မထင်မှတ်ထားသည့် ပြောင်းလဲမှု
Vol. 82 Ch. 1138
နေသွေးနီနီဂိုဏ်း အတွင်း ဝင်ရောက်ပြီးနောက်ပိုင်း ဖြစ်ရပ်များကတော့ ဝေ့ဝူယင်နှင့် သိပ်မစိမ်းလှ။ ဂိုဏ်းအတွင်း ဝင်ရောက်ရန် ကြိုးပမ်းမှုများ၊ အောက်ခြေမှ စ၍ ကြိုးပမ်းခဲ့ရပုံများ၊ အခြားဂိုဏ်းဝင်များနှင့် သူ့ အကြားမှ ပဋိပက္ခများ...
နေသွေးနီနီဂိုဏ်းအတွင်း ဝေ့ဝူယင်၏ ပထမဆုံး ရာထူးက နာမည်ခံ တပည့် ရာထူး ဖြစ်သည်။ သူ စိုက်ပျိုးရေး အတွက် မြေပြင်များကို တူးစွခဲ့ရသည်။ အခြား တပည့်များ အတွက် ရေခပ်ပေးခဲ့ရသည်။ အဆောက်အအုံများကို သန့်ရှင်းရေစး လုပ်ခဲ့ရသည်။ ဂိုဏ်သားများအတွက် ချက်ပြုတ်ခဲ့ရသည်။ နာမည်ခံ တပည့်တိုင်း ထိုအလုပ် အားလုံးကို လုပ်စရာ မလိုသည့်တိုင် ရရှိလာသော အမှတ်ဖြင့် ကျင့်ကြံခြင်း ရင်းမြစ်များကို လဲလှယ်၍ ရပေသည်။
ဝေ့ဝူယင် တစ်နေ့တွင် ဆယ့်ရှစ်နာရီ အလုပ်လုပ်ခဲ့သည်။ လေးနာရီကို အိပ်စက်ကာ နှစ်နာရီကို ကျင့်ကြံသည်။ သတ်သတ်မှတ်မှတ် ကျင့်ကြံချိန် နှစ်နာရီ ဆိုသော်လည်း ကြားထဲတွင် ရလျှင် ရသလို အချိန်လု၍ သူ ကျင့်ကြံခဲ့သည်ချည်း ဖြစ်သည်။ သူ အနားယူ၍ မဖြစ်။ သူ့ထံတွင် ဘာဆိုဘာမှ မရှိတော့ချေ။
မကြာခင်မှာပင် ကမ္မ ဖြတ်တောက်မှုမှ တစ်ဆင့် သူ ချီအမတေ ကျောက်တုံး တစ်တုံးကို ရရှိကာ ချီပျစ်ခဲခြင်း အဆင့်ကို တက်လှမ်းခဲ့သည်။ နာမည်ခံ တပည့် ရာထူးမှ အပြင်စည်း တပည့် နေရာကို ရရှိလာခဲ့သည်။
သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသည့် ပန်းပဲ ဆရာကြီး တစ်ဦးကို မထင်မှတ်ပဲ ကူညီခဲ့မိသည်။ ကျေးဇူးတင် လက်ဆောင် အနေဖြင့် သူ့တစ်ဘဝလုံး ကြိုးပမ်း ပြုလုပ်ထားသည့် ဆေဘာကို ရရှိခဲ့သည်။ ထို့နောက်တွင်တော့ အပြင်စည်း တပည့်မှ နေ၍ အတွင်းစည်း တပည့် အဖြစ် သူ တဖြည်းဖြည်း တက်လှမ်းလာခဲ့တော့သည်။
“ငါနဲ့ ပူးပေါင်းမလား...”
ချိုမြိန်လှသည့် အသံလေးက ဝေ့ဝူယင်၏ ဝိညာဉ်ကို နောက်တစ်ကြိမ် ခံစားချက်လှိုင်းများနှင့် ပြည့်လျှံ သွားစေခဲ့လေသည်။ ပါရမီ၊ အရည်အချင်းနှင့် အနာဂတ် အလားအလာများကို ပြသခဲ့ပြီး နောက်တွင် တင်းတိပ်လို အစက်အပျောက်များနှင့် မိန်းမငယ်လေး တစ်ယောက်က သူ့ထံ ချဉ်းကပ်လာခဲ့သည်။ သူမက မလှပသလို ရုပ်ဆိုးခြင်းလည်း မရှိချေ။ ပျမ်းမျှ ဆိုသည်ထက် အနည်းဆုံး သာရုံသာ ရှိသည်။ သို့သော်လည်း သူမထံတွင် ဝေ့ဝူယင် မငြင်းဆိုနိုင်သည့် အရည်အချင်း တစ်ခု ရှိနေခဲ့ပေသည်။
ဝေ့ဝူယင် သူမနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။ သူ၏ လက်အောက် ငယ်သား တစ်ယောက် အဖြစ် ခံယူခဲ့သည်။ မေ့မေ့က တည်ငြိမ်သည်။ တော်သည်။ သူ့ အပေါ် ကြင်နာသည်။ ဖေးမ ကူညီပေးသည်။ သူမကို မြင်တိုင်း အကိုကြီးကို ဝေ့ဝူယင် သတိရမိသည်။
“နင် လက်စားချေချင်လား”
“အင်း...”
“ကောင်းပြီ... ရရစေ့မယ်”
အတွင်းစည်း တပည့် တစ်ယောက် ဖြစ်လာပြီး နောက်တွင် ဝေ့ဝူယင် ရန်သူများ၏ သွေးနှင့် ခြေဆေးခဲ့သည်။ ကလေးငယ်လေးများ၏ ငိုသံများ၊ ဦးခေါင်း လိမ့်ဆင်းသွားသံများ၊ ငိုလျှိုး တောင်းပန်သံများမှာ ဂျိုးငှက်နီ တစ်မြို့လုံး ဆူညံ ပွက်လောရိုက် နေခဲ့၏။ ထိုနေ့၌ တစ်မြို့လုံး ချင်းချင်းနီခဲ့ကာ “ဂျိုးငှက်နီ” ဆိုသည့် နာမည်နှင့် ပထမဆုံး လိုက်ဖက်ခဲ့ပေသည်။
မေ့မေ့၊ တုလင်တို့နှင့် အတူတကွ ရပ်ရင်း ဝေ့ဝူယင် သူ၏ အကြီးကျယ်ဆုံးသော အောင်မြင်မှုကို ကျေနပ် နေခဲ့မိသည်။ လက်ထဲမှ ဆေဘာကတော့ သွေးများနှင့် စွန်းထင် နေခဲ့၏။ ထို့နောက်... ပုပ်သိုး ဆွေးမြေ့နေသည့် အကိုကြီး၏ အရိုးစုကို သင်္ဂြိုဟ်ပေးခဲ့သည်။
ထို့နောက်တွင်တော့ သူ နတ်ဆိုးတောင်တန်းကို သွားခဲ့သည်။ သူတို့၏ အကြီးအကဲနှင့် တွေ့ဆုံခဲ့သည်။ တိုင်လျဲ့၏ အုတ်ဂူကို ဂါဝရ ပြုခဲ့သည်။
ထိုအချိန်၌ သူ့ ဆန္ဒ အားလုံး ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဘဝကို အဆုံးသတ်ပစ်ရုံမှ တစ်ပါး သူ့ထံတွင် အခြား ဆန္ဒ မရှိတော့။ ဓားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ရင်း ဝမ်းဗိုက်ကို ပြန်လည် ထိုးဖောက်ဖို့ သူ လှုပ်ရှားခဲ့သည်။ နှလုံးသား အတွင်း ဓားသွား နစ်ဝင်ရန် တစ်စင်တီမီတာလောက် အလိုသို့ အရောက်တွင်တော့ ဝတုတ်တုတ် လက်တစ်ဖက်က သူ့ကို လာရောက် တားဆီးခဲ့သည်။ မျက်ရည်များမှာ သူ့ မျက်ဝန်းများဆီမှ ရေတံခွန် တစ်ခုလို တတွေတွေ စီးကျနေ၏။
သူက တုလင်မှ တစ်ပါး ဘယ်သူ ဖြစ်နိုင်မည်နည်း။ တုလင်၏ နောက်တွင်တော့ သုန်မှုန် ဒေါသထွက်နေသည့် မေ့မေ့ တစ်ယောက် ရှိနေခဲ့သည်။
“မလုပ်ပါနဲ့... မလုပ်ပါနဲ့ သခင်လေး... ကျုပ် ဗိုက်ဆာနေတုန်းပဲဗျ... သခင်လေး မရှိတော့ရင် ဘယ်သူက ကျုပ်ကို အရသာ ရှိတာတွေ ကျွေးတော့မှာလဲ...”
တုလင်၏ ငိုသံပါ အသံကြီးက ဝေ့ဝူယင်၏ နှလုံးသားကို လှုပ်ရှား စေခဲ့သည်။ ဘဝ၌ အရာအားလုံး ဆုံးရှုံးခဲ့ရပြီး နောက်ပိုင်းတွင် ပထမဆုံး အကြိမ် အဖြစ် သူ တစ်ယောက်လည်း မဟုတ်ကြောင်း အတွေးရောက် စေခဲ့သည်။
အချိန်များက အလွန် လျှင်မြန်စွာ စီးဆင်း ကုန်လွန်သွားခဲ့သည်။ ကျင့်ကြံခြင်း ရတနာ တစ်ခု ရှိနေသည် ဆိုသည့် တီးတိုး သတင်းများကြောင့် လုပ်ကြံ သတ်ဖြတ်သူများစွာမှာ ဝေ့ဝူယင်ထံ ဦးတည် လာခဲ့သည်။ အခက်အခဲများ ကြားမှပင် သူ အဓိက တပည့် တစ်ယောက် ဖြစ်လာခဲ့သည်။ တစ်နေ့တည်းတွင်ပင် စုမေ့နှင့် ပိုင်လင်ကို သူ တွေ့ဆုံခဲ့သည်။
အချိန်များ ကြာလာသည်နှင့် အမျှ အသက်ရှင်သန်လိုသည့် ဝေ့ဝူယင်၏ ဆန္ဒမှာလည်း ပြန်လည် နိုးကြား လာခဲ့သည်။ သူ လက်အောက်ငယ်သားများ ရရှိလာသည်။ မေ့မေ့မှာ တစ်နေ့တွင် နေသွေးနီနီဂိုဏ်းချုပ် ဖြစ်ချင်သည်ဟု သူ့ကို ပြောဖူးသည်။ ထိုအတွက် အစွမ်းကုန် ပေးဆပ်ရန် သူ ဆုံးဖြတ်ထားသည်။ သူ အရူးအမူး ကျင့်ကြံခဲ့သည်။
ဆောင်းဦးရာသီ၏ တစ်ခုသော ညတွင် မေ့မေ့မှာ သူ့ထံ ရောက်ရှိလာခဲ့သည်။ သူနှင့် တစ်ခုတင်ထဲ အိပ်ခဲ့သည်။ သူမက သူ့နှလုံးသား၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
ဤသို့နှင့် သူ့ အသက် နှစ်ဆယ်ခြောက်နှစ်ကို ရောက်ရှိလာခဲ့သည်။ ထိုနှစ်တွင်ပင် အရာရာက ပြောင်းလဲ သွားခဲ့တော့သည်။
လခရမ်းဂိုဏ်း၏ အကြွင်းအကျန်များအား အမဲလိုက်ခဲ့ရသည့် တာဝန်ကို ဝေ့ဝူယင် ဦးဆောင်ခဲ့သည်။ ကံကောင်း ထောက်မစွာပင် သူ နာ့ရှင်းရီနှင့် တွေ့ဆုံခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံက ချီပျစ်ခဲခြင်း အဆင့်လေးသို့ တိုးတက်လာခဲ့သည်။ နာ့ရှင်းရီအား ပေးခဲ့သည့် ကတိကို သူ တည်ခဲ့သည်။
ယင်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ရှိပြီးနောက်တွင် ဝေ့ဝူယင် အလွန်ပင် ပျော်ရွှင် နေခဲ့သည်။ တာဝန်မှ အပြန်တွင် နှစ်ကိုယ်တူ ကျင့်ကြံခြင်း နည်းလမ်းနှင့် အတူ ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်းကို စတေးကာ မေ့မေ့ကို နောက်တစ်ဆင့် ပို့ဆောင်ပေးဖို့ ကြံရွယ်ခဲ့သည်။
သို့သော်လည်း... အဓိက တပည့် ရွေးချယ်ပွဲနေ့၌ ဖြစ်ပျက်သွားခဲ့သည့် ဖြစ်ရပ်က သူနှင့် မေ့မေ့ အကြား ပြန်မစေ့နိုင်သည့် အက်ကွဲကြောင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။
လခရမ်းဂိုဏ်းအား အမဲလိုက်သည့် တာဝန် အတွင်း ဝေ့ဝူယင် ငွေရောင် ဆံပင် အနက်ရောင် မျက်လုံးများ ပိုင်ဆိုင်ထားသည့် အရူးလူငယ် တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ သူက အေးခဲ သံမဏိ လှောင်အိမ်ထဲတွင် ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ ဝေ့ဝူယင် စူးစမ်းရန် ကြိုးပမ်းနေချိန်တွင် သူက စတင်ကာ တိုက်ခိုက်ခဲ့သည်။ သူ့လည်ပင်းကို ကိုက်ခဲ့သည်။
“လူကောင်း၊ လူဆိုး၊ သေမျိုး၊ အင်မော်တယ်... ကောင်းမွန်ခြင်းကို ဆောင်ကျဥ်းသူတွေဟာ ကမ္မ ကံကောင်းမှုကို ရရှိကြတယ်... အကုသိုလ်ဟာ အယုတ်ညံ့ဆုံး ဒုစရိုက် တရား ဖြစ်တယ်.... ဒါပေမဲ့ လောကမှာ အကျင့်သီလဟာ ရှုံ့ချရင်း ရှုံ့ချခံနေရတယ်... အားကြီးသူတွေဟာ အားနည်းသူဆီကနေ ကမ္မကို လုယူကြတယ်... ဒါကြောင့် အားကြီးသူတွေဟာ လူကောင်းတွေ ဖြစ်လာပြီးတော့ အားနည်းသူတွေဟာ ဆိုးညစ်တဲ့ မိစ္ဆာတွေ ဖြစ်လာကြတယ်”
“ဘဝမှာ ငါဟာ ဘာအမှားကိုမှ မလုပ်ခဲ့ဖူးဘူး... ဒါပေမဲ့ အဲဒါက မှားတယ်လို့ ငါ ခံစားလာရတယ်... မင်းဖြေကြည့်... ဘဝမှာ ငါက ကောင်းခဲ့တာလား... ဆိုးခဲ့တာလား...”
လူငယ်၏ စိတ္တဇ ဆန်ဆန် စကားလုံးများက ဝေ့ဝူယင်၏ ဝိညာဉ်ကို ယနေတိုင် လှုပ်ခါစေတုန်း ဖြစ်သည်။ သို့သော်လည်း... ထိုအချိန်အခါက လူငယ်လေး ဝေ့ဝူယင်မှာ အကြင်နာ မဲ့လွန်းလှသည်။ သူ အကျဉ်းသား လူငယ်၏ ဦးခေါင်းကို တစ်စက္ကန့်မျှ မတွေးတောပဲ ဖြတ်တောက်ပစ်ခဲ့သည်။
အရူးလူငယ်မှာ အမွေခံ အပြစ်သား မူလ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထား တစ်ယောက် ဟုတ်မှ ဟုတ်ပါလေစဟု ဝေ့ဝူယင် သံသယ ဖြစ်မိသည်။ လူငယ်ကြောင့် သူ အပြစ်သား သွေးမျိုးဆက် ရရှိလာခဲ့တာ မှန်သော်လည်း အပေါ်က အချက်ကိုတော့ သူ ဘယ်တော့မှ အတည်မပြုနိုင်ခဲ့ချေ။ အမွေခံ အပြစ်သား တစ်ယောက် အနေဖြင့် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ဆေဘာအောက်တွင် သေဆုံးလိမ့်မည် ဖြစ်ကြောင်း သူ မယုံကြည်နိုင်ချေ။
အချိန်များက ဖြည်းညင်းစွာပင် ဆက်လက် ကျော်ဖြတ်နေသည်။ အဓိက တပည့် ရွေးချယ်ပွဲ နေ့မှ အဖြစ်အပျက်များမှာ သူ့ မှတ်ဉာဏ်အတွင်း ရှင်းလင်းစွာ စွဲထင်နေဆဲ ဖြစ်သည်။ သူ့ လက်အောက်ငယ်သား တစ်ယောက် လက်ချက်ဖြင့် မေ့မေ့ အကြီးအကျယ် ဒဏ်ရာ ရခဲ့သည်။ အဓိက တပည့် ရာထူးကို ဆုံးရှုံးခဲ့သည်။ သို့မှတစ်ပါး အရာအားလုံးကတော့ မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်သည်။
လင်းကျိရန် ရောက်လာသည်။ ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို ပေးအပ်ခဲ့သည်။ ထို့နောက် မူရေကန်မှ လူပျောက်ဆုံးမှုများ... ထိပ်သီးဂိုဏ်း တွေ့ဆုံမှုများ... အရာအားလုံးက အတူတူပင် ဖြစ်သည်။
ထို့နောက်တွင်တော့ ဝေ့ဝူယင် စိတ်ဖောက်ကာ ထွက်ပြေးခဲ့သည်။ တစ်နေရာသို့ အရောက်၌ ကံကောင်း ထောက်မစွာပင် အသက်မြက်များကို ရရှိခဲ့သည်။
အနက်ရောင် အရိုးစု မရှိ။ အပြစ်သား သွေးမျိုးဆက် အတွက် ဆွေးနွေးမှုများ မရှိ။ ဘာမှ မဖြစ်ခဲ့သလို ဖြစ်ရပ် အားလုံးက သဘာဝ ကျကျ ပျောက်ကွယ်နေသည်။
“ကပ်ဘေးက အပြစ်သား သွေးမျိုးဆက်ရဲ့ အချက်အလက်တွေကို ပြန်မပြနိုင်ဘူး ထင်တယ်”
ဝေ့ဝူယင် စိတ်အနည်းငယ် သက်သာရာ ရသွားခဲ့၏။ နောက်ပိုင်း ဖြစ်ရပ်များကလည်း ကွာခြားခြင်း မရှိပါချေ။ သူ နေသွေးနီနီဂိုဏ်း နယ်နိမိတ် တစ်လျှောက် ခရီးသွားလာရင်း ကောင်းကင် တံတိုင်းကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် လွတ်မြောက်ခဲ့ကာ ဧဒင်ကမ္ဘာဂိုဏ်းထဲ ဝင်ရောက်ခဲ့သည်။ ထို့နောက် ထွက်ခွာခဲ့သည်။ မည်သည့် ငရဲ၏ ကပ်ဘေးမျိုးကိုမှ ရင်ဆိုင်ခဲ့ရခြင်း မရှိချေ။
ထို့နောက်တွင်တော့ ရှန်းလင်၏ စောင့်ရှောက်မှုနှင့် အတူ အနန္တ ဧကရာဇ်ဂိုဏ်းထဲ သူ ဝင်ရောက်ခဲ့သည်။ အဂ္ဂိရတ် ပညာ ထူးချွန်မှုကြောင့် ကောင်းကင်နိုဘယ် အဆင့်ကို တန်းကာ ရယူနိုင်ခဲ့သည်။
"..."
"..."
အနန္တ ဧကရာဇ်ဂိုဏ်း အတွင်းရှိ ဖြစ်ရပ် မှန်သမျှကို ဝေ့ဝူယင် နောက်တစ်ကြိမ် ပြန်လည် ထိတွေ့ခံစား နေခဲ့ရသည်။ လက်ရှိ အချိန်သို့ ရောက်ပါက ကောင်းကင် ကပ်ဘေးက မည်သည့် အရာအား ပြသမည်ကို ဝေ့ဝူယင် တွေးတောလိုက်မိသည်။ အချိန်များကတော့ တရွေ့ရွေ့ ဖြတ်ကျော်လျှက်...
“နေဦး...”
တစ်ခုခုတော့ မှားယွင်းနေချေပြီ ဖြစ်သည်။ အဂ္ဂိရတ် အစည်းအရုံး၏ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး နောက်တွင်...
မဟုတ်သေးဘူး...။
ဝေ့ဝူယင်၏ စိတ်ဝိညာဉ်က ပြင်းထန်စွာ တုန်ရီသွားခဲ့၏။ အဂ္ဂိရတ် တိုက်ပွဲ၌ သူ ချင်ကူးယဉ်ကို မနိုင်ခဲ့ချေ။
ထိုအရာက သရေပွဲ ဖြစ်လေတော့သည်။
***