← Chapters

မဟာဧကရာဇ် ရှန့်ပင်းယင်

Vol. 95 Ch. 1236

မဟာဧကရာဇ် ရှန့်ပင်းယင်

Vol. 95 Ch. 1236

ကောင်းကင်နတ်အရှင်ရှုသည် တစ်ကိုယ်လုံးအနက်ရောင် ဝတ်ထားပြီး သူမ၏ မဟူရာဝတ်ရုံရှည်မှာ မဟူရာရေတံခွန်အလား ထင်ရ၏။ ဝတ်ရုံက သူမ၏ခါးတွင် သိမ်သွားရင်း ဂါဝန်တစ်ထည်အလား ပျံ့ကားသွားကာ မြေပြင်အား ဖုံးလွှမ်းထားသည်။ သူမ၏ ခေါင်းပေါ်ရှိ ဦးချိုနှစ်ခုကမူ ကွေးကောက်နေပြီး ရှည်လျားမြင့်မားစွာဖြင့် ချော်ရည်ပူများကဲ့သို့ ရဲရဲနီနေသည်။ သူမအသွင်မှာ အင်မတန်မှ မျက်စိကျဖွယ်ကောင်းလေသည်။

သူမက မျက်လုံးများကို အနည်းငယ် ဝေ့လိုက်ပြီး သူမအကြည့်သည် မုန့်ယွင်ကွေ့အပေါ် ကျရောက်လာ၏။ သူမအသံက နူးညံ့ညင်သာစွာ မေး၏။ “ဘာလို့ အဲဒီလိုပြောရတာလဲ”

မုန့်ယွင်ကွေ့က လက်ကို လေထဲတွင် အသာအယာ ဝှေ့ရမ်းလိုက်သည့်အခါ ချင်မူ၏ ပုံတူပန်းချီကားများက ကောင်းကင်နတ်အရှင်ရှု၏ အရှေ့သို့ ပျံသန်းလွင့်မြောသွားကြသည်။

“ကျေးဇူးပြုပြီးတော့ ကြည့်လိုက်ပါ…. ကောင်းကင်နတ်အရှင်”

မုန့်ယွင်ကွေ့သည် ထိုပန်းချီကားများအား တစ်ချပ်ပြီးတစ်ချပ် ပြရင်း ချင်မူ၏ အကျင့်စရိုက်ကို အကဲခတ်နေ၏။ “ဒီပန်းချီကားထဲမှာ ကျွန်တော် ကောင်းကင်ယင်သားတော်ကို သွားတွေ့ခဲ့ပြီး ကောင်းကင်ယင်သားတော်က သူ့ကို ချီးမွမ်းခန်းဖွင့်နေတယ်လို့ ပြောခဲ့တယ်…. သူက နှိမ့်ချပြီး အသေးအဖွဲလေးပါလို့ ပြောခဲ့ပေမယ့် သူ့ရဲ့နှုတ်ခမ်းထောင့်က အနည်းငယ် မြောက်တက်နေခဲ့တယ်… သူ့ရဲ့သူငယ်အိမ်တွေကလည်း မဆိုစလောက် ကြီးနေတယ်… ဒါက သူ့ရဲ့ ဘဝင်မြင့်နေတဲ့ မျက်နှာအမူအရာပဲ”

သူက ပန်းချီကားတစ်ချပ် ထပ်ထုတ်၍ စစ်ဆေးအကဲခတ်လိုက်ပြန်သည်။ “ဒီဟာက ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ ကျွန်တော့်ရဲ့ မေးခွန်းကို သူ ကြားလိုက်ရတဲ့ ပန်းချီကားပဲ…. သူ့အကြည့်က ဖျတ်ခနဲ လက်သွားပြီးတော့ စကားလမ်းကြောင်း လွှဲလိုက်တယ်”

သူက ပန်းချီကားတစ်ချပ်ပြီးတစ်ချပ်အား စစ်ဆေးအဖြေထုတ်နေပြီး အရာအားလုံးမှာ အဓိပ္ပါယ်ရှိနေပေသည်။

ကောင်းကင်နတ်အရှင်ရှုက တိတ်ဆိတ်စွာ နားထောင်နေသည်။ ရုတ်တရက် မုန့်ယွင်ကွေ့က လက်ကို လွှဲရမ်းလိုက်ရာ ပန်းချီးကားအားလုံး ပြာကျသွားသည်။

ကောင်းကင်နတ်အရှင်ရှုမှာ မှင်သက်သွားမိသည်။

“ဒါပေမဲ့ အကုန်လုံးက အတုအယောင်တွေပဲ” မုန့်ယွင်ကွေ့က အေးစက်စွာ ပြောသည်။

ကောင်းကင်နတ်အရှင်ရှုက ခေါင်းငဲ့၍ သူ့အား ကြည့်လိုက်သည်။ “ဘာလို့လဲ”

“ဒီပန်းချီကားတွေထဲက မျက်နှာအမူအရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖော်ပြချက်တွေက အကုန်အတုတွေချည်းပဲ… သူ့ရဲ့အကြံက ကမ္ဘာဦးသစ်ပင်နဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ခိုးယူဖို့လို့ ဖော်ထုတ်လိုက်ရင်တောင် သူက တဟားဟား ရယ်ပြီးတော့ ဟန်ဆောင်နေမှာ”

မုန့်ယွင်ကွေ့က အသံကိုနှိမ့်ကာ ပြောသည်။ “သူက ကျုပ်ကို တမင်လှည့်စားခဲ့တာ.... သူက လိမ္မာပါးနပ်ပြီးတော့ ခန့်မှန်းလို့မရတဲ့သူလို ခံစားရအောင် အဲဒီလိုအမူအရာအတုတွေကို ဖန်တီးခဲ့တာပဲ… သူ့မျက်နှာပေါ်က အမူအရာတစ်ခုကိုမှ ယုံကြည်လို့မရဘူး…. သူ့ရဲ့ အကြံအစစ်တွေကိုလည်း ကျုပ်ရှေ့မှာ တစ်ခါမှ ထုတ်မပြခဲ့ဘူး… ဒီလိုလုပ်နိုင်ဖို့ဆိုရင် ငယ်ငယ်လေးတည်းက ရုပ်ဖျက်စွမ်းရည်ကို စတင်လေ့ကျင့်ခဲ့တာဖြစ်မယ်”

ကောင်းကင်နတ်အရှင်ရှုက မေး၏။ “ဒါဆိုရင် ဘာလို့ ကောင်းကင်နတ်အရှင်မူ သေရမယ်လို့ ပြောတာလဲ”

မုန့်ယွင်ကွေ့၏ မျက်နှာအမူအရာမှာ တောက်ပဝင်းလက်သွားသည်။ “ကောင်းကင်နတ်အရှင်မူက ပြောင်းလဲလို့ရတဲ့သူတစ်ယောက် မဟုတ်ဘူး… ဒါတင်မကသေးဘူး…. သူက ကောင်းကင်နတ်ဘုံရဲ့ အခြေအနေတွေကိုတောင် ပြောင်းလဲနေသေးတာ… ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးလိုက်ရင် တစ်လောကလုံး အေးချမ်းသွားလိမ့်မယ်လို့ ကောင်းကင်နတ်အရှင် ထင်ခဲ့တာလား”

ကောင်းကင်နတ်အရှင်ရှုက အသာအယာ ခေါင်းညိတ်သည်။

“အဲ့တော့”

မုန့်ယွင်ကွေ့က ဆက်ပြောသည်။ “အဲဒါကပဲ ကောင်းကင်နတ်အရှင်ဆယ်ပါး မတည့်နေတဲ့ ကောင်းကင်နတ်ဘုံဆီ ကောင်းကင်နတ်အရှင်မူ လာခဲ့တဲ့ အကြောင်းအရင်းပဲ…. သူတို့က အပြင်ပန်းမှာ စည်းလုံးသယောင် ထင်ရပေမယ့် ကောင်းကင်နတ်အရှင်တွေကြားထဲမှာ အက်ကြောင်းတွေ ရှိနေမှန်း ကျုပ် မြင်ရတယ်... အဲဒါ့အပြင် ကောင်းကင်နတ်အရှင်ချင်ရဲ့ ပြန်ပေါ်လာတာကြောင့်လည်း ပါတာပေါ့…. ကောင်းကင်နတ်အရှင်မူသာမရှိရင် ကောင်းကင်နတ်အရှင်ချင်က ပြန်ပေါ်လာမှာမဟုတ်ဘူး… မဟာလေဟာနယ်လည်း အခုလိုအခြေအနေ ရောက်နေမှာမဟုတ်ဘူး… ကောင်းကင်နတ်ဘုံလည်း ကောင်းကင်နတ်အရှင်ချင်ရဲ့ ဓားကြာင့် နှစ်ခြမ်းကွဲခဲ့မှာမဟုတ်ဘူး…. ဘိုးဘေးနန်းတော်တောင် ပေါ်လာချင်မှ ပေါ်လာခဲ့မှာ”

“ပိုပြီးအံ့သြဖို့ကောင်းတာက ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲသွားတဲ့အတွက် တစ်လောကလုံးမှာရှိတဲ့ နတ်ဘုရားမိစ္ဆာတွေရဲ့ နှလုံးသားတွေ ပြိုလဲကုန်ကြတာပဲ … ကောင်းကင်နတ်အရှင်မူက အဲဒီလိုဖြစ်လာအောင် တမင်ဂွင်ဖန်ထားခဲ့တာ”

မုန့်ယွင်ကွေ့က အာကျယ်ကျယ်ဖြင့် ပြောသည်။ “သူသာမရှိရင် ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တို့လည်း ပူးပေါင်းခဲ့မှာမဟုတ်ဘူး… မဟာဧကရာဇ်လည်း ပြန်အသက်ရှင်လာမှာမဟုတ်ဘူး… ကောင်းကင်နတ်အရှင်ယွဲ့လည်း ဒီတိုင်း မသိလိုက်ဘာသာ ဆက်နေသွားမှာပဲ… ထပ်ပြီးလှုပ်ရှားဖို့တောင် စိတ်ဆန္ဒရှိတော့မှာမဟုတ်ဘူး…. ဒါကြောင့် ကောင်းကင်နတ်အရှင်မူ သေကိုသေရမယ်…. ကောင်းကင်နတ်အရှင်သာ အမိန့်ပေးရင် ကျုပ် လုပ်နိုင်တယ်… ကျုပ် သူ့ကို လှလှပပ အဆုံးသတ်ပေးပြီး ဘာခြေရာလက်ရာမှ မကျန်စေခဲ့ရပါဘူး”

ကောင်းကင်နတ်အရှင်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး‌ ပြော၏။ “ဒီကိစ္စကို ခဏ ဘေးဖယ်ထားကြတာပေါ့…. ကောင်းကင်နတ်အရှင်ချင်၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နတ်ဘုံတို့မှာ သူတို့အစီအစဉ်နဲ့သူတို့ ရှိကြတယ်…. ကောင်းကင်ဆရာသခင်မုန့်၊ တစ်ခုလောက်မေးပါရစေ…. ကျွန်မ အသက်ရှင်ချင်ရင် ကောင်းကင်နတ်အရှင်ဟွေ့ လက်ထပ်ဖို့ ကမ်းလှမ်းတာကို လက်ခံသင့်တယ် ထင်သလား”

မုန့်ယွင်ကွေ့မှာ အနည်းငယ် တုန်ယင်သွားပြီး ခေါင်းငုံ့လိုက်သည်။ “ကျုပ် နားမလည်ပါဘူး”

ကောင်းကင်နတ်အရှင်ရှုက စိတ်မဝင်စားသော လေသံဖြင့် ပြောသည်။ “ရှင် ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ… ရှင်က ငွေမက်လွန်းတဲ့အတွက် တခြားသူတွေ ရှင့်အပေါ် တိုက်ခိုက်ဖို့ အခွင့်ကောင်းရစေတယ်…. ရှင်သာ တစ်ခုခုဆုပ်ကိုင်ထားရင် ကောင်းကင်နတ်အရှင်တွေ ရှင့်ကို ထိရဲမှာမဟုတ်ဘူး… မုန့်ယွင်ကွေ့၊ ရှင်က ကျွန်မလူပါ… ဂရုစိုက်နေစရာမလိုဘူး… ပြောစရာရှိတာပြော”

မုန့်ယွင်ကွေ့က ပို၍ပင် ဦးညွှတ်လိုက်ပြီး ခပ်တိုးတိုး ပြောသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ကို လက်ထပ်ဖို့ဆိုရင် ကောင်းကင်နတ်ရှင်ဟောင်ရဲ့ စွမ်းအားကို စိတ်ဝင်စားလို့မလား”

ကောင်းကင်နတ်အရှင်ရှုက အသာအယာ ခေါင်းညိတ်သည်။

မုန့်ယွင်ယွေ့က ခေါင်းစောင်းငဲ့၍ မျက်ခွံများပင့်ကာ သူမ၏လှုပ်ရှားမှုတိုင်းကို အကဲခတ်နေသည်။ သူမ ခေါင်းညိတ်လိုက်သည်ကို မြင်တွေ့ရသဖြင့် သူက ဆက်ပြောလေသည်။ “ဒါဆိုရင် မေးပါရစေ ကောင်းကင်နတ်အရှင်…. ကောင်းကင်နတ်အရှင်ဟွေ့ကို လက်ထပ်လိုက်ရင် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ကို ပိုပြီးအလေးပေးမလား… ဟွေ့ကို ပိုပြီးအလေးထားမှာလား”

ကောင်းကင်နတ်အရှင်ရှုက ပြုံးလိုက်၏။ “ဆက်ပြောပါ”

မုန့်ယွင်ကွေ့က သတ္တိမွေး၍ ပြောသည်။ “ထုံးစံအတိုင်း ကောင်းကင်နတ်အရှင်ဟွေ့ကို ပိုပြီး အလေးထားမှာပဲ… ဒါပေမဲ့ သူက လူသားတစ်ယောက်လေ… ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို အကြွင်းမဲ့ ယုံကြည်ပါ့မလား…. အနာဂတ်မှာ ကောင်းကင်နတ်အရှင်ဟောင် လောကကြီးကို အုပ်စိုးနိုင်တဲ့အခါက ကောင်းကင်နတ်အရှင်ဟွေ့ကို ဖယ်ထုတ်မှာပဲ…. လက်ထပ်လိုက်ရင် ကောင်းကင်နတ်အရှင်ပါ အန္တရာယ်ကျလိမ့်မယ်”

“ယုန်သေသွားရင် အမဲလိုက်ခွေးက ချက်စားခံရမှာပဲ… ကျွန်မ ဒီအဓိပ္ပာယ်ကို နားလည်ပြီ” ကောင်းကင်နတ်အရှင်ရှုက ခေါင်းညိတ်လိုက်သည်။

“ကောင်းကင်နတ်အရှင် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စွမ်းအားကို စိတ်ဝင်စားနေမှတော့ ဘာလို့ ကောင်းကင်နတ်အရှင်ဟွေ့ကို လက်ထပ်ရမှာလဲ... ကောင်းကင်နတ်အရှင်ဟောင်ဆီမှာသာ အောက်ကျို့လိုက်ပါ…. ကောင်းကင်နတ်အရှင်ဟောင် ကောင်းကင်နတ်အရှင်ဟွေ့ကို ရှင်းပစ်တဲ့အခါ ရှုပ်ထွေးနေစရာ မလိုတော့ဘူး”

မုန့်ယွင်ကွေ့က အသံကို နှိမ့်၍ ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်အနေနဲ့ လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်ဟွေ့ကို အရှင်မထားနိုင်ပေမယ့် နတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်အရှင်ရှုကိုတော့ အသက်ချမ်းသာပေးနိုင်တယ်…. ဒါက အနာဂတ်မှာ ကောင်းကင်နတ်အရှင်အတွက် ရှင်သန်နိုင်မယ့် လမ်းတစ်လမ်းပဲ”

ကောင်းကင်နတ်အရှင်ရှုက သူ့ကို ငုံ့ကြည့်လိုက်ရာ မုန့်ယွင့်ကွေ့၏ ခန္ဓာကိုယ်မှာ မြေပေါ် လဲကျမတတ် ညွတ်ကိုင်းသွားလေသည်။

ရုတ်တရက် ကောင်းကင်နတ်အရှင်ရှုက သဘောကျစွာ ရယ်လိုက်သည်။ “အနာဂတ်မှာ ကောင်းကင်နတ်အရှင်မူ နိုင်သွားခဲ့ရင်ရော”

မုန့်ယွင်ကွေ့မှာ ခန္ဓာကိုယ်ကို ဆက်မကိုင်းထားနိုင်သောသဖြင့် မြေပေါ်တွင် ဘုတ်ခနဲ ဒူးထောက်ချကာ မည်သည်မှ မပြောရဲချေ။

“ထပါ”

ကောင်းကင်နတ်အရှင်ရှုက အေးအေးလူလူ ပြောသည်။ “ကျွန်မအရှေ့မှာ သိပ်ပြီး သတိကြီးနေစရာမလိုပါဘူး… ရှင် ဘယ်လောက်ပဲ တွက်ချက်တတ်ခဲ့ပါစေ မဟာဧကရာဇ် အသက်ပြန်ရှင်လာတာက ဘာတွေကိုပြောင်းလဲစေမလဲ တွက်ချက်နိုင်မှာမဟုတ်ဘူး… မဟာဧကရာဇ်က အကြီးမားဆုံး အန္တရာယ်ပဲ… သူက အသက်ပြန်ရှင်လာပြီဆိုတော့ သေချာပေါက် ငြိမ်နေမှာမဟုတ်ဘူး”

သူမ၏ပုံရိပ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သူမအသံက ကျန်ရစ်ခဲ့သည်။ “ကောင်းကင်နတ်အရှင်မူကို သတ်ဖို့၊ မသတ်ဖို့ကို ဘေးဖယ်ထားလိုက်ဦး…. အခုအချိန်မှာ အရေးအကြီးဆုံးက မဟာဧကရာဇ်ပဲ… သူက မဟာလေဟာနယ်ကနေ ထွက်မသွားသေးဘဲ ပုန်းနေသေးတယ်”

မုန့်ယွင်ကွေ့က ဂရုတစိုက် ထရပ်၍ ခပ်တိုးတိုး ရေရွတ်နေသည်။ “ကောင်းကင်နတ်အရှင်မူက ငါ့အစွမ်းအစတွေကို အကဲခတ်ဖို့ ဒီလာခဲ့တာ လာသွားခဲ့တာ…. သူ ဘာကိုများ မြင်သွားခဲ့လဲ မသိဘူး”

...

“ကောင်းကင်ဆရာသခင်မုန့်က တကယ်ကိုပဲ ထူးကဲပြောင်မြောက်ပါပေတယ်”

ချင်မူသည် နံပါတ်တစ် ကောင်းကင်ဆရာသခင် ရှန့်ပင်းယင်၏ နတ်ဘုရားမြို့ဆီသို့ ရောက်လာခဲ့ပြီး‌ ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းထဲမှ ဖြတ်လျှောက်လာ၏။ ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များက ဟိုဟိုသည်သည် သွားလာနေကြပြီး ဟိတ်ဟန်အပြည့်ဖြင့် ခံ့ညားနေကြသည်

“သူ့အနောက်က ခြံဝန်းထဲမှာ ကောင်းကင်နတ်ဘုံရဲ့ ပန်းချီဆရာတွေအများကြီး ရှိနေခဲ့တယ်... အဲဒီပန်းချီဆရာတွေက ငါ့ကို စစ်ဆေးအကဲခတ်ပြီး ပန်းချီဆွဲနေခဲ့ကြတာ… ဒါပေမဲ့ သူတို့က ပန်းချီပညာမှာ လမ်းစဉ်အဆင့် မဝင်ရောက်သေးတော့ ငါမမြင်အောင် မပုန်းနိုင်ခဲ့ကြဘူး... ကောင်းကင်ဆရာသခင်မုန့်က သူတို့ရဲ့ စုတ်တံကို ငှားပြီး ငါ့ရဲ့ အကျင့်စရိုက်နဲ့ အားနည်းချက်ကို သိရအောင် ပန်းချီဆွဲစေခဲ့တာပဲ”

ချင်မူက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ကောင်းကင်နတ်ဘုံစစ်တပ်၏ နေရာချထားပုံကို စစ်ဆေးကြည့်လိုက်သည်။ ‘ဒါပေမဲ့ သူ ဘာကိုမှ မမြင်နိုင်ပါဘူး… ကောင်းကင်နတ်အရှင်ဟွေ့က ငါ့ကို မြင်ခဲ့ပြီးသားဆိုတော့ ကောင်းကင်ဆရာသခင်မုန့်ရဲ့ နောက်ကွယ်ကလူက ကောင်းကင်နတ်သခင်ရှုပဲ ဖြစ်ရမယ်’

ရုတ်တရက် ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်တစ်ယောက်က ရုတ်တရက် သူ့ဘေးတွင် ရပ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ ငါတို့ စကားကောင်းကောင်း ပြောသင့်တယ်”

ချင်မူမှာ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားပြီး ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်ဆီ ကြည့်လိုက်သည်။ ထိုစစ်သည်တော်မှာ သူ တစ်ခါမှမမြင်ဖူးသော ပုဂ္ဂိုလ်ဖြစ်၏။

စစ်သည်တော်က သူနှင့်အတူ လိုက်ပါလာရင်း ထူးဆန်းစွာ ပြုံးသည်။ “မင်း ငါ့ရဲ့ အစီအစဉ်ကို နောက်တစ်ခါ ဖျက်ဆီးလိုက်ပြန်ပေမယ့် ငါ အသက်ပြန်ရှင်လာမယ် မထင်ထားခဲ့ဘူးမလား”

“မဟာဧကရာဇ်”

ချင်မူ အနည်းငယ် မျက်နှာပျက်သွားသည်။ ထိုစဉ် စစ်သည်တော်သည် တုံ့ခနဲ ရပ်သွားပြီး စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ခေါင်းကုတ်ကာ ကင်းဆက်လှည့်နေ၏။

ထိုအခိုက်အတန့်တွင် ချင်မူ့ဘေးမှ ဖြတ်သွားသော ကောင်းကင်နတ်ဘုံ နတ်ဘုရားတစ်ပါးက သူ့ကို ကြည့်၍ ပြုံးပြသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါတို့က ကမ္ဘာ့ရန်သူတွေမှမဟုတ်ပဲ… အမြဲတမ်း ငါ့ကို ပစ်မှတ်ထားနေစရာမလိုပါဘူး”

နတ်ဘုရားက နောက်သို့ ပြန်လှည့်မကြည့်ဘဲ ‌ချင်မူ့ဘေးမှ ဖြတ်လျှောက်သွားလေသည်။

ချင်မူလည်း ရှေ့ဆက်လျှောက်လာစဉ် နတ်ဘုရားမတစ်ပါးက သူ့ဘေးမှ ဖြတ်သွားပြန်သည်။ သူမက သူ့ကို ပြုံးပြလျက် ပြော၏။ “ငါ့ရဲ့စွမ်းအားက နင် မှန်းဆနိုင်တာထက် ကျော်လွန်တယ်”

ချင်မူမှာ အရှေ့သို့ ခပ်သုတ်သုတ် လျှောက်လာမိသည်။ သူ့ဘေးမှ ဖြတ်သွားသော ဤနတ်ဘုရားမြို့မှ နတ်ဘုရားတိုင်းသည် သူ့အား ပြုံးပြကြ၏။ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကား ကြောက်မက်ဖွယ်ကောင်းလွန်းပေသည်။ လူတစ်ယောက်မှ တစ်ယောက်ဆီသို့ အချိန်မရွေး ရွေ့လျားကာ သူ့ဘေးတွင် အဆက်မပြတ် တီးတိုးပြောနေသည်။

သူက ရှေ့သို့ လျှောက်လာစဉ် ရှန့်ပင်းယင်က ထူးဆန်းသောအပြုံးဖြင့် လှည့်ကြည့်လာ၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့ကို ဘယ်လို လျော်ကြေးပေးဖို့ စီစဉ်ထားသလဲ”

ချင်မူမှာ ခေါင်းနပန်းကြီးသွားတော့သည်။

ဧကရာဇ်ပလ္လင်အဆင့်ရှိသည့် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးဖြစ်သော ရှန့်ပင်းယင်ပင်လျှင် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို ခံနိုင်ရည်မရှိပေ။

ဤအခိုက်အတန့်တွင် နတ်ဘုရားမြို့တစ်မြို့လုံးထဲရှိ စစ်သည်တော်များနှင့် တပ်မှူးများက ချင်မူ့ဘက်သို့ လှည့်ကြည့်လာကြကာ ပြိုင်တူ ပြောလိုက်ကြသည်။ “ငါ့ကို ပြန်လျော်ပေးစမ်း…”

All Chapters