← Chapters

မှော်ပညာဆန်းစစ်ခြင်း

Vol. 1 Ch. 7

မှော်ပညာဆန်းစစ်ခြင်း

Vol. 1 Ch. 7

အချိန်ရာသီတွေ ခပ်မြန်မြန်ဖြတ်သန်းရင်းနဲ့ပဲ မျက်စိတစ်မှိတ်တွင်း ကျွန်တော်အသက် ကိုနှစ်ခွဲရှိလာပြီ။ နေ့တိုင်းနေ့တိုင်း လူမဆန်စွာညှင်းပန်းနှိပ်ဆက်မှုကြီးကို ခံစားခဲ့ရပေမယ့် ကြံ့ခိုင်ကြီးထွားဖို့ကိုတော့ မထိခိုက်ခဲ့ပါဘူး။ အခုဆိုရင် ကျွန်တော့ အရပ်က တစ်မီတာခွဲ၊ ခန္ဓာကိုယ်အလေးအချိန်က (၄၀) ကီလိုဂရမ်၊ တစ်ခေါင်းလုံးက အပြာနုရောင်ဆံပင်တွေဆို ပုခုံးပေါ်ကျနေတဲ့ရှည်နေပြီ။ ကျွန်တော့ ရုပ်ရည်က အရမ်းခန့်သန့်နေတာမဟုတ်ပေမယ့် သူတို့တွေကတော့ နူညံ့သိမ်မွေ့ပြီး၊ ချစ်စရာကောင်းတယ်လို့တော့ ပြောကြတာပဲ။ အဖေကဆိုရင် ကျွန်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကို ဘယ်အချိန်ကြည့်ကြည့် မဆိုးဘူးလို့ပြောတယ်။ အဲလိုအချိန်ဆိုရင် ကျွန်တော့နှုတ်ခမ်းကိုကြည့်ပြီး ဒါငါ့မျိုးရိုးဗီဇကြောင့်လို့ အမေအသည်းအသန်ဝင်ပြောနေကျ။ ကျွန်တော့အမေဆိုရင် အသက်(၃၀)ကျော်ပေမယ့် ခုချိန်ထိအောင် အိုမင်းခြင်းလက္ခဏာ တစ်ခုတစ်လေတောင် သူမျက်နှာမှာရှာမတွေ့နိုင်ပါဘူး။

လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်တော့စွမ်းဆောင်ချက်တွေက ဆရာရှို့ရဲ့ လမ်းပြသင်ကြားပေးမှုတွေနဲ့ အဆီအငေါ်မတည့်ပေမယ့် သူဆီကနေ မှော်အတတ်ပညာတော်တော်များများ သင်ယူခဲ့ရတာကိုတော့ အသိအမှတ်ပြုပေးယုံမှတပါး ကျွန်တော့မှာ ရွေးစရာမရှိဘူး။ ကျွန်တော့ရဲ့ စွမ်းရည်တွေ တိုးမြင့်လာတဲ့နှုန်းကိို အဖေနဲ့ အမေကတောင် အံ့အားသင့်ရတယ်ဗျ။

အခုတော့ သဲအိတ်စည်းဝိုင်းကြီးထဲက သဲတွေရဲ့တိုက်ခိုက်မှုမှန်သမျှ ကျွန်တော်ရှောင်နိုင်နေပြီ။ ကျွန်တော် တည်နေရာရွှေ့ပြောင်းမှုတစ်ခု လုပ်လိုက်တိုင်း ပုံရိပ်ခပ်ပါးပါးလေး ပဲတွေ့နိုင်တော့တယ်။ ဆရာရှို့တောင် ကျွန်တော့ တည်နေရာရွှေ့ပြောင်းတဲ့ လမ်းကြောင်းတွေကို နားမလည်နိုင်တော့ဘူး။ သူ့ရဲ့ မှော်မန္တန် တိုက်ခိုက်ချက်တွေကလဲ ကျွန်တော့ကို မထိနိုင်တော့ဘူး။ ကျွန်တော်က သဲအိတ်ကြီးတွေကို ကစားနည်းတစ်ခုလိုသဘောထားပြီးကစားနေတာမြင်တိုင်း ဆရာရှို့ ခမျှာ ရှုံ့တွနေအောင် စိတ်ပျက်နေကျ။ ကျွန်တော့ကို တိုက်ခိုက်ဖို့အတွက် တစ်ခါတစ်ခါ အထက်တန်းမှော်ပညာတွေ အကြိမ်နည်းနည်းသုံးလိုက်ရတာ စဉ်းစားမိတိုင်းလဲ ကျွန်တော် ဒေါသထွက်နေကျပဲ။ ဆရာရှို့က လေဟာနယ်မှော်စွမ်းအားကို အဆင့်(၇)ထိပဲ သူသုံးနိုင်သေးတယ်။ ဒါပေမယ့် လေဟာနယ်မှော်စွမ်းအင်က အရမ်းအင်အားကြီးတာကြောင့် ဝင်းကြီးတစ်ခုလုံးကို ဖျက်စီးပစ်လိုက်မှာ သူကြောက်တယ်လေ။ ဒါကြောင့် ကျွန်တော့ဒေါသတွေကို ထိန်းဖို့ သူ့အလင်းကျားကြီးကို ခေါ်ထုတ်လေ့ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ အခုဆိုရင် လေဟာနယ်မှော်စွမ်းအင်အပေါ်မှာ ကျွန်တော့ရဲ ထိန်းချုပ်နိုင်မှုက ပြီးပြည့်စုံသောအဆင့်ထိရောက်နေပြီ။ ဆရာရှို့တောင် ကျွန်တော့ကို မဖမ်းနိုင်တော့ဘူး။

ကျွန်တော့ရဲ့ မှော်စွမ်းအားနဲ့ စိတ်ဝိညာဉ်စွမ်းအား တိုးတက်လာတဲ့အမြန်နှုန်းက အရမ်းအံ့အားသင့်ဖို့ကောင်းတယ်။ အခုဆိုရင် ပုံစံတူတံတိုင်းနဲ့ တည်နေရာရွှေ့ပြောင်းခြင်းကို (၃)နာရီလောက် ဆက်တိုက်လုပ်နိုင်နေပြီ။

ဒီနှစ်တွေထဲမှာ မန္တန်နည်းနည်း သင်ခဲ့ရသေးတယ်။ ပင်မကတော့ အလင်းစွမ်းအင်ပေါ့ဗျာ။ အဲဒီမန္တန်တွေထဲကမှာ ကျွန်တော်ကြိုက်လို့ အသုံးများတဲ့မန္တန်တွေဆိုလို့ရှိရင်....

အလင်းဒိုင်းကာ

ပြီးပြည့်စုံတဲ့ အလင်းရောင်အကာအကွယ် မန္တန်တစ်ခုဗျ။ (ဒါကပိုအသုံးဝင်လို့ ပုံရိပ်တူအလင်းတံတိုင်းမန္တန်ကို မသုံးဖြစ်တော့ဘူးလေ။)

အလင်းကြေးမုံပြင်

တိုက်လာသမျှ မှော်စွမ်းအင်တွေအတိုင်း ရောင်ပြန်တဲ့မှော်ပညာဗျ။ ကျွန်တော့စိတ်ဝိညာဉ်စွမ်းအားကောင်းလာတာနဲ့အမျှ ဘယ်လိုအနေအထားမျိုးမှာမဆို ရောင်ပြန်ဟပ်အောင် လုပ်လို့ရမယ်လေ။

ရောင်ပြန်အလင်းတံတိုင်း

ဒါ ကျွန်တော်ကိုယ်တိုင်ဖန်တီး ထားတဲ့ ကာကွယ်ရေးအလင်းမှော်မန္တန် တစ်ခုလေ။ အဆင့်မြင့်မှော်ပညာတွေနဲ့အနီးကပ်တိုက်ရမယ်ဆိုရင် ခုခံကာကွယ်နိုင်တဲ့မန္တန်ပေါ့။ ဆရာရှို့ဆိုရင် ကျွန်တော့ မှော်မန္တန်ကို အမြဲတမ်း အလေးအနက် ချီးကျူးနေကျ။ ဒါပေမယ့် သူကျအဲဒါကို မသုံးနိုင်ဘူးဗျ။ ဟီ..ဟိ။

အံ့ဖွယ်အကာအကွယ်

အဆိပ်ငွေ့တွေနဲ့ အမှောင်မှော်ဝိညာဉ်စွမ်းအားတွေကို ကာကွယ်ပေးနိုင်တယ်လေ။ (ရန်သူများအား ရူးသွပ်စေနိုင်သည့် အမှောင်မှော်ပညာရပ်တစ်ခုဖြစ်သည်။) ဒါက အန္တရာယ်ရှိတဲ့ ဓါတ်ငွေ့တွေကို သီးခြားခွဲထုတ်နိုင်တာကြောင့် ဆရာရှို့ လေတွေလည်တဲ့အခါတိုင်း ကျွန်တော်သုံးနေကျ။ ရလဒ်က မိုက်တယ်၊ အေးဆေးပဲ။ ဆရာရှို့ကတော့ ဒါကိုမသိဘူးဗျ။ ဟီ..ဟိ။

မူလတိုက်ခိုက်ရေး အလင်းမှော်ပညာ

အလင်းမြှား

အခြေခံနဲ့ အလယ်တန်းမှာ အလင်းမှော်ပညာနဲ့ပတ်သက်တဲ့ တိုက်ခိုက်ရေးမန္တန်ဆိုလို့ ဒီတစ်ခုပဲရှိတယ်ဗျ။ အလင်းစွမ်းအားတွေကို ကျစ်လစ်အောင်လုပ်ပြီး မြှားတစ်ချောင်းလို ပစ်ခတ်တိုက်ခိုက်နိုင်တယ်လေ။ သူ့စွမ်းအားကတော့ နည်းနည်း အားနည်းတယ်။

အခြေခံ ပြန်လည်ကုသရေးအလင်းစွမ်းအင်

ပြန်လည်ပြင်ဆင်ကုသခြင်းနည်း

အခြေခံအဆင့် ပြန်လည်ပြင်ဆင်ကုသရေး မှော်စွမ်းအားပါ။ ပုံမှန်ဆိုရင်တော့ ဒဏ်ရာအသေးအဖွဲလေးတွေ၊ ဖျာနာတာတွေ၊ အအေးမိတာတွေကို ကောင်းကောင်းကုနိုင်ပါတယ်။ ကျွန်တော် အဲဒီမှော်စွမ်းအင်ကို သင်မိတာ အရမ်းနောင်တရတာပဲ။ ဘာလို့လဲဆိုတော့ စသင်ပါပြီဆိုရတည်းက ကျွန်တော် ဆေးကုပေးဖို့ဆိုပြီး ရွာထဲကလူတွေကို အမေခေါ်ခေါ်လာတယ်။ ဆေးကုသစရိတ်ကျ တစ်ပြားမှမရဘူးလေ။ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်။

စိတ်ဝိညာဉ်ကုသခြင်း

အမျိုးမျိုး ဖရိုဖရဲဖြစ်နေတဲ့ စိတ်ဝိညာဉ်တွေကို ကုပေးနိုင်တယ်ဗျ။

အခြေခံ မှော်စွမ်းအား

ခရီးတိုတည်နေရာရွှေ့ပြောင်းခြင်း

ဒါကိုတော့ ကျွန်တော် ကောင်းကောင်းကျွမ်းကျင်တယ်။ မီတာ (၅၀၀) အကွာအဝေးအတွင်း ဘယ်သူမှ ကျွန်တော့ကို ထိအောင် တစ်ဖက်သတ် ရိုက်နိုင်မှာမဟုတ်ဘူး။

ခရီးရှည်တည်နေရာရွှေ့ပြောင်းခြင်း

ဒါတော့ အယူအဆတွေသင်ဖူးပေမယ့် ကျွန်တော် တစ်ခါမှ မသုံးဖူးဘူး။ နတ်ဆိုးတွေရဲ့နယ်မြေကို မတော်တဆ ရောက်သွားနိုင်တယ်လေ။ အဲလိုသာဖြစ်မယ်ဆိုရင် ကျွန်တော် တော်တော်စိတ်ဆင်းရဲရမှာပေါ့။

လေဟာနယ်ခွဲခြမ်းခြင်း

လေဟာနယ်မှော်စွမ်းအင်နဲ့ တိုက်ခိုက်ရတာဗျ။ ကျွန်တော်တတ်ထားသမျှထဲမှာတော့ စွမ်းအားအကောင်းဆုံး တိုက်ကွက်ပေါ့။ အဲဒီတိုက်ကွက်က လေဟာနယ်ကိုဖျက်ဆီးပြီး အကွာအဝေးတစ်ခုအတွင်းမှာရှိတဲ့ မှော်အပါအဝင် အရာအားလုံးကို ဝါးမျိုဖျက်ဆီးပစ်နိုင်တယ်။ အခုအချိန်မှာတော့ အဲဒီတိုက်ကွက်ကို ကျွန်တောသုံးခွင့်မရှိဘူးလို့ အပိတ်ခံထားရတယ်ဗျ။ ဆရာရှို့က သူအမြတ်တနိုးထားတဲ့ မှော်ခွက်လေးတစ်ခွက်ကို ကျွန်တော် ဝါးမျိုဖျက်ဆီးမိလိုက်လို့လေ။ အခုဆိုရင် ကျွန်တော်က တစ်မီတာလောက်ရှည်တဲ့ အကွာအဝေး အတိုင်းအတာအထိ ဖျက်ဆီးဝါးမြိုပစ်နိုင်တယ်ဗျ။ ခြေခံမှော်မန္တန်လေးနဲ့တင်ဆိုရင်တော့ ဝါးမြိုနိုင်ဖို့မလွယ်ဘူး။ ဆရာရှို့ပြောဖူးတာတော့ အဲဒီစွမ်းအားက အရမ်းမြင့်မားလာပြီး သူ့ကို မထိန်းချုပ်နိုင်ရင် မင်းကိုဝါးမြိုသွားလိမ့်မယ်တဲ့။ ဟုတ်တာပေါ့။ အခုကျွန်တော်လုပ်နိုင်တဲ့ စွမ်းအင်ပမာဏက ကျွန်တော့ကို မလောင်ကျွမ်းစေနိုင်ဘူးလေ။ ဟီ..ဟိ။ ကျွန်တော့ကို ဝါးမျိုဖို့ဆိုရင် အတိုင်းအတာတစ်ခု လိုနေအုံးမှာမို့ပါ။ သူက ပေါ့ပေါ့ဆဆ မသုံးဖို့ ပြောထားတယ်လေ။

အဲဒါတွေက ကျွန်တော်အခုတတ်ထားသလောက် မန္တန်တွေပဲ။ ဆရာရှို့ သုံးသပ်ထားတာက ပထမ လွတ်မြောက်နိုင်စွမ်း၊ ဒုတိယ ကာကွယ်နိုင်စွမ်း၊ တတိယ ပြန်လည်ပြင်ဆင်ကုသရေးနဲ့ အခြေခံအဆင့်တိုက်ခိုက်နိုင်မှု တွေပေါ့။ တကယ်တော့ ဆရာရှို့နှလုံးသားထဲမှာ ကျွန်တော်က အထူးသဖြင့် ကာကွယ်ရေးနဲ့ ရွှေ့ရှားမှုမှော်စွမ်းရည်မှာပဲ တင်းတိမ်ရောင့်ရဲနေတယ် ထင်နေတာ။ အမှန်တကယ်တော့ ကျွန်တော့ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း ဟင်းလင်းပြင်မှော်ပညာထိန်းချုပ်နိုင်တာက သူ့ထက်အများကြီးသာတယ်ဗျ။ သူက ကြီးမြတ်မှော်သခင်ဖြစ်ပေမယ့် ယေဘုယျအနေနဲ့ပြောရရင် တစ်ယောက်ယောက်ကသာ ကျွန်တော့ကို တိုက်ခိုက်ရေးမှော်ပညာနဲ့ မတိုက်ခိုက်ဘူးဆိုရင် ကျွန်တော့ရဲ့ မှော်စွမ်းအားက အဆင့်မြင့်မှော်သခင်အဆင့်လောက်ရှိတယ်ဗျ။ ဒါကို ကျွန်တော် ရည်ရွယ်ချက်ရှိရှိနဲ့ မလုပ်ခဲ့ဘူးဗျ။ ခရီးတိုရွှေ့ပြောင်းခြင်းကိုပဲ ကျွန်တော်ကြိုက်တယ်လေ။ ဟီ..ဟိ။ ကျွန်တော်မနိုင်ရင် ထွက်ပြေးမှာပေါ့၊ ဘာခက်တာမှတ်လို့။ ဟီး.. ဟိ။

နောက်(၆)လ မပြည့်ခင် ဒီကျောင်းကနေ အောင်လက်မှတ်ရတော့မယ်။ ဟီး..ဟီး.. နောက်ဆုံးတော့ ဒီနတ်ဆိုးအိုကြီးရဲ့လက်က လွတ်မြောက်တော့မယ်လေ။ သဲအိတ်စည်းဝိုင်းကြီးက ကျွန်တော့ကို ဒုက္ခမပေးနိုင်ပေမယ့် အဲ့ဒီ နတ်ဆိုးအိုကြီးက သူ့အလယ်တန်းမှော်ပညာတွေနဲ့ မကြာခဏ လာလာတိုက်တာဗျ။ ဒါပေမယ့် သိပ်တော့မကြာပါဘူး။ သူပဲမောသွားတာလေ။ ကျွန်တော့ရဲ့ တောက်ပလာမယ့် အနာဂါတ်ကို မြင်ယောင်မိနေတယ်ဗျ။ ဟီ..ဟိ။

ကျွန်တော့ကို ပိုပျော်စေတဲ့ အချက်က မနက်ပိုင်းစာသင်ခန်းကို ရောက်တဲ့အချိန်မှာ ဆရာရှို့က မြို့တော်ကြီးကို သွားရမယ်ပြောလာတယ်လေ။ ဒိတစ်ခေါက် အချိန်တော်တော်ကြာ သွားရမယ်ပြောတယ်ဗျ။ ဒါပေမယ့် ကျွန်တော့ရဲ့ ကျောင်းဆင်း စစ်ဆေးပွဲအမှီ ပြန်လာမယ်တဲ့။ ကျွန်တော်သာ လေကျင့်မှုပြတ်ရင် ဒင်းက နတ်ဆိုးအိုကြီးဗီဇ ပေါ်လာအုံးမှာ။ ကျွန်တော် ခန္ဓာကိုယ်ကို ကြည့်ကောင်းအောင်နေလိုက်ပြီးတော့ နှပ်ညှစ်ထုတ်လိုက်တယ်။

နောက်ဆိုရင် အချိန်တိုင်းမှာ အိပ်ပြီးကျင့်လို့ရသွားပြီလေ။ ဟီ..ဟိ။

မူရင်းစာရေးသူ -- Tang Jia San Shao

ဘာသာပြန်ဆိုသူ-- ငတက်ပြား

All Chapters