ပါရမီရှင်တစ်ယောက်ရဲ့ ကံကြမ္မာ
Vol. 1 Ch. 14
မာခယ်ကိုနှုတ်ဆက်ပြီး ဆရာရှို့နဲ့အတူ တည်းခိုခန်းကို ပြန်လာခဲ့လိုက်တယ်။ ရုတ်တရက် မေးခွန်းတစ်ခုအတွေးပေါ်လာတာကြောင့် ကျွန်တော့ ရမှတ်အဆင့်ကို သွားကြည့်ချင်လာပါတယ်။ ကျွန်တော့ရဲ့ အနာဂါတ်မှာ စိန်ခေါ်သူတွေ အရမ်းများနေမှာ မလိုချင်ပါဘူး။ ကျွန်တော့ဆင့်က ကျောင်းသားသစ်တွေထဲမှာ ပထမ တော့မရလောက်ပါဘူးနော် ။ အား .. မဟုတ်သေးဘူးလေ။ ဒီလိုမျှော်လင့်ထားတာမဟုတ်ဘူးလေ။ ဒီအချိန်မှာတော့ ကျွန်တော် တကယ်ကို ဒုက္ခရောက်နေပါပြီ။ မာခက်ရဲ့ဆရာကတော့ သေချာပေါက်ကို ပညာရှိတစ်ပါးဖြစ်လိမ့်မယ်။
" ဆရာရှို့။ တကယ်လို့သာ ရမှတ်ကောင်းကောင်းနဲ့ တော်ဝင်အလယ်တန်းမှော်ပညာကျောင်းကို တက်ခွင့်ရခဲ့မယ်ဆိုရင် ကျောင်းသားတွေအများကြီး ကျွန်တော့ကို လာပြီးစိန်ခေါ်ကြမှာလားဟင်။ "
" အမှန်ပဲပေါ့ .. "
" အာ .. ဒီလိုကြိုသိရင် စစ်ဆေးပွဲမဖြေခင် ထိန်းထိန်းသိမ်းသိမ်း ဖြေဖို့ ဘာဖြစ်လို့ကြိုအသိမပေးတာလဲ .. "
" ကျန်းကုန်း။ ဒါက ဒီလိုရှိတယ်ကွ။ မင်းအတွက် တိုက်ခိုက်ခြင်းကသာ တိုးတက်မှုရှာဖွေနိုင်လိမ့်မယ်။ တခြားသူတွေ မင်းကို နှိမ်တာမခံချင်ရင် မင်းကြိုးစားပေါ့။ ဆရာကတော့ အဲဒီလိုပြိုင်ဆိုင်မှုကို အားပေးတယ်။ "
ဒါက ကျွန်တော့အတွက်ပေါ့လေ။ ဒါဆိုရင်အခုချိန်ကစပြီး အေးအေးဆေးဆေးဖြတ်သန်းဖို့ မဖြစ်နိုင်တော့ဘူးထင်ပါတယ်ဗျာ။ အခုတော့ တော်ဝင်အလယ်တန်းမှော်ပညာကျောင်းကြီးကိုတက်ဖို့ စိတ်ထဲမှာ အပြင်းအထန် လွန်ဆွဲနေမိပြီ။ ဗြဲ .......။
*****************-
" ကျန်းကုန်း .အချိန်တန်ပြီဟေ့ ထ . ထ။ စစ်ဆေးပွဲရလဒ်တွေ အတည်ပြုထုတ်ပြန်တော့မယ် ငါတို့သွားကြည့်မှဖြစ်မယ် ။ "
ကြေငြာချက် သွားကြည့်မယ်ကြားတော့ အိပ်ယာထဲကနေ ချက်ချင်းထလိုက်ပါတယ်။ ကျွန်တော်လဲ ချက်ချင်းကိုသွားချင်နေပြီ။ ကျွန်တော့အဆင့်က ခပ်မြင့်မြင့် ရောက်မနေဖို့ပဲ ဆုတောင်းရမှာပေါ့။
တော်ဝင်မှော်ပညာကျောင်း ဂိတ်တံခါးကိုရောက်တော့ အဝါရောင်စာရွက်ကြီး(၄)ရွက်ကို နံရံမှာကပ်ထားတာတွေရပါတယ်။ ပထမ(၃)ရွက်မှာက စစ်ဆေးပွဲတစ်မျိုးစီမှာ ထိပ်ဆုံးယောက်(၅၀၀)ရဲ့စာရင်းတွေရေးထားပြီးတော့ နောက်ဆုံးစာရွက်မှာတော့ နောက်ဆုံးစစ်ဆေးပွဲကို တက်ခွင့်ရမယ့် ဖြေဆိုသူ အယောက်(၅၀၀)ရဲ့စာရင်းကို ကြေငြာထားပါတယ်။
နောက်ဆုံးနံပတ်ကနေ ကြည့်သွားဆို့ ကျွန်တော်တွေးလိုက်ပါတယ်။ နောက်ကနေ ရေရင် (၄၀၀)ထဲမှာပဲ ကျွန်တော်ရှိနိုင်တာလေ။ ထိပ်ဆုံး (၁၀၀)စာရင်းထဲတော့ မရောက်ချင်ပါဘူး။ စစ်ဆေးပွဲ အောင်မြင်ပြီးပြီဆိုမှတော့ ဘာဂုဏ်၊ ညာဂုဏ်တွေ လိုနေအုံးမတဲ့လား။
နည်းလမ်းမဲ့စွာနဲ့ပဲ ကျွန်တော် ခေါင်းချာချာလည်နေပြီ။
ကျွန်တော့ အဆင့်ရမှတ်တွေက မှော်စွမ်းအားမှာ နံပါတ်(၉)အဆင့်၊ မှော်စွမ်းအားသိမြင်နားလည်ခြင်းမှာ ပထမ၊ မှော်စွမ်းအား ထိမ်းသိမ်းခြင်းမှာ ဒုတိယ၊ ရမှတ်အားလုံးပေါင်းပြီး နောက်ဆုံးအဖြေက ဒုတိယတဲ့။
ကျွန်တော့ ကိစ္စပြီးသွားပြီ။ ဒါလဲ ကျွန်တော့ ကံပဲဖြစ်လိမ့်မယ်ထင်တယ်။ အနည်းဆုံးတော့ ကျွန်တော် ပထမ မဟုတ်တဲ့အတွက် ကံအဆိုးကြီးတော့ မဟုတ်သေးပါဘူးလေ။
အဲဒီအချိန်မှာပဲ ဆရာတစ်ယောက် ကျောင်းထဲကနေထွက်လာပါတယ်။ သူက ကြေငြာ စာရွက်ဆီကို လျှောက်သွားပြီး အမှတ်စဉ်(၁၀)နဲ့ (၁၁)ကို ဖုံးပြီး ဟိုင်လုံယန် ကိုရေးလိုက်ပါတယ်။
" အားလုံးနားထောင်ကြပါ။ ကျောင်းသား ဟိုင်လုံယန်က စမ်းစပ်ကာလထဲမှာ မသမာတဲ့ နည်းလမ်းတွေသုံးခဲ့တယ်။ အဲဒီအတွက် ပြစ်ဒဏ်အနေနဲ့ ဟိုင်လုံယန်ရဲ့ ကျောင်းတော်ဝင်ခွင့် အင့်ဆယ်နေရာလျော့ချသတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတော့ ထိပ်ဆုံး ကျောင်းသား(၁၀)ယောက်က တစ်ဆင့်ဆီ တိုးသွားလိမ့်မယ်။ "
ဆရာ့စကားတွေ ကြားလိုက်တဲ့အခါ ထုံးစံအတိုင်းပေါ့ဗျာ။ ပါတ်ဝန်းကျင်မှာ ပွစိပွစိ၊ ကြွစိကြွစိနဲ့ ရေနွေးအိုတစ်လုံးလို ဆူညံ့နေတော့တာပဲ။ တစ်ယောက်တစ်ပေါက် ရမ်းတုတ်ပြီးလို့ တော်တော်ကြာမှ ရပ်သွားပါတော့တယ်။
" ဝိုး။ ဒီ ဟိုင်လုံယန် ဘယ်လိုနည်းလမ်းတွေ သုံးလိုက်တယ်ဆိုတာ ကျုပ်တွေးမိတယ်။ သူတော်တော် ကံဆိုးတာပဲ။ မဟုတ်ရင် သူက ပထမ ဖြစ်နေတာ "
" ဟိုင်လုံယန် ရဲ့အဆင့်သတ်မှတ်ချက်က ကျသွားပြီဆိုတော့ ပထမက ဒီ ကျန်းကုန်း ဆိုတဲ့ တစ်ယောက်ပဲ .. "
တခြားမှတ်ချက်တွေ၊ အကြောင်းပြချက်တွေ အများကြီးရှိတာတော့် ကျွန်တော်က မှတ်မှတရရ ပါဖြစ်အောင်ပါရသေးတယ်ဗျာ။ တခြားတည်းလမ်းမရှိတော့ဘူး။ မဖြစ်မနေ ထူးချွန်လွန်းသူကြီး ဆိုတဲ့ လမ်းပေါ် လျှောက်ရတော့မှာလား။
ရုတ်တရက်ပဲ ကျွန်တော့နောက်က တစ်ယောက်ယောက်က ကျွန်တော့ကို သတိပြုမိလာပါတယ်။ ဒါကြောင့် ကျွန်တော် ကြောက်လန့်တကြားလှည့်ကြည့်လိုက်တော့ တကယ်ကို မာခယ် ဖြစ်နေတာ သိလိုက်ရပါတယ်။
" ကျန်းကုန်း ဘာမှားနေလို့လဲ။ မင်းမျက်နှာကလဲ ဖြူရော်နေတာပဲ။ မင်းအထဲမဝင်ဘူးလား။ ငါကြေငြာချက်စာရင်း သွားဖတ်လိုက်အုံးမယ်။
ငါ့ ဝင်ခွင့်အဆင့်တွေက ဒီမှာပဲ။ မှော်စွမ်းအင် အဆင့်(၁၈)၊ မှော်စွမ်းအားသိမြင်နားလည်ခြင်း အဆင့်(၁၆)၊ မှော်စွမ်းအား ထိန်းချုပ်နိုင်မှုက မထင်မှတ်ပဲ ပထမ တဲ့ဟ။ ငါလုပ်နိုင်သွားပြီပဲ။ အမှတ်အားလုံးပေါင်းရင် အဆင့်(၁၂)ဆိုတော့ မြင့်လဲမမြင့်၊ အဆိုးကြီးလဲမဟုတ်ဆိုတော့ ကောင်းပါတယ်။ နေအုံး မင်းအဆင့် ငါကြည့်ပေးမယ်။"
ကြေငြာစာရွက်တွေကို ကို မာခက်လိုက်ကြည့်နေရင်းကနေ ရုတ်တရက် ကျွန်တော့ပုခုံးကို လှမ်းကိုင်လိုက်ပြီးတော့ ...
" ဝါး ... ကျန်းကုန်း... မင်းက တော်တော်ကြောက်စရာကောင်းတာပဲကွ။ မင်းအဆင့်က ပထမဟ "
ဒီလိုအော်လိုက်တဲ့ သူ့အသံကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ မျက်လုံးတွေရဲ့လမ်းကြောင်းက ကျွန်တော့ဆီစုလာဖို့ ဆွဲဆောင်ခံလိုက်ရသလို ဖြစ်သွားပါရော။
ကျွန်တော် ရွေးချယ်သင့်တာတွေကို အမြန်စဉ်းစားလိုက်တယ်။ မာခက်ကို အပြစ်တင်လိုက်ရင်း ခရီးတို တည်နေရာရွှေ့ပြောင်းခြင်းကိုသုံးပြီး အဲဒီနေရာကနေ မီတာ(၅၀၀)အကွာကို တမ်းရောက်သွားပါတယ်။ ပြီးတော့ ကျွန်တော် တည်းခိုခန်းကိုပဲ တိုက်ရိုက်ပြန်သွားဖို့ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်ဆက်သုံးလိုက်ပါတယ်။ အဲဒီလို တည်နေရာရွှေ့ပြောင်းမန္တန်သုံးနေရင်းနဲ့ ရေရွတ်မိတာက..
" မာခက် ဆိုတဲ့ကောင် တော်တော်ဆိုးရွားတဲ့ကောင် .. "
အခုတော့ ကျွန်တော့ကို ဘယ်သူမှရှင်းရှင်းလင်းလင်း မတွေ့နိုင်တော့ပါဘူး။
ဆရာရှို့ကလဲ ထူးထူးဆန်းဆန်းပြုံးပြီး ပြန်လာတယ်။
" ကျန်းကုန်း။ မင်းကိုငါ ကျောင်းသားကောင်းတစ်ယောက်လို့ ခေါ်သင့်ပြီကွ။ မင်းက မမျှော်လင့်ပဲ ပထမရခဲ့တယ်။ မဆိုးဘူး၊ မဆိုးဘူး။ ဒါပေမယ့် မနက်ဖြန် စစ်ဆေးပွဲမတိုင်ခင် မင်းဘယ်ကိုမှ မသွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်။ မင်းကို စိန်ခေါ်ဖို့ အနည်းဆုံး အယောက်ထောင်ချိပြီး စောင့်နေမှာတော့ အသေအချာပဲ ... ဟေ.. ဟေ့ ... "
" ဆရာရှို့ ... ကျွန်တော် စန်းခက်မြို့ကို ပြန်လို့ရမလား .. "
ကျွန်တော် စန်းခက်မြို့ကို ပြန်မယ်ကြားလိုက်တာနဲ့ ဆရာရှို့ ဒေါသတွေ ထွက်တော့တာပဲ။
" ဘာ... ပြန်သွားမယ်။ ကောင်းပါတယ်။ မင်းမိဘတွေက မင်းကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်ကြမှာပါလေ။ မင်းထွက်လာတုန်းက မင်းမိဘတွေက မင်းအပေါ် မျှော်လင့်ချက်က အရမ်းကိုကြီးမားတာ။ အာ... မင်းကလဲ သေချာဖြေနိုင်ခဲ့တော့ စစ်ဆေးပွဲမှာ ပထမရခဲ့တယ်လို့ ကြွားလို့ရတာပေါ့။ ဒါပေမယ့် တခြားကျောင်းသားတွေ စိန်ခေါ်မှာကို ကြောက်နေတယ်။ သူတို့ မင်းကို ခွင့်လွှတ်နိုင်မလား။ အခုအချိန်ကစပြီး မှော်ပညာကို ဘယ်လိုများ ဆက်ပြီး လေ့လာသင်ယူမလဲ။ "
ကျွန်တော် ထွက်မလာခင် ပြောခဲ့တဲ့ အဖေနဲ့ အမေရဲ့စကားတွေကို ပြန်ကြားယောင်ပြီး ကွန်တော့မှာ ပြောစရာစကားမဲ့သွားပါလေရော။ ကျွန်တော်က လူပျင်းလေးတစ်ယောက်ဆိုပေမယ့် မိဘစကားတွေနာထောင်တဲ့ ကလေးတစ်ယောက်အဖြစ်တော့ ရှိနေပါသေးတယ်။ အဖေနဲ့ အမေသာ မရှိခဲ့ရင် ကျွန်တော်ဆိုတာလဲ ရှိလာမှာမဟုတ်ဘူးလေ။
" ဆရာ... ကျွန်တော် နောက်နေတာပါ။ ဒေါသမထွက်ပါနဲ့။ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ "
ကျွန်တော် ပြန်သွားမယ်ဆိုတဲ့ အတွေးတွေ ဖယ်ထုတ်လိုက်တာတွေ့တော့ ဆရာရှို့ ချက်ချင်းကို နားရွက်ချိတ်တဲ့အထိ ပြုံးတော့တာပဲ။ အားလုံးခြုံပြောရရင် စာမေးပွဲ ပထမ အကြော့မှာ ကျွန်တော် ပထမရထားတော့ မျက်နှာပွင့်နေတာပေါ့။
" မနက်ဖြန် ဖြေရမယ့် စစ်ဆေးပွဲအတွက် ငါစုံစမ်းပြီးပြီ။ ထိပ်ဆုံး(၅၀၀)က ဘယ်သူနဲ့ တိုက်ရမယ်ဆိုတာ မဲနှိုက်ပြီး ဆုံးဖြတ်လိမ့်မယ်။ နိုင်တဲ့သူက အမှတ်(၅၀)ရမယ်။ ပထမကြော့က စာမေးပွဲရလဒ်ကို ဒုတိယအကြော့က ရမှတ်နဲ့ ထည့်ပေါင်းမယ်။ အဲဒါကိုမှ ဖြေဆိုကျောင်းသားတစ်ယောက်ဆီရဲ့ အဆင့်တွက်ချက်လိမ့်မယ်။ အခုတော့ မင်းက ထိပ်ဆုံးပေါ့ကွာ။ ဒုတိယ အကြော့မှာ ထိပ်ဆုံးရောက်တဲ့သူအတွက် ဆုကြေးရမှတ်(၅၀)ရမယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် မနက်ဖြန် စစ်ဆေးပွဲမှာ မင်းရှုံးခဲ့ရင်တောင် ထိပ်ဆုံး (၂၀၀)ထဲကဝင်ဖို့ (၈၀)ရာခိုင်နှုန်းလောက် သေချာတယ်။ ပထမအကြော့မှာတုန်းက ဒုတိယရထားတဲ့သူထက် ရမှတ် (၄၉.၉)မှတ် မင်းပိုရထားတယ်လေ။ ဒါပေမယ့် အပိုဆုကြေးတော့ မင်းရမှာမဟုတ်တော့ဘူး။ စစ်ဆေးပွဲမှာ အစေခံ မှော်သားရဲတွေနဲ့ သိုင်းပညာကို အသုံးပြုခွင့်ပေးမထားဘူး။ "
ဒီအတိုင်းဆိုရင် တော်ဝင်အလယ်တန်းမှော်ကျောင်းရဲ့ လက်အောက်ကနေ လွှတ်ဖို့ မဖြစ်တော့တဲ့ပုံပဲ။ ဒါဆိုရင် ပါရမီရှင်ဆိုတဲ့ မကောင်းဆိုးရွား ကြယ်ပွင့်အောက်မှာ မွေးဖို့များအကြောင်းဖန်လာသလားပဲ။ မနက်ဖြန်ကျရင်တော့ ကျွန်တော် ရှုံးကိုရှုံးမှရမယ်။ ကျွန်တော့ စိတ်ထဲမှ တိတ်တိတ်လေး ဆုံးဖြတ်လိုက်ပါပြီ။
မူရင်းစာရေးသူ -- Tang Jia San Shao
ဘာသာပြန်ဆိုသူ-- ငတက်ပြား