← Chapters

အချိန်လေပွေ၏ ပြဿနာ

Vol. 82 Ch. 1148

အချိန်လေပွေ၏ ပြဿနာ

Vol. 82 Ch. 1148

ချိပ်ပိတ် နယ်မြေကို အလွန်တရာ ကျယ်ဝန်းသည်ဟု သတ်မှတ်နိုငသည်။ ယခင် အင်ပါယာ မျိုးနွယ်၏ မဟာ ပေါင်းစည်းခြင်း မစတင်ခင်က ဆိုလျှင် ချိပ်ပိတ် နယ်မြေကြီး အတွင်း၌ မရေမတွက်နိုင်အောင် များပြားလှသည့် စည်ပင် ဝဖြိုးသော ကြယ်တာရာ နယ်မြေများစွာ ရှိခဲ့ဖူးသည်။ သဘာဝ နေကြယ်များမှာ နေရာအနှံ့၌ တည်ရှိနေကာ ဂြိုဟ်များမှာလည်း သက်ရှိပေါင်းစုံနှင့် ပြည့်နှက် နေခဲ့ဖူးသည်။

သို့သော်လည်း... နှစ်ပေါင်း သောင်းချီ ကြာမြင့်ခဲ့သည့် မဟာ ပေါင်းစည်းခြင်း အပြီးတွင်တော့ ကြယ်တာရာ နယ်မြေ အရေမတွက်မှာ သောင်းပေါင်းများစွာမှ နှစ်ဆယ့် သုံးခု အထိ လျော့ကျသွားခဲ့သည်။ လွန်ခဲ့သည့် နှစ်ပိုင်းတုန်းက ထျန်းလန် ကြယ်တာရာ နယ်မြေမှာလည်း ပျက်စီးသွားခဲ့ပြန်လေရာ ယခု အခါ နှစ်ဆယ့် နှစ်ခုသာ ကျန်ရှိပေတော့သည်။

ထိုကဲ့သို့ နှစ်သောင်းပေါင်းများစွာ ခရီးရှည်ကြီးတွင် ချိပ်ပိတ် နယ်မြေ၏ နာမည်မှာ အဆင့်ဆင့် ပြောင်းလဲခဲ့ကာ ယခုအခါတွင်တော့ မဟာ စက်ဝန်း ကြယ်ကွင်းပြင် ဟူ၍သာ ခေါ်တွင် ကြတော့သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ထိုနယ်မြေကြီး၏ အလယ်ဗဟိုတွင် တည်ရှိကာ အခြား ကြယ်တာရာ နယ်မြေများက ပတ်လည် ဝန်းရံ၍ တည်ရှိသည်။ သို့သော်လည်း... ကြယ်တာရာ နယ်မြေများ၏ အရွယ်အစားကိုတော့ ဘယ်တော့မှ အထင်မသေးသင့်ချေ။ ယနေ့ခေတ်၏ အသေးဆုံးသော ကြယ်တာရာ နယ်မြေ ပင်လျှင် ရှေးခေတ်များဆီမှ ကြယ်တာရာ နယ်မြေ တစ်ခုချင်းစီတိုင်းထက် ပိုမို၍ ကြီးမားသည်။ ၎င်းတို့ကို ဧရာမ ကြယ်တာရာ နယ်မြေများဟု ခေါ်တွင်ကောင်း ခေါ်တွင်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း မဟာ ပေါင်းစည်းခြင်း၏ ဆိုးကျိုး တစ်ခု အဖြစ် အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် နေ‌ရာလွတ်‌ပေါင်း များစွာ ဖြစ်ပေါ်လာစေခဲ့သည်။ နေကြယ် အလင်း‌ရောင် ကင်းမဲ့သည့် ထိုနေရာများ၌ ဂြိုဟ်ပျက်များ၊ လအပိုင်းအစများနှင့် ကမ္ဘာပြားများမှာ အသက်ဓာတ် ကင်းမဲ့စွာဖြင့် လွင့်မြော နေကြပေသည်။ ထိုနတ္ထိ ဟင်းလင်းပြင်များမှာ ထူးဆန်းသော ဖြစ်စဉ်များ၊ မမြင်နိုင်သည့် သားရဲ သက်ရှိကြီးများဖြင့် အလွန် အန္တရာယ် များသည့် နေရာ တစ်ခု ဖြစ်လာခဲ့သည်။ ဟင်းလင်းပြင် မုဆိုးများမှာလည်း ထိုနေရာများ၌ ကျက်စားကာ အန္တရာယ် ကြားမှပင် အကျိုးအမြတ် ရရှိရေးကို ရှာဖွေ နေကြပေသည်။

ချိပ်ပိတ် နယ်မြေမှာ အလွန်ပင် အပြောကျယ်လွန်းလှသည်။ ချိပ်ပိတ် နယ်မြေ အတွင်း မဟာစက်ဝန်း ကြယ်ကွင်းပြင် သိမ်းပိုက်ထားသည့် ပမာဏက ၁၇ ရာခိုင်နှုန်းမျှသာ ရှိပေသေးသည်။ ကျန်နေရာ အများစုမှာ နတ္ထိ ဟင်းလင်းပြင်များ ဖြစ်သော်လည်း မဟာ ပေါင်းစည်းခြင်းတွင် သဘာဝ နေကြယ်များကိုသာ စုစည်းခဲ့လေရာ အစွန်အဖျား နေရာများတွင် ရှင်သန်နေဆဲ ဖြစ်သည့် ကြယ်တာရာ နယ်မြေ တစ်ချို့လည်း ရှိပေသေးသည်။ သူတို့က အလွန်တရာ အလှမ်းကွာလွန်းလှသည့် ထိုနေရာများတါင် ကိုယ်ပိုင် လူဦးရေ၊ ကျင့်ကြံသူ၊ ထူးဆန်းသော သားရဲများနှင့် စည်ပင် ဝဖြိုးလျှက် ရှိပေသည်။

တစ်ချိန်တုန်းက ထာဝရ ကြယ်တာရာ နယ်မြေသည်လည်း ထိုနည်းဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့က နေကြယ်ပု တစ်စင်း၊ ဂြိုဟ်ပေါင်း ဒါဇင် အနည်းငယ် ခန့်နှင့် လည်ပတ်နေသည့် သီးသန့် နေရာတစ်ခု ဖြစ်ကာ အမျိုးမျိုးသော သားရဲများ ကျက်စားခဲ့ရာ ဒေသ တစ်ခုလည်း ဖြစ်သည်။

သို့သော်လည်း... စစ်ပွဲများ အပြီးတွင်တော့ နဂါးငွေ့တန်း ကြယ်ကွင်းပြင်၏ သဘာဝ ပတ်ဝန်းကျင်က ဆိုးရွားစွာ နိမ့်ကျလာခဲ့ကာ အကူအညီ မပါပါက ကြယ်တာရာ အမြုတေ အဆင့်လေးကိုပင် မဖြတ်ကျော်နိုင်လောက်အောင် ဖြစ်လာခဲ့သည်။ ထာဝရ ဧကရာဇ် ပေါ်ထွန်းလာခဲ့ပြီနောက် တစ်ဖန်လည် မြင့်တက် လာခဲ့သော်လည်း သူ ထွက်ခွာသွားပြီး နောက်တွင် ပြန်လည်၍ နိမ့်ကျသွားခဲ့သည်။ နောက်ဆုံးတွင်တော့ ထန်ဂူ သတ္တဝါ လက်‌အောက်တွင် အလုံးစုံ ပျက်သုဉ်းခဲ့ကာ ကြယ်တာရာ နယ်မြေလုံးကျွတ် မဟာ စက်ဝန်း ကြယ်ကွင်းပြင်ထံ ပြောင်းရွှေ့ခဲ့ကြသည်။

မည်သို့ပင် ဆိုစေ... ထိုကဲ့သို့ မေ့လျော့ခံ ဖြစ်နေသည့် နေရာပေါင်းများစွာမှာ ချိပ်ပိတ် နယ်မြေကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေဆဲ ဖြစ်သည်။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ဆက် သုံးခုမှာ ချိပ်ပိတ် နယ်မြေ အနှံ့၌ ဖြန့်ကျက် တည်ရှိနေခြင်း ဖြစ်သည်။

ထိုသုံးခုထဲမှ တစ်ခုကတော့ ထာဝရ ကြယ်တာရာ နယ်မြေတွင် ဖြစ်သည်။ အာကာသ ဝေဟင်ဂိုဏ်းသည် ထိုနေရာကို ထန်ဂူ၏ မျက်လုံးအောက်မှ ပျောက်ကွယ်နေစေဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့သည့်တိုင် ကံဆိုးစွာပင် ကျရှုံးခဲ့ရသည်။ ထို့နောက်တွင်တော့ သူမက နေကြယ်များကို မြင်တွေ့သွားခဲ့ကာ ချိပ်ဆက် တစ်ခုကို ရည်ရွယ်ချက် မရှိပဲ ဖျက်ဆီးခဲ့မိတော့သည်။

၎င်းက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ပိတ် အစီအရင်ကို ချို့ယွင်းချက် များစွာ ဖြစ်ပေါ်စေခဲ့ကာ ကြောက်မက်ဖွယ် ကောင်းသည့် အင်အားစုများစွာမှာလည်း အမှောင်ထဲမှ စတင်ကာ လှုပ်ရှား လာခဲ့ကြသည်။

အရေး အကြီးဆုံး အဖြစ် ပေါ်ထွက်လာခဲ့သည့် ချွတ်ယွင်းချက်ကတော့ ချိတ်ဆက် အမတေများထံ ဦးတည်နေသည့် ဆက်သွယ်ရေး လမ်းကြောင်းများပင် ဖြစ်သည်။ ၎င်းတို့မှာ ချိပ်ပိတ် နယ်မြေနှင့် အလွှာကြားက လောက အတွင်းရှိ နေရာ အမျိုးမျိုးကို ဆက်သွယ် ထားကြကာ မန်နာ၊ အမတေ၊ စွမ်းအင်များကို အသုံးပြု၍ ချိပ်ပိတ် အစီအရင် လှည့်ပတ်မှုကို ထိန်းသိမ်း ပေးထားကြသည်။ မရေမတွက်နိုင်သည့် ဆက်သွယ်ရေး လမ်း‌ကြောင်းများမှာ ခန္ဓာကိုယ် အတွင်းရှိ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများလိုပင် ဖြစ်ကာ အထက် ဖော်ပြပါ စွမ်းအင် ရင်းမြစ် သုံးမျိုးကို စစ်ထုတ်ပေးခြင်း၊ သန့်စင်ပေးခြင်း စသည့် လုပ်ဆောင်မှုများကိုလည်း ဆောင်ရွက် ပေးသည်။

သို့သော်လည်း... ၎င်းတို့မှာ တည်မြဲခြင်း မရှိပဲ မြက်ခင်းပြင်ပေါ်မှ မြွေများလို လှည့်ပတ် ရွေ့လျား နေကြလေရာ တည်နေရာကို ခန့်မှန်းဖို့ အလွန် ခက်ခဲလှသည်။ ထို့အပြင်... ချိပ်ပိတ် နယ်မြေ၏ အပြောကျယ်မှုကလည်း အရိပ်ထဲမှ လှုပ်ရှားသူများ အတွက် ၎င်းတို့၏ တည်နေရာကို ရှာဖွေဖို့ ခက်ခဲစေသည်။

လတ်တလောတွင်တော့ ချိတ်ဆက် အမြုတေ တစ်ခု ပြိုကွဲခြင်းနှင့် အတူ ဆက်သွယ်ရေး လမ်းကြောင်း တစ်ချို့ ပေါ်လာပြီး နောက်၌ အစစ်အမှန် မွေးဖွားခြင်းမှာ တက်တက်ကြွကြွပင် စတင် လှုပ်ရှား လာခဲ့သည်။ ယင်းကပင် ဆက်သွယ်ရေး လမ်းကြောင်းများ၌ အဆုံးမဲ့ တိုက်ပွဲများကို ဦးတည် သွားစေခဲ့ကာ ရေစက်ကြိုး ပိုင်ရှင်များက ခုခံရင်း သွေးချောင်းစီး စစ်ပွဲများကို ဖြစ်စေခဲ့လေသည်။

အာကာသ ဝေဟင်ဂိုဏ်း၏ ရေစက်ကြိုး ပိုင်ရှင်များစွာမှာ ထိုလမ်းကြောင်းကို ခုခံ ကာကွယ် ခဲ့ကြကာ ရဲရင့်သည့် ဆန္ဒနှင့် အတူ တိုက်ခိုက်ကြရင်း ချိတ်ဆက် အမြုတေများထံ မရောက်ရှိအောင် သူတို့ အသက်များကို စွန့်လွှတ် ခဲ့ကြသည်။ အချို့ နေရာများတွင်တော့ ရေစက်ကြိုး ပိုင်ရှင်များ ကျရှုံးခဲ့ကာ အစစ်အမှန် မွေးဖွားခြင်းမှာ ဆက်သွယ်ရေး လမ်းကြောင်းများ အဆုံးသတ်ထိ ချီတက် နိုင်ခဲ့ကြသည်။ ကံကောင်း ထောက်မစွာပင် ဆက်သွယ်ရေး လမ်းကြောင်းများ၏ အဆုံးသတ်တိုင်းက ချိတ်ဆက် အမြုတေများတော့ မဟုတ်ခဲ့ချေ။

ချိတ်ဆက် အမြုတေများ၏ အစစ်အမှန် တည်နေရာများမှာ များသောအားဖြင့် အလွန်တရာပင် အားနည်းလှကာ မည်သူမှ ထင်မှတ် မထားသည့် နေရာများတွင် တည်ရှိတတ်သည်။ ထိုနေရာများ၌ ကြိုတင် တည်ဆောက်ထားသည့် ဝင်္ကပါ အစီအရင်များ မရှိသလို၊ စခန်းချနေထိုင်သည့် ထိပ်သီး ကျင့်ကြံသူများလည်း မရှိတတ်ချေ။ ထာဝရ ကြယ်တာရာ နယ်မြေမှာ အကောင်းဆုံး ဥပမာ တစ်ခု ဖြစ်ခဲ့ပေသည်။

အစစ်အမှန် မွေးဖွားခြင်း တိုက်ခိုက်ရသည့် ရည်ရွယ်ချက် အစစ်အမှန်မှာ ဆက်သွယ်ရေး လမ်းကြောင်းများကို သိမ်းပိုက်ရန် မဟုတ်ပဲ ၎င်းတို့ကို မှတ်သားရင်း ချိပ်ပိတ် နယ်မြေ အတွင်းရှိ ချိတ်ဆက် အမြုတေများ၏ အမှန်တကယ် တည်နေရာများကို ရှာဖွေန် ဖြစ်သည်။ ထို့နောက်တွင်တော့ ၎င်းတို့ကို ဖျက်ဆီးပစ်ရန်ပင်။

...

မဟာ စက်ဝန်း ရှန့်ထို ညီလာခံမှ ဝေ့ဝူယင် ထွက်ခွာသွားခဲ့ပြီးနောက် လပေါင်း နှစ်ဆယ် အတိအကျပင် ကုန်လွန် သွားခဲ့ပြီ ဖြစ်သည်။

အချိန်လေပွေထက်၌ ပုံရိပ်နှစ်ခုမှာ ခန့်မှန်း၍ မရနိုင်သည့် အော်ရာများနှင့် အတူ တိတ်တဆိတ် လွင့်မြော နေခဲ့လေသည်။ သူတို့၏ မျက်လုံးများက သုန်မှုန်နေကာ အနက်ရှိုင်းဆုံးသော အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့လေသည်။

သူတို့က ကာကွယ်သူ မြို့တော်နှင့် ခရီးသွား မြို့တော်တို့၏ အရှင်သခင်များ ဖြစ်သည့် စုနန်းကျူးနှင့် ရှုယုတို့ပင် ဖြစ်လေ၏။ တစ်နှစ်နီးပါးမျှ အထိ ကြာမြင့်အောက် သူတို့မှာ အချိန်လေပွေ အတွင်းရှိ အပြောင်းအလဲများကို ထောက်လှမ်း ရှာဖွေ နေကြခြင်း ဖြစ်သည်။

ဝေ့ဝူယင် ခုန်ချသွားခဲ့ပြီး နောက်တွင် အချိန်လေပွေ အတွင်း ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ ပြောင်းပြန် ပုံစံဖြင့် စတင်ကာ စီးဆင်း လာခဲ့သည်။ ၎င်းကို တစ်စုံတစ်ရာက တက်ကြွစွာ ထိန်းချုပ်နေသည့် အပြင် အတွင်းရှိ အချိန်စွမ်းအင်များမှာ စုပ်ယူခံနေရပုံ ပေါ်သည်။

အချိန်လေပွေမှာ ယခင်က မုန်တိုင်း အကြားမှ စွမ်းအင် အပြည့်နှင့် သမုဒ္ဒရာ တစ်ခု ဆိုလျှင် ယခု အခါတွင်တော့ ငြိမ်းချမ်းသည့် ပင်လယ် တစ်ခုလိုမျိုး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်း၏ လက်ရှိ အခြေအနေကို ထိုကဲ့သို့ အကောင်းဆုံး ဖော်ပြနိုင်ပေလိမ့်မည်။

ဗွမ်း...

ရုတ်တရက် ပုံရိပ် တစ်ခုမှာ အချိန်လေပွေ မျက်နှာပြင်ကို ထိုးဖောက် ပျံတက်လာခဲ့ကာ မြို့တော် သခင် နှစ်ယောက် အနားသို့ ရောက်ရှိလာခဲ့သည်။ ထိုပုံရိပ်မှာ ပိန်သွယ်ကာ လှပသည့် ကောက်ကြောင်းများနှင့် တည်ငြိမ်သည့် အော်ရာကို ပိုင်ဆိုင်ထား၏။

ကျန်းကျဲဝူရှု...

သူမက မျက်မှန်ကို တပ်မထားတော့ သလို ဆံပင်ကိုလည်း နောက်၌ စု၍ စည်းမထားတော့ချေ။ သူမ၏ စာကြည့်တိုက်မှူး အသွင်က လုံးဝ ပျောက်ကွယ်သွားကာ ပိုမို စိတ်လှုပ်ရှားစရာ ကောင်းသည့် ပုံရိပ်မျိုးကို ပေးစွမ်းနေခဲ့သည်။

သို့သော်လည်း သူမ၏ လက်ရှိ အမူအရာက သုန်မှုန်နေကာ မျက်မှောင်ကို ကြုတ် ထားခဲ့၏။ သူမ၏ အမူအရာက မြို့တော် သခင် နှစ်ယောက်ကို မျက်မှောင်ကြုတ် သွားစေခဲ့သည်။

“ဘာမှ မထူးဘူးလား...”

ရှုယုက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်၏။ လွန်ခဲ့သည့် လအနည်းငယ်ခန့် ကတည်းက သူတို့မှာ အချိန်လေပွေ အတွင်း စွန့်စား ဝင်ရောက်ကာ ဝေ့ဝူယင်ကြောင့် ဖြစ်ပေါ်လာသည့် အပြောင်းအလဲ၏ ရင်းမြစ်ကို ရှာဖွေဖို့ ကြိုးပမ်း နေခဲ့ခြင်း ဖြစ်သည်။

အချိန်လေပွေ အတွင်းရှိ အချိန်စွမ်းအင်များကို ခုခံရန် သူတို့ လျှို့ဝှက် စွမ်းအင် ပမာဏ အမြောက်အများကို ဆုံးရှုံးခဲ့ရသည်။ သူတို့ အဆင့် ကျင့်ကြံသူများ အတွက် လျှို့ဝှက် စွမ်းအင် ပမာဏ တစ်ခုချင်းစီကို ပြန်လည် ဖြည့်တင်းရသည်မှာ အလွန်ပင် ခက်ခဲလှသည်။ ထို့အပြင်... လိုအပ်သည့် ရင်းမြစ်များ ဖြစ်သည့် လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ၊ လျှို့ဝှက် လောက ကျောက်တုံးများမှာ အလွန်ပင် အဖိုးတန်လှသည်။

“မထူးဘူး...”

ကျန်းကျဲဝူရှု၏ အဖြေက ထင်မှတ်ထားသည့် အတိုင်းပင်။ ရှုယုက စိတ်ဖိစီးမှုများစွာနှင့် သက်ပြင်း တစ်ချက် ချလိုက်၏။

“အချိန်လေပွေက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံနဲ့ ချိတ်ဆက်နေတာ... ငါတို့ ဒီပြဿနာကို အဖြေမရှာနိုင်ရင် ချိပ်ပိတ် နယ်မြေရဲ့ အစီအရင် ပိုပြီး ထိခိုက်လာလိမ့်မယ်”

“ငါက အဲဒါကို မသိဘူးလို့ ထင်နေတာလား...”

ကျန်းကျဲဝူရှုက ရှုယုကို စူးရဲစွာ ကြည့်လိုက်၏။ ဝေ့ဝူယင် အချိန်လေပွေ အတွင်း ခုန်ချသွားခဲ့တာ တစ်နှစ် ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်လေရာ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီဟု ဆိုနိုင်ပေသည်။

စုနန်းကျူးက မျက်မှောင်ကြုတ် လိုက်၏။

“အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရဲ့ အခြေခံကို ကျုပ် စစ်ဆေးပြီးပြီ... အစီအရင် အားလုံးက အလုပ်လုပ် နေတုန်းပဲ... ဒါပေမဲ့ အချိန်လေပွေ ပြောင်းလဲမှုတွေ စတင်ခဲ့တဲ့ အချိန်က စလို့ စွမ်းအင် တသမတ်တည်း မရှိတော့တာက ကျုပ်တို့ စိုးရိမ်သင့်တဲ့ ကိစ္စပဲ”

“အေးလေ... ပြဿနာကို အဖြေရှာဖို့ ငါတို့ အချိန်နဲ့ အား ပိုစိုက်ထုတ်ဖို့ပဲ ရှိတာပေါ့”

ရှုယုက အချိန်လေပွေကို စူးရဲစွာ စိုက်ကြည့်ရင်း ဆိုလိုက်၏။ ထို့နောက် သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို လျှို့ဝှက် အကာအရံ တစ်ခုဖြင့် ဝန်းရံလိုက်သည်။

“ခုတစ်ခါ အလှည့်ကျတာက ဧရိယာ လေးဆယ့်သုံး မလား... ငါ သွားလိုက်မယ်”

ထိုကဲ့သို့ ပြောပြီးနောက် သူက အောက်သို့ တည့်တည့် ဆင်းသက်ကာ အချိန်လေပွေ မျက်နှာပြင်ကို ထိုးဖောက် ဝင်ရောက် သွားတော့သည်။

အချိန်လေပွေမှာ အလွန်ပင် ကျယ်ပြန့်ကာ အန္တရာယ် များလွန်းလှသည်။ ထို့‌ကြောင့်ပင် နှံ့နှံ့စပ်စပ် ရှာဖွေနိုင်ဖို့ အတွက် သူတို့က ၎င်းကို ဧရိယာ ခုနစ်ဆယ့် ကိုးခု ခွဲခြားခဲ့ခြင်း ဖြစ်သည်။

သူတို့ အမြင်အရ... ဝေ့ဝူယင်မှာ အချိန်လေပွေကို ဝင်ရောက်ပြီး တစ်ခဏ အတွင်းမှာပင် သေဆုံး ပျောက်ကွယ် သွားလောက်ပြီ ဖြစ်သည်။ တစ်ခဏ အတွင်း မသေလျှင်ပင် တစ်နှစ် ဆိုသည့် အချိန်က သေမျိုး တစ်ယောက် မဆိုထားနှင့်။ တော်ရုံတန်ရုံ လျှို့ဝှက် အာဏာရှင်များကိုပင် အစဖျောက်ပစ်ဖို့ လုံလောက်သည့် အချိန် ဖြစ်သည်။

ကျန်းကျဲဝူရှုက သက်တောင့်သက်သာ မရှိသည့် ခံစားချက် တစ်ခုနှင့် အတူ မျက်မှောင်ကြုတ် လိုက်၏။

“အစစ်အမှန် မွေးဖွားခြင်းရဲ့ လတ်တလော လှုပ်ရှားမှုနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေရဲ့ အခြေအနေက‌ရော ဘယ်လိုလဲ”

“သူတို့က တိရိစ္ဆာန်တွေလို အတင်း တိုးဝင် တိုက်နေတာပဲ... အခွင့်အရေး တစ်ခုကို မြင်ထားလို့ နေမယ်... ဒါပေမဲ့ သူတို့ဘက်က ကျရှုံးတာ အရမ်းများတယ်... နောက်ပြီး မဟာ ဗိသုကာ ပညာရှင်တွေက သူတို့ကို ထောင်ချောက် ဆင်နိုင်မယ့် နည်းလမ်း တစ်ခုကို ရှာတွေ့ထားပြီးပြီ... နောက်တစ်ရက် နှစ်ရက်လောက် ဆိုရင် သူတို့တွေ စစ်ကူမရှိ၊ လွတ်လမ်း မရှိပဲ ကြွက်တွေလို ပိတ်မိနေတော့မှာ သေချာတယ်”

နန်းစုကျင်း၏ လေသံထဲ၌ ရက်စက် ကြမ်းကြုတ်မှု အရိပ်အငွေ့ တစ်ချို့ ပါဝင်နေခဲ့ကာ နောက်ဆုံး၌ သူ၏ သံချပ်ကာဝတ် ပုံပန်း သွင်ပြင်နှင့် လိုက်ဖက်ညီလာခဲ့သည်။

“...”

ကျန်းကျဲဝူရှုကတော့ စိတ်ထဲမှ မလွယ်ကူသလို ခံစားလာခဲ့ရလေသည်။

***

All Chapters