← Chapters

ကွဲပြားမှုနှင့် ကျရှုံးခြင်း

Vol. 82 Ch. 1145

ကွဲပြားမှုနှင့် ကျရှုံးခြင်း

Vol. 82 Ch. 1145

“...”

ဝေ့ဝူယင် အံ့အားသင့် သွားခဲ့၏။ ထိုဝေ့ဝူယင်က အခြား တစ်ယောက်၏ သမိုင်းကြောင်းကို သိနေသည်လော။ မည်ကဲ့သို့နည်း။

ငယ်ရွယ်သည့် ဝေ့ဝူယင်၏ မေးခွန်းကို ခန့်မှန်းမိသည့် အလား ဝတ်စုံဝတ် ဝေ့ဝူယင်က အလိုက်သင့် အဖြေပေး လိုက်သည်။

“သူ ငါ့ကို ပြောခဲ့တာ... မင်းက မဂ္ဂီစွမ်းအားကို မဆုပ်ကိုင်နိုင်သေးပေမဲ့ သူက ဆုပ်ကိုင်နိုင်ပြီးပြီလေ... ငါတို့ အတွက် အချိန်မြစ်ရဲ့ အတားအဆီး တစ်ချို့ကို ဖြတ်ကျော်ဖို့က မခက်ခဲပါဘူးလေ... အတိုင်းအတာ တစ်ခု အထိပေါ့”

ယခင်တစ်ကြိမ်ကလိုပင် သူ၏ နှုတ်ခမ်းလှုပ်သွားသည့် ပုံနှင့် ထွက်ပေါ်လာသည့် စကားလုံးများက မတူညီချေ။ သူက မတူညီသည့် ဘာသာစကား တစ်ခုကို သုံးနေတာ ရှင်းလင်းပေသည်။ သူ့ ငွေရောင် မျက်ဝန်းများထဲရှိ သန်းနှင့်ချီသော ဝင်္ကပါလေးများကတော့ လျှို့ဝှက် အလင်းတန်းများနှင့် အတူ နူးညံ့စွာပင် လှုပ်ရှား နေကြ၏။

“မင်း သိချင်လား...”

ဝတ်စုံဝတ် ဝေ့ဝူယင်က မေးလိုက်၏။ သို့သော်လည်း... သူ့ ငွေရောင် မျက်ဝန်းများကတော့ လခရမ်း နှင်းဆီများကို ဘယ်တော့မှ မခွာခဲ့ချေ။

“...”

ဝေ့ဝူယင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ဝတ်စုံဝတ် ဝေ့ဝူယင်မှာ လှည့်ကြည့်စရာ မလိုပါချေ။ သူက အဖြေကို သိနှင့်ပြီး ဖြစ်သည်။

“ဒီကို ရောက်လာပြီ ဆိုတည်းက ငါ့ဘဝ တစ်စိတ်တစ်ပိုင်းကို မင်း မြင်တွေ့ပြီးပြီလို့ ငါ ထင်တယ်... ခု မင်းက အသက် ခြောက်ဆယ် ဆိုတော့ လောကီ မျက်လုံး အဆင့် ကြယ်တာရာ ကပ်ဘေးကို ရင်ဆိုင်နေတာ ဟုတ်တယ် မလား... မင်း အခု အချိန်လေပွေထဲ ရောက်နေသေးလား”

ငယ်ရွယ်သည့် ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်၏။

“အံ့သြစရာ မရှိဘူးပဲ... ဟူး... တကယ့်ကို ကွဲလွဲနေတာပဲ... တကယ်တမ်း ပြောရရင် ငါနဲ့ ဒီတစ်ယောက်ရဲ့ ဘဝတွေက သိပ်ပြီးတော့ မခြားနားဘူး... ဒါပေမဲ့ ငါက စုမေ့ကို လျစ်လျူ မထားပဲ ထာဝရ ခြေချခြင်း ဆေးလုံး ပေးခဲ့တယ်... နောက်ပြီး ငါက သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို အောင်မြင်သွားခဲ့တယ်... ဒါပေမဲ့ ငါ...”

စိတ်ခံစားချက်များ ပါဝင်လာတာကြောင့် သူ့ အသံက အနည်းငယ် တိမ်ဝင်သွား၏။ နောက်တစ်ကြိမ် ပြန်လည် မစတင်ခင် အချိန်အထိ သူက အတန်ကြာ တိတ်ဆိတ် နေခဲ့၏။

“မင်းက ငါ့ဘဝကို သိပြီးပြီ ဆိုတော့ ငါ ချင်ချူးမူကို ကွပ်မျက်စင်ကနေ ကယ်ခဲ့တာ သိပြီးသား ဖြစ်မှာပေါ့လေ...”

ထို့နောက် သူက တိတ်ဆိတ်နေသည့် လူငယ် ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်ကာ အကဲခတ် လိုက်သည်။

“မင်းလည်း လုပ်ခဲ့တာလား... စိတ်ဝင်စား စရာပဲ... ဆိုတော့ ငါတို့က ဒီနေရာမှာပေါ့ မကွဲပြားဘူးပေါ့”

သူ၏ လေသံက စိတ်သက်သာရာ ရမှု၊ ပျော်ရွှင်မှု အငွေ့အသက် တစ်ချို့ ရောယှက်နေ၏။

“သူကလည်း ချင်ချူးမူကို ကယ်ခဲ့တယ်... နောက်ပြီး နာ့ရှင်းရီနဲ့ ချင်ချူးမူ နှစ်ယောက်စလုံးက သူ့ ဇနီးတွေ ဖြစ်တဲ့ အကြောင်း ကြေညာခဲ့တယ်... ပြဿနာက အဲဒီ အချိန် အဲဒီ နေရာကနေ စပြီးတော့ သူ့ ဦးစားပေး ကိစ္စတွေက ပြောင်းလဲ ကုန်တော့တာပဲ... သူက စပြီးတော့... အဲဒါက ကိစ္စ မရှိပါဘူးလေ... ကိစ္စ ရှိတာက သူက အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်ကို ဖော်စပ်ဖို့ မကြိုးစားခဲ့တာပဲ... သူက အာဏာရှင် အဖွဲ့နဲ့ မောင်းမဆောင် အပေါ်မှာပဲ အာရုံစိုက် နေခဲ့တာ”

“စုမေ့က ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ရင်း သေသွားခဲ့တယ်... အဲဒီကစပြီး အရာအားလုံးက အနှုတ်ဘက်ကို ဦးတည်လာခဲ့တာပဲ... သူက ရက်စက်လာတယ်... ကြမ်းတမ်း ခက်ထန်လာတယ်... ခွန်အားနောက်ကို လိုက်ဖို့ပဲ တစ်ချိန်လုံး ကြိုးစားလာတယ်... လုံချန်တောင်မှ သူ့ကို ပုန်းနေရတဲ့ အထိပဲ... သူ လိုက်သတ်ဖို့ လုပ်တော့ ဝူယုက လုံချန်ကို ကာကွယ်ပေးခဲ့တယ်... သူ့ ကိုယ်ပေါ်မှာ ရှိတဲ့ အရှည်ဆုံး အမာရွတ်တွေက ဝူယုနဲ့ တိုက်ခိုက်ရင်း ရခဲ့တာတွေပဲ... အဲဒီပွဲမှာ သူ အပြတ်အသတ် ရှုံးခဲ့တယ်... ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရတယ်... အဲဒါက သူ့ဘဝရဲ့ အကြီးမားဆုံး ရှုံးနိမ့်မှုပဲ”

"...”

လူငယ် ဝေ့ဝူယင်၏ အမူအရာက မသိမသာ လှုပ်ရှားသွားသည်။ ထိုအရာက အမာရွတ် ဝေ့ဝူယင်၏ အပြစ်တော့ မဟုတ်ချေ။ ကောင်းချီးခံများမှာ အမှန်တကယ် ရင်ဆိုင်ရ ခက်ခဲလှသည်။ ထိုအထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့် ဝိညာဉ်၏ ကာကွယ်မှု ရရှိထားသည့် လုံချန်မှာ အဆိုးဆုံး ဖြစ်ပေလိမ့်မည်။ ကျင်းကျူးသည်ပင် လုံချန်လောက် မခက်ခဲလှချေ။

“အဲဒီလိုနဲ့ သူက ချစ်ရတဲ့ လူတွေကို တဖြည်းဖြည်း လျစ်လျူလာခဲ့တယ်... မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ခဲ့ပြီးတဲ့နောက် သူ ရန်ငြိုးဖွဲ့ခဲ့တဲ့ လူတွေမှ မရေမတွက်နိုင်လောက်အောင်ပဲ... သူက ချင်ချူးမူကို အယ်ဗန်မျိုးဆက် ဘိုးဘေးဆီမှာ ဆုံးရှုံးခဲ့ရတယ်... နာ့ရှင်းရီကို အစစ်အမှန် မွေးဖွားခြင်းဆီမှာ ဆုံးရှုံးခဲ့တယ်... တုလင်နဲ့ မေ့မေ့ကို ထာဝရ အစည်းအရုံးဆီမှာ ဆုံးရှုံးခဲ့တယ်... သူ ကိုယ်တိုင်ရဲ့ လွတ်လပ်မှုတွေကိုတော့ အဆုံးမဲ့ ခရီးသွား နယ်မြေဆီမှာ ဆုံးရှုံးခဲ့ရတယ်”

ဝတ်စုံဝတ် ဝေ့ဝူယင်၏ စကားတစ်လုံးချင်းစီက ငယ်ရွယ်သည့် ဝေ့ဝူယင် အတွက်တော့ မိုးကြိုးများ ပစ်ခတ် နေသည့် အတိုင်းပင်။

“အဲဒီလိုနဲ့ သူဟာ အရာရာတိုင်းကို တစ်ခုပြီး တစ်ခု ဆုံးရှုံးခဲ့ရတယ်... နောက်ဆုံးတော့ သူ့ဆီမှာ ဘာမှကို မကျန်တော့ဘူး”

ဝတ်စုံဝတ် ဝေ့ဝူယင်က ဖြည်းညင်းစွာပင် အမာရွတ် ဝေ့ဝူယင်ထံ လမ်းလျှောက် သွားလိုက်သည်။ ထို့နောက် သူက ညင်သာစွာပင် သူ့ ပခုံးကို ထိလိုက်၏။ အလောင်းက မြေကြီး အလင်း တစ်ချို့ဖြင့် လင်းလက် လာကာ မြေဆီလွှာအောက်ကို ညင်သာစွာ နစ်ဝင်သွားသည်။

တစ်ခဏ ကြာပြီးနောက် ငွေရောင် နှင်းဆီတစ်ပွင့်မှာ မြေပြင်တွင် ပေါက်ရောက် ကြီးထွားလာကြ၏။ ၎င်းက အနီးအနားရှိ လခရမ်း နှင်းဆီများနှင့် ရောယှက်သွားကာ လေတစ်ချက် ဝှေ့ယမ်းတိုင်း ပျော်ရွှင်စွာ ကခုန် နေကြတော့သည်။

“မင်း ဒုတိယမြောက် ကပ်ဘေးကို ရင်ဆိုင်ပြီးပြီလား...”

ဝတ်စုံဝတ် ဝေ့ဝူယင်က မေးလိုက်၏။ သူ၏ မျက်လုံးများက သိမ်မွေ့စွာပင် ငွေရောင် နှင်းဆီနှင့် ခရမ်းရောင် နှင်းဆီများ ရောယှက်နေသည်ကို စိုက်ကြည့် နေခဲ့သည်။

လူငယ် ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်၏။

“တတိယမြောက်ကရော...”

“နောက် ဆယ့်တစ်နှစ် လိုသေးတယ်”

ဝတ်စုံဝတ် ဝေ့ဝူယင်က ငယ်ရွယ်သည့် ဝေ့ဝူယင်ကို ဒုတိယအကြိမ်မြောက် အဖြစ် စောင်းကြည့် လိုက်၏။

“မင်း ကောင်းချီးခံတွေကို သတ်ခဲ့တာလား”

ဝေ့ဝူယင် ခေါင်းညိတ် လိုက်သည်။

“သုံးယောက်... လုံချန်... ယွမ်လုံရှီနဲ့ ကျင်းကျူး..”

“ကျင်းကျူး... မင်း သူနဲ့ ဆုံခဲ့တာလား...”

ဝတ်စုံဝတ် ဝေ့ဝူယင်မှာ သူ့အသံထဲမှ အံ့သြမှုကို လျှို့ဝှက် မထားခဲ့ချေ။ ထို့နောက်တွင်တော့ ချက်ချင်း ဆိုသလိုပင် သူက မျက်မှောင်ကြုတ် လိုက်၏။

“ဒါပေမဲ့ သူက မင်းရဲ့ အသက်၊ မင်းရဲ့ ကျင့်ကြံခြင်း အခြေခံနဲ့ ရင်ဆိုင်နိုင်တဲ့ အဆင့်မျိုး မဟုတ်ဘူးလေ... ငါသာ အမှတ် မမှားရင် သူက ကြယ်စင်စု စစ်မြေပြင်မှာ ရှိနေခဲ့တာမလား”

ဝေ့ဝူယင် ပခုံးတွန့် ပြလိုက်၏။ လွန်ခဲ့သည့် ခြောက်နှစ် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ဖြင့်ပင် ကျင်းကျူးကို သတ်ရသည်က သူ့အတွက် သိပ်မခက်ခဲခဲ့ချေ။ ယခုတွင်တော့ သူက လောကီ မျက်လုံး အဆင့်ကို တက်လှမ်းတော့မည် ဖြစ်သည်။

“မင်းက တကယ့်ကို ခြားနားတဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်း နေခဲ့တာပဲ... မင်းရဲ့ ဘဝမှာ ဘာတွေ ခြားနားသွားလဲ ဆိုတာ ငါ တကယ် သိချင်နေပြီ”

ဝတ်စုံဝတ် ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။

“...”

ငယ်ရွယ်သည့် ဝေ့ဝူယင်ကတော့ တိတ်ဆိတ် နေခဲ့သည်။

“ငါတို့မှာ အသက်ရှင်ဖို့ အခွင့်အ‌ရေး မရှိတော့ဘူး ထင်တယ်... ဟုတ်တယ်မလား.... တစ်နေ့ကျ ငါတို့ အကုန် သေကြရမှာပဲ... ဘယ်လောက်ပဲ ထိန်းထိန်း ငါ ဒီပါးစပ်ကို မမေးဖို့ တားဆီး မထားနိုင်ဘူး”

ဝတ်စုံဝတ် ဝေ့ဝူယင်က လက်ကို ဆေဘာလက်ကိုင်ရိုးပေါ်သို့ တင်လိုက်သည်။ သို့သော်လည်း... သူ့ လှုပ်ရှားမှု၌ မကောင်းသည့် ရည်ရွယ်ချက်ကိုမှ မခံစားရပါချေ။

“ကျုပ်မှာ သေဖို့ ရည်ရွယ်ချက် မရှိဘူး”

လူငယ် ဝေ့ဝူယင်က တုံးတိလေသံမျိုးဖြင့် ဆိုလိုက်သည်။ ဝတ်စုံဝတ် ဝေ့ဝူယင်က တိုးတိုးကလေး သက်ပြင်းတစ်ချက် ချလိုက်သည်။ ဝေ့ဝူယင်ကို ကြည့်သည့် သူ့ မျက်လုံးများက မကျေနပ်မှု၊ ချီးမွမ်းမှု ခံစားချက် အရိပ်အငွေ့များနှင့် ရောယှက် သွား၏။

အစောကတည်းက ထိုမြေကြီးရှန့်ထို အဆင့် ဝေ့ဝူယင်မှာ မယုံကြည်ရကြောင်း ဝေ့ဝူယင် သိရှိထားခဲ့သည်။ အကြောင်းပြချက် ရေရေရာရာ မရှိသော်လည်း သူ့နှလုံးသားက တစ်စုံတစ်ရာ၏ ကုတ်ခြစ်ခံရသလို သေချာရေရာစွာ ခံစားခဲ့ရသည်။ ထို့ကြောင့်ပင် သူက တစ်ချိန်လုံး ငြိမ်သက်စွာသာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်း၌ ထူးဆန်းစွာပင် ဝတ်စုံဝတ် ဝေ့ဝူယင်မှာ ပိုမို၍ စကားပြောလာခဲ့ကာ သူ့နှုတ်မှ အချို့သော အကြောင်းအရာများအား ဖွင့်ဟ ပြောဆိုစေရန် ကြိုးပမ်းနေကြောင်း သဘောပေါက် လာခဲ့သည်။

“သူ မင်းကို ပြောခဲ့တာလား...”

ဝတ်စုံဝတ် ဝေ့ဝူယင်က ငွေရောင် နှင်းဆီကို လှမ်းကြည့်ရင်း မေးလိုက်သည်။ တစ်ချိန်တည်း၌ ထိုအရာက မဖြစ်နိုင်သလို သူ ခံစားလိုက်ရ၏။

လူငယ် ဝေ့ဝူယင်က ခေါင်းခါပြလိုက်သည်။

“သူက စုမေ့ကို မဆုံးရှုံးစေနဲ့လို့ ကျုပ်ကို ပြောခဲ့တယ်... ဒါပေမဲ့ ဘယ်လို လုပ်ရမယ် ဆိုတာကိုတော့ မပြောခဲ့ဘူး... အဲဒါက အဖြေပဲ မဟုတ်ဘူးလား”

“ဒါဆိုရင် အစတည်းကပေါ့လေ... တကယ့်ကို ဝေ့ဝူယင်ပဲ... ဟဟ...”

ဝတ်စုံဝတ် ဝေ့ဝူယင်က ဂုဏ်ယူဟန်ဖြင့် ရယ်မောလိုက်သည်။ အသက် ခြောက်ဆယ် အရွယ် ဝေ့ဝူယင်၏ ထိုးထွင်း မြင်နိုင်စွမ်းနှင့် ဉာဏ်ရည်တို့က သူ့ကို ကျေနပ်စေဟန် ရလေသည်။

***

All Chapters