← Chapters

ကံကြမ္မာကို ချေးငှားခြင်း။

Vol. 166 Ch. 2324

ကံကြမ္မာကို ချေးငှားခြင်း။

Vol. 166 Ch. 2324

ဝူယုဟွာ၏ အဆိုအရ ကံကြမ္မာကို အဆင့်အမျိုးမျိုးဖြင့် ခွဲခြား သတ်မှတ်ထား လေသည်။

အဖြူရောင်သည် အနိမ့်ဆုံးဖြစ်ပြီး ရွှေမှာ အမြင့်ဆုံးဖြစ်၏။ ရွှေကံကြမ္မာသည် အုပ်စိုးရှင် တာအိုကို အကူအညီပေးသည်။

ဆိုလိုသည်မှာ ဓားတာအိုအတွက် အားကောင်း စေနိုင်၏။ ဤသည်မှာ လင်းယွန် မက်ခဲ့သော အိပ်မက် ဖြစ်သည်။

ဓားရည်ရွယ်ချက်က ကောင်းကင်ပေါ် ပျံတက်လာကာ ခမ်းနားထည်ဝါသော ကမ္ဘာကို ဖျတ်ခနဲ ထုတ်ပြလာသည်။

ကျိကျစ်ရှီက ထိုအရာကို ညင်သာစွာ ထိကြည့်လိုက်သည်နှင့် ခေါင်းလောင်းသံများ တချွင်ချွင် ကြားလိုက်ရသည်။

သူမ၏ ဝိညာဉ်ကို သန့်စင်နေကြောင်း ခံစားမိ၏။ ဓားသမား မဟုတ်သော်မှ ဤဓားက သူတော်စင် ဝိညာဉ်နဲ့ သွေးကို လောင်မြိုက် ပေးနေသည်။

မျက်လုံး ဖွင့်ကြည့်လိုက်သော အခါတွင် ကမ္ဘာများစွာနှင့် ချိတ်ဆက်နေသည့် နတ်ဖီးနစ် တစ်ကောင် သူမ နောက်၌ ပေါ်လာ၏။

“ တကယ့်ကို မှော်ဆန်တာပဲ ... အစ်ကိုကြီးလင်း ဒီရွှေကံကြမ္မာက ဓားသမား မဟုတ်တာတောင် ကြီးကြီးမားမား အကျိုး ကျေးဇူးရတယ် ...

... တကယ်ပဲ ဒီဓားမှာ ရွှေကံကြမ္မာ ပါမှန်းသာသိရင် ရှန်းထျန်းနန် မျက်နှာ ဘာဖြစ် သွားမလဲ တွေးမိပါတယ်။ ”

လင်းယွန်က ပြုံးကာ ကျိကျစ်ရှီထံ ပြန်ကြည့်သည်။ သူမသည် ကလေးငယ် တစ်ယောက်လို ပြုမူချင်နေဆဲ ပေပင်။

“ အစ်ကိုကြီးလင်း၊ ရွှေကံကြမ္မာက အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်တဲ့ အတွက် ... ငါတို့နေရာ ပြောင်းသင့်လား။ ”

“ မလိုပါဘူး ... ။ ”

လင်းယွန်က ခေါင်းခါသည်။ ဤတောင်ကြားကို ဂရုတစိုက် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဆိတ်ငြိမ်ပြီး ကောင်းမွန်သော နေရာတစ်ခု ပေပင်။

တောင်ကြားအတွင်း၌ လေပြင်းများ တိုက်ကာ တိမ်မြူများ ရစ်သိုင်းနေသောကြောင့် ပြင်ပမှ သိရှိရန် ခက်ခဲပေလိမ့်မည်။

“ ကောင်းပြီ ... အခု အစ်ကိုကြီး လင်းက ရွှေကံကြမ္မာကို သန့်စင်ပါ ... ကျစ်ရှီက သတ္တု နတ်ရူရ်ကို ရေးပေးမယ်။ ”

ကျိကျစ်ရှီက အကြံပြုလိုက်သည်။ ပြင်ပနတ်ရူရ်များကို ကူးယူရေးထိုးခြင်းသည် ခန္ဓာကိုယ်တွင် သဘာဝအတိုင်း မွေးဖွားသည့် နတ်ရူရ်များကဲ့သို့ မလွယ်ကူချေ။ ၎င်းကို ဦးစွာ သန့်စင်ရန် လိုအပ်သည်။

“ ကောင်းပြီ ... ။ ”

“ အစ်ကိုကြီးလင်း မင်းငါ့ကို ယုံယုံကြည်ကြည် ထားခဲ့လို့ရတယ် ရွှေကံကြမ္မာ သန့်စင်ပြီးတဲ့အခါ ငါလည်း သတ္တုနတ်ရူရ်ကို ပြီးလိမ့်မယ်။ ”

ထို့နောက် သက်ဆိုင်ရာ တာဝန်များကို စတင်လိုက်ကြသည်။ လင်းယွန်က ရွှေကံကြမ္မာ အပေါ် ပြန်လည်သန့်စင်၏။

ကျိကျစ်ရှီက အသူရာ သူတော်စင် အင်္ကျီအောက်မှ ဖဲကြိုးသုံးထောင်တွင် သတ္တု နတ်ရူရ်ကို ထပ်မံပေါင်းထည့်နေခဲ့သည်။

ဓားဟူသည် သတ္တုဖြင့် သွန်းလုပ်ခြင်း ဖြစ်လေရာ ဓားဖဲကြိုးက သတ္တုနတ်ရူရ်ကြောင့် ပို၍ သက်ဝင် တောက်ပလာသည်။

လဝက်ကြာပြီးနောက် လင်းယွန်၏ ဓားတာအိုပံ့ပိုးမှု တာအိုငယ်များမှာ ငါးထောင်မှ ခြောက်ထောင်အထိ ကြီးထွားလာ၏။

ဤတိုးတက်မှုသည် ခွန်လွန်တွင် မရနိုင်သော အခွင့်အရေးမျိုးပေပင်။ စိတ်ဝိညာဉ် ဓားပင်လယ်ထဲရှိ ကြယ်ဓားနှစ်လက်သည် နေနှင့်လကဲ့သို့ ထွန်းလင်းလာ၏။

မျက်လုံးများ ဖွင့်လိုက်သော အခါတွင် အမည်ခံ မဟာ နေမင်း ရောင်ခြည်တော်ဓား အဆင့်သို့ ရောက်ရှိ သွားသည်။

“ အရမ်းကောင်းတယ် ... ။ ”

လင်းယွန်က ဝမ်းသာသွားသည်။ နောင်တွင် အုပ်စိုးရှင် ကျောက်တိုင်ရှေ့၌ ကံကောင်းခဲ့ပါက ခြေတစ်လှမ်းတိုးနိုင်ပြီ ဖြစ်သည်။

နဂါးသတ် အဆင့်တွင်ရှိသော ပါရမီရှင်များနှင့် ယှဉ်ပါက သူ့ အခြေခံအုတ်မြစ် သည် အားနည်းချေပြီ။

သို့သော် ဓားရေး ကျွမ်းကျင်မှုနှင့် ဓားတာအို နားလည် သဘောပေါက်မှုသည် ထိုပါရမီရှင်များ အပေါ် ကျော်လွန်နေ၏။

ရုတ်တရက် စူးရှသော အလင်းတန်း တစ်ခုကို သတိထားမိလာသည်။ ဤသည်မှာ စုတ်တံ တစ်ချောင်းနှင့် ပန်းကန်တစ်ချပ်ကို ကိုင်ထားကာ ဖဲကြိုးသုံးထောင်တွင် နတ်ရူရ် ရေးခြစ်နေသော ကျိကျစ်ရှီထံမှ ဖြစ်၏။

ထိုအသွင်သည် လျင်မြန်ပြီး ကျက်သရေရှိလှကာ ဆွဲဆောင်မှုကို ဖုံးကွယ်၍ မရချေ။ သူမ၏ စုတ်တံသည် ထူးထူးခြားခြား ဖြစ်၏။ ၎င်းကြောင့်ပင် ဤနတ်ရူရ်များကို အလွယ်တကူ ရေးထိုးနိုင်ခြင်း ပေပင်။

“ အစ်ကိုကြီး လင်း ... မင်းနိုးပြီလား။ ”

ကျိကျစ်ရှီက လင်းယွန် အကြည့်ကို သတိပြုမိပြီး စိတ်လှုပ်ရှားစွာ ပြေးလာသည်။

“ ကျစ်ရှီလည်း ပြီးသွားပြီ ... ပြီးပြည့်စုံမှု အတွက် နည်းနည်းလောက် လက်စသပ်ဖို့ပဲ ကျန်တော့တယ်။ ”

“ လဝက်လုံးလုံး မနားပဲ ဆွဲနေတာလား။ ”

“ ဟုတ်တယ် ... ။ ”

“ အထင်ကြီးစရာပဲ။ ”

လင်းယွန်က အံ့သြသွား၏။ ရုတ်တရက် သူမသုံးသော မှင်သည် ထူးခြားကြောင်း သတိ ထားမိ လိုက်သည်။

“ ဒါက … ။ ”

“ ဒါဖီးနစ် သူတော်စင် သွေးလေ ... ရွှေရောင်မီးပွင့်လေးတွေက သတ္တုနဂါးသွေးပဲ ... သူတို့က ရှားတယ် ဆိုပေမယ့် ကျစ်ရှီမှာ နည်းနည်း ရှိပါတယ်။ ”

ကျိကျစ်ရှီက ပြုံးလျက် ရှင်းပြပြီး သူမလက်ထဲရှိ စုတ်တံကို ယမ်းခါလျက်

“ အားလုံးက ဒီစုတ်တံကြောင့်ပဲ၊ သူ့ကို ကျေးဇူးတင်ရမယ် ဒါပေမယ့် ဘယ်အကြီးအကဲ ပေးခဲ့တာလဲ မမှတ်မိတော့ဘူး။ ”

-ဟု ရေရွတ်လိုက်သည်။ သူမ စကားကြောင့် လင်းယွန်က မနာလို ဖြစ်သွား၏။

“ မင်းမှာ ရတနာတွေ အများကြီး ရှိတာပဲ။ ”

“ ငယ်ငယ်တည်းက ကျစ်ရှီကို လူတိုင်း ချစ်ကြတယ် မင်းသမီးလေး တစ်ပါးလိုတောင် အပျောက်မခံခဲ့ကြဘူး။ ”

သူမ စကားပြောနေစဉ် ရင့်ကျက်မှုအရိပ်အမြွက်ကို ပြသ လာခဲ့သည်။ ထို့နောက် သူမက ပြုံးပြီး၊

“ အစ်ကိုကြီးလင်း ... အဲဒါကို ထားလိုက် လာ ... စမ်းကြည့်ရအောင် ... လဝက်လောက် အချိန်ပေးထားရတာ သိချင်နေပြီ။ ”

ဖဲကြိုးများမှာ လှပလွန်းသဖြင့် သူမသည် ဝိညာဉ်ရေးရာ ရူရ်များ ရေးထိုးရာတွင် အမှန်ပင် အရည်အချင်း ရှိကြောင်း ဝန်ခံရမည် ဖြစ်၏။

“ အရမ်းကို အထင်ကြီးစရာပဲ။ ”

“ ဟဲဟဲ ... ဒါတော့ သေချာတယ် ... ကျစ်ရှီက နှစ်တစ်ထောင်အတွင်း နတ်ဖီးနစ် တောင်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ။ ”

လင်းယွန်က ပြုံးပြီး အင်္ကျီကိုဝတ်ကာ ဖဲကြိုးများပေါ် သူ့သွေးများ သွန်းလောင်းလိုက် လေသည်။ မိနစ် အနည်းငယ် အကြာတွင် ဖဲကြိုးသုံးထောင်က လင်းယွန် ခန္ဓာကိုယ်မှ ထွက်လာ၏။

အောင်မြင်သဖြင့် ကျိကျစ်ရှီက ကျေနပ်သွားသည်။ ရုတ်တရက် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သော ဖြစ်စဉ်တစ်ခု ပေါ်လာ၏။

“ ဝှီး ... ။ ”

နှစ်ဦးသား လှည့်ကြည့်လိုက်သော အခါ ကောင်းကင်မှ ဥက္ကာခဲတစ်ခဲ ဆင်းသက်လာ သည်ကို မြင်လိုက်ရသည်။

ဤသည်မှာ ရှန်းထျန်းနန်း ဖြစ်၏။ ခေါင်းတလားများကို ကျောပိုးကာ အိုးကြီးကို ပိုက်ထားဆဲပေပင်။

သို့သော် ခေါင်းတလားများမှာ ဆယ်လုံးအထိ ရှိလာပြီ ဖြစ်သောကြောင့် နှစ်ယောက်သား အားသင့်သွားသည်။

“ ဘုန်း ... ။ ”

“ ဟဲဟဲ .. မင်းက ဒီမှာလား ... မင်းရဲ့ကံကြမ္မာကို ခဏသုံးပါရစေ။ ”

ကျယ်လောင်သော ရယ်သံနှင့်အတူ ပြုံးရွှင်စွာဖြင့် ခေါင်းတလားများကို မြေပြင်ပေါ် ဖြုတ်ချလိုက်သည်။

“ ဟမ့် ... အစ်ကိုကြီး လင်းက နင့်ထက် ကံကောင်းတယ်။ ”

ကျိကျစ်ရှီက မနေနိုင်တော့ဘဲ ချက်ချင်း တုန့်ပြန်လိုက်သည်။

“ ဟမ့် ... ငါက ဘာလို့လဲ။ ”

ရှန်းကျန်းနန်က သူမစကားကို စိတ်မဝင်စားဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်မေး လာသည်။

“ နင်က မြေအောက်နန်းတော်မှာ အစ်ကိုကြီးလင်း အကြောင်း ဆိုးဆိုးရွားရွား ပြောပြီး ရတနာကိုတောင် လုယူချင်ခဲ့တာ မဟုတ်လား။ ”

“ အိုး ... ရတနာ ... ဟား ဟား ဟား၊ မင်းပြောချင်တာ သံချေးတက်နေတဲ့ ဓားကို မဟုတ်လား။ ”

“ ဟုတ်တယ် ... အဲဒါက သံတုံးလို့ ဘယ်သူပြောလဲ အထဲမှာ ရွှေကံကြမ္မာ ပါတယ်။ ”

“ ရွှေကံကြမ္မာ ... အဟား မင်းက ငယ်ပေမယ့် ဘယ်လို ဝါကြွားရမယ်ဆိုတာ တကယ် သိတာပဲ။ ”

ရှန်းထျန်းနန်က မယုံကြည်သော်လည်း ချက်ချင်း မျက်နှာ ပြောင်းလဲသွားပြီး လေထုကို စစ်ဆေးကာ၊

“ လေထဲမှာ ... ရွှေမှုန်တွေ ရှိနေတယ် ညီအစ်ကိုလင်း ... မင်း တကယ် ရွှေကံကြမ္မာကို ရခဲ့တာလား။ ”

-ဟု မျက်လုံးပြူးကာ မေးသည်။

လင်းယွန် ပြုံးပြီး ခေါင်းညိတ်ပြ၏။

“ အိုး ... ဂုဏ်ယူပါတယ် ... ကောင်းပြီ ငါဒီမှာ မင်းရဲ့ ကံငှားဖို့လာခဲ့တာ အဆင်သင့် ပါပဲ ... ဟား ဟား ဟား ငါ့ရဲ့ ခေါင်းတလား ဆယ်လုံးထဲမှာလည်း ဘယ်လို ကံကြမ္မာတွေ ရနိုင်မလဲဆိုတာ ကြည့်လိုက်ပါဦး။ ”

ရှန်းထျန်းနန်က အိုးကြီးကို မြေပြင်ပေါ်တွင် ချကာ စိတ်လှုပ်ရှားစွာဖြင့်၊

“ ငါ့ကို ခဏစောင့်။ ”

-ဟု ဆိုပြီး လင်းယွန်တို့ကို ကျောပေးလျက် ကိုယ်တုံးလုံးချွတ်ကာ အင်္ကျီလဲဝတ် နေခဲ့သည်။

“ မင်း ဘာလုပ်တာလဲ။ ”

သိက္ခာမဲ့သော လုပ်ရပ် ဖြစ်သဖြင့် လင်ယွန်က အော်၏။

“ ငါ ရေချိုးခဲ့ပြီးပြီ အခု အဝတ်အစား လဲနေတာလေ ... ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားကို ဖွင့်ဖို့ ဆိုတာ အလေးအနက် ထားရမယ် ... ငါပြောပြလည်း ဒါတွေ မင်းတို့ နားလည်မှာ မဟုတ်ပါဘူး။ ”

ရှန်းထျန်းနန်က လှည့်မကြည့်ဘဲ ပြန်ဖြေသည်။ ထို့နောက် ခရမ်းရောင် ဝတ်စုံဖြင့် ကျော့ကျော့မော့မော့ ပြန်လှည့်လာ၏။

လင်းယွန်နှင့် ကျိကျစ်ရှီက ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်သွားမိသည်။ တစ်ဖက်လူ၏ လက်ရှိအခြေအနေမှာ အနည်းငယ် ထူးဆန်းနေ၏။

“ ခရမ်းရောင် စွမ်းအင်ကို ရှုရှိုက်လိုက်ကြရအောင်။ ”

ရှန်းထျန်းနန်က အနည်းငယ် စိုးထိတ်နေသော အမူအရာဖြင့် ခေါင်းတလား ဆယ်လုံးရှေ့သို့ လျှောက်လှမ်းသွားသည်။

“ အစ်ကိုကြီးလင်း၊ သူ ဘာဖြစ်နေတာလဲ။ ”

ကျိကျစ်ရှီက တိုးတိုးလေး မေးသည်။ လင်းယွန်သည်လည်း မသိသဖြင့် ခေါင်းခါ ပြလိုက်မိ၏။

“ ရွှေဒဏ္ဍာရီကို ရေးထိုးမယ် ... ။ ”

ရှန်ထျန်းနန်က တုန်ယင်နေသော လက်ကိုရမ်းလျက် ခေါင်းတလား (၁၀)လုံးကို တပြိုင်တည်း ဖွင့်ချလိုက်သည်။

“ ဝုန်း ... ။ ”

ခေါင်းတလား ဆယ်ခု ပွင့်လာပြီး အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာ တော့၏။

ဤသည်မှာ ကြောက်စရာ ကောင်းသော ဖြစ်စဉ်တစ်ခု ပေပင်။ ရွှေရောင် အလင်းအစား အနက်ရောင်မြူများ ဖြစ်၏။

ခေါင်းတလား၏ နံရံများသည်သာ တောက်ပနေပေသည်။ ရလာဒ်က ရှန်းထျန်းနန် မျက်နှာကို မည်းမှောင်သွားစေတော့၏။

***

All Chapters