ကပ်ဆိုးကြီး လာနေပြီ
Vol. 95 Ch. 1248
ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၊ မဟာဧကရာဇ်နှင့် နတ်အရှင်မချန်းတို့၏ အနောက်ရှိ ကောင်းကင်နန်းဆောင်များ ပြိုကျကုန်သဖြင့် တဝုန်းဝုန်း မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ မျက်စိကျိန်းလုအောင် တောက်ပနေသော နတ်အရောင်အဝါများသည် မိုင်တစ်သိန်းပတ်ပတ်လည်သို့ ဖြာထွက်ကုန်၏။ ချင်မူနှင့် ပိုင်ယွီကျင့်ပင်လျှင် အလင်းရောင်ထဲ၌ လျှပ်စီးလို တရိပ်ရိပ် ဖြတ်ပြေးနေသည့် အရိပ်မည်းမည်းများကိုသာ မြင်ရတော့သည်။ အထဲ၌ မည်သည်တို့ ဖြစ်ပျက်နေမှန်း သဲသဲကွဲကွဲ မမြင်ရတော့ပေ။
“တတိယမျက်လုံး”
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ဖွင့်ကာ နတ်အရောင်အဝါတို့၏ အလယ်ဗဟိုသို့ အားစိုက်ကြည့်လိုက်သည်။ သူ့မှာ စိတ်လှုပ်ရှားလွန်းသောကြောင့် တုန်ရီနေပြီး လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။
ပိုင်ယွီကျင့်မှာ အလင်းရောင်သာ မြင်ရတော့သောကြောင့် တိုက်ပွဲကို ကြည့်မနေတော့ဘဲ မီးအိမ်အား ဂရုတစိုက် ကိုင်တွယ်လျက် အလင်းကြိုးမျှင်အပေါ် ထိန်းချုပ်နေသည်။ ချင်မူ့အမူအရာကို မြင်လျှင် သူမမှာ တိတ်တိတ်ကလေး ခေါင်းယမ်းရင်း တွေးမိသည်။ ‘နာမည်ကျော်ကြားလှတဲ့ ကောင်းကင်နတ်အရှင်မူက မီးတောက်ထဲ တိုးဝင်ချင်နေတဲ့ ပိုးဖလံလို ဘာကြောင့် ဒီလောက် စပ်စုနေတာပါလိမ့်... နှင်းထဲက ငတုံးသမင်လေးကျလို့... အဲဒီလောက် စပ်စုနေရင် အနှေးနဲ့ အမြန် သေမှာပဲ’
သူမက ချင်မူ စပ်စု၍ဝသည်အထိ စောင့်ပြီးနောက်မှ သူ၏အားနည်းချက်ကို သူ သိသွားအောင် ပြောပြရန် တွေးထားလိုက်သည်။
ရုတ်တရက် ပိုင်ယွီကျင့် မှင်သက်မိသွား၏။ ‘ကောင်းကင်နတ်အရှင်မူက ငါ့ရဲ့ ရန်သူကြီးဟာ... ငါက ဘာလို့ သူ့ကို သူ့အားနည်းချက်အကြောင်း သတိပေးမှာလဲ... သူ သေသွားတာက ပိုမကောင်းဘူးလား’
သူမ၏ ရပ်တည်ချက် တဖြည်းဖြည်း ပြောင်းလဲလာခဲ့မှန်း သဘောပေါက်လိုက်သည့်အခါ ပိုင်ယွီကျင့် တုန်လှုပ်သွားသည်။ အတိတ်တုန်းက သူမသည် သူမကိုယ်သူမ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်တစ်ဦးအဖြစ် သတ်မှတ်ထားခဲ့သည့်အလျောက် ကောင်းကင်နတ်ဘုံအတွက် မည်သည့်အရာကိုမဆို လုပ်ပေးခဲ့၏။ မဟူရာနတ်မင်းနှင့် ရန်သူ ဖြစ်လင့်ကစား ကောင်းကင်နတ်ဘုံအား သစ္စာဖောက်ရန် မတွေးခဲ့ဖူးပေ။
ချင်မူနှင့် တွေ့ဆုံကတည်းက သူမမှာ သူ့အား သတ်ပစ်ချင်စိတ် မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း မသတ်နိုင်ခဲ့ပေ။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ချင်မူ့အကြား သဘောထားမတိုက်ဆိုင်မှုကို သိရှိ၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ သွားရောက်ပြီးနောက် သူမလည်း ချင်မူ့အပေါ် တစတစ နားလည်လာခဲ့သည်။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ချင်မူ့အကြား မည်သူက မှန်သည်၊ မည်သူက မှားသည်၊ မည်သူက ဆိုးသည်၊ မည်သူက ကောင်းသည်ဟု သူမ မဝေဖန်ခဲ့သော်လည်း ... သူမရင်ထဲတွင်မူ ရပ်တည်ချက်က ပြတ်သားနေချေပြီ။
ပိုင်ယွီကျင့်သည် တောင်နတ်မင်းကျူချွဲ၏ လူဝင်စားဖြစ်သော်လည်း သူမကိုယ်သူမ လူသားဟုသာ ခံယူထားခဲ့၏။ လူသားမျိုးနွယ်ဘက်၌ ရပ်တည်ရန် လိုလားသူဖြစ်သည့်အလျောက် ချင်မူနှင့် တစ်လှေတည်းစီးရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ထိုခံစားချက်အားလုံး ဖြေရှင်းပြီးသွားသည့်အခါ ပိုင်ယွီကျင့်မှာ ရုတ်တရက် ဝန်ထုပ်များ ပေါ့ပါးသွားသလို စိတ်သက်သာရာရသွားကာ ပြုံးလိုက်မိသည်။
ကောင်းကင်ဆရာသခင်တစ်ပါးအနေဖြင့် သူမသည် လူသားမျိုးနွယ်၏ ကောင်းကင်ဆရာသခင် ဖြစ်၏။ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင် မဟုတ်။
ချင်မူက မျက်ခုံးအလယ်ရှိ တတိယမျက်လုံးကို ဖွင့်လိုက်သည့်အခါ အလင်းရောင်၏ အလယ်ဗဟိုရှိ အပြောင်းအလဲများအား ချက်ချင်း မြင်လိုက်ရသည်။ ကောင်းကင်နတ်အရှင်ယွင်၏ အလင်းကြိုးမျှင်များအကူအညီဖြင့် ချင်မူသေးသေးလေးများသည်လည်း အိပ်မက်ကမ္ဘာထဲတွင် တာအိုအသံများအား နားလည်သဘောပေါက်ရန်၊ မူလချီကို ဖွဲ့တည်နိုင်ရန်၊ တာအိုသင်္ကေတအမှတ်အသားများ တွက်ထုတ်နိုင်ရန် ကြိုးကြိုးစားစား အလုပ်လုပ်နေကြ၏။
ထိုက်ချူ၏ ဥခွံအပေါ်ရှိ တာအိုသင်္ကေတအမှတ်အသားများကိုသာ အပြည့်အစုံ ထုတ်နုတ်နိုင်လျှင် ထိုက်ချူ၏ တာအိုတစ်ဝက်အား ရရှိသွားပြီဟု ဆိုရမည်။ ကောင်းကင်နတ်ဧကရာဇ်၏ ထိုက်ချူပင် သူ့ထက်ပို၍ နားလည်လောက်မည် မဟုတ်ပေ။
ထိုမျှသာမက သူ၏ မူလကောင်းကင်နန်းဆောင်ကလည်း ကြီးထွားလာရင်း လျင်မြန်စွာ ရုပ်လုံးပေါ်လာချေပြီ။ နန်းဆောင်များ၊ စံအိမ်များက ထူမတ်လာပြီး မရေမတွက်နိုင်သော ကျောက်တုံးများ၊ ကျောက်တိုင်များသည် ဟိုဟိုသည်သည် ပျံသန်းလျက် ဘုရားကျောင်းများ၊ နန်းတော်များအား အလိုအလျောက် တည်ဆောက်နေကြ၏။
ထို့အပြင် မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ပွဲကြောင့်လည်း မူလကောင်းကင်နန်းဆောင်မှာ ပိုမိုပြည့်စုံကာ ပိုမိုခမ်းနားလာသည်။
ဤတိုက်ပွဲ၌ အမြတ်အထွက်ဆုံးက ချင်မူပင် ဖြစ်လောက်သည်။
ချင်မူ မြင်ကွင်းကို သဲသဲကွဲကွဲ မြင်ရသည့်အချိန်မှာပဲ အလင်းရောင်ထဲ၌ လူရိပ်များ ထပ်ပေါ်လာကြောင်း သတိထားမိလိုက်သည်။
ဓားရောင်က လျှပ်တပြက် ဝင်းလက်ကာ ကောင်းကင်နှင့် မြေပြင်အား ကြီးစိုးသွား၏။ မီးတောက်မီးလျှံများက အရာခပ်သိမ်းကို တိုက်စားကျွမ်းလောင်နေသည်။ ၎င်းတို့အထဲ၌ အေးစက်တင်းမာနေသော မျက်နှာထားဖြင့် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ချော်ရည်မီးတောက်များ ဝန်းရံလျက် ရှိသည့် ကောင်းကင်နတ်အရှင်ရှုတို့ ရပ်နေသည်။
ခိုင်ဧကရာဇ်၏ ဓားသည် ဓားလမ်းစဉ်၏ ၃၄ ဘုံမြောက် ကောင်းကင်ဘုံဓားနယ်ပယ်ကို ဖြန့်ခင်းလျက် ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ ဦးတည်သွား၏။ ဓားရောင်က အလွန်ထက်လွန်းသဖြင့် ကောင်းကင်နတ်အရှင်ဟောင်အား အပိုင်းပိုင်းခုတ်ထစ်ပစ်တော့မည့်အလား ထင်ရသည်။
ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ဟွေ့က ခိုင်ဧကရာဇ်ကို တိုက်ခိုက်လိုက်သည်။ တောင်နတ်မင်းကျူချွဲ၏ မွေးရပ်ဌာနေထက်ပင် ပို၍ ကြောက်စရာကောင်းသော မီးကွင်းပြင်ကြီးတစ်ခု ဖွဲ့တည်လာ၏။ ရွှင်ပျော်ပျော်ဓားပင် မီးပြင်းအားကြောင့် အရည်ပျော်လာပြီး ရွှေရောင်သံရည်ပူတို့က စက်လက်စက်လက် ကျနေတော့သည်။
ခိုင်ဧကရာဇ်၏ ရုပ်ခန္ဓာ၊ ဝိညာဉ်နှင့် ဓားနန်းဆောင်ပင်လျှင် အမျက်ဒေါသတို့ဖြင့် မီးတောက်တဟုန်းဟုန်း တောက်လောင်လာသည်။
နတ်ဘုရင်လန်ဝူက မဟာဧကရာဇ်ကို တိုက်ခိုက်ပြီး ကောင်းကင်နတ်အရှင်ရှုက နတ်အရှင်ချန်းအား တိုက်ခိုက်ရန် ပြေးဝင်သွားသည်။ သို့သော် နတ်ဘုရင်လန်ဝူနှင့် ကောင်းကင်နတ်အရှင်ရှုသည်လည်း ရန်သူများဖြစ်ကြသဖြင့် နီးကပ်သွားလျှင် နီးကပ်သွားသလို တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်ကြ၏။
အမျိုးသမီးနှစ်ယောက်ကား ပစ်မှတ်ဆီသို့ တစ်ပြိုင်တည်း ရောက်သွားကြကာ နတ်အရှင်မချန်းနှင့် မဟာဧကရာဇ်ကို တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။
ကောင်းကင်နတ်အရှင်ဟောင်မှာ ဒဏ်ရာအပြင်းအထန် ရထားသဖြင့် ခိုင်ဧကရာဇ်၏ ဓားချက်များမှ လွတ်အောင် အကောင်းဆုံး ကြိုးစားနေသည်။ သူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဆီ ပျံသန်းသွားသော်လည်း မဟာဧကရာဇ်က တစ်ဖက်သာ ရှိတော့သည့် လက်ဖြင့် သိုင်းကွက်မျိုးစုံ ထုတ်လွှတ်ရင်း ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် ထိုးခွင်းပစ်လိုက်သည်။
အလင်းကြိုးမျှင်ထဲတွင် ချင်မူက လက်ခုပ်လက်ဝါးတီးလျက် အားပေးနေသည်။
တခဏလေးတွင် ဖြစ်ပျက်သွားသည့် အပြောင်းအလဲများက ခမ်းနားလွန်းလှသည်။ မှော်စွမ်းအင်အပြောင်းအလဲများကလည်း ရင်သပ်ရှုမောဖွယ်ကောင်းလွန်းသည်။
“ကောင်းကင်နတ်အရှင်အဆင့် ရှစ်ယောက်တောင် တိုက်ခိုက်နေကြပြီ... ငါတို့ ထွက်သွားမှ ဖြစ်တော့မယ်ဟဲ့” ပိုင်ယွီကျင့်၏ စိတ်တိုနေသော အသံ ထွက်လာသည်။
ချင်မူက ကပျာကယာ ပြောလေသည်။ “နောက်တစ်ချက်လောက်ပဲ ကြည့်ပါရစေနော်”
“နင့်သိုင်းအဆင့်နင်လည်း သတိရဦး”
ပိုင်ယွီကျင့်က စိတ်ဆိုးမာန်ဆိုး အော်လိုက်သည်။ “နင့်အစ်ကိုကြီးချင်ဖုန်းကျင့်ကိုသာ သွားတွေ့ချည်... ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ကြိုးမျှင်တွေတောင် ကောင်းကင်နတ်အရှင်ရှစ်ယောက်ရဲ့ စွမ်းအားတွေကို မခံနိုင်ဘူး... နင် အခု ထွက်မသွားရင် သေရလိမ့်မယ်”
ချင်မူလည်း အိပ်မက်ကမ္ဘာကို အလျင်အမြန် ဖယ်ရှား၍ နောက်လှည့်ကြည့်လိုက်သည်။ အလင်းကြိုးမျှင်မှာ ပိုပို၍ မြန်မြန်ဆန်ဆန် တုန်ခါလာနေပြီး တုန်ခါလှိုင်းများ၏ ပြင်းအားသည်လည်း အားကောင်းသထက် အားကောင်းလာသည်။ ပိုင်ယွီကျင့် ပြောသည့်အတိုင်း အလင်းကြိုးမျှင်မှာ ထပ်မံမတောင့်ခံနိုင်တော့ပေ။
ပိုင်ယွီကျင့်က အလင်းကြိုးမျှင်ကို ချုံ့လိုက်ရာ တိုသွားသော ကြိုးမျှင်မှာ အဆက်မပြတ် တုန်ခါရင်း ဖြာထွက်လာနေသည့် လှိုင်းလုံးများကို ဖြိုခွဲပေးနေသည်။ သူတို့အားလုံး မဟာလေဟာနယ်မြေပြင်ဆီသို့ ကမန်းကတန်း သွားလိုက်ကြသည်။
ချင်မူက လန်ယွီတျန်းဆီ ကြည့်လိုက်သည့်အခါ ထိုဖက်တီးလေးမှာ ဆန်းကြယ်သော အခြေအနေထဲ ဝင်ရောက်နေဆဲ ဖြစ်ကာ နိုးမလာသေးပေ။
အောက်ငုံ့ကြည့်လိုက်ရာတွင် ကစဉ့်ကလျားဟင်းလင်းပြင်၏ အစိတ်အပိုင်းအများစုသည် ပျက်စီးနေပြီး ကောင်းကင်နတ်ဘုံသား စစ်သည်တော်များနှင့် နတ်ဘုရားမိစ္ဆာတို့အားလုံး မဟာလေဟာနယ်မြေပြင်ဆီ သွေးရူးသွေးတန်း ပြေးနေကြကြောင်း မြင်လိုက်ရသည်။
သင်္ဘောများလည်း အရှိန်ပြင်းပြင်း မောင်းနေကြသလို, ရထားလုံးများကလည်း မိမိလူ၊ မိမိဘက်တော်သားများကိုပင် မသက်ညှာဘဲ နင်းခြေလျက် ပရမ်းပတာ ဖြတ်ပြေးနေကြသည်။
ထို့အပြင် အနောက်နတ်မင်းကောင်းကင်လက်နက်နှင့် မြောက်နတ်မင်းကောင်းကင်လက်နက်များကို တက်စီးလျက် ထွက်ပြေးနေကြသော နတ်ဘုရားမိစ္ဆာများလည်း ရှိကြသည်။ လမ်းပေါ်တွင် မရှောင်နိုင်သော စစ်သည်တော်များမှာ ပြားကပ်သွားသည့်တိုင်အောင် တက်နင်းခံကြရကုန်၏။
“ကပ် ဆိုက်တဲ့အခါ မြင့်မြတ်လှပါတယ်ဆိုတဲ့ နတ်မိစ္ဆာတွေလည်း သာမန်လူသားတွေနဲ့ မထူးခြားတော့ဘူး”
ချင်မူက ခနဲ့သလို ပြောလိုက်သည်။ “ဒါတောင် မင်းတို့တွေက မင်းတို့ကိုယ်မင်းတို့ အင်အားကြီးမားလှပါတယ်... မြင့်မြတ်လှပါတယ် တွေးနေသေးတာ.. သောက်ရမ်း ရယ်စရာကောင်းတယ်”
ရုတ်တရက် အလင်းကြိုးမျှင်သည် အချုံ့ခံလိုက်ရကာ မီးအိမ်အသွင်ဖြင့် ပိုင်ယွီကျင့်၏ လက်ထဲသို့ ပြန်ရောက်လာသည်။ သူမက မီးအိမ်ကို ကိုင်လျက် သူတို့နှစ်ယောက်အား ခေါ်ကာ မဟာလေဟာနယ်မြေပြင်ဆီ ခပ်သွက်သွက် သွားနေသည်။
သူတို့ ဤနေရာသို့ ရောက်လာသည့်အခါ ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များက သိပ်အားမကောင်းတော့သော်လည်း အမှန်တကယ် ကြောက်စရာကောင်းသည်မှာ လေဟာနယ်ပြိုလဲပျက်စီးမှုပင် ဖြစ်သည်။
လေဟာနယ်ဟင်းလင်းပြင် ပြိုကွဲသွားသည့်အခါ လိမ့်ထွက်လာသည့် စွမ်းအားကား ချောက်ချားဖွယ်ရာ ကောင်းလွန်း၏။ မီးအိမ်သာ မရှိလျှင် ပိုင်ယွီကျင့်ပင် ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။
နောက်ဆုံးတော့ ပိုင်ယွီကျင့်သည် သူတို့ကို ခေါ်လျက် မဟာလေဟာနယ်မြေပြင်ထဲ ဝင်ရောက်ကာ ကောင်းကင်ထက်မှ ဆင်းသက်လိုက်၏။
“မဟာလေဟာနယ်မြေပြင်လည်း ပြိုကွဲဖို့များတယ်... လေဟာနယ်တံတားဆီ အရင်သွားကြစို့” ချင်မူက လေးနက်သောအသံဖြင့် ပြောသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်မှ မီးလုံးကြီးများသဖွယ် ထိုးဆင်းလာရင်း မြေပြင်ပေါ် ကျရောက်လာသော အလောင်းကြီးများကို မြင်လိုက်ရသည်။
“ဒီအလောင်းကြီးထဲမှာ ကစဉ့်ကလျားဟင်းလင်းပြင်ထဲက ခန္ဓာမဲ့ အသိစိတ်အလျဉ်တွေ အများကြီးပါတယ်” ချင်မူမှာ မှင်သက်နေမိသည်။
ဝုန်း
ကောင်းကင်သည် ပြင်းပြင်ထန်ထန် လှုပ်ခါသွားပြီး ဂြိုဟ်ကြီးတစ်လုံးပမာ ကြီးမားလှသော အရာကြီးတစ်ခုက မဟာလေဟာနယ်မြေပြင်အပေါ် အရှိန်အဟုန်ဖြင့် ပြုတ်ကျလာ၏။
ချင်မူ၏ စူးရှသော မျက်လုံးလေးများက ထိုအရာကို မြင်သည်နှင့် အံ့အားသင့်သွားတော့သည်။ “ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ ခေါင်းကြီး ... နေဦး ဟိုလူက ကောင်းကင်နတ်အရှင်ဟောင်ပဲ”
ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ နှာထိပ်ပေါ်၌ ခြေကားရားလက်ကားရားဖြင့် မှောက်ရက် လဲနေကြောင်း သူ မြင်လိုက်ရ၏။
ဘုန်း ဘုန်း ဘုန်း
အသံကျယ်ကျယ်များ ထပ်မံကြားလိုက်ရပြီး ကောင်းကင်နတ်အရှင်ဟွေ့နှင့် ခိုင်ဧကရာဇ်မှာ ဒဏ်ရာများဖြင့် ထွက်သွားကြသည်။ ကောင်းကင်နတ်အရှင်ရှုနှင့် လန်ဝူလည်း ဒဏ်ရာရသွားကြကာ ထွက်သွားကြသည်။ မဟာဧကရာဇ်နှင့် နတ်အရှင်မချန်းကိုမူ မတွေ့ရတော့ပေ။
ချင်မူမှာ တခဏ ငေးနေပြီးနောက် ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာတော့သည်။ “ကောင်းကင်ဆရာသခင်ပိုင်၊ ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်”
“စိတ်တောင် မကူးလိုက်နဲ့” ပိုင်ယွီကျင့်က ခပ်ပြတ်ပြတ် ငြင်းလိုက်သည်။
ချင်မူက မကြားသည့်အလား စိတ်လှုပ်ရှားစွာ ဆက်ပြောလေသည်။ “ကောင်းကင်နတ်အရှင်ဟောင်ကို အမဲလိုက်ဖြတ်ကြစို့.... သူ အားနည်းနေတုန်း သတ်ပစ်ကြမယ်”