ဝင်ခွင့်စာမေးပွဲ
Vol. 1 Ch. 12
မနက်စောစောမှာ ဆရာရှို့က သင်ခန်းစာစပေးတဲ့အနေနဲ့ နှိုးပါတော့တယ်။။ ပြီးတော့ စစ်ဆေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အပ်ကြောင်းထပ်အောင်ပြောတော့တာပဲ။ ပြီးမှ ကျွန်တော့ကို တော်ဝင်အလယ်တန်းမှော်ကျောင်းတော်ကို ခေါ်သွားပါတယ်။
" ဆရာရှို့ ... ဘာဖြစ်လို့ အစောကြီးဒီကိုလာတာလဲ။ စစ်ဆေးပွဲစဖို့ အချိန်အများကြီးလိုသေးတယ်လေ။ "
ကျွန်တော် သန်းဝေရင်း မေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်ကဆို ကျွန်တော်သေလုနီးပါးပဲ။ ဆရာရှို့က နေ့တိုင်း စစ်ဆေးပွဲရဲ့ စည်းကမ်းတွေ၊ အသေးစိတ်အချက်အလက်တွေနဲ့ တခြားလိုတာတွေ ရှင်းပြနေတာလေ။ သူရှင်းပြတာတွေအားလုံး ကျွန်တော် ခေါင်းကျိန်းမယ့်ဟာတွေကြီးပဲ။ အစက မှော်သားရဲဥကြည်ကြည်လေးကို ဘာကောင်ဖြစ်မလဲ ကြည့်ချင်နေတာ။ ဒါပေမယ့် ဆရာရှို့က စစ်ဆေးပွဲအတွက် မှော်စွမ်းအင်နဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ လိုတယ်ပြောတယ်။ စစ်ဆေးပွဲကို ကျွန်တော့ထက်ပိုပြီး သူကတက်ကြွနေတယ်။
" ပထမဆုံး အခြေအနေကိုအရင်ကြည့်လိုက်။ ကျန်းကုန်း မင်းဆရာ့စကားတွေအတိုင်း အတိအကျ လိုက်နာသရွေ့ ဘာပြဿနာမှမရှိပဲ စစ်ဆေးပွဲအောင်မြင်လိမ့်မယ်. "
" ဟုတ်ကဲ့... ကျွန်တော်သိပါတယ်။ "
ကျွန်တော်တို့ စောင့်နေရတဲ့ တစ်နာရီက တစ်နှစ်လောက်ကြာတယ်ထင်တယ်။
" ကောင်းပြီ.. ကျန်းကုန်း အခုမင်းဝင်သွားလို့ရပြီ။ အကောင်းဆုံးလုပ်ခဲ့နော်... "
ပြောပြီး ဆရာရှို့က ကျွန်တော့ကို လက်မထောင်ပြပါသေးတယ်။
" ဟုတ်ကဲ့ .. "
ကျွန်တော်လဲ သူ့လို လက်မပြန်ထောင်ပြရတာပေါ့။
ကျောင်းထဲကို ဝင်လိုက်ပါတယ်။ ဝါး .... ဒါ နံပါတ်တစ်ကျောင်းကြီးဖြစ်ဖို့ အရမ်းကို ထိုက်တန်တာပဲ။ အရမ်းထူးခြားတယ်။ ကျောင်းက စတုရန်းမီတာ (၁၅၀၀၀)လောက်ကိုကျယ်တဲ့အပြင် လေ့ကျင့်ရေးကွင်းတွေလဲရှိတယ်။ လူတွေမှ အများကြီး။ ဆရာရှို့ကတော့ ဒီနှစ် စစ်ဆေးပွဲဝင်ဖြေတဲ့ ကျောင်းသား (၁၀၀၀၀)လောက်ရှိတယ်ပြောတယ်ဗျ။ နောက်ဆုံး ရလဒ်က ကျောင်းသား (၂၀၀)ပဲ အရည်အချင်းမှီမှာ။ ဆိုတော့ (၅၀)မှာမှ (၁)ယောက်ပဲ အရွေးခံရမှာပေါ့။ အဲဒီအချိန်မှာပဲ လေထဲကနေ အသံတစ်သံ ထွက်လာတယ်ဗျ။ (မှော်အတတ်ပညာဖြင့် အသံကို ကျယ်လောင်စေကာ ဖြန့်လွှင့်ခြင်းဖြစ်သည်။)
" စစ်ဆေးပွဲဖြေဆိုမယ့် ကျောင်းသားအားလုံး... မင်းတို့ရဲ့ နံပါတ်စဉ်အတိုင်း ရှေ့နောက် သေချာ တန်စီကြပါ။ ကျောင်းသား(၆၀၀)ကို အုပ်စုတစ်စုဖွဲ့ပါ။ ညွှန်ကြားချက်ကို စနစ်တကျလိုက်နာကြပါ။ မင်းတို့ နံပတ်ခေါ်သံကြားရင် ပထမအကြိမ် စစ်ဆေးမှုခံဖို့ သွားတန်းစီကြပါ။ "
ကျွန်တော့ အမှတ်စဉ်က (၁၅၀၃)ဗျ။ ကျွန်တော်က တတိယ အုပ်စုမှာ။ တတိယ အုပ်စုထဲသွားပြီး တန်းစီထားလိုက်ပါတယ်။ ကျွန်တော့ ပတ်လည်ကို ကြည့်လိုက်တော့ အရမ်းကောင်းတဲ့ မှော်ဝတ်စုံတွေ ဝတ်ထားတာတွေ့ရပါတယ်။ နှိုင်းယှဉ်လို့မရအောင်ပဲ ကျွန်တော့လို ခပ်စုတ်စုတ် ဝတ်စုံ ဝတ်ထားသူကို တစ်ယောက်မှ မပါဘူး။ အဲဒါကြောင့်ပဲ ပတ်ဝန်းကျင်က စစ်ဆေးမှု ဖြေဆိုသူအားလုံး ကျွန်တော့ကို ကြည့်နေကြပါတယ်။ တစ်ချို့ဆိုရင် အထင်သေးတဲ့ပုံစံနဲ့ တံတွေးတောင် ထွေးလိုက်သေး။
ဟမ် ... လူထဲက လူအချင်းချင်းပဲလေ။ သူတို့ကရော လူမဟုတ်လို့လား။ သူတို့မိသားစုမှာ အာဏာလေးများ နည်းနည်းရှိလိုက်ရင် ဘယ်လိုတွေတောင် လုပ်မယ်မသိနိုင်ဘူး။
" စစ်ဆေးပွဲ ဖြေဆိုသူများ.... ပထမ စစ်ဆေးမှုစတင်မယ်။ အတန်းတစ်တန်းစီက ဖြေဆိုသူအားလုံး အမှတ်စဉ်အတိုင်း စစ်ဆေးမှုခံယူဖို့ သက်ဆိုင်ရာ အတန်းက ကိုယ်စားလှယ်တော်ဆီကို သွားကြပါ။ "
စုစုပေါင်း အတန်း(၂၀)ရှိတယ်။ အတန်းတစ်တန်းစီမှာ ကိုယ်စားလှယ်(၂)ယောက်ရှိတယ်။ ပထမ တစ်ယောက်က ဖြေဆိုကျောင်းသားတွေကို လမ်းညွှန်ပေးဖို့တာဝန်ယူထားတာပါ။ နောက်တစ်ယောက်က ဖြေဆိုသူတွေရဲ့ အဆင့်တွေကို မှတ်တမ်းတင်တဲ့ တာဝန်ယူထားတယ်။ စစ်ဆေးပွဲက အရမ်းကိုရိုးရိုးရှင်းရှင်းလေးပါ။ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းရဲ့ မှော်စွမ်းရည်ကို တိုင်းတာဖို့နဲ့ လိုအပ်ချက် ကိုက်ညီမှုရှိမရှိကြည့်ဖို့ ကိုယ်စားလှယ်တွေက မှော်သလင်းတုံးကို သုံးကြပါတယ်။ ဝင်ခွင့်စစ်ဆေးပွဲမှာ အပိုင်း (၄)ပိုင်းရှိပါတယ်။ တစ်ပိုင်းစီတိုင်းကရမှတ် အများဆုံး ကျောင်းသား(၂၀၀)ကို သူတို့ရမှတ်ဇယားကနေ ကြည့်ပြီး လက်ခံမှာပါ။
ကျွန်တော်စောင့်နေရင်း ပျင်းလာပါတယ်။ သူတို့တွေ ဘာလို့များ အဲ့လောက်ကြာနေကြရပါလိမ့်။
နောက်တစ်နာရီကြာမှ..
" နံပါတ် (၁၅၀၃) ရှိလား။ "
နောက်ဆုံးတော့ ကျွန်တော့အလှည့်ရောက်လာပြီ။
" မင်္ဂလာပါဆရာ.. ကျွန်တော်က ဖြေဆိုသူအမှတ်စဉ် (၁၅၀၃)ပါ .. "
ကျွန်တော် ဆရာတွေရှေ့ရောက်တော့ ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်ပါတယ်။ ဆရာရှို့က ဆရာတွေအထင်ကြီးအောင် ဘယ်လိုယဉ်ကျေးအောင်နေရမယ်ဆိုတာ သင်ပေးထားတယ်လေ။ ပြီးရင် ကျွန်တော့အတွက် ရမှတ်တွေ သတ်မှတ်ပါလိမ့်မယ်။
" အခု စမ်းသပ်မှု စတင်နိုင်ပြီ .. "
ကျွန်တော် မှော်စွမ်းအင်တွေ စုစည်းလိုက်ပြီး ညာဘက်လက်က မှော်သလင်းတုံးပေါ်တင်ထားလိုက်ပါတယ်။ ကျွန်တော့် အထက်ပိုင်း ဒန်တျန်ကနေ စုဝေးလာနဲ့ အလင်းစွမ်းအင်တွေက ညာဘက်လက်ထဲကနေတဆင့် မှော်သလင်းတုံးထဲကို စီးဝင်သွားပါတယ်။ မှော်သလင်းတုံးကနေ အဖြူရောင်းအလင်းဖြာထွက်လာပါတယ်။ ကျွန်တော်မှော်စွမ်းအင် များများတိုးထည့်လေလေ အလင်းက ပိုတောက်ပါလာလေလေပဲဗျ။
" ဒီကျောင်းသား အရည်အချင်းပြည့်မှီတယ် .. "
" ကျေးဇူးတင်ပါတယ်ဆရာ ..."
ကျွန်တော် မှော်စွမ်းအားတွေ ရပ်လိုက်ပါတယ်။
" မင်းရဲ့ မှော်စွမ်းအားက အရမ်းသန်မာတယ်။ မင်းက အလင်းမှော်ပညာ သင်ထားတာပေါ့။ ကောင်းကောင်းဆက်လေ့လာပါ။ ကြီးမြတ်မှော်သခင် အဆင့်ရောက်သွားရင် မင်းရဲ့ အလင်းမှော်စွမ်းအင်က တော်တော်ကြီးကို အစွမ်းထက်လာမှာ။ နောက်စစ်ဆေးမှုခံဖို့ အနားယူတဲ့နေရာမှာ သွားစောင့်နေပါ။ "
" ဟုတ်ကဲ့ပါ .. "
ကျွန်တော် စစ်ဆေးပွဲနဲ့ပတ်သက်ပြီး တော်တော်အလေးထားပါတယ်။ ဒါကြောင့် ဘယ်လိုပြဿနာမျိုးကိုမှ မဖြစ်ချင်ဘူး။ ကျွန်တော့်အရှေ့ကနေ အစစ်ဆေးခံတဲ့ ကျောင်းသား(၂)ယောက်ဆိုရင် ဘယ်သူမှ ကျွန်တော့လောက်စွမ်းအား ထုတ်မပေးနိုင်ဘူး။ ဟီ..ဟိ။ ကျွန်တော် ဂုဏ်ယူစွာနဲ့ ပြုံးမိပါရောလား။
နောက်ထပ် စစ်ဆေးမှုက မှော်ပညာ သိမြင်နားလည်ခြင်းကို စစ်ဆေးတာပါ။ ဒီစစ်ဆေးမှုနည်းလမ်းကလဲ အရမ်းရိုးရှင်းပါတယ်။ မှော်အချုပ်အနှောင် တစ်ခုအထဲမှာဝင်ပြီး ဖြေဆိုသူတွေက အကောင်းဆုံးမန္တန်ကို ဖော်ထုတ်ပြဖို့ပါပဲ။ စစ်ဆေးပွဲက မွန်းလွဲချိန်မှဆိုတော့ မွန်းတည့်ချိန်အထိ ကျွန်တော်တို့ ထွက်ခွင့်မရှိသေးပါဘူး။ ဒါပေမယ့် ကျောင်းကနေ ကျွန်တော်တို့အတွက် အစားအသောက်တွေ ထောက်ပံ့ပေးလို့ တော်သေးတယ်ဗျ။ စားပြီးတဲ့အချိန်ကျတော့ ထမင်းလုံးစီရင်း ကျောင်းဝင်းကြီးထဲလမ်းလျှောက်ရင်း လိုက်ကြည့်နေမိတယ်။ တကယ့်ကို အရမ်းကြီးတာပဲ။ အဓိကနေရာကြီးကလွဲရင် ကျန်တဲ့နေရာတွေမှာ လေ့ကျင့်ကွင်းတွေမှ အများကြီးပဲ။ ကျောင်းထဲမှာ အဆောက်အဦးတွေလဲ အများကြီးပဲ။ ဒီနယ်မြေကြီးက အရမ်းကိုခန့်ညား ကြော့ရှင်းလွန်းနေသလိုပဲ။ နေရာတိုင်းမှာလဲ အိပ်ဖို့အရမ်းကောင်းတဲ့ မြက်ခင်းပြင်စိမ်းစိမ်းတွေ ရှိသေးတယ်။ သစ်ပင်ကြီးတွေ၊ ကျောက်တုံးပန်းခြံတွေ၊ ရေပန်းတွေနဲ့ အရမ်းဆွဲဆောင်လွန်းတဲ့ မြင်ကွင်းပဲ။ တကယ်ကို အရမ်းကောင်းတဲ့နေရာ။ ကျွန်တော် ဒီလိုနေရာမှာ ပညာသင်ကြားခွင့်ရလိုက်တာက သေချာပေါက်ကို မကောင်းတာမဟုတ်ဘူးပဲ။
မွန်လွဲပိုင်းမှာ စစ်ဆေးပွဲပြန်စပါတယ်။ ဖြေဆိုသူတွေကို အခြေခံအုပ်စု (၁၀)အုပ်စု ခွဲထားတယ်ဗျ။ ဘယ်လေ့ကျင့်ရေးကွင်းမှာပဲဖြစ်ဖြစ် စင်မြင့်(၅)ခုစီရှိတယ်ဗျ။ ကိုယ်စားလှယ်တစ်ယောက်စီက အမှတ်တွေပေးမှာလေ။ သူတို့ပေးတဲ့ ရမှတ်တွေအားလုံးပေါင်းပြီမှ စစ်ဆေးပွဲအရည်အချင်းရမှတ် သတ်မှတ်မှာပေါ့။
ဝါး ... အလယ်တန်းမှော်ကျောင်းရဲ့ ဝင်ခွင့်စစ်ဆေးပွဲက ပုံမှန်မဟုတ်ဘူးပဲ။ ဖြေဆိုသူတွေထဲက တော်တော်များများ အလယ်တန်းအဆင့်မှော်သခင်တွေ။ တစ်ချို့ဆို အထက်တန်းမှော်မန္တန်ကိုတောင် ထုတ်ပြနေကြသေးတယ်။ ဒါ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တဲ့ ပြိုင်ပွဲကြီးတစ်ခုလိုပဲ။ ကိုယ်စားလှယ်တွေကလဲ တစ်ယောက်နားရွက်နားကို တစ်ယောက်ကပ်ကပ်ပြီး တစ်တွတ်တွတ်နဲ့ ဘာတွေ သဖန်းပိုးလုပ်နေကြတယ်မသိပါဘူး။ သူတို့မျက်နှာပေါ်က အပြုံးတွေကြည့်ရတာတော့ ဖြေဆိုသူတွေရဲ့ ရလဒ်တွေကို အရမ်းသဘောကျနေတာ အသေအချာပဲ။
ကျွန်တော့အလှည့်တော့ရောက်လာပြီ။
" အမှတ်စဉ် (၁၅၀၃)၊ မင်းရဲ့ အကောင်းဆုံး မှော်ပညာ ထုတ်ပြပါ။ "
" ဟုတ်ကဲ့ဆရာ .. "
ကျွန်တော် ခန္ဓာကိုယ်ကို ဆန့်ပြီး ဘယ်ဘက်လက်ကို မြှောက်လိုက်ပါတယ်။
"ကျွန်တော့နာမည်က ကျန်းကုန်း။ အို.. အလင်းစွမ်းအင် ကျွန်ုပ်ဆန္ဒအတိုင်းနေပေးပါ။ မကောင်းမှုတွေအားလုံးကို ရောင်ပြန်ဟပ်ဖို့ အလင်းကြေးမုံတံတိုင်း ပွင့်လိုက်စမ်းပါ "
သူတို့တွေ တစ်ခါမှမကြားဖူးကြတာလား။ ကိုယ်စားလှယ်တွေ သံသယမျက်လုံနဲ့ ဘယ်လိုပဲကြည့်နေကြ ကြည့်နေကြ ကျွန်တော့ ဘယ်ဘက်လက်မှာ အလင်းကြေးမုံတံတိုင်း တစ်ခု ပေါ်လာပါပြီ။
" ဒါ အလင်းတံတိုင်းလား။ ဒီနည်းလဲမဟုတ်ပါဘူး။ အလင်းတံတိုင်းက ခန္ဓာကိုယ်အနှံ့ ခုခံကာကွယ်ရေးမှော်မန္တန်လေ။ "
သူတို့အချင်းချင်း ကြွစိကြွစိနဲ့ ဆွေးနွေးပြီးတော့ အလယ်လောက်က ကိုယ်စားလှယ်ကြီးထပြောလာပါတယ်။
" ဖြေဆိုသူ .. ကျေးဇူးပြုပြီး အဲဒီမှော် စွမ်းရည်နဲ့ပတ်သက်ပြီး ရှင်းပြပါအုံး .. "
" ဟုတ်ကဲ့ .. ဒါက အလင်းတံတိုင်းနဲ့ အလင်းကြေးမုံ မန္တန်နှစ်ခုကို အခြေခံပြီးပေါင်းစပ် ဖန်တီးထားတာပါ။ ရလဒ်အနေနဲ့ ခုခံကာကွယ်မှုနဲ့ ရောင်ပြန်ဂုဏ်သတ္တိ နှစ်မျိုးစလုံးပါတဲ့ မှော်မန္တန် ဖြစ်လာတာပါ။ မူရင်းမန္တန် (၂)ခုက အခြေခံမှော်မန္တန်တွေဖြစ်ပေမယ့် နှစ်ပေါင်းလို့ အသစ်ဖြစ်လာတဲ့ မန္တန်က အဆင့်(၆)တိုက်ခိုက်ရေး မန္တန်တွေကိုတောင် ဟန့်တားနိုင်ပါတယ်။ "
ကိုယ်စားလှယ်ကြီးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မိန်းမောတွေဝေနေလိုက်ကြတာ တော်တော်လေးကြာမှ နဂုံးချုပ်သွားပါတယ်။ (မှော်ပညာ ပေါင်းစပ်ခြင်းမှာ အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။ အထူးသဖြင့် မတူညီသော မှော်စွမ်းအင် နှစ်မျိုးပေါင်းစပ်ခြင်းပင်။ ယခုမူ အခြေခံအဆင့်မှော်မန္တန် (၂)ခုအားပေါင်းစပ်၍ အလယ်တန်းအဆင့်မှော်မန္တန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ စစ်ဆေးသူကိုယ်စားလှယ်များအနေဖြင့် မည်သည့်အတွက် မအံ့ဩဘဲ နေနိုင်လိမ့်မည်နည်း။)
ဟီ..ဟိ။ နောက်ထပ် အတားအဆီးတစ်ခု ပြီးသွားပြန်ပြီ။
စိတ်လှုပ်ရှားမှုများစွာနဲ့ ကျွန်တော် ကျောင်းတော်ကြီးထဲကနေ ထွက်ခဲ့ပါတယ်။ (ဖြေဆိုရန် ကျောင်းသား မြောက်များစွားကျန်နေသဖြင့် နောက်ဆုံး စစ်ဆေးမှုအား နောက်ရက်တွင် စစ်ဆေးမည်ဖြစ်သည်။) ဘယ်လောက်တောင် ရိုးရှင်းလိုက်သလဲ။ ဟီ..ဟိ။ ကိုယ်စားလှယ်တွေရဲ့ တအံ့တဩ မျက်နှာကြီးတွေကို မြင်ယောင်ပြီး အခုထိအောင် ကျွန်တော်ရယ်ချင်နေတုန်းပဲ။
ကျွန်တော် ကောင်းဂိတ်တံခါးကနေထွက်လာတော့ ဆရာရှို့ကို မြင်လိုက်ရပါတယ်။ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို သူ့မျက်နှာပေါ်မှာ ပထမဆုံးမြင်လိုက်ရတဲ့အချိန် ဆရာရှို့က အရမ်းချစ်စရာကောင်းနေသလိုလိုပဲဗျို့။
မူရင်းစာရေးသူ -- Tang Jia San Shao
ဘာသာပြန်ဆိုသူ-- ငတက်ပြား