အပန်းဖြေစံအိမ်ပြင်ဆင်တော့မည်! ၂
Vol. 41 Ch. 602
ထို့ကြောင့် ဒီအပန်းဖြေစံအိမ်အထက်တန်းကျရင် အဆင့်အတန်းနှင့်ပုံစံအဆင့်မြင့်လာလိမ့်မည်။
တကယ်တော့ အပန်းဖြေစံအိမ်ကိုမြန်မြန်ပြီးအောင်ဆောက်နိုင်သော်လည်း မူလဧက ၂၀ တွင် ရေကူးကန်၊ အားကစားကွင်း၊ ငါးမျှားကန်၊ ရေပူစမ်း စသည့်ဖြည့်စွက်ချက်များနှင့် အပန်းဖြေစံအိမ်တစ်ခုလုံးကိုချဲ့ထွင်ထားသည်။
ဆေးခန်းဘေးတွင် လျှောက်သွားစရာသီးသန့်ဥယျာဉ်အဖြစ်ကာရံစိုက်ထားသော စိမ်းစိမ်းစိုစိုအကွယ်ငယ်လေးတောင်ရှိသည်။
ဘာပဲဖြစ်ဖြစ် နောက်ထပ်ဧက ၅၀၀၀ စာချုပ်ချုပ်ထားသည်ဖြစ်၍ မြေနေရာအများစုကလွတ်နေသည်။ အထက်တန်းစားဧည့်သည်များရှုစားဖို့ဖြစ်စေ၊ သူတို့ကိုယ်တိုင်အပန်းဖြေဖို့ဖြစ်စေ၊ ပိုပြီးပြည့်စုံအောင်မလုပ်စရာအကြောင်းမရှိ။
ထို့ကြောင့် အပန်းဖြေစံအိမ်မှာ မူလသတ်မှတ်ထားသောဧက ၂၀ ကိုကျော်လွန်ပြီး အခုဧက ၄၀ နီးနီးဖြစ်လာသည်!
ဧက ၄၀ နီးနီးအပန်းဖြေစံအိမ်က ဘယ်လောက်ကြီးလိုက်မလဲ?
အပန်းဖြေစံအိမ်မှာ ဆောက်လုပ်နေဆဲဖြစ်သောကြောင့် ချင်လင်ကလာခဲသည်။ အရင်အကြမ်းဖျင်းပုံကိုသာကြည့်ဖူးသည်။ အခုပင်မအဆောက်အဦးဆောက်ပြီးမှလာကြည့်ရာ မြင်မြင်ချင်းအလွန်ခမ်းနားနေသည်။
ပင်မသုံးထပ်အဆောက်အဦးက ရဲတိုက်အလားပင်။
ခြံဝင်း၊ ကားပါကင်၊ ဥယျာဉ်၊ ရေပူစမ်းနှင့် ပင်မအဆောက်အဦးပတ်ပတ်လည်ကွင်းပြင်မှာ အလွန်ကျယ်ပြောသည်။
ဥယျာဉ်သက်သက်က ပန်းခြံငယ်အရွယ်အစားလောက်ရှိသည်။ သို့ရာတွင် လက်ရှိအပန်းဖြေစံအိမ်တစ်ခုလုံးမှာ အမာခံအပြင်အဆင်မှလွဲ၍ ဟာလာဟင်းလင်းဖြစ်နေသလိုရှိသည်။
'အမာခံအပြင်အဆင်'ဆိုသည်မှာ အပန်းဖြေစံအိမ်၏နံရံများ၊ တိုင်လုံးများ၊ တံခါးနှင့်ပြတင်းပေါက်များအပြင် အပြင်ပိုင်းရှိ ပန်းမွေ့ယာများ၊ ကျောက်ခင်းလမ်းများ၊ ရေကူးကန်၊ ဘတ်စကတ်ဘောကွင်း စသည်တို့ဖြစ်သည်။
ရုံချန်းပထမဆောက်လုပ်ရေးက အမာခံအပြင်အဆင်ပိုင်းကိုတာဝန်ယူထားပြီး ရိုးရိုးရှင်းရှင်းခေတ်ဟောင်းပုံစံဆောက်ထားသည်။
ပုံစံကိုသူတို့ကရွေးချယ်ပြီး ခြုံကြည့်လျှင် ရုံချန်းပထမဆောက်လုပ်ရေးက အတော်လေးကောင်းသည်။
အနုအရွအပြင်အဆင်ပိုင်းတွင်မူ ပန်းမွေ့ယာထဲမှပန်းများ၊ တံတိုင်းအဖြစ်စိုက်သော သစ်ပင်များ၊ ဥယျာဉ်ထဲတွင်စိုက်သော အလှစိုက်ပန်းများ၊အပင်များနှင့် အားကစားကွင်းမြက်ခင်းတို့ပါသည်။
ဒါတွေကိုတော့ သူ့ဘာသာစိုက်ဖို့စီစဉ်ထားသည်။

ဥပမာ - မြို့စားနှင်းဆီကို ပန်းမွေ့ယာလေးဖက်လေးတန်တွင်စိုက်မည်။ ဒီအတွက် မြို့စားနှင်းဆီမျိုးစေ့ ၄ စေ့ကိုသိမ်းထားခြင်းဖြစ်သည်။
အပန်းဖြေစံအိမ်လာသောအထက်တန်းဧည့်သည်များက ရှင်းကျန့်တယ်၏နိုင်ငံတော်ပန်းကိုရှုစားပြီး ဆွေးနွေးကောင်းဆွေးနွေးကြလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူတို့အိမ်ဖြူတော်ကိုမသွားနိုင်သလို မြို့စားနှင်းဆီကိုလည်းမမြင်နိုင်။
မြို့စားနှင်းဆီအပြင် ချင်လင်က ဂိမ်းထဲမှပန်းတချို့ကိုစိုက်ပြီး ဒီပန်းမွေ့ယာထဲရွှေ့စိုက်ဖို့လည်း စီစဉ်ထားသည်။
သတ္တုမြို့တော်မျိုးစေ့ဆိုင်မှမျိုးစေ့များတွင် တံဆိပ်တပ်ထားသောအထူးပန်းအမျိုးအစားမရှိသော်လည်း ဂိမ်းထဲမှာစိုက်သမျှအားလုံးအရည်အသွေး ၁ ရှိသည်။ ကံကောင်းရင် အရည်အသွေး ၂ ပါရနိုင်သည်။
ပန်းပင်လယ်စိုက်ဖို့ကြီးလွန်းသော်လည်း အရည်အသွေး ၂ ပန်းအပြည့်နှင့် ပန်းခင်း ၄ ခင်းရဖို့ကမခက်။ အချိန်တန်ရင် အရမ်းလှလိမ့်မည်။
စိမ်းစိမ်းစိုစိုခြံစည်းရိုးအပင်များနှင့်ပန်းခင်းလည်း အတူတူပင်။
ပန်းခင်းနှင့်စိမ်းစိမ်းစိုစိုအပင်များမှာ အပန်းဖြေစံအိမ်ကို ချင်းလင်စံအိမ်၊ချင်းလင်မွေးမြူရေးခြံနှင့်သီးသန့်ခြားရန် တံတိုင်းအဖြစ်စိုက်ခြင်းဖြစ်သည်။
ပန်းပင်တံတိုင်းကို သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကဲ့သို့ ခပ်စိပ်စိပ်စိုက်ပြီး လူမဖြတ်နိုင်အောင်လုပ်မည်။ စိမ်းစိမ်းစိုစိုအပင်များနှင့်ထပ်ပြီး အမြင်ကွယ်ထားမည်ဖြစ်၍ ခရီးသည်များအထဲကိုမမြင်နိုင်။
သို့သော် အပန်းဖြေစံအိမ်ကလူများအတွက်မူ ထူးထူးခြားခြားရှုခင်းမျိုးဖြစ်မည်။
ပန်းခင်းနှင့်စိမ်းစိမ်းစိုစိုအပင်များကိုလည်း ဂိမ်းထဲမှရွှေ့စိုက်မည်။ ပန်းခင်းမှာ အရည်အသွေး ၁ ရှိလျှင်အဆင်ပြေသော်လည်း စိမ်းစိမ်းစိုစိုအပင်များက အရည်အသွေး ၂ ဖြစ်ရမည်။ အဲဒီအချိန်ကျရင် ဘယ်လိုစိမ်းစိမ်းစိုစိုအပင်မျိုးက ပိုကြည့်ကောင်းလဲရွေးရဦးမည်။
နောက်တစ်ဆင့်က ဥယျာဉ်။ အရင်ဆုံး အရည်အသွေး ၃ သုံးပွင့်ဆိုင်ဇီးပန်း၊ နောက်အကာအရံအတွက် အရည်အသွေး ၂ သုံးပွင့်ဆိုင်ဇီးပန်းထားမည်။ အဲဒီနောက် ဂိမ်းထဲကတန်ဖိုးရှိသမျှပန်းမျိုးစုံစိုက်မည်။ ထို့အတူ ကံကောင်းတဲ့အချိန်အရည်အသွေး ၂ ရဖို့လည်းစောင့်မည်။
အဆင့် ၄ တက်ပြီးနောက်ပိုင်း ရွေးချယ်စရာအပင်တွေများလာသည်။
အကြိမ်တိုင်း သူလိုတာရှိမရှိ ဒါမှမဟုတ် အရည်အသွေးမြင့်မျိုးစေ့ရှိမရှိ စစ်ဆေးကြည့်သော်လည်း ဘာမှမတွေ့ရ။
ဒီတစ်ကြိမ် သူသေသေချာချာစစ်ကြည့်ရမည်။
ထို့အပြင် အားကစားကွင်းထဲတွင် အရည်အသွေး ၂ ခွေးသွားစိတ်မြက်စိုက်ဖို့စီစဉ်ထားသည်။
ဒါတွေအကုန်ပြီးတာနှင့် အပန်းဖြေစံအိမ်ပတ်ဝန်းကျင်က ကမ္ဘာ့အလှဆုံးဖြစ်မှာသေချာသည်။

"သူဌေးချင်... စံအိမ်ထဲတစ်ချက်ကြည့်ချင်လား?''
စွန်းမင်လည်း ချင်လင်ကိုထပ်ဖိတ်လိုက်သည်။
ချင်လင်ကခေါင်းညိမ့်ပြီး စွန်းမင်နောက်လိုက်ကာ ပင်မအဆောက်အဦးထဲဝင်လိုက်သည်။
ပထမထပ်မှာ စားသောက်ခန်း၊ စားဖိုဆောင်၊ ဧည့်ခန်း၊ နားနေခန်း၊ ကိုယ်လက်လှုပ်ရှားခန်းနှင့် တခြားအသုံးအဆောင်များပါသော ခန်းမကျယ်ကြီးဖြစ်သည်။
ပထမထပ်တွင် ရုံးခန်းလည်းရှိသည်။
နောက်ပိုင်း သူ့ရုံးခန်းကိုအပန်းဖြေစံအိမ်ထဲရွှေ့မည်။
ဒုတိယထပ်နှင့်တတိယထပ်မှာ တည်းခိုခန်းများဖြစ်ပြီး အခန်းတိုင်းကအလွန်ကျယ်သည်။ အိပ်ခန်းပါသည့်အပြင် သီးသန့်ရေချိုးခန်း၊ သန့်စင်ခန်း၊ ဧည့်ခန်း၊ စတူဒီယိုနှင့် တခြားအသုံးအဆောင်များလည်းပါသည်။
သို့ရာတွင် တတိယထပ်၌ အများသုံးခွင့်မပေးထားသောနေရာတစ်ခုရှိသည်။ စံအိမ်တစ်ခုလုံးနှင့်သီးခြားခွဲထားပြီး အပေါ်တက်ရန်အထူးလမ်းကြောင်းသက်သက်ရှိသည်။
ထိုနေရာကို သူ့အတွက်ချန်ထားခြင်းဖြစ်ပြီး သူကိုယ်တိုင်နေထိုင်ဖို့ထက် သူ့မိတ်ဆွေများကိုဧည့်ခံရန်ဖြစ်သည်။
တခြားနေရာများကို အထက်တန်းဧည့်သည်များလက်ခံဖို့ထားသည်။
အတွင်းပိုင်းအပြင်အဆင်ပုံစံမှာ ရိုးရှင်းပြီး ရှေးဆန်သည်။ အထွေအထူးသိပ်မရှိ။ သို့သော် ဒါကနောက်ဆုံးအခြေအနေသာ။ ပုံစံအပြည့်အစုံကို အပြီးသတ်မှသိရမည်။
"မြေအောက်ခန်းဝင်ပေါက်က ဘယ်မှာလဲ? ဝိုင်သိုလှောင်ခန်းကိုလည်း လိုက်ပြပါဦး''
ချင်လင်က သူအသိချင်ဆုံးမေးခွန်းကိုမေးလိုက်သည်။
လတ်တလော ချင်းလင်စံအိမ်ရုံးခန်းပိုင်းတွင် ယာယီပြင်ဆင်ထားသောဝိုင်သိုလှောင်ခန်းမှာ ဂိမ်းထဲကဝိုင်တွေများများလာသည်။
ဂိမ်းသိုလှောင်ခန်းထဲတွင် သက်တမ်းအမျိုးမျိုးရှိသောဝိုင်တွေပိုပိုထည့်ထားသည်။ ဝိုင်ထားဖို့ဝိုင်သိုလှောင်ခန်းမရှိရင် ဂိမ်းသိုလှောင်ခန်းထဲ ဝိုင်တွေဆက်ပြည့်လာမှာစိုးရသည်။
အစပိုင်း စွန်းမင်က ဤအပန်းဖြေစံအိမ်ကို နေရာအများကြီးနှင့်ပုံဖော်ထားသည်။ လက်ဖက်ရည်ခန်းအပါအဝင် အတော်များများကိုဖြည့်ဆည်းပေးထားသည်။
နောင်မှာ အပန်းဖြေစံအိမ်ရောက်လာမည့်အထက်တန်းဧည့်သည်တွေက လက်ဖက်ရည်ဝိုင်းဖွဲ့ရတာ လုံးဝသဘောကျလိမ့်မည်။ ဒီလက်ဖက်ရည်ခန်းကို သူလက်ဖက်ခြောက်ဖြည့်ဆည်းပေးဖို့မလို။
နောက်ပိုင်း ဒီအပန်းဖြေစံအိမ်လာမည့်ဧည့်သည်တွေက အလွန်အထက်တန်းကျလိမ့်မည်။ လက်ဖက်ရည်နှပ်ရတာကြိုက်သူက သေချာပေါက်ကိုယ်ပိုင်လက်ဖက်ခြောက်ယူလာလိမ့်မည်။ သူတို့လက်ဖက်ခြောက်က တစ်ကတ်တီသောင်းချီ ဒါမှမဟုတ် သိန်းချီတောင် တန်ဖိုးရှိတတ်သည်။

သူဖြည့်ဆည်းပေးဖို့လိုတာက လက်ဖက်ရည်စားပွဲကောင်းကောင်းပင်။ နောက်ပိုင်း ဂိမ်းထဲမှာ သစ်မွှေးလိုအရည်အသွေးမြင့်သစ်တွေရရင် လက်ဖက်ရည်စားပွဲလုပ်ပြီး လက်ဖက်ရည်ခန်းထဲထည့်ပေးထားမည်။
အဲဒီအချိန်ကျရင် အမှတ်တံဆိပ်မပါသောရှေးဟောင်းကြွေထည်တချို့ကို ဂိမ်းထဲခဏထားပြီးထုတ်ယူလာမည်။ အချိန်သိပ်မကြာဘဲ ရှေးဟောင်းအဆင့်မကျတကျလောက်ဆို အလုပ်ဖြစ်သည်။
ဒီကြွေထည်အစုံက လက်ဖက်ရည်ကြိုက်သူများအတွက်အကောင်းဆုံးဖြစ်လိမ့်မည်။ အလွန်ပုံစံကျသည်။
ထို့အပြင် ဂီတနှင့်အသံသွင်းခန်းမလိုနေရာများလည်းရှိသည်။
အရေးအကြီးဆုံးက ဝိုင်သိုလှောင်ခန်းပင်။
လီရှင်းက သူ့ဝိုင်သိုလှောင်ခန်းအကြောင်းပြောတာကြားဖူးသည်။
သူသာဝိုင်အပြည့်ဖြည့်နိုင်ရင် သူ့ဝိုင်သိုလှောင်ခန်းက အရွယ်အစားပိုင်းမှာ နိုင်ငံအတွင်းအဆင့် ၂၀ ထဲပါလိမ့်မည်။
အရည်အသွေးပိုင်းမှာ သူ့ဝိုင်သိုလှောင်ခန်းက အဆင့် ၂ လို့ပြောရင် ပထမနေရာကိုဘယ်သူမှယူရဲမှာမဟုတ်တဲ့။
ချင်လင်နှင့်စွန်းမင်က ဝိုင်သိုလှောင်ခန်းထဲရောက်လာသည်။ နေရာကအလွန်ကျယ်ပြီး လေဝင်ပေါက်နှင့် ဝိုင်သိုလှောင်ရန်အထောက်အကူပြုပစ္စည်းများလည်း အပြည့်အစုံရှိသည်။
နောက်တစ်ခုက သူဂိမ်းထဲမှာတစ်ခုချင်းပြင်ဆင်ထားသောဝိုင်စင်များကိုရွှေ့ရမည်။ ပြီးရင် ဝိုင်သိုလှောင်ခန်းတစ်ခုလုံးပြည့်သည်အထိ ဝိုင်များဖြည့်ရမည်။
"သူဌေးချင်... ဘယ်လိုထင်လဲ? ပြောင်းဖို့လိုတာများရှိလား?''
စွန်းမင်က ချင်လင်ကိုအပန်းဖြေစံအိမ်တဝိုက်ခေါ်ပြပြီးမေးသည်။
"အင်း... အားလုံးကောင်းပါတယ်... ပြောင်းစရာမလိုပါဘူး''
ချင်လင်ကခြုံငုံကြည့်ပြီး ကျေနပ်အားရမှုရှိသော်လည်း ပြဿနာရှိမရှိဆိုသည်က ကြည့်ရှုစစ်ဆေးရေးကုမ္ပဏီတစ်ခုရှာဖို့လိုသေးသည်။
ရုံချန်းပထမကုမ္ပဏီနှင့် ရေရှည်လက်တွဲလာပြီး ပြဿနာမရှိသောကြောင့် စွန်းမင်ကိုအလွန်စိတ်ချသည်ဆိုသော်လည်း စစ်ဆေးကြည့်ရဦးမည်။
"ကောင်းပါပြီ... ပြင်ဆင်တဲ့အပိုင်းကိုအမြန်ဆုံးလတ်စသတ်ဖို့ပြောလိုက်ပါမယ်''
စွန်းမင်က ချင်လင်နှင့်ခဏစကားပြောပြီး ချင်လင်ပြန်ထွက်သွားသောအခါ လုပ်ငန်းတာဝန်ခံအလုပ်သမားများကိုညွှန်ကြားလိုက်သည်။
ချင်လင်ကအပန်းဖြေစံအိမ်မှထွက်ပြီး ဂိုဒေါင်တန်းသွားသည်။ သူကဂိမ်းဇာတ်ကောင်ကို အပန်းဖြေစံအိမ်အားကစားကွင်းထဲစိုက်ရန် အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့များဝယ်ခိုင်းလိုက်သည်။ ထို့နောက် ဂိမ်းထဲဝင်ပြီး ခွေးသွားစိတ်မြက်မျိုးစေ့နှင့်အထူးမြေကြီးတချို့ထုတ်လာသည်။
အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့ကို မွေးမြူရေးခြံမှာလိုစိုက်ရမည်ဖြစ်၍ ဖုံးထားရဦးမည်။
ဘာပဲဖြစ်ဖြစ် အခုအားလုံးက မွေးမြူရေးခြံစားကျက်မြေကို ဒီအထူးမြေကြီးကြောင့်ဟုထင်နေသော်လည်း ဒီတစ်ကြိမ်တွင် အထူးမြေကြီးနည်းနည်းသာထုတ်လာသည်။
ကမ္ဘာ့စမ်းရေမပါရင် ခွေးသွားစိတ်မြက်က ဖြည်းဖြည်းသာကြီးလာလိမ့်မည်။ အထူးမြေကြီးသိပ်သုံးစရာလိုဟုဆိုနိုင်သည်။
အထူးမြေကြီးနှင့်အရည်အသွေး ၂ ခွေးသွားစိတ်မြက်မျိုးစေ့ကို စံအိမ်ယူလာပြီးနောက် ယွီရွှေ့ဆီဖုန်းဆက်ကာ အားကစားကွင်းထဲတွင် ခွေးသွားစိတ်မျိုးစေ့ကိုအထူးမြေကြီးနှင့်စိုက်ခိုင်းလိုက်သည်။
ပန်းနှင့်အပင်အလှဆင်ခြင်းကလည်း စိုက်ပျိုးရေးဌာန၏ရေလောင်းပေါင်းသင်မှုအပေါ်မူတည်သေးသည်။
ပြီးတော့ အခုအချိန်မှစ၍ အပန်းဖြေစံအိမ်ကို သူစပြင်ဆင်နိုင်ပြီ။