← Chapters

အလွန်အမင်း ထူးချွန်ပြောင်မြောက်သူ

Vol. 90 Ch. 1338

အလွန်အမင်း ထူးချွန်ပြောင်မြောက်သူ

Vol. 90 Ch. 1338

လင်းရီ ပခုံးတွန့်လျက် တည်ငြိမ်စွာ ပြောလိုက်၏။

“ ပြဿနာ မရှိဘူး… မင်း ဘယ်လို ဖြေရှင်းချင်လဲ ဆိုတဲ့ အပေါ်ပဲ မူတည်တယ်…”

ရလဒ်ကို မျှော်လင့်ထားပြီး ဖြစ်သကဲ့သို့ ဝေ့ကျားလုံ ကျေနပ်အားရစွာဖြင့် ခေါင်းညိမ့်လိုက်သည်။

“ မင်းဘက်ခြမ်းက ပြဿနာ မရှိဘူးဆိုမှတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ကြိုပြီး ရှောင်ရှားရအောင်လို့ ငါ စကားနည်းနည်း ထပ်ပြောဦးမယ်…”

“ ပြော…”

“ အရင်ဦးဆုံး … တပ်ဖွဲ့ရဲ့ စည်းမျဉ်းတွေအတိုင်း ဒီကိစ္စက မင်းနဲ့ ငါ့ကြားက သီးသန့် ကိစ္စပဲ… ဘယ်သူကပဲ ရှုံးသည်ဖြစ်စေ ၊ နိုင်သည် ဖြစ်စေ ၊ မင်း စောဒကတက်လို့ မရဘူး… တစ်ခြားသူတွေဘက်ကိုလည်း မင်းဝင်စွက်ဖက်လို့ မရဘူး…”

“ ရတယ်…”

“ ဒုတိယ အနေနဲ့ မင်း ရှုံးရင် မင်း ငါ့ညီ,ကို ပြန်လွှတ်ပေးရမယ်…”

“ ဒါလည်း ရတယ်…”

ပေါင်ဝန်ကျွင်း၊ ကျန်းပြောင်နှင့် ကျန်သူတို့ကတော့ ၎င်းတို့ နှစ်ယောက်ကြားရှိ စကားအသွားအလာကို နားထောင်ရင်း ရှုပ်ထွေးနေကြလေသည်။

“ ညီကိုဝေ့… သူတို့က ဘာအကြောင်းတွေ ပြောနေကြတာလဲတဲ့…” ပေါင်ဝန်ကျွင်းမှ မေးလိုက်ပြီး “ အကြီးဆုံးဝေ့က ဒီရောက်လာပြီးမှတော့ တိုက်ရိုက် ကိုင်တွယ်လိုက်ရင် ရနေပြီမလား… ဘာလို့ အဲ့လောက်ထိ အပိုစာသား‌တွေ ရွတ်နေရတာလဲ….”

“ ညီကိုကျွင်း… မင်း မသိလို့…” ဝေ့ကျယ် ပြောလိုက်ပြီး “ အဲ့ဒီကောင်ရဲ့ နာမည်က လင်းရီ… သူက ကျိုးဟိုင်မှာ အရမ်း ဩဇာ လွှမ်းမိုးပြီး ငါတို့ ဝေ့မိသားစုနဲ့ကို တစ်ယောက်တည်း ရင်ဘောင်တန်းနိုင်တယ်… ဒါကြောင့်မို့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာအောင် ကြိုပြီး ပြောထားတာ.. အစ်ကိုလုံက ငါတို့ လုံခြုံဖို့ အတွက် လုပ်နေတာပါ…”

“ ငါ သဘောပေါက်ပြီ…” ပေါင်ဝန်ကျွင်း ခေါင်းညိမ့်လိုက်သည်။

“ ငါ အစ်ကိုဝက်ဝံဆီကနေ ကြားတာတော့ ဝေ့မိသားစုရဲ့ အကြီးဆုံးသားက အရမ်း အရည်အချင်း ရှိတယ်ဆို.. ဒါပေမယ့် ဒီကောင်ရဲ့ စကေးတွေကလည်း ခေတဲ့ထဲမပါဘူး… ပြဿနာတော့ မရှိလောက်ဘူးမလား…”

ယခုတင် လက်သီးချင်း ဖလှယ်ခဲ့မှုမှတဆင့် ပေါင်းဝန်ကျွင်းသည် လင်းရီ၏ အရည်အချင်းက သူ စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်ကို သိရှိလိုက်ရသည်။

ကြောက်ရွံ့မှုက ရင်ထဲ အမြစ်တွယ်နေချေပြီ။ သူ၏ အမြင်တွင် သူ သိသည့် လူများထဲတွင် လင်းရီ၏ ပြိုင်ဘက်ဖြစ်နိုင်သည့်လူ မည်သူမျှ မရှိဟူ၍ပင်။

“ အစ်ကိုလုံရဲ့ အဆင့်ကိုတော့ ငါ မရေရာဘူး… “ ဝေ့ကျယ် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ တစ်ခါ ဦးလေးပြောခဲ့ဖူးတာကို မတော်တဆ ကြားခဲ့ဖူးတယ်… သူ ပြောတာ အစ်ကိုလုံရဲ့ အရည်အချင်းက သာမန်လူတွေရဲ့ ကမ္ဘာကြီးမှာ ပြိုင်ဘက်ကင်းနေပြီ… ဘာပဲဖြစ်ဖြစ်ပါ… အဲ့တာပဲ… ထူးခြားတဲ့ တစ်စုံတစ်ယောက်နဲ့ မတွေ့သရွေ့တော့ ဘယ်သူကမှ သူ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး…”

ဝေ့ကျယ် မည်မျှ ယုံကြည်ချက် ပြင်းထန်နေသည်ကို မြင်တော့ ပေါင်ဝန်ကျွင်းနှင့် ကျန်သူတို့သည် စိတ်သက်သာ ရသွားခဲ့ကြ၏။

ဝေ့မိသားစုရဲ့ အကြီးဆုံးသားက လှုပ်ရှားမယ်ဆိုတော့ ဒီတစ်ခေါက် ဘာပြဿနာမှ မရှိလောက်ဘူးမလား…

“ မင်းတို့အားလုံး သေချာကြည့်ကြ… ဝေ့ကျားလုံရဲ့ စံချိန်စံနှုန်းတွေက အရမ်းမြင့်တယ်… ယွီဟန်ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူလို့တောင် ပြောလို့ရတယ်.. ဒီလို အခွင့်အရေးမျိုးဆိုတာ ရှားတယ်… သူ့ဆီကနေ သင်ယူကြ…”

“ ဟုတ် အစ်ကိုကျွင်း…”

ခရက် ခရက် ခရက်…..

ဝေ့ကျားလုံ ခေါင်းခါရမ်းပြီး သူ၏ လက်ဆစ်များအား တဖြောက်ဖြောက် ချိုးလိုက်၏။ ထို့နောက် သူ၏ ကိုယ်ဟန်ကို အသွင်ယူလိုက်ပြီး သားကောင်ထံ ခုန်အုပ်တော့မည့် ကျားသစ်တစ်ကောင်ကဲ့သို့ ရှိနေသည်။

ဤသို့ ရိုးရှင်းသည့် ကိုယ်ဟန်လေးကပဲ လင်းရီနှင့် ရှောင်ပင်းကို ရှော့ခ်ရသွားစေခဲ့၏။

ဒီလှုပ်ရှားမှု တစ်ခုတည်းနဲ့တင် ဝေ့ကျားလုံက မရိုးရှင်းကြောင်း သိသာနေသည်။ အသင်း ၄ မှ ကျူးကျွင်းချီတို့ ၊ ဝေ့ရွှယ်တို့နှင့်ပင် လက်ရည်ချင်း ယှဉ်၍ရသည်။

ကျုံးဝေ့တပ်ဖွဲ့၏ ကူညီထောက်ပံ့မှု မရှိပါဘဲနှင့် ဝေ့ကျားလုံသည် အသက် ၃၀ အစောပိုင်းနှင့်တင် ဤအဆင့်သို့ ရောက်ရှိနိုင်သည်က သူ၏ ပါရမီ မည်မျှ ထူးကြောင်း သိနိုင်သည်။

ဘန်း ဘန်း ဘန်း ဘန်း….

ပေါက်ကွဲအား ပြင်းထန်သည့် လက်သီးလုံးတို့က တစ်လုံးပြီး တစ်လုံး လင်းရီထံ ပစ်သွင်းလာခဲ့သည်။ သွက်လက်သည့် လှုပ်ရှားမှုတို့နှင့် တရစပ် ထိုးစစ်ဆင်နေကာ လင်းရီမူကား ဆက်တိုက် ခုခံနေရလျက် ရှိ၏။

အကယ်၍ သူသည်သာ ကျုံးဝေ့တပ်ဖွဲ့တွင် ရှိခဲ့မည်ဆိုပါက အနည်းဆုံး အသင်းခေါင်းဆောင် ရာထူးလောက်တော့ အသာအယာလေး ရရှိနိုင်လေသည်။

လင်းရီ ယခုလို အတွေးဝင်မိသွားခဲ့သည်။

ဟွာရှက တကယ့်ကို ပုန်းအောင်းနေတဲ့ နဂါးနဲ့ ကွယ်လျှိုးနေတဲ့ ကျားတွေ အတော်ပေါတာပါလား..

စက္ကန့်အနည်းငယ်အတွင်း ဒါဇင်နှင့်ချီသည့် အကွက်တို့ ဖလှယ်ပြီးဖြစ်သည်။ ဝေ့ကျားလုံက အဓိက ထိုးစစ်ဆင်သူ ဖြစ်နေပြီး လင်းရီက ကာကွယ်ခုခံသည့် အနေအထားမှ ဖြစ်သဖြင့် ဝေ့ကျားလုံ၏ တိုက်ခိုက်မှုတိုင်းသည် ပိတ်စို့ခံနေရလေသည်။

ဝေ့ကျားလုံ၏ အမူအရာမှာ ပကတိ အေးစက်စက် ရှိနေပြီး အင်အားကိုလည်း ထိန်ချန်ခြင်း မပြု။ ဘယ်ခြေကို အားပြု၍ တစ်ပတ်လှည့်လိုက်ပြီး ညာခြေထောက်ဖြင့် လင်းရီထံ ခြေစောင်းခုတ်လာခဲ့သည်။

“ ဟိုးလီး….ဖက်ခ်…..”

ပေါင်ဝန်ကျွင်းနှင့် ကျန်းပြောင်တို့ လွှတ်ခနဲ အောင်ဟစ်မိသွားခဲ့၏။

“ ဒီ တစ်ချက်သာ ငါတို့ အကျွေးခံလိုက်ရရင် ဒုက္ခိတ ဖြစ်နေလောက်ပြီ…”

ပေါင်းဝန်ကျွင်းလည်း ခေါင်းညိမ့်လိုက်သည်။ “ လူတိုင်းပြောကြတာ ဝေ့မိသားစုရဲ့ အကြီးဆုံးသားက သန်မာတယ်တဲ့ … ဒီခု ဘယ်လောက် သန်မာလဲဆိုတာ ငါသိလိုက်ရပြီ…. တကယ်လို့ ငါတို့ နှစ်ယောက်သာ တိုက်ခိုက်မယ်ဆိုရင် ငါ သုံးကွက်ထက် ပိုမခံလောက်ဘူး…”

လူတိုင်းမှ အံ့အားတကြီး ဆွေးနွေးနေကြစဉ် ပြင်းထန်သည့် တိုက်ပွဲက အနီးနားတွင် အရှိန်ကောင်းနေဆဲ ရှိသေး၏။

လင်းရီ ကိုယ်ကို နိမ့်လိုက်ပြီး ဝေ့ကျားလုံ၏ တိုက်ခိုက်မှုကို ကျင်လည်စွာ တိမ်းရှောင်လိုက်သည်။

သူ၏ တိုက်ခိုက်မှု လွဲချော်သွားသည်ကို မြင်တော့ ဝေ့ကျားလုံ ရှုပ်ထွေးသွားခဲ့ပြီး တစ်ချိန်တည်းတွင် ဒေါသက ဟုန်းခနဲ ထကြွလာသည်။

ဤမျှ အချိန်ကြာသည်အထိ တိုက်ခိုက်နေသည့်တိုင် သူ့ဘက်က လင်းရီကို အထိနာအောင် မပြုလုပ်နိုင်သေးချေ။ ဤသည်က သူ့အရည်အချင်းကို ကြီးကြီးမားမား စော်ကားလိုက်ခြင်းပင်။

“ မင်း ခေါင်းဆောင် ဖြစ်လာတယ် မင်းရဲ့‌ ရှောင်တိမ်းတဲ့ အရည်အချင်းနဲ့ပဲလားကွ….” ဝေ့ကျားလုံ အေးစက်စက် ပြောပြီး ဆွပေးလိုက်၏။

“ ဘယ်နားကသာ… ငါက ဒီတိုင်း အားနေတော့ မင်းကို စမ်းသပ်ကြည့်ရုံပါပဲ…”

“ ငါ့ကို စမ်းသပ်နေတယ်… ဟုတ်လား… မင်းကိုယ်မင်း အရည်အချင်း မှီတယ်လို့ ထင်လား…”

“ အမှန်အတိုင်း ပြောရရင် မင်းက တော်ပါတယ်… ဒါပေမယ့် ဘယ်လို နိမ့်ချပြီး နေရမလဲတော့ မသိဘူး… မင်းက သောက်ရမ်း ထောင်လွှားလွန်းတယ်…”

“ ငါက ထောင်လွှားတယ်… ဘာလို့ဆို ငါ ဝေ့ကျားလုံမှာ အဲ့လို လုပ်နိုင်တဲ့ အစွမ်းအစရှိလို့ပဲ…”

“ မင်းမှာ ဘာခွန်အားများ ရှိနေလို့… ငါက ဒီတိုင်း အသာအယာလေး စီးမျှောပေးနေတာကို ငါ့ကို အနိုင်ယူဖို့ လွယ်တယ်များ ထင်နေတာလား… “

ချက်ချင်းဆိုသလိုပဲ လင်းရီ၏ အရှိန်အဝါတို့ ရုတ်ချည်း ထိုးတက်လာခဲ့သည်။

ဝေ့ကျားလုံကို မဆိုထားနှင့်။ ဘေး၌ ရပ်ကြည့်နေသည့် ရှောင်ပင်းပင် ထိုအချက်ကို ကောင်းစွာ ခံစားမိနိုင်သည်။

ခေါင်းဆောင်လင်းကတော့ စပြီး အလေးအနက် ဖြစ်လာနေပြီ…

ဝေ့ကျားလုံ ငေးငိုင်သွားခဲ့သည့် တခဏတွင်ပဲ လင်းရီ ရုတ်ချည်း လေပေါ် ခုန်တက်လာကာ တစ်ဖက်သူ၏ ရင်ဘက်ကို ကန်ကျောက်လိုက်၏။

ဖူး….

တစ်ဖက်သူသည် ညည်းသံတစ်ချက်ပြု၍ သွေးတစ်လုပ် မှုတ်ထုတ်လိုက်ပြီး မြေပြင်သို့ ဘိုင်းခနဲ ပြုတ်ကျသွားခဲ့သည်။

“ ဘယ်လို… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

ဝေ့ကျားလုံ၏ သနားစဖွယ် အခြေအနေကို မြင်တော့ လူတိုင်း အံ့အားတကြီး ဖြစ်သွားကြလေသည်။

ဝေ့ကျယ်နှင့် တခြားသူများ အထင်ရောက်နေခဲ့သည်မှာ ဝေ့ကျားလုံ၏ ခွန်အားဖြင့် ဆိုပါက လင်းရီကို အနိုင်ယူရန်မှာ ထမင်းစား ရေသောက်သလို လွယ်ကူလိမ့်မည် ဟူ၍ပင်။

ထင်မှတ်မထားစွာဖြင့် အဆုံးတွင် လဲကျသွားခဲ့သည့်လူက သူတို့ အားကိုးနေရသူကြီး ဖြစ်လို့နေသည်။

“ အစ်ကိုလုံ..!!”

ဝေ့ကျယ်နှင့် ဝေ့ယွီတို့ အရှေ့တက်လာခဲ့ပြီး ချက်ချင်း ကူညီပေးသည်။ သူတို့ တစ်သျှူးထုတ်၍လည်း နှုတ်ခမ်းထောင့်စွန်းရှိ သွေးများအား သုတ်သပ်ပေး၏။

“ အစ်ကိုလုံ… ဘယ်လိုနေသေးလဲ… အဆင်ပြေရဲ့လား…”

“ အဟွတ် အဟွတ် အဟွတ်…”

ဝေ့ကျားလုံ သုံးလေးကြိမ်ခန့် ချောင်းဆိုးပြီး သွေးနောက်တစ်ကြိမ် အန်ထုတ်လိုက်ရ၏။ ထို့နောက်တွင်မှ အနည်းငယ် ပေါ့ပါးသွားခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအား စစ်ဆေးနေရန် အာရုံမရှိတော့ချေ။

လင်းရီ၏ မျက်နှာကိုသာ မယုံကြည်နိုင်မှု အပြည့်သားဖြင့် ငေးကြောင်နေမိ၏။

“ မင်း ငါ့ထက် သန်မာနေတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

“ မင်းက ဘာတွေ မျှော်လင့်ထားလို့… ငါ့မှာသာ စကေးတစ်ချို့ မရှိဘူးဆိုရင် အသင်းခေါင်းဆောင် ဖြစ်လာမယ်လို့ ထင်လား…”

“ ဒါပေမယ့် အသင်း ၁၊၂ နဲ့ ၃ က ဒီတိုင်း သာမန် တိုက်ခိုက်ရေး ယူနစ်တွေပဲလေ… သူတို့ အသင်းခေါင်းဆောင်ရဲ့ ခွန်အားဆိုတာ ငါနဲ့ အဝေးကြီးမှာ … ပြီးတော့ မင်းဆိုတာ ခြွင်းချက်နဲ့ ရာထူးတိုးလာခဲ့တဲ့သူ… ငါ့ထက်ပိုပြီး သန်မာနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”

“ အဲ့တာတော့ ငါလည်း မသိဘူး… မင်းထက်ပိုပြီး ပါရမီပါလို့လည်း ဖြစ်ရင် ဖြစ်မှာပေါ့…” လင်းရီ သာမန် ခပ်အေးအေး အမူအရာဖြင့် ပြောလိုက်သည်။

“ ပြီးတော့ … နေစမ်းပါဦး… မင်းတို့ကောင်တွေက ဘာလို့ တစ်ဖက်သတ်ကြီး စဉ်းစားနေကြတာ… ငါဒီလောက် အသက်ငယ်ငယ်နဲ့ အသင်းခေါင်းဆောင် ဖြစ်လာတိုင်း ခြွင်းချက်ကြောင့်ဆိုပြီး ပြောဖို့ မင်းတို့မှာ ဘာသောက်ကြောင်းရှိလို့… ငါက သောက်ရမ်းတွေ ပြောင်မြောက်ထူးချွန်နေလို့ရော မဖြစ်နိုင်ဘူးလား… ညီကို.. မင်းစိတ်က တအား သေးသိမ်လွန်းတယ်…”

ရှောင်ပင်း မနေနိုင်ဘဲ ခစ်ကနဲ ရယ်မောမိသွားခဲ့သည်။

ရှင့်ဟာက ထူးချွန်ရုံ သပ်သပ်မှ မဟုတ်တော့ဘဲ…

တရားလွန်ကြီးကို ဖြစ်နေပြီ…

ဝေ့ကျားလုံ ပြန်မဖြေခဲ့ချေ။ စိတ်က ဗလာကျင်းနေပြီး လင်းရီ အပေါ် ရှုံးနိမ့်သွားမှုကို လက်ခံရန် အတော်လေး ခဲယဉ်းနေသည်။

“ သွားစို့… ဒီလိုကိစ္စမျိုးပေါ် အချိန်ပေးရတာ အချိန်ပုပ်တယ်…”

“ အွန်း….”

လင်းရီနောက်လိုက်ရင်း ရှောင်ပင်း လမ်းကြားလေးထဲမှ ထွက်လာခဲ့သည်။

သို့သော် ဝေ့ကျားလုံ အနားမှ ဖြတ်သွားသည့် အခါတွင် လင်းရီ မတူသလို မတန်သလို အမူအရာဖြင့် “ ဒီကိစ္စ ဒီမှာပဲ ရပ်လိုက်ကြစို့… မင်းတို့ကို ငါ အချိန်ထပ် မပေးနိုင်တော့ဘူး… အဲ့တာကိုမှ မင်းတို့ ဝေ့မိသားစုက ထပ်ပြီး လှုပ်ရှားလာဦးမယ်ဆိုရင် မင်းတို့ကို ယွီဟန်ကနေ ဖယ်ရှားရလိမ့်မယ်…”

ပြောပြီးနောက် လင်းရီ နောက်သို့လှည့်၍ ထွက်ခွာသွားခဲ့ပြီး ဝေ့ကျယ်နှင့် ကျန်သူတို့အား ထိတ်လန့်သွားခဲ့စေသည်။ သူတို့ မျက်နှာတစ်ပြင်လုံး ဖြူဖျော့နေပြီး ခြေထောက်များလည်း တဆတ်ဆတ် တုန်ယင်နေလျက် ရှိ၏။

သူက ကျိုးဟိုင်က လာတယ် ဆိုပေမယ့် သူ့မှာ တကယ်ကြီး ဝေ့အိမ်ရဲ့ နာမည်ကို ဖျက်နိုင်တဲ့ အစွမ်းအစမျိုး ရှိနေတယ်….၊

သူ့ရဲ့ နောက်ခံက ဘာများလဲ….

All Chapters