ဆရာသိမ်းငှက်နက်ကို လာမစမ်းနဲ့
Vol. 011 Ch. 1058
လီယောင်က မြေပြင်မှ အလောင်းအား သုန်မှုန်စွာ ကြည့်၏။ သုံးပွဲလုံး သူတို့ ရှုံးနိမ့်ခဲ့၏။ သူ အထင်သေးခဲ့သော သားရဲသည် ယခု တာလီဓားတောင်မှ ထိပ်သီး ပါရမီရှင် တစ်ဦးအား သတ်ဖြတ်ခဲ့သည်။
ယူချင်းနှင့် တိုက်ပွဲမှာ လက်ခံ၍ ရသော်လည်း ယခု တိုက်ပွဲအား သူသည် လက်ခံရန် ခက်ခဲနေခဲ့၏။ သားရဲများမှာ လူသားများထက် ပင်ကိုဗီဇပါရမီကို အားထား ရပေသည်။ ထူးထူးခြားခြား ကံကောင်းမှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ သားရဲများသည် သူတို့၏ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။
ထို့ကြောင့် သိမ်းငှက်နက် ရှေ့သို့ ထွက်လာသောအခါ အားလုံးက သူသည် သေဆုံး ရတော့မည်ဟု ထင်မှတ်ခဲ့ကြ၏။ အင်ပါယာ ရှားဘုံကလည်း သည်တိုက်ပွဲတွင် လက်လျှော့ခဲ့ပြီဟု တွေးထင်ခဲ့သည်။
သို့သော် သိမ်းငှက်နက်က တာလီပြည်ထောင်မှ ဓားသမားအား သတ်ဖြတ်ခဲ့မည်ဟု မည်သူတို့ တွေးထင်မိကြ မည်နည်း။
ထို့အပြင် ဤသိမ်းငှက်နက်က လီယောင်အား သောက်ရူးဟု နှစ်ကြိမ်တိုင်တိုင် ခေါ်ဆိုခဲ့၏။
ယခု လူတိုင်း၏ မျက်လုံးများက သိမ်းငှက်နက်နှင့် နတ်ငှက်တို့ထံသို့ ရောက်လာ ကြသည်။ ယခုတွင် သားရဲ နှစ်ကောင်သည် ကောင်းကင်ထက်တွင် မြန်ဆန်စွာ လှုပ်ရှား တိုက်ခိုက်နေကြ၏။
သိမ်းငှက်နက်ကား အသွင်ပြောင်းသွားခဲ့ပြီး သူ၏ သားမွေးများသည် နက်ရွှေရောင်များ အဖြစ် ပြောင်းလဲသွားကာ မျက်လုံးများသည်လည်း မဟူရာညနက်အလား မည်းနက်သွား၏။ ခန္ဓာကိုယ်က ဧရာမ ကြီးမားလာခဲ့ကာ နက်ငှက်ဖြင့် ကြိမ်ဖန်များစွာ ရင်ဆိုင် တိုက်ခိုက်တော့သည်။
နတ်ငှက်၏ပါရမီသည် အလွန်ကောင်းမွန်ကာ သူ့ခန္ဓာကိုယ်သည်လည်း ရွှေရောင် သတ္တုအလား မာကျောကာ လေထဲတွင် ပြိုင်စံရှား မြန်၏။ သူ၏တိုက်ခိုက်ရေး စွမ်းအားသည်လည်း အဆမတန် အားကောင်းသည်။
သိမ်းငှက်နက်က နတ်ငှက်နှင့် ဤသို့ ထိပ်တိုက် ရင်ဆိုင်ရဲမည်ဟု မည်သူတို့ ထင်မှတ်ကြမည်နည်း။
ဥဒေါင်း အင်ပါယာမြို့မှ သားရဲများသည် တိုက်ပွဲကို ကြည့်ကာ အံ့အားသင့် ရပေ၏။ ဤသိမ်းငှက်နက်သည် မည်သို့သော ပါရမီ၌ရှင် သားရဲဖြစ်သနည်း။
“သေစမ်း …” စူးရှသော အသံသည် လေထုကို ထွင်းဖောက်သွားကာ နတ်ငှက်၏ ခန္ဓာကိုယ်မှ ရောင်စဉ်ရောင်ဝါများ ဖြာထွက်လာခဲ့၏။ ခန္ဓာကိုယ်သည် အရွယ်အစား ကြီးမားလာခဲ့ပြီး အတောင်ပံများ သည်လည်း လေဟာနယ်ကို ဖြန့်ကြက် ဖုံးလွှမ်းသွားခဲ့ကာ မရေမတွက်နိုင်သော သားရဲများသည် ထက်ရှသော ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး သိမ်းငှက်နက်ထံသို့ တဝှီးဝှီး တိုးဝင် သွားကြ၏။
သိမ်းငှက်နက်၏ မျက်လုံးများသည် မဟူရာရောင် တောက်နေကာ မောက်မာသော အငွေ့အသက်များအား ပိုင်ဆိုင်၏။ သူ့ထံမှ အာကာသလောကဓာတ် အငွေ့အသက်များသည် လေဟာနယ်ကို ဖြန့်ကြက်ကာ အေးခဲစေသည်။ သူ့ထံသို့ တိုးဝင်လာကြသော ရွှေရောင် အလင်းတန်းများ သည်လည်း နှေးကွေးသွားဟန် ရ၏။ သူ၏အမြန်နှုန်းသည်လည်း ရုတ်တရက် မြင့်တက်သွားခဲ့ကာ အဆုံးအစမဲ့သော သတ်ဖြတ်ခြင်း အလင်းတန်းများအား ဖြတ်သန်း သွားသည်။ ချက်ချင်းပင် သူက နတ်ငှက်၏ရှေ့သို့ ရောက်လာကာ သူ၏ထက်ရှသော လက်သည်းများဖြင့် နတ်ငှက်၏ဦးခေါင်းအား ကုတ်ခြစ်လိုက်သည်။
နတ်ငှက်၏ အတောင်ပံများ ပြင်းထန်စွာ တုန်ခါသွားပြီး သူသည် အာကာသအေးခဲခြင်းမှာ ထိုးဖောက် ထွက်သွားသည်။ ရွှေရောင် လက်သည်းများသည် အာကာသကို ဆုတ်ဖြဲနိုင်စွမ်းများ ရှိပြီး တစ်ဖက်၌ရန်သူနှင့် ရင်ဆိုင် တိုက်ခိုက်၏။ ထို့နောက်တွင် သားရဲနှစ်ကောင်သည် လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်ကြသည်ကို ပရိသတ်များ မြင်ကြရပေသည်။
“ဒီငှက်က အိုးတစ်လုံးတည်းနဲ့တော့ မဆံ့လောက်ဘူး …” သိမ်းငှက်နက်ထံမှ သက်သောင့်သက်ဟန်ပင်ဖြင့် အသံတစ်သံအား ကြားကြရကာ သားရဲကြီးများ အားလုံးကို ထိတ်လန့်စေခဲ့သည်။ ဤတွင် ပြင်းထန်သော သားရိုင်း အရှိန်အဝါသည် သိမ်းငှက်နက်ထံသို့ ပျံ့လွင့်လာခဲ့ကာ သူ့အား ပိုင်းဖြတ်ရန် ကြိုးစား၏။
သိမ်းငှက်နက် တစ်ကောင်က နတ်ငှက်အား စော်ကား ပြောဆိုရဲ၏။
ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ပင် မျက်နှာများ နက်မှောင် သွားကြသည်။
ရှားရှင်းယွန် သည်လည်း အနည်းငယ် အံ့အားသင့် သွားခဲ့၏။ သည်သိမ်းငှက်နက်သည် ဉာဏ်အလင်းရ သားရဲတစ်ကောင် ဖြစ်ကာ သူ၏စွမ်းရည်များမှာ ရီဖူရှင်းနှင့် ဆင်တူလွန်းလှ၏။
“နတ်ငှက်တွေလို့ ခေါ်ဆိုတာ မထူးဆန်းဘူး …” ရီဖူရှင်းက မိမိကိုယ်ကို တွေးမိသည်။ စတေးခြင်း တိုက်ပွဲကြောင့်သာ မဟုတ်လျှင် သည်သားရဲသည် ကောင်းမွန်သော စီးတော် သားရဲတစ်ကောင် ဖြစ်ပေလိမ့်မည်။ သိမ်းငှက်နက်သည် သူနှင့် ငယ်စဉ်ကတည်းက အဖော်ပြုလာခဲ့ကာ သူ၏ ကျင့်ကြံခြင်းများကိုလည်း ခွဲဝေရရှိခဲ့ပေသည်။ ကောင်းကင်တောင်၌ သူသည် မိစ္ဆာငှက်၏ စွမ်းအားများကို ခံယူရရှိခဲ့သလို ရှန့်ထိုကျန့်၏ ဆေးစမ်းသပ်မှုကိုလည်း ခံယူခဲ့ရ၏။ သူက အဆုံးမဲ့ပင်လယ်၌လည်း များစွာသော သားရဲများကို သတ်ဖြတ် စားသုံးခဲ့၏။ သူ၏ခန္ဓာကိုယ်သည် ပြောင်းလဲခြင်း မရှိသော်လည်း သူ့စွမ်းရည်များမှာမူ ယခင်ကတည်းက ဆင့်ကဲပြောင်းလဲ တိုးတက်ခဲ့ပြီး ဖြစ်သည်။
ဤမတိုင်မီ ဓားသမားသည် စွမ်းရည်ပိုင်း၌ နိမ့်ကျသော်လည်း နတ်ငှက်က သိမ်းငှက်နက်နှင့် ခွန်အားပိုင်းသာမက၊ ကြံ့ခိုင်မှုပိုင်းတွင်လည်း ယှဉ်နိုင်ပေသည်။
“ဒီငှက်ရဲ့ အတောင်ပံက တော်တော်လှတယ် … ဒါကို ချက်လိုက်ရရင် တော်တော် အရသာ ရှိမှာပဲ …” သိမ်းငှက်နက်က ထိုသို့ပြောလျှင် နတ်ငှက်သည် စူးရှသော အသံကို ပေးလျက် ပိုမိုပြင်းထန်စွာ တိုက်ခိုက်တော့သည်။
သိမ်းငှက်နက်က တောက်လျှောက် နောက်ဆုတ် ရှောင်တိမ်းလျှင် အရိပ်သဏ္ဌာန် နှစ်ခုသည် ဟိုမှသည်မှ မြန်ဆန်စွာ ရွေ့လျား နေသည်ကိုသာ မြင်ကြရ၏။
“ဘာလဲဟ …”
ဒီမွန်းဘုံမှ လူများအားလုံး မျက်မှောင်ကြုတ် လိုက်ကြ၏။ သိမ်းငှက်နက်သည် လေထဲတွင် မြန်ဆန်စွာ လှုပ်ရှား ရွေ့လျား နေသော်လည်း သူ့ထံတွင် အားကောင်းသော စွမ်းအားများ တဖြည်းဖြည်း စုစည်း လာနေသည်ကို သတိထားမိကြ၏။
သည်သားရဲစုတ်သည် အလွန်တရာ ဉာဏ်နီ ဉာဏ်နက်များကာ နတ်ငှက်အား ဒေါသထွက်စေ၏။
နတ်ငှက်၏တိုက်ခိုက်မှုများက တဖြည်းဖြည်း ပိုမိုအားကောင်း လာသော်လည်း သူ၏ တိုက်ခိုက်မှုများမှာ အရာမဝင်ပါ။ သူ၏ခွန်အားများမှာ တဖြည်းဖြည်း ယုတ်လျော့လာခဲ့ကာ မူလကကဲ့သို့ ပြင်းထန်ခြင်းပင် မရှိတော့။
ထိုအခိုက်တွင် သိမ်းငှက်နက်က လှုပ်ရှားလျှင် သူ၏ လက်သည်းများ ကြား၌ လှံရှည်တစ်လက် ဖြစ်ပေါ်လာကာ လေထုကို ခွင်းလျက် နတ်ငှက်ရှေ့သို့ ရောက်လာခဲ့သည်။
နတ်ငှက်သည် အလွန်တရာ ရင့်သီးကာ ပြင်းထန်သော ဖိအားတစ်ခု ဆင်းသက် လာသည်ကို ခံစားရ၏။ သူက ကျယ်လောင်စွာ အော်ဟစ်သော်လည်း တစ်ဖက်မှ တိုက်ခိုက်မှုကို ရှောင်တိမ်းခြင်း မပြုပေ။ သူကလည်း လက်သည်းများကို ထက်ရှသော ဓားအလား အသွင်ပြောင်းစေလျက် တစ်ဖက်လူအား ခုတ်သည်။
လှံသည် ဓားကို ထွင်းဖောက်ကာ နတ်ငှက်၏ လက်သည်းများ အကြားသို့ တိုးဝင်လာခဲ့ပြီး ဝမ်းဗိုက်ကို ဖောက်ဝင် သွားသည်။ ပြင်းထန်သော ဖျက်ဆီးအားသည် ထိုနေရာတွင် ဖြစ်ပေါ်လာရာ နတ်ငှက်၏နာကျင်စွာ အော်ဟစ်သံက ကောင်းကင်သို့အထိ တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်က တောက်ပနေဆဲ ဖြစ်ကာ အတောင်ပံမှ ထက်ရှသော အာကာသ ဓားသွားများအား စေလွှတ် တိုက်ခိုက်၏။
နက်ရွှေရောင် အလင်းများ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့လျှင် သိမ်းငှက်နက်၏ မျက်လုံးများက ပိုမို နက်မှောင်လာခဲ့၏။ သူက တစ်ဖက်ရန်သူထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့ကာ လှံရှည်အား ဝမ်းဗိုက်နေရာသို့ ထိုးသွင်း လိုက်သည်။ သူ၏ထက်ရှသော လက်သည်းများ သည်လည်း နတ်ငှက်၏လည်ပတ်နေရာသို့ လာရောက် ဖြတ်တောက် သွားခဲ့ကာ လေထဲ၌ သွေးများ ဖြာထွက်သွားသည်။
သိမ်းငှက်နက်က တစ်ကိုက် ကိုက်လိုက်သည်။ ထိုအခိုက်တွင် သူသည် စစ်မှန်သော မိစ္ဆာငှက်အသွင် ပြောင်းသွားကာ နတ်ငှက်၏ သွေးများကို သောက်သုံးရန် ကြံစည်၏။
“ပြန်လာခဲ့ …” ရီဖူရှင်းက အမိန့်ပေးလျှင် သိမ်းငှက်နက်က နတ်ငှက်ကို ချက်ချင်း လွှတ်ပေးပြီး သူ၏ခန္ဓာကိုယ်အား အောက်သို့ ကျဆင်းစေသည်။ သိမ်းငှက်နက်သည် လှပစွာဖြင့် ရီဖူရှင်း၏ရှေ့သို့ ဆင်းသက်လာကာ ကြောက်မက်ဖွယ် ကောင်းသော အသွင်များ ပျောက်ကွယ်သွားပြီး အပြစ်ကင်းသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်သည်။
ရီဖူရှင်းက လက်ဆန့်တန်းကာ သူ၏ခေါင်းအား တစ်ချက် ထုလျက် ပြောသည် … “ဉာဏ်အလင်းရတဲ့ သားရဲတွေက တခြား သားရဲမျိုးတွေထက် အားကောင်းတယ်။ မင်းကိုယ်တိုင်က နတ်ငှက်ပဲ”
သိမ်းငှက်နက်က ရီဖူရှင်းပြောသည်ကို အတန်အသင့် နားလည်သော်လည်း နတ်ငှက်၏သွေးများမှာ အလဟဿ ဖြစ်ရသည်ဟု တွေးကာ နှမြောတသ ဖြစ်၏။
သို့သော် ရီဖူရှင်းက သခင်ဖြစ်ရာ သူပြောသည်မှာ အမှန် ဖြစ်ရပေမည်။
ရီဖူရှင်းက မြေပြင်ပေါ်သို့ အသက်မဲ့စွာ ကျဆင်းသွားခဲ့သော နတ်ငှက်ကို ကြည့်သည်။ များစွာသော သားရဲကြီးများသည် တော်ဝင်သားရဲများ အဖြစ် သတ်မှတ်ခံကြ ရသော်လည်း တကယ်တမ်းတွင် သူတို့သည် ရှန့်ထိုများ၏မျိုးဆက်များ ဖြစ်သောကြောင့်သာ ဖြစ်၏။
ရှန့်ထိုသို့ တက်လှမ်းခြင်းကား အရည်အသွေးပိုင်း ဆိုင်ရာ ပြောင်းလဲခြင်း ဖြစ်သည်။ သားရဲဖြစ်စေ၊ လူဖြစ်စေ သူတို့က မဟာလမ်းစဉ်၏ ဆေးကြောခြင်းကို ခံယူပြီးနောက်တွင် ခေါင်းအစ ခြေအဆုံး ပြန်လည်မွေးဖွား၏။
ထို့ကြောင့် ဉာဏ်အလင်းရ သားရဲသည် တခြား မျိုးနွယ်များထက် အားကောင်းသည်ဟု ပြောခြင်းမှာ အမှန်တရား ဖြစ်၏။ သိမ်းငှက်နက်သည် သာမန်ငှက် ဖြစ်သော်လည်း သူက ရှန့်ထိုအဆင့်သို့ တက်လှမ်းသည်နှင့် နတ်ငှက်နှင့် မခြားတော့ပေ။
ကျင့်ကြံသူများက လူသားဖြစ်စေ၊ သားရဲဖြစ်စေ ရှန့်ထိုအဆင့်သို့ တက်လှမ်းသည်နှင့် သေမျိုးတို့၏ ခန္ဓာကိုယ်အား စွန့်လွှတ်ကာ မသေမျိုးတို့၏ခန္ဓာကိုယ်အား ပိုင်ဆိုင်ရ၏။
ထို့ကြောင့် နတ်ငှက်၏ သွေးများအား သောက်သုံးရန် မလိုအပ်ပေ။ သူတို့အနေဖြင့် အင်ပါယာလီအား အတိုင်းအတာ တစ်ခုထိ အပြစ် လုပ်ထားပြီးဖြစ်ရာ နောက်ထပ် သူတို့အား ဒေါသ မထွက်စေသင့်တော့ပေ။
ဤမတိုင်မီ အလွန်တရာ ရက်စက် ကြမ်းကြုတ်သော မိစ္ဆာသားရဲက ရီဖူရှင်းရှေ့တွင် အိမ်မွေးတိရစ္ဆာန် တစ်ကောင်နှင့် မခြား ပြုမူနေသည်ကို မြင်လျှင် လူတိုင်းက အံ့အားသင့် ကြရ၏။
စတေးခြင်း တိုက်ပွဲတွင် အင်ပါယာရှားဘုံမှ သုံးပွဲလုံး အနိုင်ရခဲ့၏။
တိုက်ပွဲအား ကြည့်နေကြသူများ အားလုံးမှာ ထူးဆန်းမှုကို ခံစားရသည်။ အင်အားစုသုံးခုတွင် အင်ပါယာရှားဘုံသည် အနိုင်ရရန် အခွင့်အရေး အနည်းဆုံးဟု သတ်မှတ် ထားကြသည်။ သို့သော်လည်း စတေးခြင်း တိုက်ပွဲ၌ အင်ပါယာရှားဘုံက သုံးပွဲလုံး အနိုင်ရခဲ့၏။
ယူချင်းနှင့် သိမ်းငှက်နက်တို့က အင်ပါယာရှားဘုံ၏ ဝှက်ဖဲများ ဖြစ်ကြသည်လား။
သို့သော် ထိုသို့လည်း မဟုတ်နိုင်။ ယူချင်းဖြစ်စေ၊ သားရဲဖြစ်စေ နှစ်ဦးလုံးက ဆံပင်ဖြူလူငယ်၏ အမိန့်ကို နာခံကြဟန် ရသည်။
ချောမောသော ဆံပင်ဖြူ လူငယ်က မည်သူ ဖြစ်သနည်း။
အင်ပါယာရှား အင်အားစုတွင် သူသည် မြင့်မားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ဟန် ရ၏။ သူက ရှားရှင်းယွန် ပြီးလျှင် ဒုတိယနေရာတွင် ရှိပုံရသည်။
သူက အင်ပါယာရှားဘုံ၏ လျှို့ဝှက် လက်နက်များ ဖြစ်လေမလား။
လူအများအပြားသည် ရီဖူရှင်းနှင့် ပတ်သက်၍ စိတ်ဝင်တစား ဖြစ်ကြ၏။ ပုံမှန်အားဖြင့် လီယောင်က သူ့အား သိပေသည်။ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ကလည်း ရီဖူရှင်းအား တစ်ချက်ကြည့်ကာ သူတို့၏ပြိုင်ဘက်မှာ ရှားရှင်းယွန် တစ်ယောက်တည်း မဟုတ်ကြောင်း သိလိုက်ကြ၏။
ရှားရှင်းယွန်၏ နောက်တွင် ထန်ကျိက အင်ပါယာရှား အလံကို မြှောက်လိုက်လျှင် သွေးစွန်း တော်ဝင် အလံသည် လေထဲတွင် တလူလူ လွင့်နေတော့သည်။
တော်ဝင်အလံမှ သွေးများမှာ ရန်သူသွေးများဖြင့် စွေးစွေးနီနေခဲ့ကာ စစ်သည်များ၏ စိတ်ဓာတ်များအား ကြီးစွာ မြင့်တက်စေခဲ့၏။ အလံပေါ်မှ သွေးများမှာ အနိုင်ရလဒ်၏ အမှတ်သင်္ကေတ တစ်ခုလည်း ဖြစ်၏။
အင်ပါယာလီဘုံနှင့် ဥဒေါင်း အင်ပါယာဘုံတို့၏အလံများမှာ သန့်ရှင်းနေ၏။
သားရဲများ၏ အကြည့်များ အောက်၌ပင် ခွန်ရွှမ်က သူမ၏လှပသော အသားအား လှီးဖြတ်ကာ သွေးများဖြင့် အလံကို စွန်းပေစေသည်။ သူမတို့က ရန်သူ၏ သွေးများဖြင့် အလံကို စွန်းပေစေခြင်း မရှိခဲ့လျှင် ကိုယ်ပိုင်သွေးဖြင့် စွန်းထင်းစေမည်။
လီယောင်ကလည်း ထိုနည်းအတိုင်း အလံကို သွေးများဖြင့် စွန်းထင်းစေ၏။ ထို့နောက် သူက ရှားရှင်းယွန်နှင့် ရီဖူရှင်းတို့အား ကြည့်ကာ ပြောသည် … “ဒါက အစပဲ ရှိသေးတယ်။ တော်ဝင်အလံကို မြို့မှာ စိုက်ထူပြီးတာနဲ့ နတ္ထိဘုံတိုက်ပွဲ စပြီ”
သူက ပြောပြီးသည်နှင့် စစ်တပ်အား ဦးဆောင်ကာ ထွက်ခွာ သွားတော့၏။
“သခင် … အင်ပါယာရှားဘုံရဲ့ မင်းသမီးက တော်တော် လှတာပဲ။ ကျုပ်တို့ သူ့ကို အရှင် ဖမ်းနိုင်ခဲ့ရင် သခင်က ကျုပ်တို့ကို ဆုချီးမြှင့်မှာလား” ခွန်ကျန်း၏ဘေးမှ သားရဲကြီး တစ်ကောင်က ပြောသည်။ သူ၏မျက်လုံးများက ကောက်ကျစ်စဉ်းလဲစွာဖြင့် ရှားရှင်းယွန်အား ကြည့်သည်။
“အင်ပါယာရှားဘုံရဲ့ သမီးကို ဖမ်းဆီးနိုင်ခဲ့ရင် သူမက မင်းတို့အတွက် ဆုလာဘ်ပဲ” ခွန်ကျန်း၏ မျက်လုံးများကလည်း ရှားရှင်းယွန်ကို အေးစက်စွာ ကြည့်ကာ ပြောသည်။
“ဟိုမိန်းမ တော်တော် ကြည့်ကောင်းတယ်။ သူမရဲ့ အသားအရေက လှပ ချောမွေ့နေတာပဲ။ အရသာ အရမ်း ရှိလိမ့်မယ်” နောက်ထပ် သားရဲတစ်ကောင်က ယောင်းချီကို မကောင်းဆိုးဝါး မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်။
သားရဲများမှာ ပင်ကိုဗီဇအားဖြင့် တဏှာရာဂကြီးကာ ရက်စက် ကြမ်းကြုတ်ကြရာ စစ်မြေပြင်၌ မျိုးစုံသော အတွေးများ အပြုအမူများကို အထိန်းအကွပ်မဲ့စွာ ပြောဆို ပြုမူကြပေသည်။
“မင်းတို့ မင်းသမီးကလည်း တော်တော် လှတာပဲ။ ကျုပ်ဆရာကို ဘာလို့ လာပြီး မပြုစုတာလဲ” သိမ်းငှက်နက်လည်း ထိုသားရဲကို လှမ်းပြောသည်။ သူက မင်းသမီး ရှားရှင်းယွန်နှင့် ယောင်းချီတို့ဖြင့် မရင်းနှီးသော်လည်း စစ်မြေပြင်တွင်မူကား တစ်ဖက်တည်းဖြစ်ရာ သူ့အနေဖြင့် ထိုင်ကြည့်နေ၍ မရဟု ခံယူထားဟန် ရသည်။
ခွန်ရွှမ်၏အကြည့်က သိမ်းငှက်နက်ထံသို့ ထက်ရှသော ဓားတစ်လက်အလား ရောက်လာသည်။ ကိုးရောင်စုံ နတ်ဘုရား အလင်းသည် သူမထံမှ ငွေ့ငွေ့မျှ ဖြာထွက် လာခဲ့ကာ ပြင်းထန်သော ဖိအားကို ဖြစ်ပေါ်စေ၏။
များစွာသော သားရဲကြီးများက ဒေါသတကြီး အော်ဟစ် မာန်သွင်းကြ၏။ သည်သားရဲစုတ်က မည်သို့ သူတို့၏ မြင့်မြတ်သော မင်းသမီးအား စော်ကား ပြောဆိုရဲရသနည်း။
သူ၏ဆရာကို ပြုစုရမည်လား။
ထိုအရာက မဖြစ်နိုင်ပေ။
သိမ်းငှက်နက်ကလည်း ခွန်ရွှမ်ထံမှ ထုတ်လွှတ်သော ကိုးရောင်စုံ နတ်ဘုရား အလင်းအား ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားဟန်ရသည်။ ထိုသားရဲမသည် အလွန် အားကောင်းဟန် ရ၏။
“ခင်ဗျားက ကျုပ်ဆရာကို ပြုစုမယ်ဆိုတဲ့ စကားလည်း ကြားရော … အမြီးကို လှလှပပ ဖြစ်အောင် လုပ်ပြတော့တာပဲ” သိမ်းငှက်နက်က ရင်ကော့ကာ ပြောသည်။
သူ၏စကားများကို ကြားလျှင် ခွန်ရွှမ်ထံမှ ကိုးရောင်စုံ နတ်ဘုရား အလင်းမှာ ပိုမိုပြင်းထန် လာခဲ့ပြီး သားရဲများကလည်း ဒေါသတကြီး ရှေ့သို့ တက်လာကြ၏။
ရီဖူရှင်းက သိမ်းငှက်နက်၏ခေါင်းအား တစ်ချက် ထုလိုက်၏။
“ပါးစပ်ပိတ်ထား …” ရီဖူရှင်းက တီးတိုး ပြောသည်။ သူကား မလိုလား အပ်သော အမုန်းတရားများအား မီးပွားစေသည်။ ခွန်ရွှမ်က သူ့အား အမျက်ထွက်သော မျက်လုံးများဖြင့် ကြည့်နေသည်ကို ရီဖူရှင်း ခံစားရသည်။
ဥဒေါင်းတို့သည် သူတို့၏ အမြီးအား အလွန်တရာ တန်ဖိုးထား မြတ်နိုးကြ၏။ သည်အရူးက သူမအား ထိုနည်းဖြင့် အရှက်ရအောင် ပြောဆိုနေသည်။ သူမက မည်သို့ သည်းခံ နိုင်မည်နည်း။
***