ကမ္ဘာဦးဘုံတွင် အင်အားအကြီးမားဆုံး
Vol. 95 Ch. 1239
မကြာမီ ကောင်းကင်နတ်ဘုံ နတ်ဘုရားမြို့များမှ စစ်သည်တော်အားလုံး စစ်ပွဲအတွက် ပြင်ဆင်ကြသည်။ အသတ်အဖြတ်စိတ်ဆန္ဒက လေထဲတွင် ပျံ့လွင့်လာသောကြောင့် ချင်မူမှာ ကြက်သီးမွေးညင်းများ ထသွားသည်။ ကောင်းကင်နတ်ဘုံကား စစ်တပ်များအား စုရုံးလျက် ရွှင်ပျော်ပျော်ကျေးရွာနှင့် ဖန်ဆင်းရှင်များအား တိုက်ခိုက်ပေတော့မည်။
‘ဒီတိုက်ပွဲမှာ ခိုင်ဧကရာဇ်နဲ့ လန်ဝူကို ရှင်းပစ်ဖို့ ခက်လိမ့်မယ်… ဘာလို့ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုက အလျင်လိုနေရတာလဲ’
သူ့ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားမိသည်။ ‘ကောင်းကင်နတ်အရှင်ဟောင် လာနေပြီဖြစ်ရမယ်’
သူ၏ နှလုံးသားမှာ အေးခဲသွားသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီပါကို ခေါ်ဆောင်လာခဲ့သည်လော။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီလည်း ပါလာလျှင် ကောင်းကင်နတ်အရှင်ဟောင်၏ မှန်းဆမရနိုင်သော အင်အားကြောင့် မဟာဧကရာဇ်အနေဖြင့် သူ့ကို တားဆီးနိုင်ပါမည်လော။
“ကောင်းကင်နတ်အရှင်မူ”
ရုတ်တရက် သူ့ဘေးမှ ဖြတ်သွားသော ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားတစ်ပါးက သူ့အား လှည့်ပြုံးပြသည်။ “ကောင်းကင်နတ်အရှင်ဟောင် မဟာလေဟာနယ်ဆီ လာနေပြီ ... ငါ အခု သူ့ကို သွားတားပေးမယ်… မင်းရဲ့ ကတိကို မမေ့ပါနဲ့…. ထိုက်ချူမူလကျောက်တုံးကို အသင့်ပြင်ထား… မဟုတ်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိသမျှ တိရစ္ဆာန်တွေနဲ့ မြေအောက်ထဲက ပုရွတ်ဆိတ်တွေပါမကျန် သေစေရမယ်”
ထိုသို့ပြောပြီးနောက် နတ်ဘုရားသည် ခေါင်းရမ်းလိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ကြောင်တောင်တောင် ကြည့်လိုက်သည်။ ထို့နောက် မည်သည်မှ မဖြစ်ပျက်ခဲ့သည့်အလား အလုပ်ဆက်လုပ်နေသည်။
“ကောင်းကင်နတ်အရှင်ဟောင် ရောက်လာပြီလား”
ချင်မူမှာ စိတ်လှုပ်ရှားမှုနေမှုအား မထိန်းနိုင်တော့ပေ။ ‘မဟာဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ဟောင်က သမိုင်းမှာ အင်အားအကြီးဆုံးနဲ့ လက်ရှိမျိုးဆက်မှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တွေပဲ… ဘာပဲဖြစ်ဖြစ် ငါ ဒီတိုက်ပွဲကို လွတ်သွားလို့ မဖြစ်ဘူး’
သူ့မှာ သွေးဆူလာပြီး ကောင်းကင်နတ်အရှင်ဟောင်နှင့် မဟာဧကရာဇ်၏ တိုက်ပွဲအား ကြည့်ချင်လာမိသည်။ သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟွေ့က သူ့ဆီ ရောက်လာကာ တည်ကြည်လေးနက်စွာ ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ ရက်အနည်းငယ်နေရင် စစ်တပ်ကို ဦးဆောင်ပြီး သူပုန်တွေကို တိုက်ခိုက်တော့မယ်… ဒါကြောင့် ကောင်းကင်နတ်အရှင်မူကို တပ်ဖွဲ့တစ်ဖွဲ့ ဦးဆောင်စေချင်တယ်…. ဘယ်လိုသဘောရသလဲ ကောင်းကင်နတ်အရှင်မူ”
ချင်မူမှာ အနည်းငယ် ကြောင်အသွားမိသည်။ ‘ကောင်းကင်နတ်အရှင်ဟွေ့ကလည်း လိမ္မာပါးနပ်တဲ့သူပဲ… သူက ကောင်းကင်နတ်အရှင်ဟောင် ဒီကိုရောက်လာမယ့်နေ့ကို ရွေးခဲ့တာဖြစ်မယ်.. အဲဒီအချိန်ရောက်ရင် ကောင်းကင်နတ်အရှင်ဟောင်က သူ့ရဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို တိုက်ခိုက်ခိုင်းလိမ့်မယ်… ဒါဆို ခိုင်ဧကရာဇ်နဲ့ နတ်ဘုရင်လန်ဝူကို သေချာပေါက် သတ်နိုင်မှာပဲ… ကောင်းလိုက်တဲ့ အကြံအစည်ပါလား’
သူက ပြုံးလိုက်၏။ ‘ကံကောင်းစွာနဲ့ မဟာဧကရာဇ်က ပြန်လည်ရှင်သန်လာခဲ့ပြီ… ငါ မဟာဧကရာဇ်နဲ့ အပေးအယူ လုပ်ထားမှန်း သူ မျှော်လင့်ထားမိမှာမဟုတ်ဘူး’
ကောင်းကင်နတ်အရှင်ဟွေ့က ချင်မူ ပြန်မဖြေသဖြင့် ထပ်မေးသည်။
ချင်မူ၏ အသားအရောင်မှာ ချက်ချင်း ဖြူတော့သွားပြီး သူက အားနည်းနေသောအသံဖြင့် ဖြေသည်။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ကောင်းကင်နတ်အရှင်ဟွေ့ဗျ… ကျွန်တော် ဒီရက်ပိုင်း နေသိပ်မကောင်းလို့ စစ်ပွဲထဲမှာ ဝင်ပါပေးနိုင်မယ်မထင်ဘူး…. ကောင်းကင်နတ်ဘုံကို ကျေးဇူးပြန်ဆပ်ချင်ပေမယ့် ကျွန်တော့်မှာ စွမ်းအားမဲ့နေတယ်ဗျာ”
ကောင်းကင်နတ်အရှင်ဟွေ့မှာ သူ ထိုသို့ပြောမည် ထင်မထားသဖြင့် မျက်ခုံးများ တွန့်ချိုးသွားတော့သည်။
ဤကောင်စုတ်လေးသည် ယခုလေးတင် ချီနှင့်သွေးတို့ တရှိန်းရှိန်း ပြင်းထန်အားကောင်းနေခဲ့ပြီး ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းကို ဖျက်စီး၇န် စိတ်လှုပ်ရှားနေခဲ့၏။ ယခုတွင်တော့ ချက်ချင်းဆိုသလို ပင်ပန်းနွမ်းနယ်သွားကာ စစ်ပွဲထဲ ဝင်မပါနိုင်ဟု ပြောနေလေပြီ။
သူ မသွားပါက သူ့အား လုပ်ကြံနိုင်ပါ့မည်လော။
ကောင်းကင်နတ်အရှင်ဟွေ့က မျက်မှောင်ကြုတ်ပြီးနောက် ထွက်ခွာသွားသည်။ သူက မုန့်ယွင်ကွေ့၊ ပိုင်ယွီကျင့်၊ ကျူရှောက်ပင်းဆီ သွားတွေ့ကာ မေးလေသည်။ “ငါတို့အခု ဘာလုပ်ကြမလဲ”
ပိုင်ယွီကျင့်နှင့် ကျူရှောက်ပင်းတို့က မုန့်ယွင်ကွေ့ဘက် ကြည့်လျက် တိတ်ဆိတ်နေကြသည်။
မုန့်ယွင်ကွေ့က တခဏစဉ်းစားပြီးနောက် ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ အကျင့်စရိုက်ကို သူ့ရဲ့အမူအရာ၊ ပြောစကားကနေ မသိနိုင်ပေမယ့် သူ့ရဲ့ အတိတ်တုန်းက လုပ်ရပ်တွေကနေတစ်ဆင့် အကဲခတ်ကြည့်လို့ရတယ်”
ကောင်းကင်နတ်အရှင်ဟွေ့၏ အကြည့်က သူ့ထံသို့ ကျရောက်လာသဖြင့် မုန့်ယွင်ကွေ့က ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်မူက သေမျိုးကမ္ဘာက သမင်တစ်ကောင်နဲ့ တူတယ်…. နည်းနည်းတုံးတဲ့ သမင်အမျိုးအစားပေါ့… အဲဒီသမင်တွေက အင်မတန် စပ်စုတတ်ကြပြီး စပ်စုလို့ပဲ သေကြရတာ… ကောင်းကင်နတ်အရှင်ဟွေ့သာ သူ့ကို စစ်မြေပြင်အပေါ် အရင်ဖိတ်ခေါ်ခဲ့မယ်ဆိုရင် ထောင်ချောက်မှန်း သိရက်နဲ့တောင် စပ်စုချင်စိတ်ကို ထိန်းမရဘဲ ကျွန်တော်တို့ ဘာလှည့်ကွက်တွေသုံးမလဲ သိချင်လို့ တည့်တည့်ဝင်တိုးမှာပဲ… အခု သူ ငြင်းလိုက်တယ်ဆိုတော့ အဓိပ္ပါယ်တစ်ခုပဲ ရှိတယ်”
ကျူရှောက်ပင်း၏ မျက်လုံးများက တောက်ပလင်းလက်သွားပြီး သူလည်း ပြုံးလိုက်သည်။ “ငါတို့ထက် သူ ပိုစိတ်ဝင်စားနေတဲ့အရာ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့”
မုန့်ယွင်ကွေ့က လက်ခုပ်တီးလိုက်ရင်း ပြုံးနေသည်။ “အမှန်ပဲ… ကောင်းကင်နတ်အရှင်မူကို သတ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းက သူ့ရဲ့စပ်စုလိုစိတ်ကို လှုံ့ဆော်ပေးပြီး ချုံခိုတိုက်ခိုက်နိုင်ဖို့ မျှားခေါ်တာပဲ… သူက စပ်စုချင်လွန်းလို့ ထောင်ချောက်မှန်းသိနေရင်တောင်မှ သိသိကြီးနဲ့ကို ခုန်ဆင်းပစ်မှာ”
အကုန်လုံး တစ်ယောက်နှင့်တစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်လိုက်ကြမိသည်။ ချင်မူက ပုံမှန်ဆိုလျှင် လိမ္မာပါးနပ်ပြီး ရက်စက်တတ်သူ ဖြစ်လေရာ ဤသဘောတရားက မဖြစ်နိုင်ဟု ခံစားနေကြရသည်။
ကောင်းကင်နတ်အရှင်ဟွေ့က ပိုင်ယွီကျင့်ဆီ ကြည့်လိုက်သည်။ ပိုင်ယွီကျင့်သည် အမြဲတမ်း အကြံတစ်ခုမဟုတ်တစ်ခု ရှိတတ်သော်လည်း ယခုတွင် အင်မတန် တိတ်ဆိတ်နေ၏။
မုန့်ယွင်ကွေ့က ဆက်ပြောသည်။ “ဒါပေမဲ့ ဒီနေ့ သူ့ရဲ့ စပ်စုလိုစိတ်ကို လှုံ့ဆော်ပေးခဲ့တာ ဘာမှန်းမသိဘူး”
အကုန်လုံး မျက်မှောင်ကြုတ်သွားကြသည်။ မည်သည်တို့ဖြစ်ပျက်နေမှန်း မည်သူမှ မသိကြတော့ပေ။
ကောင်းကင်နတ်အရှင်ဟွေ့က သက်ပြင်းတစ်ချက် ရှူသွင်း၍ တည်ကြည်လေးနက်စွာ ပြောသည်။ “အရင်ဆုံး သူ့လှုပ်ရှားမှုကို လေ့လာထား… အခွင့်အရေးရရင် သတ်ပစ်ပြီး ကောင်းကင်နတ်ဘုံကို အစီအရင်ခံလိုက်… ကောင်းကင်နတ်အရှင်မူက အင်ပါယာအတွက် သူ့ကိုယ်သူ စတေးသွားတယ် ဆိုပြီးတော့ပေါ့”
ကောင်းကင်ဆရာသခင်သုံးပါးစလုံး နာခံကြသည်။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က လာရောက်အစီအရင်ခံလေသည်။ “ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်အရှင်မူ ပျောက်သွားပါပြီ”
ကောင်းကင်နတ်အရှင်ဟွေ့မှာ ရင်ထဲ လှုပ်ခါသွားပြီး အလေးအနက် အမိန့်ပေးလိုက်သည်။ “မဟာလေဟာနယ်ယိုတုထဲ သွားတာဖြစ်ရမယ်… ကောင်းကင်ယင်သားတော်ကို သွားရှာချေ”
မကြာမီ ချင်မူသည် မဟာလေဟာနယ်ယိုတုသို့ ရောက်မလာကြောင်း ကောင်းကင်ယင်သားတော်ဆီမှ သတင်းပေးပို့လာ၏။ ကောင်းကင်နတ်အရှင်ဟွေ့က နတ်မျက်လုံးမျိုးနွယ်အား ချင်မူ့ကို ချက်ချင်း ရှာဖွေစေတော့သည်။
သို့သော် နတ်မျက်လုံးများ အချိန်အတော်ကြာ ရှာဖွေကြသည့်တိုင် မဟာလေဟာနယ်ထဲတွင် ချင်မူ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။
‘ငါ ကောင်းကင်နတ်အရှင်ဟောင်နဲ့ မဟာဧကရာဇ်ကြားက တိုက်ပွဲကို မှီနိုင်သေးတယ်’
ထိုစဉ် ချင်မူကား ကစဉ့်ကလျားဟင်းလင်းပြင်သို့ ရောက်ရှိနေချေပြီ။ သူက ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ကိုင်လျက် ပြေးနေသည်။ ကစဉ့်ကလျားဟင်းလင်းပြင်မှာ ကောင်းကင်နတ်ဘုံလက်အောက်သို့ ရောက်ရှိသွားပြီဖြစ်ပြီး မီးငှက်၊ မဟူရာလိပ်၊ ကျားဖြူ၊ နဂါးစိမ်းနှင့် အခြားနတ်ဘုရားလက်နက်များက ဟင်းလင်းပြင်ကို ဖိနှိပ်ကာ ပိုင်ရှင်မဲ့အသိစိတ်အလျဉ်များ မဝင်ရောက်လာစေရန် တားဆီးနေသည်။
ထို့အပြင် နတ်မင်းလေးပါး ကောင်းကင်လက်နက်များကိုလည်း အဆင့်မြင့်နတ်ဘုရားမိစ္ဆာများက စောင့်ကြပ်နေကြသည်။ သူတို့က ကောင်းကင်လက်နက်လေးခု၏ ပတ်ပတ်လည်တွင် နတ်ဘုရားမြို့များ တည်ဆောက်၍ မီးတောက်မီးလျှံများ ဖြန့်ကျက်ထားကြ၏။ အဝေးမှကြည့်လျှင် နတ်ဘုရားမြို့များမှာ အမှောင်ထဲမှ မီးတုတ်များနှင့် တူလေသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်က နေရာဟင်းလင်းပြင်ကို ချုံ့ပေးရငင်း ချင်မူ မြန်မြန်ဆန်ဆန် ခရီးဆက်နိုင်အောင် ကူညီပေးနေသည်။ သူသည် ဤမီးအိမ်ကို သုံး၍ ကောင်းကင်နတ်ဘုံ၏ နတ်မျက်လုံးများကို ရှောင်ရှားကာ မဟာလေဟာနယ်မှ ထွက်၍ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
မှန်ပါသည်။ ဤနေရာ၌ သူ၏ခြေရာလက်ရာများကို ဖုံးကွယ်နေစရာ မလိုပေ။ ကောင်းကင်နတ်ဘုံ ဖန်တီးထားသော လမ်းအတိုင်း လျှောက်သွားရုံပင်။
‘ကောင်းကင်နတ်အရှင်ဟောင်လည်း ဒီလမ်းကနေ ဖြတ်သွားတာဖြစ်ရမယ်… ဒါဆိုရင် မဟာဧကရာဇ်အနေနဲ့ ကောင်းကင်နတ်အရှင်ဟောင်ကို တားဆီးဖို့ အကောင်းဆုံးနေရာက ဒီလမ်းရဲ့ အလယ်မှာပဲ’
သူက မီးအိမ်ကို ကိုင်၍ ရက်အတော်ကြာ ဆက်လျှောက်လာသည်။ ကစဉ့်ကလျားဟင်းလင်းပြင်၏ အလယ်ဗဟိုသို့ ရောက်သောအခါ ရပ်လိုက်သည်။
မဟာဧကရာဇ်သည် ကောင်းကင်နတ်အရှင်ဟောင်ကို တားဆီးရန် ရွေးချယ်ခဲ့သဖြင့် ကောင်းကင်နတ်အရှင်ဟောင် လွတ်မသွားအောင် မဟာလေဟာနယ်အဝင်၀နှင့် ဝေးသည့်နေရာ၌ တိုက်ခိုက်ရမည်။ ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့တို့ လာရောက် မကူညီနိုင်အောင်လည်း မဟာလေဟာနယ်နှင့် ဝေးကွာရမည်ဖြစ်သည်။
ထို့ကြောင့် ကစဉ့်ကလျားဟင်းလင်းပြင်၏ အလယ်ဗဟိုမှာ အကောင်းဆုံးနေရာပင်။
ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို အသုံးပြုလိုက်သည်။ သူ၏အမြန်နှုန်းမှာ အင်မတန် မြန်လာပြီး ကောင်းကင်နတ်အရှင်တစ်ပါးအောက် မနိမ့်ကျတော့ပေ။ အမှန်ပြောရလျှင် ကောင်းကင်နတ်အရှင်တစ်ပါးထက်ပင် မြန်ဆန်သေး၏။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့အနေဖြင့် ဤနေရာသို့ လာရောက်လိုလျှင် အနည်းဆုံး အချိန်လေးရက် ယူရပေလိမ့်မည်။
ကောင်းကင်နတ်အရှင်ဟောင် ရှုံးနိမ့်သွားပြီး မဟာလေဟာနယ်မှ ထွက်ပြေးလိုပါကလည်း အချိန်လေးရက် ကြာပေလိမ့်မည်။ မဟာဧကရာဇ်အနေဖြင့် သူ့ကို လိုက်လံဖမ်းဆီးရန်သာ လိုအပ်၏။ လေးရက်က အလွယ်တကူ ရှင်းပစ်နိုင်သော အချိန်ဖြစ်သည်။
“မဟာဧကရာဇ် ဒီမှာ ရောက်နေသင့်ပြီ”
ချင်မူက လမ်းမထက်ရှိ ကောင်းကင်ပေါ်တွင် ထိုင်ကာ တဝင်းဝင်းတောက်ပနေသော မျက်လုံးများဖြင့် အောက်သို့ ငုံ့ကြည့်နေသည်။ ဤနေရာတွင် တောင်တန်းတစ်တန်း တည်ရှိပြီး လမ်းမထက်တွင် ကောင်းကင်နတ်ဘုံမှ စစ်သည်တော်များ တည်ဆောက်ထားသော ကျောက်တုံးမြို့တစ်မြို့ ရပ်တည်နေသည်။
မြို့မှာ ကြီးမားပြီး ထောင်ပေါင်းများစွာသော နတ်ဘုရားမိစ္ဆာများက စောင့်ကြပ်နေကြသည်။ မြို့ထဲတွင် သင်္ဘောပျံများနှင့် အမြောက်မျှော်စင်များ ရှိကြပြီး မြို့တွင်းရှိ စစ်သည်တော်များက လေးနှင့်မြားတို့ ကိုင်ဆောင်ထားကြသည်။
ကျောက်တုံးမြို့၏ မြို့တံတိုင်းများမှာ သွေးတို့ဖြင့် စွန်းထင်းနေ၏။ ကစဉ့်ကလျားဟင်းလင်းပြင်၏ စိတ်နှလုံးမိစ္ဆာများနှင့် တိုက်ခိုက်ထားသေ တိုက်ပွဲများမှ ရလဒ်များ ဖြစ်ပေလိမ့်မည်။
“ငါသာ မဟာဧကရာဇ်ဆိုရင် မြို့ထဲမှာ ပုန်းနေမှာပဲ”
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ဖွင့်လိုက်ကာ အသေးစိတ်ကြည့်လိုက်သည်။ သို့သော် မြို့ထဲရှိ လူတိုင်းကို ရှာဖွေပြီးသည့်တိုင် မဟာဧကရာဇ်၏ အရိပ်အယောင်တစ်ခုတလေကိုမှ မတွေ့ရသဖြင့် ဇဝေဇဝါဖြစ်သွားမိသည်။
'သူ အခုထိ ရောက်မလာသေးတာလား… ကြာပွင့်မြေထုကနေ တကယ်ရော လွတ်လာခဲ့ရဲ့လား… သူ လွတ်မလာခဲ့ရင် သူ့ရဲ့အစွမ်းအစတွေက အထွတ်အထိပ်အခြေအနေကို ရောက်မှာမဟုတ်ဘူး... ဒါပေမဲ့ သူက ရှန့်ပင်းယင်ကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့တာဆိုတော့ သူ့ရဲ့အသိစိတ်အလျဉ်က အထွတ်အထိပ်အဆင့်ကို ရောက်နေလောက်ပြီ…”
သူ ထိုသို့ တွေးနေစဉ်မှာပင် မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးမှတစ်ဆင့် လမ်းတွင် လမ်းလျှောက်နေသော လူနှစ်ဦးကို တွေ့လိုက်ရသည်။ သူ့မှာ အကြောင်သားဖြစ်သွားမိ၏။ တစ်ဦးက ပိုင်ယွီကျင့်ဖြစ်ပြီး နောက်တစ်ဦးက အပြာရောင်၀တ်ရုံနှင့် ခပ်၀၀ လူငယ်လေးပင်။
“လန်ယွီတျန်း၊ ကောင်းကင်နတ်အရှင်ယွီ”
ချင်မူမှာ အလန့်တကြား ထအော်မိမတတ် ဖြစ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် သူတို့အနောက်မှ အနှိုင်းမဲ့အောင် တောက်ပလှသော နတ်အလင်းရောင် ထွက်ပေါ်လာသည်။ ချင်မူက အကြည့်ကို အာရုံစိုက်၍ ပတ်၀န်းကျင်အား အကဲခတ်လိုက်၏။ လှပတင့်တယ်လှသည့် ရတနာရထားလုံးတစ်လုံးက အရှိန်ပြင်းပြင်း မောင်းလာ၏။
“လခွမ်း… ကောင်းကင်နတ်အရှင်ဟောင် ရောက်လာပြီ”
ချင်မူမှာ ခေါင်းနပန်းကြီးသွားပြီး သူ့အသိစိတ်အလျဉ်က ပိုင်ယွီကျင့်နှင့် လန်ယွီတျန်းထံသို့ အပြေးအလွှား ရောက်သွား၏။ “ဒီနေရာက မြန်မြန် ထွက်သွားကြတော့”