အပန်းဖြေစံအိမ်ပြင်ဆင်တော့မည်!
Vol. 41 Ch. 601
ပါမောက္ခရန်၏စမ်းသပ်ချက်အစီရင်ခံစာရပြီးနောက် တန့်ကွမ်းက သူ့သူဌေးကိုဆေးရည်အကြောင်းသတင်းကောင်းပြောပြရန် ချန်တပေနောက်၍ စံအိမ်ရောက်လာသည်။
ချင်လင်က ဒီဆေးရည်အာနိသင်ကိုမသိ၍ စမ်းသပ်ချက်အဖြေစောင့်နေသည်ဟု သူထင်သည်။
ထို့ကြောင့် ချင်လင်ကိုတွေ့တွေ့ချင်း စိတ်လှုပ်ရှားသံနှင့်_
"ဥက္ကဌချင်... သတင်းကောင်းပဲ... ခင်ဗျား မန်နေဂျာချန်နဲ့ပို့ပြီး စမ်းခိုင်းလိုက်တဲ့ဆေးရည်မှာ မထင်ထားတဲ့အာနိသင်ရှိနေတယ်''
ချင်လင်က ဆေးရည်အာနိသင်ကိုသိပြီးဖြစ်သော်လည်း ဟန်လုပ်မေးလိုက်သည်_
"ဘာအာနိသင်လဲ?''
တန့်ကွမ်းကချက်ချင်း ပါမောက္ခရန်၏စမ်းသပ်ချက်အစီရင်ခံစာကို ချင်လင်ဆီပေးပြီး_
"ဥက္ကဌချင်... ဒီဆေးရည်က ဝမ်းချုပ်တာ သွေးဝမ်းသွားတာ ဝမ်းသွားအားမရတာ ဝမ်းကိုက်တာ စမြင်းခံတာတွေကို သက်သာစေနိုင်တယ်လို့ ပါမောက္ခရန်ကတွေ့ထားတယ်''
"လူတိုင်း ဒီလက္ခဏာတွေရှိတတ်တာပဲ... ကျွန်တော့်ကိုပဲကြည့်... ကျွန်တော်က အလုပ်မှာ လူမှုရေးအရသောက်ရတယ်... ဒီတော့ ဝမ်းကိုက်တယ်... ဒီအတွက် ဆေးရုံသွားဖို့လည်းအချိန်မရှိဘူး... ပါမောက္ခရန်က ဒီဆေးရည်ကို ဆေးဖျော်ရည်လုပ်နိုင်တယ်ပြောတယ်... ဒီလိုထိရောက်တဲ့ဖျော်ရည်မျိုးသာရှိရင် ကျွန်တော်ဝယ်ဖို့ဝန်မလေးဘူး... ဒါစျေးကွက်ကြီးပဲ''
ချင်လင်ကခေါင်းညိမ့်ပြီး မှာလိုက်သည်_
"ဒီလိုဆိုမှတော့ ချင်းလင်အစားအသောက်ကုမ္ပဏီကလည်း စောစောစီးစီးပြင်ဆင်ထားသင့်တာပေါ့''
"စိတ်မပူပါနဲ့ ဥက္ကဌချင်''
တန့်ကွမ်းက အမြန်ကတိပေးလိုက်သည်။
တန့်ကွမ်းနှင့်ချန်တပေထွက်သွားပြီးနောက် ချင်လင်က ရုံးခန်းမိတ္တူစက်နားသွား၍ စာရွက်များထုတ်လိုက်သည်။
သူအင်တာနက်ပေါ်မှရှာထားသောဆေးနည်းများပင်။
ဆေးနည်းရာချီသည်။
ဒေါက်တာ Dott ၏ BUG မှတဆင့် ဝမ်းနှုတ်ဆေးဖျော်ရည်ရခဲ့သောကြောင့် တခြားဆေးနည်းရနိုင်မရနိုင် စမ်းသပ်ချင်စိတ်ပေါက်နေသည်။
ဆေးနည်းထုတ်ပြီးနောက် အတွေးနှင့်ဂိမ်းထဲယူလာပြီး ပစ္စည်းတန်းထဲထားလိုက်သည်။
ဂိမ်းထဲမှပြန်ထွက်ပြီးနောက် မပြည့်စုံသောဆေးနည်းကိုဆန်းစစ်ပြုပြင်ရန် သူ့ဂိမ်းဇာတ်ကောင်ကို ဒေါက်တာ Dott ဆီ သွားစေလိုက်သည်။
သူကပထမဆေးနည်းကို သေတ္တာထဲထည့်လိုက်သည်။
'အတည်ပြုမည်'ကိုနှိပ်လိုက်၏!
ခဏအကြာ ဒေါက်တာ Dott ဆီတွင် ဆန်းစစ်ချက်ပေါ်လာသည်။
(စိတ်မကောင်းပါ။ သင့်ဆေးနည်းက လုံးဝတန်ဖိုးမရှိပါ။)
အစလုံးဝမကောင်း။
ထို့နောက် ဒုတိယဆေးနည်းကို သေတ္တာထဲထည့်လိုက်သည်။
(အသုံးမဝင်သောဆေးနည်းပါ။ တစ်ယောက်ယောက်က သင့်ကိုနောက်လိုက်ပြီ။)
…
(စိတ်မကောင်းပါ။)
…
(စိတ်မကောင်းပါ။)
…
လက်တွေ့က ရက်ရက်စက်စက်ပင်။
ချင်လင်က ဆေးနည်း ၁၀၀ ကျော်ရှာထားသည်။ ကောင်းနိုးရာရာရှာလာသော်လည်း ဒေါက်တာ Dott ထံတွင်ဆန်းစစ်ပြီးနောက် တစ်ခုမှအသုံးမဝင်ချေ။ အတုဖြစ်ရင်ဖြစ်၊ မဖြစ်ရင် 'အသုံးမဝင်ပါ'၊ ဒါမှမဟုတ် 'တန်ဖိုးမရှိပါ'တဲ့။
တရုတ်တိုင်းရင်းဆေးပညာရှင်တချို့၏ကိုယ်ပိုင်စာမျက်နှာမှကူးယူလာသောဆေးနည်းများတောင်ပါသည်။
တရုတ်တိုင်းရင်းဆေးပညာရှင်တွေဖြစ်ပြီး ဘယ်တစ်ခုမှ သော*က်အာနိသင်မရှိဘူးတဲ့လား?
ဒီတရုတ်တိုင်းရင်းဆေးပညာရှင်တွေ ဒီလောက်စွမ်းတာ ရဲတွေသိရဲ့လား?
ဒီတော့ တရုတ်တိုင်းရင်းဆေးက မဆုတ်ယုတ်ဘဲနေမလား?
အခုဒီနယ်ပယ်က သံသယအကြည့်အောက်ရောက်နေပြီ။ အနောက်တိုင်းဆေးကလည်း ဖိနှိပ်နေသည်။ အင်တာနက်ပေါ်တွင် အတုအယောင်၊အသုံးမဝင်သောဆေးနည်းပေါင်းစုံနှင့်ပြည့်နေပြီး တရုတ်တိုင်းရင်းဆေးအမည်ခံလူလိမ်များလည်းရှိနေသည်။
'လက်ကျန်ရွှေ'ရဲ့ဆေးနည်း ၉ ခုထဲမှတစ်ခုက အသုံးဝင်ကြောင်း ချင်လင်သတိရသွားသည်။ သူကတကယ်အသိစိတ်ရှိသည်။
ချင်လင်ကမနေနိုင်ဘဲ ဖိုရမ်ထဲထပ်သွားကာ 'လက်ကျန်ရွှေ'ကိုစာပို့လိုက်သည်:
"ကျွန်တော်တကယ် ဆေးနည်းဝယ်ချင်လို့ပါ... ဆေးနည်းရှိသေးရင် စျေးကောင်းပေးဝယ်ပါမယ်!''
တစ်ဖက်တွင်_
မျက်မှန်နှင့်ဝဝဖိုင့်ဖိုင့်လူက ချင်လင်၏စာကိုမြင်သွားပြန်သည်။
ထိုလူကသက်ပြင်းချပြီး_ 'ဒီသော*က်ရူးက လက်မလျှော့သေးဘူး... အရင်တစ်ခါမျှားတာ မအောင်မြင်လို့ မက်လုံးလာပေးနေပြန်ပြီ'
အင်တာနက်သုံးလာတာပဲ ဒီလောက်ကြာပြီ၊ အရူးလား?
ယွမ် ၂၀၀၀ မပြည့်ရင် တစ်ဖက်က အဖေ၊အမေနဲ့ကိုင်ဆဲလည်းအသုံးမဝင်။ ယွမ် ၂၀၀၀ ကျော်ပြီဆိုတာနဲ့ ရဲကရေမီတာလာစစ်လိမ့်မည်။
"သွားစမ်းပါ!''
တစ်ဖက်က ဆက်နှောင့်ယှက်နေသောကြောင့် သူကစာတန်းပို့ပစ်သည်။
ရုံးခန်းထဲ၌_
ချင်လင်က 'သွားစမ်းပါ'ဟူသောစာလုံးကို တအံ့တဩကြည့်ရင်း_
ဒီလူက ရူးနေတာလား? အပေါက်ဆိုးတာလား? ဂေါက်နေတာလား?
အလုပ်တောင်မလုပ်ချင်ဘူး?
နောက်ဆုံး ချင်လင်မှာ သက်ပြင်းသာချလိုက်ရသည်။
ကြည့်ရတာ ဒေါက်တာ Dott ရဲ့ BUG က ပြင်ဖို့လွယ်မည်မထင်။ နောက်မှတစ်မျိုးစဉ်းစားရမည်။
…
နောက်တစ်နေ့_
ချင်လင်ကမနက်အစောထပြီး ကျောက်မိုချင်းနှင့်အချိန်ဖြုန်းလိုက်သည်။ ထို့နောက် ဂိုဒေါင်သွား၍ ဂိမ်းထဲမှပစ္စည်းများထုတ်ကာ စံအိမ်ပို့လိုက်သည်။
လောလောဆယ်တော့ ပစ္စည်းပို့သမားအဖြစ်ဆက်လုပ်ရဦးမည်။
ပစ္စည်းများစံအိမ်ပို့ပြီး ရုံးခန်းထဲရောက်ရုံရှိသေး၊ ရုံချန်းပထမမှစွန်းမင်ရောက်လာသည်။
သူ့ကိုတွေ့တွေ့ချင်း ချင်လင်ကပြုံးပြီး_
"ဥက္ကဌစွန်း... အစောကြီးရောက်လာပါလား? သတင်းကောင်းရှိလို့လား?''
စွန်းမင်ကပြုံးပြီး_
"သတင်းကောင်းမရှိဘဲ ခင်ဗျားကိုလာမနှောင့်ယှက်ရဲပါဘူးဗျာ... အပန်းဖြေစံအိမ်ကို အပြီးသတ်ပြင်ဆင်တာ စဝင်နေပြီ... ခင်ဗျားစိတ်တိုင်းကျမကျ ကြည့်ခိုင်းချင်လို့... ပြင်ဆင်ဖို့လိုတာရှိရင် ညှိနှိုင်းလို့ရတာပေါ့''
အပန်းဖြေစံအိမ်နှင့်ပတ်သက်လာလျှင် သူကအားထုတ်မှုနည်းနည်းမှမလျှော့။ ပြင်ဆင်မှုစစချင်း ချင်လင်ကိုလာရှာသည်။
ဒါ စွန်းရှန်ကိုယ်တိုင်မှာထားခြင်းပင်။
သူဌေးချင်ရဲ့အပန်းဖြေစံအိမ်က အထက်တန်းဧည့်သည်တွေအတွက်ဖွင့်မှန်း စီရင်စုကသိသည်။ ဒီလူတွေက ချန်ရှန်းဖေနဲ့မာလဲ့ဝမ်လို ချမ်းသာပြီးဩဇာရှိသူတွေဖြစ်လိမ့်မည်။
လူတွေကိုဆွဲဆောင်နိုင်ဖို့ စီရင်စုက သူဌေးချင်အပေါ်အားထားနေရဆဲပင်။ ဒီလိုအခြေအနေတွင် ရုံချန်းမှာရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားသရွေ့ စီရင်စုက ဝင်ငွေအများကြီးဖန်တီးနိုင်လိမ့်မည်။
စွန်းမင်၏သတင်းကြားပြီး ချင်လင်မျက်နှာချက်ချင်းပြုံးရွှင်သွားသည်။
အပန်းဖြေစံအိမ်မှာ ရုံချန်းပထမကိုဆောက်လုပ်ဖို့အပ်ထားသော တစ်ခုတည်းသောလုပ်ငန်းပင်။
အခုအပန်းဖြေစံအိမ်ကိုပြင်ဆင်နေပြီဖြစ်၍ သူတစ်ချက်သွားကြည့်ရမည်။
ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာ ကျော်ကြားမှုနှင့်ပုံမှန်လာသောခရီးသည်အရေအတွက်အရ အလွန်နာမည်ကြီးနေပြီ။ စနစ်၏ထပ်တိုးအရည်အသွေးကြောင့် အင်တာနက်ပေါ်တွင် ကျော်ကြားလိုက်ပုံမှာ နိုင်ငံအတွင်းပြိုင်ဘက်ကင်းရှုမျှော်ခင်းနေရာဟု ဆိုရမလောက်ပင်။