← Chapters

ဘဝကို ပြန်လည် စတင်ခြင်း (၂)

Vol. 82 Ch. 1137

ဘဝကို ပြန်လည် စတင်ခြင်း (၂)

Vol. 82 Ch. 1137

"..."

အချိန်က ရပ်တန့်ခြင်း မရှိပဲ သိမ်မွေ့စွာပင် ဆက်လက် စီးဆင်း နေခဲ့သည်။ ဝေ့ဝူယင်မှာ ဖြတ်ကျော်နေသည့် စက္ကန့် တစ်ခုချင်းစီကိုပင် ခံစား၍ ရနေခဲ့သည်။ ထိန်းချုပ်နိုင်စွမ်း မရှိသည့် ကလေးငယ်၏ ခန္ဓာကိုယ်ထဲ၌ နေထိုင်ရင်း ပထမဆုံး ခြေလှမ်းများမှ အစ ချီစုပ်ယူသည့် အချိန်အထိ အရာအားလုံးကို နောက်တစ်ဖန် ပြန်လည် ကြုံတွေ့ နေရသည်။

“ဒီကပ်ဘေးက မခက်ခဲဘူး... လုံးဝ မခက်ခဲဘူး... လုံးဝပဲ...”

စိတ်ဝိညာဉ် အတွင်းပိုင်းမှ ဖြာထွက်လာသည့် အိုရီ၏ အသံကို ဝေ့ဝူယင် ကြားလိုက်ရ၏။ မကြာခဏ ဆိုသလိုပင် ကြယ်တာရာ ဝိညာဉ်များ၏ အသံများကို သူကြားနိုင်နေခဲ့သည်။ သူတို့က အပြုသဘော ဆောင်သည့် မှတ်ချက်များကို ဆက်တိုက် ဆိုသလို ပေးနေခဲ့ကာ သူတို့ ရင်ဆိုင်နေရသည့် ကပ်ဘေးမှာ အလွန် လွယ်ကူကြောင်း ပြောဆို နေခဲ့သည်။

ခရာတို၏ ဟိန်းသံများမှာ အောင်ပွဲခံမှုများနှင့် ပြည့်နှက် နေသည်။ ဧဒင်ကတော့ ပန်းခြံထဲတွင် စိုးရိမ် ပူပန်မှု မရှိပဲ အေးအေးလူလူ လမ်းလျှောက်နေရသလို လေချွန်သံများကိုပင် ထုတ်လွှတ်နေခဲ့သည်။ ဘုရင်ကတော့ တစ်နှစ်ကြာလို့ တစ်ခါ စကားပြောခဲသူ ဖြစ်လေရာ ထုံးစံအတိုင်း “ချွင်” ခနဲ မြည်သံ တစ်ခုကိုသာ ထုတ်လွှတ်သည်။ သို့သော်လည်း အိုရီကတော့ အလွန်အမင်း စကားများသူ ဖြစ်လေရာ ကောင်းကင် ကပ်ဘေးနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း အဓိပ္ပာယ် မရှိသည့် အရာများကို တောင်စဉ်ရေမရ လျှောက် ပြောနေခဲ့သည်။

သို့သော်လည်း... ဝေ့ဝူယင်ကတော့ ကောင်းကင်တာအို ဖန်ဆင်းသည့် မည်သည့် ကပ်ဘေးကိုမှ အထင် မ‌သေးဝံ့ပါချေ။ သူ ရင်ဆိုင်ခဲ့သမျှ ကပ်ဘေး အားလုံးမှာ တစ်နည်းနည်းဖြင့် သူ့ အသက်ကို နှုတ်ယူဖို့ ကြိုးစားခဲ့သည်ချည်း ဖြစ်သည်။ ၎င်းတို့ကို ကျော်ဖြတ်ရန် သူ အစွမ်းကုန် ခုခံခဲ့ရသည်ချည်း ဖြစ်သည်။

လောကီမျက်လုံး ကပ်ဘေးနှင့် ပတ်သက်၍ ပိုမို ကြောက်စရာ ကောင်းသည့် အပိုင်းမှာ အန္တရာယ်ကို အာရုံ မခံနိုင်ခြင်း ဖြစ်သည်။ ကြယ်တာရာ ဝိညာဉ်များ ရှိသမျှ အရာအားလုံးနှင့် ရင်းနှီး၍ အပြင်းအထန် ခုခံနေရချိန်တွင် သူကတော့ ဘဝ၏ အပျော်ရွှင်ဆုံး နေ့ရက်များကို ပြန်လည် ဖြတ်သန်း နေရသည်။ ၎င်းက မချင့်မရဲ ဖြစ်စရာ ကောင်းလှသည့်တိုင် သူ့အနေဖြင့် တည်ငြိမ်စွာ အာရုံစိုက်ထားဖို့ လိုအပ်ပေသည်။

တစ်နှစ်ကြာပြီး နောက်၌... ဝေ့ဝူယင်ကလေးမှာ အပြစ်ကင်းစင်သည့် ကလေးတစ်ယောက် အဖြစ် ကြီးပြင်း လာခဲ့သည်။ သူက ပျော်ပျော်နေသလို အတော်လေးလည်း ကဲသည်။ ပထမဆုံး စတင် လမ်းလျှောက်သည့် နေ့တုန်းက ဆိုလျှင် လှေကားထစ်ပေါ်မှ လိမ့်ကျကာ မရှိမဲ့ အသက်ကလေး ပျောက်ကွယ်လုနီးပါး အထိ ဖြစ်ခဲ့သေးသည်။ ကံကောင်းထောက်မစွာပင် အကိုကြီးက သူ့ကို ကယ်တင်ခဲ့သည်။ သူ အန္တရာယ် တစ်ခုခုနှင့် ရင်ဆိုင်ရချိန်တိုင်း အကိုကြီးမှာ အမြဲလိုလို ကယ်တင်ရန် အဆင်သင့် ရှိနေခဲ့သည်။

...

“ရှောင်မေ... ဒုတိယ သခင်လေးကို လာခေါ်ဦး...”

ဝေ့မျိုးနွယ်၏ သန်မာ ထွားကျိုင်းသော အစောင့်က ဘေးနားရှိ အစေခံမလေးကို လှမ်းခေါ်လိုက်၏။ စိုးရိမ်စိတ်များ ပြည့်နှက်နေသည့် မိန်းမငယ်လေးက တုန်တုန်ချိချိဖြင့် ချဉ်းကပ်လာကာ ဝေ့ဝူယင်ကို ချီပိုး လိုက်သည်။

ဝေ့ဝူယင်၏ မျက်နှာထက်တွင်တော့ သွေးစများ စိုရွှဲနေ၏။ သို့သော် သူ့ သွေးများတော့ မဟုတ်ပါချေ။

ယခု၌ ဝေ့ဝူယင်မှာ သုံးနှစ်သား အရွယ်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ နောက်ပြီး သူ ထိုနေ့ကို ယနေ့ထိတိုင် ကောင်းစွာ မှတ်မိပေသည်။ ကလေး အရွယ်၌ ဝေ့ဝူယင်မှာ မွန်းစတား ပေါက်စလေး တစ်ကောင်လို ဆိုးခဲ့သည်။ ဖခင်က မိခင်၏ ရောဂါအား ကုသရန် လုံးပမ်းနေရသလို အကိုကြီးမှာလည်း ဆေဘာ ဝံပုလွေဂိုဏ်းတွင် ကျင့်ကြံနေရလေရာ အချိန်အများစုတွင် အစောင့်များ၊ အစေခံများကသာ ဝေ့ဝူယင်ကို စောင့်ရှောက် ထိန်းကြောင်း ခဲ့ရသည်။

သူက မကြာခဏ ဆိုသလို ခြံထဲမှ အပြင်ကို ခိုးထွက်ကာ သားကောင် ပေါက်စနလေးများကို အမဲလိုက်ခဲ့သည်။ ဂျိုးငှက်နီမြို့တော်ရှိ အခြား ကလေးငယ်များနှင့် ရန်ဖြစ် တိုက်ခိုက်ခဲ့သည်။ သူက ရန်လိုသည့် သခင်လေး တစ်ယောက် ဖြစ်သလို ရက်စက်သည့် မိစ္ဆာလေး တစ်ကောင်လည်း ဖြစ်ခဲ့သည်။

ဂျိုးငှက်နီမြို့တော်တွင် ဝေ့မျိုးနွယ်မှာ အင်အားအကြီးဆုံး အဖွဲ့တစ်ခု ဖြစ်သည်။ သူတို့၏ ကလန် ခေါင်းဆောင်မှာ ချီပျစ်ခဲခြင်း တတိယအဆင့် ဒြပ်စင် မွေးဖွားခြင်း အဆင့် တစ်ယောက် ဖြစ်ကာ ဂျိုးငှက်နီ မြို့တော်တွင် အသန်မာဆုံး ကျင့်ကြံသူ ဖြစ်သည်။ သူက နေသွေးနီနီဂိုဏ်းခွဲ တစ်ခု ဖြစ်သည့် ဆေဘာ ဝံပုလွေဂိုဏ်း၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်။

ဆေဘာဝံပုလွေဂိုဏ်းမှာ အလွန် ရက်စက်သည့် အင်အားစု တစ်ခု ဖြစ်ကာ ရန်ငြိုးရှိပါက ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်ကိုပင် ရှင်းပစ်တတ်သည့် ဂိုဏ်းမျိုးဖြစ်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် ဘယ်လောက်ဆိုးဆိုး မည်သူမှ မတုန့်ပြန်ရဲခဲ့ကြချေ။

ထို့အပြင် ဝေ့ဝူယင်ကလေးမှာ အသက်အရွယ်နှင့် မလိုက်အောင် ဉာဏ်လည်း ကောင်းသည်။ သူက မကြာခဏ ဆိုသလို အစောင့်များ၊ သက်တူရွယ်တူများကို အစီအစဉ်များ ချကာ ကုန်းတိုက်၊ ထောင်ချောက်လည်း ဆင်တတ်သေးသည်။ သုံးနှစ်သား ကလေးငယ်လေးမှာ ထိုအသက်အရွယ်ကတည်းက ယခုလက်ရှိ ဝေ့ဝူယင် ဖြစ်လာဖို့ တာဆူ နေခဲ့ဟန် တူသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... အရာအားလုံးက ဝေ့ဝူယင် အတွက်တော့ ပျော်စရာ အတိ ဖြစ်သည်။ နောက်ထပ် နှစ်နှစ် ကြာပြီးသည့် နောက်တွင် ဆေဘာဝံပုလွေဂိုဏ်းမှ အကိုကြီး ပြန်လာခဲ့သည်။ ထိုအခါ၌ သူက ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် အသက် ငါးနှစ် အရွယ်တည်းက စလို့ အကိုကြီးမှာ မမေ့နိုင်သည့် ဘဝ သင်ခန်းစာများကို စတင် သင်ကြားပေးခဲ့ပေသည်။ အကိုကြီး၏ ဆုံးမစကားများမှာ ယနေ့တိုင် သူ့ နှလုံးသားထဲတွင် တယုတယ အမြစ်တွယ်နေဆဲ ဖြစ်ပေသည်။

နေ့ရက်များ တဖြည်းဖြည်း ကုန်လွန်သွား၏။ ကြမ္မာငင်မည့်နေ့ကလည်း ပိုမို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

သူ့မိဘများ ထွက်ခွာ သွားခဲ့သည်။ ဤသို့နှင့် အကိုကြီးမှာ သူ့အတွက် အချိန်ပြည့် ထိန်းသိမ်း စောင့်ရှောက်သူ ဖြစ်လာခဲ့သည်။

အသက် ဆယ့်နှစ်နှစ် ပြည့်ပြီးနောက်တွင် နတ်ဆိုးတို့၏ ဘုံဗိမ္မာန် အဖြစ် ကျော်ကြားသည့် တောင်တန်းကို ဝေ့ဝူယင် ခိုးထွက်လာခဲ့သည်။ ထို့နောက် သူ သူမနှင့် တွေ့ဆုံခဲ့သည်။

တိုင်လျဲ့...

စိုဆွတ် ညီညာလှသည့် သူမ၏ ခရမ်းရောင် အသားအရည်က သူ့ကို တမုဟုတ်ချင်း အရည်ပျော် သွားစေခဲ့သည်။ သတိပေးချက်များစွာကို လျစ်လျူကာ သူမကို သူ ချစ်ခဲ့သည်။ နတ်ဆိုးတို့၏ အထင်အမြင် လွှဲမှားမှု အမွေအနှစ် အကြောင်း သိရှိပြီးနောက်တွင် ဝေ့ဝူယင် အကိုကြီးထံ အပူကပ်ကာ ဆေဘာကို သင်ကြားခိုင်းခဲ့သည်။

တိုင်လျဲ့ကို ကာကွယ်ဖို့ အတွက်...

မမွေးဖွားလာသေးသည့် သူတို့၏ ကလေးလေးကို ကာကွယ်ဖို့ အတွက်...

နောက်ထပ် ဖြစ်ပွားခဲ့သော အရာအားများကိုတော့ လက်ခံရန် ဝေ့ဝူယင် ငြင်းဆန်ခဲ့သည်။ သူ ငြင်းဆန်ခဲ့သည်။

သို့သော်လည်း... ၎င်းတို့က မလွဲမသွေပင် ရောက်ရှိလာခဲ့သည်။ ဝေ့ဝူယင် မျက်လုံးများကို မမှိတ်နိုင်ခဲ့။ ကပ်ဘေးနှင့် အတူ မည်သည့် အာရုံခံစားမှုကိုမှ မဖြတ်တောက် နိုင်ခဲ့။

တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက်များ၊ မုန်းတီးစွာ အော်ဟစ် ကျိန်ဆဲ နေသံများ၊ နှာနုအတွင်း တိုးဝင်လာသည့် သွေးရနံ့များ၊ ကောင်းကင်တစ်ခွင် မည်းမှောင်နေသည့် မီးခိုးများ...

ဂျိုးငှက်နီ တစ်မြို့လုံး သူ့အား ဆန့်ကျင်နေသည်ကို ကြည့်ရင်း၊ သစ္စာရှိ အစေခံများနှင့် အစောင့်များ၏ ဓားဦးများ သူ့ဘက်သို့ ပြန်လှည့်နေသည်ကို ကြည့်ရင်း...

ထိုအချိန်က ဝေ့ဝူယင် အသက် ဆယ့်လေးနှစ်သာ ရှိပေသေးသည်။ တိုင်လျဲ့မှာ ဒဏ်ရာရနေသည့် သူမ၏ ဝမ်းဗိုက်ကို လက်ဖြင့် ဆုပ်ကိုင်ထားခဲ့သည်။ သွေးများက တရစပ် စီးကျနေ၏။ အစဉ်အမြဲ သိမ်မွေ့နေတတ်သည့် သူမ၏ မျက်ဝန်းများကတော့ အလွန်အမင်း ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက် နေခဲ့သည်။ သူမ၏ ငိုရှိုက်သံများကို သူ ယနေ့တိုင် ကြားယောင်နေဆဲ ဖြစ်သည်။

ထို့နောက် မြှားတစ်စင်းမှာ သူမ၏ ဦးခေါင်းခွံကို ဖောက်ဝင် သွားခဲ့သည်။ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ ငိုရှိုက်သံများမှာလည်း တိတ်ဆိတ် သွားခဲ့သည်။ ထို့နောက် လူပျိုပေါက်စလေး ဝေ့ဝူယင်ထံမှ နာကျင် စူးနစ်သည့် အသံနက်ကြီး တစ်ခု...။

တိုင်လျဲ့၏ အလောင်းကိုတော့ သူမ၏ မျိုးနွယ်ဝင်များက တောင်တန်များထံ ပြန်လည် သယ်သွားခဲ့ကြသည်။ ဝေ့ဝူယင်ကိုတော့ အကိုကြီးနှင့် တုလင်တို့က ချီပိုးခဲ့ကြသည်။ သူတို့ သုံးယောက်မှာ နာရီပေါင်းများစွာ ကြာအောင် ထွက်ပြေး ခဲ့ကြရကာ အကိုကြီးပင် ယှဉ်ပြိုင်ရန် မဖြစ်နိုင်သည့် ရန်သူများက နောက်မှ အမဲလိုက် လိုက်ခဲ့ကြသည်။

မြစ်ကမ်းပါး တစ်ခုသို့ အရောက်၌ မိုးများ စတင် ရွာသန်းခဲ့သည်။ အကိုကြီးက နောက်ဆုံး အပြုံးတစ်ခု ပြုံးပြကာ သူ့ကို တုလင်လက်သို့ အပ်ခဲ့သည်။ ချီပိုးကာ ထွက်ပြေးစေခဲ့သည်။ သူကတော့ ဆေဘာကို လက်တွင် ကိုင်ဆွဲရင်း ကျင့်ကြံခြင်း အဆင့် ပိုမြင့်သည့် ဒါဇင်နှင့် ချီသော ကျင့်ကြံသူများကို ရင်ဆိုင်ခဲ့သည်။

ထိုမြင်ကွင်းကို နောက်တစ်ကြိမ် ပြန်ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားက တစစ်စစ် နာကျင်လာခဲ့သည်။ နောက်ပြီး ထိုဖြစ်ရပ်က သူ့ဘဝ တစ်ခုလုံးကို တစ်ဆစ်ချိုး ပြောင်းလဲ စေခဲ့လေသည်။ အနက်ရောင် အရိုးစု၏ အဆိုအရ ထိုဖြစ်ရပ် အပြီး မကြာခင်မှာပင် သူ့ဘဝ၏ ပထမဆုံးသော ကမ္မ ဖြတ်တောက်မှုကို ကြုံတွေ့ခဲ့ရလေသည်။

မိုးကောင်းကင် အောက်၌ ထီးထီးမားမား တည်ရှိနေသည့် တောင်ကြီး တစ်ခု...

နီမြန်းစွာ တောက်လောင်နေသည့် ၎င်း၏ အော်ရာများက ပတ်ဝန်းကျင်ရှိ တိမ်တောင်များကိုပင် ပတ္တမြားသွေး စွန်းထင်းစေသည်။

နေသွေးနီနီတောင်ကြီးအား ပထမဆုံး အကြိမ် မြင်ဖူးခဲ့သည့် အတွေ့အကြုံကို ဝေ့ဝူယင် နောက်တစ်ကြိမ် ပြန်လည် ခံစားခဲ့ရသည်။ သူ အလွန် မောပန်းနေပြီ ဖြစ်သည်။ သူ့ မျက်ဝန်းများမှ မျက်ရည်များမှာလည်း ခမ်းခြောက် နေခဲ့ပြီ ဖြစ်သည်။ ရေတစ်ဂျား၊ သစ်ဥသစ်ဖုတို့ ထည့်ထားသည့် လွယ်အိတ်တစ်အိတ်နှင့် အတူ သူနှင့် တုလင်တို့ ထိုနေရာကို ရောက်ရှိလာခဲ့သည်။ သူတို့၏ အဝတ်အစားများက ညစ်ပတ်ပေရေနေကာ ခန္ဓာကိုယ်မှာလည်း ချေးညှော် အလိပ်လိပ်။

ရန်သူတို့၏ အရူးအမူး အမဲလိုက်ခံရမှုမှ လွတ်မြောက် အပြီးတွင် သူတို့ နှစ်ယောက်မှာ နေသွေးနီနီဂိုဏ်းသို့ ရောက်သည် အထိ မိုင်ပေါင်း တစ်ထောင်ခန့် ခရီးနှင်ခဲ့ကြသည်။ မိခင်ဖြစ်သူနှင့် အတူ နတ်ဆိုး တောင်ထွတ်သို့ ထွက်ခွာမသွားခင် ဖခင်မှာ နေသွေးနီနီဂိုဏ်းမှ တပည့် လက်ခံသည့် တိုကင် တစ်ခုကို အမွေအဖြစ် ချန်ထားပေးခဲ့သည်။ ထိုတိုကင်ကို ဆေဘာ ဝံပုလွေဂိုဏ်းချုပ်က မဟာ အကြီးအကဲ တစ်ယောက် ဖြစ်လာသည့် အထိမ်းအမှတ် အဖြစ် သူ့အား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အစ ပထမတုန်းကတော့ ထိုတိုကင်မှာ အကိုကြီး အတွက် ဖြစ်သည်။ သို့သော်လည်း... မိဘများ ပျောက်ကွယ်သွားပြီးသည့် နောက်တွင် အကိုကြီးမှာ သူ့အား စောင့်ရှောက်ရမှုနှင့် ကလန် တာဝန်များ အကြားတွင်သာ နစ်မြုပ် နေခဲ့ရသည်။ သူ့ကြောင့်သာ မဟုတ်ပါက အကိုကြီးမှာ နေသွေးနီနီဂိုဏ်းကို အစောကြီးတည်းက ဝင်ရောက်လောက်ပြီး ဖြစ်သည်။

သွေးရောင် ဘဲဥ ပုံသဏ္ဌာန် တိုကင်လေးကို ဝေ့ဝူယင် စိုက်ကြည့် နေမိခဲ့သည်။ ၎င်းက ရန်သူများကို လက်စားချေရန် သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ဤသို့နှင့် ကြမ်းတမ်း ခက်ထန်လှသည့် နေသွေးနီနီဂိုဏ်း နေ့ရက်များ စတင်ခဲ့တော့သည်။

***

All Chapters