ကံကြမ္မာကို ပြောင်းလဲပေးချင်တယ်
Vol. 11 Ch. 43
ရုတ်တရက် ကောင်းကင်က မှောင်ကျသွားတဲ့အတွက် မက်ဒါနာက ဖုန်းကနာရီကို ကြည့်လိုက်တယ်။ နာရီက မွန်းလွဲပိုင်း နှစ်နာရီလို့ပဲ ပြနေသေးတာပါ။
“အခုက ဆောင်းရာသီမှန်းသိပေမဲ့ မှောင်တာစောလိုက်တာ။”
ဖရာလီတာကတော့ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်ပြီးနောက် ကောင်းကင်ပေါ်ကိုမော့ကြည့်ကာ ပြောလိုက်တယ်။ “ နေဝင်တာတော့မဟုတ်ဘူး။ နေကြတ်သွားတာလို့ ပြောရမလား။ နေအလင်းရောင်ကိုပိတ်ထားတာက လမဟုတ်ရုံလေးပဲ။”
ဖရာလီတာကြောင့် မက်ဒါနာလည်းစိတ်ဝင်စားလာပြီး မော့ကြည့်လိုက်တော့ နယူးယောက်ကောင်းကင်ပေါ်မှာ ဧရာမစစ်သင်္ဘောပျံကြီးတစ်ခုရှိနေပြီး နေရောင်ကိုကွယ်ထားတယ်။ သင်္ဘောပျံက ကြီးလွန်းလို့ ဖရာလီတာရဲ့နယ်ဆင်စစ်သင်္ဘောက သင်္ဘောပျံနက်နဲ့ ယှဥ်မယ်ဆိုရင် ဝေလငါးအမေကြီးနားက သားပေါက်လေးလိုဖြစ်နေရော။
“ဖက်ဒရေးရှင်းရဲ့နာမည်ကြီး တစ္ဆေနက်သင်္ဘောကြီးပဲ။ ဒဏ္ဍာရီလာ ကောင်စီဝင်ပုဂ္ဂိုလ်ကြီး အိုဂါနီရောက်လာပြီပဲ။”
တစ်နေရာမှအသုံးမဝင်တဲ့ အီဂိုက ရှေ့ထွက်လာပြီး ပြောလိုက်တယ်။ မက်ဒါနာကတော့ မေးကိုလက်နဲ့ တို့လိုက်ပြီး စဥ်းစားတယ်။
“အီဂို၊ နင်လည်း ကောင်စီဝင်မဟုတ်လား။ ဒီလူကို နင်က ဒဏ္ဍာရီလာလို့တပ်ခေါ်တယ်ဆိုတော့....”
“အရှင်အိုဂါနီက နတ်ဘုရားအသံမျိုးနွယ်စုရဲ့ခေါင်းဆောင်လေ။ ဆိုဖီယာ ကောင်စီဝင်မဖြစ်ခင်က ကောင်စီဝင်အဖြစ် ရာစုနှစ်ချီပြီး တာဝန်ထမ်းဆောင်ခဲ့တာ။ စကြဝဠာထဲမှာ ပိုးကောင်ဘုရင်မပြီးရင် အင်အားအကြီးဆုံးလူပဲ။ အရင်မျိုးဆက်ပိုးကောင်ဗိုလ်ချုပ်အများစုကို သူပဲ အရေခွံနွှာပစ်ခဲ့တာ။”
မက်ဒါနာလည်း ဆိုဖီယာတစ်ယောက် ဘာလို့အခုလို အကဲပိုနေရတာလဲဆိုတာ နားလည်လာတယ်။ သန်မာပြီးအင်အားကြီးတဲ့ အဖေရှိတဲ့ သမီးအဖို့ အဖေကိုကြောက်တာ ပုံမှန်ပဲမဟုတ်လား။
“ဒါပေမဲ့ ငါတော့သိချင်မိသား။ တခြားကောင်စီဝင်နှစ်ယောက်ကို ပျာယာခတ်အောင် လုပ်နိုင်တဲ့အထိ ဩဇာကြီးတဲ့သူက ဘယ်သူပါလိမ့်။”
ဖရာလီတာကတော့ မက်ဒါနာအနားမှာ ဝင်ထိုင်လိုက်ပြီး “ကိစ္စမရှိပါဘူး။ ဒီလူကြီးက စကြဝဠာထဲမှာ ဒုတိယအင်အားအကြီးဆုံးလူ ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီမှာတော့ တတိယနေရာတောင် မကျိန်းသေဘူးလို့ ငါပြောရဲတယ်။ ဘာလို့ဆို ငါ့ရဲ့မက်ဒါနာလေးက နတ်ဘုရားမလေးဖြစ်နေပြီလေ။”
ပြီးတော့ ဖရာလီတာက သူ့လက်အိတ်ကိုမြှောက်ပြလိုက်သေးတယ်။ ဖရာလီတာကိုယ်တိုင်ကလည်း အယ်ဖာထိပ်တန်းအဆင့်မလို့ အိုဂါနီကို သိပ်မကြောက်မိပါဘူး။
“စိတ်ဝင်စားစရာကောင်းသားပဲ၊ ဒီတော့ မင်းက ငါ့သမီးဆီက ဝိညာဥ်အနမ်းကိုရပြီးတာတောင်မှ သစ္စာမရှိဘဲ တခြားမိန်းကလေးတွေကို အနားမှာခေါ်ထားရဲသေးတယ်ပေါ့။”
ရုတ်တရက်ကြီး နောက်ကနေ လူကြီးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတာကြောင့် မက်ဒါနာလှည့်ကြည့်လိုက်တော့ အသားနီနီနဲ့ချိုပါလူကြီးက သူ့ကိုလက်ပိုက်ပြီး ကြည့်နေတာ တွေ့လိုက်ရတယ်။ အရပ်က ခုနစ်ပေလောက်မြင့်ပြီး တစ်ကိုယ်လုံးဗလတွေနဲ့ပါ။ ပုံစံကိုကြည့်ရုံနဲ့တင် ကမ္ဘာမြေကမဟုတ်မှန်း ပြောနိုင်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ မျက်လုံးက အစိမ်းရောင်ဖြစ်နေတာမလို့ နတ်ဘုရားအသံတစ်ယောက်မှန်း မက်ဒါနာပြောနိုင်ပါတယ်။
“ တွေ့ရတာဝမ်းသာပါတယ် အရှင်အိုဂါနီ၊ ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးရဲ့ဂါရဝပြုမှုကို လက်ခံပေးပါ။”
နတ်သူငယ်ကောင်စီဝင်အီဂိုက အိုဂါနီကို ဦးညွှတ်လိုက်ပါတယ်။ အိုဂါနီကတော့ မက်ဒါနာဘေးမှာရှိနေတဲ့ ဖရာလီတာနဲ့အေမီကို မကျေမနပ် ကြည့်နေတုန်းပဲ။
“ခမည်းတော်...” ဆိုဖီယာကလည်း ဦးညွှတ်လိုက်တယ်။ အိုဂါနီက သက်ပြင်းချလိုက်ပြီး သူတို့ကို လက်ကာပြပါတယ်။
“ငါက ဆိုဖီယာဒီဂြိုဟ်ကိုရောက်နေတုန်း ဖက်ဒရေးရှင်းမှာ အစားထိုးကောင်စီဝင်အဖြစ် ခဏနေနေတယ်ဆိုပေမဲ့ အနားယူထားတဲ့ အဖိုးကြီးသက်သက်ပါပဲ။ ပြီးတော့ မင်းတို့နှစ်ယောက်က ငါ့လိုအစားထိုးမဟုတ်တဲ့ တကယ့်ကောင်စီဝင်တွေပဲ။ အဆင့်တူချင်း ဂါရဝပြုဖို့မလိုဘူး။”
ဒီတော့မှ ဆိုဖီယာနဲ့အီဂိုလည်း ပုံမှန်အတိုင်းပြန်ရပ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖလေရာနဲ့လင်ဒါတို့က ခြံဝင်းထဲကို ပြေးဝင်လာကြပြီး မက်ဒါနာကို မေးလိုက်တယ်။
“မက်ဒါနာ... နယူးယောက်မြို့ပေါ်ကို ယာဥ်ပျံကြီးရောက်နေတာနဲ့ပတ်သက်ပြီး ဘာသိထားလဲ။ ငါတို့တွေ စုံစမ်းသင့်....”
လင်ဒါက စကားပြောနေရာကနေ လူ့ဘီလူးကြီးအိုဂါနီကို တွေ့သွားပြီး ကြက်သေသေသွားတယ်။ အိုဂါနီကတော့ ထရယ်လိုက်ပြီး...
“ငါ့ရဲ့အငှားခန္ဓာက တိုက်တန်မျိုးနွယ်ကဆိုပေမဲ့ မင်းတို့အတွက် ဒီလောက်ကြောက်စရာကောင်းမယ်လို့ ထင်မထားခဲ့ဘူး။ ဒါပေမဲ့စိတ်မပူပါနဲ့၊ ငါက မကောင်းတဲ့လူ မဟုတ်ပါဘူး။”
ဖရာလီတာကတော့ ရှင်းပြရမှာ ပျင်းနေတဲ့ပုံစံနဲ့ ကွက်ကီးတစ်ခုကို ကောက်ယူစားလိုက်ပြီး နောက်ကျမှ ရောက်လာတဲ့လူနှစ်ယောက်ကို ပြောလိုက်တယ်။
“ဒီလူက ဖက်ဒရေးရှင်းကလာတဲ့လူပဲ။ နတ်ဘုရားအသံ မျိုးနွယ်စုကိုယ်စားပြု အစားထိုးကောင်စီဝင် အိုဂါနီတဲ့။”
လင်ဒါကတော့ မျက်မှောင်ကြုတ်လိုက်ပြီး “ဖက်ဒရေးရှင်းက ကျွန်မတို့ရန်သူမဟုတ်တာ သိပါတယ်။ ဒါပေမဲ့ မြို့ပေါ်မှာ ဧရာမစစ်သင်္ဘောကြီး ရုတ်တရက်ပေါ်လာတာ သာမန်မြို့သားတွေအတွက် ဘယ်လောက်ကြောက်ဖို့ကောင်းလဲသိလား။ နယူးယောက်ရဲ့ငြိမ်ဝပ်ပိပြားရေးအရာရှိအနေနဲ့ ရှင့်ယာဥ်ပျံကို ဒီကနေဖယ်ပေးစေချင်တယ်။”
အိုဂါနီကတော့ ခပ်တုံးတုံးပုံစံနဲ့ဆံပင်မရှိတဲ့ ခေါင်းနီနီကြီးကို ကုတ်လိုက်ပြီး ပြန်တုံ့ပြန်တယ်။ “ဒီဂြိုဟ်မှာ မြို့ပေါ်ယာဥ်မရပ်ရစည်းကမ်းရှိတာလား။ ငါက ဒီမှာတခြားစစ်ယာဥ်ပျံတစ်ခု ရပ်ထားတာတွေ့လို့ ရပ်လို့ရမယ်ထင်ပြီး ရပ်လိုက်တာလေ။”
လင်ဒါကတော့ အဲဒီစကားကိုကြားပြီးနောက် သူ့နဖူးသူ ရိုက်လိုက်တယ်။ ပြီးတဲ့နောက် သက်ပြင်းချလိုက်ပြီး “ဒီမြို့မှာ ဂြိုဟ်သားယာဥ်ပျံမရပ်ရဆိုပြီး သီးသန့်ဥပဒေ ထုတ်ထားတာတော့မရှိပါဘူး။ ပြောရရင် အရင်က ဘယ်ဂြိုဟ်သားယာဥ်မှ မြို့ပေါ်လာမရပ်ဖူးဘူးလေ။ ဒါပေမဲ့ နိုင်ငံတကာလေကြောင်းဥပဒေအရ နိုင်ငံတစ်ခုရဲ့လေပိုင်နက်ထဲကို ခွင့်ပြုချက်မရဘဲ ဝင်လာတာက ဥပဒေချိုးဖောက်ရာကျတယ်။”
“အိုး၊ အဲဲဒီလိုလား။ ကောင်းပြီလေ။” အိုဂါနီက လက်ဖျောက်တီးလိုက်တယ်။ တစ္ဆေနက်စစ်သင်္ဘောကြီးက တဖြည်းဖြည်းမြို့ပေါ်ကနေ မြင့်တက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ကိုယ်ယောင်ပျောက်သွားပါတယ်။
“ငါ့ယာဥ်ကို ကိုယ်ယောင်ဖျောက်ပြီး ကမ္ဘာပတ်လမ်းထဲမှာပဲ ထားလိုက်တော့မယ်။ ဒီလိုဆိုရင်တော့ အဆင်ပြေတယ်မဟုတ်လား။”
လင်ဒါက ခေါင်းညိတ်လိုက်ပြီး ကျောက်စားပွဲမှာ ဝင်ထိုင်တယ်။ ဖလေရာလည်း အလားတူပါပဲ။ မက်ဒါနာကတော့ အေမီကို လက်ယပ်ခေါ်လိုက်ပြီး နားနားကပ်မေးလိုက်တယ်။
“အေမီ၊ ပုံမှန်ဆိုရင် တခြားကမ္ဘာက ယာဥ်ပျံတစ်ခုခု ငါတို့ဆီချဥ်းကပ်လာရင် ဂိုင်ယာက ကြိုသိနေသင့်တာ မဟုတ်လား။”
အေမီကလည်း ခေါင်းညိတ်လိုက်ပြီး “မမလေးပြောလို့ ပြန်ဆန်းစစ်ကြည့်တော့ တစ္ဆေနက်သင်္ဘောက အတော်လေးကောင်းမွန်တဲ့ ကိုယ်ပျောက်နိုင်စွမ်းကို ပိုင်ဆိုင်ထားပုံပါပဲ။ ဂိုင်ယာဂြိုဟ်တုက တခြားယာဥ်တစ်စီးကို ထောက်လှမ်းမိပေမဲ့ သူတို့ပတ်လမ်းထဲ ဝင်လာတာကို သတိမထားမိလိုက်ပါဘူး။”
အိုဂါနီကိုအလွန်လေးစားပုံပေါ်တဲ့ အီဂိုကတော့ သူ့အခွင့်အရေးရပြီဆိုတဲ့လေသံနဲ့ ပြောတယ်။ ”တစ္ဆေနက်က ပျောက်ကြားတိုက်ခိုက်ရေးဗျူဟာအတွက် ဦးစားပေးထုတ်ထားတဲ့ ကိုယ်ပျောက်ဖရီးဂိတ်ယာဥ်ပဲ။ ပိုးကောင်အင်ပါယာတောင်မှ ဒီယာဥ်ကိုထောက်လှမ်းမိဖို့ ခေါင်းအတော်ခြောက်ရတယ်။”
“မမလေး၊ တခြားယာဥ်ပျံကလည်း လေထုထဲကို နိမ့်ဆင်းလာပြီလို့ ဂိုင်ယာက သတိပေးနေပါတယ်။ သူတို့ကို ဖျက်ချသင့်လား။”
“ကြည့်ရတာ ပိုးကောင်အင်ပါယာက စောင့်ကြည့်သူတွေထင်တယ်။ သူတို့ ငါတို့ကို မတိုက်ခိုက်မချင်း လွှတ်ထားလိုက်ရအောင်။”
မက်ဒါနာက နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်တယ်။ အိုဂါနီကတော့ မက်ဒါနာအနားမှာဝိုင်းနေတဲ့ မိန်းကလေးတွေကို မျက်လုံးဒေါက်ထောက်ကြည့်လိုက်ပြီး...
“ကောင်မလေး၊ မင်းကို မေးပါရစေဦး။ ဒီမိန်းကလေးတွေအားလုံးက....”
မက်ဒါနာက ဘာဖြေလို့ဖြေရမှန်းမသိပေမဲ့ အနားမှာရှိနေတဲ့ ဖရာလီတာက မက်ဒါနာရဲ့လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲလိုက်ပြီး
“အင်း... ကျွန်မက သူ့ရဲ့သတို့သမီးလောင်းလေ။”
ဖလေရာကလည်း မက်ဒါနာရဲ့တခြားလက်တစ်ဖက်ကို ဖမ်းဆွဲလိုက်ပြီး “ကျွန်မက သူ့ကိုအရင်တွေ့ပြီး ပထမဆုံးအနမ်းပေးခဲ့တဲ့သူ။”
လင်ဒါကလည်း “ကျွန်မတို့က ကလေးတောင်မွေးစားပြီးသွားပြီ။” လို့ပြောရင်း မက်ဒါနာကို လည်ပင်းနောက်ကနေ သိုင်းဖက်။ ဆိုဖီယာကလည်း နောက်ကနေပြေးလာပြီး မက်ဒါနာရှေ့မှာ ကာစီးပြီးရပ်လိုက်တယ်။
“ခ... ခမည်းတော်... သူ့ကိုဝိညာဥ်အနမ်းပေးဖို့ ဆုံးဖြတ်ခဲ့တာ သမီးကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်ပါ။”
“ဟမ်... ထင်ထားသလိုပဲ မျက်နှာများတဲ့သူဖြစ်နေတာပဲ။”
အိုဂါနီက မက်ဒါနာကို အထင်သေးစွာနဲ့ကြည့်လိုက်ပြီး လက်ညိုးထိုးပြီးမေးလိုက်တယ်။ “ငါ့သမီးက မင်းကို အနမ်းပေးခဲ့ပြီးပြီမလို့ ဖြစ်ခဲ့တာတွေ ပြင်လို့မရတော့ဘူး။ မင်းအတွက်တော့ လက်တွဲဖော် အများကြီးရှိနိုင်ပေမဲ့ နတ်ဘုရားအသံတွေအတွက်က အမြဲတမ်းလက်တွဲဖော်တစ်ယောက်ပဲရှိတယ်။ သူတို့က သူတို့လက်တွဲဖော်တွေနဲ့အတူ သေမတူရှင်မကွာရှိနေရမှာ။ ဒီတော့ ကလေးမ၊ ငါ့ကိုကတိတစ်ခုပေးနိုင်မလား....”
မက်ဒါနာက ဘာကတိဖြစ်မလဲဆိုတာ မသိသေးတဲ့အတွက် ငြိမ်ပြီးနားထောင်နေတယ်။ အိုဂါနီကတော့ ပါးစပ်ကိုဖြည်းဖြည်းချင်းဟလိုက်ပြီး “မင်းအနေနဲ့ ဆိုဖီယာကို နံပါတ်တစ်အဖြစ်ထားပေးနိုင်မလား။”
ဒီစကားကိုကြားတော့ ကျန်တဲ့သူတွေအားလုံးက မက်ဒါနာကို အထိတ်တလန့်နဲ့ကြည့်လိုက်ကြတယ်။ မက်ဒါနာကလည်း သူတို့ကိုပြန်ကြည့်လိုက်ပြီး ဖြေရခက်နေတယ်။
“မင်းမဖြေနိုင်ဘူးလား... ဒါဆိုရင် မင်းအတွက် နံပါတ်တစ်က ဘယ်သူလဲ...”
မက်ဒါနာက သက်ပြင်းချလိုက်ပြီး “ကျွန်မက သူတို့တွေအားလုံးကို တန်းတူညီမျှချစ်တာ။”လို့ ပြန်ဖြေလိုက်တယ်။ တစ်ဖက်မှာတော့ အိုဂါနီက မျက်နှာပျက်သွားပြီး...
“မင်းက ဆုံးဖြတ်ချက်မပြတ်သားတဲ့ အမှိုက်ကောင်ပဲ။” လို့ပြောရင်း လက်ကိုမြှောက်လိုက်တယ်။ နောက်မှာရပ်နေတဲ့ အေမီကလည်း ဆက်ရပ်ကြည့်မနေတော့ဘဲ ရှေ့ကိုထွက်လာပြီး တံစဥ်နဲ့ရွယ်လိုက်တယ်။
“မမလေးကိုမထိခင် ဒီကိစ္စကိုနှစ်ခါပြန်စဥ်းစားကြည့်လိုက်။”
“မင်းတို့အားလုံးက အယ်ဖာအဆင့်တွေဖြစ်နေတာနဲ့ ငါက အလျှော့ပေးမယ်လို့ထင်နေတာလား။ အိုဂါနီဆိုတဲ့ငါက ပိုးကောင်ဘုရင်မကိုတောင် ကြောက်တာမဟုတ်ဘူး။”
အေမီကလည်း အိုဂါနီရှေ့ဆက်တိုးမယ့်ပုံပေါ်တာတွေ့တော့ အေမီလည်း ညှာမနေတော့ဘဲ ဝတ်စုံအပြည့်ပြောင်းကာ တိုက်ဖို့ပြင်တယ်။ ဒါပေမဲ့ အိုဂါနီဆီကနေ စိတ်စွမ်းအင် လှိုင်းတွေထွက်လာပြီး အေမီကို လှုပ်မရအောင်ချုပ်လိုက်တယ်။ နောက်တော့ အေမီဟာ လက်သီးတစ်ချက်နဲ့တင် အမှောက်သိပ်ခြင်းခံလိုက်ရတယ်။
“ဒီလိုလုပ်လို့ရမလား....” ဖရာလီတာကလည်း Archmegaကိုဆင့်ခေါ်လိုက်ပြီး လင်ဒါနဲ့ဖလေရာကလည်း အသီးသီးဝတ်စုံတွေ ပြောင်းဝတ်ပြီး မက်ဒါနာကိုကာကွယ်ဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဘာမှဆက်မဖြစ်ခင်မှာဘဲ ဆိုဖီယာက ကြားဝင်လာပြီးပြောလိုက်တယ်။
“အဖေ.... ဒီကိစ္စကို ကျွန်မဘာသာကျေနပ်လို့ လက်ခံခဲ့တာ။ ထပ်ပြီးအကြမ်းဖက်လို့ကတော့ အမေနဲ့တိုင်ပြောမှာ။”
“.... ငါ့သမီးက... ငါ့ကို... ငါ့မိန်းမနဲ့တိုင်မှာ....”
အဲဒီနောက်တော့ ဒေါသထွက်နေတဲ့ ဘီလူးကြီးအိုဂါနီက ချက်ချင်းငြိမ်ကျသွားပါလေရော။ အီဂိုကတော့ သူ့မျက်နှာသူ လက်ဝါးနဲ့ရိုက်လိုက်ရင်း...
“နယူးယောက်မြို့ပေါ်မှာ အယ်ဖာတွေအုပ်လိုက်ကြီး ထချတော့မယ်ထင်နေတာ။ ကံကောင်းပြီး အိုဂါနီက မိန်းမကို သေမတတ်ချစ်တဲ့သူဖြစ်နေတာပဲ။”
မက်ဒါနာလည်း နားမလည်နိုင်တော့နဲ့ ခေါင်းကိုစောင်းငဲ့ပြီး အိုဂါနီကိုကြည့်လိုက်တယ်။ အေမီကတော့ မက်ဒါနာနားလည်တာ သေချာစေဖို့ နောက်ကနေ တီးတိုးပြောလိုက်တယ်။
“မိန်းမကို သေမတတ်ချစ်တဲ့သူဆိုတာ တစ်နည်းအားဖြင့် မိန်းမစိတ်ဆိုးမှာကို သေမတတ်ကြောက်တဲ့သူလို့ အဓိပ္ပါယ်ရပါတယ် မမလေး။”
“.....” အံ့ဩလွန်းလို့ ဘာစကားမှထွက်မလာနိုင်တော့တဲ့ မက်ဒါနာ။
အဲဒီနောက်တော့ ချွေးမ၊ ယောက္ခမနဲ့ သမီးဖြစ်သူရဲ့ပြိုင်ဖက်တွေ ငြိမ်းချမ်းရေး သဘောတူညီမှုရသွားပြီး နောက်ဖြစ်တော့မယ့် အရာတွေအတွက် ဆွေးနွေးကြပါတယ်။
“မင်းတို့ကမ္ဘာပေါ်က စီးချင်းထိုးပွဲသတင်းကြောင့် စကြဝဠာထဲမှာလည်း ဖက်ဒရေးရှင်းနဲ့အင်ပါယာက အပစ်အခတ်ရပ်ဆဲထားတယ်။ အားလုံးက ရလဒ်ကို စောင့်နေကြတာ။ ကမ္ဘာဂြိုဟ်က တတိယအင်အားစုပေမဲ့ ရလဒ်က ငါတို့ဖက်ဒရေးရှင်းအတွက် သိပ်အရေးကြီးတယ်။ မင်းတို့နိုင်ရင် ဖက်ဒရေးရှင်းအတွက် အသက်ရှုချောင်မှာ၊ မင်းတို့ရှုံးရင်တော့ ဖက်ဒရေးရှင်းက အသက်ဆက်ဖို့ ရုန်းကန်ရတော့မှာ။”
တစ်ဖက်မှာတော့ အေမီက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။ “ကျွန်မကတော့ မမလေးနိုင်မှာ ကျိန်းသေတယ်လို့ ပြောရဲတယ်။ ပိုးကောင်ဘုရင်မက ပြိုင်ပွဲမစခင်မှာကတည်းက သူ့ကိုယ်သူသံသယဝင်နေပြီး စိတ်အခြေအနေကောင်းမနေဘူး။ ဒါကိုကျွန်မကိုယ်တိုင် မြွေနက်ကိုသုံးပြီးစမ်းသပ်ပြီးသား။ အဆင့်တူချင်းယှဥ်ရင် စိတ်ဓာတ်ပြတ်သားတဲ့သူက နိုင်မှာပဲ။”
နောက်တော့ အေမီက ဥစာကီမှာရှိနေတဲ့ လူသားမိသားစုဝင်တွေကို တွယ်တာတဲ့စိတ်အကြောင်း ရှင်းပြတယ်။ ကျန်တဲ့သူတွေကလည်း ခိုင်မာတဲ့အားကိုးစရာတစ်ခုအဖြစ်မြင်ကြတယ်။ အိုဂါနီကိုယ်တိုင်က လွဲလို့ပေါ့။
“ငါကတော့ လုံလောက်တယ်မထင်ဘူး။ ပိုးကောင်တွေမှာက ရှုံးလို့မရတဲ့ အကြောင်းအရင်း ရှိနေပြီးသားမလို့ ဘုရင်မကလည်း သူချစ်တဲ့သူတွေ ရှိနေရင်တောင်မှ ဒီတိုက်ပွဲကိုနိုင်အောင်လုပ်လိမ့်မယ်။ ဘာလို့ဆိုရင် အဲဒီနည်းလမ်းတစ်ခုကသာ သူချစ်တဲ့သူတွေကို ကာကွယ်ပေးနိုင်မှာမလို့။”
အိုဂါနီက သူတို့မသိသေးတာတစ်ခုကို သတိထားပုံရတာကြောင့် မက်ဒါနာမျက်ခုံးပင့်လိုက်တယ်။ အိုဂါနီကတော့ ခပ်ရှင်းရှင်းပဲပြောတယ်။
“ပိုးကောင်တွေနဲ့တခြားမျိုးနွယ်တွေရဲ့စစ်ပွဲက စကြဝဠာအဆုံးအထိ ဆက်ပြီးရှိနေဦးမှာ။ ဒီတော့ ဥစာကီသာ ပြိုင်ပွဲမှာရှုံးပြီးအသတ်ခံလိုက်ရရင် နောက်ပေါ်လာတဲ့ဘုရင်မက သူချစ်တဲ့သူတွေကို ချမ်းသာပေးဖို့ မကျိန်းသေတော့ဘူး။ ဒီတော့ သူအသက်ရှင်နေမှ သူချစ်တဲ့သူတွေကို ကာကွယ်နိုင်မှာဖြစ်လို့ မနိုင်မချင်းတိုက်လိမ့်မယ်။ ပိုးကောင်ဘုရင်မဆိုတဲ့တည်ရှိမှုကိုက စိတ်ရောခန္ဓာကိုယ်ပါ အပြစ်သားသခင်ကြီးဆီမှာ အချုပ်အနှောင်မိနေတဲ့ အရာတစ်ခုလေ။”
အပြစ်သားသခင်ကြီးဆိုတဲ့စကားကြောင့် မက်ဒါနာက မျက်ခုံးပင့်လိုက်တယ်။ အဲဒီစကားလုံးကို မက်ဒါနာက ရင်းနှီးနေပြီးသား။ သားရဲတွေအဆိုအရ သူတို့မူလ စကြဝဠာပို ဖျက်ဆီးခဲ့တဲ့တည်ရှိမှုမျိုးလေ။
“ပိုးကောင်မျိုးနွယ်က အစားကြူးအပြစ်သားရဲ့အိပ်မက်နတ်ဆိုးလေးတွေ။ အဆိုးဆုံးအဖျက်မိစ္ဆာကြီးပြန်ပေါ်ထွက်မလာစေဖို့ အတင်းအကျပ်ဖိအားပေးခံရပြီး ဗီလိန်ဇာတ်သွင်းခံရတဲ့ စကြဝဠာထဲက သနားစရာအကောင်းဆုံးတည်ရှိမှုတွေပဲ။ အနည်းဆုံးတော့ ငါတို့ဖက်ဒရေးရှင်းရဲ့ကျောက်စာတိုင် ခုနစ်ခုက အဲဒီလိုပြောထားတယ်။”
နောက်တော့ လောကကြီးရဲ့ဟန်ချက်ညီမျှမှုအတွက် ဖက်ဒရေးရှင်းနဲ့ပိုးကောင်အင်ပါယာ ထာဝရတိုက်ခိုက်နေရမယ့် ကံကြမ္မာအကြောင်းကို အိုဂါနီက မက်ဒါနာတို့အုပ်စုကို ရှင်းပြလိုက်ပါတယ်။
“အဖေက တကယ်ကြီးကျောက်စာတိုင်တွေကို ဖတ်နိုင်တာလား။ တခြားကောင်စီဝင်တွေတောင် အဲဒီအကြောင်းမသိကြဘူး။”
ဆိုဖီယာက ပြောလိုက်တယ်။ အီဂိုကိုယ်တိုင်ကလည်း ဒီလျှို့ဝှက်ချက်ကြောင့် မျက်လုံးပြူးနေပါတယ်။
“အဲဒီဝှက်စာတွေကိုဖတ်နိုင်တာက စကြဝဠာထဲမှာ ငါတစ်ယောက်ပဲရှိတယ်။ နတ်ဘုရားအသံတွေရဲ့ခေါင်းဆောင်တွေသာ သင်ကြားခွင့်ရတဲ့ ဖန်ဆင်းရှင်ရဲ့ဝှက်စာ။ ငါတို့က ဖန်ဆင်းရှင်နဲ့အနီးစပ်ဆုံးမလို့ ဒီလျှို့ဝှက်ချက်ကို ကာကွယ်ဖို့တာဝန်ရှိတယ်။”
“ဒါဆိုရင် ရှင်ကဘာလို့ ကျွန်မတို့အုပ်စုကို ပြောပြတာလဲ။”
အိုဂါနီက ပခုံးတွန့်ပြလိုက်ပြီး “မင်းတို့က ပိုးကောင်ဘုရင်မနဲ့မကြာခင် ရင်ဆိုင်ရတော့မယ့်သူတွေမလို့ ရလဒ်တစ်ခုခုများ ပြောင်းသွားလေမလားပေါ့။”
မက်ဒါနာကတော့ ကျောက်စားပွဲပြင်ပေါ်မှာ တင်ထားတဲ့ သူ့လက်တွေကို ကြည့်လိုက်ပြီး... “ဥစာကီက ဆိုးယုတ်တဲ့သူမဟုတ်ပေမဲ့ ဆိုးယုတ်မှဖြစ်မယ့် လမ်းကြောင်းပေါ်မှာလျှောက်ဖို့ ဖိအားပေးခံထားရတာပဲ။”
“မက်ဒါနာ... နင်မဟုတ်တဲ့အတွေးတွေ တွေးနေပြန်ပြီလား။”
“ငါဆုံးဖြတ်လိုက်ပြီ... ငါတို့နှစ်ယောက်ရဲ့စီးချင်းတိုက်ပွဲက ကမ္ဘာနဲ့ပိုးကောင်တွေရဲ့ကံကြမ္မာကိုပဲ အဆုံးဖြတ်ပေးမယ့် တိုက်ပွဲမဟုတ်တော့ဘူး... ဥစာကီရဲ့ကံကြမ္မာကိုပါ ပြောင်းလဲပေးဖို့ ကြိုးစားရမယ်။”