← Chapters

ထောင်ချောက်

Vol. 011 Ch. 1061

ထောင်ချောက်

Vol. 011 Ch. 1061

ရီဖူရှင်းက နောက်လှည့်ကာ ခွန်ရွှမ်ထံသို့ လျှောက်သွားခဲ့သည်။ နောက်မှ သိမ်းငှက်နက်က ဝင်းလက်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောသည် … “ဟေး … သားရဲမ … ကျုပ်ဆရာက မင်းကို သင်ခန်းစာ ပေးတော့မယ်”

“…”

ရီဖူရှင်းက ဤငှက်စုတ်အား အိုးထဲသို့ ပစ်ထည့် လိုက်လိုစိတ်များ ဖြစ်ပေါ် လာခဲ့သည်။ သူက သိမ်းငှက်နက်အား ရန်သူကို ရန်စရန် ခွင့်ပြုပေးခဲ့သော်လည်း ကြည့်ရသည်မှာ သူက လွန်ကဲစွာ ပြောဆိုလွန်းရကား ရီဖူရှင်း ကိုယ်တိုင်က သူ့အား သင်ခန်းစာများ ပေးလိုစိတ် ဖြစ်လာခဲ့သည်။

ခွန်ရွှမ်၏ မျက်လုံးများက ရီဖူရှင်းကို စူးစိုက် ကြည့်နေခဲ့သည်။ သူမ၏နောက်သို့ သားရဲများ တစ်ကောင်ပြီး တစ်ကောင် ရောက်ရှိ လာခဲ့ကြ၏။ သူမက သိမ်းငှက်နက်အား လက်ညှိုးဖြင့် ထိုးကာ ပြောသည် … “သူတို့ကိုသတ် …”

စက္ကန့်ပိုင်းအတွင်း အေးစက်သော မျက်လုံးများ သိမ်းငှက်နက်ထံသို့ ရောက်ရှိလာခဲ့လျှင် သူ့အား ကျောချမ်း စေခဲ့သည်။ သိမ်းငှက်နက်က သူ၏ ကိုယ်ပိုင် စွမ်းရည်များကို အလွန်တရာ ယုံကြည်မှု ရှိသော်လည်း နောက်တွင် ကျန်ရစ်ကာ တိုက်ခိုက် ရလောက်အောင် မိုက်မဲခြင်း မရှိပေ။ ထိုအစား သူက ရန်သူများကို သွေးဆောင်ကာ ခေါ်သွားရန် ပိုစိတ်ဝင်စား ပေသည်။

သူက အတောင်ပံများကို တဖျတ်ဖျတ် ခတ်ကာ ရီဖူရှင်းအား နောက်တွင် ချန်ထားရစ်လျက် အဝေးသို့ ပျံသန်း ထွက်ခွာ သွားခဲ့သည်။ ထိုသားရဲမမှာ သင်ခန်းစာပေးရန် လိုသော်လည်း သူမအား သူ့သခင်က တာဝန် ယူပေလိမ့်မည်။ သူကိုယ်တိုင်က ထိုကိစ္စအား စိတ်ပူနေရန် မလိုပေ။

ပြင်းထန်သော လေလှိုင်း ရိုက်ခတ်မှုများနှင့်အတူ သားရဲများ တစ်ကောင်ပြီး တစ်ကောင် သိမ်းငှက်နက် နောက်သို့ လိုက်ပါ သွားခဲ့ကြသည်။ သူတို့၏ ရက်စက် ကြမ်းကြုတ်သော မျက်လုံးများအရ အမှန်တကယ် သိမ်းငှက်နက်အား လိုက်မီခဲ့ပါက တစ်စစီ ဖြတ်တောက်ရန် ကြိုးစားကြမည်မှာ သေချာပေသည်။ နတ္ထိဘုံတိုက်ပွဲသည် ယခုမှ စတင်ခြင်း ဖြစ်သော်လည်း သိမ်းငှက်နက်သည် ဥဒေါင်း အင်ပါယာဘုံ၏ နံပါတ်တစ် ပစ်မှတ် ဖြစ်လာခဲ့သည်။

ထိုငှက်စုတ်ကား အမှန်တကယ် လွန်ကဲလွန်း လှပေသည်။

ခွန်ရွှမ်က ရီဖူရှင်းအား သူမ၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် ရစ်ပတ်စေသည်။ သူမအပြင် တခြားသော ထိပ်သီးသားရဲများ လိုက်ပါ လာခဲ့ကြကာ သူတို့သည် သိမ်းငှက်နက် နောက်သို့ လိုက်သွားခြင်း မရှိခဲ့သလို ခွန်ရွှမ်အားလည်း ကူညီခြင်းမရှိဘဲ သူတို့နှစ်ယောက်၏ တိုက်ပွဲကို ငြိမ်သက်စွာ ကြည့်နေခဲ့ကြသည်။

သူတို့က အတောင်ပံများကို ဖြန့်ကြက်ကာ အရှိန်အဝါများ ပြင်းထန်စွာဖြင့် ရီဖူရှင်းအား ဝိုင်းရံထားကြသည်။

သူတို့အားလုံးသည် ခွန်ရွှမ်၏ စွမ်းရည်အပေါ် အလွန်တရာ ယုံကြည်မှု ရှိကြပေသည်။ မည်သို့ဆိုစေ သူမသည် ဥဒေါင်း အင်ပါယာ၏ သမီးဖြစ်ကာ သူမ၏ အဆင့်အတန်း သည်လည်း ရှားရှင်းယွန်နှင့် ညီတူညီမျှ ဖြစ်ပေသည်။ ထို့ကြောင့် သူမအား စောင့်ကြပ်နေသူများ သေချာပေါက်ရှိကာ သူမအား တစ်ဦးတည်း ချန်ထားရစ်ခြင်းမှာ မဖြစ်နိုင်ပေ။

ထို့အပြင် အလံတိုက်ပွဲ၌ ယူချင်းနှင့် သိမ်းငှက်နက်တို့သည် အလွန် အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်များအား ပြသခဲ့ကြ၏။ သိမ်းငှက်နက်သည် ရီဖူရှင်း၏ စီးတော်ဖြစ်ကာ သူ၏အမိန့်ကိုသာ နာခံသည်။ ဆိုလိုသည်က ရီဖူရှင်း၏စွမ်းရည်မှာ သိမ်းငှက်နက်ထက် ပိုမြင့်သည်။

သို့တိုင်အောင် သူတို့က တိုက်ပွဲထဲ ဝင်ပါလိုသော ဆန္ဒမရှိပေ။ ရီဖူရှင်းက မည်မျှ စွမ်းအားကြီးပါစေ ခွန်ရွှမ်က သူ့အား အနိုင်ယူနိုင်သည်ဟု သူတို့အားလုံး ယုံကြည်ကြသည်။

ထိုအခိုက်တွင် ရီဖူရှင်းအား ခွန်ရွှမ်၏ နတ်ဘုရားအလင်းက ရစ်ပတ်ထား၏။ လင်းလက်သော သားမွေးများသည် မဟာလမ်းစဉ်၏ စွမ်းအားများဖြင့် တလက်လက် တောက်ပ နေခဲ့သည်။

ဝှီး … ဝှီး … ဝှီး …

ဥဒေါင်းသားမွေးများသည် ရောင်စဉ်ကိုးခု လင်းလက်လျက် ရီဖူရှင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင် လာခဲ့ကြသည်။ သားမွေးများသည် လမ်းတစ်လျှောက် အရာအားလုံးကို ဖျက်ဆီးကာ ရီဖူရှင်းအား သတ်ဖြတ်ရန်အလို့ငှာ ပျံသန်း လာခဲ့ကြ၏။

ရီဖူရှင်းက ဖိအားကိုခံစားမိကာ တစ်ဖက်လူသည် အလင်းလောက ဓာတ်တွင်လည်း ထူးချွန်ကြောင်း သိလိုက်သည်။ ထို့အပြင် သူမ၏ ကိုးရောင်စုံ အလင်းလောကဓာတ်မှာ ပုံမှန် အလင်း လောကဓာတ်ထက် ပို၍ အားကောင်းဟန် ရှိသည်။

ရီဖူရှင်းက ကြယ်တာရာ အရံအတားအား ဖန်တီး ကာကွယ်သည့်တိုင် ကိုးရောင်စုံအလင်းသည် အရံအတားအား တစ်မုဟုတ်ချင်း ပျက်စီး သွားစေခဲ့သည်။ ကြယ်တာရာ အလင်း အပိုင်းအစများမှာ ထိုနေရာတွင်ပင် တော်ဝင်သားမွေးများ၏ ဝါးမျိုခြင်းကိုခံရပြီး ကိုးရောင်စုံအလင်းကို ပိုမို တောက်ပစေခဲ့သည်။

ရီဖူရှင်း၏ လေဟာနယ် အေးခဲဓာတ်သည်လည်း ကိုးရောင်စုံ အလင်းများ၏ ထွင်းဖောက်ခြင်းကို ခံရကာ ရီဖူရှင်းအား လာရောက် ရိုက်ခတ်ကြသည်။ ခွန်ရွှမ်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သူမ၏ ကိုးရောင်စုံ နတ်ဘုရား အလင်းကို မည်သူမှ ခုခံနိုင်စွမ်း မရှိပေ။ သို့တိုင်အောင် ရီဖူရှင်းက ရှောင်ဖယ်မည့်ပုံစံ သူမ မမြင်ရပေ။

ဘုန်း …

ကိုးရောင်စုံ နတ်ဘုရား အလင်းသည် ရီဖူရှင်းအား ပြင်းထန်စွာ လာရောက် ရိုက်ခတ်သည်။ ထိုအခိုက်တွင် ထိုကိုးရောင်စုံ နတ်ဘုရား အလင်းသည် မည်မျှ အားကောင်းသည်ကို ရီဖူရှင်းက သိသာ ရှင်းလင်းစွာ ခံစားရသည်။ ထိုအထဲတွင် ဖျက်ဆီးခြင်း၊ ထွင်းဖောက်ခြင်း၊ ဖိနှိပ်ခြင်းနှင့် အစားစားသော တိုက်ခိုက်ရေး စွမ်းအားများ ပါဝင်နေကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းက လောကဓာတ် ဆင့်ကဲအလွှာများဖြင့် တိုက်ခိုက်ခံရပြီဟု ခံစားရသည်။

ဤအရာကပင် ဥဒေါင်း အင်ပါယာ၏ မျိုးဆက်ဖြစ်သော ခွန်ရွှမ်၏ ပါရမီဖြစ်သည်။ သူမ၏အဖေသည် ရန်ဟောင်တစ်ပါး ဖြစ်၏။ ထို့ကြောင့် သူမသည် မွေးရာပါ မဟာလမ်းစဉ် စွမ်းအားများကို နားလည်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူမသည် မွေးကတည်းက ရှန့်ထို အလိုအလျောက် ဖြစ်နိုင်သော ပါရမီအား ပိုင်ဆိုင်၏။

“ဒီအကောင်က သေချင်နေတာပဲ …” အနီးမှ သားရဲများက ရီဖူရှင်းကို စိုက်ကြည့် ကြသည်။ ရီဖူရှင်းက ခွန်ရွှမ်၏ ကိုးရောင်စုံ အလင်းအား ဤအတိုင်း အရိုက်ခံသည်ကို ကြည့်ကာ အံ့အားသင့် ကြရသည်။ ဥဒေါင်း အင်ပါယာဘုံမှ စွမ်းအားမြင့် သားရဲကြီးများပင် အလွန် ကောင်းမွန်သော ရုပ်ခန္ဓာ ဖွဲ့စည်းမှုများကို ပိုင်ဆိုင်သည့်တိုင် ဤသို့ မခုခံရဲကြပေ။ သူတို့က ဘာဖြစ်သွားမည်ကိုပင် မသိဘဲ အသက် သေဆုံး သွားကြပေလိမ့်မည်။

ပြင်းထန်သော အသံများကို ကြားကြရသော်လည်း လူတိုင်း မျှော်လင့်သော မြင်ကွင်းသည် အမှန်တကယ် ဖြစ်လာခဲ့ခြင်း မရှိပေ။ ရီဖူရှင်း၏ ခန္ဓာကိုယ်သည် တုန်ခါ သွားသော်လည်း သူက ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။ သူကား အမှန်တကယ် ကိုးရောင်စုံ အလင်းများဖြင့် ရိုက်နှက်ခြင်း ခံရသော်လည်း သူ့ခန္ဓာကိုယ်မှာ မည်သို့မျှ ထိခိုက်ဟန် မရှိပေ။

သားရဲများအားလုံး ထူးဆန်းသော အမူအရာများ ဖြစ်လာခဲ့ကြသည်။ ခွန်ရွှမ်ကလည်း ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်သည်။ ကိုးရောင်စုံ အလင်းက သူ့အား မဖျက်ဆီးနိုင်ဘူးလား။

သူမ၏မျက်လုံးများက အလွန်တရာ အေးစက်နေခဲ့သည်။ အဆုံးအဆမဲ့သော ကိုးရောင်စုံ အလင်းများသည် ရီဖူရှင်းထံသို့ အဆက်မပြတ် ကျဆင်း လာခဲ့ကြသည်။

တဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ကြားကြရ၏။ ရီဖူရှင်း၏ သွေးများသည်လည်း ဆူပွက်လာခဲ့သည်။ ကိုးရောင်စုံ အလင်းများက သူ့ခန္ဓာကိုယ်ကို လာရောက် ရစ်ပတ် တိုက်ခိုက်ကြ သော်လည်း ထိုတိုက်ခိုက်မှုများသည် သူ့ခန္ဓာကိုယ်အား ပိုမိုသန်မာ အားကောင်း စေနိုင်ဟန် ရှိသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် မည်မျှ သန်မာသည်ကို ခွန်ရွှမ်တစ်ယောက် နားလည် သဘောပေါက် လာခဲ့သည်။ ထိုသူသည် အရှက်မဲ့ကာ ဉာဏ်များ သော်လည်း သူ၏စွမ်းရည်မှာ အမှန်တကယ် ထူးခြား ကောင်းမွန်ပေသည်။ သူက ဥဒေါင်း အင်ပါယာမြို့သို့ တစ်ကိုယ်တည်း လာရောက် ရန်စရဲသည်မှာ မထူးဆန်းတော့ပေ။

ဥဒေါင်း သားမွေးများသည် အဆုံးအဆမဲ့သော အလင်းများဖြင့် ရစ်ပတ်လာခဲ့သည်။ ခွန်ရွှမ်၏လက်က ရီဖူရှင်းရှိရာ အရပ်သို့ ဆန့်တန်း လိုက်သည်။ အဆုံးအဆမဲ့သော နတ်ဘုရား အလင်းများသည် ဥဒေါင်းငှက် အသွင်သို့ ဖွဲ့စည်း ဖြစ်ပေါ်လာကာ ထိုဥဒေါင်းသည် သူ၏ပါးစပ်အား ဖွင့်ဟလျက် ရီဖူရှင်းအား ဝါးမျိုရန် အလို့ငှာ ပျံသန်း လာခဲ့သည်။

သူတို့အနီးမှ လေဟာနယ်သည် ပြောင်းပြန် စီးဆင်းသွားပြီး အရာအားလုံးမှာ ပါးစပ်ကြီးအတွင်းသို့ ဆွဲငင် စုပ်ယူခြင်း ခံရ၏။ မဟာလမ်းစဉ်၏ လောကဓာတ်များသည်ပင် ဥဒေါင်း၏ ဝါးမျိုခြင်းကို ခံရသည်။

ရီဖူရှင်းက သူ့အား လာရောက် ရစ်ပတ်သော ဆွဲငင်အားကို ခံစားရသည်။ သူသည် မိမိကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲလာခဲ့ကာ ဥဒေါင်း၏ ပါးစပ်ထံသို့ အလိုအလျောက် ရွေ့လျား လာခဲ့သည်။

လောကဓာတ်နှင့် သဘာဝ စွမ်းအင်တို့မှာ အဆက်မပြတ် ဝါးမျိုခြင်းခံရရာ ပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်း ဖြစ်မှုကို ခံစားကြရသည်။ ရီဖူရှင်းက လှံတစ်လက်အား ဖန်ဆင်းရန် ကြိုးစားသော်လည်း သူ့အနေဖြင့် ထိုလက်နက်အား ဖွဲ့စည်းရန် အလွန်တရာ ခက်ခဲနေခဲ့သည်ကို ခံစားရပေသည်။ သူက သည်နေရာအတွင်းမှ စွမ်းအင် အကန့်အသတ်များ အားလုံးကို ခံစား သိရှိနိုင်သော်လည်း ယခု ဤနေရာအား ခွန်ရွှမ်က သိမ်းပိုက် မင်းမူ ထားသည်ဟု ထင်မှတ်ရသည်။

သူက ခွန်ရွှမ်အား မော့ကြည့်လျှင် သူမသည် ကိုးရောင်စုံ နတ်ဘုရား အလင်းတန်းဖြင့် လွန်စွာ လှပလွန်းသည်ဟု ဝန်ခံရသည်။ သူက ပြင်းထန်သော ကိုးရောင်စုံ အလင်းများအား ရိုက်ခတ်စေကာ ဝါးမျိုခြင်းနှင့် ဆွဲငင်ခြင်း စွမ်းအားတို့ ခေါ်ဆောင်ရာသို့ အလိုက်သင့် လှမ်းသွား လိုက်သည်။

ဧရာမ ဥဒေါင်းကြီးက ရီဖူရှင်းအား ဝါးမျိုသွားလျှင် ထိုအခိုက်တွင် ရီဖူရှင်းသည် ဥဒေါင်း၏ နတ်ဘုရား သားမွေး ကမ္ဘာအတွင်းသို့ ကျဆင်း သွားခဲ့သည်။ အဆုံးအဆမဲ့သော ဖျက်ဆီးခြင်း စွမ်းအားများသည် ရီဖူရှင်းအား လာရောက် ဖျက်ဆီးကြ၏။

ရီဖူရှင်း၏ အမြန်နှုန်းသည် လျှပ်စီးတန်းအလား လှုပ်ရှား သွားနေခဲ့ကာ သူက လက်တစ်ဖက်ကို မြှောက်လိုက်လျှင် ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ်များ သူ့ခန္ဓာကိုယ်သို့ စီးဆင်း သွားခဲ့သည်။

ခွန်ရွှမ်သည် ရီဖူရှင်းက သူမထံသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်ကို မြင်သည့်တိုင် ဂရုစိုက်ဟန်မရှိပေ။ ကိုးရောင်စုံ နတ်ဘုရား အလင်းများ သူမ၏ခန္ဓာကိုယ်ကို စီးဆင်းလာခဲ့ကာ သူမကလည်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူမက ရီဖူရှင်းအား အမှန်တကယ် အနီးကပ် တိုက်ခိုက်ရန် ကြံစည်နေသည်။

သားရဲမိစ္ဆာများသည် မူလကတည်းက အလွန် အားကောင်းသော တိုက်ခိုက်ရေး စွမ်းအားများကို ပိုင်ဆိုင်ကြပေသည်။ သူမသည် ဥဒေါင်း အင်ပါယာ၏ သမီးဖြစ်ရာ သူမ၏ စွမ်းရည်ကို သံသယဖြစ်စရာ မလိုပေ။ သူတို့နှစ်ဦး၏ လက်သီးများ အချင်းချင်း ရင်ဆိုင် တိုက်ခိုက်မိကြလျှင် ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ကြားကြရ၏။ ရီဖူရှင်း၏ လက်သီးသည် ထိခိုက်မိသမျှ ဖျက်ဆီးနိုင်စွမ်းသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသည့်တိုင် ခွန်ရွှမ်၏ ကိုးရောင်စုံ နတ်ဘုရား အလင်းနှင့် ရင်ဆိုင်ရသောအခါ သူ၏ စွမ်းအားများမှာ အဆက်မပြတ် ပြိုလဲရသည်။ ခွန်ရွှမ်၏ လက်များသို့ စီးဆင်းသွားသော အားလှိုင်းများမှာ သူမအပေါ် အနည်းငယ်မျှပင် ထိခိုက်နိုင်စွမ်း မရှိပေ။

ရီဖူရှင်းက လက်သီးများကို အဆက်မပြတ် ပစ်သွင်းလျှင် ခွန်ရွှမ်ကလည်း အကြောက်အလန့် ကင်းစွာဖြင့် ခုခံ တိုက်ခိုက်သည်။ သူမက ရီဖူရှင်းနှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် အနည်းငယ်မျှပင် နောက်ဆုတ်ခြင်း မရှိပေ။

ဘုန်း … ဘုန်း … ဘုန်း …

တဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ကြားကြရသည်။ သူမထံမှ ကိုးရောင်စုံ အလင်းများသည် သူမ၏အနီးမှ အရာခပ်သိမ်းများအား ဖျက်ဆီးနိုင်နေဆဲ ဖြစ်သည်။ ခွန်ရွှမ်၏ အားနည်းဟန်ရသော ကိုယ်ခန္ဓာသည် ထိုမျှ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နိုင်သည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ။

ထို့အတူ အနီးမှ စွမ်းအားမြင့် သားရဲကြီးများမှာလည်း တုန်လှုပ်ကြရ၏။ ရီဖူရှင်းက အရှင့်သမီးနှင့် အမှန်တကယ် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နိုင်၏။

အရှင့်သား ခွန်ကျန်းမှလွဲ၍ ဥဒေါင်း အင်ပါယာဘုံ၏ ရှန့်ထို အဆင့်အောက်၌ မည်သူမှ ထိုသို့ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

ဘုန်း …

ကျယ်လောင်သော အသံကို ကြားရသည်။ လှပသော အလင်းတန်း တစ်ခုသည် ရီဖူရှင်းဘေးမှ ကပ်လျက် ဖြတ်သွားကာ အဝေးသို့ နောက်ဆုတ် သွားသည်။ ခွန်ရွှမ်၏ ခန္ဓာကိုယ်မှ ရောင်စဉ်ရောင်ဝါများ လင်းလက် လာခဲ့၏။ သူမက တော်ဝင် ရတနာကို ထုတ်ကာ ရှန့်ထိုစွမ်းအားကို အသုံးပြုရန် ကြံစည်သည်။ သို့သော်လည်း ရီဖူရှင်း၏ လက်တွင်လည်း အချိန်နှင့် လေဟာနယ်လှံသည် မြန်ဆန်စွာ ထွက်ပေါ် လာခဲ့သည်။

သူက ခွန်ရွှမ်အား တစ်ချက်ကြည့်ကာ ပြောသည် … “မင်းက တကယ်ပဲ ထက်မြက် ပါပေတယ် … မင်းသမီးခွန်ရွှမ်။ ကျုပ်ရဲ့ စီးတော်သားရဲက စကားပြော ကြမ်းတမ်းပေမဲ့ သူပြောတာက အမှန်ပဲ။ မင်းကသာ ငါ့ကို ပြုစုမယ်ဆိုရင် ငါက စဉ်းစားပေး နိုင်လောက်တယ်”

ထို့နောက် သူက နောက်လှည့်ကာ အလင်းတန်း အသွင်ဖြင့် ထွက်ခွာ သွားခဲ့သည်။

စွမ်းအားမြင့် သားရဲကြီးများက ရီဖူရှင်း၏ နောက်ကို လိုက်ပါ လိုကြသော်လည်း ခွန်ရွှမ်က သူတို့အား တားဆီး လိုက်သည် … “နောက်ဆုတ်ကြ … ဟိုငှက်နောက်သို့ လိုက်သွားတဲ့ သားရဲတွေကို ပြန်ခေါ်လိုက်”

သူမ၏ အေးစက်သော မျက်လုံးများက အဝေးသို့ ပျံသန်းသွားသော ရီဖူရှင်းအား ကြည့်နေသည်။ ဒီခွေးကောင် …။ သို့သော် ရီဖူရှင်းက အလွန် အားကောင်းသည်ကို သူမက ခံစားမိပေသည်။ ရီဖူရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်မှာ သူမနှင့် နှိုင်းယှဉ်၍ ရပေသည်။ သူမက ရီဖူရှင်းအား တားဆီးနိုင်ခြင်း မရှိရာ နောက်မှ ဆက်လိုက်ရန် လက်လျှော့ လိုက်ပေသည်။

ထို့အပြင် သူမက သိမ်းငှက်နက် နောက်သို့ လိုက်ပါသွားသော သားရဲများကိုလည်း ရန်သူ ထောင်ချောက်များ အတွင်းသို့ ကျရောက် သွားမည်ကို စိုးရိမ်၏။ မည်သို့ဆိုစေ ထိုငှက်သည်လည်း အလွန်တရာ ဉာဏ်များ၏။

ခွန်ရွှမ်သည် မူလကတည်းက ရီဖူရှင်း၏ ပစ်မှတ် မဟုတ်ခဲ့ပေ။ သူက ထိုနေရာမှ ထွက်ခွာလာသည်နှင့် တခြား အရပ်တစ်ခုသို့ မြန်ဆန်စွာ ထွက်ခွာလာခဲ့သည်။ နတ္ထိဘုံ၏ တောင်တန်း တစ်နေရာ၌ သိမ်းငှက်နက်နှင့် သားရဲတစ်အုပ်တို့သည် မြန်ဆန်စွာ ပျံသန်းနေကြ၏။

ထိုသားရဲများ အားလုံးမှာ အလွန်တရာ ဒေါသ ထွက်နေကြပြီး သိမ်းငှက်နက်အား ဝိုင်းရံထားကြသည်။ သိမ်းငှက်နက်က သူတို့အား ဤနေရာသို့ သွေးဆောင်ကာ ခေါ်လာခဲ့သော်လည်း ချုံခိုတိုက်ခိုက်မည့် စစ်သည်များ၏ အစအနကိုပင် မတွေ့ကြရပေ။

ထိုအခိုက်တွင် သိမ်းငှက်နက်က ပြေးနေသည်ကို ရုတ်တရက် ရပ်တန့်လိုက်၏။ ထို့နောက် နောက်မှ လိုက်ပါ လာကြသော သားရဲများကို အေးစက်စွာ ကြည့်ကာ ပြောသည် … “မင်းတို့က ငါ့နောက်သို့ လိုက်လာ ရဲကြတယ်။ မင်းတို့အားလုံး သေပြီသာမှတ်”

သိမ်းငှက်နက်က ရီဖူရှင်းနှင့် စိတ်ချင်း ဆက်သွယ်ထားရာ ရီဖူရှင်း၏ အတွေး တစ်ချက်ဖြင့် ဘာလုပ်ရမည်ကို ချက်ချင်း သိပေသည်။

ခွန်ရွှမ် အပါအဝင် ဥဒေါင်း အင်ပါယာမှ သားရဲများ အားလုံးသည် သူ့ဆရာသခင်၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ကြပြီ ဖြစ်သည်။

အဝေးမှ အရိပ်သဏ္ဌာန်တစ်ခု မြန်ဆန်စွာ ပျံသန်းလာခဲ့ကာ ထိုသူမှာ ရီဖူရှင်းပင် ဖြစ်ပေသည်။

***

All Chapters