#မိုးပျံနဂါးလှုပ်ရှားမှု#
Vol. 33 Ch. 468
ကျောက်စိမ်းရေကန်သူတော်စင်မ၏ပြောစကားအရ မိုးထိကျောက်နံရံများထဲတွင် ကိုယ်ခန္ဓာကျင့်စဉ်တခုကို ဝှက်ထားသည်။
သို့စေကာမူ ကျိချန်းယောင်ပင်လျှင် ဒါကို အပြည့်အ၀နားမလည်နိုင်ခဲ့ပေ။
ထို့ထဲတွင် ဟဲရန်နှင့်ချင်းယွန်တို့ရခဲ့သည့် ကျောက်နံရံပေါ်က အပြာရောင်အလင်းက အတော်လေးအားနည်းသဖြင့် သူတို့က တံခါးပေါက်လေးကို ထိရုံမျှထိခဲ့ခြင်းဖြစ်သည်။
ချင်းချန်၏မျက်နှာက သုန်မှုန်နေပြီး သူက ကျောက်နံရံ၌ အလင်းမပေါ်ခဲ့ပေ။
ဒါကိုမြင်ရသောအခါ ချင်းယွန်လှောင်ပြောင်လိုက်သည်။
"ချင်းချန်၊ မင်းကပထမအဆင့်ကိုတောင် မဖြတ်ကျော်နိုင်ဘူးလား"
"မင်းရဲ့အသွင်အပြင်နဲ့ဆိုရင် မိသားစုခေါင်းဆောင်နေရာအတွက် ငါနဲ့ဘယ်လိုယှဉ်ပြိုင်မှာလဲ"
ချင်းချန်မျက်မှောင်ကြုတ်လိုက်၏။
"ညီအစ်ကိုလုဖြတ်ကျော်နိုင်သရွေ့ ငါကလည်းနောက်တဆင့်ကို ၀င်ရောက်နိုင်လိမ့်မယ်"
တချို့အင်အားစုများက သေမျိုးကျေးရွာသို့၀င်လာသောအခါ ယခုလိုအခြေအနေများကနေ ကာကွယ်ရန်အတွက် ပြင်ပအကူအညီများကို အမြဲလိုလိုဖိတ်ကြားလေ့ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ပြင်ပအကူအညီက စမ်းသပ်မှုကိုဖြတ်ကျော်နိုင်နေသရွေ့ ဖိတ်ခေါ်သူကလည်း စမ်းသပ်မှု နောက်တဆင့်ကို ၀င်ရောက်နိုင်သည်။
"မင်းကမင်းရဲ့မျှော်လင့်ချက်ကို ဒီလိုငတုံးတယောက်ပေါ်မှာ ထားလိုက်တာလား"
ထိုစကားလုံးများကိုကြားသောအခါ ချင်းယွန်ပျော်မြူးစွာရယ်မောလိုက်၏။
"သေမျိုးကျေးရွာရဲ့စည်းမျဉ်းတွေကိုတောင် မသိတဲ့လူတစ်ယောက်ကို ဘယ်လောက်အရည်အချင်းရှိမယ်လို့ မင်းမျှော်လင့်ထားတာလဲ"
"ဟဲရန်နဲ့ငါတောင် ထိရုံပဲထိခဲ့နိုင်တာ"
ဟဲရန် လုချန်ရှန်းကို အရမ်းကြီးအာရုံမစိုက်ထားပေ။
ပထမစမ်းသပ်မှုတွင်ကျရှုံးမည့်လူများအား အာရုံစိုက်ထားစရာမလိုပေ။
ဤသည်ကိုကြားပြီးနောက်တွင် ချင်းချန်၏မျက်နှာက ကြည့်ရဆိုးသွားသော်လည်း သူ့နှလုံးသား၌ အနည်းငယ်တုန်ယင်နေမိသည်။
စိတ်ပျက်လက်ပျက်အခြေအနေတွင် လုချန်ရှန်းက သူ့ရွေးချယ်မှုဖြစ်သည်။
ချင်းယွန်သာအရင်းအမြစ်တချို့ကိုမသုံးခဲ့ပါက သူ့ကိုကူညီသည့် ပြင်ပအကူအညီတချို့ကို မထွက်သွားမိစေရန် နားချ၍ ရခဲ့ပေလိမ့်မည်။ ထိုသို့ဆိုပါက သူလုချန်ရှန်းကို ရွေးချယ်မည်မဟုတ်ပေ။
ချင်းချန်၏မျက်နှာက ခါးသီးမှုဖြင့်ပြည့်နှက်နေပြီး ညင်သာစွာသက်ပြင်းချမိသည်။
ကြည့်ရသည်မှာ မိသားစုခေါင်းဆောင်နေဂာက သူနှင့်အတူထပ်ရှိမနေနိုင်တော့သည့်ပုံပင်။
ကျိချန်းယောင် လုချန်ရှန်းကိုကြည့်သောအခါ သူမအမြင်က ကျန်သောသူများနှင့်မတူဘဲ ခံစားချက်ဖြင့်ပြည့်နှက်နေသည်။
သူမရှေ့ကလူက မိုးထိကျောက်နံရံကို လုံး၀ဂရုမစိုက်သည့်အလား တည်ငြိမ်သည့်အမူအရာဖြင့်ရှိနေသည်။
ဒီလိုလူမျိုးက သူ့ပါရမီကို အလွန်အမင်းယုံကြည်မှုရှိသူဖြစ်ရမည် မဟုတ်ပါက စမ်းကြည့်ချင်သည့်စိတ်ထားမျိုးရှိသူဖြစ်ရမည်။
ကျိချန်းယောင်က ပထမဆုံးပုံစံကို ပိုသဘောကျနေသည်။
ဒီနေရာသို့ရောက်လာသည့်လူများထဲတွင် မည်သူကများ ဂုဏ်ယူစရာမျိုးဆက် မဟုတ်လေသနည်း။
သူတို့အားလုံးက ကောင်းကင်ဘုံမြစ်ကြယ်ဒေသ၏ထိပ်တန်းအင်အားစုများမှ ကောင်းကင်သားတော်အဆင့် ပါရမီရှင်များပင်။။
လုချန်ရှန်းပတ်၀န်းကျင်က စကားများကို မကြားရစေရန် နားလေးသည့်အသွင် ပြုမူနေသည်။
ငါကဘာလို့ဒီလူတွေနဲ့ငြင်းခုံနေရမှာလဲ!
ဒါကငါ့အဆင့်အတန်းကိုနိမ့်ကျစေတယ်လေ!
ဘာပဲဖြစ်ဖြစ် သူတို့ငါ့ကိုနိုင်တာမှမဟုတ်တာ!
ပြီးတော့ အရေးအကြီးဆုံးက အမုန်းတရားကို ဘာလို့ဖန်တီးနေရမှာလဲ!
အမုန်းတရားတခုပိုလာတာက တခုနည်းသွားတာထက်ပိုဆိုးသည်။ ထို့ကြောင့် စမ်းသပ်မှုကို တိတ်တဆိတ်ဖြတ်ကျော်တာကပိုကောင်းသည်။
ဆန်းကြယ်အဝါရောင်အော်ရာကို တိတ်တိတ်လေးယူပြီးထွက်သွားတာပိုမကောင်းဘူးလား!
သို့သော်လုချန်ရှန်းမသိတာက သူ့အပြုအမူက အနီးကလူများကို သူအရမ်းမောက်မာလွန်းသည်ဟု ခံစားမိစေခြင်းပင်။
ဒီကောင်ကအရမ်းစိတ်ကြီး၀င်နေတာပဲ!
အားလုံး၏အကြည့်အောက်တွင် လုချန်ရှန်းမိုးထိကျောက်နံရံရှေ့တွင်ရပ်လိုက်ပြီး မျက်လုံးအစုံကို မှိတ်လိုက်၏။
ထို့နောက် အသိအာရုံဖြင့် မိုးထိကျောက်နံဂံကြီးပေါ်သို့ ပွတ်သပ်ကြည့်သည်။
ဘေးကချင်းယွန်က သရော်လာသည်။
"ဟိတ်ဟန်များနေလိုက်တာ၊ လူကြီးတွေရဲ့ အချိန်ကိုမဖြုန်းတီးနဲ့၊ မြန်မြန်လုပ်ပြီး အဆုံးသတ်လိုက်တော့"
"ဒီကျောက်နံရံရဲ့စွမ်းရည်က မင်းအသိအာရုံရဲ့အလွန်မှာရှိနေတယ်"
ချင်းချန်အော်ဟစ်သည်။
"နားလည်မှုဖြစ်စဉ်အတွင်းမှာ အလွယ်တကူမနှောက်ယှက်နဲ့၊ မင်းဒီလိုအရာမျိုးကိုမသိတာလား"
"အာရုံခံနေတာလား၊ သူအခုနားလည်အောင်လုပ်နေတာလား၊ ဒီကောင်က ကြက်သေသေနေတဲ့လူငယ်တယောက်ပါကွာ၊ တကယ်လို့သူသာနားလည်နိုင်ရင် ငါကိုယ်တိုင် ဒူးထောက်ပြီးတောင်းပန်မယ်"
"မင်းလား"
ထိုအချိန်တွင်လုချန်ရှန်းရုတ်တရက် ခေါင်းလှည့်ကာ မျက်လုံးဖွင့်ပြီး ချင်းယွန်အား ကြည့်ရင်း တောက်ပစွာပြုံးလိုက်၏။
"မင်းအခုဘာပြောလိုက်တာ"
ချင်းယွန်နှာခေါင်းရှုံ့သည်။
"ငါအဲလိုပြောခဲ့တယ်"
"မင်းဒီထဲကစွမ်းအားကိုနားလည်ပြီး နည်းလမ်းကိုရ......"
ချင်းယွန်စကားပြော၍မပြီးသွားခဲ့ပေ။
လုချန်ရှန်းတကိုယ်လုံးပေါ်၌ စတင်လင်း၀င်းလာသည့်အစိမ်းရောင်အလင်းနှင့် မိုးထိကျောက်နံရံပေါ် ရောင်ပြန်ဟပ်နေတာကိုမြင်ပြီးနောက် ချင်းယွန်လျှာကိုက်လုနီးပါးပင်ဖြစ်သွားပြီး သူ့မျက်သူငယ်အိမ်များက ရုတ်တရက်ကျိုံ့သွားခဲ့သည်။
ချင်းချန်က လုံး၀အံ့ဩသင့်နေသည်။
ငါတကယ်ရတနာတခုကိုကောက်မိခဲ့တာလား!
ကျိချန်းယောင်၏ စိုရွှဲနေသည့်မျက်လုံးများ၌ အံ့ဩသင့်နေသည့်အကြည့်တခု ဖြတ်သန်းသွား၏။
ဘယ်လောက်တောင်ကြာသေးလို့လဲ!
မိုးထိကျောက်နံရံနှင့်ဆက်သွယ်မှုတခုထူထောင်နိုင်ပြီး ဆန်းကြယ်မှုကိုတောင် ဖမ်းဆုပ်လိုက်နိုင်တယ်!
ဒါကအသက်ရှူကြိမ်ဆယ်ခါလောက်ပဲ ကြာမြင့်ခဲ့တာလေ!
ချင်းယွန်ဘေးတွင် ဟဲရန်က နောက်ဆုံး၌ မျက်လုံးများကိုဖွင့်ကာ မျက်မှောင်ကြုတ်ရင်း လုချန်ရှန်းအား စိုက်ကြည့်လိုက်၏။
ငါသူ့ကိုလျှော့တွက်မိတာများလား!
ထိုအချိန်တွင် လုချန်ရှန်းတကိုယ်လုံးရှိ အစိမ်းရောင်အလင်းက ပို၍ပင် တောက်ပစွာလင်း၀င်းလာပြီး မိုးထိကျောက်နံရံပေါ်၌ မူလက သေးငယ်သည့်အစိမ်းရောင် အစက်လေးတခုဖြစ်သော်လည်း လုချန်ရှန်းကိုယ်တဝိုက်ရှိ အစိမ်းရောင်အလင်းက ပို၍ပို၍အားကောင်းလာပုံရသည်။
၎င်းကပတ်၀န်းကျင်သို့သာ စတင်ပျံ့နှံ့လာပြီး ကျောက်နံရံတခုလုံးကိုပင် ဖုံးလွှမ်းသွားသည့် မှိန်ဝါးဝါးလက္ခဏာရပ်တခုကို ပြသလာသည်။
ဒီမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
ယခုတွင်မူ အသက်ရှူကြိမ်ရေအနည်းငယ်အတွင်းမှာပင် သူက ကျိချန်းယောင်နှင့် တန်းတူဖြစ်သွားပြီး ကျိချန်းယောင်၏ အဆင့်ကိုပင် ကျော်သွားသည်။
ကျိချန်းယောင်က မည်သူနည်း။
သူမက ကောင်းကင်ဘုံမြစ်ကြယ်ဒေသ၏ထိပ်တန်းစွမ်းအားရှင်တဖြစ်လဲ ညို့ယူဖမ်းစားနိုင်သည့်ပါရမီဖြင့် ကျောက်စိမ်းရေကန်နန်းတော်၏ သူတော်စင်မဖြစ်သည်။
သို့သော် ယခု လုချန်ရှန်းက ကျိချန်းယောင်ကိုပင် ကျော်သွားသည်လား။
ချင်းယွန်၏မျက်နှာက မရေရာဖြစ်နေပြီး သူအစကပြောခဲ့သည့်ရိုင်းစိုင်းသော စကားလုံးများကိုသတိရသွားသောအခါ သူ့မျက်နှာက ရေကဲ့သို့ပင် နစ်၀င်သွား၏။
ချင်းချန်၏အမူအရာကလည်း လုံးဝအံ့ဩသင့်နေလေသည်။
ကျိချန်းယောင်ပါးစပ်ကိုအသာလေးဖွင့်လိုက်မိသည်။
သူဘယ်လိုလုပ်ခဲ့တာလဲ!
ထိုအချိန်တွင် လုချန်ရှန်းအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူ့ကိုယ်ပေါ်က အစိမ်းရောင်အလင်းက ထိုအခိုက်အတန့်၌ ပြန်လည်မှေးမှိန်လာသည်။
ချင်းယွန်၏မျက်နှာက ဇာတ်လမ်းတပုဒ်၌ မျက်နှာအလဲအပြောင်းဖြစ်သွားသည့်အလား ပြောင်းလဲသည့်နှုန်းက အလွန်အမင်းမြန်ဆန်နေသည်။
ယခုစိတ်သက်သာရာရသွားသဖြင့် သူကထပ်မံသရော်လိုက်ပြန်သည်။
"ဒါကလှည့်စားမှုတခုသာသာပါပဲ"
လူတိုင်းကခေါင်းညိတ်လိုက်ကြ၏။
တယောက်ယောက်က ကျိချန်းယောင်၏အမြင့်ကို ဖြတ်ကျော်ရန်ဟူသည် ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
ချင်းချန်၏မျက်နှာက ပို၍ပင် ကြည့်ရစိုးလာသည်။
ကျိချန်းယောင်တယောက်တည်းသာလျှင် လုချန်ရှန်းကို အနီးကပ်စိုက်ကြည့်နေသည်။
တကယ်ပဲဒီလိုလား!
မိုးထိကျောက်နံရံကိုနားလည်နိုင်တယ်ဆိုကတည်းက တကိုယ်လုံးမှ အစိမ်းရောင်အလင်းက ဟန်ဆောင်၍မရပေ။
တောက်ပလာသည့် အစိမ်းရောင်အလင်းရှိနေသရွေ့ ဒီစွမ်းရည်၏အစကိုလည်း ထိတွေ့ခဲ့ပြီဟုဆိုလိုနေခြင်းပင်။
ဒီလိုဆိုရင် ဘာလို့အခုပျောက်သွားရတာလဲ!
လုချန်ရှန်းဘာဖြစ်ခဲ့တာလဲ!
သူကိုယ်တိုင်သာလျှင် သိပေတော့မည်။
လုချန်ရှန်းချက်ချင်းဆိုသလို ဆန်းကြယ်မှုကိုခံစားရသည်။
ကျောက်နံရံထဲတွင် လှုပ်ရှားမှုနည်းစနစ်တခုရှိသည်။
နာမည်က ယုလောင်(မိုးပျံနဂါး)ဖြစ်သည်။
ဒီမိုးပျံနဂါးနည်းစနစ်က တခြားသူများ၏အမြင်တွင် သို့မဟုတ် ကောင်းကင်ဘုံမြစ်ကြယ်ဒေသ၏ အမြင်တွင် ပြီးပြည့်စုံကောင်းပြီးပြည့်စုံနိုင်သည်။
သို့သော် လုချန်ရှန်း ဒီမိုးပျံနဂါးနည်းစနစ်ကို ခံစားမိပြီးနောက် မကြာခင်မှာပင် ဟာကွက်များကို ရှာတွေ့သွားခဲ့သည်။
လုချန်ရှန်းကဘယ်သူလဲ!
သူကကန်ရာသီဖွားဖြစ်သည်။
ဒီဟာကွက်ကိုလျစ်လျူရှုထား၍မရပေ။
ထို့ကြောင့် လုချန်ရှန်းအတွေးထဲတွင် ဒါကိုပြင်ဆင်ရန် နည်းလမ်းတခုခုရှိလားဆိုတာ ပေါ်လာသည်။
ဒီကိစ္စတွင် သူကအစကနေပြန်စရန်လိုအပ်သည်။
ထို့ကြောင့်လည်း လုချန်ရှန်းတကိုယ်လုံးက အစိမ်းရောင်အလင်းက အလျင်အမြန်ပင် စတင်ပျောက်ကွယ်သွားခြင်းပင်။
ဒီမိုးပျံနဂါးနည်းစနစ်တွင် အဆင့်သုံးဆင့်ရှိပြီး အရှေ့ပိုင်းနဂါး၊ အသွင်ပြောင်းနဂါးနှင့် နဂါးပျံတို့ဖြစ်သည်။
ပြဿာနာက ပထမအဆင့်ဖြစ်သည့် အရှေ့ပိုင်းနဂါးတွင်ပေါ်လာသည်။
မူလက နဂါးနှင့်ကစားခြင်းက လှိုင်းပေါ်၌ ခြေလှမ်းလေးတွေလှမ်းတာနှင့်တူပြီး အတော်လေးထည်ဝါကာ ရှောင်လွှဲရန်အတွက် ငဲ့စောင်းရသည်။
သို့စေကာမူ ထို့ထဲတွင် တွန်းအားကို ပြောင်းပြန်လှည့်ထားပြီး အလျားလိုက်အမြန်မှုန်းကို အသားပေးပါကရော မည်သို့ ဖြစ်လာမည်နည်း။
မေ့လိုက်တော့၊ ဘာတွေစဉ်းစားနေစရာလိုတာလဲ!
လုချန်ရှန်းနှလုံးသားထဲကနေ တိတ်တဆိတ်ပြောသည်။
"စနစ်ရေ၊ ဒီစွမ်းရည်ကိုပြီးပြည့်စုံအောင် လုပ်ပေးပါ"
စနစ်က အရင်က ကောင်းကင်ဘုံနတ်ဆိုးကိုးသွယ်ဓား၏ဟာကွက်များကို ဖြည့်စွက်ပေးသကဲ့သို့ စတင်ဖြည့်စွက်လေတော့သည်။
[မိုးပျံနဂါးလှုပ်ရှားမှု၊ ပြီးပြည့်စုံခြင်း.....]
အပိုင်း(469) coming။