သူ့ကို ထောင်ထဲထည့်လိုက်တာ ကျွန်မလေ
Vol. 90 Ch. 1340
ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ ဘာမှလည်း လုပ်စရာ မရှိသဖြင့် အချိန်ဖြုန်းရန် ဂိမ်းထိုင်ဆော့နေလိုက်၏။
ကျန်းစုန့်နှင့် ရှောင်ထျန်တို့၏ စကေးကတော့ ဒုံရင်းက ဒုံရင်းအတိုင်းပင်။ ကစားတာကြာလာလို့လည်း လက်စွမ်းက တက်လို့မလာချေ။
နှစ်နာရီလောက်ကြာပြီးနောက် လင်းရီ ဖုန်းသံမြည်ဟည်းလာခဲ့၏။ လျန်ရူရွှယ်မှ ဝီချက် ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းပင်။
သူမ ပြောလာခဲ့သည်မှာ ယခုထွက်လာပြီး ကျန်းနန် စမ်းချောင်း ဟိုတယ်ရှေ့၌ စောင့်နေပေးဖို့ဖြစ်၏။
လျန်ရူရွှယ်၏ မှာကြားချက်ကို လက်ခံရရှိပြီးနောက် လင်းရီသည် အဝတ်အစားလဲပြု၍ ထွက်လာခဲ့တော့သည်။ မိနစ် လေးဆယ်ခန့် ကြာပြီးနောက် သူ ကျန်းနန် စမ်းချောင်း ဟိုတယ်သို့ ရောက်ရှိလာပြီး လျန်ရူရွှယ် ထွက်အလာကို စောင့်ဆိုင်းနေလိုက်သည်။
ဆယ်မိနစ် ကြာပြီးနောက် လျန်ရူရွှယ်၊ ဝေ့ကွမ်းရှန်နှင့် ဝေ့ကျားလုံတို့ ဟိုတယ်၏ စည်းဝေးခန်းထဲမှ ထွက်လာခဲ့ကြသည်။
ဝေ့ကျားလုံမှ လူကြီးလူကောင်းပီပီ လျန်ရူရွှယ်အတွက် တံခါးဖွင့်ပေးလိုက်ပြီး ဓာတ်လှေကားထဲ ဝင်ရန် ပျူငှာလိုက်သည်။
ဝေ့ကျားလုံမှာ လျန်ရူရွှယ်၏ အလှတရားကြောင့် မှင်တက်ဆွံ့အ ငေးမောနေမိလေသည်။
သူမ၏ ရုပ်ရည်သွင်ပြင်နှင့် ကိုယ်လုံးကိုယ်ပေါက်က အပြစ်တစ်ချက်လေးပင် မရှိချေ။
ထို့ပြင် သူမ၏ စိတ်နေသဘောထားနှင့် ယှဉ်နိုင်သူက များများစားစား မရှိတာလည်း ပါမည်။ ယင်းအချက်က သူမကို အမှတ်များစွာ ဆောင်ကြဉ်းပေးသွားခဲ့သည်။ အရေးအကြီးဆုံး တစ်ချက်ကတော့ သူမ၏ သွင်ပန်းသဏ္ဌာန်သည်သာ လှပနေခြင်း မဟုတ်ဘဲ စီးပွားရေး အမြင်ကလည်း စူးရှထက်မြက်လှခြင်းကြောင့်ပင်။
သူတို့ ကျိုးဟိုင် မြန်နှုန်းမြင့် ပရောဂျက် ကိစ္စ ဆွေးနွေးစဉ်အခါက သူမသည် သူ့ဖခင်နှင့် အပြန်ပြန်အလှန်လှန် ပြောဆိုဆွေးနွေးခဲ့သည်။ သူမ၏ ဗဟုသုတ ကြွယ်ဝနေမှုက ထုံးလိုကြေ ရေလိုနှောက်ဟု တင်စားလျှင်ပင် သူကတော့ မှားမည်မထင်။
ဝေ့ကျားလုံသည်ပင် သူ့ထံပါး၌ ထိုသို့သော အရည်အချင်းမျိုး မရှိဟု တထစ်ချ ယုံကြည်နေသည်။
“ အတွင်းရေးမှူးလျန်.. ပရောဂျက် ကိစ္စ အရင် စာရင်းရှင်းကြတာပေါ့… နောက် သုံးလေးရက်ဆို ကျုပ်တို့ဘက်က အဆိုပြုလွှာပြင်ဆင်ပြီး ကျိုးဟိုင်ကို သွားရမှာဆိုတော့လေ… အဲ့ခါကျရင် အသေးစိတ် စကားပြောကြတာပေါ့…”
ဝေ့ကွမ်းရှန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းထားလျက် ရှိသည်။ ပရောဂျက်သည် ပြီးလုပြီးခင် ဖြစ်၏။
သူတို့ ဤပရောဂျက်ကို ရနိုင်သည်နှင့် ရှောင်မိသားစုအပေါ် အပြတ်သတ် ဖိနှိပ်နိုင်ပြီး သူတို့သည်သာ ယွီဟန်မြို့၏ နံပါတ်တစ်ဟု ရဲရဲကြီး လက်မထောင်နိုင်တော့မည်။
“ ကောင်းပြီလေ…”
လျန်ရူရွှယ် အပြုံးလေးဖြင့် တုံ့ပြန်လိုက်ပြီး အစမှ အဆုံးထိတိုင် အကန့်ဖျော့ဖျော့ တစ်ခုအား ခြားထား၏။ သူမ၏ အပြုအမူက အင်မတန်မှ ပရော်ဖက်ရှင်နယ်ဆန်သည်။
“ အတွင်းရေးမှူးလျန်အတွက်လည်း ယွီဟန်ကို လာဖို့ လွယ်ကူမှာ မဟုတ်ဘူးဆိုတော့ ဒီလိုလုပ်ပါလား… ကျုပ်သားကို ယွီဟန် တစ်ဝိုက်လိုက်ပြပေးဖို့ ပြောလိုက်မယ်လေ… ‘ထာပု ရေကန်’ရဲ့ အလှတရားကိုလည်း ရောက်တုန်း ကြည့်သွားလို့ရတာပေါ့…” ဝေ့ကွမ်းရှန် ပြောလိုက်ပြီး “ ဒီအချိန်က သွားလည်လို့ အကောင်းဆုံးပဲ…”
“ ဥက္ကဌဝေ့ကို အလုပ်မပေးတော့ပါဘူး… ဒီမွန်းလွဲပိုင်းမှာ သူငယ်ချင်း တစ်ယောက်နဲ့ ချိန်းထားတာလေး ရှိသေးလို့ပါ…”
“ ရပါတယ်… အတွင်းရေးမှူးလျန် နောင်ကျလာဖြစ်ရင်တော့ မငြင်းပယ်ရဘူးနော်…”
“ ဒါပေါ့…”
ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် သုံးယောက်သား ဟိုတယ် ဝင်ပေါက်ဝသို့ ဦးတည်လိုက်ကြသည်။
အဝေးတွင် စောင့်နေသည့် လင်းရီကို မြင်တော့ လျန်ရူရွှယ်၏ ခြေလှမ်းများသည် မသိမသာ သွက်လက်သွားခဲ့ပြီး သူ့ထံ အပြုံးလေးဖြင့် လျှောက်လှမ်းလို့လာသည်။
နှစ်ယောက်က ဆုံလိုက်တိုင်း တကျက်ကျက် ဖြစ်လေ့ ရှိသည် ဆိုသော်လည်းပဲ သူမ သူ့ကို အရမ်း လွမ်းနေမိသည်။
“ မင်း ဒီကို ဘာလာလုပ်တာလဲ…”
လင်းရီကို မြင်တော့ ဝေ့ကျားလုံ၏ အမူအရာသည် အေးစက်စက် ဖြစ်သွားခဲ့သည်။ သူ၏ မျက်နှာက ရန်လိုမှု အပြည့်ဖြစ်နေသော်လည်း လင်းရီ ရှေ့မှောက်တွင်တော့ မောက်မောက်မာမာ မပြုမူဝံ့ပါချေ။
“ ဟိုးဟိုး ... ရန်သူတွေက တကယ့် ရေစက်ပါတာပဲလား…”
ဟင်…
လျန်ရူရွှယ် အနည်းငယ် အံ့အားသင့်မိသွားခဲ့၏။
ဘာတွေ ဖြစ်နေတာလဲ… သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးရန်စတွေ ရှိနေတာများလား…
လင်းရီအတွက်လည်း ထို့အတူပင်။ လျန်ရူရွှယ်နှင့် ထမင်း အတူစားသည့်လူက ဝေ့ကျားလုံ ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
“ တစ်ခုခု ဖြစ်ထားတာလား…” လျန်ရူရွှယ်က မေးလိုက်၏။
“ အတွင်းရေးမှူးလျန် … ငါတို့ နှစ်ယောက်ကြားမှာ စိတ်အဆင်မပြေစရာ ကိစ္စတွေ ဖြစ်ထားတာ အမှန်ပဲ… သူက ငါ့ညီ,ကို ထောင်ထဲတောင် ပို့ခဲ့သေးတယ်…”
ဝေ့ကျားလုံ ထိုစကားများအား ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်း ဖြစ်ပါသည်။
လျန်မိသားစု၏ ခွန်အားကို နားလည်သဘောပေါက်ပြီးသည့်နောက် ဤသည်က သူတို့အတွက် ရွှေရောင် အခွင့်အလမ်းကြီး တစ်ခုဟု ခံစားနေရသည်။
နှစ်ဖက်ကြား ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်လုနီးပါး ဖြစ်နေပြီး သူတို့၏ ရင်းနှီးပတ်သက်မှုကလည်း အနည်းငယ် နီးကပ်လာပြီဖြစ်လေသည်။
အကယ်၍ သူမကသာ ဆန္ဒရှိပြီး သူ့ညီကို လွှတ်ပေးမည် ဆိုပါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။
“ ရှင့်ရဲ့ ညီ … ဟုတ်လား…” လျန်ရူရွှယ် ရုတ်တရက်ဆိုသလို မှတ်မိသွားခဲ့ပြီး “ ဝေ့ကျားဟန်လို့ ခေါ်တဲ့ တစ်ယောက်လား…”
ဝေ့သားအဖ၏ မျက်လုံးမျာ လက်ခနဲ ဖြစ်သွားခဲ့၏။ လျန်ရူရွှယ်က သူတို့အငယ်လေးကို သိနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။
“ ဟုတ်တယ် ဟုတ်တယ်… ကျားဟန်က ငါ့ညီလေးလေ…” ဝေ့ကျားလုံ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ အတွင်းရေးမှူးလျန်က အဲ့ကောင်လေးကို သိနေလိမ့်မယ်လို့ တကယ်ကို ထင်မထားဘူး… ဒါ ဝေ့မိသားစုအတွက် ဂုဏ်ယူဖွယ်ရာပါပဲ…”
ဝေ့သားအဖသည် မဆိုစလောက် အံ့အားသင့်သွားခဲ့သော်လည်းပဲ ဤသည်က ကောင်းသည့် အရာပင်။ ယခုလို ရင်းနှီးနေသည်ဆိုပါက သူမအဖို့ကူညီရန် စကားတစ်ခွန်း ပြောလိုက်ရုံနှင့် လုံလောက်လေသည်။
“ အင်း… သူ့ကို ဖမ်းဖို့ ကျွန်မကပဲ အမိန့်ပေးခဲ့တာဆိုတော့ သဘောထား ထင်မြင်ချက်တစ်ချို့ ရှိနေလို့ပါ…”
“ ဟင်….”
"ဟမ်... "
သားအဖ နှစ်ယောက်လုံး တစ်ဖန် ကြက်သေသေသွားရပြန်သည်။ လျန်ရူရွှယ်မှ ထိုစကားမျိုး ပြောလာလိမ့်မည်လို့ သူတို့ မထင်ထားခဲ့ကြချေ။
“ အတွင်းရေးမှူးလျန်… မင်း ဘာလို့……”
“ဘာလို့ဆို လင်းရီက ငါ့သူငယ်ချင်းလေ… သူက ငါ့ဆီ အကူအညီတောင်းလို့…” လျန်ရူရွှယ် ပြောလိုက်သည်။
“ အဲ့ဒီ ဝေ့ကျားဟန်ကလည်း တကယ်ကြီးရာဇဝတ်မှုတွေ ကျူးလွန်ထားတယ် ဆိုတော့ အရေးယူခံရတာ သဘာဝပါပဲ… ဒါကို ရှင်တို့က အငြိုးတေးတွေ ထားနေတာ မှားတယ်…”
“ အဲ့တာက…..”
သားအဖနှစ်ယောက်လုံး၏ ခေါင်းသည် ချားရဟတ်စီးနေရသကဲ့သို့ ဖြစ်နေတော့သည်။
လင်းရီက လျန်ရူရွှယ်နှင့် ရင်းနှီးနေလိမ့်မည်လို့လည်း သူတို့ မျှော်လင့်မထားခဲ့ကြချေ။
ထို့ပြင် နှစ်ယောက်က ပတ်သက်မှုကောင်းများလည်း ရှိနေကြဟန်ပင်။
“ ကြည့်စမ်း… ရှက်ဖို့ ကောင်းလိုက်တာ… နောက်တစ်ကြိမ် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီ… ငါတောင် မင်းတို့ နှစ်ယောက်အစား ရှက်မိတယ်…”
“ မင်း…”
“ ငါ့ကို လာခေါ်မနေနဲ့… အဲ့ဒီအစား ကျွင်းတူးပြီးသာ ပုန်းနေလိုက်တော့… မင်းတို့နဲ့ စကားပြောရမှာလည်း ငါ့ကိုယ်ငါ ရှက်တယ်… လာ သွားစို့... ”
ပြောပြီးနောက် နှစ်ယောက်သား ဟိုတယ်ပရဝဏ်အတွင်းမှ ထွက်လာခဲ့ကာ ကြက်သေသေနေရစ်သည့် ဝေ့သားအဖအား ချန်ထားခဲ့ကြသည်။
“ သွားပြီ… ပြီးသွားပြီ… ဝေ့မိသားစုကတော့ ဒီတစ်ခေါက် တကယ် အဆုံးသတ်ပြီ…”
********
ဟိုတယ်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကားတံခါးကို လျန်ရူရွှယ်အတွက် ဖွင့်ပေးလိုက်၏။
“ အလှလေးလျန် … ကျေးဇူးပြုပြီး…”
လျန်ရူရွှယ်သည်လည်း ယခုလို ပေးလာသည့် ဝန်ဆောင်မှုအား သဘောကျ နှစ်သက်စွာဖြင့် လက်ခံလိုက်လေသည်။
“ နင် ယွီဟန်ရောက်တာ သုံးလေးရက်လောက်ပဲ ရှိပါဦးမယ်… အဲ့တာကို ဝေ့မိသားစုနဲ့ ဘယ်လိုလုပ်ပြီး ညှိစွန်းသွားခဲ့တာ…”
ကားထဲသို့ ဝင်ပြီးနောက် လျန်ရူရွှယ်က မေးလိုက်သည်။
“ အဲ့ဒီနေ့တုန်းက ငါ ကလပ် ပါတီကို သွားရင်းနဲ့ သူတို့သား အငယ်ကောင်က ငါ့ရှေ့မှာ မြောက်ကြွမြောက်ကြွ လာလုပ်ပြနေတာလေ… အဲ့ကနေ စတာပဲ…” လင်းရီ ပြောလိုက်ပြီး “ ဒါနဲ့ မင်းကရော သူတို့နဲ့ ဘာတွေများ ဆွေးနွေးနေတာ….”
“ ငါ့အမေက မြန်နှုန်းမြင့် ရထားလမ်း ပရောဂျက်ကို ခွင့်ပြုပေးလိုက်ပြီး ငါ့လက်ထဲ ရောက်လာခဲ့တယ်… ဝေ့မိသားစုရဲ့ ကျင်းရဲ့အုပ်စုက ဒီနယ်ပယ်မှာ ဦးဆောင်သူတွေလေ… ပြီးတော့ သူတို့ကလည်း ဘေးလူတစ်ယောက်အနေနဲ့ ပရောဂျက်ထဲ ဝင်ပါချင်တယ်တဲ့… ဒါကြောင့်မို့ ငါ သူတို့နဲ့ လာဆွေးနွေးတာ…”
“ အဲ့သလိုကိုး..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ယွီဟန်မှာ ဂလိုရီဖုန့် အုပ်စုလည်း ရှိသေးတယ်… သူတို့လည်း အစွမ်းအစရှိတဲ့ ကုမ္ပဏီတွေထဲ ပါတယ်… မဆိုးဘူး... မင်း စဉ်းစားကြည့်ကြည့်ပါလား..”
“ ဂလိုရီဖုန့် အုပ်စု ဟုတ်လား…”
လျန်ရူရွှယ် လင်းရီဘက်သို့ စောင်းကာ ကြည့်လိုက်ပြီး “ ဂလိုရီဖုန့် အုပ်စုက မဆိုးဘူးလို့ ထင်တာလား… ဒါမှမဟုတ် ဂလိုရီဖုန့်ရဲ့ မန်နေဂျာရှောင် မဆိုးဘူးလို့ ထင်တာလား…”
“ ဟင်… မင်းဘာတွေ လာပြောနေတာလဲ…” လင်းရီ နားမလည်ချင်ယောင် ဆောင်လိုက်သည်။
“ လွန်ခဲ့တဲ့ သုံးလေးရက်လောက်တုန်းက သူတို့ရဲ့ အထွေထွေ မန်နေဂျာ ရှောင်ပင်းကနေပြီး ငါ့ကို လာရှာပြီးမှ ဒီပရောဂျက်အကြောင်း ဆွေးနွေးချင်ခဲ့သေးလို့လေ… ငါ စဉ်းစားကြည့်တော့ ကျင်းရဲ့အုပ်စုက ပိုကောင်းမယ်ထင်လို့ သူတို့ကိုပဲ ရွေးချယ်လိုက်တာ…”
“ အား… အဲ့သလိုကိုး…”
“ ဟွန့်… ဆက်ပြီးမှ ဟန်ဆောင်နေလိုက်….” လျန်ရူရွှယ် လင်းရီ၏ ခါးကို ထိလိုက်ပြီး “ နင့်ရဲ့ ဘာကိုမှ ဂရုမစိုက်တဲ့ စရိုက်နဲ့ဆို နင်တို့နှစ်ယောက်ကြားထဲ တစ်ခုခု မဖြစ်ထားသရွေ့ နင် စကားအကောင်း ပြောပေးမှာ မဟုတ်ဘူး…”
“ ငါက သူ့အဖေနဲ့ သိနေလို့ ကူပြောပေးတာရော မဖြစ်နိုင်ဘူးလား…”
“ ငါသိသလောက်ဆို သူ့အဖေက ရာထူးကနေ နှုတ်ထွက်သွားခဲ့တာ ကြာပြီ… ကုမ္ပဏီက ခု သူ့အမေလက်ထဲမှာ…”
“ အင်း… ငါက သူ့အမေနဲ့ သိနေတာလေ…"
“ ငါနဲ့ ပေါက်တတ်ကရတွေ ပြောနေတုန်းပေါ့လေ… လင်းရီ ငါ နင့်ကို ဘာမှမလုပ်ရဲဘူးများ ထင်နေလား…”
“ မဟုတ်တာ မဟုတ်တာ.. ငါ ဒီမှာ ကားမောင်းနေတာနော်… နှစ်ယောက်လုံး မသာတွေ ပေါ်ကုန်လိမ့်မယ်ဗျ….”
လျန်ရူရွှယ် လင်းရီကို မျက်လုံးသာ လှန်ကြည့်လိုက်သည်။
“ ငါ သတိပေးထားတယ်နော်… အဲ့ကိစ္စတွေ ဇယားမရှုပ်နဲ့လို့ ပြောထားပြီးသား… မဟုတ်ရင် ငါ နင့်ကို သင်ခန်းစာ ပေးရလိမ့်မယ်….”
“ ကျစ် ကျစ် ကျစ်… ချဉ်စူး(မနာလို)နေတာလား… ချဉ်စူးနေတယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောရောပေါ့…” လင်းရီ ပြုံးလိုက်သည်။