မိခင်၏ အသွင်အပြင်
Vol. 95 Ch. 1247
ကောင်းကင်နတ်အရှင်ရှုက သက်ပြင်းချလိုက်သည်။ “ရှင်က သူ့အပေါ် သိပ်သစ္စာရှိတာပဲ”
ကောင်းကင်နတ်အရှင်နှစ်ပါးသည် တိုက်ပွဲဆီသို့ အလောတကြီး သွားနေကြစဉ် ဟင်းလင်းပြင်မှာ ကျုံ့ဝင်၍ ပြိုကွဲနေသည်ကိုသာ တွေ့လိုက်ရသည်။ လေဟာနယ်လမ်းကို စောင့်ရှောက်နေကြသော စစ်သားများမှာ မတတ်သာတော့သဖြင့် မဟာလေဟာနယ်ဆီ ဆုတ်ခွာနေကြရသည်။
ဤနေရာတွင် စခန်းချထားသော နတ်ဘုရားမိစ္ဆာအတော်များများ ရှိလေသည်။ ကောင်းကင်နတ်ဘုံသည် ဤနေရာတွင် နတ်ဘုရားမြို့များစွာ တည်ဆောက်ထားသော်လည်း ယခုအခိုက်အတန့်တွင် နတ်ဘုရားမြို့များမှာ မှုန့်မှုန့်ညက်ညက် ကြေသည့်တိုင်အောင် ပြိုကျကုန်ကြသည်။
နတ်ဘုရားမိစ္ဆာ စစ်သည်တော် ထောင်ပေါင်းများစွာမှာ မဟာလေဟာနယ်မြေထုဆီသို့ အသည်းအသန် ပြေးနေကြသည်။ တချို့မှာ ချေမှုန်းဖျက်စီးခံနေရသည့် ဟင်းလင်းပြင်ထဲ၌ ပိတ်မိသွားကြကာ ခန္ဓာကိုယ်အားလုံး အမှုန့်များအဖြစ် ပေါက်ကွဲသွားကြ၏။ ထို့နောက် အမှုန့်ကိုပင်လျှင် ရှာ၍မရနိုင်ချေ။
သူတို့သည် လက်မလျှော့ကြသေးဘဲ အနောက်နတ်မင်း ကောင်းကင်လက်နက်အား ထိန်းချုပ်ရင်း ကစဉ့်ကလျားဟင်းလင်းပြင်ဆီမှ လှိုင်းဂယက်များကို ခုခံရန် ကြိုးစားနေကြ၏။ သို့သော် လုံးဝ မကာကွယ်နိုင်ကြပေ။ အခြေအနေမကောင်းကြောင်း မြင်လျှင် ဤနေရာကို အဓိကတာဝန်ယူထားသော တပ်မှူးက အနောက်နတ်မင်း ကောင်းကင်လက်နက်နဲ့အတူ ထွက်ပြေးသွားတော့သည်။ ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများမှာ ကောင်းကင်လက်နက်ပေါ် ခုန်တတ်၍ အမှီလိုက်ရန် ကြိုးစားသော်လည်း ကောင်းကင်လက်နက်ပေါ်ရှိ နတ်ဘုရားမိစ္ဆာက တွန်းချကြသဖြင့် သေကြေပျက်စီးကုန်ကြသည်။
ကောင်းကင်နတ်အရှင်နှစ်ပါးမှာ ဤနေရာသို့ ရောက်လာသည့်အခါ ခေါင်းရမ်းလိုက်ကြသည်။ ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ဟောင်နှင့် မဟာဧကရာဇ်၏ ကောင်းကင်နတ်သိုင်းမှ နောက်ဆက်တွဲ လှိုင်းဂယက်များကို ခုခံတော့မည်အချိန် ခိုင်ဧကရာဇ်နှင့် နတ်ဘုရင်လန်ဝူ ပျံသန်းလာနေမှန်း တွေ့လိုက်ရသည်။ သူ့မှာ အံ့အားသင့်သွားသောကြောင့် ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များကို မကယ်တင်လိုက်နိုင်ပေ။
ဟင်းလင်းပြင်သည် ပြိုကျသွား၏။ ပြိုကျမှုက အားကောင်းပြင်းထန်သော်လည်း သူတို့ကဲ့သို့ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်များကို မထိခိုက်နိုင်ချေ။
ခိုင်ဧကရာဇ်နှင့် လန်ဝူကလည်း သူတို့ကို သတိထားမိသည်နှင့် အရှိန်လျှော့လိုက်ကြသည်။
ဤသို့ဖြင့် လေးယောက်သား တစ်ယောက်ကိုတစ်ယောက် သတိကြီးစွာ ကြည့်နေကြရင်း မလှုပ်ရှားကြချေ။ ထိုအစား မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ကြားရှိ တိုက်ပွဲကိုသာ ကြည့်နေကြသည်။
ကစဉ့်ကလျားဟင်းလင်းပြင်ထဲ၌ အဆက်မပြတ် လှုပ်ခတ်နေသည့် ကြိုးတစ်ချောင်းကိုလည်း သူတို့လေးယောက် သတိထားမိကြ၏။ သို့သော် သူတို့၏အာရုံမှာ မြင်တွေ့ရခဲသော ဤတိုက်ပွဲ၌သာ ရှိနေကြသဖြင့် ထိုကြိုးအား ဂရုမစိုက်ကြချေ။
ထိုအခိုက်အတန့်တွင် ရှေးဟောင်းကမ္ဘာဦးခေတ်တွင် အင်အားအကြီးဆုံးပုဂ္ဂိုလ် ၊ မဟာဧကရာဇ်ကား ပြင်းထန်လှသော ထိုးနှက်ချက်အား ခံစားလိုက်ရချေပြီ။ သူ၏ မပြည့်စုံသေးသော မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံမှာ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့နှင့် ရင်ဆိုင်ရာတွင် ပြိုင်ဘက်ကင်းမဟုတ်တော့ပေ။
“တာအိုနယ်ပယ်က လမ်းသေးသေးလေးပဲ ရှိသေးတယ်… ကောင်းကင်နန်းဆောင်တွေနဲ့ ကောင်းကင်နတ်ဘုံကို နှိုင်းယှဉ်လို့ မရနိုင်ဘူး” ကောင်းကင်နတ်အရှင်ဟွေ့က စိတ်မဝင်စားဟန်ဖြင့် ပြောသည်။
ခိုင်ဧကရာဇ်က ၎င်းကို ကြားလျှင် ပြုံး၏။ “မဟာဧကရာဇ် ကျင့်ကြံတဲ့အချိန်မှာ အမှားလေးတစ်ခု လုပ်မိတာနဲ့တင် တာအိုကျင့်စဉ်စနစ်က မကောင်းတာ မဟုတ်ပါဘူး… ငါက သူ့လိုမှ အမှားမလုပ်ခဲ့တာ”
ကောင်းကင်နတ်အရှင်ရှုက မှင်သေသေ ပြန်ပြောသည်။ “လူတချို့ပဲ တာအိုအဆင့်ကို ကျင့်ကြံနိုင်တာ… တာအိုနယ်ပယ်ကျင့်စဉ်စနစ်က သတ္တဝါတွေအားလုံးအတွက် အကျိုးမပြုနိုင်ဘူး… ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်းဆောင် ကျင့်စဉ်စနစ်က သတ္တဝါတွေအားလုံးကို အကျိုးပြုနိုင်တယ်”
ခိုင်ဧကရာဇ်က အေးအေးလူလူ တုံ့ပြန်သည်။ “ဒါကြောင့် ငါက ကောင်းကင်နတ်အရှင်ယွီအောက် နိမ့်ကျတာပေါ့… ဒါပေမဲ့ ငါက တာအိုနယ်ပယ်ရဲ့ ဦးဆောင်တီထွင်သူပဲ… ကောင်းကင်နတ်အရှင်ဟောင်ကတော့ ကောင်းကင်နတ်အရှင်ယွီဆီကနေပဲ သင်ယူနေရတာ… အဲ့ဒါက သူ ငါ့အောက် နိမ့်ကျရတဲ့ အကြောင်းအရင်းပဲ”
ဝုန်း…
လေဟာနယ်ထဲတွင် အနှိုင်းမဲ့အောင် လှပသော အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့ထဲမှ တစ်ယောက်က မူလချီကို အသက်သွင်းပြီး နောက်တစ်ယောက်က အဆုံးသတ်မြို့ပျက် မဟာတာအိုကို အသက်သွင်းလိုက်သည်။ နှစ်ယောက်လုံးက နှစ်ဖက်စလုံးမှ ညှပ်တိုက်လိုက်ကာ မဟာဧကရာဇ်၏ ရင်ဘတ်နှင့် ကျောကုန်းတွင် ဧရာမအပေါက်ကြီးတစ်ပေါက် ပေါက်သွားစေသည်။
မဟာဧကရာဇ်မှာ ဒူးထောက်ကျသွားသည်။ သူ၏ အသိစိတ်အလျဉ်ကို ဖျက်ဆီးရန် ခက်ခဲသော်လည်း အဆုံးသတ်မြို့ပျက်၏ မဟာတာအိုကို တွေ့ကြုံရသည့်အခါ သူ့အနေဖြင့် ထိုသို့သော ဖိအားမျိုးကို ခံနိုင်ရည်မရှိပေ။
ကမ္ဘာဦးခေတ်၏ မဟာနတ်ဘုရင်သုံးပါးထဲတွင် တစ်ပါးသာ အမှန်စစ်စစ် သေဆုံးခဲ့ပြီး ထိုသူမှာ နတ်ဘုရင်ပိုယန် ဖြစ်သည်။ သူသည် ကောင်းကင်နတ်ဧကရီ၏ ညီမတော်ကြောင့် အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းအောက်တွင် သေဆုံးခဲ့ရ၏။
မပြောင်းလဲသော ကောင်းကင်နတ်သိုင်းအပြင် အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းမှာလည်း မဟာဧကရာဇ်၏ ရန်သူတော်ဖြစ်သည်။ သို့သော် မပြောင်းလဲသော ကောင်းကင်နတ်သိုင်းလောက် တိုက်ရိုက်မသက်ရောက်နိုင်ပေ။
အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းအား ထောက်ပံ့နိုင်ရန် အားကောင်းသော သိုင်းအဆင့်နှင့် မှော်စွမ်းအင်ကို လိုအပ်သည်။ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကတော့ အသိစိတ်အလျဥ်ကို တိုက်ရိုက် ချိတ်ပိတ်လိုက်ရင်း မပြောင်းလဲနိုင်အောင် ဟန့်တား၏။
ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက သူ့အား နှစ်ဖက်ညှပ်ကာ တိုက်ခိုက်နေသည်။ တစ်ယောက်က မူလချီဖြင့် ဖိနှိပ်ထားပြီး နောက်တစ်ယောက်က အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းဖြင့် ထိုးနှက်နေ၏။ သူတို့က ဒူးထောက်ကျနေသော မဟာဧကရာဇ်အား တစ်ချိန်တည်း ပြိုင်တူတိုက်ခိုက်နေကြသည်။
ဤပြင်းအားက ပြိုင်ဘက်ကင်း မဟာဧကရာဇ်အား သတ်နိုင်ပေသည်။
မဟာဧကရာဇ် သေရတော့မည့်အချိန်တွင် လူရိပ်လေးတစ်ခုသည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ပြေးဝင်လာပြီး ကောင်းကင်နတ်အရှင်ဟောင်၏ နောက်စေ့တည့်တည့်သို့ ဦးတည်သွား၏။
မဟာဧကရာဇ်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့၏ ကြီးမားလှသော ခန္ဓာကိုယ်များနှင့်ယှဥ်လျှင် ဤလူရိပ်လေးမှာ သဲမှုန်လေးတစ်မှုန်စာမျှသာ ရှိပြီး အရေးမပါလှချေ။
ဤလူရိပ်လေးသည် သေးငယ်သော်လည်း ၎င်း ထုတ်လွှတ်နေသည့် စွမ်းအားက နှိုင်းယှဉ်မရနိုင်ချေ။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ စွမ်းအားသည် တစ်လောကလုံးတွင် ပြိုင်ဘက်မရှိဟု ပြောကြ၏။ သူက ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်အား ခွန်အားသက်သက်ဖြင့်သာ ချေမှုန်းနိုင်သည်။ သို့သော် ဤလူရိပ်ပိစိကလေး လှုပ်ရှားလိုက်သည့်အခါ စွမ်းအားသည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအောက် နိမ့်ကျမနေပေ။ ပို၍ပင် အစွမ်းထက်သေးသည်။
ကောင်းကင်နတ်အရှင်ဟောင်က မျှော်လင့်ထားသည့်အလား ပြုံးလိုက်သည်။ မဟာဧကရာဇ်ကို တိုက်ခိုက်နေသည့် ကောင်းကင်နတ်သိုင်းက ထိုလူရိပ်လေးထံသို့ ဦးတည်ချက်ပြောင်းသွား၏။
“ငါတို့နှစ်ယောက်လုံးက ကောင်းကင်နတ်အရှင်တွေပဲ… နှစ်ယောက်လုံးက အစွမ်းအစတွေကို ဖုန်းကွယ်ထားခဲ့ကြတယ်… မဟာဧကရာဇ်၊ လွန်ခဲ့တဲ့နှစ်တစ်သန်းမှာ ဘယ်သူက ပိုပြီး သာလွန်သလဲ ကြည့်ဖို့ အချိန်ကျပြီ”
သူ၏မှော်စွမ်းအင်သည် ပေါက်ကွဲထွက်လာပြီး သူ၏မူလချီက မဟာတာအိုများအား ထိန်းချုပ်လိုက်သည်။ ၃၅ ဆောင်သော ကောင်းကင်နန်းဆောင်များမှ စုစည်းထားသော မဟာတာအိုနှင့် မှော်စွမ်းအင်တို့ကား ပြိုင်ဘက်ကင်းလှချေသည်။
ထိုလူရိပ်လေးသည် သရုပ်မှန်ပေါ်သွားမည် စိုးသောကြောင့် နတ်အရှိန်အဝါတို့ဖြင့် မျက်နှာကို ဖုန်းကွယ်ထားခဲ့၏။ သို့သော် ကောင်းကင်နတ်အရှင်ဟောင်၏ အနန္တတာအိုကောင်းကင်လှည်းဘီးဆီမှ တိုက်ခိုက်မှုအောက်တွင် သူမ၏ အကာအကွယ်နတ်အရှိန်အဝါမှာ လွင့်ပျယ်သွားလေသည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ သူမ၏မျက်နှာကို မြင်လျှင် ကြောင်အသွားသည်။
သူ အမှန်တကယ် မြင်နေရသည်ကား အရှင်မယွမ်မု၏ မျက်နှာပင်။
“ချီးပဲ…. အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းက ငါ့အသိစိတ်အလျဉ်ကို ဖုံးကွယ်ထားတာပါလား”
ကောင်းကင်နတ်အရှင်ဟောင်က အော်ဟစ်လိုက်သည်။ “ကျိုးပျက်စမ်း…”
ထိုအခိုက်အတန့်တွင် မဟာဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အနောက်ရှိ ကောင်းကင်နန်းဆောင်များက ကားထွက်လာကာ ကောင်းကင်နန်းဆောင်အသစ်များ အဆက်မပြတ် ပေါ်လာသည်။
ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် ပုန်းနေခဲ့သော မဟာဧကရာဇ်ကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေရန် ဤအခွင့်အရေးအား စောင့်ဆိုင်းနေခဲ့၏။ မဟာဧကရာဇ်ကလည်း ဤအခွင့်အရေးကို စောင့်နေခဲ့သည်။ နတ်အရှင်မချန်းသည် အရှင်မယွမ်မု၏ မျက်နှာကို သုံး၍ ကောင်းကင်နတ်အရှင်ဟောင်၏ အသိစိတ်အလျဉ်ကို နှောင့်ယှက်ကာ သူ့အား ကောင်းကင်နတ်အရှင်ဟောင်အပေါ် တိုက်ခိုက်နိုင်မည့် အခွင့်အရေး ပေးခဲ့ချေပြီ။
အစွမ်းထက်သူများထဲတွင် ပို၍အစွမ်းထက်သောသူ ရှိပြီး အစွမ်းထက်လှပါသည် ဆိုသော လူထက်လည်း အစွမ်းထက်ပိုထက်သူ ရှိစမြဲ မဟုတ်လော။
သူက နတ်အရှင်မချန်း အသွင်ဆောင်ရင်း ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားနန်းဆောင်တွင် ပုန်းခိုကာ တခြားကောင်းကင်နတ်အရှင်များနှင့် ပြောဆိုဆက်ဆံခဲ့သောကြောင့် မည်သူ့ကိုမဆို ကောင်းကောင်းသိလေသည်။
အင်အားအကြီးမားဆုံးသော အသိစိတ်အလျဉ်ပိုင်ရှင် ဖြစ်သည့်အလျောက် မဟာဧကရာဇ်သည် အားလုံး၏ အားနည်းချက်ကို သိမြင်နိုင်ခဲ့ရာ ကောင်းကင်နတ်အရှင်ဟောင်၏ အားနည်းချက်ကိုလည်း သိခဲ့သည်မှာ ကြာလေပြီ။
ကောင်းကင်နတ်အရှင်ဟောင်သည် သူ၏မိခင်အား ချစ်ခင်မြတ်နိုး၏။
ဤသည်က ကောင်းကင်နတ်အရှင်ဟောင်၏ အားနည်းချက်ပင်။
နတ်အရှင်မချန်းက သူ၏အသိစိတ်အလျဉ်ကို သုံးလျက် ကောင်းကင်နတ်အရှင်ဟောင် အရှင်မယွမ်မုဟု ထင်မြင်အောင် လှည့်စားကာ သူ့အတွက် အခွင့်အရေး ဖန်တီးပေးခဲ့သည်။
ယခုအချိန်တွင် မဟာဧကရာဇ်၏ ဦးခေါင်းနောက်တွင် ကောင်းကင်နန်းဆောင်များသည် ကောင်းကင်နတ်ဘုံအဖြစ် ဖွဲ့တည်လျက် နေရာယူထား၏။ ကောင်းကင်နန်းဆောင် အရေအတွက်မှာ ကောင်းကင်နတ်အရှင်ဟောင်လောက် မများပြားသော်လည်း အဆောင်သုံးဆယ်တော့ ရှိလေသည်။ ယင်းတို့က သေလုမျောပါး ဖြစ်နေခဲ့သော မဟာဧကရာဇ်အား ရွှင်လန်းတက်ကြွလာစေသည်။
ဘုန်း..
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ လက်ဖဝါးက မဟာဧကရာဇ်၏ ဦးခေါင်းကို အုပ်မိုးလိုက်ပြီး ချောက်နက်ကြီးသဖွယ် ဧရာမအမှောင်ထုကြီးက ဦးခေါင်းကို ဝါးမြိုသွား၏။ မဟာဧကရာဇ်က သူ့ကိုယ်သူ ကာကွယ်ရန်ပင် ဂရုမစိုက်ပေ။
သူက ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နန်းဆောင် ၃၅ ဆောင်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၍ ဖြိုခွဲလိုက်ရင်း မဟာခြုံလွှမ်း အသိစိတ်အလျဉ်ဖြင့် ထိုကောင်းကင်နတ်ဘုံထဲသို့ ဝင်ရောက်ကာ ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်အား မဟာခြုံလွှမ်းအသိစိတ်အလျဉ်နယ်ပယ်အထဲသို့ ပစ်သွင်းလိုက်သည်။
သူ၏ နောက်ထပ်တိုက်ကွက်က ကောင်းကင်နတ်အရှင်ဟောင်၏ နှလုံးသားကို ချေမွ၍ နောက်ကျောမှ ဖောက်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ကွက်ကလည်း နတ်အရှင်မချန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူမက မရှောင်ဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်သောကြောင့် အရိုးအားလုံး ကြေမွသွားပြီး နောက်သို့လွင့်ထွက်သွားတော့သည်။
ထိုစဉ်မှာပဲ နတ်အရှင်မချန်း၏ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းက ကောင်းကင်နတ်အရှင်ဟောင်၏ ဦးနှောက်ထဲသို့ ဖောက်ဝင်လာကာ ပေါက်ကွဲသွားသည်။
ထို့နောက် အက်ကွဲသံကြီးတစ်သံ ထွက်လာသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အဆုံးသတ်မြို့ပျက် အမှောင်ထု ကောင်းကင်နတ်သိုင်းကား မဟာဧကရာဇ်၏ ဦးခေါင်းကို အားဖြင့် ချိုးကာ ဝါးမြိုလိုက်ချေပြီ။
မဟာဧကရာဇ်မှာ ခေါင်းမရှိတော့သော်လည်း ထိခိုက်သွားသည့်ပုံ မပေါ်ချေ။ သူက လက်ဆန့်တန်း၍ မဟာခြုံလွှမ်းအသိစိတ်အလျဉ်နယ်ပယ်ထဲရှိ ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်အား လှမ်းဆွဲလိုက်သည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက အမှောင်ထုထဲမှ အနန္တတာအိုကောင်းကင်လှည်းဘီးကို ထုတ်ကာ လွှဲချလိုက်သည်။ မဟာဧကရာဇ်မှာ ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ကို ဆွဲယူပြီးသည့် အချိန်မှာပင် လက်မောင်း ဖြတ်ခံလိုက်ရသည်။
ထိုအခိုက်အတန့်တွင် နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဦးတည်ဝင်ရောက်သွား၏။ မဟာဧကရာဇ်၏ရုပ်ခန္ဓာကို ခုတ်ပိုင်းနေသည့် လက်မှာ ရပ်တန့်သွားလေသည်။
ဇွက်ခနဲ အသံနဲ့အတူ မဟာဧကရာဇ်၏ လက်မောင်းတဖက်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ရင်ဘတ်အား ဖောက်ထွက်သွားတော့သည်။