← Chapters

စတင်ခြင်း

Vol. 82 Ch. 1143

စတင်ခြင်း

Vol. 82 Ch. 1143

“ကျုပ်တို့ အားလုံးက လောကီ တစ္ဆေတွေလား... ဒါမှမဟုတ် ကျုပ်နဲ့ ခင်ဗျားပဲလား”

ဝေ့ဝူယင်က မေးလိုက်၏။ ထိုအရာက သူ နားမလည်သေးသည့် အချက်တစ်ချက် ဖြစ်သည်။ သူက ဤကပ်ဘေးတွင် အမာရွတ် ဝေ့ဝူယင်ကို ရင်ဆိုင်ရမည်လော။ သို့တည်းမဟုတ်... ဤနေရာကို မတော်တဆ ရောက်လာခြင်းလော။

ဝတ်စုံဝတ် ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။

“ငါတို့ အားလုံးက လောကီတစ္ဆေတွေပဲလေ... တူညီတဲ့ အချိန်၊ တူညီတဲ့ အာကာသ တစ်ခုမှာ ဝိရောဓိ ဖောက်ပြန်မှု မရှိပဲ ငါတို့တွေ အတူတူ မရှိနိုင်ဘူး.... ရှိခဲ့မယ် ဆိုရင် ကောင်းကင်ရဲ့ သေမျိုး၊ လျှို့ဝှက် အင်မော်တယ် ဆိုတဲ့ တာအို သုံးခုက အဓိက အချိန်စီးကြောင်းကို ကာကွယ်ဖို့ ငါတို့ကို ချေမှုန်းလိမ့်မယ်... ခု ငါတို့ အားလုံးက အချိန်မြစ်ကနေ ဖန်တီးထားတဲ့ အချိန် ကိုယ်ပွားတွေ အနေနဲ့ တည်ရှိနေကြတာ... ငါတို့ရဲ့ ဝိညာဉ်တွေက ဒီနေရာမှာ ရှိမနေဘူး... အခု ရှိနေတာက ပင်ပ စိတ်ဝိညာဉ် ကိုယ်တိုင်ပဲ”

အချိန်စီးကြောင်း... အချိန်မြစ်... ပင်မ စိတ်ဝိညာဉ်...

ဝေ့ဝူယင် နားမလည်နိုင်အောင် ဖြစ်သွား၏။ သူက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ သို့ဖြစ်လေရာ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို သိရှိရန် အလှမ်းကွာနေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် ဝတ်စုံဝတ် ဝေ့ဝူယင် ပြောနေသည့် အရားများကို နားလည်ရန် ခက်ခဲလှသည်။ ၎င်းတို့က သေမျိုး အကန့်အသတ်ထက် များစွာ ကျော်လွန် နေပေသည်။

ထို့အပြင်... ဝတ်စုံဝတ် ဝေ့ဝူယင်၏ နှုတ်ခမ်း လှုပ်သွားပုံနှင့် ကြားလိုက်ရသည့် စကားလုံးများက အနည်းငယ် ကွဲပြားနေသလို သူ ခံစားရသည်။ ထိုအရာက အဘယ်ကြောင့်နည်း။ ဝတ်စုံဝတ် ဝေ့ဝူယင်က လျှို့ဝှက် ဘာသာစကားဖြင့် ပြောဆိုနေခြင်းလော။ သူကရော အဘယ်ကြောင့် နားလည် နေရသနည်း။

“ငါပြောတာကို နားလည်နိုင်လို့ မင်း အံ့သြနေတာလား... အံ့သြစရာ မရှိပါဘူး... အဲဒါက မဂ္ဂီ ဆိုတဲ့ စွမ်းအား တစ်မျိုးကြောင့်ပဲ”

ဝတ်စုံဝတ် ဝေ့ဝူယင်က ပြုံးလိုက်ရင်း ငွေရောင် မျက်လုံးများကို ညွှန်ပြလိုက်သည်။ ထိုအခါတွင်မှ ဝတ်စုံဝတ် ‌ဝေ့ဝူယင်၏ မျက်လုံးများထဲတွင် ဝိညာဉ် ဝင်္ကပါလေးများစွာ ရှိနေသည်ကို သတိထား လိုက်မိ၏။ ၎င်းတို့က သန့်နှင့်ချီသည် အထိ များပြား ပေလိမ့်မည်။

“မဂ္ဂီ... ဟုတ်လား”

ဝတ်စုံဝတ် ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

“အမှန်ပဲ... မင်းက ငယ်သေးလို့ မသိသေးတာ... ငါ ဒီအကြောင်း ဆက်မပြောတော့ဘူး... မင်းသာ ဆန္ဒရှိမယ် ဆိုရင် အဲဒီ အကြောင်း သိလာရမှာပါ”

“...”

ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ အကြောင်းပြချက် တစ်ချို့ကြောင့် ပိုမို၍ လေ့လာ သင်ယူခြင်းက လွတ်မြောက်ပြီး နောက်တွင် ပိုမို၍ အန္တရာယ် ရှိနိုင်သလို သူ ခံစားရသည်။ တစ်ချိန်တည်း၌ ဝတ်စုံဝတ် ဝေ့ဝူယင်မှာ ယုံကြည်ရသူ တစ်ယောက် မဟုတ်ကြောင်း သူ ခံစားရသည်။ အကြောင်းပြချက်ကိုတော့ မဖြေရှာ မရပါချေ။ လွဲချော်မှု တစ်ခုခုတော့ ရှိနေပြီ ဖြစ်သည်။

ရုတ်တရက် အလင်းတန်း တစ်ခုက ဝေ့ဝူယင်၏ အတွေးအတွင်း ဖျပ်ခနဲ ဝင်ရောက်လာခဲ့၏။ သူက စက္ကန့်မဆိုင်းပင် မေးလိုက်သည်။

“တကယ်လို့ ကျုပ်တို့က အချိန်မြစ်ထဲမှာ ဆိုရင် ဘာလို့ အနန္တ ကုန်းမြေတိုက်ကြီးပေါ် ရောက်နေရတာလဲ... ကျုပ် ရောက်လာတာကို ဘာလို့ ခင်ဗျား အံ့အားသင့်ရတာလဲ”

ဝတ်စုံဝတ် ဝေ့ဝူယင်ကတော့ ငယ်ရွယ်သည့် ဝေ့ဝူယင်၏ မေးခွန်း အပေါ် အံ့သြဟန် မရပါချေ။ သူက တည်ငြိမ်စွာပင် ပြုံးလိုက်၏။

“ကြည့်ရတာ အခု ငါက ငယ်ငယ်တုန်းက ငါထက် ပိုပြီး ဉာဏ်ကောင်းတဲ့ ပုံပဲ ဟဟ... အခု မင်းက ငါ့ရဲ့ အချိန်စီးကြောင်းထဲမှာ ရောက်နေတာ... ငါ့တည်ရှိမှု အခိုက်အတန့်ထဲမှာ သီးခြား ရှိနေတာ.. တစ်နည်း ပြောရရင် မင်းတို့က ငါ့ရဲ့ အမှန်တရားထဲ ရောက်နေတာပေါ့... အဲဒါကို ငါ ဘယ်လို မျှော်လင့်ခဲ့မှာလဲ... တစ်နေ့မှာ မင်းကိုယ်တိုင်လည်း မင်းရဲ့ လောကီတစ္ဆေနဲ့ ရင်ဆိုင်ကောင်း ရင်ဆိုင်ရလိမ့်မယ်... အဲဒီအခါ ငါ့လိုပဲ အံ့အားသင့်ရဦးမှာပဲ... အဲဒီလို ထပ်မဖြစ်စေဖို့ပဲ မျှော်လင့်ရတာပေါ့”

“ကျုပ် နားမလည်ဘူး...”

ဝေ့ဝူယင်မှာ ယခုအချိန်ထိ သူတို့ ပြောနေသမျှ အရာရာကို နားမလည်နိုင်အောင် ဖြစ်နေသေးဆဲ ဖြစ်သည်။ အလွန်အရေးကြီးသည့် သတင်း အချက်အလက် တစ်ချို့က ကင်းလွတ်နေသည်။ သေမျိုး တစ်ယောက် အနေဖြင့် အချိန်နှင့် အာကာသ အပေါ် သူ၏ နားလည်နိုင်စွမ်းမှာ လျှို့ဝှက် အဆင့်တွင်ပင် ရှိနေသေးဆဲ ဖြစ်သည်။ လျှို့ဝှက် အဆင့်ကို ရောက်ရှိရန် အလွန် အလှမ်းကွာပေသေးသည်။

“နှေးလိုက်တဲ့ကောင်... လိပ်အတိုင်းပဲ”

အမာရွတ်နှင့် ဝေ့ဝူယင်က ထွီခနဲ တံတွေး ထွေးလိုက်၏။ သူ့ သွေးမျက်လုံးများထဲမှ တင်းမာမှုက ပိုမို၍ တိုးလာကာ ဒေါသက ငရဲလို မြင့်တက်လာ၏။ ‌

ဝေ့ဝူယင်ကတော့ ဖြူရော်စွာသာ ပြုံးလိုက်မိသည်။ ဘာတတ်နိုင်မည်နည်း။ သူ၏ အသက်နှင့် ကျင့်ကြံခြင်း အခြေခံတို့က အလွန်ပင် နိမ့်ပါး နေသေးသည် မဟုတ်ပါလား။

ထို့အပြင်... သူတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်ထက် ကျော်လွန်သည့် အကြောင်းအရာများကို ဆွေးနွေး နေကြခြင်း ဖြစ်သည်။ မည်ကဲ့သို့ နားလည် ဆုပ်ကိုင်နိုင်မည်နည်း။

“ဘဝကြီးက ချီးလိုပဲ... ကောင်းကင်တာအို ဆိုတဲ့ ခွေးမသားကြီး ချီးပဲကွာ... ချီးပဲ... မင်းတို့ အကုန်လုံး ချီးပဲ”

ရုတ်တရက် အမာရွတ် ဝေ့ဝူယင်က ကောင်းကင်ကို မော့ကြည့်ရင်း အော်ဟစ်ဆဲဆို လိုက်၏။ ဝေ့ဝူယင် လန့်ဖျပ်သွားကာ နောက်ကိုပင် ခုန်ဆုတ်လုမတတ် ဖြစ်သွားခဲ့သည်။ ဝတ်စုံဝတ် ဝေ့ဝူယင်ကတော့ ညင်သာစွာသာ ပြုံးလိုက်၏။ သူ့မျက်လုံးများထဲ၌ သနားသည့် အငွေ့အသက် တစ်ချို့ ရှိနေခဲ့၏။

“ငါတို့ အရင် ရင်ဆိုင်လိုက်ကြရအောင်... အဆင်ပြေတယ် မလား”

သူက တည်ငြိမ်စွာ ပြောလိုက်၏။

“...”

အမာရွတ် ဝေ့ဝူယင်က ဝတ်စုံဝတ် ဝေ့ဝူယင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ သူ၏ မျက်လုံးများက ပိုမို စူးရဲစွာ တောက်ပလာကာ ခန္ဓာကိုယ် အတွင်း ပေါက်ကွဲနေသည့် ‌ဒေါသနှင့် သတ်ဖြတ်လိုစိတ်များမှာ ပစ်မှတ်တစ်ခုကို ရှာဖွေ တွေ့ရှိသွားသည့်ပုံ ရသည်။

“ကောင်းပြီလေ... ဒါပေမဲ့ ငါတို့တွေ မစခင်...”

အမာရွတ် ဝေ့ဝူယင်၏ အမူအရာက အံ့သြဖို့ ကောင်းလောက်အောင်ပင် တည်ငြိမ်သွား၏။ ထို့နောက် သူက သက်ပြင်းတစ်ချက် ရှိုက်ကာ လူငယ် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများက ပြင်းထန်သည့် ခံစားချက်များနှင့် ပြည့်နှက်နေ၏။

“ကောင်လေး... စုမေ့ အသက်ရှင်နေသေးလား ဆိုတာ ငါသိချင်တယ်”

ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့၏။ စုမေ့...။ ဝတ်စုံဝတ် ဝေ့ဝူယင်ကလည်း ငယ်ရွယ်သည့် ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်သည်။ သူ၏ မျက်ဝန်းများက အလားတူပင် ခံစားချက်များနှင့် ပြည့်နှက် နေ၏။

လေထုအတွင်းရှိ ဖိအားက ပိုမို၍ တိုးမြင့်လာနေသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ အမာရွတ် ဝေ့ဝူယင်၏ ခံစားချက်ကို ငွေရောင် မျက်ဝန်းများထဲ၌ သူ ထင်ရှားစွာ မြင်နိုင်ပေသည်။

“အင်း... သူ အသက်ရှင်သေးတယ်”

အမာရွတ် ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သက်တောင့်သက်သာ ဖြစ်သွားဟန်ဖြင့် ပြေလျော့ သွားခဲ့သည်။ သူ၏ လက်အောင်းများက ဘေးဘက်သို့ ပြုတ်ကျသွားခဲ့၏။ သူက ခေါင်းကို မော့ကာ အပေါ်ကို ကြည့်လိုက်သည်။

ဝတ်စုံဝတ် ဝေ့ဝူယင်၏ မျက်ဝန်းများက မသိမသာ ပြူးကျယ်သွား၏။ သို့သော်လည်း... သူက စကားမပြောခဲ့ချေ။

အချိန်တစ်ခု ကြာမြင့်ပြီး နောက်တွင်တော့ အမာရွတ် ဝေ့ဝူယင်က ပြုံးလိုက်သည်။ ကန့်လန့်ဖြတ် အမာရွတ် တစ်ခု ရှိနေသည့်တိုင် သူ့ မျက်နှာထက်၌ ချောမော ကြည်လင်သည့် အငွေ့အသက်များ ပြန်လည် ရရှိလာ၏။

“ဘယ်လို ကိစ္စတွေပဲ ရှိရှိ... သူ့ကို မဆုံးရှုံးစေနဲ့...”

သူ၏ လေသံက တောင်းပန်နေသယောင် ရှိ၏။ ဝေ့ဝူယင်က လေးနက်သည့် အမူအရာနှင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ကျုပ် ဘယ်တုန်းကမှ သူ့ကို ဆုံးရှုံးဖို့ မရည်ရွယ်ခဲ့ဘူး”

“ကဲ... ငါတို့ စလိုက်ရအောင်...”

ဝတ်စုံဝတ် ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချရင်း ကြားဖြတ် ဝင်ပြောလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာပင် ကောင်းကင်ထံ ပျံတက် သွားခဲ့သည်။

“ကောင်းပြီလေ...”

အမာရွတ် ဝေ့ဝူယင်က ပြုံးလိုက်၏။ သူ၏ မျက်လုံးများက ချက်ချင်း ဆိုသလိုပင် သွေးဆာမှု၊ ရက်စက်လိုမှုများနှင့် ပြန်လည် ပြည့်နှက် လာသည်။ သူက စက္ကန့်ပိုင်း အတွင်း ထူးဆန်းစွာပင် အရောင် ‌ပြောင်းလဲနိုင်စွမ်း ရှိပုံ ပေါ်လေသည်။

***

All Chapters