အခက်အခဲများကိုဖြတ်ကျော်ပြီးနောက်ပြန်လည်ဆုံစည်းခြင်း
Vol. 94 Ch. 1317
အခန်း (၁၃၁၇) အခက်အခဲများကိုဖြတ်ကျော်ပြီးနောက်ပြန်လည်ဆုံစည်းခြင်း
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ပွေ့ဖက်ရင်း ပြုံးလိုက်ပြီး...
“မင်းပြန်လာတာကိုစောင့်ရတာ ကိုယ့်မှာ ကျောက်တုံးတောင်ဖြစ်လုနီးနေပြီ...”
သူ့စကားတစ်ဝက်မှာပင် သူ့နှုတ်ခမ်းထက်တွင် နွေးထွေးသည့်ခံစားချက်ကို ခံစားလိုက်ရသည်။
နွေးထွေးမှုနှင့်အတူ တုန်လှုပ်ခြင်းကိုပါခံစားလိုက်ရပြီး ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ပိုမိုတင်းကျပ်စွာပွေ့ဖက်လိုက်ရာ ဖန်းယွင်ရှန်းက တင်းတင်းကျပ်ကျပ် ပြန်လည်ပွေ့ဖက်လာသည်ကိုလည်း ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက သူမ စိတ်တည်ငြိမ်စေရန်အတွက် သူမကိုယ်တွင်းသို့ စွမ်းအင်အချို့ ထည့်သွင်းပေးလိုက်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ရန်ကျောက်ကဲက တုန်လှုပ်ဖွယ်ရာဖြစ်ရပ်များစွာ ကြုံတွေ့ခဲ့ရပြီး အခြားသူများအတွက် ကျော်လွှားရန်မဖြစ်နိုင်သော စိတ်ခေါ်မှုများစွာကို ရင်ဆိုင်အောင်မြင်ခဲ့သည်။
သို့သော် သူ့ရင်ခွင်ထဲမှမိန်းကလေး ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကတော့ သူ့ထက်ပို၍ပင် အန္တရယ်များသည်။ သေခြင်းတရားမှ ဆံခြည်တစ်မျှင်ခြားကာလွတ်မြောက်လာသည်ဟုဆိုလျှင်ပင် သူမကြုံတွေ့ခဲ့ရသောအန္တရယ်များကို ဖော်ပြရန် မလုံလောက်ပေ။
သူမ ရင်ဆိုင်ခဲ့ရသူမှာ ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ ဖြစ်ပြီး ၊ ကျန်းရွှင်ဟွားက သူမ၏ခန္ဓာကိုယ်အား သိမ်းပိုက်ရန်ကြိုးပမ်းခဲ့ရုံသာမက ဖန်းယွင်ရှန်းကိုယ်တို်ငသည်လည်း သူမ၏မသိစိတ်အတွင်းမှ တိုက်စားခြင်းအဖျက်စွမ်းအားများကို တွန်းလှန်ရန် လိုအပ်ခဲ့သည်။
ထို့ပြင် သူမနောက်သို့လိုက်နေသည့် ငရဲကိုးထပ်မှ နတ်ဆိုးများလည်း ရှိနေသေးသည်။
စောစောက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ဖန်းယွင်ရှန်း ဆုံတွေ့ခဲ့စဉ်ကပင် ဖန်းယွင်ရှန်းမှာ ငရဲကိုးထပ်မှ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော အရိပ်နတ်ဆိုးနှင့် ရင်ဆိုင်ရလုနီးပါးဖြစ်ခဲ့ကြောင်း ရန်ကျောက်ကဲ သိရှိထားပြီး ဖြစ်သည်။
အရိပ်နတ်ဆိုးက မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်မှတစ်ဆင့် အထက်ဘုံကမ္ဘာသို့ ဝင်ရောက်လာခြင်းမှာ ဖန်းယွင်ရှန်းနောက်သို့လိုက်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ရန်ကျောက်ကဲ သံသယဝင်မိသည်။
သူ့ရင်ခွင်ထဲမှ မိန်းမပျိုသည် အလွန်တရာ စိတ်ဓာတ်ခိုင်မာသူဖြစ်ပြီး ထိုသို့သောသူမျိုးက ရှားပါးသူများ ဖြစ်ကြသည်။
ရန်ကျောက်ကဲရှေ့တွင်သာ ဤသို့ မိန်းကလေးဆန်သည့် အမူအရာမျိုး ပြသတတ်ခြင်း ဖြစ်သည်သာ။
ထို့ပြင် ထိုသို့ သိမ်မွေ့သောအမူအရာသည် ခဏတာမျှသာ ဖြစ်လေသည်။ အခြားအချိန်များတွင် သူမက စိတ်ဓာတ်ခိုင်မာပြီး တက်တက်ကြွကြွနှင့် တောက်ပသည် မိန်းကလေးတစ်ယောက် ဖြစ်နေဆဲသာပင်။
ထို့ကြောင့် ရန်ကျောက်ကဲက မလိုအပ်သည့်လှုပ်ရှားမှုများမလုပ်သလို မလိုအပ်သည့်အရာများကိုလည်း ပြောဆိုခြင်းမပြုဘဲ သူမကိုသာ ပွေ့ဖက်ထားခဲ့သည်။
တိတ်ဆိတ်ငြိမ်သက်သော ပွေ့ဖက်ခြင်းတွင် သူတို့နှစ်ယောက်သည် ထောင်ပေါင်းများစွာသော စကားများကို ဖလှယ်ခဲ့ကြသည့်ဟန် ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက် တမ်းတပြီး မြတ်နိုးမှုကို ခံစားခဲ့ကြရသည်။
တစ်ယောက်နှင့်တစ်ယောက် အချိန်ကြာမြင့်စွာခွဲခွာပြီးသည့်နောက် သူတို့နှလုံးသားထဲတွင် နက်နဲသည့်ခံစားချက်များစုပုံနေသည်ကို သူတို့ကိုယ်တိုင် တွေ့ကြုံကြရသည်။
ခဏအကြာမှာတော့ သူတို့နှုတ်ခမ်းများ ကွဲကွာသွားကြသည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် တပြိုင်နက် ရယ်မောလိုက်ကြသည်။
ရန်ကျောက်ကဲက သူ၏လက်ချောင်းများကို ဆန့်လိုက်ပြီး ဖန်းယွင်ရှန်း၏ နှာတံရှည်ရှည်လေးကို အသာအရာဖြစ်ညှစ်လိုက်သည်။
ဖန်းယွင်ရှန်းက ‘ဟွန်း’ ကနဲ နှာမှုတ်ရင်း ပါးစပ်ကိုဟကာ ရန်ကျောက်ကဲ၏လက်ချောင်းကို အသာအယာကိုက်ဆွဲလိုက်သည်။
ထို့နောက်မှာတော့ အမြဲတက်ကြွရွှင်လန်းနေလေ့ရှိသော သူမထံတွင် ရှားရှားပါးပါး ရှက်ရွံ့သည့်အမူအရာလေး ထွက်ပေါ်လာသည်။
သို့သော် သူမက ရန်ကျောက်ကဲကို ရှက်သွားခြင်းမဟုတ်ပေ။
အနားတွင် ကျန့်ဟွမ်ဓားဧကရာဇ်ရှိနေသည်ကို သတိရသွားပြီး ရှက်ရွံ့သွားခြင်းသာ ဖြစ်သည်။
သူမက ယွဲ့ကျန့်ပေကို လှမ်းကြည့်ရင်း...
“ကျွန်မ စိတ်လွတ်ကိုယ်လွတ် ပြုမူလိုက်မိတဲ့အတွက် တောင်းပန်ပါတယ် ကျန့်ဟွမ်ဓားဧကရာဇ်”
ဖန်းယွင်ရှန်းအနေဖြင့် ယွဲ့ကျန့်ပေကို ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့မြင်ဖူးခြင်း ဖြစ်သော်လည်း အထက်ဘုံကမ္ဘာ၏ ဧကရာဇ်(၃)ပါး၏ ပုတူကို ယခင်ကပင် သူမ တွေ့မြင်ဖူးခဲ့သည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် တွေ့ဆုံပြီးသည့်နောက် သူမက ရန်သူနှင့်မိတ်ဆွေကို ရှင်းလင်းစွာ နားလည်ခဲ့သည်။
ယွဲ့ကျန့်ပေ၏ တည်ကြည်သောမျက်နှာထက် အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။
“အခက်အခဲတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ ခံစားချက်တွေကို မထိန်းနိုင်တာ ပုံမှန်ပါပဲ ၊ မင်းတို့နှစ်ယောက်ပြန်ဆုံတာ ကျုပ်ကြောင့် အနှောက်အယှက်ဖြစ်သွားပြီ ထင်တယ်”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ကျွန်တော်တို့ ဆရာဦးလေးရှေ့မှာ ရှက်စရာကောင်းတဲ့အလုပ်တွေ လုပ်မိပြီထင်ပါတယ်”
ဖန်းယွင်ရှန်းမျက်နှာထက် ရှက်သွေးဖြာသွားပြီး သူမက ရန်ကျောက်ကဲရင်ခွင်ထဲမှရုန်းထွက်ကာ နောက်ပြန်ဆုတ်လိုက်ပြီး ယွဲ့ကျန့်ပေကို ယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်သည်။
“ဝါဒတောင်တပည့် ဖန်းယွင်ရှန်း... ကျန့်ဟွမ်ဓားဧကရာဇ်ကို ဂါရဝပြုပါတယ်”
ယွဲ့ကျန့်ပေက လက်တစ်ဖက်ကာပြရင်း...
“ဒီလောက် ယဉ်ကျေးဖို့မလိုပါဘူး ၊ ကျုပ်ကတောင် မင်းကို ပြန်ပြီးဂုဏ်ပြုရမှာပါ”
ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...
“ကျွန်မက ကံကောင်းသွားတာပါ ၊ ကျန့်ဟွမ်ဓားဧကရာဇ်ရဲ့ရှေ့မှာ မဝင့်ကြွားရဲပါဘူး”
ထို့နောက် သူမက ဆက်ပြောလိုက်သည်။
“ဒါနဲ့... ဧကရာဇ်မင်းကို ကျောက်ကဲခေါ်သလို ဆရာဦးလေးလို့ပဲ ခေါ်လို့ ရနိုင်မလား...”
“အဲဒီလိုခေါ်လို့ အဆင်ပြေပါတယ်...”
ယွဲ့ကျန့်ပေက သူမကို တစ်ချက်အကဲခတ်ရင်း...
“မင်းတို့ ပြန်ဆုံကြတာကို ကျုပ်မနှောက်ယှက်သင့်ဘူးဆိုတာ သိပါတယ် ၊ ဒါပေမဲ့ ဒီလိုမေးရတာ ခွင့်လွှတ်စေချင်တယ် ၊ မင်းအခြေအနေ အခု ဘယ်လိုရှိလဲ ၊ ရာဟုကြယ်ထက်ယံအရှင်သခင် မင်းခန္ဓာကိုယ်ထဲမှာ ရှိနေသေးလား”
ရန်ကျောက်ကဲကလည်း ဖန်းယွင်ရှန်းကို ကြည့်လိုက်သည်။
အစောပိုင်းက တာအိုစကြာဝဠာတွင် ကြီးမားသောပြောင်းလဲမှုကြီး ဖြစ်ပေါ်နေချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဖန်းယွင်ရှန်းနှင့် တွေ့ဆုံသည့်အခါ သူမ၏ရုပ်ခန္ဓာကို ကျန်းရွှင်ဟွားသိမ်းပိုက်ထားခြင်းမဟုတ်ကြောင်း အတည်ပြုပြီးမှ အထက်ဘုံကမ္ဘာတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အပြောင်းအလဲများကို ပြောဆိုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
သို့ပေသိ ဖန်းယွင်ရှန်း၏ အခြေအနေအကြောင်း သိပ်မပြောဖြစ်ခဲ့ကြပေ။
ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်းမှာ ဝေးကွာခဲ့ရသောအချိန်များအတွက် အလွမ်းသည်ချင်ကြသေးသည့်တိုင် ယခုတော့ ပိုပြီးအရေးကြီးသောကိစ္စများကို ဦးစားပေးရပေတော့မည်။
ဖန်းယွင်ရှန်းက လေးနက်သည့်မျက်နှာထားဖြင့်...
“အရင်က ငရဲကိုးထပ်မှာ ရာဟုကြယ်ထက်ယံအရှင်သခင်က ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့ အခွင့်အာဏာအစိတ်အပိုင်းကို ခိုးယူနိုင်ဖို့ အစီအရင်တစ်ခုပြုလုပ်နေတုန်း မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ၊ အဲဒီအချိန်ကတည်းက ရာဟုကြယ်ထက်ယံအရှင်သခင် ပျောက်ကွယ်သွားတာပဲ”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့... သူ ပျောက်ကွယ်သွားပြီး မရှိတော့ဘူးလားဆိုတာတော့ သိပ်မသေချာဘူး”
ဖန်းယွင်ရှန်းအနေဖြင့် သူမရင်ဆိုင်ခဲ့ရသည့် ကြောက်မက်ဖွယ်ရာအကောင်းဆုံး ပြိုင်ဘက်ကို ရွေးချယ်ပါဆိုလျှင် သေချာပေါက် ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ ဖြစ်ပေလိမ့်မည်။
အခြားရန်သူများဆိုလျှင် တန်ခိုးစွမ်းအားမြင့်မားခြင်းနှင့် ကျင့်ကြံခြင်းအဆင့်မြင့်မားခြင်းသာလျှင် ရှိကြသည်။
သို့ပေသိ ကျန်းရွှင်ဟွားနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ကျင့်ကြံခြင်းအဆင့်က အရေးပါခြင်း မရှိပေ။ ဤသည်က သူတို့နှစ်ယောက်၏ စိတ်စွမ်းအားတိုက်ပွဲ ဖြစ်သည်။
ဖန်းယွင်ရှန်းက ထိုသို့သောတိုက်ပွဲမျိုး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သူ့အတွက် အသစ်ဖြစ်သလို အလွန်ခက်ခဲသည့် ယှဉ်ပြိုင်မှုလည်း ဖြစ်သည်။
ဖန်းယွင်ရှန်းက စိတ်ဓာတ်ခိုင်မာပြီး ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် နာမည်ကြီးသော်လည်း သူမ၏ပြိုင်ဘက်ဖြစ်သော ကျန်းရွှင်ဟွားသည်လည်း သူမကဲ့သို့ပင် ဖြစ်၏။
ထုံးတမ်းအစိအရင်ကို ဝက်ရောက်စွက်ဖက်သော ပြင်ပစွမ်းအားတစ်ခုကြောင့်သာမဟုတ်ပါက သူတို့နှစ်ယောက် ယခုအချိန်ထိ တိုက်ခိုက်နေကြရဦးမည်သာပင်။
ကျန်းရွှင်ဟွားအတွက်လည်း အလားတူပင် ဖြစ်နိုင်သည်။
အကယ်၍ သူမ၏ပြိုင်ဘက်က ဖန်းယွင်ရှန်းသာမဟုတ်ခဲ့ပါက သူမ အောင်မြင်စွာ လူပြန်ဝင်စားပြီးနေလောက်ပေပြီ။
ဖန်းယွင်ရှန်းက နက်ရှိုင်းသည့်အသံဖြင့်...
“သစ်သားပလ္လင်ကိုပိုင်ဆိုင်တဲ့ အရိပ်နတ်ဆိုးက ကျွန်မကို ရှာချင်တာဖြစ်ရမယ် ၊ အနည်းဆုံးတော့ သူ့ရည်မှန်းချက်က ကျွန်မကိုရှာဖွေဖို့ပဲလေ ၊ ကျွန်မကိုရှာဖွေရင်းနဲ့ အထက်ဘုံကမ္ဘာက ရသမျှအကျိုးအမြန်တွေကိုလည်း ယူသွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက...
“နက္ခတ်ဧကရာဇ်ရယ်... ပြီးတော့ ရှီကျွင်းတို့သားအမိရောပဲ အရိပ်မိစ္ဆာရဲ့လွှမ်းမိုးမှုခံရပြီး သူတို့ကိုယ်တွင်းက နတ်ဆိုးအငွေ့အသက်တွေ ထကြွလာခဲ့တယ် ၊ မင်းသာ သူနဲ့တွေ့မယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ”
ဖန်းယွင်ရှန်းက ခေါင်းခါယမ်းရင်း...
“ကျွန်မ ဘာမှမဖြစ်ပါဘူး”
သူမက ဆက်ပြောလိုက်သည်။
“ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးနဲ့တန်းတူဖြစ်တဲ့ ဘိုးဘေးနတ်ဘုရား (၆)ပါးကပဲ ကျွန်မကိုယ်တွင်းက နတ်ဆိုးအငွေ့အသက်တွေကို လှုံ့ဆော်ပေးနိုင်မှာပါ ၊ တကယ်လို့ သစ်သားပလ္လင်ကိုပိုင်ဆိုးတဲ့ အရိပ်နတ်ဆိုးက ကျွန်မကို မထိခိုက်စေနိုင်ပါဘူး”
“ဒါပေမဲ့ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးဆီက တန်ခိုးစွမ်းအားချေးယူထားတဲ့ လူတစ်ယောက်နဲ့တိုက်ခိုက်မယ်ဆိုရင်တော့ တခြားနတ်ဆိုးတွေ အနားမှာမရှိဘူးဆိုရင်တောင် ကျွန်မအနေနဲ့ သတိထားရလိမ့်မယ်”
“ဟုတ်တယ်... အခုချိန်မှာ ကျွန်မကိုယ်တွင်းက နတ်ဆိုးအငွေ့အသက်က သစ်သားပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုးရဲ့ သက်ရောက်မှုကို မခံရဘူးဆိုပေမယ့်... ကျွန်မက သူနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး ၊ သူက ကျွန်မတို့တာအိုဝါဒရဲ့ ကောင်းကင်နတ်ဘုရားအဆင့်နဲ့ညီမျှတဲ့ ရှေးဟောင်းနတ်ဆိုးတစ်ပါး မဟုတ်လား”
“အမှန်ပဲ...”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“အရိပ်မိစ္ဆာစိမ့်ဝင်လာတာက ကျွန်တော်တို့မျှော်လင့်ထားတာကို ကျော်လွန်သွားခဲ့တယ် ၊ ဒါပေမဲ့ မီးလျှံထက်ယံအရှင်သခင် မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်သွားနိုင်တာကလည်း အရိပ်မိစ္ဆာ မျှော်လင့်ထားတာကို ကျော်လွန်သွားခဲ့တယ် ၊ မဟုတ်ရင် အရိပ်မိစ္ဆာက တစ်ခုခုလုပ်လိုက်နိုင်တယ်”
ဖန်းယွင်ရှန်းနှင့်ပတ်သက်သည့်ကိစ္စများကို ပြန်တွေးကြည့်လျှင် သူမသည်လည်း ကပ်ဘေးတစ်ခုကိုဖြတ်ကျော်ပြီး ရှင်သန်နိုင်ခဲ့သည်ဟု ရန်ကျောက်ကဲ ခံစားရသည်။
ဖန်းယွင်ရှန်းက မျက်မှောင်ကျုံ့ရင်း...
“သစ်သားပလ္လင်နတ်ဆိုးက မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်ထဲကို စိမ့်ဝင်လာတာ ၊ သူက ကျွန်မတို့ကိုယ်တိုင် ထောင်ချောက်ထဲဝင်လာဖို့ အဲဒီနေရာမှာ စောင့်နေတာ ၊ သူက အသွင်ပြောင်းတဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ် ၊ ဒါဆိုရင်... မြောက်ပိုင်းထိပ်တန်းအရှင်သခင်တော့...”
ရန်ကျောက်ကဲက တိတ်ဆိတ်စွာခေါင်းညိတ်ရင်း...
“မြောက်ပိုင်းထိပ်တန်းအရှင်သခင် သေဆုံးသွားပြီထင်တယ်”
ဖန်းယွင်ရှန်းက နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။
ရန်ကျောက်ကဲက...
"ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ ၊ ရာဟုကြယ်ထက်ယံအရှင်သခင်ရဲ့အစီအစဉ်သာ ရန်သူတွေဘက်ကို ပေါက်ကြားမသွားဘူးဆိုရင် အရိပ်မိစ္ဆာက မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်ထဲကို စိမ့်ဝင်လာနိုင်မှာ မဟုတ်ဘူးလေ”
ဖန်းယွင်ရှန်း အားတင်းပြီးပြုံးလိုက်သော်လည်း ခေါင်းခါယမ်းလိုက်၏။
သူမက ရန်ကျောက်ကဲကိုကြည့်ရင်း...
“အထက်ဘုံကမ္ဘာမှာကျန်ခဲ့တဲ့ မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်ကို ကျွန်မတွေ့ခဲ့တယ်”
သူမက ဆက်ပြောသည်။
“အဲဒီနေရာက ထူးခြားတယ် ၊ တာအိုစကြာဝဠာကိုတိုက်ရိုက်ဖြတ်ကျော်ပြီး ပြင်ပဗလာနယ်အစွန်အဖျားမှာရှိတဲ့ အေးစိမ့်စမ်းကြောင်း အစိတ်အပိုင်းများစွာနဲ့ ချိတ်ဆက်ထားတယ် ၊ ခွဲခြားလို့မရဘူး”
ရန်ကျောက်ကဲက သူမအတွေးများကို သိရှိသွားပြီး...
“ဒါပေမဲ့... ထျန်းကျိခန်းမရဲ့ တိုကင်ပြားတွေနဲ့ ငါချမှတ်ထားတဲ့အစီအရင်အရဆိုရင် ရွှမ်လျိုကျောင်းတော်တည်ရှိတဲ့ ယွင်ကဲတောင်ရော ၊ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်က အင်အားစုတွေရော ငါ ဒီကိုခေါ်လာနိုင်ခဲ့တာပဲ”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း တီးတိုးပြောဆိုလိုက်သည်။
“မိုးရွာတာကို ကျွန်မက ကြည့်ချင်တယ်...”
ဖန်းယွင်ရှန်း၏ အမူအရာက စိတ်ရှုပ်ထွေးစပြုလာသည်။
သူမက အတိတ်တစ်ချိန်က မိတ်ဆွေများအား မည်သို့ရင်ဆိုင်ရမည်ကို သိရှိဟန် မတူပေ။ သို့သော် ခဏအကြာတွင် သူမ၏မျက်နှာက ပြန်လည်တည်ငြိမ်သွားသည်။
ရင်ဆိုင်ရမည့်အရာကို ရင်ဆိုင်ရမည်ပဲ ဖြစ်လေသည်။