← Chapters

ရှန့်ပင်းယင်ကို အန္တရာယ်ပြုခြင်း

Vol. 95 Ch. 1237

ရှန့်ပင်းယင်ကို အန္တရာယ်ပြုခြင်း

Vol. 95 Ch. 1237

သန်းပေါင်းများစွာသော စစ်သည်တော်များနှင့် တပ်မှူးများရှိသော နတ်ဘုရားမြို့တစ်မြို့လုံးသည် မဟာဧကရာဇ်၏ အသံလွှင့်စက်ပမာ ဖြစ်လာကြသည်။

ချင်မူ မကြောက်ဘူးဆိုလျှင် လိမ်ညာရာ ကျလိမ့်မည်။ မဟာဧကရာဇ်၏ အသိစိတ်အလျဉ်က အားကောင်းလွန်းသောကြောင့် နံပါတ်တစ် ကောင်းကင်ဆရာသခင် ရှန့်ပင်းယင်ပင်လျှင် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ကာ ပြန်လည်မတွန်းလှန်နိုင်ချေ။

ရှန့်ပင်းယင်ကဲ့သို့ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးပင်လျှင် မဟာဧကရာဇ်အသိစိတ်အလျဉ်၏ ကျူးကျော်ခြင်း ခံရသည့်အခါ မည်သည်ကိုမှ မလုပ်နိုင်တော့ပေ။ သူသည် မဟာဧကရာဇ်၏ ပူးကပ်ခြင်း ခံခဲ့ရသည်ကိုပင် မှတ်မိလိမ့်မည်မဟုတ်။

ချင်မူက စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း ပြုံးလိုက်သည်။ “တာအိုမိတ်ဆွေ မဟာဧကရာဇ်၊ စကားပြောချင်တာလား… အဲဒါဆိုလည်း စကားပြောကြတာပေါ့… ခင်ဗျား ဘာများပြောချင်တာလဲ”

ရှန့်ပင်းယင်က ခပ်ရေးရေး ပြုံးသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ထက်မြတ်တဲ့သူတစ်ယောက်ပါ… ငါဘာပြောချင်သလဲ မင်းသိသင့်ပါတယ်”

ချင်မူ၏ မျက်နှာက တည်သွားပြီး သူက တည်ငြိမ်လေးနက်စွာ တုံ့ပြန်သည်။ “ပရမတ္တကမ္ဘာရဲ့ ဖန်ဆင်းရှင်တွေ…. ကျွန်တော်တို့ ဒီအကြောင်းကို ပြောလို့မရဘူး.. တာအိုမိတ်ဆွေ ဒီအကြောင်းပြောဖို့ လာတာဆိုရင် ပြန်လိုက်ပါတော့… ကျွန်တော် မညှိနှိုင်းနိုင်ဘူး”

ရှန့်ပင်းယင်က တဟားဟား ရယ်လိုက်သည်။ “ကောင်းတယ်…. ဒါဆိုလည်း ဖန်ဆင်းရှင်တွေအကြောင်း မပြောဘဲ နေကြတာပေါ့… ငါ မင်းရဲ့ မျက်ခုံးနှစ်ဖက်ကြားမှာရှိတဲ့ ထိုက်ချူမူလကျောက်တုံးအကြောင်း ပြောဖို့ လာခဲ့တာ”

ချင်မူ၏ မျက်လုံးထောင့်များ တွန့်သွားသည်။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးမှာ ပုံမှန်ဆိုလျှင် ပိတ်ထား၏။ တခြားသူများသည် သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် အဖုအထစ်တစ်ခုကိုသာ မြင်ရပြီး မျက်လုံးတစ်လုံးရှိနေမှန်း မမြင်နိုင်ကြချေ။

ချင်မူက လိုအပ်သည့်အချိန်မှသာ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးအား ဖွင့်၏။ ဤမျက်လုံး၏ စွမ်းအားမှာလည်း အံ့ဩမှင်သက်ဖွယ်ကောင်းလှ၏။ ၎င်းက သူငယ်အိမ်အနေဖြင့် ထိုက်ချူမူလကျောက်တုံးကိုပင် အသုံးပြုထားလေသည်။

မဟာဧကရာဇ်အနေဖြင့် ထိုမျက်လုံးအား အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့သည်။

ထိုက်ချူမူလကျောက်တုံး၏ ပထမဆုံးပိုင်ရှင် ဖြစ်ခဲ့သည့် မဟာဧကရာဇ်အား သူ မလှည့်စားနိုင်ပေ။

“ခင်ဗျားက ထိုက်ချူမူလကျောက်တုံးကို လိုချင်တာလား”

ချင်မူက ပြုံးလျက် ပြော၏။ “မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး… ခင်ဗျား ဘာနဲ့ လဲမှာလဲ”

“မဟာလေဟာနယ် ရွှင်ပျော်ပျော်ကျေးရွာနဲ့ ဖန်ဆင်းရှင်တွေရဲ့ အသက်နဲ့”

ရှန့်ပင်းယင်က ပြောသည်။ “မင်း ငါ့ကို ထိုက်ချူမူလကျောက်တုံး ပေးတာနဲ့ ငါ ချက်ချင်း ရွှင်ပျော်ပျော်ကျေးရွာနဲ့ မဟာလေဟာနယ် ဖန်ဆင်းရှင်တွေနဲ့ ရန်သူဖြစ်နေတာ ရပ်ပြီး ထွက်ခွာသွားပေးမယ်…. အတိတ်က ရန်ငြိုးတွေကိုလည်း ချေဖျက်ပစ်လိုက်လို့ရတယ်”

ချင်မူက အပြုံးမဟုတ်သည့် အပြုံးဖြင့် တုံ့ပြန်သည်။ “ဖြစ်မလာသေးတဲ့အနာဂတ်အတွက် ပစ္စုပ္ပန်က အကျိုးအမြတ်နဲ့ လဲလှယ်ခိုင်းနေတာတဲ့… မဟာဧကရာဇ်ဗျာ ခင်ဗျား သေချာ စီစဉ်ခဲ့တာပါလား… ခင်ဗျားက ခင်ဗျားရဲ့ပိုင်ဆိုင်မှုတစ်ခုကိုမှ မစွန့်ဘဲ အကျိုးအမြတ်ရဖို့ ကြိုးစားနေတာပဲ… ရွှင်ပျော်ပျော်ကျေးရွာနဲ့ မဟာလေဟာနယ်ဖန်ဆင်းရှင်တွေရဲ့ အသက်က ခင်ဗျားလက်ထဲမှာ မဟုတ်သရွေ့ ကျွန်တော် ခင်ဗျားနဲ့ အပေးအယူမလုပ်နိုင်ဘူး… အခု ရွှင်ပျော်ပျော်ကျေးရွာနဲ့ မဟာလေဟာနယ်ဖန်ဆင်းရှင်တွေက အဆင်ပြေနေသေးတယ်… ကျွန်တော်က အရူးဆိုရင်တော့ ခင်ဗျားနဲ့ အပေးအယူ လုပ်ရင်လုပ်မှာပေါ့… ပြန်ပြောင်းပြီးတော့ ကမ်းလှမ်းပါ”

ရှန့်ပင်းယင်က သူ့အား စိုက်၍ ကြည့်နေသည်။ “မင်းကို သတ်ပြီး ထိုက်ချူမူလကျောက်တုံး ယူသွားမှာ မကြောက်ဘူးလား”

ချင်မူက ပြုံးလျက် ဖြေသည်။ “ခင်ဗျားသာ လုပ်နိုင်မယ်ဆိုရင် လုပ်ခဲ့တာ ကြာရောပေါ့… ရှန့်ပင်းယင်နဲ့ မြောက်ဖက်ဂိုဏ်းစစ်တပ်က စွမ်းအားကြီးပါတယ်… ဒါပေမဲ့ ခင်ဗျားက စစ်တပ်တွေအများကြီးကို တစ်ပြိုင်တည်း ထိန်းချုပ်ထားရတာ… ခင်ဗျားအနေနဲ့ သူတို့ကို စေစားဖို့ ခက်ခဲလိမ့်မယ်…. ကျွန်တော်ကလည်း ခင်ဗျားရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်မှာ ပြစ်ချက်တစ်ခု တွေ့ထားတာဆိုတော့ ကျွန်တော့်ကို သတ်ချင်ရင် တစ်ချက်တည်းနဲ့ သတ်မှရလိမ့်မယ်…. မဟုတ်ရင် ကောင်းကင်နတ်အရှင်ရှုနဲ့ ကောင်းကင်နတ်အရှင်ဟောင် သတိထားမိသွားပြီး ခင်ဗျား ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

ရှန့်ပင်းယင်မှာ တခဏကြာ တိတ်ဆိတ်နေပြီးနောက် မေး၏။ “မင်း ဘယ်လို အပေးအယူ လုပ်ချင်လဲ”

“ကောင်းကင်နတ်ဘုံက တတိယမြောက် ကောင်းကင်နတ်အရှင်ကို သေချာပေါက် လွှတ်လိမ့်မယ်… အဲဒီကောင်းကင်နတ်အရှင်ကို ခင်ဗျား ၀င်နှောင့်ယှက်ပြီး မဟာလေဟာနယ်ဆီ ဆင်းသက်မလာအောင် တားဆီးပေးပါ”

ချင်မူ ပြတ်သားစွာ ပြောသည်။ “ခင်ဗျား အဲဒီလိုလုပ်ပေးမယ်ဆိုရင် ကျွန်တော် နတ်မျက်လုံးထဲကနေ ထိုက်ချူမူလကျောက်တုံးကို ‌ကလော်ထုတ်ပြီး ခင်ဗျားဆီ ပေးမယ်”

ရှန့်ပင်းယင်က တခဏ တွေးတောနေပြီးနောက် ပြောသည်။ “ဒါဆိုရင် တတိယကောင်းကင်နတ်အရှင်က ကောင်းကင်နတ်အရှင်ဟောင်ပဲ ဖြစ်ရမယ်… ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်တွေရဲ့ ခေါင်းဆောင်ဖြစ်တော့ သူ့ရဲ့အစွမ်းအစတွေက တိုင်းတာလို့မရဘူး…”

ချင်မူက စိတ်မဝင်စားသည့်အလား ပြောသည်။ “ဒါ့အပြင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုလည်း ခေါ်ကောင်းခေါ်လာနိုင်တယ်…. ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနဲ့သာဆိုရင် သူ့ရဲ့အစွမ်းအစက ပိုပြီးတောင် ကြောက်ဖို့ကောင်းသွားလိမ့်မယ်…. ကမ္ဘာဦးခေတ်ရဲ့ နံပါတ်တစ် အုပ်ချုပ်သူဖြစ်တဲ့ မဟာဧကရာဇ်အနေနဲ့ သူ့ကို ရင်ဆိုင်နိုင်လောက်ပါတယ်နော်”

“ငါ့ကို လာပြီးတော့ တွန်းအားမပေးနဲ့… မင်းရဲ့အကွက်ထဲ ၀င်မှာမဟုတ်ဘူး”

ရှန့်ပင်းယင်က အေးအေးလူလူ တုံ့ပြန်သည်။ “ငါ့ရဲ့အသိစိတ်အလျဉ်က အန္တိမဟင်းလင်းပြင်မှာ အထိုင်ကျသွားပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ ဖြစ်လာခဲ့တယ်…. ငါက ဘယ်တော့မှ သေမှာမဟုတ်သလို ငါ့ကို ဖျက်ဆီးလို့လည်းမရဘူး… ငါက မဟာတာအိုမှာ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ… ကောင်းကင်နတ်အရှင်ဟောင်က စွမ်းအားကြီးပေမယ့် ပြိုင်ဘက်ကင်းတာတော့မဟုတ်ဘူး…. ငါ သူ့ကို ကြားဖြတ်တိုက်နိုင်တယ်…. ထိုက်ချူမူလကျောက်တုံးကိုသာ အသင့်ပြင်ထားလိုက်”

ချင်မူက ပြုံး၏။ “မဟာဧကရာဇ်က ကျွန်တော့်ကို သိပ်ယုံတာပဲလား”

ရှန့်ပင်းယင်က စိတ်မ၀င်စားစွာ ဖြေသည်။ “မင်း အဆင်သင့်ပြင်မထားရင် ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာသား အကုန်လုံးရဲ့ ကိုယ်ထဲမှာ ကပ်ပါးကောင်အဖြစ် နေထိုင်ပစ်လိုက်မယ်”

ချင်မူ တုန်လှုပ်သွားသည်။

ရှန့်ပင်းယင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ ရုတ်တရက် နတ်ဘုရားမြို့ထဲရှိ စစ်သည်တော်အားလုံး အသိစိတ်ပြန်ကပ်လာကြပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြလေသည်။

ရှန့်ပင်းယင်လည်း အသိစိတ်ပြန်ဝင်လာသည်။ သူသည် တစ်စုံတစ်ခုကို အာရုံခံစားမိသည့်အလား ဇဝေဇဝါဖြင့် ဟိုဟိုဒီဒီ ကြည့်နေ၏။ သို့သော် မကြာမီမှာပင် ချင်မူ ရောက်လာသည်ကို သတိထားမိသွားပြီး အံ့ဩမှင်သက်သွားသည်။ သူက နှုတ်ဆက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဘယ်တုန်းက ရောက်လာတာလဲ”

ချင်မူက ရိုသေလေးစားစွာ ပြန်ဖြေသည်။ “အခုလေးတင်ပါပဲဗျာ… ကောင်းကင်ဆရာသခင် အတွေးနက်နေတာတွေ့လို့ မနှောင့်ယှက်တာပါ”

ရှန့်ပင်းယင်က ပြုံးသည်။ “ကောင်းကင်နတ်အရှင်၊ ကျုပ်ရဲ့ ဝင်္ကပါအခင်းအကျင်းကို လာပြီးအကဲခတ်တာများလား”

ချင်မူမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။ “ကောင်းကင်ဆရာသခင်ရဲ့ ၀င်္ကပါအခင်းအကျင်းကို လွန်ခဲ့တဲ့ နှစ်ခြောက်သိန်းထဲက မြင်ခဲ့ပြီးပါပြီ…. တကယ်ကို အံ့မခန်းလိလိပါပဲ…. ကောင်းကင်ဆရာသခင် ယှဉ်ပြိုင်ချင်သေးရင် ကျွန်တော် တိုက်ကွက်ဖလှယ်ဖို့ လုံရှန်းဆန်းရန်ကို ဖိတ်ခေါ်ပေးပ့ါမယ်”

ရှန်းပင်းယင်မှာ သိသိသာသာ မျက်နှာပျက်သွားပြီး သူ၏တာအိုနှလုံးသားထဲရှိ အတွင်းဒဏ်ရာများမှာ ပြန်ပွင့်ကုန်တော့သည်။ သူက လွန်ခဲ့သည်နှစ်ခြောက်သိန်းတုန်းက ကောင်းကင်နတ်မြစ်ပေါ်မှ ကြောက်မက်ဖွယ် မြင်ကွင်းကို ပြန်လည်သတိရသွား၏။

ချင်မူက သူ့ပခုံးကို ပုတ်၍ နတ်ဘုရားမြို့မှ ထွက်သွားသည်။ “နှစ်ခြောက်သိန်းတောင် ရှိခဲ့ပြီမဟုတ်လား…. ဖြေရှင်းဖို့ နည်းလမ်းကို တွေ့ပြီးပြီလို့ ထင်ပါတယ်… ခေတ်နောက်ကျနေလွန်းတာ ကံဆိုးတာပဲ”

ရှန့်ပင်းယင်၏ မျက်နှာအမူအရာမှာ ချင်မူ ထွက်ခွာသွားသည်ကို ကြည့်ရင်း အမျိုးမျိုးပြောင်းလဲနေသည်။ သူ့မှာ ချင်မူ့ကို သတ်ချင်နေပါသော်လည်း စိတ်ထိန်းရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

လွန်ခဲ့သည့် နှစ်ခြောက်သိန်းတုန်းက လုံရှန်းဆန်းရန်၊ ဖန်သားကောင်းကင်စေတီ၊ မဟူရာလိပ်ကောင်းကင်နန်းဆောင်…. ထိုတိုက်ပွဲကား သူ့ဘဝတွင် အကြီးမားဆုံးရှုံးနိမ့်မှုကြီး၊ သူ့ဘဝ၏ အရိပ်မည်းကြီး ဖြစ်ပေသည်။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ရုတ်တရက် အော်ဟစ်လိုက်သည်။ “ကျုပ် ထပ်ရှုံးမှာမဟုတ်ဘူး ကောင်းကင်နတ်အရှင်”

ချင်မူက ရပ်လိုက်ပြီး နောက်လှည့်ကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။ “တကယ်လား”

“တကယ်ပဲ”

ရှန့်ပင်းယင်၏ ဝတ်ရုံသည် လေနှင့်အတူ မျောလွင့်နေပြီး လေအဟုန်နှင့်အတူ ထွက်ခွာသွားတော့မည့်ပုံ ပေါ်နေသည်။ သူက တည်ကြည်လေးနက်စွာ ပြောသည်။ “လုံရှန်းဆန်းရန် ပြန်လာမယ်ဆိုရင်တောင် ကျုပ်ဆီက လက်သီးချက်လေးတစ်ချက်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး… ကျုပ်ရဲ့ နှစ်ခြောက်သိန်းက အလဟဿ မဖြစ်ခဲ့ဘူး… ကျုပ်ကို အထင်မသေးပါနဲ့ ကောင်းကင်နတ်အရှင်”

ချင်မူက ပြန်လှည့်လာ၍ နွေးထွေးစွာ ပြုံးလိုက်သည်။ “ကျွန်တော် လုံရှန်းဆန်းရန်နဲ့ ဖန်သားကောင်းကင်စေတီကို တွေ့ခဲ့ဖူးတယ်.. ကျွန်တော်တို့ရဲ့ မိတ်ဆွေသံယောဇဉ်ကြောင့် သူ့ရဲ့၀င်္ကပါအောင်မြင်မှုတွေကို သိခဲ့ရတယ်…. ပထမကောင်းကင်ဆရာသခင်က ရန်သူကို အနိုင်ယူနိုင်ဖို့ စိတ်အားထက်သန်နေမှတော့ သူ့၀င်္ကပါအကြောင်း ခင်ဗျားကို ပြပေးပါ့မယ်”

သူ၏ ချီစွမ်းအင်က ပေါက်ကွဲထွက်လာပြီး ဖန်သားကောင်းကင်စေတီ၏ ကောင်းကင်ဘုံ ၂၈ ဘုံထဲသို့ စီးဆင်းသွားသည်။ နတ်ဘုရားမျိုးစုံသည် ထူးဆန်းသော ရတနာများကို လှည့်ပတ်၍ ၀င်္ကပါများ ခင်းကျင်းနေကြ၏။ ကောင်းကင်ဘုံ ၂၈ ဘုံမှာ အဆက်မပြတ် ပြောင်းလဲနေပြီး ဝင်္ကပါသည် အလွန်အသေးစိတ်ကျနေပြီး အသွင်ပြောင်းနိုင်သော စွမ်းအားများ ကိန်းဝပ်နေ၏။

ချင်မူက ကိုယ်ချင်းစာနေသော မျက်နှာအမူအရာဖြင့် အကြံပေးသည်။ “ကောင်းကင်ဆရာသခင်၊ ၀င်္ကပါကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းကို အရင်စဉ်းစားကြည့်ပါ…. ဒါမှ လုံရှန်းဆန်းရန် ရောက်လာတဲ့အခါကျ စိတ်ရှုပ်ထွေးမနေမိမှာ… ကျွန်တော် သွားပါတော့မယ်” ထိုသို့ပြောပြီးနောက် သူက ချာခနဲ လှည့်ကာ ထွက်ခွာသွားသည်။

ရှန့်ပင်းယင်သည် ကောင်းကင်ဘုံ ၂၈ ဘုံ၏ ၀င်္ကပါကို ကြည့်ရင်း နဖူး၌ ချွေးသီးချွေးပေါက်များ စီးကျလာတော့၏။ သူသည် တပ်ဖွဲ့များအား မည်သို့နေရာချထား၍ ၀င်္ကပါများကို မည်သို့ခင်းကျင်းရမည်လဲ အပြင်းအထန် တွေးတောကာ ကောင်းကင်ဘုံ ၂၈ ဘုံ၏ ၀င်္ကပါကို ချိုးဖျက်ရန် ကြိုးစားနေသည်။

ဤ၀င်္ကပါမှာ သူ ယခင်က မြင်ဖူးသော ဖန်သားကောင်းကင်စေတီနှင့် မတူချေ။ ဖန်သားကောင်းကင်စေတီထဲရှိ ရတနာအားလုံးမှာ ပြုပြင်မွမ်းမံခံထားရသောကြောင့် ပိုမိုရှုပ်ထွေးကာ စွမ်းအားကြီးလေသည်။

ထိုမျှသာမက ဖန်သားကောင်းကင်စေတီ၏ တစ်ခုတည်းသော အားနည်းချက်အား လုံရှန်းဆန်းရန်က ဖြေရှင်းခဲ့ပြီးပြီဖြစ်သည်။

ကောင်းကင်ဆရာသခင် ယွဲ့ထင်းကဲက ဖန်သားကောင်းကင်စေတီ၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲသည်။ ၎င်းက ဗဟိုချက်ကောင်းကင်စက်လုံးပင် ဖြစ်၏။ ကောင်းကင်ကို ဆောက်နှင့်ထွင်းလိုက်သကဲ့သို့ ကောင်းကင်စက်လုံး၏ အလယ်ဗဟိုအား ထုနှက်ကာ ဝင်္ကပါအား ဖျက်စီးနိုင်ခဲ့သည်။

သို့သော် ထိုအားနည်းချက်မှာ ယခုတွင် မရှိတော့ပေ။

ရှန့်ပင်းယင်မှာ ၀င်္ကပါများအား အဆက်မပြတ် ချိုးဖျက်နေသည်။

အချိန်တစ်ခုကြာသွားပြီးနောက် ရှန့်ပင်းယင်၏ မျက်နှာကြီးတွင် သွေးမရှိတော့ပေ။ သူ့မှာ သွေးတစ်လုတ် အန်လိုက်ရပြီး သူ၏မျက်နှာမှာ ဝါကြင့်ကြင့် ဖြစ်လာသည်။ သို့သော် သူသည် ကောင်းကင်ဘုံ ၂၈ ဘုံ ၀င်္ကပါကို စိုက်ကြည့်၍ အသည်းအသန် အဖြေရှာနေသေး၏။

ဆယ်ရက်ကျော် ကုန်ဆုံးသွားပြီးနောက် သူ့မှာ ၀င်္ကပါထဲမှ ထွက်မလာနိုင်သေးသလို သူ၏အရှိန်အဝါမှာလည်း အားနည်းလာသည်။

နောက်ထပ် နှစ်တစ်၀က်ကုန်ဆုံးသွားပြီးနောက်တွင်တော့ ရှန့်ပင်းယင်မှာ ညှိုးခြောက်လျက် သေအံ့ဆဲဆဲ ဖြစ်နေချေပြီ။

ထိုသတင်းကို ကောင်းကင်နတ်အရှင်ဟွေ့ သိသွားသောအခါ ချက်ချင်း ရောက်လာပြီး ချင်မူ ချန်ထားခဲ့သည့် ချီစွမ်းအင်၀င်္ကပါကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် ရှန့်ပင်းယင်မှာ ဝင်္ကပါထဲမှ ထွက်မလာနိုင်သေးပေ။ ချင်မူ ချန်ထားခဲ့သည့် ကောင်းကင်ဘုံ ၂၈ ဘုံ ၀င်္ကပါမှာ သူ၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း အရာထင်ကျန်ခဲ့သောကြောင့် ဖျောက်ဖျက်၍ မရနိုင်တော့။

ကောင်းကင်နတ်အရှင်ဟွေ့က သွေးအန်လျက် ပင်ပန်းနွမ်းနယ်နေသော ရှန့်ပင်းယင်အား ကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ငါ့ရဲ့ အဖိုးတန်တပ်မှူးတစ်ယောက်ကို ဖျက်ဆီးပစ်ခဲ့တာပဲ”

“ကောင်းကင်နတ်အရှင်မူရဲ့ အပြစ် မဟုတ်ပါဘူး…”

ရှန့်ပင်းယင်က ကောင်းကင်နတ်အရှင်ဟွေ့၏ အဝတ်စကို ဆုပ်ကိုင်လျက် အားနည်းစွာ ပြောသည်။ “သူက ကျွန်တော့်အတွက် လုပ်ပေးခဲ့တာပါ…. လုံရှန်းဆန်းရန်ရဲ့ ၀င်္ကပါကို ကြိုပြီး သိထားစေချင်ခဲ့တာ… ကျွန်တော် ပြန်သက်သာလာစေရပါမယ်”

All Chapters