ခြေသလုံးမွှေး
Vol. 95 Ch. 1240
ပိုင်ယွီကျင့်သည် လန်ယွီတျန်းနှင့် ရယ်ရယ်မောမော စကားပြောရင်း ကစဉ့်ကလျားဟင်းလင်းပြင်၏ လမ်းထဲတွင် လမ်းလျှောက်နေ၏။ “မောင်လေးလန်၊ နတ်မင်းလေးပါး ကောင်းကင်လက်နက်တွေက ဒီနေရာကို ဖိနှိပ်ထားတဲ့အတွက် ကစဉ့်ကလျားဟင်းလင်းပြင်ထဲက ပိုင်ရှင်မဲ့ အသိစိတ်အလျဉ်တွေ မကျူးကျော်လာနိုင်တော့ဘူး… အရင်တုန်းကဆို စိတ်နှလုံးမိစ္ဆာတွေ ရှိနေတော့ သွားရလာရ ဒုက္ခများခဲ့တာ... အခုတော့ စိတ်နှလုံးမိစ္ဆာတွေ တကယ် ဖြစ်တည်လာမှာ စိတ်ပူစရာမလိုဘူး…. စိုးရိမ်ရမှာက ဖြစ်တည်ပြီးသား စိတ်နှလုံးမိစ္ဆာတွေကိုပဲ”
လန်ယွီတျန်းက ပတ်ဝန်းကျင်ကို စပ်စုရင်း မေးလေသည်။ “ဖြစ်တည်ပြီးတဲ့ စိတ်နှလုံးမိစ္ဆာတဲ့လား”
လန်ယွီတျန်းမှာ ဟိုဟိုသည်သည် စပ်စုနေရင်း ကောင်းကင်နတ်ဘုံ ဖောက်ထားသော လမ်းပေါ်မှ ထွက်သွားတော့မလို ဖြစ်သွား၏။ ပိုင်ယွီကျင့်မှာ ကူကယ်ရာမဲ့သွားပြီး စူးစမ်းချင်စိတ် ပြည့်နေသော ဤလူငယ်လေးအား ကပျာကယာ ဆွဲလိုက်ရလေသည်။ သူမက ပြော၏။ “အဲဒီ့စိတ်နှလုံးမိစ္ဆာတွေကို ရွှင်ပျော်ပျော်ကျေးရွာက သူပုန်တွေက ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြတာ…. ရွှင်ပျော်ပျော်ကျေးရွာမှာ ယန်ယွင်ရှီလို့ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိန်းမတစ်ယောက် ရှိတယ်… ငါ သူနဲ့ တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးတယ်… သူက ရက်စက်ပေမယ့် သစ္စာဖောက်ချင်ယဲ့အပေါ်တော့ တော်တော် သစ္စာရှိရှိသိလား… ကစဉ့်ကလျားဟင်းလင်းပြင်ထဲကို လူဆိုးလူမိုက်တွေ လွှတ်လိုက်တာလည်း အဲဒီမိန်းမပဲပေါ့”
လန်ယွီတျန်းမှာ ဇဝေဇဝါ ဖြစ်နေသည်။
ပိုင်ယွီကျင့်က သူ့ကို ဆွဲခေါ်လိုက်ပြန်ရင်း ဆက်ပြောသည်။ “အဲဒီ့ လူဆိုးလူမိုက်တွေရဲ့ တာအိုနှလုံးသားတွေက နင်စဉ်းစားကြည့် မောင်လေးရယ်... ဘယ်လောက်တောင်ဆိုးသွမ်းလိုက်မယ်ထင်လဲ.... သူတို့ ဒီဟင်းလင်းပြင်ထဲ ရောက်လာတော့ ကြည်လင်နေတဲ့ ရေကန်တစ်ကန်ထဲကို မင်ရည်တွေ လောင်းချလိုက်တဲ့အတိုင်း ဖြစ်ကုန်ရော... အဲဒါနဲ့ စိတ်နှလုံးမိစ္ဆာတွေ ပေါ်လာတော့တာပေါ့ကွယ် … အဲ့ဒီအချိန်တုန်းက ငါတို့က ဒီလမ်းကို ဖောက်နေတာ... အဲ့ဒီစိတ်နှလုံးမိစ္ဆာတွေ ငါတို့ဆီ လိုက်တိုက်ခိုက်ခဲ့တော့ အသက်ပေးလိုက်ရတဲ့ စစ်သည်တော်တွေဆိုတာ ရေတွက်လို့မရအောင်ပဲ”
လန်ယွီတျန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလေသည်။ “ဒါဖြင့် ဒီနေရာရဲ့ ကစဉ့်ကလျားအသိစိတ်အလျဉ်တွေကို နှိမ်နင်းဖို့ မစဉ်းစားခဲ့မိကြဘူးလား”
ပိုင်ယွီကျင့်က ပြုံး၏။ “စဉ်းစားမိကြတာပေါ့… ဒါပေမဲ့ ဒီနေရာက ဖန်ဆင်းရှင်တွေအများကြီး အသိစိတ်အလျဉ်တွေ သုံးပြီး ဖန်ဆင်းခဲ့ကြတဲ့ ဟင်းလင်းပြင်လေ… မဟာဧကရာဇ်က ဖျက်ဆီးနိုင်ခဲ့ပေမယ့် ကောင်းကင်နတ်ဘုံမှာတော့ အဲဒီလိုအသိစိတ်အလျဉ်နဲ့ပတ်သက်ပြီး စွမ်းဆောင်နိုင်သူ သိပ်မရှိကြဘူး….. လက်ဝဲယံ လက်ထောက်ဝန်မင်း ယန်ရှောင်ချင်းက အင်အားအကြီးမားဆုံး အသိစိတ်အလျဉ်ကို ပိုင်ဆိုင်ထားပေမယ့် ထောင်စောင့်ဖို့ ကမ္ဘာဦးဘုံဆီ အလွှတ်ခံခဲ့ရတယ်”
သူမသည် ထိုသို့ပြောပြီးသော် တစ်စုံတစ်ခုအား အာရုံခံမိသဖြင့် လှည့်ကြည့်လိုက်၏။ နတ်ရောင်နတ်ဝါများ တောက်ပလျက် လမ်းမထက်တွင် ပြေးလွှာမောင်းနှင်လာသော ရတနာရထားလုံးတစ်ခုကို တွေ့လိုက်ရသည်။
‘ဒီရထားလုံးက ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ ရထားလုံးပဲ… ကောင်းကင်နတ်အရှင် တစ်ယောက်ယောက် မဟာလေဟာနယ်ဆီ ရောက်လာတာလား…’
ပိုင်ယွီကျင့် မစဉ်းစားနိုင်ခင် အင်မတန် အားကောင်းသော အသိစိတ်အလျဉ်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး သူမနှင့် လန်ယွီတျန်းတို့၏ စိတ်ထဲတွင် ချင်မူ့အသံအဖြစ် ပြောင်းလဲသွားသည်။ “ဒီနေရာကနေ မြန်မြန်ထွက်သွားကြတော့”
ပိုင်ယွီကျင့်မှာ ၎င်းကိုကြားလျှင်ချင်း သူမနှင့် လန်ယွီတျန်းအရှေ့ရှိ နေရာဟင်းလင်းပြင်အား ချက်ချင်း ပုံစံပြောင်းလိုက်၏။ သူမ၏အမြန်နှုန်းသည် တမုဟုတ်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး လန်ယွီတျန်းကို ခေါ်ကာ ရှေ့သို့ပျံထွက်သွားတော့သည်။
သူမမှာ အံ့ဩနေမိသည်။ ‘ဒါက ကောင်းကင်နတ်အရှင်မူရဲ့ အသံပဲ… သူက သူပုန်တွေရဲ့ ခေါင်းဆောင်၊ အပြစ်တွေအများကြီး ကျူးလွန်ထားတဲ့သူလေ…ဘာလို့ သူ့စကားကြားရုံနဲ့ ငါက မစဉ်းစားဘဲ ယုံကြည်လိုက်ရတာပါလိမ့်’
သူတို့နှစ်ယောက်သည် ဤနေရာအား စောင့်ကြပ်နေသော ကျောက်တုံးမြို့သို့ ရောက်ရှိတော့မည်ဖြစ်သည်။ ပိုင်ယွီကျင့်က ကောင်းကင်နတ်အရှင်ဟောင် မမြင်သွားအောင် လန်ယွီတျန်းအား ကျောက်တုံးမြို့ထဲ၌ ဝှက်ထားရန် စီစဉ်ခဲ့သည်။
သူမအနေဖြင့် နေရာဟင်းလင်းပြင်ကို ပုံပျက်စေရင်း အခြားနတ်ဘုရားတို့ အာရုံမခံမိအောင် ရှောင်ရှားနိုင်သော်လည်း ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်များအကြား နံပါတ်တစ် ဖြစ်သည်။ သူမအား ထွင်းဖောက်မြင်ရပေလိမ့်မည်။
မဟာလေဟာနယ်မြေထုတွင် စစ်ဖြစ်နေဆဲမဟုတ်လော။ တတိယကောင်းကင်ဆရာသခင်ဖြစ်သည့် သူမသည် တာ၀န်ကျရာနေရာမှ ထွက်ခွာလာခြင်းက ကြီးမားသော ပြစ်မှုကြီးတစ်ခုပင်။
‘ကောင်းကင်နတ်အရှင်ဟောင်က အလောတကြီးဖြစ်နေတာပဲ… သူ ကျောက်တုံးမြို့မှာ သေချာပေါက် ရပ်မှာမဟုတ်ဘူး… ငါ သူ့ကို ရှောင်လို့ရလောက်တယ်’
သူမ လန်ယွီတျန်းအား ကျောက်တုံးမြို့ထဲသို့ ခေါ်သွားတော့မည့်အချိန် ကျောက်တုံးမြို့နောက်ကျောဘက်ကား ရုတ်တရက် တောက်ပလာသည်။ မျက်စိကျိန်းမတတ် လင်းလက်နေသော ကောင်းကင်အလင်းရောင်များက ငှက်တစ်ကောင်၏ တောင်ပံများအလား ဘေးနှစ်ဘက်သို့ ကားထွက်သွားသည်။
ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတစ်လှိုင်းသည် ကျောက်တုံးမြို့၏ အနောက်မှ ထွက်ပေါ်လာကာ ကစဉ့်ကလျားဟင်းလင်းပြင်အား ပို၍ပင် ကစဉ့်ကလျား ပြိုကွဲသွားစေတော့သည်။
တချိန်တည်းမှာပင် ဧရာမကြာပွင့်ကြီးတစ်ပွင့်ကလည်း ဘွားခနဲ ထွက်လာကာ တဟုန်ထိုး ဖြာထွက်လာသည်။ ၎င်းက ပိုင်ယွီကျင့်နှင့် လန်ယွီတျန်းအရှေ့ရှိ ကျောက်တုံးမြို့အား ဖိချလိုက်ကာ ပြိုကျသွားစေ၏။ မြို့ထဲရှိ နတ်ဘုရားမိစ္ဆာများမှာလည်း ဒလိမ့်တုံးဖြင့် ဖိခံလိုက်ရသော ဂျုံလုံးများသဖွယ် ချက်ချင်းဆိုသလို ပိပြားကုန်တော့သည်။
ပိုင်ယွီကျင့်မှာ မတုန်လှုပ်မိဘဲ မနေတော့ပေ။ အနှိုင်းမဲ့သော ကြောက်စိတ်သည်လည်း သူမရင်ထဲတွင် မွေးဖွားလာသည်။
သူမအရှေ့တွင် ခံ့ညားထည်ဝါသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဤ ပုံရိပ်၏ ခြေထောက်များကိုသာ မြင်ရသည်။ ပုံရိပ်ကြီး၏ ကြီးထွားလာနှုန်းကား ကြောက်ခမန်းလိလိ ဖြစ်ပြီး မကြာမီ တုနှိုင်းမဲ့အောင် မြင့်မားလှသော အခြေအနေသို့ ရောက်ရှိသွားသည်။ သို့ထိတိုင် ဆက်လက်ကြီးထွားနေဆဲပင်။
ဤလူ၏ ခြေသလုံးမွှေးများက သံမဏိတောအုပ်အလား ထူထဲနေသည်။ အနက်ရောင် ခြေသလုံးမွှေးကြီးများက သံခြစ်များကဲ့သို့ ဟင်းလင်းပြင်တလျှောက် ဆွဲခြစ်လျက် နှစ်ခြမ်းကွဲထွက်သွားစေသည်။
ခြေသလုံးမွှေးများသည် အင်မတန် ထူလှပြီး မြင့်လှပါသည်ဆိုသော သစ်ပင်ကြီးများထက်ပင် သန်စွမ်းနေ၏။ လှံတစ်လက်အလား ချောမွေ့လျက် ချွန်ထက်နေသေးသည်။
ခြေသလုံးမွှေးများအောက်ရှိ အရေပြားကိုပင် သူမ မြင်ရချေသည်။ ၎င်းက ခြောက်သွေ့နေသော မြေဆီလွှာနှင့်တူပြီး လျှိုမြောင်ထောင်ပေါင်းများစွာ ရှိနေသည်။ ၎င်းတို့အထဲတွင် မြစ်များပင် စီးဆင်းနေသည်။ ဤဧရာမလူကြီး၏ မွေးညှင်းပေါက်များက ရေနွေးငွေ့များ၊ လေပူများ ထုတ်လွှတ်နေသည့် ဧရာမမီးတောင်ကြီးများအလားပင်။
သူမစိတ်ထဲတွင် အကြောက်တရားတို့ ကြီးစိုးလာချေပြီ။ ဤအံ့မခန်းလိလိ ဧရာမလူကြီး၏ ကြွက်သားကြီးများတွင် အလုံးတုတ်တုတ်အမြစ်ကြီးတို့သည် သူ၏အရေပြားကို ဖောက်လျက် ကပ်တွယ်ထားကြ၏။ ကပ်တွယ်ထားသော နေရာများတွင် ဒဏ်ရာများ ဖြစ်ပေါ်နေပြီး ပတ်ပတ်လည်ရှိ အရေပြားတို့မှာလည်း ပုပ်သိုးနေကာ အသားနီများ လန်ထွက်နေသည်။
အမြစ်ထူထူကြီးများကား ကွေ့ကောက်သွားလာနေကြသော နဂါးများကဲ့သို့ ကြာပွင့်သဏ္ဍာန်မြေထုထဲတွင် အမြစ်တွယ်နေကြသည်။
ကြာပွင့်သဏ္ဍာန်မြေထုမှာလည်း အလျင်အမြန် ကြီးထွားလာနေသည်။ ခမ်းနားတင့်တယ်သော သင်္ကေတမျိုးစုံက မြေထုတစ်လျှောက် ဖုံးလွမ်းထားကာ လှပနေ၏။ ၎င်းတို့က ထိုဧရာမလူကြီး၏ လှုပ်ရှားမှုများကို ဟန့်တားနေသယောင် ရှိသည်။
သင်္ကေတအားလုံးသည် ကြီးမားပြီး တချို့ဆိုလျှင် ဧကပေါင်းများစွာ သို့မဟုတ် ဧကရာပေါင်းများစွာ အရွယ်အစားရှိကြ၏။ သို့သော် ဧရာမလူကြီး ရွေ့လျားလိုက်သည်နှင့် မရေမတွက်နိုင်သော သင်္ကေတများမှာ အဆက်မပြတ် ကျိုးပျက်ကုန်သည်။
ထိုမျှသာမက ဂြိုဟ်တစ်လုံး အရွယ်အစားရှိသည့် ဧရာမ သတ္ထုစက်လုံးကြီးက ဤဧရာမလူကြီးအား လှည့်ပတ်နေသည်။ သတ္ထုစက်လုံးပေါ်ရှိ သင်္ကေတများကလည်း အဆက်မပြတ် ပြောင်းလဲနေပြီး တဖျပ်ဖျပ် လင်းလက်လျက် ဧရာမလူကြီးနှင့် ကြာပွင့်သဏ္ဍာန်မြေထုပေါ်သို့ ဖြာကျနေသည်။
“ကောင်းကင်နတ်အရှင်ဟောင်..”
ဧရာမလူကြီးက စကားပြောလာပြီး အသံလှိုင်းများမှာ မျက်စိဖြင့်ပင် မြင်လာရသည်။ အသံသည် ကောင်းကင်တွင် မြည်ဟီးနေခြင်း ဖြစ်သော်လည်း ပိုင်ယွီကျင့်နှင့် လန်ယွီတျန်းမှာ ခြေထောက်အောက်ရှိ တုန်ခါမှုများကို ခံစားနေကြရသည်။
ဝှစ်…
ဧရာမလူကြီးကို သယ်ဆောင်ထားသည့် ကြာပွင့်သဏ္ဍာန်မြေထုသည် ပျံတက်သွား၏။ ၎င်းက လေဟာနယ်လမ်းအတိုင်း ပျံသန်း၍ ရတနာရထားလုံးဆီသို့ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ဦးတည်နေသည်။ ဧရာမလူကြီးနှင့် ကြာပွင့်သဏ္ဍာန်မြေထု ခေါင်းအထက်မှ ပျံသန်းသွားသည်နှင့် ပိုင်ယွီကျင့်နှင့် လန်ယွီတျန်းတို့၏ စိတ်များမှာ ဗလာကျင်းသွားကြ၏။
သူတို့၏အသိစိတ်အလျဥ်အား အေးခဲခံလိုက်ရသကဲ့သို့ အတွေးအားလုံး ရပ်တန့်သွားကြသည်။ သူတို့စိတ်ထဲတွင် အတွေးတစ်ချက်မှ မရှိကြတော့ပေ။ ကြာပွင့်သဏ္ဍာန်မြေထု သူတို့ကို ကျော်သွားသည့်အခါမှ အတွေးများ ပြန်လည်လှည့်ပတ်လာပြီး သူတို့စိတ်ထဲတွင် အကြောက်တရားများသာ ကျန်ရစ်တော့သည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ အလင်းတန်းတစ်တန်းက သူတို့အပေါ်သို့ ဖြာကျလာသည်။ ပိုင်ယွီကျင့်မှာ ခုခံချင်သော်လည်း ရင်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားသည်။ “ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ကောင်းကင်နတ်သိုင်း…”
သူမသည် မခုခံတော့ပေ။ အလင်းတန်းက သူမတို့နှစ်ယောက်အား မီးအိမ်ထဲသို့ ဆွဲခေါ်လိုက်၏။
မီးအိမ်ထဲတွင် အလျှံ့တညီးညီး တောက်လောင်နေသော နေတစ်စင်း ကိန်းဝပ်နေသော်လည်း နေရာရွှေ့ပြောင်းခြင်းကောင်းကင်နတ်သိုင်းဖြင့် ခေါက်ထားခံရသောကြောင့် အလွန်သေးငယ်သည့်ပုံ ပေါက်နေသည်။ သူတို့မှာ မီးအိမ်ထဲတွင် ဖြစ်သော်လည်း ကိုက်သုံးရာ ကျယ်ဝန်းသည့် အခန်းတစ်ခန်းထဲသို့ ရောက်နေသည့်အလား ခံစားရသည်။ အခန်းက အင်မတန်မှ နွေးနေလေသည်။
ဤအခန်းဝိုင်းထဲတွင် တံခါးနောက်တစ်ချပ် ရှိနေ၏။ လန်ယွီတျန်းက တံခါးဖွင့်၍ အပြင်သို့ ကြည့်လိုက်ရာ ချင်မူ၏ ဧရာမမျက်နှာကြီးကို မြင်လိုက်ရသည်။
“အစ်ကိုကြီး”
လန်ယွီတျန်းမှာ အားရပျော်ရွှင်သွားသည်။ သူ ပိုင်ယွီကျင့်ဘက်သို့ အလျင်အမြန် လှည့်ကာ ပြောလိုက်လေသည်။ “ကောင်းကင်ဆရာသခင်မမကြီး၊ မမကြီးက တကယ်ကို အစွမ်းထက်တာပဲ… ကျွန်တော့်အစ်ကိုကြီးကို တကယ်ကြီး ရှာတွေ့ခဲ့ပြီဗျာ”
ပိုင်ယွီကျင့်၏ ရင်မှာ ဒိန်းခနဲ ခုန်သွားပြီး သူ့နောက်မှလိုက်၍ တံခါးအပြင်သို့ လှမ်းကြည့်လိုက်သည်။ မီးအိမ်ကို ကိုင်ထားသော ဧရာမလူကြီးကား အမှန်တကယ် ချင်မူ ဖြစ်နေ၏။ သူမမှာ အနည်းငယ် မျက်နှာပျက်သွားသည်။ ‘’ဒီလန်ယွီတျန်းက တကယ်ကြီး ကောင်းကင်နတ်အရှင်မူရဲ့ ညီလား ... သူတို့ရဲ့ အဟန့်အထည်က တူသယောင် ထင်ရပေမယ့် ကွဲပြားတယ်… မောင်လေးလန်က ကောင်းကင်နတ်အရှင်မူထက် ပိုအပြစ်ကင်းပြီးတော့ သူ့လောက် မဆိုးရွားဘူး…. ထူးဆန်းလိုက်တာ… ဘာလို့ သူတို့နှစ်ယောက်ထဲက တစ်ယောက်က ချင်မျိုးရိုး ဖြစ်နေပြီး နောက်တယောက်က လန်ဖြစ်နေရတာလဲ’
ချင်မူက မီးအိမ်ကို မြှောက်လိုက်ပြီး အထဲရှိလူနှစ်ယောက်အား ကြည့်ရန် အချိန်မရှိပေ။ ထိုအစား သူသည် နှစ်တစ်သန်းတွင် အခမ်းနားဆုံးနှင့် အင်အားအကြီးမားဆုံးဟု ဆိုရမည့် တိုက်ပွဲအား စိတ်လှုပ်တရှား ကြည့်နေ၏။
ကောင်းကင်နတ်အရှင်ဟောင်၏ ရထားလုံးသည် ကြီးမားသော်လည်း မဟာဧကရာဇ်၏ ရုပ်ခန္ဓာအပြင် ကြာပွင့်သဏ္ဍာန် မြေထုနှင့် ယှဉ်လိုက်သည့်အခါ မပြောပလောက်တော့ပေ။
ကြာပွင့်သဏ္ဍာန် မြေထုကား ပြေးဆင်းလာပြီး နောက်တခဏတွင် ဝင်တိုက်ပေတော့မည်။