အချိန်မြစ်ကို ဆန့်ကျင်၍
Vol. 82 Ch. 1141
ဟူး... ဟူး...
ဝေ့ဝူယင်မှာ အလင်းတန်းများ၏ ဖမ်းယူ ဝါးမြိုမှု အလယ်မှ ဖြည်းညင်းစွာပင် လွတ်မြောက်လာခဲ့၏။ ခဏတာ ဝေဝါးသွားခဲ့သည့် အသိစိတ်နှင့် အာရုံတို့က ခပ်မြန်မြန်ပင် ပြန်လည် ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ စိုစွတ်သည့် မြက်ခင်းနှင့် ကျေးငှက်တို့၏ ရနံ့ကို သူ ခံစားလိုက်ရသည်။
“ဒီအနံ့က...”
ဝေ့ဝူယင် ထိုအငွေ့အသက်ကို ချက်ချင်းပင် မှတ်မိလိုက်၏။ သူ ကလေးဘဝတုန်းက နတ်ဆိုးတောင်တန်းများ အနားကို မကြာခဏ ဆိုသလို သွားရောက်ကာ ရဲရင့်သည့် ခြင်္သေ့ပျို တစ်ကောင်လို စူးစမ်း ရှာဖွေ ခဲ့ဖူးသည်။
အစောင့်များ၊ အစေခံများမှာ သူ လစ်ထွက်အလာကို ဘယ်တော့မှ မတားနိုင်ခဲ့။ နောက်တွင်မှ တကြော်ကြော် အော်ခေါ်ကာ လိုက်ရှာခဲ့ရသည်ချည်း ဖြစ်သည်။ ထိုအခါ ဝေ့ဝူယင်မှာ သစ်ပင်များပေါ် တက်ကာ သစ်ကိုင်းများ အကြား၌ ပုန်းနေတတ်သေးသည်။ ထိုနေ့ရက်များမှာ သူ့ဘဝ အတွက်တော့ အမှတ်တရ အဖြစ်ဆုံး၊ မမေ့နိုင်ဆုံး အခိုက်အတန့်များ ဖြစ်ပေသည်။
“ငါ ဘယ်ရောက်နေတာလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ သူ့အသံက အားနည်းကာ ပျော့ပျောင်းလှသည်။ သူ အံ့အားသင့်သွားကာ ညာဘက်လက်ဖြင့် လည်ပင်းကို ထိကြည့်လိုက်သည်။ ထိုအခါ နူးညံ့စွာ စီးဆင်းနေသည့် သွေးကြောများကို ခံစားလိုက်ရ၏။
“ငါ ကျင့်ကြံခြင်း အခြေခံကို ဆုံးရှုံးသွားတာလား...”
ဝေ့ဝူယင် အနည်းငယ် ထိတ်လန့် သွားခဲ့သည်။ ထိုအခိုက်တွင်ပင် ကျောက်တုံး တစ်တုံးကို ခလုတ်တိုက်သွားကာ သူ၏ ခြေချောင်းလေးများမှာ နာကျင်သွား၏။ ဝေ့ဝူယင် ထိတ်လန့်တုန်လှုပ်စွာဖြင့် အောက်ကို ငုံ့ကြည့်လိုက်ရာ ခြေမထိပ်တွင် အနည်းငယ် စုတ်ပြဲသွားသည်ကိုပင် တွေ့ရသည်။ သွေးစသွေးနလေးများမှာ တစိမ့်စိမ့် စထွက်လာ၏။ အံ့အားသင့်စရာ ကောင်းစွာပင် သူ၏ ယခု ခန္ဓာကိုယ်မှာ ကျင့်ကြံခြင်းကို တစ်အောင်စမျှ မစရသေးချေ။
တစ်ချိန်တည်းတွင်ပင် ခန္ဓာကိုယ်ထက်၌ ဘာကိုမှ ဝတ်မထားကြောင်း ဝေ့ဝူယင် သတိထားမိသွားသည်။
သို့သော်လည်း ဝေ့ဝူယင်၏ မျက်လုံးများကို ကျဉ်းမြောင်း သွားစေခဲ့သည်ကတော့ ထိုရှာဖွေ တွေ့ရှိမှု မဟုတ်ပါချေ။ အနီးအနား၌ ပေါက်ရောက်နေသည့် ပန်းပွင့်ကလေးများ ဖြစ်သည်။ ၎င်းတို့မှာ ခရမ်းရောင် နှင်းဆီများ ဖြစ်ကာ သူတို့ ကမ္ဘာတွင်တော့ လခရမ်း နှင်းဆီဟု မှည့်ခေါ်ကြသည်။ လခရမ်း နှင်းဆီများမှာ ညအချိန်တွင် တောက်ပလာကာ ညင်သာကာ သိမ်မွေ့လှသည့် အလင်းတစ်ခုကို ထုတ်လွှတ်လေ့ ရှိသည်။ ထိုအလင်းမှ ကောင်းကင်၊ လဂြိုဟ်များထံမှ လာသည့် အလင်းနှင့် ဆင်တူပေသည်။
“တိုင်... လျဲ့...”
နာမည်ကလေး တစ်စုံက ဝေ့ဝူယင်၏ နှုတ်ခမ်းမှ ခက်ခက်ခဲခဲ ထွက်ပေါ်လာ၏။ သူ၏ အသံက အနည်းငယ် ဆို့နင့်နေကာ နာကျင်သည့် ခံစားချက်များ ရောစွက်နေသည်။
ဂျိုးငှက်တို့၏ ရနံ့၊ လေထု၏ ရင်းနှီး ကျွမ်းဝင်မှု၊ နောက်ပြီး လခရမ်း နှင်းဆီများ...
ဝေ့ဝူယင် ကောင်းကောင်း မှတ်မိခဲ့ပြီ ဖြစ်သည်။ ထိုနေရာကတော့ ဂျိုးငှက်နီမြို့၏ အရှေ့တောင်ဘက်၌ တည်ရှိနေသည့် တိုင်လျဲ့ လှဲလျောင်းရာ နေရာပင် ဖြစ်လေသည်။
“ငါ ဒီကို ငါလို့ ရောက်လာတာလဲ... ငါ့ရဲ့ ကြယ်တာရာ ဝိညာဉ်တွေရော...”
ဝေ့ဝူယင် အမှတ်မထင် လည်ပင်းကို ထိတွေ့ ကြည့်မိလိုက်၏။ ထိုနေရာ၌ ပုံဆောင်ခဲထားသည့် အနန္တ ကုန်းမြေတိုက်ကြီး ရှိနေပေသည်။ သူ ဘယ်တုန်းကမှ အိမ်ကို မစွန့်ခွာခဲ့။
သို့သော်လည်း... သူ့လည်ပင်းတွင် ဘာမှ ရှိမနေခဲ့ချေ။ အထီးကျန်သည့် ခံစားချက် တစ်ခုက ဝေ့ဝူယင် နှလုံးသား အတွင်း တိုးဝင် လာခဲ့၏။ ငါ အထီးမကျန်ခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ...။ ဝေ့ဝူယင် တွေးလိုက်သော်လည်း အဖြေကတော့ ပေါ်မလာခဲ့ချေ။
“မင်း ဘယ်သူလဲ...”
ရုတ်တရက် အလွန်တရာ ရင်းနှီးလှသည့် အသံ တစ်ခုကို ဝေ့ဝူယင် ကြားလိုက်ရ၏။ ထိုအသံက ခိုင်မာကာ အမိန့်ပေးခြင်းများနှင့် ပြည့်နှက် နေသည်။
ဝေ့ဝူယင် နောက်ကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ် သွားခဲ့သည်။ သူ၏ အရှေ့၌ ရပ်နေသူက အရပ်ရှည်ကာ အလွန်ပင် ခန့်ညား ချောမောသည့် လူငယ် တစ်ယောက် ဖြစ်သည်။ နောက်ပြီး သူ့ မျက်လုံးများ... ထိုငွေရောက် မျက်လုံးများက လောက၏ အမှန်တရားများကို သယ်ဆောင်ထားသယောင် ထင်ရသည်။
“ဪ...”
အသံမှာ အနည်းငယ် ပျော့ပျောင်းသွား၏။ သတ်ဖြတ်လိုသည့် အငွေ့အသက်များက သိသိသာသာပင် လျော့ကျ သွားသည်။
“နောက်ထပ် လောကီ တစ္ဆေ တစ်ယောက်ပါလား... စိတ်ဝင်စား စရာပဲ”
ဝေ့ဝူယင် ပုဂ္ဂိုလ်၏ အသံကို ကြားလိုက်ရ၏။ သို့သော်လည်း... သူက သူ လုံးဝ နားမလည်သည့် ဘာသာ စကား တစ်ခုဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ချောမောသည့် ပုဂ္ဂိုလ်ကို ကြည့်ရင်း ဝေ့ဝူယင်မှာ မှန်ကြည့်နေရသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်နည်း။ ထိုပုဂ္ဂိုလ်မှာ အဝတ်အစား ဝတ်ဆင်ထားသည်မှ အပ သူနှင့် အလုံးစုံ ချွပ်စွပ် တူနေခြင်းကြောင့်ပင် ဖြစ်သည်။ သူက အမှန်တကယ်ကို နောက်ထပ် ဝေ့ဝူယင် တစ်ယောက် ဖြစ်ပေသည်။
“...”
ဝေ့ဝူယင် အနည်းငယ် တွေးလိုက်၏။ စကားပြောရန် ဟန်ပြင်လိုက်သော်လည်း သူ ပြန်လည် ထိန်းလိုက်သည်။ လက်ရှိ သူ့ထံတွင် စကားပြောနိုင်သည့် ကျင့်ကြံခြင်း အခြေခံ မရှိချေ။ သူ၏ ခွန်အားက သေမျိုး တစ်ယောက်လို အားနည်းလှပေသည်။
သို့သော်လည်း... သူ့ အရှေ့ရှိ ဝေ့ဝူယင်ကတော့ အလွန်တရာ ခိုင်မာလှသည့် အော်ရာကို ပိုင်ဆိုင် ထားသည်။ ထိုကဲ့သို့ အော်ရာမျိုးကို မြေကြီး ရှန့်ထိုများထံတွင်သာ ဝေ့ဝူယင် တွေ့ဖူးသည်။ ထို့အပြင်... ဝူယုပင်လျှင် ထိုဝေ့ဝူယင်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ဟူသော ခံစားချက်မျိုးကို ဆဋ္ဌမအာရုံမှ တစ်ဆင့် သူ ခံစား နေမိခဲ့သည်။
ဝေ့ဝူယင် မသိမသာ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်၏။
“ရပ်လိုက်...”
သူ့ရှေ့ရှိ ဝေ့ဝူယင်က ညင်သာသည့် လေသံဖြင့် အမိန့်ပေးလိုက်သည်။
"...”
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အေးခဲ သွားကာ ရုတ်တရက် ရပ်တန့် သွား၏။ သူ၏ ဝင်သက်ထွက်သက်က လည်ချောင်းထဲတွင်ပင် ရပ်တန့်သွားကာ နှလုံးသားက အရှိန်အဟုန်နှင့် ခုန်လာခဲ့သည်။
“ငါ ကိုယ့်ကိုယ်ကို ပြန်ကြောက်နေတာလား...”
ဝေ့ဝူယင် တွေးလိုက်မိ၏။ သို့သော်လည်း... သူ့ အရှေ့ရှိ ဝေ့ဝူယင်က ညင်သာစွာပင် သူ့ နောက်နားရှိ နေရာလွတ်ကို ညွှန်ပြလိုက်သည်။
"ငါ သူ့ရဲ့ အုတ်ဂူကို နည်းနည်း နေရာရွှေ့ထားတယ်... သူက နှင်းဆီတွေ အောက်မှာ လှဲနေတာ”
ဝတ်စုံဝတ် ဝေ့ဝူယင်၏ လေသံက အလွန်ပင် နူးညံ့လှ၏။ ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူကာ ရှေ့ကို ပြန်တိုး လိုက်သည်။ ထို့နောက် သူက နောက်ကို လှည့်ကာ လခရမ်း နှင်းဆီများကို ကြည့်လိုက်၏။
“သူက ဒီအောက်မှာပေါ့”
သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ တစ်ခဏ ကြာပြီးနောက်မှ သူက ဝတ်စုံဝတ် ဝေ့ဝူယင်ကို ပြန်လည် ကြည့်လိုက်သည်။ သူ့ မျက်လုံးများမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာ၏။ ကြောက်ရွံ့မှု အာရုံက ခန္ဓာကိုယ်ထဲမှ ထွက်ခွာ သွားခဲ့ပြီ ဖြစ်လေရာ သူ၏ အတွေးများက ချောမွေ့စွာ စီးဆင်း နေခဲ့ပြီ ဖြစ်လေသည်။ တစ်ချိန်တည်းတွင်ပင် ကျင့်ကြံခြင်း အခြေခံက ခန္ဓာကိုယ် အတွင်း ပြန်လည် စီးဝင်လာသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။
“မင်း ကျင့်ကြံခြင်း အခြေခံကို ပြန်ရဖို့ အချိန်တစ်ချို့ လိုမယ်”
ဝတ်စုံဝတ် ဝေ့ဝူယင်က စိတ်ရှည်စွာ ပြောလိုက်ရင်း ကိုယ်တုံးလုံး ဝေ့ဝူယင် အနားသို့ လမ်းလျှောက် လာခဲ့သည်။ ထို့နောက် သူက ကျော်သွားကာ နှင်းဆီခင်း နံဘေးတွင် ဒူးထောက် ထိုင်ချလိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းများက အနူးညံ့ဆုံးသော နွေးထွေးမှုတို့နှင့် အတူ နှင်းဆီပွင့်များကို စိုက်ကြည့် နေခဲ့လေသည်။
ဝေ့ဝူယင်ကတော့ နေရာတွင်ပင် ရပ်ကာ တိတ်တဆိတ် စောင့်ကြည့် နေခဲ့၏။ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ ဖြည်းညင်းစွာပင် ပြန်လည် ပြည့်လာနေခဲ့သည်။ ယခု၌ သူက ချစ်ပျစ်ခဲခြင်း ပထမ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
လောက၌ တိတ်ဆိတ်ခြင်းကသာ နေရာယူ နေခဲ့သည်။ မကြာခင်မှာပင် ဝေ့ဝူယင်မှာ ချီပျစ်ခဲခြင်း တတိယ အဆင့် ဒြပ်စင် မွေးဖွားခြင်း အဆင့်ကို ရောက်ရှိလာခဲ့သည်။ ဒြပ်စင် စွမ်းအင်များ ခန္ဓာကိုယ် အတွင်း ပြန်လည် ဝင်ရောက်လာနေသည်ကို ဝေ့ဝူယင် ခံစား နေမိခဲ့၏။
“ခင်ဗျားက...”
ကိုယ်တုံးလုံး ဝေ့ဝူယင်က မေးလိုက်၏။ သို့သော်လည်း ဘာဆက်မေးရမှန်း သူ မသိချေ။
မှားသော အမှန်အဆင့်...
ဝတ်စုံဝတ် ဝေ့ဝူယင်က မော့မကြည့်ချေ။ လခရမ်း နှင်းဆီ တစ်ပွင့်၏ ပွင့်ဖတ်ကလေးများကိုသာ လက်ဖြင့် သပ်ရင်း ဖြေလိုက်၏။
“ဒီနှစ်ဆိုရင် ငါ့အသက်က တစ်ရာ နှစ်ဆယ့် ရှစ်နှစ် ပြည့်ပြီ”
ကိုယ်တုံးလုံး ဝေ့ဝူယင် ဘာကို မေးသင့်ကြောင်း စဉ်းစား မရသော်လည်း ဝတ်စုံဝတ် ဝေ့ဝူယင်က ခန့်မှန်းမိသည့် အလား ကွက်တိဒက်ထိပင် အဖြေးလိုက်သည်။
ချီအမတေ အဆင့်...
ဝေ့ဝူယင်၏ စိတ်က အနည်းငယ် တုန်ရီသွားခဲ့၏။ ထိုဝေ့ဝူယင်မှာ သူ့ထက် အသက် နှစ်ဆကျော် ကြီးပေသည်။ သို့ပေမဲ့ မည်ကဲ့သို့နည်း။
ဝေ့ဝူယင် စဉ်းစား မရ ဖြစ်သွားခဲ့၏။ သူက ဘာမှ မရှိသည့် ကျင့်ကြံခြင်း အခြေခံဖြင့် အနန္တ ကုန်းမြေတိုက်ကြီးတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။ ထို့နောက်... သူ့ထက် အသက် နှစ်ဆ ကြီးသည့် နောက်ထပ် ဝေ့ဝူယင် တစ်ယောက်နှင့် တွေ့ခဲ့သည်။ သူက တကယ် သူရော ဟုတ်ရဲ့လား။
ကောင်းကင် အုပ်စိုးသူ အဆင့်...
“ကျုပ် ဒီကို ဘာလို့ ရောက်လာတာလဲ ခင်ဗျားသိလား...”
ကိုယ်တုံးလုံး ဝေ့ဝူယင်က မေးလိုက်ပြန်၏။
ဝိညာဉ် ဆင်းတု အဆင့်...
“မင်းက လောကီတစ္ဆေပဲလေ... ဒီကြယ်တာရာ ဝိညာဉ်လေးခုရဲ့ လမ်းလွဲနေတဲ့ အချစ်က ဒုက္ခပေါင်းစုံကို ရောက်စေခဲ့တာပဲ... နောက်ပြီး ဒါက အဲဒီ အကျိုးဆက်ပဲပေါ့... စိတ်မပူပါနဲ့.. ငါလည်း အရင်က ဒီလို ကြုံဖူးပါတယ်”
ဝတ်စုံဝတ် ဝေ့ဝူယင်၏ အသံက အံ့အားသင့်မှု နည်းနည်းမျှ မရှိပါချေ။ ကံကောင်းထောက်မစွာပင်... ပထမ တစ်ကြိမ် ပြီးကတည်းက သူက သေမျိုး ဘာသာစကားဖြင့် ပြောင်းပြောနေခြင်း ဖြစ်လေရာ “လောကီတစ္ဆေ” ဆိုသည့် စကားကို ဝေ့ဝူယင် ကောင်းကောင်း ကြားလိုက်ရသည်။
အလင်းပြန်ခြင်း အဆင့်...
“အဲဒီတုန်းက အချိန်မြစ် ကပ်ဘေးကို ငါ ကောင်းကောင်း မှတ်မိပါသေးတယ်လေ... ကြောက်ဖို့လည်း ကောင်းသလို စိတ်ရှုပ်ထွေးစရာလည်း ကောင်းတယ်...”
ဝတ်စုံဝတ် ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ ဖြူရော်သည့် အပြုံးတစ်ခုက ဖြည်းညင်းစွာ နေရာယူလာခဲ့၏။ သူက အရင်အချိန်တွေကို ပြန်သတိရနေတာ ရှင်းလင်းပေသည်။
“အချိန်မြစ် ဟုတ်လား... လောကီမျက်လုံး အဆင့် ကြယ်တာရာ ကပ်ဘေးလား...”
ဝေ့ဝူယင် မသေချာ မရေရာစွာဖြင့် မေးလိုက်သည်။ အချိန်မြစ် ဆိုသည့် နာမည်က သူ ရင်ဆိုင်နေရသည့် ကပ်ဘေးနှင့် လားလားမျှ မဆိုင်ချေ။
မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်...
“ဟမ်...”
နောက်ဆုံး၌ ဝတ်စုံဝတ် ဝေ့ဝူယင်က မော့ကြည့်လိုက်၏။ စိတ်ဝင်စားသည့် အငွေ့အသက် တစ်ချို့က သူ့ မျက်ဝန်းများ အတွင်း ဖွဲ့စည်းလာသည်။ ထို့နောက် သူက ဖြည်းညင်းစွာဖြင့် မျက်မှောင်ကြုတ် လိုက်၏။
“မဟုတ်ဘူး... အချိန်မြစ် မြေကြီး ကပ်ဘေး ဂိတ်တံခါးကို ပြောတာလေ... မင်းကဘာ...”
နောက်ဆုံး၌ ဝေ့ဝူယင်မှာ ကျင့်ကြံခြင်း အခြေခံ အလုံးစုံကို ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံ မြင့်တက် လာနေခဲ့မှုက လောကသခင် အဆင့်တွင်ပင် အဆုံးသတ် သွားခဲ့၏။ သူ၏ အော်ရာက အဆုံးမဲ့ လှကာ သာလွန် မြင့်မြတ်လှသည့် ကျင့်ကြံခြင်း အခြေခံ ခိုင်မာမှုကို ဖော်ပြနေပေသည်။
“မင်း အသက် ဘယ်လောက်လဲ...”
ဝတ်စုံဝတ် ဝေ့ဝူယင်က အနည်းငယ် အံ့သြစွာဖြင့် မေးလိုက်၏။
“ဒီနှစ်ဆို ခြောက်ဆယ်...”
ဝေ့ဝူယင် နှစ်ယောက် အကြားတွင် နောက်တစ်ကြိမ် တိတ်ဆိတ် သွားပြန်၏။ ထို့နောက် ရုတ်ချည်း ဆိုသလိုပင် သူတို့ နှစ်ယောက်၏ အကြည့်များက အခြား တစ်နေရာဆီ ရွေ့လျားသွားသည်။
“ဒါက ဘယ်လို သောက်ဆန်းကြီးလဲ...”
စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အသံ တစ်ခု ထွက်ပေါ်လာ၏။
“သောက်ပြဿနာက ပေါ်လာပြန်ပြီ... မင်းတို့ ကောင်တွေ ငါ့ကို သတ်ချင်နေတာလား ဘာလားပဲ”
သူ၏ အသံက ဒေါသ အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ သူကတော့ အခြားသူ မဟုတ်။ မိမွေးတိုင်း ဖမွေးတိုင်း ဝတ်လှစ်စလစ်ဖြင့် နောက်ထပ် ဝေ့ဝူယင် တစ်ယောက် ဖြစ်လေတော့သည်။
***