ချင်မူ၏ မဟာအကြံအစည်
Vol. 95 Ch. 1238
ကောင်းကင်နတ်အရှင်ဟွေ့မှာ ဒေါသကို ထိန်းမထားနိုင်တော့ချေ။ ရှန့်ပင်းယင်သည် တာအိုနှလုံးသားတွင် လိုအပ်ချက်ရှိနေသေးသည့်အတွက် ယခင်နှစ်များတုန်းက လုံရှန်းဆန်းရန်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့၏။ နောက်ပိုင်းတွင် ပြန်လည်သက်သာသွားသော်လည်း သူ့တာအိုနှလုံးသားတွင် ဒဏ်ရာများတော့ ကျန်ရစ်ခဲ့သေးသည်။
ယခုတွင် သူ့မှာ ‘လုံရှန်းဆန်းရန်’၏ ဝင်္ကပါထဲတွင် ပိတ်မိနေလေပြီ။ သူ့အား ကောင်းကင်နတ်ဘုံမှ ကုသပေးလျှင်တောင် လုံရှန်းဆန်းရန်၏ ၀င်္ကပါသည် သူ၏စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေသေးသောကြောင့် ၎င်းအား မည်သို့ချိုးဖျက်ရမည်ကိုသာ အမြဲတစေ တွေးတောနေလိမ့်မည်။
ထိုသို့အခြေအနေမျိုးတွင် ရှန့်ပင်းယန်အနေဖြင့် ခိုင်ဧကရာဇ်၏ အင်အားကြီးမားသော စစ်တပ်အား ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
ကောင်းကင်နတ်အရှင်ဟွေ့က မျက်မှောင်ကြုတ်၍ နတ်ဘုရားတစ်ပါးကို ဆင့်ခေါ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ ဘယ်မှာလဲ”
“ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်အရှင်မူက ဒီနေရာကနေ ထွက်သွားပြီးတော့ စတုတ္ထကောင်းကင်ဆရာသခင် ကျူရှောက်ပင်းနဲ့ သွားတွေ့ပါတယ် ... အဲဒါပြီးတော့ မြောက်ကောင်းကင်နတ်မင်းရီလော့ကို သွားတွေ့ပါတယ်ဗျ”
ကောင်းကင်နတ်အရှင်ဟွေ့က မျက်မှောင်ကြုတ်လိုက်သည်။ “သူက ကောင်းကင်နတ်မင်း ကျူရှောက်ပင်းနဲ့ သွားတွေ့တာလား… အခု အခြေအနေဘယ်လိုရှိသလဲ”
ထိုနတ်ဘုရားမှာ တွန့်ဆုတ်နေပြီးနောက် လျှောက်တင်သည်။ “ကောင်းကင်ဆရာသခင်ကျုကတော့ သိပ်ပြဿနာမရှိပါဘူး... ကောင်းကင်နတ်အရှင်မူနဲ့ ရယ်မောရင်း စကားလက်ဆုံကျနေခဲ့ပါတယ်… ကောင်းကင်နတ်အရှင်မူ ပြန်တုန်းကလည်း ကောင်းကင်နတ်မင်းကျူက တရိုတသေ လိုက်ပို့ခဲ့ပါသေးတယ်”
ကောင်းကင်နတ်အရှင်ဟွေ့သည် စိတ်အေးသက်သာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ကောင်းကင်ဆရာသခင်ကျူလည်း ချင်မူ့ဆီတွင် ရှုံးနိမ့်သွားခဲ့ပါက ကောင်းကင်နတ်ဘုံ၏ အင်အားနှစ်ရပ်အား ဆုံးရှုံးရပေလိမ့်မည်။
ထို့နောက် သူက ရှန့်ပင်းယင်ဆီ ကြည့်လိုက်သည်။ ကောင်းကင်နတ်ဘုံ၏ သမားတော်ဖြင့် ကုသပေးပြီးနောက် ရှန့်ပင်းယင်၏ အသားအရောင်မှာ သွေးရောင်ပြန်သမ်းလာပြီးသည်။ သို့သော် သူ့မှာ မကြာခဏ အာရုံထွေပြားနေတတ်သေးသည်။
“ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ်ကောင်းကင်ဆရာသခင်ကို သွေးတစ်စက် မကျဘဲနဲ့ ဖျက်ဆီးနိုင်ခဲ့တယ်… ဒီချင်မူကတော့…”
ကောင်းကင်နတ်အရှင်ဟွေ့ ခေါင်းကိုက်လာမိသည်။ ယခုတွင် ချင်မူ့အားနည်းချက်ကို မဖော်ထုတ်နိုင်တော့ပေ။ ရှန့်ပင်းယင်ပင်လျှင် ချင်မူသည် သူ့အား ထိခိုက်လိုစိတ်မရှိဘဲ အကြံဉာဏ်သာ ပေးခဲ့သည်ဟု ယုံကြည်နေလေသည်။ ကောင်းကင်နတ်အရှင်ဟွေ့အနေဖြင့် ချင်မူ့ကို တိုက်ခိုက်လိုလျှင်တောင်မှ အကြောင်းပြချက် ရှာမရချေ။
“သူ့ခရီးရဲ့ ရည်ရွယ်ချက်က ကောင်းကင်ဆရာသခင်လေးပါးနဲ့ ကောင်းကင်ဧကရာဇ်လေးပါးဆီ သွားလည်ဖို့ပဲ… ကောင်းကင်နတ်မင်းလေးပါးထဲက တစ်ပါးမှ သူ့လှည့်ကွက်ထဲ ဝင်မသွားဘဲ နေပါ့မလား...ပြောရခက်တယ်”
သူ ကျူရှောက်ပင်း၏ နတ်ဘုရားမြို့ဆီသို့ ရောက်လာသည့်အခါ အပြေးတစ်ပိုင်း လာကြိုသည်။ “ဘာအတွက်ကြောင့် ရောက်လာရပါသလဲ ကောင်းကင်နတ်အရှင်”
ကောင်းကင်နတ်အရှင်ဟွေ့ မေးသည်။ “ကောင်းကင်နတ်အရှင်မူ ဒီကိုလာခဲ့တုန်းက တစ်ခုခုများ လုပ်ခဲ့သေးလား”
ကျူရှောက်ပင်းက ပြုံးလျက် ဖြေသည်။ “ကောင်းကင်နတ်အရှင်မူက ကျွန်တော့်အခြေအနေကို လာစစ်ဆေးပြီးတော့ စစ်တပ်ရဲ့ ဝင်္ကပါအခင်းအကျင်းကို လာကြည့်သွားတာပါ…. ဒါပေမဲ့ သူ မြင်သွားတာက အသေးအဖွဲအပြောင်းအလဲတွေပါပဲ”
ကောင်းကင်နတ်အရှင်ဟွေ့သည် အင်းဟု အသံပြုပြီးနောက် မေးသည်။ “ငါ ကောင်းကင်နတ်အရှင်မူကို ဘယ်လိုရှင်းပစ်ရမလဲ”
ကျူရှောက်ပင်းမှာ ကောင်းကင်နတ်အရှင်ဟွေ့ တည့်တိုးပြောသည်ကို မြင်တွေ့ဖူးနေကြ မဟုတ်သဖြင့် ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် ဖြေသည်။ “ကောင်းကင်နတ်အရှင်မူကို ဘယ်သူပဲသတ်သတ် နာမည်ဆိုးထွက်မှာပါ…. အဲဒါကြောင့် အဲဒီနာမည်ဆိုးထွက်ခံမယ့်အစား တခြားသူကို ခေါင်းခံခိုင်းလိုက်တာ မကောင်းဘူးလား... ကျွန်တော့်မှာ အစီအစဉ်တစ်ခု ရှိပါတယ်… ကျွန်တော်တို့ မဟာလေဟာနယ်ကို တိုက်ခိုက်ရင် ကောင်းကင်နတ်အရှင်မူကို ရှေ့ဆုံးကနေ ဦးဆောင်ခိုင်းမယ်”
ကောင်းကင်နတ်အရှင်ဟွေ့က စိတ်တိုင်းမကျပေ။ “ချင်ယဲ့က သူနဲ့ ပူးပေါင်းနေတာ… သူ့ကို သတ်မှာမဟုတ်ဘူး”
ကျူရှောက်ပင်း ပြုံးလျက် ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ခိုင်ဧကရာဇ်က သူ့ကို မသတ်ဘူးဆိုတာ သေချာလို့လား… စစ်ပွဲထဲမှာ ဓားတွေ၊ လှံတွေက မျက်စိပါတာမဟုတ်ဘူး… ကောင်းကင်နတ်အရှင်မူက စစ်မြေပြင်မှာ သေဆုံးပြီး ခိုင်ဧကရာဇ်ရဲ့ သတ်တာခံလိုက်ရတယ်… ဒါက သဘာဝပဲ”
ကောင်းကင်နတ်အရှင်ဟွေ့သည် တခဏ တွေးတောနေပြီးနောက် မေး၏။ “ကောင်းကင်နတ်အရှင်မူ စစ်သည်တော်တွေကြားမှာ သေဆုံးသွားစေဖို့ မင်းအတွက် အင်အား ဘယ်လောက်လိုသလဲ”
ကျူရှောက်ပင်းက ဖြေသည်။ “ကောင်းကင်ယင်သားတော်က ဟူမုန့်ဒဲ၊ ကျို့ရှန့်ယင်နဲ့ ယွီဝူဖေးတို့ကို သူ့ကို လိုက်သတ်ခိုင်းခဲ့ပါတယ်… ကောင်းကင်နတ်အရှင်မူမှာ ဝှက်ဖဲတွေ အများကြီး ရှိတဲ့အပြင် သူ့ရဲ့သိုင်းအဆင့်ကို မှန်းဆဖို့ ခက်ခဲတယ်… ကောင်းကင်ရတနာနဲ့ ကောင်းကင်နန်းဆောင်အဆင့်တွေနဲ့ ယှဉ်ရင်တောင် သူ့အစွမ်းက နိမ့်လိုက်၊ မြင့်လိုက် ဖြစ်နေတော့ နားလည်ဖို့ ခက်ခဲတယ်”
ကောင်းကင်နတ်အရှင်ဟွေ့သည် မျက်မှောင်ကြုတ်လိုက်၏။ ချင်မူ၏ သိုင်းအဆင့်မှာ အမှန်တကယ်ပဲ ပဟေဠိဆန်သည်။
ကျူရှောက်ပင်းက အဖြေရှာနေသည်။ “သူက သိုင်းအခြေခံထဲမှာ မတူညီတဲ့ စနစ်တွေ အများကြီး ပေါင်းထည့်ခဲ့လို့ ဖြစ်မယ်… ကောင်းကင်နန်းဆောင်နဲ့ အဆင့်သတ်မှတ်တာဆိုရင် သူ့ရဲ့သိုင်းအဆင့်က အစစ်အမှန်နတ်ဘုရားအဆင့်ပဲ…. တာအိုအဆင့်နဲ့ အဆင့်ပိုင်းခြားထားတာဆိုရင် လမ်းစဉ်ကောင်းကင်ဘုံ ၂၇ ဘုံ၊ ၂၈ဘုံနဲ့ ညီမျှတယ်… ဒါပေမဲ့ အတိအကျ တိုင်းတာဖို့တော့ မလွယ်ကူဘူး”
သူက ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း ပြောသည်။ “သူနဲ့ ထိပ်တိုက်တွေ့မယ့် နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တွေသာ လမ်းစဉ်ထဲ ပိုပြီး နက်နက်နဲနဲ ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အစွမ်းအစတွေက အားနည်းသယောင် ထင်ရလိမ့်မယ်... သူတို့သာ ကောင်းကင်နတ်သိုင်းတွေနဲ့ပဲ လမ်းစဉ်ဝင်ရောက်ခဲ့တာဆိုရင် သူက သူတို့ထက် သာမန်အားကောင်းနေလိမ့်မယ် ... ပရမ်းပတာ ဖြစ်နေတဲ့ စစ်ပွဲထဲမှာ သူ့ကို သတ်ပစ်ဖို့အတွက် လမ်းစဉ်မြင့်မားတဲ့ နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တွေ ရှာလိုက်ရုံပဲ…. ကောင်းကင်ဘုံ ၂၇ ဘုံအဆင့် ဒါမှမဟုတ် ကျောက်စိမ်းမြို့တော်အဆင့်ဆိုရင် သူ့ကို သတ်နိုင်တယ်”
သူက အဖြေတစ်ခုပြီးတစ်ခု ရှာရင်း ဆက်ပြောသည်။ “ဒါပေမဲ့ ဒါက သူ့ရဲ့စွမ်းအားအပြည့်အဝ မဟုတ်သေးဘူး…. သူ ဘဝပြန်ဝင်စားခြင်းခေါင်းလောင်းနဲ့ တိုက်ခိုက်နေတာကို ငါ မမြင်ခဲ့လိုက်ပေမယ့် အဲဒီတိုက်ပွဲအကြောင်း ကြားဖူးတယ်… သူက ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကိုလည်း ကျွမ်းကျင်တယ်”
ကောင်းကင်နတ်အရှင်ဟွေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဦးခေါင်းနောက်ရှိ မီးလျှံစက်ဝန်းသည် ရုတ်တရက် ပိုမိုလျင်မြန်စွာ လည်ပတ်လာ၏။ သူ့အသွင်မှာ စိတ်မတည်ငြိမ်တော့သော အမူအရာရှိသည်။ “အဲဒီတုန်းက မင်းတို့လေးယောက် ကောင်းကင်နတ်အရှင်လင်ရဲ့ စာကို အတူလေ့လာခဲ့ကြပေမယ့် မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းရဲ့ ဆန်းကြယ်မှုကို မဖြေရှင်းနိုင်ခဲ့ကြဘူး… စိတ်ပျက်စရာပဲ”
ကျူရှောက်ပင်းက အရိပ်အခြည်ကြည့်ကာ ပြောသည်။ “ကောင်းကင်နတ်အရှင်လင်က မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို နားလည်ဖို့ နှစ်ပေါင်းကိုးရာကျော် အချိန်ပေးခဲ့တာပါ … ကျွန်တော်တို့ ကောင်းကင်ဆရာသခင်လေးပါးအနေနဲ့ နှစ်အနည်းငယ်အတွင်း နားမလည်နိုင်ပါဘူး”
“ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူကတော့ နားလည်သွားခဲ့တယ်လေ” ကောင်းကင်နတ်အရှင်ဟွေ့က အသိပေးလိုက်သည်။
ကျူရှောင်ပင်း၏ မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး သူက ပြောသည်။ “ကောင်းကင်နတ်အရှင်လင် သူ့ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်နိုင်ပါတယ်… ကျွန်တော်တို့က သူနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ…. ကောင်းကင်နတ်အရှင်၊ ကျွန်တော်အနေနဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ စာကို အကုန်လုံး နားမလည်သေးပေမယ့် ပဟေဠိတချို့တော့ နားလည်နိုင်ခဲ့ပါတယ်…. ဒါ့အပြင် ကျန်တဲ့ကောင်းကင်ဆရာသခင်သုံးပါးကလည်း အောင်မြင်မှုအသီးသီး ရထားကြပါတယ်… ဒါကြောင့် ကျွန်တော်တို့ ကောင်းကင်ဆရာသခင်လေးပါးက မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းရှာနိုင်မှာပါ… သူ့ကို သတ်ဖို့က မခက်လောက်ပါဘူး”
ကောင်းကင်နတ်အရှင်ဟွေ့က အသာအယာ ခေါင်းညိတ်၍ ပြောသည်။ “ရှန့်ပင်းယင်ရဲ့ တာအိုနှလုံးသားက ပျက်စီးသွားပြီ… မင်းတို့သုံးယောက်ပဲ ကျန်တော့တယ်… မင်းတို့ ကောင်းကင်နတ်အရှင်မူကို ရှင်းလင်းပစ်နိုင်မယ့် နည်းလမ်း ရှာနိုင်မလား”
ကျူရှောက်ပင်းသည် ပြုံးလိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။ “ကျွန်တော်တို့ ကောင်းကင်ဆရာသခင်တွေက ဉာဏ်ပညာအပိုင်းကို အဓိကအရေးပေးတာပါ... အတိုက်အခိုက်စွမ်းရည်ကလည်း အကောင်းဆုံး မဟုတ်ပါဘူး... ဒါပေမဲ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံတစ်ဘုံလုံးမှာ ၀မ်တျန်းကဲတစ်ယောက်ပဲ ကျွန်တော်တို့နဲ့ ယှဉ်နိုင်ပါတယ်”
ကောင်းကင်နတ်အရှင်ဟွေ့က စိတ်အေးသွားသည့်အလား သက်ပြင်းချ၍ တည်ကြည်လေးနက်စွာ ပြောသည်။ “ပိုင်ယွီကျင့်နဲ့ မုန့်ယွင်ကွေ့ကို ခေါ်လိုက် …. ချက်ချင်း ပြင်ဆင်ကြတော့”
ချင်မူသည် ကောင်းကင်နတ်မင်းရီလော့ တာဝန်ကျသည့် နတ်ဘုရားမြို့မှ ထွက်ခွာ၍ ကောင်းကင်နတ်မင်းဟွမ်ချန်းရှီဆီသို့ ရောက်လာခဲ့သည်။
ကောင်းကင်နတ်မင်းရီလော့ကို ကောင်းကင်သခင်ရီဟူ၍လည်း သိကြသည်။ သူသည် ဉာဏ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ၀င်္ကပါအတွင်း ထိုးဖောက်ဝင်ရောက်၍ အတင်းအဓမ္မ ဖျက်ဆီးခြင်း၌သာ ကျွမ်းကျင်၏။ သူ၏ စစ်တပ်ဝင်္ကပါအခင်းအကျင်းမှာ ကောင်းကင်ဆရာသခင်လေးပါးအောက် နိမ့်ကျနေသည်ကို ချင်မူ မြင်ခဲ့ရသည်။
နယ်ပယ်တစ်ခုချင်းစီတွင် အထူးပြုကျွမ်းကျင်သူများ ရှိကြသည်။ ကောင်းကင်ဆရာသခင်လေးပါးက သူတို့၏ သနင်္ဂဗျူဟာများကြောင့် နာမည်ကြီးသည်။ အစီအစဉ်များကို တည်ခင်းပေးနိုင်ကြသူများလည်း ဖြစ်၏။ ကောင်းကင်နတ်မင်းလေးပါးကမူ ရန်သူ၏ပိုင်နက်ထဲ ဝင်ရောက်၍ တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသည်။
ယခင်က ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ လျင်မြန်စွာ ရှုံးနိမ့်ခဲ့ရသည့် အကြောင်းအရင်းမှာ ကောင်းကင်နတ်မင်းလေးပါးစလုံး အမျိုးမျိုးသော ကိစ္စရပ်များကြောင့် စစ်ပွဲတွင် ဝင်မတိုက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ကောင်းကင်ဆရာသခင်လေးပါးကိုယ်တိုင် ရန်သူပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ရသောကြောင့် ရှုံးနိမ့်ခဲ့ရသည်။“ကောင်းကင်နတ်မင်းတွေက ရင်ဆိုင်ရမခက်ပေမယ့် ကောင်းကင်ဆရာသခင်တွေကတော့ ခက်တယ်… ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်ရှန့်ပင်းယင်ရဲ့ တာအိုနှလုံးသားထဲမှာ အပြစ်အနာအဆာရှိနေတာ ကံကောင်းတာပဲ”
ချင်မူသည် ကောင်းကင်နတ်မင်းဟွမ်ချန်းရှီ နေရာယူထားသော နတ်ဘုရားမြို့ဆီသို့ ရောက်လာခဲ့သည်။ ဟွမ်ချန်းရှီသည် ကြိုတင်သတင်းရထားသောကြောင့် သူ့ကို အတွေ့မခံပေ။ နတ်ဘုရားတစ်ပါးက လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင် လာတဲ့အချိန် မသင့်တော်ဘူးဖြစ်သွားပါတယ်... ကောင်းကင်နတ်မင်းဟွမ်က ကောင်းကင်နတ်အရှင်ရှုရဲ့ နန်းဆောင်ကို သွားပါတယ်”
ချင်မူက စိတ်ထဲမှ တွေးနေ၏။ ‘ကောင်းကင်နတ်မင်းဟွမ်က ငါ့ကို မတွေ့ချင်ဘူးဆိုမှတော့ ကျန်တဲ့ကောင်းကင်ဧကရာဇ်တွေလည်း တူတူဖြစ်မှာပဲ… ဒါဆိုရင် သူတို့ကို တွေ့နေစရာ မလိုတော့ဘူး’
ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်မင်းလေးပါးတွင် ကောင်းကင်သခင်ဆိုသော ဘွဲ့များလည်း ရှိကြ၏။ အရှေ့ကောင်းကင်၏ ကောင်းကင်နတ်မင်းတဖြစ်လဲ ကောင်းကင်သခင် ဟွမ်ချန်းရှီ၊ အနောက်ကောင်းကင်၏ ကောင်းကင်နတ်မင်းတဖြစ်လဲ ကောင်းကင်သခင် ရှီမူဟုန်း၊ တောင်ကောင်းကင်၏ ကောင်းကင်နတ်မင်းတဖြစ်လဲ ကောင်းကင်သခင် စန့်ကန်း၊ မြောက်ကောင်းကင်၏ ကောင်းကင်နတ်မင်း တဖြစ်လဲ ကောင်းကင်သခင် ရီလော့ရီ စသဖြင့်ပင်။
ကောင်းကင်နတ်မင်းလေးပါး၏ စွမ်းအားသည် ကောင်းကင်ဆရာသခင်လေးပါးထက် သာလွန်သော်လည်း စွမ်းအားအမြင့်ဆုံး ပိုင်ဆိုင်ထားသူများမှာ အရောင်နတ်မင်းဟု အသိများသော မဟူရာနတ်မင်း၊ အဖြူရောင်နတ်မင်း၊ ဇာမဏီနတ်မင်းနှင့် အစိမ်းရောင်နတ်မင်းတို့ ဖြစ်ကြသည်။
ကောင်းကင်ဧကရာဇ်လေးပါး၊ အရောင်နတ်မင်းလေးပါးနှင့် ကောင်းကင်ဆရာသခင်လေးပါးတို့ မဟာလေဟာနယ်ကို အတူတကွ တိုက်ခိုက်နေခြင်းက ရွှင်ပျော်ပျော်ကျေးရွာသည် သူတို့အတွက် မည်မျှအရေးပါကြောင်း သိသာလှသည်။
‘ကောင်းကင်နတ်ဘုံရဲ့ နန်းစောင့်တပ်ဖွဲ့ ဆယ်ဖွဲ့ကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင် ပိုပြီး ကြောက်စရာကောင်းမှာပဲ.. ဖုန်းတု အားဖြည့်ပေးရင်တောင်မှ မဟာလေဟာနယ် ခုခံနိုင်မှာမဟုတ်ဘူး’
သူက ခိုင်ဧကရာဇ်၏ စစ်စခန်းဆီသို့ ကြည့်၍ တွေးလိုက်မိသည်။ ‘ခိုင်ဧကရာဇ် ခင်ဗျားတို့ ဘယ်လောက်တောင့်ခံနိုင်သလဲ’