အခန်း (၆၁၂)
Vol. 41 Ch. 612
"ကောင်းပါပြီ... သူဌေး!''
ဆရာလင်းက တုံ့ဆိုင်းမနေ။ မာလဲ့ဝမ်ယူလာသောဆီးနှင်းအမဲသားကိုကြည့်ပြီး စာဖိုမှူးတစ်ဦးအား စားဖိုဆောင်ထဲအမဲသားသယ်ခိုင်းလိုက်သည်။
မာလဲ့ဝမ်၊ ချန်ရှန်းဖေနှင့် လီရှင်းတို့က မနေနိုင်ဘဲ စားဖိုဆောင်ထဲလိုက်သွားကြ၏။
သူတို့ဝန်မခံချင်သော်လည်း ဆီးနှင်းအမဲသားက အမှန်ပင်ဝယ်ရခက်သည်။ ဆီးနှင်းအမဲသားပေါင် ၁၀၀ ကျော်က လန့်လောက်စရာ။
အထူးသဖြင့် ဆီးနှင်းအမဲသားအရည်အသွေးကွာခြားမှုရှိကြောင်းကို ဒါပထမဆုံးကြားဖူးခြင်းပင်။
အရင်က လုံးဝမကြားဖူး။
မာလဲ့ဝမ်က ဆရာလင်းတို့လုပ်နေသောအမဲသားကိုတလှည့်၊ သူယူလာသောအမဲသားကိုတလှည့်ကြည့်နေသည်။
ဆရာလင်းအတွက် အမဲသားချက်ရတာမခက်။ အရည်အသွေးအမျိုးမျိုးနှင့်အမဲသားသုံးမျိုးကိုချက်ဖို့ အချိန်သိပ်မကြာလိုက်။
သို့သော်လည်း သူဌေးတို့အရသာခံဖို့၊ နှိုင်းယှဉ်ကြည့်ဖို့အတွက်သာ။ သူလည်းအရင်ဆုံး အသားတုံးကိုလှီးပြီး အသားပြားများကိုသယ်သွားခိုင်းလိုက်သည်။
မာလဲ့ဝမ်ကိုယ်တိုင် သူယူလာသောအသားပြားကိုသယ်လာ၏။
သူကစားသောက်ခန်းထဲပြန်ပြီး လှီးထားသောအသားပြားကိုစားပွဲပေါ်တင်လိုက်သည်။
ဆရာလင်းက ဓားများ၊ခက်ရင်းများထပ်ယူလာပြီး ချင်လင်တို့ကိုဝေပေးလိုက်သည်။
"လောင်ချန် လောင်မာ လောင်လီ... ဘာကွာလဲ မြည်းကြည့်''
ချင်လင်လည်း သူတို့သုံးယောက်ကိုပြောလိုက်သည်။
မာလဲ့ဝမ်ကချက်ချင်း သူယူလာသောအမဲသားကောက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။

ချန်ရှန်းဖေနှင့်လီရှင်းလည်း ထို့အတူပင်။
အမဲသားစားပြီးနောက် သုံးယောက်သားတပြိုင်တည်းခေါင်းညိမ့်လိုက်ကြသည်။
ဆီးနှင်းအမဲသားအရသာက တကယ်ကောင်းသည်။ သာမန်အမဲသားယှဉ်နိုင်တာမျိုးမဟုတ်။
ဒီကွာခြားချက်ကို အလွယ်တကူသိနိုင်သည်။
မာလဲ့ဝမ်မျက်နှာတွင် ပြုံးရိပ်သမ်းလာသည်။
ဒီတစ်ခါ လီဖေး သူ့ကိုမညာဘူးပဲ။
ထို့နောက် သူကနောက်ထပ်အမဲသားပန်းကန်ကိုလှမ်းလိုက်သည်။
ဆရာလင်းက ပန်းကန်ပေါ်တွင် နံပါတ်'၁'ဟုအမှတ်အသားပြုထားသည်။
ဆီးနှင်းအမဲသားနှစ်မျိုးကိုခွဲရလွယ်စေရန် ချင်လင်က နံပါတ် ၁ နှင့် ၂ ဟုတပ်ထားသည်။ အရည်အသွေး ၁ နှင့် ၂ ပင်။
တစ်နည်းဆိုရသော် ထိုအမဲသားပန်းကန်က အရည်အသွေး ၁ ဖြစ်သည်။
မာလဲ့ဝမ်က အရည်အသွေး ၁ တစ်တုံးကိုပါးစပ်ထဲထည့်၍ နည်းနည်းဝါးကြည့်ပြီးနောက် သူ့မျက်နှာထားပြောင်းသွားသည်။
အမဲသားကအရမ်းအရသာရှိတယ်။ အသားက အရမ်းကောင်းတယ်။ သူယူလာတဲ့အမဲသားထက် ပိုကောင်းတာသေချာတယ်။
သို့သော် သူ့မျက်နှာလည်းမဲသွားပြန်သည်။
ဒါဘာအဓိပ္ပါယ်လဲ?
သူထပ်ပြီး အရူးလုပ်ခံရတာလေ။
ချန်ရှန်းဖေနှင့်လီရှင်းလည်း အရည်အသွေး ၁ ကိုအရသာခံပြီး အချင်းချင်းကြည့်လိုက်ကြသည်။
အတော်ကွာတာပဲ။
ထို့နောက် သူတို့နှစ်ယောက်က နောက်ဆုံးပန်းကန်ဖြစ်သော အရည်အသွေး ၂ ဆီးနှင်းအမဲသားကိုမြည်းကြည့်သည်။
တစ်ချက်ဝါးကြည့်ပြီးနောက် သူတို့နှစ်ယောက်မှာပိုတောင်အံ့ဩသွားသည်။
ဒီအသားက စောစောကဟာထက်တောင် ပိုအရသာရှိနေသေးတယ်။
မာလဲ့ဝမ်က ဆီးနှင်းအမဲသားနှစ်တုံးစားပြီးနောက် ချက်ချင်းထဆဲတော့၏_
"ငါကွာ... သော*က်!''
ဒါလား လီဖေးပြောတဲ့အကောင်းဆုံးအရည်အသွေး? သူ့ထက်ကောင်းတာနှစ်မျိုးရှိနေတာတောင် သူ့ဟာအကောင်းဆုံးလို့ပြောရဲတယ်ပေါ့?
မင်မြို့တော်မှာ လီဖေးလောက်ဉာဏ်များတဲ့အမြတ်ကြီးစားမရှိတော့ဘူး။
မာလဲ့ဝမ်အတော်ဒေါသထွက်နေသည်။ လီဖေးဆိုင်ကိုဖျက်တာမျိုး တကယ်မလုပ်သော်လည်း နောက်ထပ်တစ်ယွမ်သုံးမိရင် သူအရူးဖြစ်ပြီပဲ။
ထို့အတူ ချန်ရှန်းဖေနှင့်လီရှင်းက အသာသက်ပြင်းချလိုက်ကြသည်။
သူတို့သိသည်။
လီဖေးပြောတဲ့အကောင်းဆုံးပစ္စည်းက အကောင်းဆုံးဆိုတာ ဘယ်တုန်းကစိတ်ချရလို့လဲ?
သူတို့သုံးယောက်ဘာတွေးနေလဲ ချင်လင်မသိ။ အမဲသားသုံးမျိုးစလုံးစားပြီးနောက် သူလည်းအရည်အသွေးကွာခြားမှုကို သတိထားမိသည်။
အရသာနှင့်အသားသက်သက်တင် အရည်အသွေး ၁ ဆီးနှင်းအမဲသားက ဂျပန်ဆီးနှင်းအမဲသားကို အသာလေးနိုင်သွားပြီ။ အရည်အသွေး ၂ ဆိုမပြောနှင့်တော့။
ဒါကြောင့်လည်း သူပိုပြီးယုံကြည်ချက်ရှိလာသည်။
အရည်အသွေးက အတော်ကွာသည်။ သူသာအသုတ်ခွဲပြီးမွေးမြူနိုင်ရင် ဆီးနှင်းအမဲသားတန်ဖိုးကိုမချနိုင်ဘူးဆိုတာ သူမယုံ။
ဒါဂျပန်ရဲ့နိုင်ငံ့ရတနာအမဲသား။
အဲဒီအချိန်ကျရင် ဒီအမဲသားက သာမန်အမဲသားနဲ့မခြားတော့။ ဂျပန်ကဆီးနှင်းအမဲသားအားလုံးတန်ဖိုးကျသွားမလား သူသိချင်မိသည်။
ဒါကိုနိုင်ငံ့ရတနာလို့ သူတို့ဆက်ပြီးသဘောထားနိုင်ဦးမလား?
အခု နွားပေါက်အကောင် ၂၀ ရောက်လာတာ စောင့်နေရုံသာ။ ပြီးရင် တိတ်တဆိတ်အစားထိုးပစ်လိုက်မည်။