← Chapters

မိတ်ဆက်

Vol. 1 Ch. 0

မိတ်ဆက်

Vol. 1 Ch. 0

မနက်စောစော။ တောက်ပလွန်းတဲ့ အလင်းရောင်တွေကြားမှာ ကျွန်တော့မျက်ခွံတွေကို ပျင်းရိခြင်းများစွာနဲ့ ဖွင့်လိုက်မိတယ်။ ကျွန်တော့အိမ်က ဒီနေနဲ့ ဘာလို့များ မျက်နှာချင်းဆိုင် ဆောက်ထားလဲ မသိပါဘူးဗျာ။ မနက်တိုင်း အဲဒီနေရောင် တောက်တောက်ကြီးတွေကြောင့် နိုးနိုးနေရတာ ကျွန်တော် အရမ်းငိုချင်တယ်ဗျာ။

"ဟဲ့ .. အပျင်းထူ အရည်ထွက်လေး... နိုးနေပြီလား .."

ဒီ သာယာကြည်နူးစရာအသံကို ကြားလိုက်ရတော့ ကျွန်တော် ချက်ချင်းကို အိပ်ယာပေါ်ကနေ ခုန်ဆင်းလိုက်မိတယ်။

"ကျွန်တော် နိုးပြီ... နိုးပြီ .."

"ထထ.. မနက်စာ မြန်မြန်စားလိုက် .. ကျောင်းနောက်ကျနေအုံးမယ် .."

"ဟုတ်၊ ဟုတ်၊ ကျွန်တော်လာပါပြီ ..."

ကံကောင်းလို့ပေါ့ ... အမေ့အသံကြားကြားချင်း မဆိုင်းမတွပြန်ဖြေမိပေလို့။ ဒါပေမယ့်ဗျာ.. အမေက အလယ်တန်းအဆင့် မှော်ဆရာမဆိုတော့ ကျွန်တော် နည်းနည်း စိတ်မသက်မသာဖြစ်မိတာတော့ အမှန်ပဲ။ တကယ်ဆို မှော်ဆရာမ ဆိုတာ အဓိကအခက်မဟုတ်သေးဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အမေသာ ကျွန်တော့ကို ရေနဲ့ပက်လိုက်ရင် စောင်တွေစိုသွားမှာဗျ။ အဲ့ဒီစောင်ကို အခြောက်ခံရတဲ့ အကြိမ်တိုင်း အိပ်ယာထဲ ရှူးပေါက်တဲ့ ကောင်ဆိုပြီး သူငယ်ချင်းတွေ ဝိုင်းအပြောခံရလွန်းလို့ပါဗျာ။

အာ.. ကျွန်တော့ ကမ္ဘာကြီးရဲ့ နောက်ခံအကြောင်းတွေကို ရှင်းပြဖို့မေ့သွားတယ်။ ဒီဇာတ်လမ်းမှာ ကျွန်တော်က သူရဲကောင်းပဲလေ။ ကျွန်တော့ နာမည်က ကျန်းကုန်း။ ကျွန်တော်နေ နေတာက ကျန်းဝူ လို့ခေါ်တဲ့ နယ်မြေကြီးဗျ။ အနောက်ဘက်က နယ်မြေကြီးကိုတော့ လီပါး တဲ့။ ကျွန်တော်နေတဲ့ ကမ္ဘာကြီးထဲမှာ အဲဒီတိုက်ကြီး နှစ်တိုက်ပဲရှိတာ။ ကျန်တဲ့ နေရာတွေအကုန်လုံး သမုဒ္ဒရာရေတွေဖုံးထားတယ်ဗျိ့။ ကျန်းဝူမှာ နိုင်ငံပေါင်း သုံးနိုင်ငံရှိတယ်ဗျ။ အရင်းအမြစ်ပေါကြွယ်ဝတဲ့ တလူနိုင်ငံ၊ ဓါးနိုင်ငံတစ်ခုဖြစ်တဲ့ ရှို့ထာနိုင်ငံ နဲ့ ကျွန်တော်အခုနေ နေတဲ့ အိုက်ရှားနိုင်ငံတွေပေါ့ဗျာ။

တလူနိုင်ငံက နယ်မြေအကြီးဆုံးပဲ။ ကျန်းဝူ တိုက်ကြီးရဲ့ ခုနှစ်ပုံသုံးပုံတောင်ပိုင်တယ်။ အဲဒီအပြင် အရင်းအမြစ်ပေါကြွယ်ဝတော့ အရမ်းချမ်းသာတယ်ဗျ။ အဓိကစစ်တပ်ဆိုရင် စစ်သည်တွေနဲ့ ဖွဲ့ထားတယ်ဆိုပေမယ့် စစ်တပ်ရဲ့ အဓိကရန်ပုံငွေကတော့ မှော်ပညာရှင်တွေက ထောက်ပံ့ပေးထားတာလေ။ အဲဒီစစ်တပ်ကြီးနဲ့ဆိုတော့ တလူက နိုင်ငံသုံးနိုင်ငံမှာဆိုရင် အကြီးဆုံးစစ်တပ်ဆိုပါတော့။

ရှို့ထာနိုင်ငံကျတော့ သူတို့ဂုဏ်ကို တော်တော်တန်ဖိုးထားထိန်းတဲ့အပြင် မှော်ဆရာတွေလဲမရှိဘူး။ အဲဒီနိုင်ငံရဲ့ စစ်တပ်ဆိုရင် စစ်သည်တော် သီးသန့်တဲ့ပဲ ဖွဲ့ထားတာ။ သူတို့ မြင်းစီးသူရဲအဖွဲ့ဆိုရင် ကျန်းဝူ တိုက်ကြီးတစ်ခုလုံးမှာ အင်အားအကြီးဆုံးပဲ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့်မြင့် မြေကမ္ဘာနဂါး သုံးကောင်ပိုင်ထားသေးတယ်။ မြေပြန့်လွင်ပြင်မှာ ဘယ်လိုဆန့်ကျင်သူမျိုးမဆို ရှို့ထာမြင်းစီးသူရဲတွေရဲ့ တိုက်ခိုက်ချေမှုန်းချက်ကို အတားအဆီးမရှိ ခံရဖို့တော့ အသေအချာပဲ။

ကျွန်တော့ဇာတိဖြစ်တဲ့ အိုက်ရှားနိုင်ငံကတော့ တကယ့်ကို မှော်နိုင်ငံတစ်ခုလို့ ပြောရမှာပဲ။ နိုင်ငံသားမှန်ရင် ဘယ်လောက်ဆင်းရဲပါစေ အခြေခံမှော်ပညာတတ်ကြတယ်။ နိုင်ငံသားတိုင်း မှော်ပညာသင်ယူခွင့်ရှိသလို အဓိကကျတဲ့ မှော်ကျောင်းတွေလဲ နိုင်ငံတော်ထဲမှာ အများကြီးပဲ။ တစ်ခုတော့ရှိတာပေါ့ဗျာ ကုန်ကျစရိတ်အတွက် ငွေကြေးရှိဖို့တော့လိုတာပေါ့။ ဆင်းရဲသားတွေအတွက်တော့ အခြေခံမှော်ပညာသင်ပေးမယ့် သက်ကြီးရွယ်အိုတွေရှိသေးတယ်။

နိုင်ငံထဲမှာ မှော်ပညာကို အဆင့်သုံးဆင့်ခွဲထားတယ်ဗျ။

ပထမအဆင့်- အခြေခံမှော်ပညာကျောင်း။ ယေဘုယျအနေနဲ့တော့ ကျောင်းသားတွေက အသက် ၅နှစ်ကနေ ၁၀ နှစ်အကြား စာရင်းပေးသွင်းပြီးမှ ၅ နှစ်ကြာ သင်ယူရမယ်။ အဲဒီကနေ ကျောင်းပြီးရင် မှော်ဝင်တပည့်တစ်ယောက်ဖြစ်ဖို့၊ ဒါမှမဟုတ် အခြေခံ မှော်ပညာရှင်လက်မှတ်ရဖို့ စာမေးပွဲဖြေရလိမ့်မယ်။

ဒုတိယအဆင့်- အလယ်တန်း မှော်ပညာကျောင်း။ ဝင်ခွင့်ရဖို့ကတော့ အခြေခံမှော်ပညာ အကယ်ဒမီမှာ ရခဲ့တဲ့ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အရည်အချင်း အပေါ်မှာ မူတည်တယ်။ အရည်အချင်းရှိတဲ့၊ ရလဒ်ကောင်းကောင်းရတဲ့ ကျောင်းသားတွေက အကောင်းဆုံး မှော်ပညာ စာသင်ခန်းတွေမှာ သင်ယူခွင့်ရလိမ့်မယ်။ အလယ်တန်းအဆင့် မှော်ပညာ အကယ်ဒမီကျောင်းမှာတော့ နှစ်အရေအတွက် ကန့်သတ်ထားတာမရှိဘူးဗျ။ မှော်ပညာကျောင်းရဲ့ ရမှတ်မှတ်တွေ အပေါ်မှာမူတည်တယ်။ အလယ်တန်းအဆင့် မှော်ပညာရှင်အဆင့်မရခင် ရမှတ် ၆၀ ရထားဖို့ပဲလိုတယ်။ ဘုရင်မကြီးကတော့ အလယ်တန်း မှော်ပညာရှင်အဆင့် ရဖို့အတွက် ၃ နှစ်စံနဲ့ချိန်တင်ထားတယ်။ သာမန် ကျောင်းသားတွေကတော့ ၅ နှစ်ကနေ ၁၀ နှစ်ကြားကြာတယ်ဗျ။ လူချမ်းသားမျိုးဆက်သစ်တွေကတော့ အလယ်တန်းမှော်ပညာရှင်အဆင့် ပညာသင်ကာလထဲမှာကို ဆက်မသင်ပဲ ရပ်ပစ်တတ်ကြတယ်။ ဒီနိုင်ငံထဲမှာဆိုရင် အလယ်တန်းမှော်ပညာရှင်အဆင့်တွေက လူဦးရေ ၃ သိန်း ကနေ ၄ သိန်းခွဲ ကြားမှာရှိတယ်။

တတိယအဆင့်-အဆင့်မြင့် မှော်ပညာကျောင်း။ အဆင့်မြင့် မှော်ပညာကျောင်းကို ဝင်ခွင့်ရဖို့ဆိုရင် အလယ်တန်းမှော်ပညာရှင်လက်မှတ်ရှိရမယ့်အပြင် မှော်အဖွဲ့အစည်းရဲ့ စစ်ဆေးမှု ခံယူရသေးတယ်။ အဲဒီကနေ အောင်မြင်မှ ရလဒ်တွေရဲ့ အဆင့်အလိုက် အဆင့်မြင့်မှော်ပညာကျောင်းကို ဝင်ခွင့်ရမယ်။ အိုက်ရှားနိုင်ငံရဲ့ ဥပဒေအရတော့ အဆင့်မြင့်မှော်ပညာတက်နေတဲ့ ကျောင်းသားမှန်သမျှ ကျောင်းစရိတ် ပေးစရာမလိုတော့ဘူး။ နိုင်ငံတော်ရဲ့ မှော်ပညာ ထွန်းလင်းတောက်ပဖို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျောင်းကုန်ကျစရိတ်အားလုံး ထောက်ပံ့ပေးတယ်လေ။ တော်ဝင်မှော်ပညာကျောင်းကိုတော့ တော်ဝင်မှော်ပညာဆု ချီးမြှင့်ခံရသူတွေနဲ့၊ မှော်ပညာထူးချွန်ဆုံး သူတွေတွေပဲ တက်ရောက်ခွင့်ရမယ်။ တော်ဝင်မင်းသားတွေတောင် စာမေးပွဲ တင်းတင်းကြပ်ကြပ် သတ်မှတ်ထားသေးတယ်။ တော်ဝင်မင်းသမီးတွေဆိုရင် ဝင်ခွင့်မရခင် အရည်အချင်းစစ်ပွဲတွေ မဖြစ်မနေဖြေရသေးတယ်။ အဆင့်မြင့် မှော်ပညာရှင်လက်မှတ်ကို ကျောင်းဆင်း အရည်အချင်းစစ် စာမေးပွဲက ရလဒ်အပေါ်တူတည်ပြီး အဆင့်သတ်မှတ်ပေးတာဗျ။

ကျန်းဝူတိုက်ကြီးထဲက နိုင်ငံကြီးသုံးခုက ဘုံရန်သူတွေဖြစ်တဲ့ နောက်တိုင်းက နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေကြောင့် တော်တော်ကို စည်းစည်းလုံးလုံးရှိတယ်ဗျ။

အဲဒီ လီပါးတိုက်ကြီးထဲမှာဆိုရင် တိုင်းပြည် နှစ်ခုပဲရှိတယ်။ မြင့်မြတ်အလင်းရောင်အင်ပါယာကို နတ်ဆိုးတွေအုပ်ချုပ်တယ်။ သားရဲမျိုးတွေကတော့ သတ္တိမြူခိုးအင်ပါယာရဲ့ အုပ်ချုပ်သူတွေပေါ့။ နတ်ဆိုးမျိုးနွယ်တွေရဲ့ ပုံသဏ္ဍာန်က ကျွန်တော်တို့ လူသားတွေနဲ့ တော်တော်ကိုတူတယ်။ ကွဲသွားတာဆိုလို့ သူတို့မျက်စိက ခရမ်းရောင်တွေဗျ။ နတ်ဆိုးမျိုးနွယ်တွေရဲ့ သဘာဝကိုက ရည်မှန်းချက်ကြီးသလောက် တော်တော်ရန်လုတတ်သူတွေ။ ဟိုသားရဲမျိုးနွယ်စုတွေကတော့ မှော်စွမ်းရည်မသုံးနိုင်ကြပေမယ့် သူတို့အစွမ်းထက်ခန္ဓာကိုယ်တွေက သူတို့အတွက် အကောင်းဆုံး မှော်အကာအကွယ်တွေဖြစ်သလို အကောင်းဆုံးလက်နက်လဲ ဖြစ်နေပြန်ရော။ သားရဲမျိုးနွယ်စစ်တပ်ဆိုရင် တစ်ခြားစစ်တပ်တွေနဲ့ ရင်ဘောင်တန်းနိုင်လောက်တဲ့အထိ ကြောက်စရာကောင်းသေးတယ်။

ကျန်းဝူနဲ့ လီပါး တိုက်ကြီး နှစ်တိုက်ကို ထျန်းသိ တောင်တန်းကြီးနဲ့ ပိုင်းခြားထားတာ။ လူသားစစ်သည်တော် သန်းပေါင်းများစွာ စွန့်လွှတ်စတေးခံ ပေးဆပ်ပြီးမှ တောင်းတန်းကြီးပေါ်မှာ ထယ်လွင်မှော်ခံတပ်ကြီးကို အခိုင်အမာ(တည်)ဆောက်ခဲ့ရတယ်။ မှော်ခံတပ်ကြီး(တည်)ဆောက်နိုင်ခဲ့လို့ သတ္တဝါမျိုးနွယ်စုနှစ်လုလုံး လိုင်ရေကန်ထဲကနေ ဖြတ်မဝင်နိုင်တော့တာကြောင့် လွန်ခဲ့တဲ့ နှစ်၂၀၀ ဝန်းကျင်လောက်ကစပြီး ငြိမ်းချမ်းရေးရခဲ့တာဗျ။

မှော်ပညာနဲ့ ပတ်သက်ပြီး ဒီကမ္ဘာကြီးထဲမှာ အလင်း၊ အမှောင်၊ ရေ၊ မီး၊ မြေ၊ လေ ဆိုပြီးပင်မစွမ်းအား ၆ မျိုးရှိတယ်။ အဲဒီစွမ်းအားတွေအပြင် ဆင့်ခေါ်မှော်စွမ်းအား၊ လေဟာနယ်မှော်စွမ်းအား စတာတွေ စတာတွေလဲ ရှိသေးတာပေါ့။

အဆင့်မြင့် မှော်သခင် တွေကို အဆင့်မြင့် မှော်သခင်၊ ကြီးမြတ်မှော်သခင်၊ မှော်ပညာရှင်၊ မှော်ဆရာ၊ ဒဏ္ဍာရီမှော်ဘိုးဘေး ဆိုပြီး အဆင့်ဆင့် ခွဲထားသေးတယ်ဗျ။

မှော်ပညာကို အဆင့် ကိုးဆင့်ခွဲထားတယ်။ အဆင့် ၁ ကနေ ၃ အထိကို အခြေခံအဆင့်၊ အဆင့် ၄ နဲ့ ၅ က အလယ်တန်းအဆင့်၊ အဆင့် ၆ ကနေ ၈ အထိ ကို ထိပ်တန်းအဆင့်၊ ပြီးတော့မှ ကန့်သတ်နယ်ပယ်အဆင့်တွေကိုအဆင့်၉ လို့သတ်မှတ်ထားတာ။ ကန့်သတ်နယ်ပယ်အဆင့်ရောက်ဖို့အတွက် ပင်မမှော်စွမ်းအင် ၆ မျိုး၊ ဒါမှမဟုတ် နောက်ထပ်မှော်စွမ်းအင်တွေကို ပေါင်းစပ်နားလည် အသုံးချတတ်ဖို့လိုတာပေါ့။ အဲလိုမျိုး ကန့်သတ်နယ်ပယ်အဆင့် ဖြစ်တဲ့ ဒဏ္ဍာရီမှော်ဘိုးဘေးအဆင့်ကို ကမ္ဘာပေါ်မှာ တစ်ယောက်ပဲ ပေါ်ခဲ့ဘူးသေးတယ်။

စစ်သည်တော်တွေကိုကျတော့ ကနဦးစစ်သည်၊ အလယ်အဆင့်စစ်သည်၊ အဆင့်မြင့်စစ်သည်၊ သူရဲကောင်း၊ မြေသူရဲကောင်း၊ ကောင်းကင်သူရဲကောင်း၊ သိဒ္ဓိဝင်သူရဲကောင်း၊ ဓါးသူရဲကောင်းနဲ့ ဒဏ္ဍာရီသူရဲကောင်းလို့ ခေါ်တဲ့ စစ်နတ်ဘုရား အဲလို အဲလိုတွေ ခွဲထားတာဗျ။

တိုက်ပွဲဝိညာဉ်တွေကိုလဲ အတန်းအစားတွေခွဲထားသေးတယ်။ တိုက်ပွဲဝိညာဉ်၊ မြေတိုက်ပွဲဝင်ဝိညာဉ်၊ ကောင်းကင်နတ်ဝိဇ္ဇာဝိညာဉ်၊ စစ်နတ်ဘုရားဝိညာဉ် နဲ့ သိဒ္ဓိဝင်ဝိညာဉ်ဆိုပြီး အမျိုးမျိုးထပ်ခွဲထားတာ။

ဆင့်ခေါ်ခံသားရဲတွေကိုကျတော့ နှစ်မျိုးခွဲထားတယ်။ ခွန်အားကြီးသားရဲအမျိုးအစားက သူတို့သက်တမ်းရှည်လာတာနဲ့အမျှ ခွန်အားပိုပိုကောင်းလာတယ်။ ခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်ရင် အဲဒီစွမ်းအားတွေအတိုင်း ဆက်ရှိနေတယ်။ သူတို့ခန္ဓာကိုယ်အဆင့်မြင့်လာလေလေ အစွမ်းထက်လာလေလေပဲဗျ။

ငွေကြေးစနစ်လား။ ရှိတာပေါ့ဗျာ။ စိန်ဒင်္ဂါးတစ်ပြားဆိုရင် ရွှေဒင်္ဂါး ၁၀၀ ရမယ်၊ ငွေဒင်္ဂါးနဲ့ဆိုရင် ၁၀၀၀၀ ရမယ်၊ ကြေးဒင်္ဂါးဆိုရင်တော့ ၁၀၀၀၀၀၀ ပေါ့ဗျာ။

မှော်သလင်းတုံးတွေကိုတော့ ခမ်းရမ်းရောင်၊ ကျောက်စိမ်းရောင်၊ အနီရောင်၊ အပြာရောင်၊ အဖြူရောင်၊ အနက်ရောင်၊ အစိမ်းရောင် ဆိုပြီး အရောင်တွေနဲ့ ခွဲထားတယ်။

ကဲ.. ကဲ.. ဒီလောက်ဆိုရင် ကျွန်တော်နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ အဓိကအချက်အလက် တော်တော်များများ ပြည့်စုံလောက်ပြီပေါ့။

ဒါဆိုရင်အခန်းသစ်နဲ့ စလိုက်ကြရအောင်လေ။

သမိုင်းက ကြမ္မာတစ်ပါတ် ပြန်လည်လာခဲ့ပြီပေါ့ဗျာ။

All Chapters