အချိန်မြစ်... ဘဝကို ပြန်လည် စတင်ခြင်း (၁)
Vol. 82 Ch. 1136
ကမ္ဘာလောက၏ စူးစူးရှရှ အလင်းရောင်က နုနယ်သည့် မျက်ခွံများကို ဖောက်ထွင်းကာ မျက်လုံးအတွင်းကိုပင် ကျူးကျော် ဝင်ရောက်လာသည်။ ဝေ့ဝူယင် မျက်တောင်များကို တဖျပ်ဖျပ် ခပ်ရင်း ထိုအလင်းရောင်နှင့် အသားကျဖို့ ကြိုးပမ်းလိုက်၏။
မကြာခင်မှာပင် သူ၏ မျက်လုံးများက ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ ဖြစ်လာကာ ကြည်လင်မှုကို ရရှိလာသည်။ ထို့နောက်... ပထမဆုံး မြင်တွေ့လိုက်ရသည်ကတော့ မိန်းမငယ်လေး တစ်ယောက်၏ မျက်နှာပင် ဖြစ်သည်။
သူမ၏ မျက်နှာက သိမ်မွေ့လှကာ အဆုံးမဲ့ ကြယ်တာရာများ အလယ်၌ လပြည့်ဝန်း တစ်ခု ထွန်းလင်း နေ၏။ အကယ်၍ လောက၌ နတ်သမီးများ တကယ်ရှိသည် ဆိုလျှင် သူမမှာ ထိုနတ်သမီးများ၏ ဘုရင်မ ဖြစ်ပေလိမ့်မည်။
မိန်းမငယ်လေးမှာ သူမ၏ နွေးထွေးသည့် လက်တစ်စုံဖြင့် သူ့ခန္ဓာကိုယ်လေးကို ပွေ့ချီထားခြင်း ဖြစ်သည်။ ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်ရင်း ခေါင်းမော့ကြည့် လိုက်၏။
တဖျပ်ဖျပ် တောက်ပနေသည့် ငွေရောင် မျက်ဝန်းများ...
အပြုံးတစ်ခုက သူ့ နှုတ်ခမ်းထက်၌ သိမ်မွေ့စွာ နေရာယူလာသည်။ ဤဘဝ၌ သူ သေဆုံးသွားခဲ့လျှင်ပင်၊ သို့တည်းမဟုတ်... ကောင်းကင် တာအိုက ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်လျှင်ပင် ထိုမျက်ဝန်းတစ်စုံ၏ ကြည်လင်တောက်ပမှုကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ချေ။
“အမေ...”
ဝေ့ဝူယင် အံ့အားသင့်သွားခြင်း မရှိပါချေ။ သူ့နှလုံးသားက အကြွင်းမဲ့ တည်ငြိမ်နေကာ ခန္ဓာကိုယ်၏ စီးဆင်းမှု အတိုင်း လွတ်လပ်စွာ လိုက်ပါ နေခဲ့၏။ ထိုအခါ သူ၏ သေးသေးနီနီ လက်ချောင်းကလေးများက လှပသည့် မိန်းမငယ်လေး၏ မျက်နှာကို ထိတွေ့ဖို့ ကြိုးပမ်းနေကြောင်း တွေ့လိုက်ရသည်။ မိန်းမငယ်လေးကလည်း အလိုက်တသိပင် ခေါင်းကို အနည်းငယ် ငုံ့ကာ ဝေ့ဝူယင်၏ ထိတွေ့မှုကို ခွင့်ပြု လိုက်သည်။
ပိုးသား ကတ္တီပါလို နူးညံ့ ချောမွေ့လှသည့် ပါးပြင်ကလေးအား ထိတွေ့ကစားနေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း မိန်းကလေး၏ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအပြုံးကို ကြည့်ရင်း ဝေ့ဝူယင်မှာ နှလုံးသား တစ်ခုလုံး အရည်ပျော်ကျ သွားတော့မလို ခံစားလိုက်ရ၏။
သေမျိုး ကြယ်တာရာ ကပ်ဘေးအား ဖြတ်ကျော်ခဲ့စဉ်တုန်းကလည်း ဝေ့ဝူယင်မှာ သူ့ ကလေးဘဝကို တစ်ဖန် ပြန်လည် ရောက်ရှိခဲ့ဖူးသည်။ သို့သော်လည်း... ထိုဖြစ်ရပ်က အမှန်တကယ် ဟုတ်၊ မဟုတ် သူ ဝေခွဲ၍ မရပါချေ။ အဘယ်ကြောင့်နည်း။ သူ့မိခင်က ခြားနားစွာ တုန့်ပြန်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း... ယခုတစ်ကြိမ်က...
“ခစ်... ခစ်... ခစ်...”
ရုတ်တရက် ကလေးငယ် တစ်ယောက်၏ ရယ်မောသံ လွင်လွင် ကလေးများ ထွက်ပေါ်လာ၏။
“ဘာလဲဟ...”
ဝေ့ဝူယင် အနည်းငယ် အံ့သြသွား၏။ သို့သော်လည်း စက္ကန့် မခြားပင် ဤခန္ဓာကိုယ်လေး၏ လှုပ်ရှားမှုများကို မထိန်းချုပ် နိုင်ကြောင်း ဝေ့ဝူယင် သတိပြုမိလိုက်သည်။ ဤတွေ့အကြုံကလည်း ပထမ တစ်ကြိမ်ကနှင့် ခြားနားပေသည်။
“မေ့မေ့ အသည်းလေး... မေ့မေ့ ကလေးလေး...”
မိန်းမငယ်လေးက ဝေ့ဝူယင် ပေါက်စလေးကို ထပ်မံ၍ ချော့မြှူ နေ၏။ မိခင် ဖြစ်သူ၏ မေတ္တာတို့ကို နမ်းရှိုက်ရင်း ဤသည်က အတုအယောင် လောက တစ်ခု မဟုတ်ကြောင်း ဝေ့ဝူယင် ခံစားလိုက်ရသည်။
“ငါ အချိန်ခရီးသွားခဲ့တာလား...”
သူ ယောင်ချာချာ တွေးလိုက်မိ၏။ အချိန်ခရီသွားခြင်းက မဖြစ်နိုင်သည့် အရာ မဟုတ်ချေ။ ကောင်းကင်တာအို တင်းကြပ်စွာ ထိန်းချုပ်ထားသည့် စည်းမျဉ်း တစ်ခုသာ ဖြစ်သည်။ လောကီ ပြန်လည် မွေးဖွားသူ၏ တည်ရှိမှုမှာ ထိုအချက်ကို ခိုင်မာစွာ သက်သေခံ နေပေသည်။
ဝေ့ဝူယင် အများကြီး မတွေးတော့။ တခစ်ခစ် ရယ်မောရင်း မိခင် ဖြစ်သူ၏ မျက်နှာလေးကိုသာ ကြည့်နေလိုက်တော့၏။ သို့သော်လည်း... သူ့အတွက် သာယာ ကြည်နူးမှု ဆိုသည့် ဆုလာဒ်က ကြာရှည်ခံပုံ မရချေ။ ခပ်မြန်မြန်ပင် မိခင်ဖြစ်သူ၏ မျက်နှာထက်မှ နွေးထွေးမှု၊ သိမ်မွေ့မှုတို့က ပျောက်ကွယ်သွားကာ သူစိမ်းတစ်ရံဆန်သည့် အကြည့်တို့က အစားထိုး နေရာယူ လာသည်။
“နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီ... နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီ”
ခပ်မြန်မြန် ခြေလှမ်းများနှင့် အတူ ယောက်ျား တစ်ယောက်၏ အသံကို ဝေ့ဝူယင် ကြားလိုက်ရ၏။ သူ၏ အသံက ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက် နေသည်။
နှလုံးသားက အနည်းငယ် လှုပ်ရှား သွားသော်လည်း ဝေ့ဝူယင် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ အဖေကြီး... သူ ထိုအသံကို ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်ဖြစ် မှတ်မိသည်။ ဝေ့ဝူယင် လှည့်ကြည့်ချင်လာခဲ့၏။ သို့သော်လည်း... ဝေ့ဝူယင် ပေါက်စလေးမှာ သူ့ကို ချီထားသည့် မိန်းမငယ်လေး၏ မျက်နှာကိုသာ စိုက်ကြည့် နေခဲ့သည်။
မကြာခင်မှာပင် သန်မာသည့် လက်တစ်ဖက်က သူ့ ခန္ဓာကိုယ်ကို မိခင်ဖြစ်သူ၏ လက်ထဲမှ ဆွဲယူ ပွေ့ချီ လိုက်သည်။ မိန်းမငယ်လေး၏ မျက်ဝန်းများက မသေချာ၊ မရေရာမှု၊ ဝေဝါးမှုတို့ ပြည့်နှက်နေကာ ကလေးငယ်ကို ယောက်ျားဖြစ်သူအား အသာတကြည် ယူခွင့် ပြုလိုက်သည်။ သို့သော်လည်း... စက္ကန့်ပိုင်း အတွင်းမှာပင် သူမက စိတ်ပြောင်းသွားဟန် ရကာ ပြန်လည် လုယူဖို့ ကြိုးပမ်းလိုက်၏။
သို့သော်လည်း... သန်မာ ထွားကြိုင်းလှသည့် လက်မောင်း တစ်စုံက အလွန်ပင် လျှင်မြန်ကာ ဝေ့ဝူယင်ကို ပိုမို ပိန်ပါးသည့် လက်မောင်း တစ်ခုထဲ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက်တွင်တော့ ယောက်ျား တစ်ယောက်၏ ခပ်ဝါးဝါး နောက်ကြောပြင် ကို သူ တွေ့လိုက်ရသည်။ သူက လက်ဟန် ချိပ်စည်းများကို တစ်ခုပြီး တစ်ခု ဖော်ဆောင်နေကာ ဝိညာဉ် အလင်းများကို မိန်းမငယ်လေး၏ မျက်လုံးများထံ ထုတ်ဖော် နေခဲ့လေ၏။
ဝေ့ဝူယင် ပေါက်စလေးမှာ ခန္ဓာကိုယ်လေးကို အနည်းငယ် လူးလှိမ့်ရင်း သူ့အား ချီထားသူကို မော့ကြည့်လိုက်သည်။ ချက်ချင်းပင်... သူ့ နှလုံးသားက တဒိတ်ဒိတ် တုန်ရီသွားကာ သွေးများဖြင့် ယိုစီးကျ လာခဲ့၏။ ထိန်းချုပ်နိုင်စွမ်းသာ မရှိပါက အပြင်းထန်ဆုံးသော နာကျင်မှုနှင့် အတူ သူ ရှိုက်ကြီး တငင်ငင် ငိုကြွေး နေလောက်ပြီ ဖြစ်သည်။ သို့သော်လည်း သူ မငိုချေ။ ဆယ်ကျော်သက် လူငယ်လေး၏ မျက်နှာကို ကြည့်ရင်း သူက ဝတုတ်တုတ် လက်ကလေးများကို ရည်ရွယ်ချက် မဲ့စွာ ဝှေ့ယမ်း နေခဲ့၏။
“ဆိုတော့ မင်းက ငါ့ရဲ့ ညီလေးပေါ့... မင်းက အမေ့ မျက်လုံးတွေကို အမွေရထားတာပဲ”
ကောင်လေး၏ အသံက ကလေးသံ မပျောက်လှသေးချေ။ သို့သော်လည်း ဝေ့ဝူယင် ကောင်းစွာ မှတ်မိပေသည်။ ထိုအသံမျာ သူ့အတွက် ဝိညာဉ်အထိ စိမ့်ဝင် စီးဆင်းနိုင်စွမ်း ရှိသည့် ဂီတသံ တစ်ခုလိုပင်။
“အကိုကြီး...”
“အမေ အဆင်ပြေရဲ့လား...”
အကိုကြီးက ဝိညာဉ်အလင်းများ လွှမ်းခြုံနေသည့် နေရာကို လှမ်းကြည့်ရင်း မေးလိုက်၏။ ကံမကောင်းစွာပင်... သန်မာထွားကြိုင်းသည့် လူကြီးမှာ ပြန်လည် ဖြေနိုင်ခြင်း မရှိပါချေ။ သူ၏ အာရုံတစ်ခုလုံးက မိန်းမငယ်လေး၏ လက်ရှိ အခြေအနေ အပေါ်တွင်သာ ကျရောက်နေပေသည်။
"အဖေကြီးရဲ့ ကျင့်ကြံခြင်း အဆင့်က အဲဒီ အစီအရင်ကို ထုတ်ဖော်ဖို့ နိမ့်လွန်းတယ်”
ဖခင် ဖြစ်သူ၏ ချီပျစ်ခဲခြင်း အဆင့်နှစ် နူးညံ့စွာ စီးဆင်းခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံကို ကြည့်ရင်း ဝေ့ဝူယင် မှတ်ချက်ချလိုက်မိ၏။ ထိုပြဿနာကပင် နောင်တစ်ချိန်တွင် မိခင်နှင့် ဖခင် ဖြစ်သူတို့ နှစ်ယောက်ကို ကုသရေး အတွက် နတ်ဆိုးတို့၏ ပိုင်နက်အတွင်း စွန့်စား သွားလာစေခဲ့ကြောင်း ဝေ့ဝူယင် မှတ်မိနေပေသေးသည်။ ထိုအချိန်မှ စတင်၍ သူတို့ ဘယ်တော့မှ ပြန်မလာခဲ့ကြတော့သလို သတင်း အစအနမျှပင် မကြားခဲ့ရချေ။ သူတို့၏ သေခြင်း၊ ရှင်ခြင်းက မရေရာ မသေချာတော့ချေ။
မည်သို့ပင် ဆိုစေကာမူ... သူတို့ သေသွားခဲ့တာကတော့ ရှင်းလင်းပေသည်။ ဝေ့ဝူယင်နှင့် အကိုကြီးတို့လည်း ထိုကဲ့သို့ ခံယူထားသည်။ အကယ်၍ ဆက်လက်၍ အသက်ရှင်နေသေးပါက မိဘနှစ်ပါးမှာ ထိုနှစ်များစွာ အတွင်း သူတို့ထံ မလွဲမသွေ ပြန်လာမှာ ကျိန်းသေပေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက တတ်သိ နားလည်မှု မရှိသည့် ကလေးငယ် တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအခါတွင်တော့ ဝေ့ဝူယင်မှာ လူရိုသေ ရှင်ရိုသေ ကျင့်ကြံခြင်း အဆင့် တစ်ခုကို ရောက်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ကျယ်ပြန့်သည့် ဗဟုသုတများကိုလည်း သူ ပိုင်ဆိုင်ခဲ့ပြီး ဖြစ်လေရာ မိခင် ဖြစ်သူ မည်သည့် ဝေဒနာကို ခံစားခဲ့ရကြောင်း ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။
မိခင်ဖြစ်သူမှာ သူ ခံစားခဲ့ရသည့် ဝေဒနာအတိုင်း အတိအကျပင် ခံစားခဲ့ရခြင်း ဖြစ်သည်။ ၎င်းက အခြား မဟုတ်... စိတ်မျက်လုံး အတွင်း မူလစိတ် ပိတ်မိကာ အချိန်နှင့် အမျှ အသိဉာဏ် အသစ် တစ်ခု ပေါ်လာနေခဲ့ခြင်း ဖြစ်သည်။ ထိုရောဂါနှင့် အတူ ဧဒင်သစ်ပင် အတွင်း နေထိုင်ခဲ့သည့် နေ့ရက်များကို သူ ယနေ့တိုင် မှတ်မိနေဆဲ ဖြစ်သည်။
ဂျိုးငှက်နီ မြို့တော်ရှိ ဆေးသူတော်စင်များကတော့ ထိုရောဂါကို စိတ်ကစဉ့်ကလျား အတိတ်မေ့ ရောဂါဟု ရည်ညွှန်းခဲ့ကြသည်။ ၎င်းက အလွန်ရှားပါးသော ရောဂါတစ်မျိုးဖြစ်ကာ ပုံမှန်အားဖြင့် မတွေ့ရသလောက် ဖြစ်သည်။ မျိုးနွယ်အတွင်းရှိ လူများ၏ အဆိုအရ ဆိုလျှင် မိခင် ဖြစ်သူမှာ ထိုရောဂါနှင့် အတူ ဇစ်မြစ် မသိရပဲ ရောက်ရှိလာကာ ဖခင် ဖြစ်သူနှင့် ချစ်ကြိုက်ခဲ့ခြင်းဟု ဆိုသည်။ ဖခင်ဖြစ်သူမှာ သူမကို ဂရုစိုက် ပေးခဲ့ပေသည်။ အဆုံးမဲ့ အားထုတ်မှုများနှင့် ရောဂါပျောက်ကင်းအောင် ကြိုးစားခဲ့သည်။ သို့သော်လည်း... သူတို့၏ ကျင့်ကြံခြင်း အခြေခံနှင့် ဗဟုသုတများမှာ ထိုရောဂါ အတွက် နည်းလမ်း တစ်ခု ရှာဖွေဖို့ နိမ့်ပါးခဲ့ပေသည်။
“အရင်တုန်းကတော့ တိုက်ဆိုင်မှု သက်သက် ထင်နေတာ... ဒီရောဂါက မျိုးရိုးလိုက်တာများလား”
ဝေ့ဝူယင် အတွေးထဲမှ ခပ်မြန်မြန်ပင် ရုန်းထွက်လိုက်၏။ ထို့နောက်... ခပ်ဝါးဝါး ပေါ်နေသည့် ဖခင်၊ မိခင်နှင့် အကိုကြီးတို့၏ ပုံရိပ်များကို ကြည့်ရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။ ၎င်းမှာ လောကီမျက်လုံး အဆင့် ကပ်ဘေး၏ သက်ရောက်မှု တစ်ခု ဖြစ်ကြောင်း သူ သဘောပေါက် ပေသည်။
သူ ဖတ်မှတ်ဖူးသည့် မှတ်တမ်းများ အရ ဆိုလျှင် လောကီမျက်လုံး အဆင့် ကြယ်တာရာ ကပ်ဘေးမှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့အား ဖြတ်သန်း မြင်နိုင်စွမ်း ရှိသည့် လောကီမျက်လုံးကို တိုးတက်အောင် လုပ်ခြင်းဟု ဆိုသည်။
ထိုဖြစ်စဉ်ကို ကျော်လွန်ပြီးမှသာ သူတို့မှာ အချိန် စွမ်းအင်များကို စုပ်ယူလာနိုင်ကြကာ အချိန် ပြိုကွဲခြင်း ကဲ့သို့ စွမ်းအားများကို အသုံးပြုလာနိုင်ကြသည်။ ထို့အပြင် ဘဝ၌ ဖြစ်ပျက်ခဲ့သော မြင်ကွင်းများကို ပြန်ကြည် ကြည့်ရှုနိုင်ကြရုံမျှသာ မက အနာဂတ်၌ ဖြစ်ပွားမည့် အရာများကိုလည်း မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ ကြိုတင် အာရုံခံ လာနိုင်ကြသည်။ တစ်ချိန်တည်း၌ အကြပ်အတည်းများ အပေါ် အာရုံခံစားမှုများမှာလည်း ပိုမို၍ ရှင်လင်း ကြည်လင်လာလိမ့်မည် ဖြစ်သည်။
မှတ်တမ်းများ အရဆိုလျှင် ကပ်ဘေးမှာ စိတ်၊ ခန္ဓာနှင့် ဝိညာဉ်တို့ကို အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် လောကီ စွမ်းအင်တို့နှင့် တိုက်စားလိမ့်မည်ဟု ဆိုသည်။ ၎င်းတို့ကို မခုခံနိုင်ပါက ဘာမှ မကျန်တော့သည် အထိ ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။
အချိန်သခင် အဆင့် ကပ်ဘေးမှာ လူတိုင်းနီးပါး ကြောက်ကြသည့် ကပ်ဘေး တစ်ခု ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် နှစ်တိုင်း နှစ်တိုင်း၌ သန်းနှင့်ချီသော လူများမှာ ထိုကပ်ဘေး အတွင်း ကျရှုံးခဲ့ကြသည်။ လောကသခင် အဆင့် ကျင့်ကြံသူ တစ်ယောက် ပျောက်ဆုံးသွားပါက သူ ကပ်ဘေးတွင် ကျရှုံးသွားပြီဟု ယူဆကြသည်။
မကြာခင်မှာပင် အကိုကြီးမှာ သူ၏ ခန္ဓာကိုယ်လေးကို ပွေ့ချီကာ မိခင်ဖြစ်သူထံသို့ တစ်လှမ်းချင်း လျှောက်လာနေခဲ့ကြောင်း ဝေ့ဝူယင် သတိထားမိလိုက်သည်။ ထို့နောက် သူက သူ့ခန္ဓာကိုယ်ကို မိခင် ဖြစ်သူထံ ပိုမို နီးကပ်အောင် ပြလိုက်၏။
“အမေ... သူ့ကို ချီချင်လား”
ထိုအခိုက်၌ ဖခင်ဖြစ်သူကတော့ ချွေးသီးချွေးပေါက်များနှင့် အခန်း၏ ထောင့်တစ်နေရာတွင် ထိုင်နေခဲ့သည်။ သူက ကုန်ဆုံးသွားခဲ့သည့် ချီစွမ်းအင်များကို ပြန်လည် ဖြည့်တင်းနေခြင်း ဖြစ်ပေသည်။
“သူ့ကိုလား... ကလေးလေး...”
မိန်းမငယ်လေး၏ ငွေရောင် မျက်လုံးများမှာ အသိဉာဏ် အလင်းတန်းများနှင့် နောက်တစ်ကြိမ် ပြန်လည် ပြည့်နှက် လာ၏။ သူမက လက်ကို ဆန့်ထုတ်ရင်း ဝေ့ဝူယင်၏ ခန္ဓာကိုယ်လေးကို သိမ်မွေ့စွာ ပွေ့ချီ လိုက်သည်။ ထို့နောက် သူမ၏ မျက်နှာထက်တွင် နွေးထွေးမှုများ ပြည့်နှက်နေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
“သူ့ကို ဘယ်လိုခေါ်လဲ...”
သူမ၏ အသံက ချိုသာလှ၏။ သို့သော်လည်း... ပင်ပန်းနွမ်းနယ်သည့် အငွေ့အသက် တစ်ချို့တော့ စွက် နေခဲ့သည်။
အကိုကြီးက သက်ပြင်းတစ်ချက် ချရင်း မိခင်ကို ကြည့်လိုက်၏။
“သူ့ကို မမှတ်မိဘူးလား... အမေပဲ သူ့ကို နာမည် ပေးခဲ့တာလေ”
“သူ့ကို နာမည် ပေးခဲ့တာ...”
ငွေရောင် မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးသည့် အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့သည်။
“နောက်ပြီး ငါ့ကို ဘာလို့ အမေ လို့ ခေါ်နေတာလဲ ကောင်လေး...”
"..."
အကိုကြီးက ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်ရင်း မျက်လုံးများထဲ၌ စိတ်မကောင်းသည့် အငွေ့အသက်များ နေရာယူလာခဲ့သည်။ မည်သို့ပင် ဆိုစေ... သူက မိန်းမငယ်လေး၏ မေးခွန်းကိုတော့ ပြန်လည်၍ ဖြေလိုက်သည်။
“သူ့နာမည်က ဝေ့ဝူယင်ပါ”
“ဝေ့ဝူယင်.... နာမည်ကတော့ တကယ် ကောင်းတယ်... ဒီလိုနာမည် ဒီလို မျက်လုံးလေးတွေနဲ့ ဆိုရင် ကောင်မလေးတွေတော့ အသည်းကွဲရဦးမှာပဲ”
***