ပုန်ကန်တတ်သော သူခိုးများ
Vol. 95 Ch. 1249
ပိုင်ယွီကျင့်မှာ အလန့်တကြား ထခုန်မိလိုက်သည်။ ချင်မူ၏ အကျင့်စရိုက်ကို ကောင်းကောင်းနားလည်သဖြင့် သူ ဘာမှမပြောနိုင်ခင်မှာပင် ငြင်းထားပြီးဖြစ်သော်လည်း ချင်မူ့အကြံက ထိုမျှ ကြောက်စရာကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဘယ်သူ့နောက်ကို အမဲလိုက်မယ်လို့ နင်ပြောလိုက်တာလဲ… သစ္စာဖောက်ကောင်”
သူမမှာ ရင်ထဲတွင် အလိပ်လိုက်အလိပ်လိုက် ဒေါသထွက်လာတော့သည်။ ယခုတွင် ကောင်းကင်နတ်အရှင်ဟောင်မှာ အပြင်းအထန် ဒဏ်ရာရထားသည့်အပြင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာလည်း ဦးခေါင်းသာ ကျန်တော့သည်။ ကောင်းကင်နတ်အရှင်ဟောင်မှာလည်း မလှုပ်ရှားနိုင်ပေ။ ဤသည်က သူ့ကို သုတ်သင်ရှင်းလင်းပစ်ဖို့ အကောင်းဆုံးအချိန်ပင်။
ကောင်းကင်နတ်အရှင်ဟောင်သာ မဟုတ် … မဟာဧကရာဇ်နှင့် နတ်အရှင်မချန်းတို့ကိုလည်း ရှင်းလင်းပစ်နိုင်မည့် အခွင့်အရေး ဖြစ်သည်။
သူသာ သူတို့ကို လိုက်ရှာပြီး ကောင်းကင်နတ်အရှင်ဟောင်နှင့် မဟာဧကရာဇ်ကို သတ်ပစ်နိုင်လျှင်…
သူမ၏နှလုံးသားမှာ တဒိန်းဒိန်း ခုန်လာတော့သည်။ ဆွဲဆောင်မှုက ပြင်းထန်လွန်းပေသည်။ သူမသည် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်ဆရာသခင်တစ်ဦး ဖြစ်သော်လည်း ဤဆွဲဆောင်မှုကို မတွန်းလှန်နိုင်ဘဲ ဖြစ်နေမိ၏။
‘ကမ္ဘာဦးခေတ်ရဲ့ အင်အားအကြီးမားဆုံးနဲ့ လက်ရှိခေတ်ရဲ့ အင်အားအကြီးမားဆုံးကို တစ်ချက်တည်းနဲ့ ရှင်းလင်းပစ်နိုင်လိုက်ရင်….’ သူမစိတ်ထဲတွင် ထိုအတွေးပေါ်လာသည်ဟု ထင်လိုက်မိသော်လည်း တကယ်က ချင်မူ သူမ၏နားထဲတွင် တီးတိုးပြောနေခြင်း ဖြစ်လေသည်။
ပိုင်ယွီကျင့်မှာ ချင်မူ့ကို ဘေးသို့ တွန်းထုတ်လိုက်ရင်း ပြောသည်။ “ငါက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်တစ်ယောက်ပဲ… နင်လုပ်တိုင်း ငါ လိုက်မလုပ်နိုင်ဘူး… ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်တစ်ယောက်အနေနဲ့ ကောင်းကင်နတ်အရှင်ဟောင်ကို ငါ့တာဝန်လို သဘောထားပြီး အန္တရာယ်ကျရောက်စေလို့ မဖြစ်ဘူး”
သူမက စိတ်မဝင်စားဟန်ဖြင့် ပြောသည်။ “ဒါပေမဲ့ တစ်ယောက်ယောက်က ငါ့ရှေ့မှာ ကောင်းကင်နတ်အရှင်ဟောင်ကို သတ်သွားခဲ့ရင်တော့ ဝမ်းနည်းတကြီး ငိုရုံမှလွဲပြီးတော့ ဘယ်တတ်နိုင်ပါ့မလဲ”
ချင်မူက တဟားဟား ရယ်သည်။
ပိုင်ယွီကျင့်က စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးဝှေ့လိုက်သော်လည်း တစ်ချိန်တည်းမှာပင် စိတ်ကသိကအောက် ဖြစ်နေသလို အနည်းငယ်လည်း ပျော်မြူးနေမိသည်။ “အစောကြီး ပျော်မနေနဲ့… ငါ နင်နဲ့ ပူးပေါင်းမှာမဟုတ်ဘူးနော်… ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီရဲ့ ခေါင်းက ဟိုးနားမှာ… အဲ့ဒီကိုသွားကြစို့”
လန်ယွီတျန်းကတော့ ဆန်းကြယ်သောအခြေအနေ၌သာ ရှိနေဆဲပင်။ ချင်မူက မီးအိမ်တံခါး ဖွင့်၍ သူ့အား မီးအိမ်ထဲ ထိုးထည့်ကာ ဆက်လက်နားလည်သိမြင်စေသည်။
လန်ယွီတျန်း၏ ပါရမီမှာ မဆိုးလှသော်လည်း သူ၏အစွမ်းအစမှာ ကောင်းကင်နတ်အရှင်ဟောင်ကို လိုက်ဖမ်းရာတွင် အသုံးမဝင်သေးပေ။
ပိုင်ယွီကျင့်က ခေါင်းရမ်းသည်။ “မီးအိမ်တွေကို သုံးလို့မရဘူး… တစ်ယောက်ယောက် ငါတို့ကို မြင်သွားရင် ငါတို့သရုပ်မှန်ကို သေချာပေါက် ခန့်မှန်းမိမှာပဲ”
ချင်မူက တခဏ စဉ်းစားပြီးနောက် မီးအိမ်အား သိမ်းဆည်းလိုက်သည်။
မီးအိမ်သည် ကောင်းကင်နတ်အရှင်ယွဲ့ ပိုင်ဆိုင်သောအရာဖြစ်ပြီး သူကိုယ်တိုင်လည်း ဤမီးအိမ်နှင့်အတူ ခရီးများ လျှောက်သွားခဲ့ဖူးသည်။ ထိုမျှသာမက ပိုင်ယွီကျင့်အနေဖြင့် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ပက်သက်မှုများစွာ ရှိလေသည်။ ပိုင်ယွီကျင့်က ကောင်းကင်နတ်အရှင်ယွဲ့၏ တပည့် နှင့် တောင်နတ်မင်းဝိညာဉ်၏ လူဝင်စားဖြစ်ကြောင်း ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်ယင်သားတော်ကလည်း သိထားကြသေးသည်။
မီးအိမ်က အမှန်တကယ်ပင် သူတို့၏ သရုပ်မှန်ကို ဖော်ထုတ်နိုင်ပေသည်။
ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းတွင်
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့ ပြိုင်တူနီးပါး ဆင်းသက်လာကြသည်။ ဆင်းသက်လိုက်လျှင်ချင်း နှစ်ယောက်သား ယိမ်းယိုင်သွားကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့က အင့်ခနဲ အသံပြု၍ လက်ခုံဖြင့် ပါးစပ်အား ဖိကာ လည်ချောင်ဝမှ ပျို့တက်လာသော သွေးတို့ကို ပြန်မြိုချလိုက်သည်။
သူ့အနောက်ရှိ မီးလျှံရောင်ခြည်တော်စက်ဝန်းမှာ စုတ်ပြတ်နေပြီး ငြိမ်းလုဆဲဆဲ ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ခိုင်ဧကရာဇ် ချန်ထားခဲ့သော ဓားချက်များစွာ နေရာယူထား၏။ ခိုင်ဧကရာဇ်ဆီမှ ဓားဒဏ်ရာများအပြင် အသိစိတ်အလျဉ်ကြောင့် ရရှိခဲ့သော ဒဏ်ရာများလည်း ရှိသည်။ ၎င်းက မဟာဧကရာဇ် ချန်ရစ်ပေးခဲ့သည့် ဒဏ်ရာများပင်။
ထိုဒဏ်ရာများမှာ အပြင်ဒဏ်ရာများသာ ရှိသေးပြီး အတွင်းဒဏ်ရာများမှာမူ ပို၍ပင် ပြင်းထန်၏။ ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ရတနာများနှင် ကောင်းကင်နန်းဆောင်များတွင် မရေမတွက်နိုင်သော ဓားရောင်မျာသည် မဟာခြုံလွှမ်းအသိစိတ်အလျဉ်နှင့်အတူ ဝုန်းဒိုင်းကြဲနေကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့က သူ၏ခန်းမထဲသို့ ချက်ချင်း လျှောက်သွားပြီး လက်မြှောက်ကာ ခေါင်းလောင်းတီးလိုက်၏။ နန်းတွင်းသူများက ချက်ချင်း ရောက်ရှိလာကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့က အမိန့်ပေးသည်။ “ဇာမဏီနတ်မင်းကို ဖိတ်ခေါ်လိုက်”
မကြာမီ ဇာမဏီနတ်မင်းချီရှားယွဲ့က ခန်းမထဲသို့ ရောက်ရှိလာပြီး ကောင်းကင်နတ်အရှင်ဟွေ့အား အရိုအသေပေးလိုက်သည်။
ကောင်းကင်နတ်အရှင်ဟွေ့က ဒဏ်ရာများအား ချုပ်ထားရင်း ပြော၏။ “ဟင်းလင်းပြင် ဖျက်ဆီးချေမှုန်းခံလိုက်ရတာက ဒီနေရာအပေါ် သက်ရောက်နိုင်ပေမယ့် မဟာလေဟာနယ်ကိုတော့ ပျက်စီးစေမှာမဟုတ်ဘူး…. မင်း စိုးရိမ်စရာမလိုဘူး… ဇာမဏီနတ်မင်း၊ ကောင်းကင်နတ်အရှင်ဟောင်က မဟာဧကရာဇ်နဲ့ တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန်နဲ့ လေဟာနယ်မြေပြင်အပေါ် ပြုတ်ကျသွားခဲ့တာ… သိုင်းပညာရှင်တချို့ ခေါ်ပြီး ကောင်းကင်နတ်အရှင်ဟောင်ကို တိုးတိုးတိတ်တိတ် သွားရှာလာခဲ့… ဒါက မင်းအနေနဲ့ မျက်နှာသာရနိုင်မယ့် အကောင်းဆုံးအချိန်ပဲ”
ဇာမဏီနတ်မင်းချီရှားယွဲ့မှာ အံ့အားသင့်သွားသည်။ သူမက အမိန့်ကို ဦးညွှတ်နာခံ၍ သိုင်းပညာရှင်များ သွားခေါ်ရန် ပြင်လိုက်သည်။
“နေဦး” ကောင်းကင်နတ်အရှင်ဟွေ့က သူမကို လှမ်းခေါ်၏။
ချီရှားယွဲ့က ရပ်တန့်၍ ကောင်းကင်နတ်အရှင်ဟွေ့အား သံသယဖြင့် ကြည့်လိုက်သည်။
ကောင်းကင်နတ်အရှင်ဟွေ့က ထရပ်၍ ဒယိမ်းဒယိုင်ဖြင့် ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ တခဏကြာပြီးနောက် သူက စိတ်ပိုင်းဖြတ်၍ အသံကို နှိမ့်ကာ ပြောသည်။ “ဇာမဏီနတ်မင်း၊ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းရင်… အဲ့ဒီအခါကျရင်… အဲ့ကျရင်”
သူက လက်ဖဝါးကို မြှောက်ကာ အောက်သို့ စောင်းခုတ်ပြလိုက်သည်။ “နားလည်လား”
ဇာမဏီနတ်မင်းချီရှားယွဲ့မှာ တုန်လှုပ်သွားပြီး တည်ကြည်လေးနက်စွာ ခေါင်းညိတ်၏။
“မြန်မြန်သွားတော့” ကောင်းကင်နတ်အရှင်ဟွေ့က လက်ခါလိုက်လေသည်။
ခန်းမနောက်တစ်ခုထဲတွင် ကောင်းကင်နတ်အရှင်ရှုကလည်း သူမ၏ဒဏ်ရာများကို ချုပ်တည်းလျက် ယုံကြည်ရသော အနောက်ကောင်းကင်၏ ကောင်းကင်နတ်မင်း ရှီမူဟုန်းကို အမိန့်ပေးနေသည်။ “ကောင်းကင်နတ်အရှင်ဟောင်က သစ္စာဖောက် မဟာဧကရာဇ်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်… သူ သေသလား၊ ရှင်သလား ငါတို့ မသိရဘူး… ကောင်းကင်နတ်မင်းရှီ ရှင်ယုံကြည်ရတဲ့ လက်အောက်ငယ်သားတချို့ကို ရုတ်ရုတ်သဲသဲ မဖြစ်စေဘဲ စုစည်းလိုက်ပါ… ကောင်းကင်နတ်အရှင်ဟောင်ကို သွားရှာချည်”
ကောင်းကင်နတ်မင်းရှီမူဟုန်းသည် ခံ့ညားသော ယောက်ျားတစ်ဦးဖြစ်သော်လည်း အငွေ့အသက်မှာမူ အနည်းငယ် ကောက်ကျစ်စဉ်းလဲသယောင် ရှိသည်။ “ကောင်းကင်နတ်အရှင်၊ ကျွန်တော်က တပ်ဖွဲ့တွေကို ဦးဆောင်တဲ့သူပါ… ဒီကိစ္စကို ကောင်းကင်ဆရာသခင်မုန့်ယွင်ကွေ့ လုပ်သင့်တယ်”
ကောင်းကင်နတ်အရှင်ရှုက သူ့ကို တစ်ချက်ကြည့်လိုက်ကာ တည်ငြိမ်စွာ တုံ့ပြန်သည်။ “မုန့်ယွင်ကွေ့က ဉာဏ်ကောင်းပေမယ့် တစ်ကိုယ်ကောင်းဆန်လွန်းတယ်… သူက ရှင့်လောက် မရိုးသားဘူး… သွားတော့…. ခဏလေး…”
သူမက ကောင်းကင်နတ်မင်းရှီဆီသို့ ကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်က ဒဏ်ရာ အပြင်းအထန် ရထားတာဆိုတော့ ကုသလို့မရရင် ဘာလုပ်ရမလဲ သိတယ်မလား”
ကောင်းကင်နတ်မင်းရှီမှာ အံ့သြသွားပြီးနောက် ပြုံးလျက် ဖြေသည်။ “အစောကြီးကတည်းက လုပ်ခဲ့သင့်တာပါ ကောင်းကင်နတ်အရှင်…. ကျွန်တော် ဒီကိစ္စကို သွားပြီး ဖြေရှင်းပေးပါ့မယ်… ကောင်းကင်နတ်အရှင် စိတ်မပျက်စေရပါဘူး”
ကောင်းကင်နတ်အရှင်ရှုသည် စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ရင်း အသံကိုနှိမ့်ကာ ပြောသည်။ “အခု ကောင်းကင်နတ်အရှင်ဟောင်ကို လိုက်ရှာနေတဲ့သူတွေ အများကြီး ရှိလောက်မယ်မလား… ငါနဲ့ ကောင်းကင်နတ်အရှင်ဟွေ့အပြင် ခိုင်ဧကရာဇ်ဖြစ်တဲ့ ကောင်းကင်နတ်အရှင်ချင်နဲ့ ဖန်ဆင်းရှင်နတ်ဘုရင်လန်ဝူကလည်း လက်ရွေးစင်စစ်သည်တော်တွေ စေလွှတ်ပြီး ကောင်းကင်နတ်အရှင်ဟောင်ကို အမိအရ သတ်ကြလိမ့်မယ်… ဒါပေမဲ့ ဒါက ကောင်းကင်နတ်အရှင်ဟောင်ကို သတ်နိုင်မယ့် တကယ့် အချိန်ကောင်းပဲ”
သူမထင်ထားသည့်အတိုင်း ယန်ယွင်ရှီသည် ခိုင်ဧကရာဇ်ထံမှ အမိန့်လက်ခံကာ ချက်ချင်းဆိုသလို မြည်းလွီကျန့်ကို စီးလျက် ထွက်လာ၏။
ထိုအခိုက်အတန့်တွင် ဖန်ဆင်းရှင်အကြီးအကဲများလည်း မာန်သွင်းဟိန်းဟောက်လျက် အရပ်လေးမျက်နှာသို့ ပျံထွက်သွားကြသည်။
ယန်ယွင်ရှီက ထွက်လာနေစဉ် နွားသိုးကြီးတစ်ကောင် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာက နွားသိုးကြီး၏ ကျောပေါ်တွင် ထိုင်ကာ တည်ကြည်လေးနက်စွာ ပြောသည်။ “ကောင်းကင်ဆရာသခင်ကျစ်ရှီ၊ ကျုပ် ကူညီပါရစေ”
ယန်ယွင်ရှီမှာ ကျားနက်တစ်ကောင်လည်း ပြေးလာနေကြောင်း တွေ့လိုက်ရသည့်အခါ အနည်းငယ် မပျော်မရွှင် ဖြစ်သွားတော့သည်။ တန်ခိုးရှင်သစ်ခုတ်သမားက ကျားနက်၏ ကျောပေါ်တွင် ထိုင်နေလျက် လှမ်းပြောသည်။ “ငါလည်း ကူညီမယ်”
ယန်ယွီရှင်က သူတို့ကို မျက်လုံးဝေ့ကြည့်လိုက်သည်။ တစ်ယောက်က အင်မတန် ရဲရင့်ပြီး နောက်တစ်ယောက်က အင်မတန်မှ ထက်မြက်၏။ သူတို့နှစ်ယောက်လုံးက သူမ နှစ်သက်သောယောက်ျားများ ဖြစ်သော်လည်း ထိုမျှမပြည့်စုံကြပေ။။
“ကျန်းပိုင်ကွေ့တစ်ယောက်ပဲ….” သူမက ခေါင်းရမ်းလိုက်လေသည်။
ချင်မူနှင့် ပိုင်ယွီကျင့်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းကြီး ပြုတ်ကျလာခဲ့သော နေရာသို့ သွက်သွက်လက်လက် ရောက်လာကြ၏။ သူတို့က အနီးတစ်ဝိုက်တွင် ရှာဖွေနေကြပြီး ပိုင်ယွီကျင့်က ချင်မူ ခရီးထွက်ရာတွင် သုံးခဲ့သည့် သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကို အကဲခတ်နေသည်။ သူမက မေးလေသည်။ “ဆရာမယွဲ့က နင့်ကို နေရာဟင်းလင်းပြင်ပညာရပ် သင်မပေးခဲ့ဘူးလား”
ချင်မူက ခေါင်းခါသည်။ “ကျွန်တော် သူ့ကို သွားတွေ့တိုင်း သူနဲ့ မတွေ့ခဲ့ရဘူး… သူက အမြဲတမ်း ကန့်လန့်ကာနောက်မှာပဲ ပုန်းနေတာ… ခင်ဗျားရော သူနဲ့တွေ့ခဲ့ရလား”
ပိုင်ယွီကျင့်ကလည်း ခေါင်းခါသည်။ “ငါ သူနဲ့ တွေ့ချင်ပေမယ့် မတွေ့ရဲဘူး… သူ… သူက ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် ဒဏ်ရာရခဲ့ရတာလေ..”
ချင်မူက သူ ကောင်းကင်နတ်အရှင်ယွဲ့အား သူမ၏အိပ်မက်ထဲတွင် လမ်းစဉ်ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့သည်ကို ပြန်လည်စဉ်းစားရင်း ပြောသည်။ “ဟုတ်တယ် သူက ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် ဒုက္ခိတဖြစ်ခဲ့ရတာ”
ပိုင်ယွီကျင့်မှာ တိတ်ဆိတ်သွားသည်။
ရုတ်တရက် သူတို့နှစ်ယောက်လုံး ရပ်တန့်သွားကြပြီး အရှေ့တွင် အိပ်မက်ဆိုးကြီးသဖွယ် ထူးဆန်းနေသော ကမ္ဘာတစ်ခုကို တွေ့မြင်လိုက်ရသည်။ စိတ်နှလုံးမိစ္ဆာများက တွန့်လိမ်ကောက်ကွေး ပုံပျက်နေလျက် နေရာတိုင်းတွင် ရှိနေကြသည်။ ထိုမိစ္ဆာများမှာ အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံရှိကာ နတ်ဘုရားမိစ္ဆာတို့၏ ရင်ထဲရှိ အကြောက်တရားအား ကိုယ်စားပြုပေသည်။
မဟာလေဟာနယ်မြေထုထဲ၌ အစကတည်းက စိတ်နှလုံးမိစ္ဆာများ ရှိခဲ့သော်လည်း ဤစိတ်နှလုံးမိစ္ဆာတို့က ထူးဆန်းကြသည်။ ၎င်းတို့သည် မဟာလေဟာနယ်မြေထုသို့ ရောက်လာကြသော လူတို့၏ စိတ်နှလုံးမိစ္ဆာများ မဟုတ်ကြဘဲ အတိတ်မှ ဖန်ဆင်းရှင်တို့၏ စိတ်နှလုံးမိစ္ဆာများပင်။
ထိုစိတ်နှလုံးမိစ္ဆာများသည် မဟာဧကရာဇ် မဟာလေဟာနယ်ကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတုန်းက ဖွဲ့တည်လာခဲ့ကြခြင်း ဖြစ်၏။
မဟာဧကရာဇ်မှာ ယွင်၊ လင်၊ ယွဲ့တို့၏ ဖျက်ဆီးခြင်းခံခဲ့ရပြီးနောက် ကြာပွင့်သဏ္ဍာန်မြေထုပေါ်တွင် သေဆုံးခဲ့ရသည်။ ထို့အပြင် မဟာလေဟာနယ်မြေထုလည်း ပြိုကွဲသွားခဲ့သည်။ ထိုအချိန်တုန်းက ဖန်ဆင်းရှင်တို့သည် မဟာလေဟာနယ်မြေထုအား မူလအခြေအနေသို့ ရောက်ရှိအောင် ကြိုးစားပြုပြင်ခဲ့ကြသော်လည်း မလုပ်နိုင်ခဲ့ကြပေ။
သူတို့က မြင်ယောင်ဖန်ဆင်းခြင်းဖြင့် မဟာလေဟာနယ်မြေထုအား မည်မျှပင် ဖျက်ဆီးခံရပါစေ မူလအခြေအနေ အမြဲ ပြန်လည်ရောက်ရှိသွားမည့် နေရာအဖြစ် ပြောင်းလဲခဲ့သည်။ သို့သော်လည်း စိတ်နှလုံးမိစ္ဆာများကလည်း အသတ်ခံရလျှင်ပင် ပြန်လည်ပေါ်ပေါက်လာကြသည်။
ဤသို့ဖြင့် ဖန်ဆင်းရှင်များမှာ ဤနေရာတွင် မနေထိုင်နိုင်တော့ရာ ပရမတ္တကမ္ဘာသို့ ရွှေ့ပြောင်းခဲ့ကြရလေသည်။
ယခုစိတ်နှလုံးမိစ္ဆာများသည် ကစဥ့်ကလျားဟင်းလင်းပြင်မှ လာခြင်းဖြစ်၍ မဟာလေဟာနယ်အတွင်းရှိ စိတ်နှလုံးမိစ္ဆာများနှင့် မတူပေ။
ဝုန်း… ဝုန်း… ဝုန်း
ဧရာမဖန်ဆင်းရှင်အလောင်းကြီးတစ်လောင်းကက လေးဘက်ထောက်လျက် တောင်များကြားမှ ထွက်လာသည်။ ၎င်းက တောင်ကျောက်တုံးများကို နင်းချေကာ လွင့်ထွက်သွားစေ၏။ မရေမတွက်နိုင်သော စိတ်နှလုံးမိစ္ဆာများက ဧရာမအလောင်းကြီးအား လှည့်ပတ်ဝန်းရံနေကြလေသည်။
“လေဟာနယ် ဖျက်စီးခံလိုက်ရပြီ… မဟာလေဟာနယ်မြေထုတော့ နောက်တစ်ခါ ပြောင်းလဲသွားပြန်ပြီ” ချင်မူ၏ မျက်နှာအမူအရာမှာ မှိုင်တွေနေသည်။ မဟာလေဟာနယ်ကား ယခင်ကထက် အန္တရာယ်များနေချေပြီ။
အလောင်းကောင်ကြီး ဟိန်းဟောက်လိုက်သည့်အခါ သူ၏စိတ်နှလုံးမိစ္ဆာအားလုံးက ချင်မူနှင့် ပိုင်ယွီကျင့်ဆီသို့ ကြည့်လိုက်ကြသည်။