← Chapters

အမှန်တရား

Vol. 95 Ch. 1244

အမှန်တရား

Vol. 95 Ch. 1244

ပိုင်ယွီကျင့်မှာ ချင်မူ့စကားကို ကြားလျှင် စိတ်ထွေးပြီး တုန်လှုပ်သွားခြင်းကြောင့် မျက်လုံးလေးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ တစ်ချိန်တည်းမှာပင် ရင်ထဲတွင် ခါးသီးနာကျင်လာမိသည်။

ဂုဏ်သရေ ကြီးမြတ်၍ အင်အားတောင့်တင်းသော ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် ထိုမျှရည်မှန်းချက် ကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော လူများ ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ယခုတွင် လျှို့ဝှက်ချက်အတော်များများအား သိလိုက်ရသည်နှင့်အတူ ကြောက်စိတ်လည်း ပေါက်ဖွားလာသည်။ ချင်မူသည် ထိုလူတို့၏ သရုပ်မှန်ကို မဖော်ပြသေးဘဲ အခြားသူများ၏ ခံစားချက်ကို ဆော့ကစားရင်း ခြောက်လှန့်ရသည်ကို ကြိုက်နှစ်သက်ကြောင်း သူမ ကောင်းကောင်းသိပေသည်။ သူမအနေဖြင့် သူ့အတွက် အကျိုးရှိအောင် သူနှင့်ပူးပေါင်းရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

အခြားတစ်ဖက်တွင် မျိုးဆက်သစ်တို့၏ ကြိုးစားအားထုတ်ခဲ့မှုအတွက် သူမ ၀မ်းနည်းကြေကွဲမိသည်။ ရှေးဟောင်းနတ်ဘုရားများနှင့် ခေတ်ဟောင်း၊ စနစ်ဟောင်းတို့ကို အပြီးတိုင် တွန်းလှန်နိုင်ခဲ့ပြီဟု ထင်ခဲ့သော်လည်း အတိတ်ခေတ်၏ အရှင်သခင်က မျက်နှာပြောင်း၍ ပလ္လင်ပေါ်၌ ထိုင်နေသေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“အဟက်…” သူမက ပြုံး၍ ခေါင်းငုံ့လိုက်သည်။

သူမ မြင်တွေ့နေရသော လောကကြီးသည် အတုအယောင်များသာ ပြည့်နေပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု ပထမဆုံးအကြိမ် ခံစားမိလာသည်။

သူမနှလုံးသားထဲတွင် မီးမြှိုက်ကျွမ်းလောင်ပစ်ချင်လိုသော မီးလုံးတစ်လုံး ရှိနေသော်လည်း မလုပ်နိုင်ပေ။

“ကောင်းကင်နတ်အရှင်ဟွေ့ကလည်း အတိတ်ခေတ်တုန်းက အာဏာရှင်တွေ အသွင်ယူထားတဲ့ လူပဲလား” သူမက မေးသည်။

ချင်မူက ခေါင်းရမ်းသည်။ “မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ဟွေ့ပဲ… သူ့ကို ဘယ်သူမှ ၀င်မပူးနေသလို ဘယ်သူကမှလည်း ငှားယူမထားဘူး… ကောင်းကင်နတ်အရှင်ဟွေ့က ဒီတိုင်း…”

သူက တခဏ တိတ်ဆိတ်နေပြီးနောက် ခါးသီးစွာ ပြောလိုက်၏။ “သူက ရှေးဟောင်းနတ်ဘုရားတွေလို အာဏာရှင်ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တာ… ဒါပေမဲ့ သူ့ကိုယ်သူတော့ အဲ့လိုဖြစ်နေမှန်း မသိသေးဘူး…”

ပိုင်ယွီကျင့်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်။ ချင်မူက ၎င်းကို မြင်သောအခါ သတိပေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့အပေါ် သိပ်ပြီး မျှော်လင့်မထားပါနဲ့… မျှော်လင့်ထားလေလေ စိတ်ပျက်ရလေလေပဲ…. ကောင်းကင်နတ်အရှင်ယွင်၊ ချိမင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ခိုင်ဧကရာဇ်တို့လည်း စိတ်ပျက်ခဲ့ရပြီးပြီ”

ဟိုးအချိန်များတုန်းက ကောင်းကင်နတ်ဘုံ၏ အစောင့်အရှောက်ဆောင်တွင် ကောင်းကင်နတ်အရှင်ဟွေ့သည် အဆောင်၏ ထိပ်ဆုံးအထပ်သို့ အလောကြီး ပြေးလာခဲ့၏။ ချင်မူမှာ ယိုတုသို့ ထွက်ပြေးခဲ့ရပြီး ကောင်းကင်နတ်အရှင်ဟွေ့က သူ့ကို ဖမ်းဆီးရန် ပြင်ဆင်ခဲ့သည်။ တားဆီးခဲ့သူမှာ ကောင်းကင်နတ်အရှင်ရုံ ဖြစ်ခဲ့လေသည်။

ထိုအချိန်ကတည်းက ကောင်းကင်နတ်အရှင်ဟွေ့ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း ကောင်းကင်နတ်အရှင်ရုံက ချင်မူ့အား ပြောပြခဲ့သည်။ သူသည် အတိတ်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့ မဟုတ်တော့သလို မယုံကြည်ရတော့ပေ။

သူ့ကို ယုံကြည်မိပါက အသတ်ခံရလိမ့်မည်။

သို့သော် ထိုအချိန်တုန်းက ချင်မူမှာ ကောင်းကင်နတ်အရှင်ဟွေ့အတွက် မျှော်လင့်ချက်များ အပြည့်ရှိနေသေးခဲ့သည်။ ကောင်းကင်နတ်အရှင်ရုံက ဖြောင့်မတ်မှန်ကန်လွန်းသူ ဖြစ်နေ၍သာ ထိုသို့ကောက်ချက်ချခြင်း ဖြစ်လိမ့်မည်ဟုသာ ထင်ခဲ့သည်။

ထို့နောက်တွင်တော့ ကောင်းကင်နတ်အရှင်ရုံ၏ စကားမှာ မှန်ကန်ကြောင်း ချင်မူ သိခဲ့ရသည်။ တောင်ကောင်းကင်မှ ပြန်လာပြီးနောက် ကောင်းကင်နတ်အရှင်ဟွေ့အပေါ် ထားရှိထားသော မျှော်လင့်ချက်များ ပြာကျသွားခဲ့သည်။

ပိုင်ယွီကျင့်အား သူ့နည်းတူ မခံစားစေလိုပေ။

မျှော်လင့်ချက်အပြည့် ရှိထားရာမှ ၀မ်းနည်းစိတ်ပျက်ခဲ့ရသည့်အ‌ဖြစ်သို့ ရောက်ရှိခဲ့သောကြောင့် သူ၏တာအိုနှလုံးသားမှာ ပြောင်းလဲမှု၏ ပြင်းအားနှင့် ဝေဒနာကို နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရလေသည်။

ပိုင်ယွီကျင့်က အပြင်ရှိ တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်ရှုရင်း စကားလမ်းကြောင်းလွှဲသည်။ သူမက စိုးရိမ်ပူပန်စွာ ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင် ရှုံးလောက်တယ်… မဟာဧကရာဇ်က သန်မာလွန်းအားကြီးတယ်”

ချင်မူလည်း ထိုအကြောင်းအရာကို ဆက်မပြောချင်တော့သဖြင့် ပြုံးလျက် တုံ့ပြန်လိုက်သည်။ “ဒါဆိုရင်တော့ မှားသွားပြီ…. မဟာဧကရာဇ် ရှုံးမှာ…. ကောင်းကင်နတ်အရှင်ဟောင်က သန်မာလွန်းတယ်”

ပိုင်ယွီကျင့်မှာ ကြောင်အသွားလေသည်။

“တကယ်တော့ မဟာဧကရာဇ်က ကျွန်တော် တောင်းဆိုလို့ ကောင်းကင်နတ်အရှင်ဟောင်ကို တားဆီးဖို့ ဒီနေရာဆီ ရောက်လာခဲ့တာပဲ...”

ချင်မူက ပြုံး၍ ရှင်းပြသည်။ “ကျွန်တော်က ကောင်းကင်မဟာမိတ်ရဲ့ ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်တဲ့အပြင် တည်ထောင်သူအကြီးအကဲတစ်ဦး ဆိုပေမယ့် ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ သစ္စာဖောက်ဆိုတာလည်း ခင်ဗျား သိတယ်မလား… ကျွန်တော့်အတွက် အကျိုးရှိနေသရွေ့ ကျွန်တော်က အခွင့်အရေးတွေကို အသုံးချမှာပဲ… ဒါကြောင့် မဟာကမ္ဘာဦးအစ မူလကျောက်တုံးကို အသုံးချပြီး မဟာဧကရာဇ် ကောင်းကင်နတ်အရှင်ဟောင်ကို တားဆီးရအောင် အပေးအယူ လုပ်ခဲ့တာ… ဒါပေမဲ့ ကျွန်တော့်ရည်ရွယ်ချက်က သူတို့နှစ်ယောက်လုံးကို ထိခိုက်စေဖို့ပဲ… တူတူသေသွားကြရင် ပိုလို့တောင် ကောင်းသေးတယ်… ဒါပေမဲ့ မဟာဧကရာဇ်က အင်မတန် သန်မာပေမယ့် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ စွမ်းအားအစစ်အမှန်ကို တစ်ခါမှ ထုတ်မပြရသေးဘူး..”

သူက ရီဝေနေသော မျက်ဝန်းများဖြင့် ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်သည့် တိုက်ပွဲဆီသို့ ကြည့်လိုက်သည်။ ထို့နောက် အေးအေးဆေးဆေး ပြောလေသည်။ “မဟာဧကရာဇ်ကို လှုပ်ရှားခိုင်းရတဲ့ နောက်ထပ်အကြောင်းအရင်းက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အကန့်အသတ်က ဘယ်လောက်အထိ မြင့်လဲဆိုတာ သိရဖို့ပဲ… ခင်ဗျား သတိမထားမိဘူးလား… ကောင်းကင်နတ်အရှင်ဟောင်က စိတ်တည်ငြိမ်နေတုန်းပဲ… သူ့ရဲ့စွမ်းအားအစစ်အမှန်ကို ထုတ်မပြရသေးဘူး”

ပိုင်ယွီကျင့်လည်း ကောင်းကင်နတ်အရှင်ဟောင်ကို ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ဟောင်သည် အရေးနိမ့်နေသည့်တိုင် တည်ငြိမ်အေးဆေးနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာတော့ မဟာဧကရာဇ်ကြောင့် အပြင်းအထန် ဒဏ်ရာရထား၏။ မဟာဧကရာဇ်၏ စွမ်းအားမှာ ကြီးမားလွန်းသောကြောင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်ခန္ဓာမှာ စုတ်ပြတ်နေချေသည်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ကောင်းကင်နန်းဆောင်ပင်လျှင် မဟာဧကရာဇ်၏ တိုက်ကွ‌က်ကြောင့် ဖျက်ဆီးခံထားရသည်။

ချင်မူက ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့ရဲ့ ကောင်းကင်နန်းဆောင်တွေက ၂၈ ဆောင်စီ ရှိကြတယ်… ဒါပေမဲ့ ကောင်းကင်နန်းဆောင် အရေအတွက် တူပေမယ့် အမျိုးအစားကတော့ မတူကြဘူး… ကောင်းကင်နန်းဆောင်တစ်ဆောင်စီကို သေချာလေ့လာကြည့်ရင် ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့ရဲ့ ကောင်းကင်နန်းဆောင် အမျိုးအစားက ၃၅ မျိုးအထိ ရှိတာကို တွေ့ရလိမ့်မယ်”

ပိုင်ယွီကျင့်မှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားပြီး ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့၏ ကောင်းကင်နန်းဆောင်အမျိုးအစားများကို အသေအချာ စစ်ဆေးကြည့်လိုက်သည်။

ကောင်းကင်နန်းဆောင်အမျိုးအစားများမှာ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်အမျိုးအစားအလိုက် ခွဲခြား၍ မရပေ။ အချို့ဧကရာဇ်ပလ္လင်ကျင့်စဉ်များသည် အမျိုးအစား တူကြ၏။ ဥပမာ မီးအမျိုးအစား ဧကရာဇ်ပလ္လင် ကျင့်စဉ်များ _ ကောင်းကင်နတ်အရှင်ဟွေ့၏ ကျင့်စဉ်၊ ဇာမဏီနတ်မင်း ချီရှားယွီ၏ ကျင့်စဉ်၊ ဇာမဏီနတ်မင်းဟောင်း၏ ကျင့်စဉ်များနှင့် ကောင်းကင်မီးတောက် အမျိုးအစားကျင့်စဉ်များ အစရှိသဖြင့် ပါ၀င်ချေသည်။

သို့သော် ထိုကျင့်စဉ်အားလုံးမှာ တူညီကြ၏။ တစ်ယောက်ယောက်သာ မဟာကောင်းကင်နတ်ဘုံအဆင့်သို့ ကျင့်ကြံလိုလျှင် တစ်ခုတည်းသာ ရွေးချယ်ရပေမည်။

သို့သော် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့၏ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များက အမျိုးအစား သိပ်မထပ်ကြချေ။ အမှန်တကယ်ပင် ၃၅ မျိုး ရှိနေ၏။

“တစ်နည်းပြောရရင် ကောင်းကင်နတ်အရှင်ဟောင်က ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်၃၅ မျိုးကို ပေါင်းစည်းခဲ့တာ ဖြစ်ရမယ်… သူက ကောင်းကင်နတ်ဘုံအဆင့်နဲ့ ခြေတစ်လှမ်းပဲ ဝေးတော့တယ်”

ချင်မူက ဆက်ပြော၏။ “သူ့မှာ မဟာဧကရာဇ်ကို တိုက်နိုင်တဲ့ စွမ်းအားရှိလို့ တည်ငြိမ်နေတာ… သူက အစစ်အမှန် ကောင်းကင်နတ်ဘုံအဆင့်ကနေ မဝေးတော့ဘူး… ဆိုတော့ သူက ကောင်းကင်နတ်အရှင်တွေကြားကနေ မဟာဧကရာဇ်ရဲ့ သရုပ်မှန် ပေါ်လာအောင် မျှားခေါ်ဖို့ စွမ်းအားအပြည့် ထုတ်မသုံးဘဲ နေတာ ဖြစ်မယ်… နတ်အရှင်မချန်းက ဒီနားမှာမှန်း သူ သိထားလို့ မျှားခေါ်ဖို့ ရည်ရွယ်ထားတာပဲ”

ပိုင်ယွီကျင်၏အသံမှာ အနည်းငယ် အက်ကွဲနေ၏။ “နတ်အရှင်မချန်းနဲ့ မဟာဧကရာဇ်နဲ့ဆိုရင် ကောင်းကင်နတ်အရှင်ဟောင် နိုင်ဖို့ လမ်းစ မရှိဘူး…. ဒါ့အပြင် နတ်အရှင်မချန်းမှာ ကောင်းကင်လက်နတ် ကောင်းကင်နတ်အရှင်ယွီရှိ…”

“မှားတယ်”

ချင်မူက တည်ငြိမ်အေးဆေးစွာ ရှင်းပြသည်။ “ကောင်းကင်နတ်ဘုံအဆင့်ကို ကောင်းကင်နတ်အရှင်ယွီ တည်ထောင်ခဲ့တာ နှစ်တစ်သန်းကြာခဲ့ပြီ…. ကောင်းကင်နတ်အရှင်ဟောင်က အမှန်တကယ် ကြိုးကိုင်ခြယ်လှယ်တဲ့သူပဲ… သူက ကောင်းကင်နတ်ဘုံရဲ့ ရှေ့ဓလေ့အစဉ်အလာတွေကို ချုပ်ကိုင်ထားတာမလို့ တစ်လောကလုံးရဲ့ ကျင့်စဉ်တွေက သူ့လက်ထဲမှာ စုဝေးနေတယ် … သူ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ကျင့်စဉ်ကို လိုချင်ရင် ကောင်းကင်နတ်အရှင်ဟွေ့က မပေးရဲဘဲ နေပါ့မလား… သူ နတ်ဧကရာဇ်လန်ရွှမ်ရဲ့ ကျင့်စဉ်ကို လိုချင်ရင် နတ်ဧကရာဇ်လန်ရွှမ်ကရော မပေးရဲဘဲ နေပါ့မလား… ဒါကြောင့် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဘုံအဆင့်နဲ့ အနီးစပ်ဆုံးသူပဲ”

သူက လန်ယွီတျန်းအား တစ်ချက်ကြည့်၍ ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်ဘုံအဆင့်မှာ အဲ့လိုအဆင့်မျိုး ရှိတယ်ဆိုတာကို ပထမဆုံး အဖြေထုတ်နိုင်ခဲ့တဲ့သူ…. ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွီက ဒီအဆင့်အ‌ကြောင်း ကောင်းကင်နတ်အရှင်ဟောင်ဆီပဲ ပြောပြခဲ့ပြီး ဘယ်သူ့ကိုမှ မပြောခဲ့ဘူး.. ကောင်းကင်နတ်အရှင်ယွီရဲ့‌ အတွေးတွေကို သိခဲ့တဲ့ တစ်ယောက်တည်းသော သူက ကောင်းကင်နတ်အရှင်ဟောင်ဖြစ်တယ်... ပြီးတော့ သူကပဲ ကောင်းကင်နတ်ဘုံအဆင့်ကို ချက်ကျလက်ကျ သိတဲ့သူပဲ.. ကောင်းကင်နန်းဆောင် တစ်ဆောင်တည်းရှိရင်တောင်မှ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အစွမ်းအစတွေက မဟာဧကရာဇ်ထက် အားနည်းလိမ့်မှာ မဟုတ်ဘူး.. ပိုလို့တောင် အင်အားကြီးမားလိမ့်ဦးမယ်”

ပိုင်ယွီကျင့်မှာ မယုံနိုင်စွာဖြင့် ခေါင်းရမ်းလိုက်သည်။ “ငါလည်း အဲ့ဒီ ကောင်းကင်နတ်အရှင်ယွီအကြောင်း ကြားဖူးပါတယ်…. အဲဒီလူက မသေခင်တုန်းက နတ်ဘုရားအဆင့်အထိပဲ ကျင့်ကြံနိုင်ခဲ့တာ မဟုတ်လား… ဘယ်လိုလုပ် ကောင်းကင်နတ်ဘုံအဆင့်တစ်ခုလုံးကို အဖြေထုတ်နိုင်မှာလဲ”

ချင်မူက ဆန်းကြယ်သောအခြေအနေသို့ ၀င်ရောက်နေသော လန်ယွီတျန်းအား ကြည့်ကာ ပြော၏။ “သူက အဲ့ဒီတုန်းက နတ်ဘုရားအဆင့်ထိပဲ ရောက်ခဲ့ပေမယ့် ဘာမှမရှိတာ‌ကနေ နတ်ဘုရားအဆင့် ခုနစ်ဆင့်၊ အစစ်အမှန်နတ်ဘုရားအဆင့်၊ နဂါးသွဲ့ရေကန်အဆင့်၊ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်၊ ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်အဆင့်နဲ့ ဧကရာဇ်ပလ္လင်အဆင့်တွေကို အဖြေထုတ်ခဲ့တာလေ.. ဒါ့အပြင် ကောင်းကင်နတ်ဘုံအဆင့်ကိုတောင် ဖန်တီးနိုင်ခဲ့တယ်”

ပိုင်ယွီကျင့်က ခေါင်းရမ်းလိုက်ပြန်သည်။ “အဲ့ဒီလိုလူမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ”

‘အဲ့ဒီလိုလူမျိုးက ခင်ဗျားဘေးမှာလေ’ ဤစကားကိုတော့ ချင်မူ ထုတ်မပြောဖြစ်လိုက်ချေ။

လက်ရှိ လန်ယွီတျန်းမှာလည်း ပိုမိုအံ့ဩဖွယ်ကောင်းသောအရာကို အောင်မြင်နေချေပြီ။ အနာဂတ်မျိုးဆက်များအပေါ် သက်ရောက်မှုက ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင် ကျင့်စဉ်စနစ်ထက်ပင် သာလွန်လိမ့်မည်။

သူက တိုက်ပွဲကို ကြည့်ရင်း တည်ကြည်စွာ ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်က သူ့စွမ်းအားကို ထုတ်ပြပြီး နတ်အရှင်မချန်း ထွက်လာအောင် ဖိအားပေးတော့မယ်”

All Chapters