← Chapters

နေ့ခင်းကြီး အိပ်မက်မက်နေခြင်း

Vol. 90 Ch. 1339

နေ့ခင်းကြီး အိပ်မက်မက်နေခြင်း

Vol. 90 Ch. 1339

ကျင်းရဲ့ အုပ်စု။ စီအီးအို ရုံးခန်း။

ဝေ့ကွမ်းရှန်သည် မှန်ရှေ့တွင် မတ်တပ်ရပ်နေရင်း သူ၏ နက်ခ်တိုင်အား ချိန်ညှိနေလျက်ရှိသည်။

သူ့နံဘေးတွင် ဝတ်စုံအား သေချာသပ်ရပ်အောင် ပြုပြင်ပေးနေသည့် အမျိုးသမီး အတွင်းရေးမှူး နှစ်ယောက်လည်း ရှိ၏။ ကွက်တိဖြစ်နေပြီးသား ဆိုပေမယ့် သူ့ဘက်က ပြီးပြည့်စုံနေရန် လိုအပ်လေသည်။

သူ၏ နက်ခ်တိုင်ကို စိတ်တိုင်းကျ ပြုပြင်ပြီးနောက်တွင် ဝေ့ကွမ်းရှန် ရုံးခန်းထဲရှိ နာရီကို တစ်ချက်ကြည့်လိုက်သည်။

“ ဒီအချိန်ရောက်နေပြီကို ကျားလုံ ဒီကောင်လေး ဘာလို့ ပြန်မလာသေးတာပါလိမ့်… သူ့ကို ဖုန်းဆက်ပြီး ဘယ်ရောက်နေလဲ မေးလိုက်စမ်းပါ…”

“ နားလည်ပါပြီ ဥက္ကဌကြီးဝေ့… ကျွန်မ အခုပဲ ဆက်သွယ်လိုက်ပါ့မယ်…”

ချလပ်…

ဝေ့ကွမ်းရှန်မှ ပြင်ရင်းဆင်ရင်းဖြင့် လျန်ရူရွှယ်နှင့် တွေ့ဆုံဖို့ ဟန်ပြင်နေတုန်းမှာပဲ ရုံးခန်းတံခါး တွန်းပွင့်လာသည်။ ဝေ့ကျယ်သည် ဝေ့ကျားလုံကို ဖေးမရင်းဖြင့် ရုံးခန်းထဲ ဝင်ရောက်လာခဲ့၏။

သူ့သားကို မြင်သည်တွင် ဝေ့ကွမ်းရှန် လုံးဝ ကြက်သေသေသွားခဲ့သည်။

“ ဘာတွေဖြစ်ခဲ့တာလဲ… မင်း ဘာလို့ ဒီလောက်တောင် ဖြူဖပ်ဖြူလျော် နေရတာလဲ…”

“ အဖေ… ကျွန်တော်တို့ အတွက်မှားသွားတယ်… လင်းရီက ကျွန်တော်တို့ ထင်ထားတာထက်ကို သန်မာနေတယ်… ကျွန်တော်က သူ့ပြိုင်ဘက် မဟုတ်ဘူး…”

“ မဖြစ်နိုင်တာ.. သူက ခြွင်းချက်နဲ့ ရာထူးတိုးလာခဲ့တဲ့ကောင်မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး မင်းထက် ပိုသာနိုင်မှာလဲ… ဒါမဖြစ်နိုင်ဘူး..”

သူ့သားရဲ့ အရည်အချင်းကို သူကောင်းစွာ သိသည်။ လင်းရီက ဤမျှ အသက်ငယ်ငယ်လေးဖြင့် ထိုမျှ သန်မာနေသည်ကို သူ မယုံကြည်နိုင် ဖြစ်နေသည်။

ဝေ့ကျားလုံ ဆိုဖာပေါ်သို့ ထိုင်ချလိုက်ပြီး မလိုလားစွာဖြင့် “ ကျွန်တော်တို့ အကုန်မှားခဲ့ကြတယ်.. လင်းရီက အသင်းခေါင်းဆောင် ဖြစ်လာတယ်ဆိုတာ ခြွင်းချက်ကြောင့်နဲ့ မဟုတ်ဘူး.. သူ့ရဲ့ ခွန်အားက တခြားလူတွေထက် သန်မာနေလို့ပဲ…”

“ သူက တကယ်ကြီး….”

ဝေ့ကွမ်းရှန် အတန်ကြာအောင် ကြက်သေသေနေမိတော့၏။ လင်းရီ၏ ခွန်အားက သူ့ကို အမှန်ပင် ဆွံ့အသွားစေခဲ့သည်။

“ ကောင်းပြီ… လောလောဆယ် ဒီကိစ္စ ဘေးချိတ်ထားကြတာပေါ့… အတွင်းရေးမှူးလျန်က ရောက်လာတော့မှာ… မင်း အဆင်ပြေတယ်ဆို အဖေနဲ့ လိုက်ခဲ့…”

“ ရတယ်… ကျွန်တော် တောင့်ခံနိုင်ပါသေးတယ်..”

“ အဲ့တာဆို မြန်မြန် အဝတ်သွားလဲတော့.. အရေးကြီး ကိစ္စကို ကြန့်ကြာမနေနဲ့….”

မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် ဝေ့ကျားလုံ သူ့အဝတ်အစားများအား လဲပြု၍ ပြီးသွားခဲ့သည်။ သူက မိုးပြာရောင် ရှပ်နှင့် အညိုရောင် သားရေ ရှူးဖိနပ်ကို စီးနင်းထားပြီး အတွင်းတွင်တော့ အဖြူလက်ရှည်တစ်ထည်ကို ခံဝတ်ထားလေသည်။

“ ဒီလောက်ဆို အဆင်ပြေပြီမလား…. “

ဝေ့ကွမ်းရှန် သူ့သားကို တစ်ချက်ကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။ ဒေါင်ကလည်း ကောင်းတော့ သပ်သပ်ရပ်ရပ်နှင့် ခန့်ခန့်ညားညား ရှိနေသည်။

“ မင်း အတွင်းရေးမှူးလျန်နဲ့ တွေ့တဲ့အခါကျ ကောင်းကောင်းပြုမူ…. သူက မင်းအရွယ်လောက်ပဲ… တကယ်လို့ မင်းသာ သူ့အပေါ် အမြင်ကောင်းတစ်ချို့ ချန်ထားနိုင်ခဲ့ရင် မင်း ဘဝတက်လမ်းအတွက် အများကြီး အကျိုးရှိလိမ့်မယ်…”

“ သူက ကျွန်တော့် အရွယ်လောက်ပဲပေါ့…”

လျန်ရူရွှယ်၏ နာမည်ကို သူ ကြားဖူးနားဝ ရှိသဖြင့် ရင်းနှီးနေသော်လည်းပဲ ထိုမျှ ငယ်ရွယ်သည်ကိုတော့ သူ မသိရှိခဲ့ချေ။

“ အတိအကျဆို သုံးဆယ် ဝန်းကျင်ပဲ ရှိဦးမယ်… မင်းထက်တောင် နည်းနည်း ငယ်နေသေး….”

“ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရာထူး တက်လာနိုင်တယ်ဆိုတော့ သူ့မိသားစုက တော်တော်ကြီးကို အဆက်အသွယ်ကောင်းလို့ ဖြစ်လိမ့်မယ်…”

“ ကောင်းတာထက်ကို ပိုတယ်… ငါတို့ စိတ်ကူးမယဉ်နိုင်တဲ့ အဆင့်ထိအောင်ကို ရောက်နေပြီ…” ဝေ့ကွမ်းရှန် ပြောလိုက်ပြီး “ ကျိုးဟိုင်က မြန်နှုန်းမြင့် ရထားလမ်း ပရောဂျက်ကလည်း ရန်ကျင်းက ဟွာရန်အုပ်စုကပဲ ဦးစီးဦးဆောင်ပြုတာ… ပြီးတော့ ဟွာရန်အုပ်စုရဲ့ ခေါင်းဆောင်ဆိုတာက သူ့ရဲ့ အမေ… လျန်မိသားစု ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ မင်း အဲ့တာသာ စဉ်းစားကြည့်တော့…”

အဆိုပါ သတင်းကို ကြားသိလိုက်ရပြီးနောက် ဝေ့ကျားလုံ ခေတ္တမျှ ကြက်သေသေသွားခဲ့သည်။

သူ အောင်မြင်ကျော်ကြားသည့် ဟွာရန်အုပ်စု၏ ခေါင်းဆောင်ကို မြင်ဖူးသည်။ သို့သော် ကျိုးဟိုင် အတွင်းရေးမှူးလျန်က အဆိုပါ ဂျိုင်းရက်ကြီး၏ သမီးဖြစ်နေလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။

ဟွာရန်အုပ်စု၏ နောက်ခံတစ်ခုတည်းနှင့်ပင် အခြားသူများအား နောက်တွင် ဖုန်ရှူခိုင်းထား၍ ရသည်။ အဲ့တာအပြင်ကိုမှ သူမနောက်ကွယ်တွင် ကျောထောက်နောက်ခံ ပြုပေးထားသည့် လျန်မိသားစုက ရှိနေပြန်သည်။

လျန်မိသားစု ဟူသည်က မည်သူနည်း။ ၎င်းက စစ်တပ် ထိပ်သီးပိုင်း မိသားစု တစ်ခုပင်။ လုပ်ပိုင်ခွင့် အာဏာတော်တော်များများကို လက်ဆုပ်လက်ကိုင် ပြုထား၏။ ဤသည်က ဝေ့မိသားစု စိတ်ကူးပင် မယဉ်ဝံ့သည့် အနေအထား တစ်ရပ်ဖြစ်သည်။

“ ကြည့်ရတာတော့ သူလည်း မရိုးရှင်းလောက်ဘူး…”

“ ငါ သူ့ကို ဒီဖိတ်လိုက်တယ်ဆိုတာ ပရောဂျက် ကိစ္စက တစ်စိတ်တစ်ပိုင်း… အဓိကက မင်းကို သူနဲ့ ဆုံစေချင်တာ… “ ဝေ့ကွမ်းရှန် ပြောလိုက်ပြီး “ မင်းသာ သူ့ကို အထင်ကြီးအောင် လုပ်ပြနိုင်တယ်ဆိုရင် ဒါမှမဟုတ် အဆက်အသွယ် ရအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် မင်းအတွက်ရော… အဖေတို့ ဝေ့မိသားစုအတွက်ပါ ဧရာမ အကျိုးအမြတ်ကြီး ဖြစ်လိမ့်မယ်…”

ဝေ့ကျားလုံ ခါးသီးစွာ ပြုံးလိုက်မိသည်။ “ ဒီလို ကိစ္စမျိုးက အတင်းလုပ်ယူလို့မှ မရဘဲ အဖေရာ…လျန်မိသားစုရဲ့ ခွန်အားက ဝေ့မိသားစုထက် အပုံကြီးသာတယ်ဆိုတာ ကျွန်တော်လည်း ဝန်ခံတယ်… ဒါပေမယ့် တစ်ဖက်သူက ရုပ်အရမ်းဆိုးနေတဲ့လူဆိုရင်တော့ ကျွန်တော် ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူးနော်…”

“ မင်း အတွေးတွေ လွန်နေပြီ… သူ့ရဲ့ ရုပ်ရည်က မင်းရဲ့ အရင် ရည်းစားဟောင်းထက် အပြတ်သတ်ကြီး သာတယ်.. မင်းရုပ်ကို သူက ကြည့်ဖို့တန်တယ်ဆိုရင်ကော မင်းအတွက် ကံကောင်းလှပြီ…”

ဝေ့ကျားလုံ ပြုံးလိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။

သူ့အဖေက ချဲ့ကားပြီး ပြောနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။

အဲ့လောက်ထိ အချင်းရော အဆင်းရော ပြီးပြည့်စုံနေဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ဟုတ်တယ်မလား… ဒါကြီးက သောက်ရမ်း ခဲယဉ်းတယ်လေ….။

************

ဟိုတယ်သို့ ရှောင်ပင်းနှင့်အတူ ပြန်ရောက်လာပြီးနောက်တွင် လင်းရီ သူ၏ အဝတ်အစားများ လဲပြု၍ လျန်ရူရွှယ်အား သွားရောက် ကြိုဆိုရန် ပြင်ဆင်လေသည်။

“ အစ်ကိုရီ… ရှင်နေ့လည်ပိုင်း အလုပ်များတော့မှာလား…..”

“ သူငယ်ချင်း တစ်ယောက်က ယွီဟန်လာမှာဆိုလို့ ငါ သူ့ကို သွားကြိုပေးမလို့…”

ရှောင်ပင်း နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်သည်။ ယွီဟန်သို့ မွန်းလွဲပိုင်း ရောက်လာမည့် လူက မရိုးရှင်းလောက်ဟု သူမအသိစိတ် ပြောပြနေသည်။ မဟုတ်ပါက အစ်ကိုရီသည် သွားရောက်ကြိုဆိုပေးလိမ့်မည် မဟုတ်ချေ။

“ အဲ့ဒါဆို ကျွန်မ ပြန်တော့မယ်.. ပြီးမှပဲ ပြန်လာရှာလိုက်တော့မယ်လေ…”

“ ကောင်းပြီ… ငါ နောက်ကျ ဖုန်းဆက်လိုက်မယ်…”

လျန်ရူရွှယ်ကလည်း မွန်းလွဲပိုင်း ရောက်လာမည် ဖြစ်ပြီး သူကလည်း သူမနှင့် အပြင်ထွက်ရန် ပြင်ဆင်ထားသဖြင့် ရှောင်ပင်းကို အတူခေါ်လာဖို့ရာ မသင့်လျော်ချေ။ ထို့ကြောင့် လင်းရီ သူမကို ချန်ထားရန်သာ တတ်နိုင်တော့၏။

“ အစ်ကိုရီ… ကျွန်မ ပြန်တော့မယ်… ယွီဟန်မှာ တစ်ခုခုလိုအပ်ရင် ကျွန်မဆီ ဖုန်းဆက်လိုက်နော်… အိုကေ…” ရှောင်ပင်း အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒါပေမယ့် ရှင့်ရဲ့ အစွမ်းအစတွေနဲ့ဆို တစ်ခုခုဆိုရင်တောင် ကျွန်မကို လိုအပ်မှာ မဟုတ်ပါဘူးလေ…”

လင်းရီ ပြုံးလိုက်သည်။

“ ကောင်းပြီ… မင်း လုပ်စရာရှိသာ သွားလုပ်တော့.. မင်းအချိန်တွေကို ငါ့အတွက်နဲ့ အလဟဿ မဖြစ်စေနဲ့…”

“ အွန်း… ခု သွားတော့မှာ…”

နှုတ်ဆက်စကား ဆိုပြီးနောက် ရှောင်ပင်း ထွက်ခွာသွားခဲ့သည်။ လင်းရီ ဖုန်းထုတ်၍ လျန်ရူရွှယ်အား ခေါ်ဆိုလိုက်လေသည်။

“ မင်း အခု ဘယ်ရောက်ပြီတုန်း… ဒီမှာ ငါ အခု မင်းဆီလာမလို့….”

“ ငါ ယွီဟန်ကို ရောက်နှင့်နေပြီ… ဒါပေမယ့် ကိစ္စလေးတစ်ခုရှိလို့… ငါ တစ်ယောက်ယောက်နဲ့ ထမင်းအတူစားဖို့ ချိန်းထားတယ်… နေ့လည်စာကိုတော့ နင့်ဘာနင်ပဲ ဖြေရှင်းလိုက်တော့….”

“ ဘာလို့တုန်းကွာ… ငါက မင်းနဲ့ အတူစားမလို့ စိတ်ဒုံးဒုံးချထားပါတယ်ဆိုနေမှပဲ… ဘယ်သူနဲ့လဲ.. မိန်းကလေးလား.. ယောက်ျားလေးလား..”

ဖုန်းတစ်ဖက်ခြမ်းတွင်တော့ လျန်ရူရွှယ်သည် အားပါးတရ ရယ်မောနေပြီး “ မိန်းကလေးနဲ့ ဘာလုပ်ဖို့ အတူစားရမှာလဲ… ဒါပေါ့ ယောက်ျားလေးပဲပေါ့ နင်ကလည်း…”

“ အသက်ဘယ်လောက်လဲ.. ကောင်းကျိုးရော ရှိလား… ကောင်းကျိုးမရှိဘူးဆို တွေ့မနေနဲ့..… “ လင်းရီ ပြောလိုက်ပြီး “ နောက် မင်း သူနဲ့ ထမင်းစားတဲ့ အခါကျရင် သွယ်ဝိုက်ပြီးမှ တစ်ချက် မေးကြည့်ကြည့်… အမွေလွှဲပေးရမယ့်သူရှိလားလို့… ပြီးရင် သူတို့ သေတဲ့အခါကျ ငါ့ဆီ ယူလာပေးပြီး ငါ့ကို ပေးသုံးလိုက်…”

“ သေလိုက်ပါလား… နင့်မှာ အရှက်တရားကော မရှိဘူးလား…. ငါက နင်သုံးရအောင် သူများရဲ့ အမွေတွေကို လှည့်ဖျားပြီး ယူရမယ်ပေါ့……” လျန်ရူရွှယ် ပြောလိုက်ပြီး “ ပြီးတော့ ငါနဲ့ ထမင်းအတူစားမယ့် သူက ဘာလို့ အဘိုးကြီး ဖြစ်ရမှာလဲ… ငယ်ငယ် ချောချောလေးရော မဖြစ်နိုင်ဘူးလား…”

“ တကယ်လို့ ငယ်ငယ်ချောချောလေးကသာ မင်းနဲ့ ထမင်းအတူစားရဲတယ်ဆို ငါ သူ့ခြေထောက်တွေ သွားရိုက်ချိုးပြီး ပါးစပ်ကို အပ်နဲ့ချုပ်ပစ်လိုက်မယ်…”

လျန်ရူရွှယ် ချစ်စဖွယ် ပြုံးလိုက်ပြီး “ ကောင်းပါပြီ… ငါ နင်နဲ့ ပေါက်တတ်ကရတွေ မပြောတော့ဘူး…. ငါ အလုပ် ကိစ္စဆွေးနွေးဖို့ တစ်ယောက်ယောက်နဲ့ ချိန်းထားတာ ရှိတယ်… နင် ဗိုက်ဆာတယ်ဆိုရင် နင့်ဘာနင် တစ်ခုခု စားထားနှင့်လေ.. တကယ်လို့ စောင့်နိုင်တယ်ဆိုလည်း စောင့်ပေါ့… အမြန် လက်စသတ်ပြီး နင့်ဆီ မြန်မြန်လာခဲ့မယ်..”

“ မင်းက အလုပ်ရှိတယ် မဟုတ်ဘူးလား… ငါ့မှာဖြင့် မင်းကို အပြင်ခေါ်ထုတ်ဖို့ အဲ့လောက် မလွယ်ကူတာကို ခုကျတော့ လူတကာက မင်းရဲ့ အားလပ်ချိန်ကို ရနေသလိုပဲ…”

“ ငါ့ကို ချိန်းဖို့ မလွယ်တာ မဟုတ်ဘူး… သူတို့က ငါ့ကို ဖိတ်ထားတာ သုံးလေးရက်လောက်ကတည်းကရင်… ငါကလည်း လမ်းသင့်တာနဲ့ တစ်ခါတည်းလာခဲ့လိုက်တာ…”

“ နောက်ဆုံးကျတော့လည်း ငါဆိုတာ ဒုတိယပါပဲလေ…”

“ ဟုတ်တယ်… တခြားနည်းနဲ့ပြောရင် နင်က တတိယလူ…”

“ နေ့လည် တွေ့တဲ့အချိန်ထိ စောင့်စမ်း… ဘယ်သူက တတိယလူလဲဆိုတာ မင်းသိအောင် ပြပေးမယ်…”

“ ကျွတ်… နင့်ကို ကြောက်နေရင် ငါ လျန်ရူရွှယ် မဟုတ်တော့ဘူးနော်…”

“ ရပြီ… မင်းလုပ်စရာရှိတာ အရင်သွားလုပ်တော့… မင်းပြီးရင် ငါ့ကို ပြောလိုက်….”

“ အွန်း အွန်း… နင်လာကြိုမယ်ဆို ငါလည်း ကားငှားစီးစရာ မလိုတော့ဘူးပေါ့…”

“ ဝမ်းပန်းတသာနဲ့ပါပဲခင်ဗျာ….”

All Chapters