အပြောင်းအလဲများ
Vol. 82 Ch. 1140
ဟူး... ဟူး...
ရာပေါင်းများစွာသော အစွမ်းထက် အော်ရာများမှာ အချိန်လေပွေ၏ အထက်တွင် မြောလွင့် နေကြ၏။ သူတို့၏ မျက်လုံးများက ဖရိုဖရဲ စီးဆင်းနေသည့် အချိန် စွမ်းအင်များကို စိုက်ကြည့် နေကြသည်။
ထိုအုပ်စု၏ ရှေ့ဆုံး၊ အချိန်လေပွေနှင့် အနီးကပ်ဆုံး နေရာတွင်တော့ ပုံရိပ် ငါးခု ရှိနေခဲ့သည်။ သူတို့ တစ်ယောက်ချင်းစီ၏ မျက်နှာများမှာ အခြားလူများထက် ပိုမို၍ နက်မှောင် နေကြ၏။
သူတို့ ငါးယောက်အအနက် တစ်ယောက်၏ အော်ရာမှာ နောက်ရှိ ရာပေါင်းများစွာသော လူများနှင့် အတူတူပင် ဖြစ်သည်။ ကျန်လေးယောက် အနက် နှစ်ယောက်ကိုတော့ ဝေ့ဝူယင် ကောင်းစွာ မှတ်မိပေလိမ့်မည်။
ပထမ တစ်ယောက်က ကျူးကျဲဝူရှု ဖြစ်၏။ သူမက အနန္တ မိုင်ချီ စာကြည့်တိုက်၏ လှပသော စာကြည့်တိုက်မှူးလေးလည်း ဖြစ်သည်။ နောက်ထပ် တစ်ယောက်ကတော့ အဆုံးမဲ့ မြို့တော် သခင်နှင့် အကာကသ ဝေဟင်ဂိုဏ်းချုပ် လျူယင်လန်း ဖြစ်သည်။ သူမ၏ အမူအရာက အနည်းငယ် ဖြူရော်နေသယောင် ထင်ရ၏။ သို့သော်လည်း... သူမ၏ မျက်ဝန်းများကတော့ ကောင်းကင်ကိုတောင် တုန်လှုပ်စေနိုင်သည့် ဖိအားများ၊ ဒေါသများနှင့် ပြည့်နှက် နေပေသည်။
အခြားနှစ်ယောက်ကတော့ ယောက်ျားများ ဖြစ်သည်။ တစ်ယောက်က အဇူရာရောင် သံချပ်ကာ အပြည့်အစုံကို ဝတ်ဆင်ထားကာ ဦးခေါင်းမှ ခြေထောက်အထိ အကုန် ဖုံးအုပ်ထားသည်။ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံတို့ကို ဆုံးဖြတ်ရန်မှာ ခက်ခဲသည့်တိုင် သူက ပျမ်းမျှ အရပ်၊ ပျမ်းမျှ ခန္ဓာတို့ကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားပေသည်။
အခြားတစ်ယောက်ကတော့ မုတ်ဆိတ်ဖြူများ ရင်ဘတ်ထိ ရောက်အောင် ရှည်လျားကျနေသည့် ပိန်ပိန်ပါးပါး လူအိုကြီး တစ်ယောက် ဖြစ်သည်။ တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများနှင့် အတူ လူအိုကြီးမှာ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ လက်တစ်ဖက်ကတော့ မုတ်ဆိတ်ရှည်များကို ရစ်ပတ်ကာ ဆော့ကစား နေသယောင် ရှိသည်။
ထိုနှစ်ယောက်မှာ ကာကွယ်သူ မြို့တော်နှင့် ခရီးသွား မြို့တော်၏ အရှင်သခင် အသီးသီး ဖြစ်ကြသော စုနန်းကျူးနှင့် ရှုယုတို့ပင် ဖြစ်လေတော့သည်။
ရှုယုက သုန်မှုန်သည့် မျက်ဝန်းများနှင့် မုတ်ဆိတ် ရှည်လျားကို ရစ်ပတ်ရင်း...
“အချိန်လေပွေက နောက်ပြန်လှည့်နေတယ် လို့ မင်းဆိုတယ်နော်”
သူ့အသံက ရှေးဟောင်းဆန်သော်လည်း အင်အားကြီးသည်။ ကလေးငယ်များသာ ထိုအသံကို ကြားပါက ကြောက်ရွံ့စိတ်နှင့် စူးစူးဝါးဝါး ထငိုလိမ့်မည် ဖြစ်သည်။
အချိန်လေပွေ ကာကွယ်သူက ရှုယုဘက်သို့ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ သူ၏ မျက်လုံးများက လေးနက် တည်ငြိမ်မှုများနှင့် ပြည့်နှက်နေသည်။
“စမ်းသပ်ဖို့ရော လူလွှတ်ပြီးပြီလား...”
စုနန်းကျူးက မေးလိုက်၏။ စစ်ပွဲ၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းတို့အား ဖြတ်သန်းရန် ရည်ရွယ်သည့် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် သူ့အသံကတော့ သာမန်သာ ဖြစ်သည်။ သွေးဆာမှု မရှိသလို၊ ဖြောင့်မတ်မှုလည်း မရှိလှ။ အကယ်၍ သူသာ စစ်သည် တစ်ယောက်၊ ကာကွယ်သူ တစ်ယောက် မဟုတ်ပါက သည်အတိုင်း သံချပ်ကာကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
“အစွန်အဖျားမှာ ကျင့်ကြံနေကြတဲ့ လူတွေ ကိုယ်တိုင် ကြုံပြီးပြီ... အဲဒါက သူတို့ရဲ့ စွမ်းအားကို လျော့ကျစေတယ်... မြေကြီး ရှန့်ထို အဆင့် တစ်ယောက်က လွဲလို့ ကျန်လူ အားလုံး အဲဒီ စွမ်းအားကို အာရုံခံမိရုံနဲ့တင် ကျဆင်းခြင်း ဖြစ်ရပ်နဲ့ ကြုံရတယ်”
အချိန်လေပွေ ကာကွယ်သူ၏ လေသံက တည်ငြိမ်သယောင် ရှိသည့်တိုင် တစ်ချိန်တည်း၌ ထိတ်လန့် တုန်လှုပ်သည့် အငွေ့အသက် တစ်ချို့ ပါဝင်နေသည်။ အချိန်လေပွေ နောက်ပြန် စီးဆင်းခြင်းမှာ တော်ရုံ ပြဿနာ တစ်ရပ် မဟုတ်ချေ။ အချို့ဆိုလျှင် ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံး ဆုံးရှုံးကာ တစ်သက်တာ အားထုတ်ခဲ့သမျှ အားလုံး ပျက်စီးသွားခဲ့ရသည်။ လျှို့ဝှက် အာဏာရှင် အချို့ဆိုလျှင် ကျင့်ကြံခြင်း သွေဖီမှုကြောင့် သေဆုံးခဲ့ရသေးသည်။
“ဝေ့ဝူယင် ဘယ်မှာလဲ...”
လျူယင်လန်းက အသက်ကို ခပ်ပြင်းပြင်း ရှူရင်း မေးလိုက်သည်။ ကျန်းကျဲဝူရှုက သူမကို လှည့်ကြည့် လိုက်သည်။ အဆုံးမဲ့ မြို့တော် သခင်မ၏ အစီအစဉ်ကို ယခုတိုင် သူမ မခန့်မှန်းနိုင်သေးချေ။
ကာကွယ်သူက မျက်မှောင်ကြုတ်လိုက်၏။
“ဒီအပြောင်းအလဲက သူ ခုန်ချသွားပြီးတဲ့နောက် ဖြစ်လာခဲ့တာပဲ”
"..."
ရှုယုနှင့် စုနန်းကျူးတို့ နှစ်ယောက်စလုံး လျူယင်လန်းကို ကြည့်လိုက်ကြသည်။ ဝေ့ဝူယင်မှာ သူမ နှစ်ပေါင်းသောင်းချီ စောင့်ဆိုင်းခဲ့သည့် အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက် ဖြစ်ကြောင်း သူတို့ သိရှိပြီး ဖြစ်သည်။ သူသာ ရာထူးကို ဆက်ခံခဲ့ပါက သူမ အနားယူနိုင်လိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်တော့ သူမ၏ မူလ ဇစ်မြစ်၊ ကျင့်ကြံခြင်း အခြေခံတို့နှင့် အတူ လွတ်မြောက်မှုကို အတိုင်းအတာ တစ်ခု အထိ ရယူနိုင်ပေလိမ့်မည်။
သို့သော်လည်း... လျူယင်လန်း၏ အစစ်အမှန် ကံကြမ္မာ ခရီးသည်က အဘယ်ကြောင့် အချိန်လေပွေ အတွင်းကို ခုန်ချခဲ့ကြောင်း သူတို့ စဉ်းစား မရပါချေ။ ထိုအရာက ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းမျိုးပင် ဖြစ်သည်။
“...”
လျူယင်လန်း လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်၏။ အလွန် အေးစက်သည့် အငွေ့အသက်များမှာ သူမ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ မည်သူ့ကို သတ်ချင်ကြောင်း၊ သတ်သင့်ကြောင်း မသေချာသော်လည်း ရိုးရှင်းစွာပင် သူမ လူသတ်ချင်သည်။
ဝရား...
ရုတ်တရက် အဆုံးမဲ့ ခရီးသွား နယ်မြေ တစ်ခုလုံး တုန်ခါ သွားခဲ့၏။ ကျင့်ကြံသူ အားလုံး၏ အမူအရာများက ပြောင်းလဲသွားကာ ကောင်းကင်ကို မော့ကြည့် လေ့လာ လိုက်ကြသည်။ လောက၏ နေကြယ်မှာ အနည်းငယ် လှုပ်ခါနေပေသည်။
“ဒါက...”
ကျန်းကျဲဝူရှု၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ မုတ်ဆိတ်ကို ကျစ်လိမ်နေသည့် ရှုယု၏ လက်များက အနည်းငယ် အထိန်းအကွပ်မဲ့သွားကာ ဆွဲနှုတ်မိလို့ နီးပါး အထိ ဖြစ်သွားခဲ့သည်။
“အဲဒါက ကျုံ့ဝင်နေတာလား...”
သူ့အသံက ထိတ်လန့် တုန်လှုပ်မှုတို့နှင့် ပြည့်နှက် နေခဲ့တော့၏။
....
မဟာစက်ဝန်း ကြယ်ကွင်းပြင် အစွန်အဖျား၊ နေကြယ် အလင်းတန်းတို့ မရောက်နိုင်သော နေရာ တစ်ခု၌ အရိပ်ဥ ကိုးခုမှာ လျှို့ဝှက် ဝင်္ကပါ တစ်ခု ပုံသဏ္ဌာန်ဖြင့် အမှောင် ဟင်းလင်းပြင် အတွင်း ပုန်းကွယ် နေခဲ့လေသည်။ ထိုဝင်္ကပါက ဖုံးကွယ်ခြင်း စွမ်းအားကို အထူးပြုလေရာ သာမန် လောကရှန့်ထို တစ်ယောက် ပင်လျှင် ရှာဖွေ တွေ့ရှိဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။
အရိပ်ဥများထဲရှိ တစ်ခုထဲတွင်တော့ အနက်ရောင် ပုံရိပ် တစ်ခုမှာ လျှို့ဝှက် ကျောက်တုံးများဖြင့် ထွင်းထုထားသည့် ပလ္လင် တစ်ခုထက်တွင် ထိုင်နေခဲ့သည်။ ကြွယ်ဝလှသည့် အမှောင် စွမ်းအင်များမှာ သူ၏ ပတ်ဝန်းကျင်တွင် ပြန့်ကျဲ တည်ရှိနေ၏။ ပုံရိပ်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာကာ အမှောင် ဟင်းလင်းပြင် အတွင်းရှိ အဆုံးမဲ့ ကြယ်တာရာများကို ထုတ်ဖော်လိုက်သည်။ ထိုမျက်လုံးများမှာ အလွန်ပင် တောက်ပလွန်းလှ၏။
“အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ...”
အသံက ထင်ရှားခြင်း သိပ်မရှိလှ။ ယောက်ျားသံ၊ မိန်းမသံ ခွဲခြားဖို့ပင် ခက်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ထိုအသံထဲတွင် ခုခံရန် မည်သို့မှ မဖြစ်နိုင်သည့် အသွင် သဏ္ဌာန်မဲ့ သြဇာ အာဏာ တစ်ခု ရှိနေခဲ့သည်။
ဝှစ်...
ဝတ်ရုံနက်ဝတ် နောက်ထပ် ပုံရိပ် တစ်ခုမှာ ပလ္လင်ရှေ့တည့်တည့်တွင် ပေါ်လာခဲ့၏။
“ငါတို့ အမြုတေကို ရှာတွေ့ပြီ”
သူ၏ အသံက ပျော်ရွှင်သည့် အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။
“ဒါက ငါတို့ အတွက် အခွင့်အရေးပဲ”
ပလ္လင်ထက်၌ ထိုင်နေသည့် ပုဂ္ဂိုလ်၏ ကြယ်တာရာ မျက်လုံးများမှာ လျှို့ဝှက် ဆန်းကြယ်စွာဖြင့် ရွေ့လျား သွားသည်။ ထို့နောက်... ၎င်းတို့က ရုတ်ချည်း ရပ်တန့်သွားကာ ကမ္ဘာဖျက် စွမ်းအင်လှိုင်းများကို စတင် ထုတ်လွှတ်လာသည်။ ထိုစွမ်းအင်၏ အောက်တွင် လောကသည်ပင် မှေးမှိန်သွား၏။
“အစစ်အမှန် နတ်ဘုရားရဲ့ ပထမ တေးသွားကို အသက်သွင်းတော့”
“အစစ်အမှန် မွေးဖွားခြင်း အတွက်...”
ဝတ်ရုံနက်ဝတ် ပုံရိပ်မှာ အော်ဟစ် မြည်တမ်းရင်း ပျောက်ကွယ်သွား၏။ ထို့နောက်တွင်တော့ အရိပ်ဥများ၏ ရွေ့လျားရာ လမ်းကြောင်းမှာ စတင်ကာ ပြောင်းလဲ လာခဲ့တော့သည်။
"အစစ်အမှန် မွေးဖွားခြင်း အတွက်...”
ပလ္လင်ထက်ရှိ ပုံရိပ်က ခပ်တိုးတိုး လိုက်လံ၍ ရေရွတ်လိုက်လေ၏။
...
“ငါ ဘယ်ရောက်နေတာလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ သူ့အသံက အားနည်းကာ ပျော့ပျောင်းလှသည်။
"မင်း ဘယ်သူလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ သူ့အသံကတော့ ခိုင်မာကာ အမိန့်ပေးခြင်းများနှင့် ပြည့်နှက် နေခဲ့တော့သည်။
***