← Chapters

အချိန်မြစ်ကို ဆန့်ကျင်၍ ကျရှုံးခြင်းနှင့် အောင်မြင်ခြင်း

Vol. 82 Ch. 1146

အချိန်မြစ်ကို ဆန့်ကျင်၍ ကျရှုံးခြင်းနှင့် အောင်မြင်ခြင်း

Vol. 82 Ch. 1146

ဝေ့ဝူယင် ဘာမှ ပြန်မပြောပဲ ဝတ်စုံဝတ် ဝေ့ဝူယင်ကိုသာ စူးစိုက် ကြည့်နေခဲ့သည်။ သူ့ မျက်ဝန်းများက ထက်ရှသည့် အလင်းတန်းများနှင့် တောက်ပနေ၏။ ထိုဝေ့ဝူယင် နှစ်ယောက် စလုံးမှာ သူ့ကို အနာဂတ် အကြောင်း မေးစေချင်ခဲ့သည်။ စုံစမ်းစေလိုခဲ့သည်။

ဝတ်စုံဝတ် ဝေ့ဝူယင်၏ အဆိုအရ ဆိုလျှင် လက်ရှိ၌ သူတို့မှာ အချိန်မြစ် အတွင်း ရှိနေခဲ့ခြင်း ဖြစ်ကာ လျှို့ဝှက် ဆန်းကြယ်သည့် ကန့်သတ်ချက် တစ်ချို့ ရှိနေခဲ့သည်။ သို့သော်လည်း... လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်သည့် သူတို့ နှစ်ယောက်မှာ မဂ္ဂီဆိုသည့် စွမ်းအားကို ပိုင်ဆိုင်ထားလေရာ ထိုပြဿနာကို လွယ်ကူစွာ ကျော်လွှားနိုင်သည်ဟု ဆိုသည်။ ဝတ်စုံဝတ် ဝေ့ဝူယင် ထုတ်ဖော် ပြသထားသည့် ကောင်းကင်ဘုံ နတ်မျက်လုံးများထဲမှ ဝင်္ကပါ သန်းပေါင်းများစွာမှာ ထိုအချက်ကို သိသာ ထင်ရှားစွာ သက်သေခံနေသည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ ဝေ့ဝူယင် ဖြစ်နေဆဲ ဖြစ်သည်။ သူ၏ ဉာဏ်ရည်နှင့် အကဲခတ်နိုင်စွမ်းတို့မှာ အခြား ဝေ့ဝူယင် နှစ်ယောက်အောက် ဘယ်တော့မှ မလျော့ကျခဲ့။ ထို့ကြောင့်ပင် ထူးခြားချက်ကို ချက်ချင်းဆိုသလို အကဲခတ် နိုင်ခဲ့သည်။ သူက အမြဲသတိရှိနေခဲ့ကာ ဖြစ်စဉ် တစ်ခုလုံးတွင် တစ်စုံတစ်ရာက လွဲချော် နေခဲ့ကြောင်း သိရှိထားခဲ့သည်။ ထို့ကြောင့်ပင် အနာဂတ် သို့မဟုတ် အတိတ်နှင့် ပတ်သက်၍ ဘယ်လို အဖြေမျိုးကိုမှ ကိုယ်တိုင် မေးမြန်းခြင်းအားဖြင့် ရှာဖွေဖို့ မကြိုးစားခဲ့ချေ။

အချိန် အတန်ကြာပြီးနောက်တွင်မှ ဝတ်စုံဝတ် ဝေ့ဝူယင်က လေးပင်စွာ ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။

“ငါတို့တွေ မင်းကို အနိုင်မယူနိုင်ဘူး... ဒါကြောင့်ပဲ ဒီလှည့်ကွက်ကို ထွင်လိုက်တာ... ငါတို့ ကိုယ်စား အချိန်မြစ်က မင်းကို သတ်စေဖို့ အတွက်ပေါ့လေ”

“ကပ်ဘေးက ခင်ဗျားရဲ့ ကျင့်ကြံခြင်း အခြေခံကို ကျုပ်နဲ့ အဆင့်တူအောင် လျှော့ချပစ်လိုက်တာလား...”

လူငယ် ဝေ့ဝူယင်က စုံစမ်းလိုက်၏။ ဝတ်စုံဝတ် ဝေ့ဝူယင်က ကွယ်ဝှက်ထားခြင်း မပြုပဲ ခေါင်းညိတ် ဝန်ခံ လိုက်သည်။

“အတိအကျ မဟုတ်ပေမဲ့ အဲဒီလို ပြောချင်လည်း ရပါတယ်လေ... ကပ်ဘေးက ငါ့ ကျင့်ကြံခြင်း အခြေခံကို မင်းနဲ့ အဆင့်တူအထိပဲ ပေးတာ... ဒါပေမဲ့ ငါက အဲဒီ ကျင့်ကြံခြင်း အဆင့်ရဲ့ အမြင့်ဆုံး အခြေအနေမှာ ရှိနေလိမ့်မယ်... တစ်ချိန်တုန်းက ငါ ပိုင်ဆိုင်ခဲ့တဲ့ အတိုင်းပေါ့... ဒီတစ်ယောက်က...”

သူက ငွေရောင် နှင်းဆီကို လက်ညိုး ထိုးပြကာ ဆက်ပြောလိုက်သည်။

“အရက်၊ မိန်းမနဲ့ အပျော်အပါးတွေထဲမှာပဲ နစ်မြုပ် နေခဲ့တာ... လောကသခင် အဆင့်မှာတင် သူ ယူထားတဲ့ မိန်းမက သုံးဆယ့်သုံးယောက် အထိ ရှိနေပြီ... သူက ဘယ်တုန်းကမှ ကိုယ်ပိုင် စွမ်းအား အတွက် မတိုက်ခိုက်ခဲ့ဘူး... သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံက ဝေ့ဝူယင် ဆိုတဲ့ နာမည်နဲ့ မလိုက်အောင် ဖျင်းလွန်းတယ်... ဒါကြောင့်ပဲ သူ အားလုံးကို ဆုံးရှုံးခဲ့ရတာ... အားနည်းခဲ့ရတာ... သေခြင်းတရားက သူနဲ့ ထိုက်တန်တယ်”

“...”

ဝေ့ဝူယင် လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဘဝတွင် အားနည်းစွာဖြင့် မကျရှုံးစေရကြောင်း သူ ကျိန်ဆိုခဲ့ဖူးသည်။ သို့သော်လည်း... သူ၏ ထိုဘဝကတော့ ကျရှုံးခဲ့သည်။ အရာအားလုံး မဆုံးရှုံးခင် အထိ စည်းစိမ်တွင် ယစ်မူး ပျော်ရွှင် နေခဲ့သည်။

“နောက်ပိုင်းမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ အတွက် ဟိုခွေးမရဲ့ ကျွန်ပြုတာကို ခံခဲ့ရတယ်... မဟုတ်ဘူး... အဲဒီမိန်းမက ခွေးမထက်တောင် ပိုနိမ့်ကျတဲ့ ကောင်မ...”

ဝတ်စုံဝတ် ဝေ့ဝူယင်၏ အသံက အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် နေ၏။ အလွန်ပြင်းထန်သည့် အော်ရာနှင့် နဂါးဟိန်းသံများမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း မကြာခင်မှာပင် သူက ပြန်လည် တည်ငြိမ်သွားကာ အပြုံးတစ်ခုကို ပြန်လည် ဆင်မြန်း လိုက်သည်။

“တကယ်တော့ ငါတို့ တိုက်ခိုက်ကြမယ် ဆိုရင် အချိန်မြစ်က နှစ်ယောက်စလုံးကို မင်းရဲ့ အဆင့်ထိ လျှော့ချပစ်လိုက်မှာ... အမှန်တရားတစ်ခုက ငါရော သူရော မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး... မင်းက လောကီ မျက်လုံး အဆင့်မှာတင် မြေကြီး ခြေချခြင်း ဂိတ်တံခါးကို ဖြတ်ပြီး အချိန်မြစ်ထဲကို ရောက်လာနိုင်ခဲ့တယ်လေ... မင်းက ကျင့်ကြံခြင်း အခြေခံ တစ်ခုချင်းစီကို ဘယ်လောက်တောင် အထွတ်အထိပ် ရောက်အောင် ကျင့်ကြံထားတာလဲ ဟူး...”

စကားအဆုံး၌ ဝတ်စုံဝတ် ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။

“ဒီတော့ ခင်ဗျားတို့ မတိုက်ခိုက်ခဲ့ကြဘူးပေါ့...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ အကယ်၍ သူတို့သာ လောကသခင် အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့် တိုက်ခိုက်ကြမည် ဆိုပါက သူ ထိုတိုက်ပွဲကို လွယ်ကူစွာ အာရုံခံမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူ ဘာမှကို မခံစားခဲ့ရချေ။

“မဟုတ်ဘူး... သူက အဲဒီ ဒဏ်ရာတွေကို သူ့ဘာသာ လုပ်တာ... တကယ်လို့ တိုက်ခိုက်မယ် ဆိုရင်တောင် သူ့မှာ ငါ့ကို နိုင်ဖို့ အခွင့်အရေး မရှိဘူး...နောက်ပြီး တိုက်ခိုက်လိုက်တာနဲ့ မင်းကို အောင်မြင်နိုင်မယ့် အခွင့်အရေးကလည်း ပိုပြီးတော့ နည်းသွားမှာ... သူက ငါ့ကို အခွင့်အရေး တစ်ခု ပေးခဲ့တယ်... တောင်းပန်ပါတယ်”

ထိုအရာက အနည်းငယ် အရှက်မဲ့လျှင် တောင်မှ အတော်လေး ကောင်းမွန်သည့် လှည့်ကွက် တစ်ခု ဖြစ်ပေသည်။ သူ၏ စီနီယာ ဗားရှင်း ဝေ့ဝူယင် နှစ်ယောက်သည် တားမြစ်ချက် တစ်ခုအား ဖောက်ဖျက်ရန် သူ့ကို ထောင်ချောက် ဆင်ကာ အချိန်မြစ်ကြောင့် သေစေရန် ကြိုးပမ်းခဲ့သည်။

“မင်း အံ့အားသင့်ချင်လည်း သင့်လိမ့်မယ်... မင်းမှာ မေးစရာ မေးခွန်းတွေလည်း အများကြီး ရှိမှာပဲ... အခု ငါက ကျရှုံးသွားပြီ... မင်းကို မသတ်နိုင်တော့ဘူး ဆိုတော့ မင်း အကျိုးအမြတ် အတွက် ငါ့ကိုယ်ငါ စတေးပေးခဲ့ချင်တယ်... နည်းနည်းတော့ ဝမ်းနည်းစရာ ကောင်းတာပေါ့လေ”

ဝတ်စုံဝတ် ဝေ့ဝူယင်က ခါးသီးစွာ ပြုံးလိုက်၏။

"..."

ဝေ့ဝူယင် ဆက်လက် တိတ်ဆိတ် နေခဲ့သည်။ ဝတ်စုံဝတ် ဝေ့ဝူယင်က ရယ်မောလိုက်၏။ ငယ်ရွယ်သည့် ဝေ့ဝူယင်အား လှည့်စားရန် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့သည့် အပေါ် သူက အတော်လေး ရယ်ချင်နေပုံ ရသည်။

“ဟဟ... မင်း ငါတို့ကို အပြစ်မတင်ဘူး မလား... ငါတို့မှာ အချိန် သိပ်မရှိတော့ဘူး... ဒီတော့ ငါ မင်းကို အကုန် ပေးချင်ရင်တောင် ပေးလို့ မရဘူး... အချိန်မြစ်က မတည်ငြိမ်ဘူး... အထူးသဖြင့် ကောင်းကင် တာအိုရဲ့ တိုက်ခိုက်မှုမှာ တစ်စိတ်တစ်ပိုင်း ထိခိုက်သွားကတည်းကပေါ့လေ... မင်းရွေးပါ... မင်း မမြင်ရသေးတဲ့ ငါ့ရဲ့ အသက် ခြောက်ဆယ့် ရှစ်နှစ်ကို လိုချင်လား... ငါတစ်ဘဝလုံး အားထုတ်ခဲ့တဲ့ ကျင့်ကြံခြင်း ဗဟုသုတတွေကို လိုချင်လား... ဘာကိုပဲ လွှဲပေးပေး... ကိစ္စ မရှိဘူး... အချိန်မြစ်က ချက်ချင်းပဲ ငါ့ကို ဖျက်ဆီးပစ်လိမ့်မယ်... ငယ်ရွယ်တဲ့ ငါ့ကိုယ်ငါ ပေးတဲ့ လက်ဆောင် တစ်ခုပေါ့လေ.... မင်း‌‌ရွေးချယ်ပါ”

"..."

ထိုကမ်းလှမ်းမှုက အဆုံးမဲ့ သွေးဆောင် ဖျားယောင်မှုများနှင့် ပြည့်နှက် နေသည်။ လူငယ် ဝေ့ဝူယင်မှာ ဝတ်စုံဝတ် ဝေ့ဝူယင်ကို စိုက်ကြည့် နေခဲ့ကာ ထိုစကားလုံးများထဲမှ အမှန်တရားကို ရှာဖွေဖို့ ကြိုးစား နေခဲ့၏။ ဝတ်စုံဝတ် ဝေ့ဝူယင်၏ အမူအရာက အမှားအယွင်း မရှိ တည်ငြိမ်နေ၏။ မည်သည့် အရာကို ရွေးချယ်စေကာမူ... သူက လူငယ် ဝေ့ဝူယင် အတွက် အသက်ကို စွန့်လွှတ် စတေးပေးမည့်ပုံ ရသည်။

ထိုဝတ်စုံဝတ် ဝေ့ဝူယင် အကြောင်း သူ မသိသေးသည့် အရာများစွာ ရှိနေသေးဆဲ ဖြစ်သည်။ ထိုဝေ့ဝူယင်မှာ အဆုံးမဲ့ ခရီးသွား နယ်မြေကိုပါ ရောက်ရှိ ပြီးခဲ့သည့်ပုံ ပေါ်ကာ လျူယင်လန်း၊ ကျူးကျဲဝူရှု စသူတို့နှင့်လည်း အာဃာတ ရှိကြောင်း ထင်ရှားသည်။ ထို့အပြင် သူက အမျိုးမျိုးသော ကမ္မ ကံကောင်းမှုများနှင့်လည်း ကြုံတွေ့ပြီး ဖြစ်နိုင်ကာ ကောင်းချီးခံများ အကြောင်းလည်း ကျိန်းသေ သိရှိပေလိမ့်မည်။

ပိုမို၍ အရေးကြီးသည့် အရာက ဝတ်စုံဝတ် ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်း အကြောင်း အရေးကြီးသည့် အသေးစိတ် အချက်အလက်များ၊ အဆုံးမဲ့ ခရီးသွား နယ်မြေနှင့် ချိပ်ပိတ် နယ်မြေ၏ လျှို့ဝှက်ချက်နှင့် ပုန်းကွယ်နေသည့် ပုဂ္ဂိုလ်များ အကြောင်းများကို သိရှိနေနိုင်ခြင်း ဖြစ်သည်။ အသက် တစ်ရာ နှစ်ဆယ့် ရှစ်နှစ်မျှနှင့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့သည့် မှတ်ဉာဏ်များက သူ့ဘဝတွင် ကြီးကျယ် ခမ်းနားသည့် အရာများ လုပ်ဆောင်ဖို့ အလွန် အသုံးဝင်မှာ သေချာသည်။ ၎င်းက သူ့ကို လောကီ ပြန်လည် မွေးဖွားသူ ကဲ့သို့ တူညီသည့် စွမ်းအားမျိုး ပေးစွမ်းနိုင်ပေလိမ့်မည်။

အခြားတစ်ဖက်၌ ဘဝ တစ်သက်တာ ကျင့်ကြံခြင်း ဗဟုသုတများကလည်း အဖိုးမဖြတ် နိုင်အောင် ထိုက်တန် လွန်းလှသည်။ ဝတ်စုံဝတ် ဝေ့ဝူယင်မှာ အသက် ခြောက်ဆယ် အရွယ်တွင်ပင် လျှို့ဝှက် ဝိညာဉ် အဆင့်ကို တက်လှမ်းခဲ့သူ ဖြစ်လေရာ သူ့ဘဝ သက်တမ်း အတွင်း အမျိုးမျိုးသော လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ခဲ့ပြီး ဖြစ်နိုင်သည်။ ထို့အပြင်... စွမ်းအား ပေါင်းစုံ၊ အစီအရင်နှင့် ကျင့်စဉ် ပေါင်းစုံကိုလည်း တတ်ကျွမ်းထားမှာ ကျိန်းသေပေသည်။

သူ ဝတ်စုံဝတ် ဝေ့ဝူယင်၏ ဘဝ သက်တမ်း နှစ်ခြောက်ဆယ်ကို ကြုံတွေ့ခဲ့ရကာ ဘေးနားမှ ကြည့်ရုံဖြင့်ပင် အကျိုးအမြတ် များစွာ ရရှိခဲ့သည်။ အတွေးများ၊ ခံစားချက်များ၊ ထိုးထွင်း သိမြင်မှုများ၊ ဉာဏ်အလင်းများ၊ အပြစ်သား သွေးမျိုးဆက်၏ ကမ္မ စွမ်းအားများကို မမြင်နိုင်ခဲ့သည့်တိုင် သူ့ နားလည်မှုကို တိုးမြှင့်ပေးနိုင်သည့် ရှုပ်ထွေးသော အသေးစိတ် အချက်အလက် တစ်ချို့ကို ဆုပ်ကိုင် နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ၎င်းက အလွန် ခက်ခဲသည့် ‌ရွေးချယ်စရာ တစ်ခု ဖြစ်သည်။

အသိပညာ ဗဟုသုတများလော...။

သို့မဟုတ်...

ကျင့်ကြံခြင်းလော။

ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ လေးနက်စွာ စဉ်းစား နေခဲ့၏။ ဝတ်စုံဝတ် ဝေ့ဝူယင်မှာ သူနှင့် လုံးဝ ခြားနားသည့် လမ်းကြောင်း တစ်ခုကို လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ အနာဂတ် မှတ်ဉာဏ်များ ဖြစ်စေ၊ ကျင့်ကြံခြင်း ထိုးထွင်း သိမြင်မှုများ ဖြစ်စေ... သူ့ လက်ရှိ ဖွံ့ဖြိုးမှု အတွက် အလွန် အဖိုးတန်သည့် ရင်းမြစ်များ ဖြစ်လာမှာ ကျိန်းသေပေသည်။

ထို့အပြင်... ထိုဝေ့ဝူယင် အောင်မြင်ပြီးစီးခဲ့သည့် ကပ်ဘေး အဆင့်ကို သူ ယခုအထိ မသိရသေးချေ။ အကယ်၍ သူသာ စတုတ္ထမြောက်၊ ပဉ္စမမြောက် ကပ်ဘေးများကို အောင်မြင်ထားပြီး ဖြစ်ပါက ထိုဗဟုသုတမှာ သူ့ အတွက် ကျင့်ကြံခြင်း အတွေ့အကြုံများထက်ပင် ပိုမို အဖိုးတန်လိမ့်မည် ဖြစ်သည်။

ဝတ်စုံဝတ် ဝေ့ဝူယင်ကတော့ သက်တောင့်သက်သာပင် ရှိနေခဲ့ကာ ဝေ့ဝူယင်ကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ပြုထားခဲ့သည်။ သူက နွေးထွေးသည့် မျက်ဝန်းများနှင့် လခရမ်း နှင်းဆီများကို ငေးမော နေခဲ့ကာ ချောမောသော မျက်နှာထက်တွင်တော့ ခပ်မှိန်မှိန် အပြုံးတစ်ခု ရှိနေခဲ့၏။ လေပြည်က သူ့ဆံနွယ်များကို တိုးဝှေ့ တိုက်ခတ်နေကာ နေအလင်းက ဆည်းဆာ တစ်ခုလိုမျိုး ဖြာကျနေသည်။

လူငယ် ဝေ့ဝူယင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။

“မင်း မြန်မြန် လုပ်သင့်တယ်... ကပ်ဘေးက ထာဝရ တည်မြဲနေမှာ မဟုတ်ဘူး...”

ဝတ်စုံဝတ် ဝေ့ဝူယင်က တည်ငြိမ်စွာဖြင့် သတိပေးလိုက်၏။ သူ၏ လေသံထဲ၌ ဆိုးရွားသည့် ရည်ရွယ်ချက်များ မပါဝင်ချေ။

သူ အမှန်တရားကို ပြောနေကြောင်း လူငယ် ဝေ့ဝူယင် ကောင်းစွာ ခံစားနိုင်ပေသည်။ သူတို့ တည်ရှိနေသည့် ထူးဆန်းသော ဟင်းလင်းပြင်နယ်မှာ မသိမသာ တုန်လှုပ် လာနေခဲ့သည်။ ကြည့်ရသည်က အချိန်မြစ် ပင်လျှင် ဝိရောဓိနှင့် သီးခြား အာကာသနယ်ကို အကျိုးဆက် မရှိပဲ ထိန်းထားနိုင်သည့်ပုံ မရချေ။

လူငယ် ဝေ့ဝူယင်က မျက်လုံးများကို ပြန်၍ ဖွင့်လိုက်၏။ ငွေရောင်နှင့် စိမ်းပြာရောင် အလင်းတန်းများက သူ့ မျက်ဝန်းအိမ် အတွင်း ရောနှောကာ ထွက်ပေါ်လာသည်။ သူ၏ အမူအရာက ကြယ်စုံလင်သည့် ညကောင်းကင် တစ်ခု အလား ကြည်လင် အေးချမ်းနေ၏။

“ကျုပ် ပြုတ်ကျလုနီးပါးပဲ... ဖျားယောင်း သွေးဆောင်မှုက စိတ်ကို ဘယ်လိုမျိုး လွယ်လွယ်ကူကူ ညစ်ထေးစေနိုင်တာလဲ”

***

All Chapters