← Chapters

ဟင်းလင်းပြင်၏ ပျက်စီးမှု

Vol. 95 Ch. 1245

ဟင်းလင်းပြင်၏ ပျက်စီးမှု

Vol. 95 Ch. 1245

ထိုအခိုက်အတန့်တွင် ပိုင်ယွီကျင့်သည် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နန်းဆောင်ထဲတွင် နောက်ထပ် ကောင်းကင်နန်းဆောင်တစ်ခုအား လှမ်းမြင်လိုက်ရ၏။

ယခင်က ကောင်းကင်နတ်အရှင်ဟောင်တွင် ကောင်းကင်နန်းဆောင် ၂၈ ဆောင် ရှိခဲ့သော်လည်း ယခုတွင် ၂၉ ဆောင် ရှိလာချေပြီ။

ထိုမျှသာမက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတွင်လည်း ကောင်းကင်နန်းဆောင် နောက်တစ်ဆောင် ပေါ်လာကာ ၂၉ ဆောင် ဖြစ်သွားသည်။

ချင်မူသည် ဤအခြေအနေကို မျှော်လင့်ထားခဲ့သော်လည်း ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတွင်လည်း ကောင်းကင်နန်းဆောင် နောက်တစ်ဆောင် ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့‌ပေ။ ကောင်းကင်နတ်အရှင်ဟောင်တွင် မဟာကောင်းကင်နတ်ဘုံအဆင့် ကျင့်စဉ်နှစ်ခု ရှိနေသည်မှာ ပေါ်လွင်သွားလေသည်။

ကျန်ကောင်းကင်နတ်အရှင်များအတွက် တစ်ခုတည်းကို သိမြင်နားလည်ရန်မှာ အချိန်ကုန်လွန်းသည်ဖြစ်သော်လည်း သူကတော့ နှစ်ခု သိမြင်နားလည်ခဲ့သည်။ သူနှင့် သူ၏ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့တွင် တစ်ယောက်တစ်ခုစီ ပိုင်ဆိုင်ထားကြ၏။

“ခိုင်ဧကရာဇ် သူ့ကို ရှုံးသွားခဲ့တာက မမျှမတ ရှုံးခဲ့တာမဟုတ်ဘူး… မဟာဧကရာဇ်ကတော့ မမျှမတ ရှုံးတော့မယ်”

ဤကောင်းကင်နန်းဆောင် ထွက်ပေါ်လာသည့်အချိန်တွင် မဟာဧကရာဇ်မှာ ချက်ချင်း ဖိအားခံစားလိုက်ရသည်။

ကောင်းကင်နန်းဆောင် နောက်တစ်ဆောင်ဆိုသည်မှာ ကောင်းကင်နန်းဆောင်များတွင်‌ အရေအတွက်သာ တိုးသွားသယောင် ထင်ရသော်လည်း ကျင့်စဉ်များအတွက်တော့ တိုးတက်သွားနှုန်းက များပြားလှသည်။

ဧကရာဇ်ပလ္လင်ကျင့်စဉ်အား ကျင့်ကြံရသည်မှာ ခက်ခဲလွန်းသောကြောင့် ပါရမီထက်သန်သော ကောင်းကင်နတ်သိုင်းပညာရှင်များသာ ကျင့်ကြံနိုင်ကြသည်။ သို့သော် ဧကရာဇ်ပလ္လင်ကျင့်စဉ် နှစ်ခုမှ သုံးခုအထိ ကျင့်ကြံခြင်းက ပို၍ပင် ခက်ခဲ၏။ ဧကရာဇ်ပလ္လင်ကျင့်စဉ်တစ်ခုတည်း ကျင့်ကြံရခြင်းထက် အဆပေါင်း ဆယ်ဆကျော် ခက်ခဲလေသည်။

သို့သော် ဧကရာဇ်ပလ္လင်ကျင့်စဉ် နှစ်ခုအား သုံးခုဖြစ်အောင် ပေါင်းစည်းခြင်းက ပို၍ပင် ခက်‌သေးသည်။ ကျင့်ကြံရလည်း ခက်သလို၊ ပေါင်းစည်းရလည်း မလွယ်ပေ။

ဧကရာဇ်ပလ္လင်ကျင့်စဉ် ၁၈ ခုကို ပေါင်းစည်းခြင်းက မဟာကောင်းကင်နတ်ဘုံ ကျင့်စဉ် ဖြစ်သည်။ ချင်မူသည် မဟာကောင်းကင်နတ်ဘုံကျင့်စဉ်၏ အစပ်နားသို့ ရောက်ရှိနေပြီဖြစ်၏။

ထိုအဆင့်သို့ ရောက်သွားလျှင် ဧကရာဇ်ပလ္လင်ကျင့်စဉ်တစ်ခု ထပ်ပေါင်းစည်းရခြင်းက ယခင်ကထက် ပြောရမတတ်တောင် ခက်ခဲလာသည်။

သို့ရာတွင် များလှစွာသော တိုးတက်မှုကြီးလည်း ဖြစ်စေ၏။ ဧကရာဇ်ပလ္လင်ကျင့်စဉ် နှစ်ဆယ်ကျော်ကို ပေါင်းစည်းပြီးသည့်အခါ အခက်ခဲဆုံးအရာမှာ ဧကရာဇ်ပလ္လင်ကျင့်စဉ်အသစ်များ ရှာဖွေခြင်းမဟုတ်တော့ဘဲ ၎င်းတို့ကို ပေါင်းစည်းနိုင်အောင် စဉ်းစားတွေးခေါ်ရခြင်း ဖြစ်လာသည်။

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးအနေဖြင့် ဤအဆင့်အထိ ရောက်လာရန် နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာ ပေးဆပ်၍ မရေမတွက်နိုင်သော အရင်းအမြစ်များနှင့် ဉာဏ်ပညာများကို အသုံးချခဲ့ရသည်။

သူတို့ အားထုတ်ခဲ့ရသည့် သွေးချွေးနှင့် ကြိုးစားမှုများမှာ အခြားသူများ မှန်းဆ၍ပင် မရနိုင်ပေ။

ဤသည်က ပြုပြင်ပြောင်းလဲမှုကို သူတို့ လက်မခံလိုသည့် အကြောင်းပြချက်လည်း ဖြစ်သည်။

ပြုပြင်ပြောင်းလဲမှုကို လက်ခံလိုက်ပါက သူတို့ အတိတ်တွင် ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးသည် သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ အရာအားလုံးကို တစ်မှ ပြန်စ၍ သူတို့၏ မဟာကောင်းကင်နတ်ဘုံကျင့်စဉ်ကိုလည်း ထပ်မံဖန်တီးကြရဦးမည်။

ထိုစည်မှာပဲ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့တွင် ကောင်းကင်နန်းဆောင် နောက်တစ်ဆောင် ထပ်ပေါ်လာသည်ကို ပိုင်ယွီကျင့် မြင်လိုက်ရပြန်သည်။။ ယခု ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့တွင် ကောင်းကင်နန်းဆောင် အဆောင်သုံးဆယ် ရှိနေလေပြီ။

ကောင်းကင်နတ်ဘုံနှစ်ဘုံ၏ ဖွဲ့စည်းထားပုံမှာ မတူညီပေ။ မတူညီသော ကောင်းကင်နန်းဆောင် အမျိုးအစားများအပြင် ၎င်းတို့အား နေရာချထားပုံမှာလည်း ကွဲပြားသည်။

ကောင်းကင်နတ်‌အရှင်ဟောင်၏ ကောင်းကင်နတ်ဘုံကို ကမ္ဘာခေတ်ဦးကောင်းကင်နန်းဆောင်က ဦးဆောင်သည်။ ကျန်ကောင်းကင်နန်းဆောင်များမှာ ကမ္ဘာခေတ်ဦးကောင်းကင်နန်းဆောင်နှင့် ချိတ်ဆက်နေပြီး မဟာကောင်းကင်နတ်ဘုံစနစ်အား ဖော်ဆောင်ထားကြသည်။ ကမ္ဘာဦးအစ မူလချီက ကျန်ကောင်းကင်နန်းဆောင်များကို ထိန်းချုပ်လေသည်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ကောင်းကင်နတ်ဘုံကိုမူ အဆုံးသတ်မြို့ပျက် ကောင်းကင်နန်းဆောင်က ဦးဆောင်သည်။ ကျန်ကောင်းကင်နန်းဆောင်များက အဆုံးသတ်မြို့ပျက် ကောင်းကင်နန်းဆောင်နှင့် ချိတ်ဆက်နေပုံ မရသော်လည်း အဆုံးသတ်မြို့ပျက် ကောင်းကင်နန်းဆောင်၏ စွမ်းအားသည် ကျန်ကောင်းကင်နန်းဆောင်များကို ကျွန်ပြုလျက် ဝါးမြိုထား၏။

“ကောင်းကင်နတ်အရှင်ဟောင်က တကယ်ကို ကောင်းကင်ရဲ့ ကောင်းချီးပေးခံထားရတာပဲ”

ပိုင်ယွီကျင့်မှာ လေးစားအားကျစွာဖြင့် ရေရွတ်လိုက်မိသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် ဤအရာကို လုပ်နိုင်သည့် တစ်လောကလုံးတွင် တစ်ယောက်တည်းသောသူ ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြားကောင်းကင်နတ်အရှင်များတွင် သူ့လို ပါရမီ မရှိကြချေ။

သူတစ်ယောက်တည်းသာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနှင့် အရှင်ယွမ်မုတို့၏ သွေးအား ပိုင်ဆိုင်ထားသောကြောင့် ကမ္ဘာခေတ်ဦးကောင်းကင်နန်းဆောင်နှင့် အဆုံးသတ်မြို့ပျက် ကောင်းကင်နန်းဆောင်တို့က ကျန်ကောင်းကင်နန်းဆောင်များအပေါ် ဖိနှိပ်ထားနိုင်ကြသည်။

‘ဒါက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ သိုင်းအခြေခံနဲ့ အဆင့်က တခြားကောင်းကင်နတ်အရှင်တွေထက် မြင့်နေရတဲ့ အကြောင်းအရင်း ဖြစ်နိုင်တယ်’

သူမ ထိုသို့တွေးနေစဉ် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ နောက်တွင် ကောင်းကင်နန်းဆောင် နောက်တစ်ဆောင် ပေါ်လာပြန်သည်။ မဟာဧကရာဇ်မှာ လုံးလုံးလျားလျား အရေးနိမ့်နေချေပြီ။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ကောင်းကင်နတ်အရှင်ဟောင်တို့က နှစ်ဖက်ညှပ်၍ တိုက်ခိုက်ကြသည်။ မဟာဧကရာဇ်မှာ ကောင်းကင်နတ်အရှင်ဟောင်အား ယခု‌လေးတင် ဖိနှိပ်နိုင်ခဲ့သေး‌သော်လည်း ကောင်းကင်နတ်အရှင်ဟောင်၏ နှစ်ဆယ့်ကိုးခုမြောက် ကောင်းကင်နန်းဆောင် ပေါ်လာသည့်အခါတွင် လက်ရည်တူသွားသည်။

ကောင်းကင်နန်းဆောင် အဆောင်သုံးဆယ် ပေါ်လာသည့်အခါတွင်တော့ သူ့မှာ ဖိနှိပ်ခံရလေပြီ။

သို့သော် သူကား မဟာဧကရာဇ် မဟုတ်ပါလော။ အရေးနိမ့်နေသည့် အခြေအနေမှာပင် တောင့်ခံနိုင်သေးသည်။

“ကောင်းကင်နတ်အရှင်ဟောင်၊ မင်းကို အသိစိတ်အလျဉ်လမ်းစဉ်ရဲ့ ၃၆ ဘုံမြောက် ကောင်းကင်ဘုံဖြစ်တဲ့ မဟာခြုံလွှမ်းအသိစိတ်အလျဉ် ကောင်းကင်ဘုံကို ပြပေးရသေးတာပေါ့”

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာသည်။ မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံ ပေါ်လာသည့်အခါ အနှိုင်းမဲ့သော ဗျပ်စောင်းတေးသံသည် မိုင်များစွာအကွာရှိ အလင်းကြိုးမျှင်များဆီမှ ပျံ့လွင့်လာ၏။ တာအိုသံများမှာ အံ့မခန်းလိလိ လှပလာကြသည်။

အလင်းကြိုးမျှင်များထဲတွင် သူတို့မှာ ဤသာယာနာပျော်ဖွယ် တေးသံအကြား မျောလွင့်နေကြတော့သည်။

အလင်းကြိုးမျှင်များကို ကျော်၍ ကြည့်လိုက်သည့်အခါ မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံသည် သန့်စင်သော မဟာတာအိုဖြင့် ဖွဲ့စည်းထားသည့် အထွတ်အထိပ်နယ်ပယ်သဖွယ် ဖြစ်နေ၏။ ၎င်းက ကျောက်စိမ်းများဖြင့် ဖွဲ့တည်နေရာ မဟာတာအိုကြောင့် ဖြစ်ပေါ်လာသော ကျောက်စိမ်းမြို့တစ်မြို့ဟုပင် ထင်ရသည်။

မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် အသိစိတ်အလျဉ်မဟာတာအိုမှ ဖြစ်တည်လာသော ရတနာသစ်ပင်တစ်ပင် ကိန်းအောင်းနေသည်။ သစ်ပင်ကြီးသည် တင့်တယ်ခမ်းနားနေပြီး သစ်ပင်ပေါ်တွင် တာအိုပန်းပွင့်များ ဖူးပွင့်နေကြ၏။

ချင်မူ၏ မူလဝိညာဉ်က အဝေးမှ ကြည့်နေသည်။ မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲရှိ ရတနာသစ်ပင်မှာ ရုပ်လုံးပေါ်နေပြီဖြစ်သလို၊ တာအိုပန်းပွင့်က အပွင့်ပွင့်နေသော်လည်း တာအိုသစ်သီးကတော့ မမှည့်သေးချေ။

‘မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအသိစိတ်အလျဉ် တာအိုသစ်သီးက သူ ကျင့်ကြံနေတုန်းမှာ ဖန်ဆင်းရှင်တွေရဲ့ ယဇ်ပူဇော်စွမ်းအားကို ငှားယူခဲ့ရလို့ မပြည့်စုံသေးတာလား’

ချင်မူမှာ ၎င်းကို တွေးလိုက်မိသည့်အချိန် ကြောက်ရွံ့ထိတ်လန့်သွားမိသည်။

ခိုင်ဧကရာဇ် မဟာဧကရာဇ်၏ အခြားသရုပ်မှန်ကို သတ်ခဲ့စဉ်တုန်းက ကောင်းကင်နတ်အရှင်မင်ဖန်းယွီ၊ ချင်မူ၊ လန်ဝူနှင့် ရှုကျွင်းတို့သည် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်အား ဖမ်းယူ၍ သန့်စင်နိုင်အောင် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။

သူတို့က မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို သုံးပိုင်းခွဲခဲ့ပြီး တစ်ယောက်လျှင် တစ်ပိုင်းစီ ယူခဲ့ကြသည်။

လန်ဝူက သူမ ရရှိသည့် ဝေစုကို အသိစိတ်အလျဉ်အား သန်မာလာစေရန် အသုံးပြုခဲ့သည်။ ရှုကျွင်းက ရုပ်ခန္ဓာကို သန်မာစေရန် သုံးခဲ့သော်လည်း ချင်မူကတော့ သူ့ဝေစုကို မသုံးခဲ့ပေ။

အမှန်တကယ်တွင် သူသည် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်ကို သိုင်းအခြေခံများနှင့် သိုင်းကွက်များအား မြှင့်တင်ရန် အသုံးပြုလိုခဲ့သော်လည်း ထိုသို့လုပ်ခြင်းက မမြင်ရနိုင်သော အန္တရာယ်များ ကျန်ရစ်စေလောက်သည်ဟု ခံစားခဲ့ရ၏။

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်မှာ ဧရာမအဆိပ်ကြီးသဖွယ်ပင်။ ကနဦးအဆင့်များတွင် ၎င်းသည် သိုင်းကွက်များကို အားကောင်းပြင်းထန်လာစေနိုင်‌သော်လည်း နောက်ပိုင်းအဆင့်များတွင်တော့ တာအိုနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ မရောက်နိုင်အောင် တားဆီးပေလိမ့်မည်။

“အရင်တုန်းက မဟာဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က ငါတို့ကို တိုက်ခိုက်ခဲ့ပေမယ့် ကြီးကြီးမားမား ဘာမှမလုပ်ခဲ့ဘူး… ငါတို့ကို ရည်ရွယ်ချက်ရှိရှိ အဆိပ်ခတ်ခဲ့တာများလား”

ချင်မူမှာ ကြက်သီးမွေးညင်းများ ထသွားသည်။ သို့သော် ခိုင်ဧကရာဇ်၏ တာအိုနယ်ပယ်လမ်းစဉ်က မည်မျှစွမ်းအားကြီးမားကြောင်း သူတွေ့မြင်ခဲ့ရပြီးချေပြီ။ မဟာဧကရာဇ်သည် ဤလမ်းစဉ်သို့ မဝင်ရောက်နိုင်ခဲ့လျှင် တာအိုသစ်သီးအား မဖွဲ့တည်နိုင်ပေ။ ခိုင်ဧကရာဇ်သာ ဆက်လက်ကျင့်ကြံမည်ဆိုပါက ဓားတာအိုကောင်းကင်ဘုံအား သေချာပေါက် တည်ဆောက်နိုင်ကာ တာအိုသစ်သီးတစ်လုံး ဖွဲ့တည်နိုင်ပေလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ တည်ငြိမ်အေးဆေးနေဆဲပင်။ မဟာဧကရာဇ်မှ မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ဖော်ဆောင်လိုက်သည့်အချိန် သူ့အနောက်ရှိ ကောင်းကင်နတ်ဘုံထဲတွင် နောက်ထပ်ကောင်းကင်နန်းဆောင် တစ်ဆောင်ပေါ်လာပြီး သူ၏သိုင်းအဆင့်က မြင့်တက်သွားပြန်၏။

မကြာမီ မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံထက် မနိမ့်ကျသော ကောင်းကင်နန်းဆောင် ၃၃ ဆောင် ရှိလာခဲ့လေပြီ။

ထိုမျှသာမက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာလည်း ကောင်းကင်နန်းဆောင် ၃၃ ဆောင်အထိ ရောက်ရှိသွားသည်။

ထိုအံ့မခန်းပုဂ္ဂိုလ်သုံးဦး၏ တိုက်ပွဲစွမ်းအားမှာ ပြင်းထန်လွန်းသဖြင့် မဟာလေဟာနယ်ပင်လျှင် ခံနိုင်ရည်မရှိပေ။

အစတုန်းက ဤနေရာရှိ ဟင်းလင်းပြင်မှာ ကစဉ့်ကလျား ဖြစ်နေသည်ဆိုရုံသာ ရှိခဲ့သည်။ ယခုတော့ မတည်ရှိသည့် လေဟာနယ်အဖြစ် တိုက်ရိုက်ပြောင်းလဲနေချေပြီ။

ပိုင်ယွီကျင့်မှာ အကြီးအကျယ် မျက်နှာပျက်ယွင်းသွားပြီး မီးအိမ်နှင့်အတူ အလောတကြီး နောက်ဆုတ်လိုက်သည်။ အလင်းကြိုးမျှင်ထဲတွင် ပုန်းကွယ်နေသည့် ချင်မူမှာ တစ်စစီဖြစ်နေသော လေဟာနယ်နှင့် ကောင်းကင်နတ်သိုင်း၏ နောက်ဆက်တွဲ သက်ရောက်မှုကို မခံရသော်လည်း မဟာလေဟာနယ်မြေထု ဆွဲယူခံနေရသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။

ထိုသို့ဖြစ်နေရခြင်းမှာ ဟင်းလင်းပြင် ဖျက်ဆီးခံနေရ၍ပင်။

မဟာဧကရာဇ်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့သည် အင်အားကြီးမားလွန်းသောကြောင့် ကစဉ့်ကလျားဟင်းလင်းပြင်အား လုံးဝ ပျက်စီးလာစေသည်။ သူတို့တိုက်ခိုက်သည့်နေရာတွင် ဟင်းလင်းပြင်၏ ဧရာမအစိတ်အပိုင်းကြီးတစ်ခုမှာ ပျောက်ကွယ်သွား၏။

ထိုမျှသာမက ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ် ကြိုးစားပမ်းစား ဖောက်လုပ်ခဲ့ရသော လေဟာနယ်လမ်းမှာလည်း ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။

မကြာမီ ကစဉ့်ကလျားဟင်းလင်းပြင်အား ဖိနှိပ်နေသည့် တောင်နတ်မင်းနတ်လက်နက်နှင့် အနောက်နတ်မင်းနတ်လက်နက်တို့ သူတို့မြင်ကွင်းထဲတွင် ပေါ်လာကြ၏။

ထိုသည်သာမက ချင်မူ အဝေးသို့ကြည့်လိုက်ရာ မဟာလေဟာနယ်အ၀င်၀တွင် အရှေ့နတ်မင်းနတ်လက်နက်ကိုပင်လျှင် တွေ့လိုက်ရသည်။

သူ အနောက်သို့ လှည့်ကြည့်လိုက်ရာ မြောက်နတ်မင်းနတ်လက်နက်နှင့် မဟာလေဟာနယ်မြေထုကို တွေ့လိုက်ရ၏။

မဟာလေဟာနယ်၏ ဟင်းလင်းပြင်သုံးပုံတစ်ပုံမှာ အင်အားကြီးမားသော ပုဂ္ဂိုလ်သုံးဦးကြောင့် ဖျက်ဆီးခံလိုက်ရလေပြီ။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်အနောက်ရှိ ကောင်းကင်နတ်ဘုံက ရောင်စုံအလင်းတန်းများ ကွန့်မြူးဖြန့်ကျက်လျက် ၃၄‌ ဆောင်မြောက် ကောင်းကင်နန်းဆောင်အား ဖွဲ့တည်ပြလိုက်သည်။

All Chapters