← Chapters

နောက်ထပ်တရုတ်တိုင်းရင်းဆေးနည်း? အာနိသင်က တကယ်ထက်? ၂

Vol. 40 Ch. 600

နောက်ထပ်တရုတ်တိုင်းရင်းဆေးနည်း? အာနိသင်က တကယ်ထက်? ၂

Vol. 40 Ch. 600

ချင်လင်က ဝမ်းနှုတ်ဆေးပုလင်းကိုလက်ညိုးထိုးပြကာ_

"ဒီဆေးပုလင်းကို ချင်းလင်ဓာတ်ခွဲခန်းမှာ စမ်းသပ်ဖို့ယူသွားလိုက်ပါ''

ဝမ်းနှုတ်ဆေးမှာ ဆေးဖျော်ရည်ဖြစ်၍ ဆေးနှင့်ဆက်စပ်သည်။ ဆေးကိုစမ်းကြည့်ချင်ရင် ဘေးဥပဒ်မရှိဘဲ ဆေးအာနိသင်စမ်းသပ်ချက်ရှိသော ဆေးဖျော်ရည်ဖြစ်ဖို့လိုသည်။

ချန်တပေကချက်ချင်း ချင်းလင်ဓာတ်ခွဲခန်းဆီမောင်းသွားသည်။

ချန်တပေလို ချင်းလင်စံအိမ်လုံခြုံရေးမန်နေဂျာတောင် ချင်းလင်ဓာတ်ခွဲခန်းထဲဝင်လို့မရတော့။

ဓာတ်ခွဲခန်းရောက်သောအခါ သူလည်းစစ်ဆေးခံရသည်။ သူ့ကိုဝင်ခွင့်မပေးခင် ယွင်ဖေးက ချင်လင်ဆီဖုန်းဆက်ပြီးအတည်ပြုသေး၏။ ထို့နောက် သူ့ကိုဓာတ်ခွဲခန်းထဲခေါ်လာသည်။

ဓာတ်ခွဲခန်းထဲ၌_

ပါမောက္ခရန်၊ ဝန်ကြီးလုနှင့် ဒါရိုက်တာရန်တို့အားလုံးရှိနေသည်။ ခါတိုင်းအလွန်အလုပ်များသူများဖြစ်၍ ဌာနမှခွာပြီး စီရင်စုငယ်လေးတွင်အကြာကြီးလာနေဖို့မဖြစ်နိုင်။

သို့သော် လက်ရှိအခြေအနေက ​ထူးခြားသည်။ ဆေးရည်ကိစ္စအစီရင်ခံပြီးနောက်တွင် တစ်ခွန်းတည်းချမှတ်လိုက်သည်:

ကျန်တာတွေထားပြီး ဆေးရည်၏အာနိသင်ကိုအမြန်ဆုံးအတည်ပြုရမည်တဲ့။

ဒီအချက်အရ ဒီဆေးရည်၏ထူးခြားမှုကိုသိနိုင်သည်။

ဘေးတွင်_

လီခိုင်နှင့် ဓာတ်ခွဲခန်းတာဝန်ခံရှန်လီလည်းရှိနေသည်။

ချင်းလင်အစားအသောက်ကုမ္ပဏီတာဝန်ခံပုဂ္ဂိုလ် တန့်ကွမ်းလည်းရှိသည်ပင်။

ဥက္ကဌချင်ကိုယ်တိုင်ဖော်ထားသောဆေးရည်ကို ချင်းလင်ဓာတ်ခွဲခန်းမှာ စမ်းသပ်သည်ဆိုသော်လည်း နောက်ဆုံးထုတ်ကုန်ကို ချင်းလင်အစားအသောက်ကုမ္ပဏီကထုတ်ရပေမည်။

ဒီအခွင့်အရေးကိုအသုံးချပြီး ချင်းလင်အစားအသောက်ကုမ္ပဏီကို ဆေးထုတ်လုပ်ရေးဘရန်းတစ်ခုဖြစ်အောင်လုပ်နိုင်သည်က အဓိကအချက်ပင်။ မဟုတ်ရင် သာမန်ကုမ္ပဏီက ဆေးမထုတ်လုပ်နိုင်ပေ။

ထို့ကြောင့် ဆေးရည်မှာအာနိသင်ရှိသရွေ့ ချင်းလင်အစားအသောက်ကုမ္ပဏီက ဘရန်းအတွက်ချက်ချင်းလျှောက်ထားနိုင်သည်။ ဝန်ကြီးလုက သေချာပေါက်ကူညီပေးလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဆေးရည်မှာတကယ်အာနိသင်ရှိရင် အထက်လူတွေက အော်ဒါချပေးလိမ့်မည်။ အဲဒီနောက်ပိုင်း ချင်းလင်အစားအသောက်ကုမ္ပဏီ၏အဆင့်အတန်းက နည်းနည်းထူးခြားသွားမည်။

ချင်လင်က ဒေါက်တာ Dott တွင် BUG တွေ့ပြီးနောက်ပိုင်း ဆေးဘရန်းကိုစိတ်ဝင်စားနေသည်။ ဒါကလည်း တန့်ကွမ်းရောက်လာရသောအကြောင်းရင်းပင်။

မဟုတ်ရင် ချင်းလင်အစားအသောက်ကုမ္ပဏီမှာ ဝမ်းနှုတ်ဆေးဖျော်ရည်ထုတ်ခွင့်တောင်ရှိမည်မဟုတ်။

တန့်ကွမ်းက စမ်းသပ်မှုအကြောင်းလုံးဝမသိသော်လည်း ဟန်ပြသက်သက်ဆိုရင်တောင် သူဘာလုပ်သင့်လဲ စောင့်ပြီးကြည့်နေသည်။

ဘေး၌_

အပြေးလေ့ကျင့်စက်ပေါ်တွင် အားကစားသမားတချို့မှာ အလွန်မြန်သောအရှိန်နှင့်ပြေးနေကြသည်။

ပါမောက္ခရန်နှင့်လီခိုင်တို့က ဆေးရည်ကိုအကြိမ်ကြိမ်စမ်းသပ်ပြီး လူ့ခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေသောပစ္စည်းမပါကြောင်း အတည်ပြုထားသည်။ ဆဲလ်များနှင့်ဆေးရည်၏အာနိသင်ကိုအရင်ဆုံးဖြတ်ရန် ပမာဏနည်းနည်းသာ အားကစားသမားများကိုပေးခွင့်ပြုထားသည်။

ပြဿနာမရှိကြောင်းသေချာမှ တဖြည်းဖြည်းပမာဏတိုးပေးမည်။

ဆေးရည်တွင်ပြဿနာမရှိကြောင်းတိုက်ရိုက်အတည်ပြုပေးနိုင်သော ချင်လင်လိုစနစ်မျိုး သူတို့မှာမရှိ၍ ဒီလုပ်ငန်းစဉ်က ပိုဒုက္ခများသည်။

နောက်ပြီး အပြင်းအထန်လေ့ကျင့်ခန်း ၅ နာရီလုပ်ပြီးမှ ဆေးရည်ကအာနိသင်ပြမည်ဖြစ်သောကြောင့် ပြင်းပြင်းထန်ထန်လုပ်ဖို့ အားကစားသမားများအပေါ်မူတည်သည်။

အားကစားကွင်းပေးသုံးဖို့ ဓာတ်ခွဲခန်းက စီရင်စုနှင့်ဆွေးနွေးထားသည်။ ဒီနှစ်ရက်အတွင်း ရုံချန်းအားကစားခန်းမထဲသွားပြီး စမ်းသပ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ဒီစမ်းသပ်မှုက အချိန်တိုအတွင်းပြီးနိုင်သောအရာမဟုတ်။ ဆေးရည်အကူအညီနှင့် ခန္ဓာကိုယ်အတိုင်းအတာထက်လွန်အောင် အချိန်အကြာကြီးယူရလိမ့်မည်။

ထိုစဉ်_

ယွင်ဖေးက ချန်တပေနှင့်လျှောက်လာပြီး ရှန်လီအား_

"ဥက္ကဌရှန်... ဥက္ကဌချင်က မန်နေဂျာချန်ကိုဆေးရည်ပို့ခိုင်းလိုက်တယ်... ပါဝင်ပစ္စည်းတွေစမ်းသပ်ဖို့ ခင်ဗျားစီစဉ်ပေးပါတဲ့''

ထိုစကားကြောင့် အားလုံးစိတ်ဝင်စားသွားသည်။ ပါမောက္ခရန်နှင့်ဝန်ကြီးလုတို့မှာ ဆေးရည်ဆိုသောစကားကြောင့် ဆတ်ခနဲဖြစ်သွား၏။

"သူဌေးချင်... ဒီတစ်ခါ ဘာဆေးရည်လုပ်လိုက်ပြန်တာလဲ?''

ဝန်ကြီးလုက ချက်ချင်းမေးသည်။

လီခိုင်ကခန့်မှန်းပြီး ရှင်းပြသည်_

"ကျင်းတမင်လာလဲတဲ့ဆေးနည်းက နည်းနည်းထူးဆန်းတယ်... အများစုကို ကျွန်တော်နားမလည်ဘူး... ကြည့်ရတာ ဆေးနည်းတစ်ခုမကဘူးထင်တယ်... ညီလေးချင်ကလေ့လာပြီး နောက်ဆေးရည်တစ်မျိုးဖော်ထားတာဖြစ်မယ်... အာနိသင်ကိုသူမသိဘူး... အဲဒါကြောင့် လာစမ်းသပ်ခိုင်းတာ''

"ငါစမ်းသပ်မယ်!''

ပါမောက္ခရန်က ချက်ချင်းထောက်ခံသည်။

လက်ရှိဆေးရည်က ခန္ဓာကိုယ်ကိုဖွံ့ဖြိုးစေကြောင်း၊ ခန္ဓာကိုယ်အတိုင်းအတာကိုကျော်လွန်နိုင်ကြောင်း သူအတည်ပြုထားပြီးပြီ။ ဒီဆေးရည်က နောက်ထပ်အံ့ဩစရာဟုတ်မဟုတ်ဆိုတာ ဘယ်သူသိမလဲ?

ရှန်လီခေါင်းညိမ့်လိုက်သည်။ အစက သာမန်သုတေသနသမားကိုရှာပြီး စမ်းသပ်ခိုင်းမလို့ပင်။ ပါမောက္ခရန်က လုပ်အားပေးချင်မှတော့ သူငြင်းစရာအကြောင်းမရှိ။ မဟုတ်ရင် မျက်နှာသာမပေးရာကျမည်။

ပါမောက္ခရန်က တုံ့ဆိုင်းမနေ။ ချန်တပေဆီမှဆေးရည်ယူပြီး စစမ်းသပ်သည်။

ဝမ်းနှုတ်ဆေးရည်တွင်ပါသောပစ္စည်းကို စမ်းသပ်ဖို့လုံးဝမခက်။ အားဖြည့်ဆေးလောက်မရှုပ်ထွေးသောကြောင့် ရလဒ်ကိုအမြန်ဆုံးကောက်ချက်ချနိုင်သည်။

"ဒီဆေးရည်က လုံးဝထူးခြားတယ်''

စမ်းသပ်မှုရလဒ်ကြောင့် ပါမောက္ခရန်ကတအံ့တဩပြောလိုက်သည်။

"ဒီဆေးရည်က ပစ္စည်းကောင်းပဲလား?''

ဝန်ကြီးလုချက်ချင်းစိတ်ဝင်စားသွားသည်။

ပါမောက္ခရန်ကရှင်းပြသည်_

"ကျုပ်တို့ထင်ထားသလိုမဟုတ်ဘူး... ဒါပေမဲ့ သူဌေးချင်တော့ ကံကောင်းပြန်ပြီ... စမ်းသပ်ချက်အရ ဒီဆေးရည်က ဝမ်းချုပ်တာ သွေးဝမ်းသွားတာ ဝမ်းသွားအားမရတာ ဝမ်းကိုက်တာ စမြင်းခံတာတွေအတွက်ကောင်းတယ်... နောက်ပြီး အာနိသင်မပျော့ဘူး... ဆေးဖျော်ရည်လုပ်လို့ရတယ်''

ထိုစကားကြောင့် ပတ်ပတ်လည်ရှိလူများ အံ့ဩကုန်သည်။

ဝမ်းကိုအဓိကထားတဲ့ဆေးလား?

ထိုစကားကြားပြီး တန့်ကွမ်းမျက်လုံးများအရောင်တောက်သွားသည်။ လက်ရှိချင်းလင်အစားအသောက်ကုမ္ပဏီမှာ ခရမ်းချဉ်ဆော့နှင့်ချင်းလင်အားဖြည့်လက်ဖက်ရည် နာမည်ကြီးထုတ်ကုန်နှစ်ခုရှိသော်လည်း ထုတ်ကုန်အမျိုးအစားကိုကန့်သတ်ထားသည်။

ဒါက ထုတ်ကုန်အသစ်မလား?

ပါမောက္ခရန်စကားနားထောင်ပြီး စျေးကွက်ဘယ်လောက်ကြီးမလဲသူသိလိုက်သည်။

"ပါမောက္ခရန်... စမ်းသပ်ချက်အစီရင်ခံစာလုပ်ပေးနိုင်မလား?''

သူကချက်ချင်း ပါမောက္ခရန်ကိုမေးလိုက်သည်။

"ရတာပေါ့"

ပါမောက္ခရန်ခေါင်းညိမ့်လိုက်သည်။

သူဌေးချင်က ဒီပစ္စည်းကိုစမ်းသပ်ဖို့ပို့လိုက်ခြင်းမှာ ဆေးအာနိသင်ကိုသိချင်၍ဖြစ်မည်။

သူအားလုံးတာဝန်ခံထားမှတော့ တစ်ဖက်ကိုစမ်းသပ်ချက်အစီရင်ခံစာမိတ္တူပေးမှဖြစ်မည်။

ပါမောက္ခရန်က စမ်းသပ်ချက်အစီရင်ခံစာရိုက်ပြီးနောက် တန့်ကွမ်းကချန်တပေနှင့်ထွက်သွားသည်။ သူဥက္ကဌချင်ကို ဒီသတင်းကောင်းပြောပြချင်သည်။

ထို့အပြင် ပါမောက္ခရန်၏အစီရင်ခံစာနှင့် ဆေးထုတ်လုပ်ရေးဘရန်းလျှောက်ပြီးပြီးချင်း ဒီထုတ်ကုန်ကိုချက်ချင်းကြေညာနိုင်သည်။ အဲဒီနောက် စျေးကွက်မှာတဖန်ရေပန်းစားလာဦးမည်။

"ပါမောက္ခရန်... ဒီတရုတ်တိုင်းရင်းဆေးက တကယ်ထူးခြားပုံပဲ''

ဝန်ကြီးလုကပြောပြောဆိုဆို လက်ကျန်ဆေးရည်ကိုအမှတ်တမဲ့ယူထားပြီး လက်ကမချ။

ပါမောက္ခရန်တို့က အားကစားသမားများဆီအာရုံပြန်ရောက်နေချိန်တွင် လူရှင်းသောနေရာကိုတိတ်တိတ်လေးသွားပြီး ဆေးရည်ကိုမော့ချလိုက်သည်။

ဆေးနံ့ရသော်လည်း မဆိုး။

သူ့အလုပ်က ဖိအားအလွန်များသည်။ ရေရှည်တွင် ဝမ်းချုပ်လာရုံသာမက စမြင်းခံပြီးဝမ်းသွားအားမရဖြစ်လာသည်။

အိမ်သာတက်တိုင်း မအီမသာဖြစ်ရသည်။

ဝမ်းနှုတ်ဆေးရည်သောက်ပြီးနောက် ဝန်ကြီးလုကဖုန်းထုတ်ကာ နံပါတ်တစ်ခုကိုဆက်လိုက်သည်။ ဆေးရည်အတည်ပြုပြီးပြီဖြစ်၍ သူ့အထက်လူများကို အခြေအနေတင်ပြလိုက်သည်။

အစီရင်ခံပြီး ၂ နာရီကျော်လောက်ကြာသွားသည်။

သူ့တင်ပြချက်ကိုနားထောင်ပြီးနောက် အထက်လူများက ဒီကိစ္စကိုမျက်စိဒေါက်ထောက်ကြည့်ရန် သူ့ကိုအလေးအနက်မှာသည်။

သူကအချိန်မဆိုင်းရဲ။ ချက်ချင်းပါမောက္ခရန်ကိုရှာပြီးအစီအစဉ်ဆွဲသည်။ သို့သော် အစီအစဉ်ဆွဲနေရင်း သူ့ပုံစံကမမှန်တော့။ ခပ်သုတ်သုတ်ထွက်လာပြီး သန့်စင်ခန်းကိုချက်ချင်းပြေးရသည်။

သန့်စင်ခန်းရောက်ရောက်ချင်း အိမ်သာတန်းဝင်လိုက်သည်။

"ဟူး... ဟူး!''

ဝန်ကြီးလုစိတ်လျှော့လိုက်သံကိုကြားရသည်။

ခဏအကြာ အိမ်သာထဲမှ ပေါ့ပေါ့ပါးပါးနှင့်ထွက်လာ၏။

ပါမောက္ခရန်ပြောသလိုပင်။ ဝမ်းနှုတ်ဆေးအာနိသင်က ထိရောက်လွန်းသည်။ ထုန်းလော့နှင့်ရှားစောင်းလက်ပပ်ဆေးများထက် အများကြီးပိုထိရောက်သည်။

တစ်ဆက်တည်း သူ့မျက်နှာထားတည်သွားသည်။

ဒီလောက်အချိန်တိုအတွင်းမှာ ဒီလိုထူးဆန်းတဲ့တရုတ်တိုင်းရင်းဆေးနည်းနှစ်ခုကို သူသိလိုက်ရပြီ။ တရုတ်တိုင်းရင်းဆေးမိသားစုက လေလွင့်နေတဲ့တစ်ယောက်သာ ဒီဆေးနည်းကို သူဌေးချင်ဆီမှာဝိုင်နဲ့လာမလဲခဲ့ရင်၊ ပါမောက္ခလီခိုင်သာ အမှတ်တမဲ့မစမ်းသပ်ဘဲ သူတို့သိခွင့်မရခဲ့ရင်၊ ဒီဆေးနည်းနှစ်ခုကိုဆုံးရှုံးရလိမ့်မည်။

တရုတ်တိုင်းရင်းဆေးကိုမတိမ်ကောအောင် ပိုပြီးအာရုံစိုက်ပေးဖို့ အထက်လူတွေကို သူအကြံပြုသင့်သည်။ ဒီဆေးရည်က ခန္ဓာကိုယ်အတိုင်းအတာကိုကျော်လွန်နိုင်ကြောင်း သူရှင်းပြပြီးပြီ။

ဒီဆေးနည်းကိုကြည့်ရင် နှစ် ၅၀၀၀ သမိုင်းရှိတဲ့သူတို့တိုင်းပြည်ကြီးမှာ တခြားဆေးနည်းတွေမရှိနိုင်ဘူးလား?

ဝမ်းနှုတ်ဆေးနည်းတွေထပ်တွေ့ရင်တောင် ကြီးကြီးမားမားမှတ်ကျောက်ဖြစ်ဦးမည်။

ဝန်ကြီးလုက စကားတည်သူဖြစ်သည်။ သူကချက်ချင်း ဓာတ်ခွဲခန်းထဲတွင်သူ့အတွက်ယာယီပြင်ဆင်ထားသောရုံးခန်းထဲသွား၍ အကြံပြုချက်တစ်စောင်ရေးလိုက်လေသည်။

……



All Chapters