အထိအခိုက်များသည့် ဝေ့ဝူယင်
Vol. 82 Ch. 1144
ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း အသက်ကြီးသည့် ဝေ့ဝူယင် နှစ်ယောက် ကောင်းကင်သို့ ပျံတက်သွားသည်ကို ကြည့်နေခဲ့သည်။ ပုံရိပ်နှစ်ခုမှာ အလွန်ပင် လျှင်မြန်လှကာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အနန္တ ကုန်းမြေတိုက်ကြီး၏ ကောင်းကင်ကို ထိုးဖောက်၍ အမှောင် ဟင်းလင်းပြင်ထဲ ရောက်ရှိသွားကြ၏။ သို့သော်လည်း သူတို့ နှစ်ယောက်၏ လှုပ်ရှားမှုများမှာ မန်နာ သို့မဟုတ် လောက၏ အမတေ မည်သည့် စွမ်းအင်မျိုးကိုမှ လှုပ်ခတ် မသွားစေခဲ့ချေ။
ကြည့်ရသည်က သူတို့ နှစ်ယောက်မှာ ကုန်းမြေတိုက်ကြီး ထိခိုက်မှု မဖြစ်စေရအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားပုံ ရလေသည်။ နှစ်ယောက်သား ပျောက်ကွယ်သွားပြီး နောက်၌ ဝေ့ဝူယင် တိတ်တဆိတ်ပင် တိုင်လျဲ့ အနှစ်သက်ဆုံး ဖြစ်သည့် လခရမ်း နှင်းဆီများကို ငေးမော နေမိ၏။ အတိတ်၏ ပုံရိပ်များက တဖျပ်ဖျပ်ပင် သူ့နှလုံးသား အတွင်း လွင့်ပျံနေ၏။
ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးသော်လည်း... တစ်နေ့တစ်ချိန်တွင် ကောင်းကင် တာအိုကို ဆန့်ကျင်နိုင်သည့် ကျင့်ကြံခြင်း အခြေခံမျိုးသို့ ရောက်ရှိပါက အကိုကြီး၊ တိုင်လျဲ့နှင့် မိဘများကို ပြန်လည် ကယ်တင်ရန် မျှော်လင့်ချက် တစ်ခု သူ့ထံတွင် ခပ်ရေးရေး ရှိပေသည်။
ကောင်းကင်တာအိုထံတွင် အချိန်ကို နောက်ပြန်လှည့်နိုင်သည့် စွမ်းအား တစ်ခု ရှိကြောင်း သူ လက်တွေ့ ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ၎င်းက ထိုနည်းဖြင့် သေဆုံးသွားသည့် ကောင်းချီးခံများကို ပြန်လည် အသက်သွင်းလေ့ ရှိသည်။ အကယ်၍ ကောင်းကင် တာအိုပင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိလျှင် လုံလောက်စွာ သန်မာလာသော တစ်နေ့ သူသည်လည်း လုပ်နိုင်ပေလိမ့်မည်။
ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့် လိုက်မိ၏။ ရုတ်တရက်... စုမေ့ကို မဆုံးရှုံးစေဖို့ အမာရွတ် ဝေ့ဝူယင် မှာကြားခဲ့သည့် စကားကို သူ ပြန်လည် ကြားယောင် လိုက်မိသည်။ နောက်ပြီး ထိုဝေ့ဝူယင် မျက်လုံးထဲမှ နာကျင်မှုများ... သူက စုမေ့ကို ဆုံးရှုံးခဲ့တာ ကျိန်းသေသည်။
“စုမေ့...”
ဒဏ်ရာဒဏ်ချက်များနှင့် ပိန်ပိန်လှီလှီ ကောင်မလေးကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိ၏။ အနန္တ ကုန်းမြေတိုက်ကြီးမှာတည်းက သူမက သူ့နောက်ကို လိုက်ခဲ့သည်။ နေသွေးနီနီဂိုဏ်းအား စွန့်ခွာခဲ့ရချိန်တွင်ပင် တစ်ဖဝါး မခွာခဲ့။ သူ့ဘေးနားတွင်ပင် ယုံကြည်ချက် ရှိစွာ နေခဲ့သည်။ ဝေ့ဝူယင် ဘဝတွင် စုမေ့၊ ပိုင်လင်၊ တုလင်နှင့် မေ့မေ့တို့ကို ဘယ်တော့မှ ဆုံးရှုံးခံလိမ့်မည် မဟုတ်ချေ။
အထက် ကောင်းကင်က ကြည်လင် ရှင်းလင်းနေ၏။ မည်သည့် အစက်အပျောက်၊ လှုပ်ရှားမှုကိုမှ မမြင်ရချေ။ ဝေ့ဝူယင်မှာ သေမျိုး တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူ့ထက် အသက်ကြီးသည့် ဝေ့ဝူယင် နှစ်ယောက် ကတော့ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများမှာ သူ့ မြင်နိုင်စွမ်းထက် ကျော်လွန် နေပေသည်။
ထို့အပြင်... သူတို့က အချိန်မြစ်၏ ပုံရိပ်ယောင် တစ်ခုပဲဟု ဆိုဆို အနန္တ ကုန်းမြေတိုက်ကြီးကို မထိခိုက်စေဖို့ ရွေးချယ်ခဲ့လေရာ အနိုင်ရရှိသူ ထွက်ပေါ်လာချိန် အထိ ငြိမ်သက်စွာ စောင့်ဆိုင်းရန်သာ တတ်နိုင်ပေသည်။ ကျင့်ကြံခြင်း အဆင့် ဘယ်လောက်ပဲ မြင့်မြင့်၊ အသက်အရွယ် ဘယ်သို့ပဲ ရောက်ရောက် ထိုဝေ့ဝူယင် နှစ်ယောက်မှာ စိတ်ခံစားချက်များထဲမှ ရုန်းမထွက်နိုင်ကြသေးတာ ရှင်းလင်းပေသည်။
ဝေ့ဝူယင် အနည်းငယ် စိတ်သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရ၏။ သူ့ ဘဝတွင် အကြောက်ရွံ့ဆုံး အရာက အသက်ကြီးလာသည်နှင့် အမျှ၊ ပိုမို၍ အစွမ်းထက် လာသည်နှင့် အမျှ မူလ ကျင့်ကြံခြင်း နှလုံးသားမှ သွေဖီသွားမှာကိုပင် ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ဝေ့ဝူယင် နှစ်ယောက်မှာ မွေးရပ်မြေ အပေါ် တွယ်တာဆဲ၊ တိုင်လျဲ့ကို အောက်မေ့ သတိရနေဆဲ ဖြစ်ပေသည်။
မကြာခင်မှာပင် အော်ရာ နှစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်ကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူတို့ထဲမှ တစ်ယောက်၏ အော်ရာက နှေးကွေး လေးလံနေကာ အခြားတစ်ယောက်ကတော့ လျှို့ဝှက် စွမ်းအား၏ ဝန်းရံမှုနှင့် အတူ အလွန် အစွမ်းထက်နေဆဲ ဖြစ်သည်။
ဟူး... ဟူး...
အော်ရာ နှစ်ခုက ခပ်မြန်မြန်ပင် အနန္တ ကုန်းမြေတိုက်ကြီး၏ ကောင်းကင်အလွှာကို ဖြတ်ကျော်ကာ ဆင်းသက် လာ၏။ မြေပြင်ပေါ် ရောက်ရှိပြီး နောက်တွင်တော့ သူတို့၏ ပုံရိပ်များက လုံးဝ ရှင်းလင်း သွားသည်။
လုံးဝ မထိမခိုက် ရှိနေခဲ့သည့် အော်ရာပိုင်ရှင်က ဝတ်စုံဝတ် ဝေ့ဝူယင်ပင် ဖြစ်လေသည်။ သူက ဆေဘာကို ခါးတွင် ချိတ်ထားကာ မျက်လုံးများမှာ မွေးကင်းစ ကလေးငယ် တစ်ယောက်လို တောက်ပနေ၏။ သို့သော်လည်း သူ့ အော်ရာက သေမျိုးတစ်ပိုင်း အရှင် အဆင့်တွင် ရှိနေခဲ့သည်။
အခြားတစ်ဖက်တွင်တော့ အမာရွတ် ဝေ့ဝူယင်၏ အသက် အော်ရာမှာ ဖြည်းညင်းစွာပင် လျော့ကျ လာနေခဲ့၏။ သူ၏ မျက်နှာထက်တွင်တော့ မကျေနပ်သည့် အငွေ့အသက် တစ်ချို့က နေရာယူနေသည်။
ရှင်းလင်းစွာပင် အမာရွတ် ဝေ့ဝူယင်မှာ ရှုံးနိမ့်ခဲ့ပေသည်။ သို့သော်လည်း... သူ၏ ခန္ဓာကိုယ်ထက်တွင်တော့ မည်သည့် ထိခိုက်မှုမျိုးကိုမှ မတွေ့ရပါချေ။
“ဘာမှ မဖြစ်ပါဘူးကွာ...”
စိုးရိမ် ပူပန်မှု၊ စိတ်ရှုပ်ထွေးမှုတို့နှင့် ကြည့်နေသည့် ဝေ့ဝူယင်ကို မြင်သော အခိုက်၌ အမာရွတ် ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ ထို့နောက် သူက ဝတ်စုံဝတ် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ သူ့ ငွေရောင် မျက်လုံးများထဲ၌ သနားသည့် အငွေ့အသက် တစ်ချို့ စွက်နေခဲ့သည်။
“ကြည့်ရတာ မင်းကို အပ်ခဲ့ရတော့မယ်”
ဝတ်စုံဝတ် ဝေ့ဝူယင်က အမာရွတ် ဝေ့ဝူယင်ကို အထင်ကြီးသည့် အငွေ့အသက်များနှင့် တစ်ချက် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူတို့ နှစ်ယောက်က တိုက်ခိုက်ခဲ့ကြရုံတင် မဟုတ်... တစ်စုံတစ်ခုကို ဆွေးနွေး သဘောတူခဲ့ကြတာ ရှင်းလင်းပေသည်။
မကြာခင်မှာပင် ဝတ်စုံဝတ် ဝေ့ဝူယင်၏ သေမျိုး တစ်ပိုင်း အရှင် အဆင့် အော်ရာက ပျောက်ကွယ်သွားကာ မြေကြီး ရှန့်ထို အဆင့်ကို လျှို့ဝှက် ဆန်းကြယ်စွာ ပြန်လည် ရောက်ရှိလာသည်။ ထိုအပြောင်းအလဲ အပေါ် ဝေ့ဝူယင် နားမလည်နိုင် ဖြစ်သွားခဲ့၏။
“အဟွတ်... အဟွတ်... ကိစ္စ မရှိပါဘူးလေ... တတိယမြောက် ကပ်ဘေးကို ငါ လွတ်မြောက်မှာလည်း မဟုတ်ဘူး... ဘာသောက်ဂရုစိုက်စရာ ရှိလဲ”
အမာရွတ် ဝေ့ဝူယင်က လေးပင်စွာ ချောင်းဆိုးရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ထို့နောက် သူက အားနည်းစွာပင် တိုင်လျဲ့၏ မြေပုံရှေ့နား ရောက်လာခဲ့၏။ ထို့နောက်တွင်တော့ ချိနဲ့စွာ ခွေယိုင် ကျသွားခဲ့သည်။
“ငါ မင်းကို နောက်တစ်ကြိမ် လာမတွေ့နိုင်တော့ဘူး... တောင်းပန်ပါတယ်”
သူက လခရမ်း နှင်းဆီ ပွင့်ဖတ်လေးများကို ညင်သာစွာ ထိတွေ့ရင်း ပြောလိုက်သည်။ ထို့နောက်တွင်တော့ သူ့ မျက်ဝန်းများမှာ စတင်ကာ စိုဆွတ် လာခဲ့၏။ သူ၏ အမူအရာက ပိုမို၍ ဖြူရော်လာကာ မျက်လုံးထဲရှိ အလင်းကလည်း ပိုမို၍ မှိန်ဖျော့ လာသည်။
"ငါ တကယ်ကို တောင်းပန်ပါတယ်... တကယ် တောင်းပန်...”
သူ၏ အသံက ပိုမို၍ တိုးလျော့လာကာ နှင်းဆီပင်များနား ကပ်၍ တစ်စုံတစ်ခုကို တီးတိုး ပြောလိုက်သည်။ ထို့နောက်တွင်တော့ သူ့ခေါင်းမှာ မြေပုံပေါ် ပုံရက် ကျသွားခဲ့၏။ ခန္ဓာကိုယ် အတွင်းရှိ နောက်ဆုံးသော အသက်ခွန်အားလေးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤနေရာ၌ မည်သည့် ဧဒင် အမှတ်အသားမှ မရှိလေရာ ဒုတိယမြောက် အခွင့်အရေး ဟူ၍ မရှိပါချေ။
"..."
"..."
တိတ်ဆိတ်မှုက လောကကြီး တစ်ခုလုံးကို အချိန် ကြာမြင့်စွာ မင်းမူထားသည်။ ဝေ့ဝူယင်တို့ နှစ်ယောက်မှာ ငြိမ်သက်စွာပင် အမာရွတ် ဝေ့ဝူယင်၏ ရုပ်အလောင်းကို ငေးမော ကြည့်နေမိခဲ့သည်။ သေဆုံးသွားပြီ ဖြစ်သည့်တိုင် မျက်ရည်များမှာ သူ့မျက်ဝန်းမှ စီးကျနေဆဲ ဖြစ်လေ၏။
“ဒါက ငါ့ကိုယ်ငါ သေတာကို နှစ်ကြိမ်မြောက် မြင်ခဲ့ရတာပဲ”
ငယ်ရွယ်သည့် ဝေ့ဝူယင်က စိတ်ခံစားချက် များစွာနှင့် ခပ်တိုးတိုး မှတ်ချက်ချ လိုက်သည်။
“လက်ခံရတာ တကယ် မလွယ်ဘူး”
ဝတ်စုံဝတ် ဝေ့ဝူယင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ သူ၏ လေသံက ထိုကဲ့သို့ မြင်ကွင်းမျိုးကို နှစ်ကြိမ်မက မြင်ခဲ့ဖူးသည့် ပုံမျိုးပင်။
“သူ့ဘဝမှာ ဘာတွေ ခြားနားခဲ့လဲ ဆိုတာ မင်းသိလား”
ဝတ်စုံဝတ် ဝေ့ဝူယင်က ရုတ်တရက် မေးလိုက်၏။ ငယ်ရွယ်သည့် ဝေ့ဝူယင်က တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“သူ စုမေ့ကို ဆုံးရှုံးခဲ့တယ်...”
ထို့အပြင် သူ့ ခန္ဓာကိုယ်ထက်၌ အမာရွတ် များစွာ ရှိသည်။ ထိုအချက်က ရန်သူများကို ရင်ဆိုင်ရာတွင် သူ အားနည်းခဲ့ကြောင်းကို ဖော်ပြနေသည်။
ဝတ်စုံဝတ် ဝေ့ဝူယင်က ခေါင်းကို ခါယမ်းလိုက်၏။
“စုမေ့တင် မဟုတ်ဘူး... သူ ဆုံးရှုံးခဲ့ရတာတွေက အရမ်းကို များလွန်းခဲ့ပါတယ်လေ”
***