← Chapters

လေဟာနယ်မှော်ပညာ

Vol. 1 Ch. 6

လေဟာနယ်မှော်ပညာ

Vol. 1 Ch. 6

ဆရာရှို့ရဲ့ အနီးကပ်သင်ကြားပေးမှုအောက်မှာ နှစ်ဝက်ဆိုတဲ့ကာလအတွင်း ကျွန်တော့ မှော်စွမ်းအားအဆင့် တော်တော်ကိုတိုးတက်လာပါတယ်။ လေ့ကျင့်ရင်း လေ့ကျင့်ရင်း နတ်ဆိုးအိုကြီးရဲ့ တိုက်ခိုက်ချက်တွေကို (၂)နာရီလောက် တောင့်ခံထားနိုင်တဲ့အထိကို တိုးတက်လာတာဗျ။ မနက်ကျောင်းတက်ချိန်တိုင်း ကျွန်တော့ရဲ့ ကာကွယ်ရေးစွမ်းတင်တွေ ကုန်ခမ်းတဲ့အထိ လေ့ကျင့်ရတယ်။ ပြီးမှ ကျွန်တော့ မှော်စွမ်းအင်တွေပြန်ရအောင် အာနာပါနရှုပြီး ဆင်ခြင်သုံးသပ်ဖို့ ခွင့်ပေးလေ့ရှိတယ်။ မွန်းလွဲပိုင်းရောက်တာနဲ့ ကျွန်တော့ကို မှော်စွမ်းအင်တွေနဲ့ တိုက်တော့တာပဲဗျာ။

လွန်ခဲ့တဲ့ (၆)လလောက်ကစလို့ ကျွန်တော် အခြေခံကာကွယ်ရေး အလင်းမန္တန်တွေ သင်ရတယ်။ ဆရာရှို့က အရမ်းရက်စက်ကြမ်းကြုတ်သူကြီးလို့ပဲ ကျွန်တော်အမြဲတွေးမိတယ်။

စာသင်ခန်းတံခါးရောက်တာနဲ့ ကျွန်တော်ပထမဆုံးလုပ်တာက အလင်းတံတိုင်းကိုဖွင့်၊ မှော်အလင်းရောင်ပြန်ဖို့ ရောင်ပြန်ကြေးမုံ အသင့်ဖေါ်ထုတ်လိုက်တာပဲ။ အလင်းကြေးမုံဆိုတာ အချိန်တိုလေးအတွင်း သင်ခဲ့ရတဲ့ ကျွန်တော့အကြိုက်ဆုံး မန္တန်တစ်ခုဗျ။ ဒါ ကျွန်တော် အရမ်းကျွမ်းကျင်နေတဲ့ ခုခံကာကွယ်ရေး မှော်ပညာဗျ။ အဲဒီနှစ်ခုကို ဂရုတစိုက်ထိန်းချုပ်ပြီးမှ တံခါးကိုဖွင်လိုက်တယ်။ နေ့တိုင်လိုလို ကြောက်ရွံ့မှုတွေ ဖုံးလွှမ်းခံရတဲ့နေရာပေါ့ဗျာ။ ဒါကြောင့် စာသင်ခန်းထဲမဝင်ခင် အကောင်းဆုံးမန္တန်တွေသုံးပြီး ကိုယ်ကိုကိုယ် ကာကွယ်ထားရတာ။

"မင်္ဂလာရှိသော မနက်ခင်းပါ ဆရာရှို့ .."

ကျွန်တော့ကို ဆီးကြိုတာက အလင်းရောင်မြှားတစ်စင်းဗျ။ ကျွန်တော် ကတိုက်ကရိုက်ရှောင်ရင်း ကာကွယ်ဖို့အတွက် အလင်းပြန်ကြေးမုံနဲ့ အလင်းဖြာထွက်သွားအောင်လုပ်ပြီး အလင်းမြှားဖက်ကို ပစ်လွှတ်လိုက်တယ်။ ကျွန်တော် မန္တန်နဲ့ ဘာလို့လှမ်းပစ်လိုက်မိပါလိမ့်။ ရောင်ပြန်ကြေးမုံမန္တန်က မန္တန်တော်တော်များများကို တန်ပြန်နိုင်တယ်ဆိုပေမယ့် ကျွန်တော့မှော်စွမ်းအင် ကုန်ခမ်းမှုအရမ်းများတယ်လေ။ ဒါပေမယ့် သူ့ကို ပစ်လွှတ်လိုက်တာက ကျွန်တော့ဆီဝင်လာတဲ့ မန္တန်တွေရဲ့ အစွမ်းကိုအရမ်းလျော့နည်းစေတော့ တော်တော်လေးအကျိုးရှိတာအမှန်ပဲ။ အခုတော့ အခြေခံ မှော်မန္တန်တွေကို ကျွန်တော်ထိန်းချုပ်နိုင်နေပြီ။ ဒါကြောင့် ကျွန်တော့ဘယ်ဘက်မှာလဲ အင်တုံအရွယ်လောက် အလင်းအကာအကွယ်သစ်တစ်ခု ဖန်တီးဖို့ အလင်းတံတိုင်းနဲ့ အလင်းကြေးမုံကို ပေါင်းစပ်လိုက်တယ်။ အခုဆိုရင် အလင်းရောင်ပြန်တံတိုင်း အကာအကွယ် ဆင့်ခေါ်ထားပြီးပြီ။ ဒါက အလင်းဒြပ်ထုကို သိပ်သည်းအောင်လုပ်ထားတာဆိုတော့ အကုန်းလုံးကို မကာကွယ်နိုင်ရင်တောင် ကာကွယ်နိုင်စွမ်းမြင့်လာစေပါတယ်။ နောက်ပြီး မှော်စွမ်းအင်ကို တန်ပြန်နိုင်တဲ့အတွက် တကယ်ထိရောက်တယ်။ ဆရာရှို့က ကျွန်တော့ကိုတိုက်ဖို့ အလယ်တန်းမှော်မန္တန်ကိုသုံးလိုက်တာ။ ဒါတောင် အချိန်တိုအတွင်း ကျွန်တော့ အလင်ရောင်ပြန်တံတိုင်းကို မချိုးဖျက်နိုင်ပါဘူး။

"တော်တော်မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်တာပဲ။ ကာကွယ်ရေးမန္တန်သင်နေတာ ရပ်ဖို့အချိန်ရောက်ပြီ။ အခု လေဟာနယ်မှော်ပညာ စသင်ရလိမ့်မယ်။ အဲဒါ ငါ့ ပင်မမှော်စွမ်းအင်ပဲ။ ဒါကြောင့် မင်းကောင်းကောင်းသင်ယူမယ်လို့တော့ မျော်လင့်ရတာပဲ.. "

"ဝါး ... လေဟာနယ်မှော်ပညာ။ ဒါလဲ ကောင်းတာပဲ။ နောက်နောင် ကျွန်တော်အသုံးတည့်နိုင်တယ်။"

နောက်ဆိုရင် ဒီနတ်ဆိုးအိုကြီးဆီမှာ ရှိနေသရွေ့၊ ကျွန်တော် စနစ်တကျလေ့လာနေသရွေ့ကာလပတ်လုံး ကြောက်နေစရာမလိုတော့ဘူး။ တကယ်လို့ သူတစ်ခုခု မူမမှန်တာ လုပ်တော့မယ်ဆိုရင် လေဟာနယ်မှော်ပညာနဲ့ အိမ်ကိုတမ်းပြေးလို့ရပြီလေ။ ဟီ..ဟိ။ ဒါ ရိုးရိုးလေးပဲ မဟုတ်ဘူးလား။

"အခု ငါမင်းကို လေဟာနယ်မှော်စွမ်းအင်ရဲ့ အခြေခံစဉ်းမျဉ်းစည်းကမ်းတွေ ပြောပြမယ်။ ရွှေ့ပြောင်းမှုနဲ့ တိုက်ခိုက်မှု ဆိုပြီး လေဟာနယ်မှော်စွမ်းအင်ကို (၂)မျိုးခွဲထားတယ်။ လေဟာနယ်လှုပ်ရှားမှုမှော်ပညာက ကျွမ်းကျင်မှုအပေါ်မှာ အရမ်းကိုမူတည်တယ်။ မင်းရွှေ့ပြောင်းနိုင်တဲ့ အကွာအဝေးကို မှော်စွမ်းစွမ်းက အဆုံးအဖြတ်ပေးတယ်။ မင်းရဲ့ ရွှေ့ပြောင်းမှု ဘယ်လောက်တိကျမယ်ဆိုတာကျတော့ စိတ်ဝိညာဉ်စွမ်းအားကအဆုံးအဖြတ်ပဲ။ မင်းရဲ့ ရွှေ့ပြောင်းမယ့်အကွာအဝေးတိုလေ မင်းရွှေ့ပြောင်းမှုကကျလေပဲ။ လေဟာနယ်လှုပ်ရှားမှုမှော်ပညာကိုသုံးဖို့ မင်းသွားချင်တဲ့နေရာသတ်မှတ်ဖို့ မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားကို သုံးရလိမ့်မယ်။ အဲဒီမှာ ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်း၊ ခရီးရှည်တည်နေရာရွှေ့ပြောင်းခြင်းနဲ့၊ အကြီးစားတည်နေရာရွှေ့ပြောင်းခြင်း ဆိုပြီး (၃)မျိုးခွဲထားတယ်။ ခရီးတို တည်နေရာရွှေ့ပြောင်းမှုက သာမန်အားဖြင့်တော့ ရန်သူတိုက်ခိုက်မှုကနေ ရှောင်တဲ့နေရာမှာသုံးလေ့ရှိတယ် ။ ခရီးရှည်တည်နေရာရွှေ့ပြောင်းခြင်းနဲ့ အကြီးစားတည်နေရာရွှေ့ပြောင်းခြင်းတွေကျတော့ ကီလိုမီတာရာပေါင်းများစွာကအကွာအဝေးထိတည်နေရာရွှေ့ပြောင်းနိုင်အောင် ဦီးတည်ချက်တိကျဖို့အတွက်က စိတ်ဝိညာဉ်စွမ်းအား အရမ်းအကို မြင့်မားနေဖို့လိုတာကြောင့် အဲဒီလို တည်နေရာရွှေ့ပြောင်းမှုမျိုး လုပ်ခဲတယ်။ အကြီးအစား တည်နေရာရွှေ့ပြောင်းခြင်းလုပ်ငန်းကြီးတစ်ခုအတွက် ဆိုရင်လဲ လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် မှော်အထောက်အပံ့တွေလိုတယ်။ "

"ဆရာ.. ဆရာ.. ဆရာမြို့တော်ကြီးကိုသွားတုန်းက ကျွန်တော်ကိုစစ်ဆေးဖို့ ခဏခဏပြန်လာမယ်ဆိုတာ လိမ်ပြောတာလား ..."

လျှို့ဝှက်ချက်ကြီးတစ်ခု အမှတ်မထင် ဘူးပေါ်သလိုပေါ်သွားတော့ ဆရာရှို့မျက်နှာရှုံ့မဲ့သွားပြီး ဘာမှပြန်မဖြေပါဘူး။

"မင်းအနေနဲ့ မှော်ပညာကို စနစ်တကျသင်နေဖို့ကလွဲရင် ပေါက်တတ်ကရမေးခွန်းတွေ မေးနေစရာမလိုဘူး။ ဒီနေ့ လေဟာနယ်မှော်စွမ်းအင်နဲ့ ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်းကို စသင်ရလိမ့်မယ်။ စိတ်ဝိညာဉ်စွမ်းအားနဲ့ မှော်စွမ်းအားတွေ မင်းမှာကြီးကြီးမားမားရှိနေမယ်ဆိုရင် လေဟာနယ်စွမ်းအင်မှော်ပညာနဲ့ မီတာ(၅၀၀)အတွင်း ဘယ်နေရာကိုမဆို တည်နေရာရွှေ့ပြောင်းမှု လုပ်နိုင်လိမ့်မယ်။"

အဲဒီလိုပြောပြီးတာနဲ့ ဆရာရှို့ကျွန်တော့ရှေ့ကနေ လျှပ်တပျက်ပျောက်သွားသွားပြီးတော့ ကျွန်တော့နောက်ကျောကနေ လက်ခုပ်သံတွေထွက်လာတယ်ဗျ။ ဆရာရှို့က ကျွန်တော့နောက်ကို တည်နေရာရွှေ့ပြောင်းခြင်းမှော်ပညာသုံးလိုက်တာကိုး။ ဝါး ... ဒါအရမ်းဆန်းကြယ်တာပဲ။

"ဆရာ... မန္တန်ရွတ်သံ ဘာလို့ကျွန်တော်မကြားလိုက်ရတာလဲ .."

"ငါထပ်ရှင်းပြရအုံးမှာပေါ့။ ဒီလို ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်းအတွက်က စကားလုံး တစ်လုံးပဲလိုတယ်။ မင်းလုပ်ဖို့လိုတာက မှော်စွမ်းအားထိန်းချုပ်နိုင်ဖို့၊ မင်းစိတ်ထဲကနေ မင်းသွားချင်တဲ့ နေရာသတ်မှတ်ပြီး ပါးပါးနပ်နပ်နဲ့ မန္တန်ကိုအသံတိတ်ရွတ်လိုက်ယုံပဲ။"

"အဲဒီ စကားလုံးက ဘာလဲ .."

"ရွှေ့ ..."

"ဒီလောက်တောင် ရိုးရှင်းတယ်လား ..."

"မင်း ကြိုးစားကြည့်စမ်း .."

"ဟုတ်ကဲ့ ..."

ကျွန်တော် အာရုံစူးစိုက်ပြီး စာသင်ခန်းထောင့်က နေရာတစ်ခုကို သတ်မှတ်လိုက်လိုက်တယ်။ စိတ်ထဲကနေ 'ရွှေ့' လို့အော်လိုက်တာနဲ့ တခြားနေရာကို ရွေ့သွားတယ်။

ကျွန်တော့ ခြေထောက်အောက်မှာ ဘာမှမရှိဘူးလား။ ရင်တွေအရမ်းခုန်သွားတယ်။ ကျွန်တော့ကို တည်နေရာရွှေ့လိုက်တဲ့နေရာက စာသင်ခန်းအပြင်ဘက် ရေကန်လေးပေါ်ကြီးကိုဗျ.... ဗြဲ..။

ရေကန်ထဲကနေ အပြင်ကိုပြန်မထွက်တတ်လို့ ကျွန်တော်ကို့ယို့ကားရား ဖြစ်နေပါတယ်။ ဘာကြီးလဲ။ ဒီလို တလွဲကြီးက လုံးဝမကောင်းဘူးနော်။ ကျွန်တော် စာသင်ခန်းထဲကို ပြန်ရောက်တော့ ဆရာရှို့က ကျွန်တော့ကို ရှက်ကိုးရှက်ကန်းနဲ့ကြည့်ရင်း ပြုံးနေတာဗျ။ မုန်းစရာ နတ်ဆိုးအိုကြီး။

" မင်းသိထားရမှာက တည်နေရာရွှေ့ပြောင်းမှော်ပညာရပ်တစ်ခု သုံးတော့မယ်ဆိုရင် စိတ်ဝိညာဉ်စွမ်းအား အရမ်းမြင့်ရမယ့်အပြင် တည်နေရာရွှေ့ပြောင်းနေတုန်းမှာ တော်တော်အာရုံစိုက်ထားထားရမယ်။ နည်းနည်းလေး သတိလွတ်သွားတာနဲ့ အခုလိုတလွဲတွေဖြစ်သွားမှာပဲ။ ဒီနေ့ တည်နေရာရွှေ့ပြောင်းခြင်းကိုပဲ ဒီနေရာမှာ လေ့ကျင့်ပေတော့ "

"ဟုတ်ကဲ့ပါ ဆရာ။"

ဆရာရှို့ထွက်သွားတာနဲ့ ကျွန်တော် ကြမ်းပြင်ပေါ်ထိုင်ချလိုက်တော့တယ်။ ကျွန်တော်တော့ ဒီနတ်ဆိုးအိုကြီး လေ့ကျင့်ပေးနေတဲ့ လက်အောက်ကနေ ရက်နည်းနည်းလောက် လွတ်ချင်လိုက်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့ဆောင်ပုဒ်ဖြစ်တဲ့ 'လုံခြုံရေးသည် ပထမ'ကြောင့်လေ။ ကျွန်တော် စိတ်ထဲမှာပဲ ကြိတ်ပြီးဆုံးဖြတ်ချက်ချလိုက်တယ်။

"ရွှေ့"

ကျွန်တော်တည်နေရာရွှေ့ပြောင်းလိုက်တာက ကျွန်တော့ရှေ့ (၃)မီတာလေးပဲလေ။ မဆိုးဘူးဗျ။ ဒီတစ်ခါတော့ တကယ်ကြီး အောင်မြင်တာ။

" ရွှေ့ " .. " ရွှေ့ " .." ရွှေ့ " .." ရွှေ့ " .." ရွှေ့ " .." ရွှေ့ " .." ရွှေ့ " .." ရွှေ့ " .." ရွှေ့ " ..

မန္တန်ကို ထိန်းချုပ်နိုင်စွမ်းကုန်တဲ့အထိ ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်းကို ကျွန်တော်လေ့ကျင့်နေမိတယ်။

ရလဒ်တော့သိပ်မကောင်းသေးဘူး။ ကျွန်တော် ပိုပိုပြီး ကျွမ်းကျင်လာတယ်။ အခုဆို (၃၀)စတုရန်းမီတာရှိတဲ့ ဒီအိမ်အတွင်းမှာ ဘယ်နေရာကိုမဆို ကျွန်တော့စိတ်ကြိုက် တည်နေရာရွှေ့ပြောင်းလို့ရလာတယ်။ အခုတော့ လေ့ကျင့်တာရပ်ပြီး နားရမယ့်အချိန်ပဲ။ မနက်ဖြန်ကျရင်တော့ နတ်ဆိုးအိုကြီးကို နည်းနည်းလေးပျော်အောင်လုပ်ပေးရမယ်။ စဉ်းစားရင်း စဉ်းစားရင်း အာနာပါနရှုတ်မှတ် (အိပ်စက်ခြင်း)နယ်ထဲကို ရောက်သွားပါလေရောဗျာ။

ကျွန်တော် အဲဒီနေ့ကစပြီးတော့ ခရီးတိုတည်နေရာပြောင်းရွှေ့ခြင်းကို အဆက်မပြတ်လေ့ကျင့်လာတယ်ဗျ။ ဒါမှ နတ်ဆိုးအိုကြီးလေ့ကျင့်ပေးနေတဲ့ လက်အောက်ကနေ မြန်မြန်ထွက်သွားနိုင်မှာလေ။ မနက်တိုင်း (၁)နာရီလောက် လူပျင်းကျင့် ကျင့်လိုက်သေးတယ်။ ပြီးတော့မှ ခရီးတိုတည်နေရာပြောင်းရွှေ့ခြင်း တွေလုပ်တော့တာပဲ။ တဖြည်းဖြည်းနဲ့ ကျွန်တော် တည်နေရာရွှေ့ပြောင်းနိုင်တဲ့ အကွာအဝေးက ပိုပိုတိုးလာတယ်။ အချင်းဝက် မီတာ(၃၀)ကနေ၊ မီတာ(၅၀)၊ မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ တစ်နှစ်အတွင်း အကန့်အသတ်အထိတောင်ရောက်လာတယ်။ ခုဆိုရင် ကျွန်တော့ မြင့်မားလွန်းတဲ့ စိတ်ဝိညာဉ်ရဲ့ တိကျလာမှုတွေကြောင့် မီတာ(၅၀၀)အတွင်း ဘယ်နေရာကိုမဆို တည်နေရာရွှေ့ပြောင်းနိုင်နေပြီဗျ။

"ကျန်းကုန်း လာစမ်း။ မင်းအတွက် လေ့ကျင့်ရေးကွင်းတစ်ခု ငါပြင်ထားတယ်။"

ကျွန်တော် အနောက်ဘက်ခြံဝင်းထဲကို ဆရာနဲ့လိုက်သွားတယ်။ တစ်ဝင်းလုံးကို ခြုံကြည့်လိုက်တော့ အကျယ်က (၃၀၀)စတုရန်းမီတာလောက်ကျယ်တယ်။ ငါးမီတာလောက်ရှည်တဲ့ သစ်သားချောင်းတွေ တိုင်းမှာ သဲအိတ်ကြီးတွေကို ကြိုးနဲ့ဆွဲထားတယ်ဗျို့။

" ဆရာ... ဒါတွေက ဘာလုပ်ဖို့လဲ .. "

"ဒါက ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်း လေ့ကျင့်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ... ကဲ. ကဲ.. စောင့်ကြည့်."

ဆရာရှို့က သဲအိပ်တွေချိတ်ထားတဲ့ စည်းဝိုင်းထဲကိုဝင်သွားတယ်။ အဲဒီသဲအိတ်တွေကလဲ အမြဲတမ်း လွှဲယမ်းနေတာ တစ်ခုနဲ့တစ်ခု ရောနေသလိုပဲ။

"သေချာ စောင့်ကြည့်ထား .."

ပြောလဲပြီးရော ဆရာရှို့ အိတ်တွေကြားထဲကို ရောက်သွားပြီး အဆက်အမပြတ် ရွှေ့ပြောင်းနေတယ်။ အစကနေ အဆုံးထိ ဘယ်အိတ်တစ်အိတ်နဲ့မှ မထိဘူး။ တစ်မိနစ်လောက်ကြာတော့ အိတ်စက်ဝိုင်းထဲကနေ ဆရာရှို့ထွက်လာတယ်။

"မင်းသွားကြိုးစားပေးတော့။ အခုချိန်ကစပြီး ဒီအိတ်ကွင်းကြီးထဲမှာ မင်းလေ့ကျင့်ရလိမ့်မယ်။ အဲဒီအိတ်တွေကို တွန်းပေးဖို့ ငါ့ကျားလေးကတောင် ကူညီပေးအုံးမှာ.."

" ရပါတယ်ဆရာ... ကျွန်တော့ကို ကူဖို့မလိုပါဘူး ... "

" အေးဆေးပါ။ ပြဿနာမရှိပါဘူး။ ငါ့ပြန်လည်ကုသရေး မှော်ပညာက အရမ်းဆိုးနေလို့ပေါ့ကွာ။ မဟုတ်ရင် သဲအိတ်တွေအစား သံဘောလုံးတွေ တပ်ပေးထားမှာ... "

"အာ.. အာ ... ဟိုလေ... ဒီသဲအိတ်တွေပဲ ကောင်းပါတယ်ဆရာ။ ကြီးလဲကြီးတယ်လေ.."

ဒီလောက်ကြောက်စရာကောင်းတဲ့ စကားလုံးတွေအောက်မှာ ကျွန်တော် ဘယ်လိုလုပ်ညည်းရဲပါအုံးမလဲလို့။ ကျွန်တော် ချက်ချင်း သဲအိတ် လှိုင်းတံပိုးကြီးထဲကို ဝင်လိုက်ရတယ်။ ကျွန်တော်ရှောင်တယ်။ ရှောင်တယ်။ တတိယ သဲအိတ်က ကျွန်တော့ အရည်ပြားကိုလာထိတော့ တကယ်ကို အရမ်းနာတယ်ဗျာ။ ဆရာရှို့က မူလပြန်လည်ကုသရေးမှော်စွမ်းအားနဲ့ ကျွန်တော့ခန္ဓာကိုယ်ပေါ် ချက်ချင်းလှမ်းသုံးလိုက်တယ်။ ပြီးတော့ သဲအိတ်စက်ဝိုင်းကြီးထဲ ပြန်ထည့်လိုက်တယ်။ ကျွန်တော်ချက်ချင်း ထိခိုက်ခံလိုက်ရပြန်ရော။ ကျွန်တော့ရဲ့ နုနုထွဋ်ထွဋ် ခန္ဓာကိုယ်လေးကို အဲဒီနတ်ဆိုးအိုးကြီးက ရက်ရက်စက်စက် ဖျက်ဆီးတာခံနေရပြန်ပါရော။

နောက်ထပ်ထူးဆန်းတာတစ်ခုက အဲဒီလို နတ်ဆိုအိုကြီးရဲ့ လူမဆန်အောင်ညှင်းပန်းနှိပ်စက်မှုတွေကို ခံနိုင်ရည်ရှိလာတယ်။ ဆရာရှို့ကတော့ လူတစ်ယောက်ဟာ စမ်းသပ်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ မကြုံတွေ့ခဲ့ဘူးဆိုရင် ဂုဏ်သရေတွေ၊ ကြွယ်ဝချမ်းသာမှုတွေကို မရနိုင်ဘူးလို့တော့ ပြောတာပဲ။ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်မှသာ ရှင်သန်နိုင်လိမ့်မယ်တဲ့။ ဒါပေမယ့်ဗျာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ထွက်ပြေးတာမဟုတ်ဘူးလား။ ဒါမှ ကျွန်တော့ ဆောင်ပုဒ်နဲ့ ကိုက်ညီမှာလေဗျာ။

အပတ်တိုင်း တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့‌တွေဆိုရင် ကျွန်တော်လေ့ကျင့်ရတယ်။ အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တွေဆိုရင် သဲအိတ်အခင်းအကျင်းပြောင်းတယ်ဗျ။ ကျွန်တော့ စွမ်းရည်နဲ့လိုက်ပြီး အဲဒီအခင်းအကျင်းတွေမှာ သဲအိတ်တွေ တဖြည်းဖြည်း များ များလာတယ်။ ကျွန်တော့ခန္ဓာကိုယ်အနှံကို ပစ်ခတ်ဘူးတဲ့ ဆရာ့ရှို့ရဲ့ အလယ်တန်းအဆင့် လှပ်တစ်ပျက်တိုက်ခိုက်မှုတွေနဲ့ယှဉ်မယ်ဆိုရင်တော့ အခုအဟာက အခက်အခဲလို့တောင် အခေါ်ထိုက်တော့ပါဘူးလေ။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters