ဖီးနစ်နှင့် လူငယ်။
Vol. 166 Ch. 2315
လင်းယွန်မှ ပြုံးပြီး ကျိကျစ်ရှီနောက် လိုက်လာခဲ့သည်။ ရေကန်သည် မီတာ (၁၀၀၀) ခန့် နက်၏။
ရေကန် အောက်ခြေတွင် အလင်းရောင်များ တောက်ပစွာ ထွန်းလင်းလျက် ငါးများ ကူးခတ် နေကို မြင်လိုက်ရသည်။
အနှောက်အယှက်များ၊ သားရဲများ မရှိသောကြောင့် ၎င်းတို့က လွတ်လွတ်လပ်လပ် ကြီးပြင်းနေချေ၏။
ကျိကျစ်ရှီ အတွက် ဤနေရာသည် ပထမဆုံးအကြိမ် မဟုတ်လေရာ ကန်လည် ကျွန်းပေါ် ဆင်းသက်လိုက်သည်။
ထို့နောက် ငှက်အရိုးစု တစ်စုံထံ ညွှန်ပြကာ၊
“ ဟိုမှာ မိုးပြာငှက်တွေ သေသွားတာ။ ”
-ဟု ပြောကြားလာသည်။
“ ကျစ်ရှီ ... ဒီကိုခေါ်လာတာ ... တခြား ရည်ရွယ်ချက်တွေ ရှိလို့လား။ ”
လင်းယွန်က အရိုးစုထံ တစ်ချက် ကြည့်ကာမေးသည်။ ကျိကျစ်ရှီမှ ပြုံးလျက်၊
“ အစ်ကိုကြီးလင်းက ထက်မြက်တယ် ... ဒီနေရာမှာ ဖီးနစ်နှလုံးသား တီးပေးစေချင်လို့ပါ ဒီမိုးပြာငှက်တွေက ဖီးနစ်သွေး ပိုင်ဆိုင်ထားပြီး သူတို့လည်း ...
... နားထောင်ချင်လိမ့်မယ် ... ပြီးတော့ ကျစ်ရှီရဲ့ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ဖို့လည်း နားထောင်ချင်ပါတယ်။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်က လက်ဝှေ့ယမ်းလိုက်ပြီး မိုးကြိုးမုန်တိုင်း ဗျပ်စောင်းကို ထုတ်ယူလိုက် တော့သည်။
တေးဂီတသံ မြည်လာသောအခါ ရေကန်အောက်ခြေမှ လမင်းကဲ့သို့ ရောင်ဝါ ဖျော့ဖျော့များ လင်းလာ၏။
ဖီးနစ် နှလုံးသား သီချင်းသည် အခြားသူများ၏ စိတ်နှလုံးကို သန့်စင်နိုင်ပြီး ဖီးနစ်သွေး ပိုင်ဆိုင်သူများ အတွက် ကူညီပေးသည်။
တီးခတ်နေစဉ် အကြည့်က ကျိကျစ်ရှီထံ ကျရောက်သွားသည်။ သူမ၏ ကျင့်ကြံမှုအပေါ် မမြင်နိုင်ချေ။
အနိမ့်ဆုံး ပဉ္စမအဆင့် သူတော်စင် သခင် ဖြစ်နိုင်မည်။ နတ်ဖီးနစ် တောင်ပံ ဖြန့်လိုက်ပါက ဖိအားများ ပိုမိုတိုးလာမည် ဖြစ်သည်။
“ ဟမ့် ... ။ ”
အရိုးစု နှစ်ခုသည် ဖြည်းညှင်းစွာ ပျောက်ကွယ်နေသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွား၏။
သီချင်းသံ ပြီးဆုံးသွားသောအခါ အရိုးစုမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ဝိညာဉ်နှစ်ကောင် ထွက်လာကာ သူ့အနား ဝဲပျံတော့သည်။
“ ကျိကျိ ... ကျိကျိ ... ။ ”
ဝမ်းသာအားရ အော်ဟစ်သံများ မြည်ကျွေးလျက် ကျေးဇူးတင်ကြောင်း ပြသနေခြင်း ဖြစ်သည်။
“ အရမ်း ... လှတယ်။ ”
ကျိကျစ်ရှီက မျက်လုံးဖွင့်လိုက်စဉ် အံ့သြသွားသည်။ မိုးပြာငှက် နှစ်ကောင်က လှည့်ပတ် ပျံသန်းပြီးနောက် သူမထံသို့ ပျံသန်းလာကြ၏။
သူမသည် ဤနေရာသို့ မကြာခဏ ရောက်ရှိဖူးသောကြောင့် ၎င်းတို့နှင့် သိကျွမ်းပြီး ဖြစ်သည်။
“ အစ်ကိုကြီးလင်း သူတို့ ကျေးဇူးတင်နေတယ်။ ”
“ ဟား ဟား ဟား ... ။ ”
ထို့နောက် ငှက်နှစ်ကောင်က သူမထံ ပျံသန်းလာကာ လက်ကောက်တစ်ကွင်း အဖြစ် ပေါင်းစပ်သွား၏။
“ အစ်ကိုကြီးလင်း ... ကြည့်လိုက်။ ”
လင်းယွန်က ပြုံးပြီး ခေါင်းညိမ့်သည်။
“ သူတို့က ချစ်ခြင်း မေတ္တာကြောင့် သေဆုံးသွားကြတာလို့ ပြောတာကို အဖေက ရိုးရိုးသေတာပါတဲ့ ... အခု သူ ငြင်းလို့ မရတော့ဘူး။ ”
ကျိကျစ်ရှီက စိတ်လှုပ်ရှားစွာ ပြောသည်။ ငှက်ဝိညာဉ် နှစ်ကောင်၏ ပေါင်းစည်းမှုသည် ဘုန်းသူတော်စင် လက်ရာအဆင့် ဖြစ်၏။
တစ်ချိန်တွင် သူမ တစ်ဦးတည်းပိုင်သော အုပ်စိုးရှင် သူတော်စင်လက်ရာ ဖြစ်လာနိုင်မည်။
“ ဟီးဟီး ... သူတို့က အနာဂတ်မှာ ငါနဲ့ အတူနေပြီး လိုက်လာနိုင်ပြီ ... သူတို့ကိုယ်စား ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလင်း။ ”
ကျိကျစ်ရှီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ များမကြာမီ အရိပ်ရေကန်မှ ထွက်ခွာလာခဲ့၏။
“ ဝှစ် ... ။ ”
ကောင်းကင်မှ ဆင်းသက်ပြီးနောက် လက်ကောက်ကို ညင်သာစွာ လှုပ်ယမ်းလိုက်ရာ ရထားလုံး တစ်စင်းပေါ်လာ၏။
“ အစ်ကိုကြီးလင်း ... ငါတို့ ထပ်သွားရအောင်။ ”
လင်းယွန်က ရထားဆီသို့ ခြေလှမ်း လှမ်းနေလျက်မှ သူမထံ စိုက်ကြည့် မိသည်။
အချိန်အတော်ကြာ ပြီးနောက် သူ့အကြည့်အောက်တွင် သူမ စိတ်မသက်မသာ ဖြစ်လာတော့သည်။
“ ကျိကျစ်ရှီ ... မင်းငါ့ကို ပြောစရာ ရှိလား။ ”
“ မရှိပါဘူး ... ။ ”
သို့သော် အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး ‘အစ်ကိုကြီးလင်း၊ မင်း သိပြီးပြီလား၊’ -ဟု ပြန်မေးလာ၏။
လင်းယွန်က ခေါင်းညိတ်ပြသည်။
“ အဖေကတော့ ... မပြောပါနဲ့ ဆိုတာကို ... ။ ”
“ အဖေတစ်ယောက်က ... သူ့သမီးရဲ့ လုံခြုံရေးအတွက် စိတ်ပူတာ သဘာဝပါပဲ ... မြင့်မြတ်သော သခင်နဲ့ ... ငါက သဘော တူညီချက် ရပြီးပါပြီ။ ”
ကောင်းကင်ဘုံ ပျက်စီးမြေတွင် အန္တရာယ်နှင့် အခွင့်အလမ်းများ ရှိ၏။ ဂရုမစိုက် ဝံ့သော် သေဆုံးနိုင်မည်။ ထို့အပြင် ဘိုးဘေး နတ်ဘုရား၏ တပည့်အဖြစ် ရွေးချယ်ခြင်း မခံရပါက ပြန်လာနိုင်မည် မဟုတ်ချေ။
တစ်ဖက်တွင် ကျင့်ကြံမှု အားနည်းချက်များကို ကာမိစေရန် ထိုအရပ်၌ အခွင့်အရေး ရှာနိုင်မည်။
“ ဒါပဲလား ... ။ ”
လင်းယွန်၏ အထက်ပါ စကားများကို ကြားပြီးနောက် ကျိကျစ်ရှီက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် မေးလာ၏။
“ ဘယ်ဟုတ်မလဲ ... ငါတို့က သူငယ်ချင်းကောင်းတွေပဲ အိမ်နဲ့ အဝေးကြီးမှာ မင်းသေတာကို ခွင့်မပြုပါဘူး။ ”
“ ဟမ့် ... ငါက အဖေထင်သလောက် မပျော့ညံ့ပါဘူး ဒါကြောင့် တစ်ယောက်ယောက် ထည့်ပေးချင်တာကို ငြင်းလိုက်တာ ... ဒါပေမဲ့ အစ်ကိုကြီးလင်း ဖြစ်နေတဲ့ အတွက် ဝမ်းသာပါတယ်။ ”
“ ငါသိတယ် အမှန်တော့ ... မင်းက ငါ့ကို နှုတ်ဆက်ဖို့ အလည်ခေါ်တာ မဟုတ်လား ဒါက နည်းနည်းတော့ ရက်စက်လွန်းတယ်။ ”
လင်းယွန်က ပြုံးကာ ပြန်ပြော လိုက်လေသည်။ သည့်နောက် ညမိုးချုပ်သည် အထိ အချိန်ဖြုန်း နေခဲ့၏။
တိမ်စမ်းရေ တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ ခရမ်းငယ်က သူ့အပေါ် စိုက်ကြည့်နေသည်။
“ ဧကရီ ... ဘာကိစ္စရှိလို့လဲ။ ”
“ နင် ... ငါ့ကို အပြစ်မတင်ဘူးလား။ ”
“ ဟမ် ... ဘာအတွက်လဲ။ ”
လင်းယွန်က အံ့သြသွား၏။
“ တကယ်တော့ မြင့်မြတ်သော သခင်က နိဗ္ဗာန်တာအိုကို မြင်ထဲက ငါ့ရဲ့ ဝိသေသအပေါ် ခန့်မှန်းထားပြီးပြီ။ ”
“ ဒါက အရေး မကြီးတော့ပါဘူး ... နတ်ဖီးနစ်တောင်ကို မင်းအလိုရှိတဲ့ အတိုင်း ဆက်ဆံနိုင်ပါတယ် အဲဒီအချိန်က မင်း ... အရမ်းကြီးစိုးတယ်။ ”
လင်းယွန်က ပြုံးကာ နှစ်သိမ့်လိုက်သည်။
“ အဲဒါက ဘာမှ မဟုတ်သေးဘူး ... ငါ့ရဲ့ အထွတ်အထိပ် အချိန်တွေကို နင့်မြင်စေချင် မိတယ်။ ”
“ ကောင်းပြီ ... အရေးကြီးတဲ့ ခေါင်းစဉ်ကို ဆက်သွားရအောင် မြင့်မြတ်သောသခင်က ဘာပြောလိုက်လဲ။ ”
“ ကျန်တဲ့ အုပ်စိုးရှင် နတ်ရူရ်တွေ အကြောင်းကို ပြောပြလာတယ် ရေခဲဧကရာဇ် နန်းတော်မှာ ရေခဲနတ်ရူရ်နဲ့ ... အရှေ့ပင်လယ် ကြယ်ကျွန်းမှာ သံသရာနတ်ရူရ် ရှိတယ်၊ နိဗ္ဗာန် နတ်ရူရ်ကိုတော့ မသိသေးဘူး ...
... ဒါကြောင့် ငါ့မှာ အကြံတစ်ခုရှိတယ် နင့်နောက် မလိုက်တော့ဘူး ငရဲမီးလျှံ နတ်ရူရ်နဲ့ အခြားနတ်ရူရ်တွေကို လိုက်ရှာရမယ်၊ ဒါက နင် ပြန်မလာ နိုင်ရင်တောင် ...
... နင့်ဆရာရဲ့ ဒုက္ခတွေကို ... ငါကူညီပေးနိုင်လိမ့်မယ် ... နင့်ဆရာကို ငါ့ဆရာလို သဘောထားပေးမယ်။ ”
လင်းယွန်က အံ့သြသွားပြီး ‘ဘာလို့လဲ’ -ဟု ပြန်မေးလိုက်မိသည်။
“ ငါ့နှလုံးသားက သေးသေးလေးလို့ နင်ပြောဖူးတယ် မဟုတ်ဘူးလား တကယ်တော့ ငါ့နှလုံးသားက မသေးပါဘူး ... ငါ နင့်အတွက် စိတ်ပူတာပါ ...
... ကောင်းကင်ဘုံ ပျက်စီးမြေက အန္တရာယ်များပြီး ... နင် ပြန်မလာနိုင်ခဲ့ရင် နောင်တရစရာတွေ မရှိအောင် ငါကြိုးစားပေးမယ်။ ”
“ နားလည်ပြီ ... ငါပြန်မလာမှာကို မင်းကြောက်နေတာ။ ”
ခရမ်းငယ်က ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ကာ၊
“ နင့်ဆရာကို စိတ်ပူတာ ငါသိတယ် ဒါကြောင့် နင့်အတွက် နောင်တတွေ မရစေဖို့ ငါလုပ်ရမယ်။ ”
-ဟု ပြောကြားလိုက်သည်။ လင်းယွန်က ခရမ်းငယ် လက်ကို ဆုပ်ကိုင်ကာ၊
“ ငါ့အတွက် စိတ်မပူပါနဲ့ ... ပြန်လာမယ်လို့ ကတိပေးပါတယ်။ ”
“ ကောင်းပြီ ... စောင့်နေမယ် နင့်မှာ ဆုစီယာ၊ ယဲ့ကူဟန်၊ မြင့်မြတ်သော သခင်၊ သခင်မတွေနဲ့ သိုင်းမောင်နှစ်မတွေ အများကြီး ရှိတယ်ဆိုတာ သတိရပါ၊ ငါတို့အားလုံးက ပန်းတိုင်တစ်ခုတည်း သွားနေကြတယ် ...
... ဒါကြောင့် ဒီဝန်ကို ... နင် တစ်ယောက်တည်း ထမ်းထားစရာ မလိုဘူး၊ ငါတို့နင့်ကို ယုံကြည်တဲ့အတွက် နင်လည်း ငါတို့အပေါ် ယုံလို့ရတယ်။ ”
“ ငါ မင်းကိုယုံတယ်။ ”
လင်းယွန်က ပြန်ပြောသည် ။
“ ဒါက လေးနက်လွန်းတယ် ငါတို့က သေခြင်းတရားနဲ့ မခွဲခွာရဘူး။ ”
“ ကောင်းပြီ ... တကယ်လို့ မင်းကို ဖြည့်ဆည်းပေးမယ့်လူ ရှိတယ် ဆိုရင် ... မင်း ဘာလိုချင်လဲ။ ”
လင်းယွန် မေးခွန်းကို ခရမ်းငယ်က အကျဉ်းချုံး တွေးတောပြီး သက်ပြင်းချကာ
“ လိုချင်တာ အများကြီးပဲ ... ဒါပေမယ့် ဒီအတွက်နဲ့တော့ သေကွဲ မကွဲချင်တာ အမှန်ပါ။ ”
-ဟု ပြန်ဖြေလာ၏။
လင်းယွန် တစ်ယောက် ခရမ်းငယ်ကို ကြည့်ကာ စိတ်မကောင်း ဖြစ်လာသည်။ သူမကို စတွေ့ချိန်၌ ရွှင်လန်းပြီး ချစ်စရာ ကောင်း၏။
ယဲ့ဇီလင်က သူမကို ရုပ်ဆိုးအောင် အတင်းအကြပ် လုပ်ခိုင်းပုံ၊ ကျစ်ဆံမြီးကျစ်ပေး ရပုံ၊ သူမကိုယ် သူမ ဘွဲ့နာမည် အရှည်ကြီးဖြင့် မိတ်ဆက်ပေးပုံ စသည်တို့ကို ပြန်မြင်ယောင် လာခဲ့သည်။
“ လင်းယွန် ... နင် ဘာတွေ တွေးနေတာလဲ။ ”
“ အချိန်တွေကုန်တာ အရမ်းမြန်တယ်လို့ ခံစားနေရတယ် ... မျက်စိတစ်မှိတ် အတွင်းမှာ နှစ်ပေါင်းများစွာ ကုန်သွားပြီ။ ”
လင်းယွန်က သက်ပြင်းချကာ၊
“ မင်းဆိုရင် ကြီးပြင်းလာပြီ ... ငါလည်း အရင်လို လူငယ်တစ်ယောက် မဟုတ်တော့ဘူး ပန်းသင်္ချိုင်းကနေ ပန်းသင်္ချိုင်း ဓားသူတော်စင် ဖြစ်လာပြီ။ ”
“ မှန်တယ် ... ဘယ်သူမှ (၁၈)နှစ် အရွယ်မှာရပ်တန့်ထားလို့ မရဘူး ... ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ နင်က ကောင်းကင်လမ်း ထိပ်မှာ ရပ်နေတဲ့ ... သွေးပူပြီး အစွမ်းထက်တဲ့ လူငယ်လေး ဖြစ်နေဆဲပါပဲ။ ”
ခရမ်းငယ် စကားကြောင့် လင်းယွန်က ပြုံးလိုက်မိသည်။
“ ငါ့မျက်လုံးထဲမှာလည်း ... မင်းက ဖီးနစ်ကလေး မလေး ပါပဲ ... မင်းကို အနိုင်ကျင့် ချင်ရင် ငါ့ဓားကို မေးရလိမ့်မယ်။ ”
***