိမ့်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။
ယခုမူ မိုးမြေအဆောက်အအုံ၌ အမှန်တကယ် ပြဿနာတစ်ခု ရှိနေခဲ့ပြီ။ အခုလူတွေမှာ တစ်ခုတည်းသော အတွေးတစ်ခုသာ ကျန်ရှိတော့ကာ လူတိုင်း သစ်သားစင်များဆီသို့ ပြေးသွားကြသည်။