အချိန်မြစ် နောက်ပြန်စီးခြင်း
Vol. 82 Ch. 1135
“ခင်ဗျား ဘာလိုချင်တာလဲ...”
အချိန်လေပွေ စောင့်ရှောက်သူက ကျန်းကျဲဝူရှုကို စိုက်ကြည့်ရင်း မေးလိုက်၏။ ထိုအမျိုးသမီးကို အတင်းအကြပ် ဖိအားပေး၍ မရနိုင်ကြောင်း သူ သဘောပေါက်ပေသည်။
ကျန်းကျဲဝူရှုက ချက်ချင်း ပြန်မဖြေသေးပဲ အချိန်လေပွေ အတွင်းရှိ ကစဉ့်ကလျား အချိန် စီးကြောင်းကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းတို့က လျှို့ဝှက် ဆန်းကြယ်သည့် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေ၏။
“နင် သူ့ကို ဘာလို့ ဝင်ခွင့် ပေးလိုက်တာလဲ...”
သူမက မေးလိုက်သည်။ သို့သော်လည်း... ဓမ္မဓိဌာန် ကျကျ တွေးမည် ဆိုပါက ၎င်းမှာ မေးရန် လိုအပ်သည့် မေးခွန်း တစ်ခု မဟုတ်ပါချေ။ အဖြေက အလွန်ပင် ရှင်းလင်းပြီး ဖြစ်သည်။ စောင့်ရှောက်သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“အချိန်လေပွေထဲကို အကာအကွယ် အခွံ မပါပဲ ခုန်ချသွားတဲ့ ကျင့်ကြံသူတွေက ဒီတစ်နှစ်တည်းမှာတင် ၉၈၄၂ ယောက် ရှိတယ်... လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဆိုရင် တစ်သိန်းကျော် အထိ ရှိတယ်... ရာစုနှစ်နဲ့ တွက်ရင် နှစ်သန်းနီးပါးလောက်ထိပဲ... သူတို့ အကုန်လုံးက အချိန်လေပွေရဲ့ ထူးဆန်းတဲ့ အချိန် စွမ်းအားနဲ့ အတူ ပြန်ပြီး မွေးဖွားနိုင်မလား ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့ကြတာ... ကျုပ်က အခြားလူတွေရဲ့ ဆုံးဖြတ်ချက်ကို မနှောက်ယှက်ဘူး... အချိန်လေပွေကိုပဲ စောင့်ရှောက်တယ်”
ထိုအရာက သူ၏ တာဝန် ဖြစ်သည်။ ထိုတာဝန်မှ အပ သူက စေတနာရှင် သူတော်စင် တစ်ပါး မဟုတ်သလို အကြံပေး ပရောဟိတ် တစ်ယောက်လည်း မဟုတ်ချေ။ သေကြောင်းကြံချင်ကြသလော။ ခွင့်ပြုလိုက်ရုံသာ ရှိသည်။
ကျန်းကျဲဝူရှုက မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း... အဖြေကို သူမ မျှော်လင့်ထားပြီး ဖြစ်သည်။ ထို့အပြင်... အချိန်လေပွေ စောင့်ရှောက်သူ လူငယ်ကို တားချင်လျှင်ပင် တားဆီးဖို့ ခက်ခဲပေလိမ့်မည်။
ဝေ့ဝူယင်မှာ အလွှာကြားက လောကလို နေရာမျိုးတွင်ပင် အကာသ ရွှေ့ပြောင်းခြင်း နည်းစနစ်ကို အသုံးပြုနိုင်နေခဲ့သည်။ ထို့အပြင်... သူက မည်သည့် ခြေရာကိုမှ ချန်မထားခဲ့ချေ။ ထို့ကြောင့်ပင် သူ့ကို ခြေရာ ခံရတာ အလွန်ပင် ခက်ခဲလှသည်။ သူမ အတွက် တစ်ခုတည်းသော နည်းလမ်းက အလွှာကြားက လောက အတွင်း ရုတ်ချည်း ပေါ်လာသည့် သေမျိုး အော်ရာများကို ခြေရာခံခြင်း ဖြစ်သည်။
ကျန်းကျဲဝူရှုမှာ ထျန်းရှောင်လော့၏ အိမ်ကို ဝေ့ဝူယင် သွားကတည်းက တောက်လျောက် နောက်ယောင်ခံလိုက်ဖို့ ကြိုးစား နေခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ ဝေ့ဝူယင်မှာ ကျင့်ကြံသူ တစ်ချို့ကို ခေါ်ဆောင်ကာ သူတို့၏ အိမ်များထံ ပြန်ပို့ပေးခဲ့သည်။ ထိုကျင့်ကြံသူများကို စစ်ဆေးကြည့်သော အခိုက်၌ သူတို့၏ အာကာသ လက်စွပ်များထဲတွင် အဂ္ဂိရတ် ထုတ်ကုန်များကို တွေ့ရသည်။ လူငယ်မှာ သူတို့ထံမှ တစ်ခုခု ရယူခဲ့ပုံ ရကာ ထိုအရာက သူ၏ ပေးချေမှု ဖြစ်ဟန်တူသည်။
“သူတို့မှ အကာအကွယ် အခွံရော ပါလား...”
ကျန်းကျဲဝူရှု မေးလိုက်၏။ အချိန်လေပွေ စောင့်ရှောက်သူက မတုန့်မဆိုင်းပင် ခေါင်းကို ခါယမ်း လိုက်သည်။
“မပါဘူး...”
ကျန်းကျဲဝူရှု ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ သူမ၏ အကြည့်များက အရှိန်အဟုန် ပြင်းစွာ စီးဆင်း လှည့်ပတ်နေသည့် ဖရိုဖရဲ အင်အားများထံ ရောက်ရှိနေသည်။ အချိန်လေပွေကို စူးစမ်းရှာဖွေရန်မှာ အလွန်ပင် အန္တရာယ် များလွန်းလှသည်။ သူမ ပင်လျှင် ပြင်ဆင်မှုများ မရှိပဲ မဝင်ရဲချေ။
သူမ အမြင်၌ ဝေ့ဝူယင်မှာ တကယ့်ကို မျိုးစေ့ကောင်းလေး ဖြစ်သည်။ သူက ဉာဏ်အလင်း မြူနှင်းကို မွေးဖွားကာ ကြယ်တာရာ အမြုတေ အဆင့်တွင်ပင် သေမျိုး အဂ္ဂိရတ် ကြယ်တာရာများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင်... အနန္တ မိုင်ချီ စာကြည့်တိုက်၊ အဂ္ဂိရတ် ကဏ္ဍကို ဝယ်ယူရန် အဂ္ဂိရတ် ထုတ်ကုန်ပေါင်းများစွာကိုပါ ကမ်းလှမ်းနိုင်ခဲ့သည်။ နောက်ပြီး... သူက ငယ်ရွယ်သည်။ အတော်လေးကို ငယ်ရွယ်သည်။ ကျင့်ကြံခြင်း အခြေခံမှာလည်း အသက်အရွယ်နှင့် မလိုက်ဖက်အောင် မြင့်မားသည်။
ဘယ်လောက်တောင် နှမြောဖို့ ကောင်းလိုက်သနည်း။ ဝေ့ဝူယင်က အဘယ်ကြောင့် ထိုကဲ့သို့ ဆုံးဖြတ်ရသည်ကို ကျန်းကျဲဝူရှု လုံးဝ စဉ်းစား မရပါချေ။ အကောင်းဆုံးသော ရွေးချယ်စရာက လျူယင်လန်းကို ရှာဖွေကာ သူမ၏ အစီအစဉ်များအား မေးမြန်းဖို့သာ ဖြစ်သည်။ အဆုံးမဲ့ မြို့တော် သခင်မက အဘယ်ကြောင့် အစစ်အမှန် ကံကြမ္မာ ခရီးသည်ကို အချိန်လေပွေတွင် ကိုယ့်ကိုယ်ကို သတ်သေရန် စေခိုင်းခဲ့သနည်း။ ထိုနောက်ကွယ်တွင် အဓိပ္ပာယ် တစ်ခုခု ရှိသလော။
“ငါ သွားတော့မယ်...”
ကျန်းကျဲဝူရှုက ပြောလိုက်လိုက်၏။ ထို့နောက် အချိန်လေပွေ စောင့်ရှောက်သူ မတုန့်ပြန်ရသေးခင်မှာပင် သူမက မြူနှင်းများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့တော့သည်။
...
အဆုံးမဲ့ မြို့တော် သီးသန့်ခန့် တစ်ခုထဲ၌... နေ့ရက်ပေါင်းများစွာ အကြိမ်ကြိမ် ပဲ့တင် ထပ်နေသော မိုးကြိုးထစ်ချုန်းသံများမှာ နောက်ဆုံး၌ တိတ်ဆိတ် သွားခဲ့လေသည်။
“ပြီးသွားပြီ...”
ပုံမှန်အားဖြင့် လှပနေတတ်သည့် လျူယင်လန်း၏ မျက်နှာမှာ အလွန်ပင် သွေးဆုတ် ဖြူရော်နေ၏။ သို့သော်လည်း.. သူမ၏ မျက်ဝန်းများကတော့ စိတ်ကျေနပ် အားရမှုများနှင့် တဖျပ်ဖျပ် တောက်ပနေသည်။ နဖူးထက်ရှိ ချွေးစများကို သုတ်ရင်း လျူယင်လန်း မတ်တပ် ထရပ်လိုက်၏။ သူမ၏ အရှေ့တွင်တော့ လက်သီးဆုပ် အရွယ် ပုလဲတစ်လုံး ရှိနေခဲ့၏။ ၎င်းထံမှ အလွန်ပြင်းထန်သည့် သွေးရနံ့နှင့် ယင်မြူများမှာ ကျောချမ်းဖွယ် ကောင်းအောင်ပင် ထွက်ပေါ်နေသည်။
ပုလဲလုံးမှာ လျူယင်လန်း၏ ရင်ဘတ်ရှေ့နား၌ လွင့်မြောနေခဲ့ကာ နှလုံးတစ်ခုလိုမျိုး စည်းချက်ညီညီ တုန်ခါ နေခဲ့သည်။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက ၎င်း၏ ခုန်သံမှာ လျူယင်လန်း၏ နှလုံးခုန်သံနှင့် စည်းချက်ချင်း တူညီနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
ဂုဏ်ယူမှု၊ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်များမှာ မိန်းကလေး၏ မျက်ဝန်းများထဲ၌ ပြည့်လျှံ နေခဲ့၏။ သူမက ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူလိုက်ကာ လျူစုယင်ထံ စာပို့၍ ဝေ့ဝူယင်ကို ကာကွယ်သူ မြို့တော် အပြင် ခေါ်လာရန်နှင့် သူမကိုယ်တိုင် လာရောက် ခေါ်ဆောင်မည့် အကြောင်း လမ်းညွှန်ချက် ပေးလိုက်သည်။ အဆုံးမဲ့ မြို့တော်မှ ကာကွယ်သူ မြို့တော်ထံ သွားရောက်ရန် သူမ အတွက် တစ်နာရီ၊ အများဆုံး နှစ်နာရီမျှသာ ကြာမြင့်လိမ့်မည် ဖြစ်သည်။
“စောင့်နှင့်ဦးပေါ့... လောက်ကောင်လေး... နင် ငါ့ဆီမှာ ဘယ်လို တောင်းပန်ရမလဲ ဆိုတာ... ဟမ့်... လက်မခံရင်တော့ နင့်ခေါင်းကို သူ(မ) ကိုယ်တိုင် ဖြတ်ရလိမ့်မယ်”
လျူယင်လန်း၏ စကားလုံးများက အလွန်ပင် ရက်စက်ကြမ်းကြုတ်ကာ အေးစက်ခြင်းများနှင့် ပြည့်နှက် နေ၏။ မြေကြီးရှန့်ထို အဆင့်များပင် ထိုအော်ရာကို ခံစားမိပါက ကျောရိုးများ စိမ့်တက်သွားကြလိမ့်မည် ဖြစ်သည်။
“...”
သို့သော်လည်း မိနစ် အနည်းငယ် ကြာသည် အထိ မည်သည့် တုန့်ပြန်မှုမျိုးမှ ထွက်ပေါ် မလာခဲ့ချေ။ အနည်းငယ် မျက်မှောင်ကြုတ် လိုက်ရင်း သူမက လျူစုယင်ထံ နောက်တစ်ကြိမ် စာထပ်ပို့လိုက်သည်။ တစ်ချိန်တည်း၌... သူမက မိန်းကလေး၏ အသက်ကျောက်ပြားကို စစ်ဆေးလိုက်၏။ လျူစုယင် ကောင်းမွန်စွာ အသက်ရှင်နေသေးကြောင်း သေချာသွားသော အခါတွင်မှ သူမ စိတ်အနည်းငယ် သက်သာရာ ရသွားခဲ့သည်။ သို့သော်လည်း... သူမ၏ မျက်မှောင်ကတော့ ပိုမို၍ နက်ရှိုင်းလာ၏။
“လျူစုယင်...”
မတုန့်မဆိုင်းပင် လျူယင်လန်းမှာ ပုလဲလုံးကို ဆုပ်ကိုင်ကာ အခန်းထဲမှ ထွက်ခွာလာခဲ့၏။ လျူစုယင် တစ်ယောက် မည်ကဲ့သို့ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ကို စုံစမ်းရန် သူမ ရည်ရွယ်ထားပေသည်။ အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီ ဖြစ်စေ၊ ကာကွယ်သူ မြို့တော် ဖြစ်စေ... သူမကို မည်သူမှ တားနိုင်မှာ မဟုတ်တော့။
...
ချွင်.. ချွင်...
လျူစုယင်၏ ဘယ်ဘက် နားဆွဲမှာ မမြင်နိုင်သည့် စွမ်းအင်များနှင့် အတူ တဖျပ်ဖျပ် လှုပ်ခါသွား၏။ ၎င်းက မည်သူမှ သတိမထားမိကြသော လျူယင်လန်းနှင့် သူမ အကြား ဆက်သွယ်သည့် နည်းလမ်းပင် ဖြစ်သည်။
မိန်းကလေး၏ နှလုံးသားက တင်းကြပ်နေ၏။ သူမ ဝေ့ဝူယင်ကို လက်လွှတ်ခဲ့ရသည်။ တာဝန်တွင် ကျရှုံးခဲ့ရသည်။ ဗလာနတ္ထိ ဆိုသည့် ခံစားချက် တစ်ခုက သူမ ခန္ဓာကိုယ် တစ်ခုလုံးကို ဓားနှင့် အစိတ်စိတ် မွှန်း နေခဲ့၏။
“နင် ဘယ်နေရာပဲ ရောက်ရောက် ကျေးဇူးပြုပြီး လုံလုံခြုံခြုံ ရှိပေးပါ”
လျူစုယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သို့သော်လည်း... သူမကတော့ စက်ဝိုင်း သဏ္ဌာန် သတ္တုအလုံပိတ် ခန်းမ တစ်ခုထဲ၌ ချုပ်နှောင်ခံထားရပေသည်။ လျူယင်လန်း၏ ကျင့်ကြံခြင်း အခြေခံနှင့် ထူးခြားသည့် ဆက်သွယ်မှု နည်းလမ်းကြောင့်သာ မဟုတ်ပါက သူမ မည်သည့် သတင်းစကားကိုမှ လက်ခံ ရနိုင်လိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း... ချိပ်ပိတ်ခံထားရသည့် ကျင့်ကြံခြင်း အခြေခံနှင့်တော့ ပြန်လည် ဆက်သွယ်ဖို့ မဖြစ်နိုင်ပါချေ။
...
အချိန်လေပွေ အတွင်းတွင်တော့ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အချိန်စီးကြောင်း ထုထည်များ အကြား လွင့်မြောနေ၏။ အချိန်စွမ်းအားတို့က ဘက်ပေါင်းစုံမှ နေ၍ မြစ်များ အလား သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဆေးကြော သန့်စင် နေသည်။ ဝန်းကျင် တစ်ခုလုံးမှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် တည်းဟူသော ကစဉ့်ကလျား အခြေအနေများနှင့် ပြည့်နှက် နေခဲ့၏။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကို အပြည့်အဝ အသက်သွင်း ထားပေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမျာ အလွန်လှပလှသည့် နဂါး အကြေးခွံများနှင့် ပြည့်နှက် နေခဲ့ကာ နောက်ကြောဆီမှ အတောင်ပံ တစ်စုံမှာ မိုင်ပေါင်းများစွာတိုင် ဖြန့်ကျက်နေ၏။
အချိန်စီးကြောင်းများ အတိုင်း မြောပါရင်း ရံဖန်ရံခါ၌ အချိန် စွမ်းအင်များမှာ ဝေ့ဝူယင်၏ နှာခေါင်း၊ ပါးစပ်တို့ထံ အရှိန်အဟုန်နှင့် စီးဝင်နေကြသည်။ သူက အချိန်စွမ်းအင်နှင့် အသက်ရှူ နေခြင်းပင် ဖြစ်လေသည်။ ထိုအရာက နဂါးတစ်ကောင်၏ လွှမ်းမိုးနိုင်စွမ်းနှင့် သဘာဝပင် ဖြစ်သည်။ ဝေ့ဝူယင်မှာ သန့်စင်သော အချိန် စွမ်းအင်များက သူ့ခန္ဓာကိုယ် အနှံ့ ဖြတ်သန်း စီးဆင်းရင်း သူ့ သွေးများနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနေကြောင်း ခံစား၍ ရနေခဲ့၏။
“အရသာ ရှိတယ်...”
ခရာတိုက ဆာလောင်စွာ ပြောလိုက်သည်။ အစောကတည်းကပင် ဟိုဟင်းလင်းပြင် ကြယ်တာရာ ဝိညာဉ်မှာ အချိန်လေပွေ အတွင်း ဝင်ရောက်ဖို့ ဝေ့ဝူယင်ကို တိုက်တွန်းနေခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် အချိန်စွမ်းအင်များမှာ အရသာ ရှိသည့် ဟင်းလျာများ ဖြစ်ကြပေသည်။
သားရဲတစ်ကောင်၏ အကြီးကျယ်ဆုံးသော စွမ်းအားမှာ တိုက်ခိုက်နိုင်စွမ်းနှင့် မွေးရာပါ ပါရမီများ မဟုတ်သလို ရှည်လျားစွာ အသက်ရှင်နိုင်စွမ်းလည်း မဟုတ်ချေ။ အသွင်သဏ္ဍာန် အမျိုးမျိုး ရှိနေသည့် စွမ်းအင် ကုန်ကြမ်းများကို ဝါးမျို သန့်စင်နိုင်စွမ်းပင် ဖြစ်လေသည်။ ဝေ့ဝူယင်မှာလည်း နဂါးတစ်ပိုင်းဟု ဆိုနိုင်လေရာ ထိုပြိုင်စံရှား သန့်စင်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
ပုံမှန်အခြေများ၌ ဆိုလျှင်... ဝေ့ဝူယင်မှာ ဝိညာဉ် ပြင်ပခွဲထုတ်ခြင်း နည်းလမ်းကြောင့် ခန္ဓာကိုယ်နှင့် တိုက်ရိုက် ထိတွေ့ သန့်စင်မှု နည်းလှသည်။ ကျင့်ကြံခြင်း အခြေခံကို မြှင့်တင်ရန် လိုအပ်တိုင်း သူ၏ ကြယ်တာရာ ဝိညာဉ်များမှာ ကိုယ်တိုင်ကိုယ်ကျ ပြင်ပသို့ ထွက်ခွာကာ အဂ္ဂိရတ် ထုတ်ကုန်များကို စုပ်ယူ သန့်စင်ခဲ့သည်ချည်း ဖြစ်သည်။
ယခုတစ်ကြိမ်ကတော့ ခြားနားပေသည်။ အချိန်လေပွေ အတွင်းရှိ စွမ်းအင်များမှာ ဝေ့ဝူယင် တွေဖူးသမျှထဲ၌ အသန့်စင်ဆုံးသော စွမ်းအင် ကုန်ကြမ်းများ ဖြစ်ကြသည်။ ဟင်းလင်းပြင် ကြယ်တာရာ ဝိညာဉ်သာလျှင် ထိုစွမ်းအင်များကို တိုက်ရိုက် ထိတွေ့ကာ စုပ်ယူနိုင်စွမ်း ရှိသည်။ ခရာတို ပြန်လည် သန့်စင်ပြီးမှသာ ထိုအချိန် စွမ်းအင်များကို အခြား ကြယ်တာရာ ဝိညာဉ်များထံ ပို့လွှတ်ရသည်။
သို့သော်လည်း လုပ်ငန်းစဉ်ကတော့ နည်းနည်းလေးမျှ နှောင့်နှေး နှေးကွေးခြင်း မရှိပါချေ။ အချိန် ဥပဒေသမျိုးစေ့မှာ တက်ကြွစွာ လှုပ်ရှားနေကာ အချိန် စွမ်းအင်များကို လျှင်မြန်စွာ စုပ်ယူ သန့်စင်နိုင်အောင်၊ ပေးပို့နိုင်အောင် ကူညီပေးနေခဲ့သည်။ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အစိတ်အပိုင်း တစ်ခုချင်းစီမှာ အလွန် သဟဇာတ ဖြစ်စွာဖြင့် လုပ်ငန်းစဉ် ပြီးမြောက်အောင် ဝိုင်းဝန်း လုပ်ဆောင် နေခဲ့ခြင်း ဖြစ်သည်။
လောကီမျက်လုံး အဆင့် ကပ်ဘေးအား ရင်ဆိုင်ရမည့် အပေါ် မစိုးရိမ်ဟု ဆိုပါက ဝေ့ဝူယင် လိမ်ရာကျလိမ့်မည် ဖြစ်သည်။ လောကသခင် အဆင့် ကပ်ဘေးတုန်းက လောက ကိုယ်ပွားနှင့် သူ ရင်ဆိုင် တိုက်ခိုက်ခဲ့ရကာ အကြီးစား အရွယ်အစား ရှိသည့် မူလဂြိုဟ်ကို ထက်ပိုင်းပြတ် စေခဲ့သည်။ တစ်ဝက်တစ်ပျက် နိုးထလာသည့် တည်ရှိမှုကြီး၏ လက်ညိုး တစ်ဝက်တစ်ပျက် အညွှန်တွင်ပင် ခြေထောက်တစ်ဖက်ကို ဆုံးရှုံးခဲ့ကြောင်း သူ ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။ အကယ်၍ သူသာ အရင် မတိုက်ခဲ့ပါက ထိုနေရာတွင်ပင် အသက် ဆုံးရှုံး နေလောက်ပြီ ဖြစ်သည်။
ဤတစ်ကြိမ်တွင်ရော သူ ဘာကို တိုက်ခိုက်ရမည်နည်း။ ဒဏ္ဍာရီထဲမှ အချိန်မြစ်လော။ သို့တည်းမဟုတ်... အချိန် စွမ်းအင်ကို ထိန်းချုပ်နိုင်သည့် နတ်ဘုရား တစ်ပါးလော။ မပြင်ဆင်ပဲ စွန့်စားရခြင်းကို သူ သဘောမကျချေ။
ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ဖရိုဖရဲ အချိန်စီးကြောင်းများ အတိုင်း ဆက်လက် မြောပါ နေခဲ့၏။ မည်ရွေ့မည်မျှ ကြာမြင့်သွားပြီ ဖြစ်ကြောင်း သူ့ထံတွင် လိုက်လံ မှတ်သား နိုင်စွမ်း မရှိတော့။ တစ်နာရီ ဖြစ်နိုင်သလို တစ်ပတ်လည်း ဖြစ်နိုင်သည်။ တစ်နှစ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ နောက်ဆုံးအကြိမ် သူ မျက်လုံးများကို ဖွင့်လိုက်စဉ်၌ သူ၏ ကြယ်တာရာ ဝိညာဉ်များမှာ လောကီမျက်လုံး အဆင့် ကြယ်တာရာ ကပ်ဘေးကို စတင်ကာ ဆင့်ခေါ် နေကြပြီ ဖြစ်လေတော့သည်။
...
အချိန်လေပွေ၏ အပြင်ဘက်တွင်တော့... စောင့်ရှောက်သူ၏ မျက်ခုံးများမှာ အနက်ရှိုင်းဆုံး ပုံစံဖြင့် ကြုတ်ထား နေခဲ့၏။ သူ၏ မျက်လုံးများကတော့ တဖျပ်ဖျပ် တောက်ပနေကာ အစဉ်အမြဲ ပြောင်းလဲနေသည့် ဖရိုဖရဲ အချိန်စီးကြောင်းများကို ငေးမော နေခဲ့သည်။ အချိန်အတန် ကြာမြင့်ပြီး နောက်တွင်တော့ သူ့ မျက်လုံးများမှာ တစ်စတစ်စ ပြူးကျယ်လာခဲ့၏။ မကြာခင်မှာပင် ၎င်းတို့က ထိတ်လန့် တုန်လှုပ်မှုများနှင့် အတူ လပြည့်ဝန်းများလို ဝိုင်းစက် သွားခဲ့တော့သည်။
“အဲဒါက နှေးနေတာလား... မဟုတ်သေးဘူး... အဲဒါက နောက်ပြန်ဆုတ်နေတာ”
***