နတ်ဆိုးအိုကြီးနှင့်တွေ့ဆုံရခြင်း
Vol. 1 Ch. 5
အိုး..။ နာလိုက်တာ။ ဆင်ခြင်သုံးသပ်(အိပ်)နေတဲ့ ကျွန်တော့ကို ဘာက ရုတ်တရက်တိုက်ခိုက်လိုက်လဲမသိလိုက်ဘူး။
ကျွန်တော်မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ ကျွန်တော့ရှေ့ကမြင်ကွင်းကို မြင်လိုက်ပြီး လန့်အော်လိုက်မိတယ်။
"နတ်ဆိုးအိုကြီး ..."
"ဘာ !!!! .. မင်းဘာစကားပြောလိုက်တာလဲ"
ဆရာရှို့ပြန်ရောက်နေပြီး ကျွန်တော့ကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေတာဗျ။
"အာ .. ဟိုလေ ... ဘာမှမဟုတ်ပါဘူးဆရာ။ ဆရာရှို့ အမှန်တကယ်ပြန်ရောက်လာတယ်ဆိုတာ ကျွန်တော်မယုံနိုင်ဖြစ်နေတာပါ။"
"တကယ်လား... ဒါဆိုရင် နတ်ဆိုးအိုကြီး ဆိုတာကဘာလဲ ..."
ကျွန်တော့ ခေါင်းမှာ ချွေးတွေရွှဲနေပြီ။
"ဟိုလေ.. ဟိုလေ ... နတ်ဆိုးအိုကြီးတွေ အများကြီး ကျွန်တော့ကို ဝိုင်းတိုက်နေတဲ့ အိပ်မက်ဆိုးကြီးက အခုထိစိတ်ထဲမှာ ရှိနေတုန်းပဲ။ ဒါ..ဒါ.. တကယ်ကို ဆရာနဲ့ မပတ်သက်ပါဘူး။ ဒီလိုမျိုး ကြင်နာတတ်တဲ့ဆရာကို နတ်ဆိုးအိုကြီးလို့ ကွန်တော်က ခေါ်ပါ့မလား။"
"အို့ အို.. အဲဒီလိုပေါ့။"
ဆရာရှို့ ကျွန်တော့ကို သံသယ မျက်လုံးကြီးနဲ့ ကြည့်ပြောတာဗျ။
"ဆင်ခြင်းသုံးသပ်နေဖို့ မှာခဲ့တာ။ ငါပြန်လာတော့ မင်းက အိပ်နေတယ်။ ငါ့နာမည် ရှိုးယွီရှို့ကွ။ နားထောင်စမ်း... ငါ့ရဲ့ ကျွန်သားရဲ အလင်းကျား ခုထွက်လာစမ်း။ ကျန်းကုန်း အခုပတ်ပြေးပေတော့ ..."
"အာ.. အာ.. ဒီလိုလုပ်ဖို့ မလိုပါဘူးဆရာ။ ကျွန်တော် တကယ်ကိုပဲ ဆင်ခြင်သုံးသပ်နေတာပါ။ အခုဆို ကျွန်တော် နည်းနည်းတောင်ပင်ပန်းနေပါပြီ။ ဒါကြောင့် ခဏလေး အိပ်မောကျသွားတာပါ"
ကျွန်တော်အိပ်နေရင်း လေ့ကျင့်နိုင်တယ်လို့ ပြောရင် သူယုံမှာမှမဟုတ်တာ။ မပြောနိုင်ပါဘူး။
"တကယ်ပဲလား။ ဒါဆိုရင် လာစမ်း လာစမ်း။ ငါ့ကို လက်တွေ့ပြစမ်း "
ကျွန်တော် ဆရာရှို့ဆီ တိုးသွားလိုက်တယ်။
ဆရာရှို့က သိုလှောင်ကျောက်တုံးထဲကနေ မှော်ကျောက်တုံး(မှော်စွမ်းရည် တိုင်းတာစစ်ဆေးနိုင်နိုင်ရန် အထူးပြုလုပ်ထားသည်။)ကို ထုတ်ပြီး ကျွန်တော့ကိုပေးတယ်။ အဲဒီသိုလှောင်ကျောက်တုံးက အလယ်တန်းနဲ့ အထက်တန်းအင့် မှော်ပညာရှင်တွေပဲသုံးနိုင်တာဗျ။
"အခု ငါပြောသလို လိုက်ဆိုစမ်း။ ကျွန်ုပ်နာမည်ကို အကြောင်းပြု၍ အလင်းစွမ်းအင်သည် ကျွန်ုပ်အမိန့်အားလိုက်နာ၍ စုဝေးလာကြကုန်လော့ "
"ကျွန်ုပ်နာမည်ကို အကြောင်းပြု၍ အလင်းစွမ်းအင်သည် ကျွန်ုပ်အမိန့်အားလိုက်နာ၍ စုဝေးလာကြကုန်လော့ "
ကျွန်တော် မန္တန်ရွတ်ပြီးတာနဲ့ ကျွန်တော့ အပေါ်ပိုင်းဒန်တျန်ထဲက အလင်းစွမ်းအင်တွေရော၊ ခန္ဓာကိုယ်ထဲက အလင်းစွမ်းအားတွေရော နှစ်မျိုးစလုံး လက်ဖဝါးကနေတဆင့် မှော်ကျောက်တုံးထဲကို ဝင်သွားတယ်။ မှော်ကျောက်တုံးက မှိန်နေရာကနေ တဖြည်းဖြည်း တောက်ပလာတယ်။ ကျွန်တော့ မှော်စွမ်းအားတွေ မှော်ကျောက်တုံးထဲကို စဉ်ဆက်မပြတ်စီးဆင်းနေပါတယ်။ အဲဒီမှော်စွမ်းအားတွေက အပေါ်ပိုင်း ဒန်တျန်ထဲက ထွက်လာတဲ့ မှော်စွမ်းအင်တွေနဲ့ အညီအမျှပဲ။ မှော်ကျောက်တုံးက ထုတ်လွှတ်လိုက်တဲ့ အလင်းရောင်က တစ်အိမ်လုံးထိန်းလင်းသွားလိုက်တာ မြူမှုံ သေးသေးလေးကအစ ကြည့်လို့မြင်နေရတယ်။ မမျှော်လင့်ပဲ ကျွန်တော့ မီးထွန်းမန္တန်က ပြည့်စုံနေပြီ။
ဆရာရှို့ အရမ်းအံ့ဩသွားတယ်ဗျ။
"မင်းတကယ်ကို ပေါ့ပေါ့ဆဆ မနေခဲ့ဘူးပဲ... အာ.. ဒီ(၃)လအတွင်းမှာ မင်းရဲ့ မှော်စွမ်းအားက အခြေခံမှော်ပညာရှင်အဆင့်ကို ရောက်နေလိမ့်မယ်လို့ ထင်မထားဘူး။ မင်းတစ်ရက်ကို (၁၈)နာရီလောက်... မဟုတ်သေးဘူး... (၂၄)နာရီအပြည့် ဆင်ခြင်သုံးသပ်နေမယ်ဆိုရင်တောင် ဒီလောက်ထိ ဖြစ်လာမှာမဟုတ်ဘူး..."
ဒီတိုက်ကြီးထဲမှာ မှော်အတတ်ပညာကို အရမ်းလုံ့လဝီရိယကြီးကြီးနဲ့ လေ့ကျင့်တဲ့သူတွေတောင် အခြေခံမှော်ပညာရှင်အဆင့်ရောက်ဖို့ တစ်နှစ်လောက်ကြာတယ်လေ။
"မင်းက အလင်းမှော်ပညာရှင်ဖြစ်ဖို့ ပါရမီရှိတဲ့ကောင်ပဲ.."
"အမှန်ပဲ .. ကျွန်တော်က အရမ်းအရမ်း ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပဲလေ ... ဟီ..ဟိ"
ကျွန်တော် ကိုယ့်ကိုကိုယ် သိပ်တော့ ဂုဏ်မယူပါဘူးလေ..။
"မင်းက ဘာတွေ သဘောကျနေတာလဲ။ မင်းရဲ့ နောက်ထပ် လုပ်ပုံကိုင်ပုံတွေ ငါစောင့်ကြည့်ဖို့လိုသေးတယ်။ တကယ်လို့သာ ကောင်းကောင်းအသုံးမချနိုင်ဘူးဆိုင်ရင် အလင်းအစွမ်းအင်ဆိုတာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ "
ဆရာရှို့ ပြောလိုက်တဲ့စကားတွေက ကျွန်တော့ခေါင်းကို ရေခဲရေတွေနဲ့ လောင်းချလိုက်သလိုကြီးပဲ။
ဆရာရှို့က အလင်းကျားကို ပြန်သိမ်းလိုက်တယ်။ ဘာသဘောလဲဆိုတာ ကျွန်တော်တွေးမိတာပေါ့။ ဟီ..ဟိ.. ဒီနေ့ ကျွန်တော် အသုဘ ဖြစ်ဖို့ ကံမပါသေးဘူး။
"ကဲကဲ ဒီနေ့တော့ နောက်ကျနေပြီ။ အိမ်ကို မြန်မြန်ပြန်တော့။ မနက်ဖြန် အလင်းမှော်ကို စသင်ပေးမယ်။ ငါပေးထားတဲ့ အလင်းမှော်စာအုပ် သေချာယူလာခဲ့ချေ။"
"ဟုတ်ကဲ့... နှုတ်ဆက်ပါတယ် ဆရာ.."
ပြောပြီးတာနဲ့ ကျွန်တော် လေတိုက်သလို စာသင်ခန်းထဲက ထွက်ပြေးလာခဲ့လိုက်တယ်။
ကျွန်တော်ထွက်လာတော့ ကျွန်တော့နောက်ကျောကို ပြုံးပြုံကြီးကြည့်ရင်း ဆရာရှို့တွေးနေမှာက..
"ဒီကလေး အလင်းမှော်ပညာ နဲ့ တော်တော်လေးသင်တော်တာပဲ ..."
************
"မင်္ဂလာရှိသော နံနက်ခင်းပါဆရာရှို့"
မနေ့က ကျွန်တော် အောင်မြင်ခဲ့တယ်ဆိုတော့ ကျောင်းကိုပတ်ပြေးစရာမလိုတော့ဘူးလေ။ ဒါကြောင့် ဒီနေ့ ကျောင်းကိုလာတာ အရမ်းစောတာပေါ့။ ဟီ..ဟိ။
"ဒီနေ့တော့ မင်းရောက်လာတာ စောသားပဲ.. ကဲ. မင်းစာအုပ် ယူလာခဲ့လား.."
"ယူလာပါတယ်ဆရာ.."
"ကောင်းတယ်။ ဒီနေ့တော့ ငါတို့ အလင်းမှော်ပညာ သင်ကြမယ်။ အလယ်တန်းနဲ့ အထက်တန်းမှော်ပညာ အမျိုးမျိုးဆိုတာ မူလအလင်းမန္တန်တွေကနေ ဆင်းသက်လာတာ။ ဒါကြောင့် မူလအလင်းမန္တန်တွေကို သင်ဖို့ကအရေးကြီးတယ်။ ဒီနေ့ မင်းပထမဆုံး သင်ရမယ့်မှော်ပညာက 'အလင်းတံတိုင်း' "
"အလင်းတံတိုင်း"
"အမှန်ပဲ။ အခြေခံ မှော်အယူအဆတွေကို သင်ယူပြီးမှ အလယ်တန်းနဲ့ အထက်တန်း အလင်းစွမ်းအင်တွေရဲ့ အခြေခံဟာ ကာကွယ်ရေးနဲ့ ပြန်လည်ကုသရေးအတွက် သုံးလို့ရတယ်ဆိုတာ မင်းသိမှာပါ။
"ငါ့နာမည်က ရှိုးယွီရှို့။ အလင်းစွမ်းအင် ကျွန်ုပ်အမိန့်နာခံစမ်း။ ခုချက်ချင်း စုဝေးပြီး အရာအားလုံးကနေ ကာကွယ်လိုက်စမ်း။"
သိသာထင်ရှားလောက်အောင်ကို ဖေါက်မြင်နိုင်တဲ့အလင်းတန်း တစ်ခု ဆရာရှို့ရှေ့မှာ စုဝေးလာပါတယ်။
"အလင်းတံတိုင်း က မူလမှော်တိုက်ခိုက်မှုတွေကိုအားလုံးကို ကာကွယ်နိုင်တယ်။ မန္တန်ရဲ့ကြာချိန်ကတော့ သုံးထားတဲ့ မှော်စွမ်းအင် ပမာဏပေါ်မှာမူတည်တယ်။ ကဲ.. မင်း အခုစမ်းကြည့်စမ်း။"
ငါ့နာမည်က ကျန်းကုန်း။ အို.. အလင်းစွမ်းအင် ကျွန်ုပ်အမိန့်နာခံပေးပါ။ ခုချက်ချင်း စုဝေးပြီး အရာအားလုံးကနေ ကာကွယ်ပေးပါ။"
"အဲဒါမှားနေတယ်။ မင်းအလွတ်မရဘူးပဲ။ 'ကျွန်ုပ်အမိန့် နာခံစမ်း' ဒီလိုဖြစ်ရမှာလေ။ အာ .... ဘယ်လိုဖြစ်တာလဲ ... "
ကျွန်တော့ရှေ့မှာ ပါးလွှာတဲ့အလင်းတံတိုင်း ပေါ်လာတော့ ဆရာရှို့ပါးစပ်က နောက်ထပ်ထွက်လာမယ့်စကားလုံးတွေကို တားလိုက်သလိုဖြစ်သွားတယ်။
"မင်းက တလွဲကြီးရွတ်လိုက်ပေမယ့် မန္တန်ရဲ့ အကျိုးဆက်က ငါ့ထက်တောင်သာနေသေးတယ်။ ဒါက ဘယ်လိုဖြစ်တာလဲ။"
"ကျွန်တော်လဲ မသိဘူး။ အလင်းမှော်စွမ်းအင်တွေကို ကျွန်တော့ အကြီးအကဲတွေလို ခံစားနေရလို့ သူတို့ကို မလေးမစားမဆက်ဆံချင်ဘူး။ အဲဒါကြောင့် ကျွန်တော်နဲ့ ဆက်သွယ်နိုင်အောင် ဒီနည်းလမ်းသုံးလိုက်တာ။"
ဆရာရှို့က ကျွန်တော်ရွန်တဲ့ မန္တန်အတိုင်းလိုက်ရွတ်ကြည့်တယ်။ ဒါပေမယ့် အကျိုးဆက်ကျတော့ သူ့နဂိုကအတိုင်းပဲ။ နောက်ဆုံးတော့ လေးလေးနက်နက်အမူအရာနဲ့ ခေါင်းခါဖို့ပဲ သူတတ်နိုင်တော့တယ်။
အမှန်တရားက အလင်းစွမ်းအင်တွေအပေါ် ကျွန်တော်က တကယ်လေးစားတဲ့အပြင် သူတို့ကလဲ ကျွန်တော့ကို အစစ်အမှန် လက်ခံထားကြတာလေ။ ဒီတော့ ကျွန်တော့ကို ကူညီဖို့အတွက် သူကအရမ်းလိုလိုလားလားရှိတဲ့ အခြေအနေပေါ့။ ဆရာရှို့က ကြီးမြတ်မှော်သခင်ဖြစ်ပေမယ့် သူ့ရဲ့ ပင်ပမှော်စွမ်းအင်က အလင်းမှော်စွမ်းအင်မဟုတ်ဘူးလေ။ ဒီတော့ ကျွန်တော်သုံးတဲ့ မန္တန်တွေရဲ့ သဘာဝကိုက သူ့အပေါ် အကျိုးမသက်ရောက်နိုင်ဘူးပေါ့။
"ကောင်းပြီလေ.. မင်းရဲ့ အလင်းတံတိုင်း ဘယ်လောက်စွမ်းလဲဆိုတာ အခုစမ်းသပ်လိုက်တော့မယ်.."
"ကျွန်ုပ်နာမည် ရှိုးယွီရှို့။ သိမ်မွေ့တဲ့ရေစွမ်းအင် ကျွန်ုပ်အမိန့် နာခံစမ်း။ ကျွန်ုပ်ရှေ့မှာ စုဝေးပြီး ကျွန်ုပ်ရဲ့ရန်သူကို ချေမှုန်းမယ့် 'ရေဆူးချွန်' "
(ကြီးမြတ်မှော်သခင် အဆင့်၌ အခြေခံမှော်မန္တန်ဖြစ်ပါက မည်သည့်စွမ်းအင် အမျိုးအစားကိုမဆို ခေါ်ယူအသုံးပြုနိုင်သည်။)
အချင်း (၅)စင်တီမီတာလောက်ရှိတဲ့ ဆူးချွန်ကြီးက ကျွန်တော့ဆီကို တည့်တည့်ကြီးလာနေပြီ။ ကျွန်တော် အရမ်းမကြောက်တောင် မျက်စိတော့ မှိတ်လိုက်မိတယ်။ ကျွန်တော်ဖန်တီးထားတဲ့ အလင်းတံတိုင်းနဲ့ထိသွားပေမယ့် ကျွန်တော်ဘာနာကျင်မှုမျိုးမှ မခံစားလိုက်ရဘူးဗျ။ ကျွန်တော် မျက်စိပြန်ဖွင့်ကြည့်တော့မှ ရေဆူးချွန်ကြီး ပျောက်သွားပြီဆိုတာသိလိုက်ရတယ်။
ဟီ..ဟိ... ကျွန်တော့ အလင်းတံတိုင်းက တော်တော်လေး စွမ်းအားကောင်းပုံပဲ။
ဆရာရှို့က အဲဒီအခြေအနေကိုမြင်ရတော့ ကျွန်တော့ရဲ့ အလင်းတံတိုင်းကို စွမ်းအင် မန္တန်တွေ တစ်မျိုးပြီးတစ်မျိုးနဲ့ စတိုက်တော့တာပဲ။ သူတိုက်လို့ ရပ်လိုက်တဲ့အချိန်မှာ အလင်းတံတိုင်းက တစ်သိမ့်သိမ့်တုန်ပြီး ဘာမှထပ်ဖြစ်မသွားဘူး။ အဖျက်အစီးမှော်စွမ်းအင်တွေက ကျွန်တော့ရဲ့ ပြန်ပြန်ပြင်ပေးနေတဲ့ စွမ်းအားတွေကို တဖြည်းဖြည်းအနိုင်ယူသွားတယ်။
"ဆရာ .. ဆရာ .. ကျွန်တော်ဆက်ပြီး တောင့်မခံနိုင်တော့ဘူးဗျ... အာ.. ကယ်တော်မူကြပါဗျို့ ..."
နောက်ဆုံးတော့ ဆရာရှို့က သူသဲကြီးမဲကြီး တိုက်နေတာ ပြီးသွားတယ်။
"မင်းရဲ့ အလင်းတံတိုင်း အကျိုးသက်ရောက်မှုက တော်တော်ကောင်းပုံပဲ။ ပုံမှန်ထက် အားကောင်းတယ်။ ဒါမေမယ့် အလင်းတံတိုင်း ကို အပြည့်အဝ အသုံချနိုင်ဖို့တော့ နည်းနည်းလိုသေးတယ်။"
ပြီးတော့မှ ဆရာရှို့က အလင်းတံတိုင် နဲ့ပတ်သက်တဲ့ နည်းပညာတွေ ကျွန်တော့ကိုသင်ပေးတယ်။ အလင်းတံတိုင်းက တိုက်ခိုက်ရေး မှော်ပညာမဟုတ်တော့ တိုက်ခိုက်လာသမျှကို ကာကွယ်ဖို့ပဲသုံးနိုင်တယ်လေ။ အဲဒီနည်းနဲ့ပဲ မှော်စွမ်းအင် ကုန်ဆုံးမှုကို တော်တော်လျော့ချပေးလိမ့်မယ်ဗျ။
ဒီလိုနဲ့ ကျွန်တော် ပထမဆုံး အခြေခံ အလင်းမန္တန်တွေ စလေ့လာရပါတယ်။ နောက်ထပ် (၁၀)ရက်လောက်အထိ ဆရာရှို့က ကျွန်တော် အလင်းတံတိုင်းနဲ့ အကျွမ်းတဝင်ဖြစ်ဖို့အတွက် အခြေခံမှော်မန္တန် မျိုးမျိုးသုံးပြီးတိုက်တယ်။ ဒီလိုအနေအထားတွေကို စိတ်ပျက်ပြီး သင်ကြားရေးစနစ်ပြောင်းဖို့ပြောတဲ့အခါတိုင်း သူ့အလင်းကျားကြီးခေါ်ခေါ်ထုတ်ပြတယ်ဗျာ။ အဲဒီအချိန်ဆိုရင် ကျွန်တော်ချက်ချင်းပြောရတာက လက်ရှိသင်ကြားပုံ အရမ်းကောင်းတယ်ပေါ့ဗျာ။ အဲ့လူကြီးက နတ်ဆိုးအိုကြီး ဆိုတဲ့ နာမည်နဲ့ တော်တော်ကို လိုက်ဖက်တာပါဗျာ။ အခက်အခဲတွေ၊ ပြဿနာတွေ တော်တော်များများကို ကျွန်တော်ဖြေရှင်းပြီးတိုင်းပြီးတိုင်း နောက်ထပ် သင်ခန်းစာအသစ်က အရန်သင့်ပဲ။ ဒီနတ်ဆိုးအိုကြီးလက်ထဲက ကျွန်တော့ကံကြမ္မာကြောင့် ကျွန်တော် ပျင်းချင်လို့ကို မရဘူးဖြစ်နေရော။ ဒါပေမယ့် ကံကောင်းတဲ့တစ်ချက်က ကျွန်တော် တစ်နေ့တစ်နေ့ မှော်စွမ်းအားတွေ ဘယ်လောက်ပဲသုံးရသုံးရ ညပိုင်းမှာ ဆင်ခြင်သုံးသပ်ခြင်း လုပ်လိုက်ရင် နောက်တစ်နေ့တာအတွက် ကျွန်တော့မှာ စွမ်းအားတွေအပြည့်ပဲ။ အဲဒါအပြင် ကျွန်တော့မှော်စွမ်းအားတွေ အရင်ကထက် ပိုပိုမြင့်မားတိုးတက်လာနေတယ်လို့ ခံစားရတယ်။
မူရင်းစာရေးသူ -- Tang Jia San Shao
ဘာသာပြန်ဆိုသူ-- ငတက်ပြား